🍬17🍬သူ့အတွက် ခြိမ်းခြောက်ခဲ့
Viewers 973

Chapter (17)

သူ့အတွက် ခြိမ်းခြောက်ခဲ့



အားလုံး တာဝန်ကိုယ်စီယူကာ ထွက်သွားကြတော့ ဖုန့်ဝူယိတစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ သူ့မှာ ရှစ်ဇွင်းကို မေးချင်တဲ့ မေးခွန်းတွေက အများကြီး ရှိပေမယ့် ဖွင့်ထုတ်မေးပစ်ဖို့က မဝံ့မရဲလေး ဖြစ်နေ၏။


သူ အကြာကြီး မတ်တတ်ရပ်နေတာကြောင့် နောက်ဆုံးတော့ အရှင်ချင်းလုံကပဲ သူနဲ့အတူ မတ်တတ်ထရပ်လိုက်ရလေသည်။ ဖုန့်ဝူယိ တစ်ဖက်လူကို မော့ကြည့်လိုက်ကာ ခြေတစ်လှမ်းလည်း ဆုပ်လိုက်မိသည်။ အရှင်ချင်းလုံက ရှေ့တိုးမလာသော်လည်း သူ့ကို စိုက်ကြည့်နေတာကြောင့် ဖုန့်ဝူယိ လက်သီးတွေ ဆုပ်ထားမိလေသည်။


"မင်းမှာ မေးစရာရှိလား...."


ရှစ်ဇွင်းရဲ့ မာကျောလှတဲ့ အသံနေအသံထားက အရင်အတိုင်းပင်။ 


"ဟုတ်ကဲ့.... ကျွန်တော့်.... ကျွန်တော့်မိဘတွေ အကြောင်းပါ...."


"ကောင်းပြီ မင်း စိတ်လိုက်မာန်ပါ မလုပ်ရဘူးလို့တော့ ကိုယ့်ကို ကတိပေးရမယ်..."


ဖုန့်ဝူယိ ချက်ချင်း ခေါင်းညိတ်လိုက်၏။ 


"ယိအာ ကတိပေးပါတယ်...."


အရှင်ချင်းလုံက လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသည်။


"မင်းမိဘတွေက အထက်ကနေ လာကြတာ... ဖုန့်မိသားစု ဆိုတာ မင်းအမေ တည်ထောင်ခဲ့တဲ့ မိသားစုပဲ... သူတို့အသက်ရှင်လာတာ နှစ်၅၀၀ မကတော့ဘူး ဒါပေမဲ့ အကြောင်းတချို့ကြောင့် သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားရတယ်... အထက်ကလူတွေရဲ့ အမိန့်ကြောင့် လဲ့ထျန်းက မင်းအဖေကို သတ်လိုက်တယ်!"


ဖုန့်ဝူယိ: "လဲ့ထျန်းက ဘယ်သူလဲ? လက်ရှိဂိုဏ်းချုပ်ရဲ့ အဖေလား?"


"လဲ့ယွင်ရဲ့ ဦးလေး.... သူက နတ်မျိုးနွယ်နယ်ပယ်ကို မကြာခင်မှာ ထိုးဖောက်တော့မှာ... လောလောဆယ်တော့ သူဒီမှာ မရှိဘူး..."


"ဘယ်မှာလဲ?"


"ဒီက အသေးအဖွဲ့ ကိစ္စလေးတွေ ပြီးရင် ကိုယ်မင်းကို ခေါ်သွားပေးမယ်...."


"......."


ဖုန့်ဝူယိ ငြိမ်သက်သွားသည်။ ဒီစကားကနေ ရှစ်ဇွင်းက ဂိုဏ်းထဲက ထွက်ခွာသွားတော့မှာ ဖြစ်ကြောင်း သိသာစေ၏။ ဒီလိုဆို သူ ထင်ယောင်ထင်မှား မြင်ခဲ့တဲ့ ပုံရိပ်ထဲကလို နှစ်ယောက်ကြားက ဆက်ဆံရေးက တင်းမာသွားမှာလား။


အဲ့လို ဖြစ်လာခဲ့ရင် သူ ဘယ်လိုလုပ်ရမလဲ။ 


ရှစ်ဇွင်းနဲ့ စိမ်းစိမ်းကားကားကြီး မနေချင်ပါ။ 


ခေါင်းငုံ့လျက် ငြိမ်သွားသူရဲ့ စိတ်ထဲမှာ အတွေးတွေ ယောက်ယှက်ခတ်နေကြောင်း အရှင်ချင်းလုံ မသိသော်လည်း တစ်ခုခုကို ပြောချင်နေကြောင်းတော့ သူ သဘောပေါက်သည်။ 


"ရှစ်ဇွင်း.... ယန်အိမ်တော်ထဲ ဝင်ပြီးရင် တိုက်ပွဲက တရားဝင်စပြီ ဂိုဏ်းထဲကို အဝင်အထွက် လုပ်ဖို့ကလည်း ခက်သွားပြီ... ကျွန်တော် ရှစ်ဇွင်းကို တွေ့ချင်ရင်....."


အရှင်ချင်းလုံ သူပြောမယ့် စကားကို ဆက်စောင့်နေ၏။ 


"ဘယ်လိုလုပ်ရမလဲ?"


"မင်းတို့ စလှုပ်ရှားတာနဲ့ ကိုယ်လည်း ဒီဂိုဏ်းမှာရှိမှာ မဟုတ်တော့ဘူး.... ဒါပေမဲ့ ကိုယ်မင်းတို့ကို စောင့်ကြည့်နေမှာ... ဘာလဲ ကြောက်နေလား?"


"မဟုတ်ပါဘူး"


ဖုန့်ဝူယိ ခေါင်းခါလိုက်၏။ သူဘာကြောင့်များ ရှစ်ဇွင်းကို တွယ်တာနေမိလဲ မသိချေ။ ထင်ယောင်ထင်မှား ပုံရိပ်ထဲမှာ တွေ့ခဲ့တဲ့ သူတို့ဖက်ထားတဲ့ မြင်ကွင်းကြောင့်လား။ ဒါမှမဟုတ် သူ့ရင်ထဲကလာတဲ့ ဆန္ဒကြောင့်လား မသိတော့ချေ။ 


သူ ရှစ်ဇွင်းအနားမှာ နေရရင် ကျေနပ်သလို မနေရတော့ဘူးလို့ တွေးလိုက်မိရင်လည်း ကြောက်လန့်လာသည်။ ရှစ်ဇွင်း သူ့ကို စွန့်ပစ်သွားမှာကိုလည်း မလိုလားပေ။


"ယိအာ.... မင်းမှာ မေးစရာတွေ ရှိနေသေးလား?"


"အင်း...."


ဖုန့်ဝူယိ တစ်ဖက်လူကို မော့မကြည့်ရဲသေးဘဲ ခေါင်းငုံ့၍သာ စကားဆက်လိုက်သည်။ 


"ကျွန်တော်တို့ အထက်နယ်မြေကို သွားရင် ရှစ်ဇွင်းရော အတူရှိမယ်မလား.... ကျွန် ကျွန်တော် ပြောချင်တာက ရှစ်ဇွင်းအတွက် အထက်နယ်မြေက နည်းနည်း သတိထားဖို့ လိုတယ်မလား ရှစ်ဇွင်း ပေါ်ပေါ်ထင်ထင် နေလို့မရမှန်း တပည့် နားလည်ပါတယ်... ဒီအတိုင်း... "


"ရှစ်ဇွင်း မင်းကို ထားခဲ့မယ်လို့ ထင်နေတာလား?"


ဖုန့်ဝူယိ: "......"


ဖုန့်ဝူယိ ခေါင်းညိတ်ပြလိုက်သည်။ သူ ခေါင်းညိတ်ပြပြီးတဲ့အခါ သူ့ခေါင်းထက်ကနေ သက်ပြင်းချသံကို ကြားလိုက်ရ၏။ ဒီတစ်ခါတော့ ဖုန့်ဝူယိလည်း မထိန်းနိုင်ဘဲ ခေါင်းမော့ကြည့်လိုက်မိသည်။ 


သူတကယ်ကြီး ရှစ်ဇွင်း ထားခဲ့မှာကို ကြောက်နေခဲ့တာပင်။ မထင်မှတ်ဘဲ ရှစ်ဇွင်းက တိတိကျကျကြီး မေးချလိုက်တာကြောင့် သူ့ခမျာ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိ ဖြစ်သွားလေ၏။ သူ ဟိုကြည့်ဒီကြည့်နဲ့ လုပ်ရင်း ခေါင်းပြန်ငုံ့လိုက်သည်။ 


"ရှစ်ဇွင်း ကျွန်တော်..... "


"ယိအာ မင်းအမြဲတမ်း ရှစ်ဇွင်းကို အားကိုးနေလို့ မရဘူး... မင်း သန်မာရမယ် ရှစ်ဇွင်းနဲ့ အထက်နယ်မြေကို လိုက်ချင်ရင် သန်မာမှဖြစ်မယ် နားလည်လား?"


"တပည့် နားလည်ပါပြီ!"


ဖုန့်ဝူယိ ခေါင်းတဆက်ဆက် ညိတ်ကာ ရပ်တန့်သွားသည်။ ထိုအခိုက် အရှင်ချင်းလုံလည်း မျက်မှောင်ကျုံ့သွားကာ ဖုန့်ဝူယိနားရွက်ဘေးသို့ သူ့လက်တစ်ဖက်ကို ဆန့်တန်းလိုက်လေရာ သေးငယ်သော အပ်တစ်ချောင်းကို အမိအရ ဖမ်းမိသွား၏။ အာရုံငါးပါး ပျောက်ဆုံးသွားတဲ့ ဖုန့်ဝူယိရဲ့ လက်မောင်းကို ဆွဲ၍ သူ့ရင်ခွင်ထဲ ထည့်သွင်းလိုက်ကာ အပ်ကို လေထုထဲ ပြန်လည် ပစ်လွှတ်လိုက်သည်။


အပ်လေးက လေထုထဲမှာပဲ မီးလောင်သွားလေ၏။ တစ်ဆက်တည်း ဝုန်းကနဲ အသံနဲ့အတူ လေထုကြီးက တုန်ခါသွားကာ အဖြူရောင် ဝတ်စုံနဲ့ လူတစ်ယောက် ပေါ်လာသည်။ ၎င်းက ချောက်ကမ်းပါး အထက်ရှိ လေထဲတွင် လွတ်လွတ်လပ်လပ် မတ်တတ်ရပ်နေကာ အရှင်ချင်းလုံအား စူးစူးစိုက်စိုက် ကြည့်နေသည်။


ထို့နောက် ရင်ခွင်ထဲ အပြည့်အဝ ဆွဲဖက်ခံထားရသော ဖုန့်ဝူယိကို ကြည့်လိုက်သည်။ တစ်ဖက်လူက သတိလစ်နေသော်လည်း အရှင်ချင်းလုံက လက်တစ်ဖက်တည်းဖြင့် ဆွဲဖက်ပေးထားကာ ဝတ်ရုံလက်ရှည်က ဖုန့်ဝူယိတစ်ကိုယ်လုံးကို ဖုံးအုပ်ပေးထားပြီးသား ဖြစ်နေသည်။


သူ့ပါးက တစ်စုံတစ်ယောက်ရဲ့ လည်တိုင်အောက်တွင် နေရာယူလျက် အေးအေးချမ်းချမ်း အိပ်စက်နေသည်။ အပေါ်ကို ကြည့်လိုက်တော့ အရှင်ချင်းလုံရဲ့ လူသတ်ငွေ့တွေ လွှမ်းနေသော မျက်လုံးတစ်စုံနဲ့ စုံသွား၏။ 


သို့သော် တစ်ဖက်လူက လုံးဝ မကြောက်သွားပေ။ ထိုအစား ရယ်ပင် ရယ်လိုက်သေးသည်။


"ဘာလဲ.... မင်းက ဖီးနစ်တစ်ကောင်ကို ကာကွယ်ပေးတော့မယ်ပေါ့? ငါတို့ကြားက ရန်ငြိုးတွေကို မေ့သွားပြီလား?"


အရှင်ချင်းလုံ :"ဒုတိယအကြိမ် ရှိလာရင် ငါမင်းကို သတ်မှာ!!"


"မင်း!!"


တစ်ဖက်လူမှာ အရှင်ချင်းလုံရဲ့ ခြိမ်းခြောက်စကားကြောင့် အလွန် အံ့သြသွားသလို ဒေါသလည်း ထွက်သွားသည်။ သို့သော်လည်း သူ့ဘာသာသူ စိတ်လျှော့ရင်း အရှင်ချင်းလုံနဲ့ စကားစပြောလေ၏။


"အကြီးအကဲက မှာလိုက်တယ်... မင်းကို ပြန်လာခဲ့တော့တဲ့... ဒီမှာလည်း နဂါးနက်ရောက်နေတယ်လို့ ကြားတယ်.... ငါတို့...."


အရှင်ချင်းလုံ: "ငါပြန်လာတာ မလာတာက မင်းတို့နဲ့ ဘာဆိုင်လဲ... ငါအရင်ကတည်းက မင်းတို့ရဲ့ မျိုးနွယ်စုထဲက ထွက်သွားခဲ့ပြီးသား..."


"ဒါပေမဲ့ မင်းကိုယ်ထဲမှာ ငါတို့သွေးတွေ စီးဆင်းနေတယ်လေ..." 


"အဲ့တော့ ဘာဖြစ်လဲ?"


သူသည် တပည့်ငယ်လေးကို ပွေ့ဖက်ထားသော်လည်း မျက်နှာကတော့ အေးစက်နေကာ အခုချက်ချင်း ထရိုက်တော့မည့်အတိုင်းပင်။ လုံကျောက်မှာ အရှင်ချင်းလုံရဲ့ ဒီမျက်နှာထားကြောင့် အံ့သြသွားသလို ကောင်လေးတစ်ယောက်ကြောင့် သူ့ကို သတ်မယ်လို့ ခြိမ်းခြောက်တဲ့ စကားကြောင့်ရော သူ့ခမျာ ဒေါသတကြီး အံကြိတ်ထားမိ၏။ 


သူနဲ့ အရှင်ချင်းလုံ ဆိုတာ အဖေတစ်ယောက်တည်းကနေ မွေးဖွားလာခဲ့ပြီး ငယ်စဥ်ကတည်းက ဆက်ဆံရေး မကောင်းသော်လည်း တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်တဲ့အထိတော့ မဖြစ်ခဲ့ဖူးပေ။ ဒါ့အပြင် အရှင်ချင်းလုံကလည်း ဒီလိုစကားမျိုးကို တစ်ခါမှ မပြောဖူးခဲ့။


သူ့အမေ သေသွားတုန်းကတောင် ဒီစကားမျိုး မထွက်လာဖူးဘူး မဟုတ်လား။ 


လုံကျောက်: "မင်း......"


လုံကျောက် သက်ပြင်းချလိုက်ပြီး။ 


"ကောင်းပြီ... သူ့အသက်ကို ခြိမ်းခြောက်မိတဲ့ အတွက် ငါမင်းကို တောင်းပန်တယ်... ဘာပဲဖြစ်ဖြစ် မင်းကိုယ်ထဲက သွေးကိုတော့ ငြင်းလို့မရဘူး.... ဦးရီးတော် အကြီးအကဲက မင်းပြန်လာမှာကို စောင့်နေတာ... "


သူစကားမဆုံးခင်မှာပဲ အရှင်ချင်းလုံဆီက အေးစက်စွာ ရယ်သံကို ကြားလိုက်ရသည်။


"လုံကျောက်... ငါပြန်လာပြီး လုံထျန်းရှောက်နဲ့ လုံရွှယ်ရှန်းကို သတ်ပစ်မှာ မကြောက်ဘူးတဲ့လား?"


"မင်း!!"


ဒီတစ်ခါတော့ လုံကျောက် အကြီးအကျယ် တုန်လှုပ်သွားချေသည်။ အကြောင်းမှာ လုံထျန်းရှောက် ဆိုတာက သူနဲ့ အရှင်ချင်းလုံရဲ့ ဖခင်အရင်း ဖြစ်နေတာကြောင့်ပင်။ 


အရှင်ချင်းလုံ: "မင်း သွားသင့်ပြီ... တစ်လတ်စတည်း မှာလိုက်မယ်... ဖုန့်ဝူယိက ငါ့လူ... သူ့ကိုထိတဲ့ ဘယ်သူမဆို ငါသတ်မှာ!!"


လုံကျောက်: "!!!!"


တစ်ဖက်က လက်ဝါးတစ်ဖက် ဆန့်ထုတ်လိုက်တဲ့အခါ လုံကျောက်မှာ တုံ့ပြန်ချိန် မရလိုက်ပါဘဲ အဝေးကြီးကို လွင့်သွားလေတော့သည်။


လုံကျောက် ထွက်သွားတာနဲ့ ဖုန့်ဝူယိ ချက်ချင်း နိုးလာသည်။ သူ့ကိုယ်သူ တစ်စုံတစ်ယောက်ရဲ့ လက်မောင်းတွေကြား ရောက်နေမှန်း သိတာနဲ့ အလွန်အမင်း ထိတ်လန့်သွားရ၏။ သို့သော် တစ်ဖက်လူက သူ့ကို ဖြည်းညင်းစွာ လွှတ်ပေးလာတာကြောင့် ဖုန့်ဝူယိလည်း အသာလေး နောက်ပြန် ဆုတ်လိုက်သည်။


သူက ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ အကဲခတ်ပြီး။


"ရှစ်ဇွင်း တစ်ခုခု ဖြစ်သွားတာလား?"


"နတ်ဘုရားနယ်မြေက လူတစ်ယောက် ရောက်လာတာ...."


"နတ်ဘုရားနယ်မြေ??"


ထိုစကားကြောင့် ဖုန့်ဝူယိမှာ ထိတ်လန့်သွားရ၏။ နတ်ဘုရားနယ်မြေ ဆိုတာက အထက်နယ်မြေထက် အလွန် အဆင့်မြင့်သော နေရာတစ်ခု ဖြစ်ပြီး မသေမျိုးနယ်ပယ်ကို ကျော်လွန်သွားသူများသာ နေနိုင်လေသည်။


အဲဒီကနေ လူတစ်ယောက် ရောက်လာတာက ဘာအတွက်လဲ။ နောက်ပြီး ရှစ်ဇွင်းကို ကြည့်ရတာ စိတ်မကြည်သလိုပဲ။ 


ဧကန္တ ရှစ်ဇွင်းက နတ်ဘုရားနယ်မြေကနေ ရောက်လာခဲ့တာများလား။ 


ဖုန့်ဝူယိ တစ်ဖက်လူအား ဇတ်ကနဲ မော့ကြည့်လိုက်သည်။ သို့သော် ဘယ်အချိန်က သူ့ကိုကြည့်နေမှန်း မသိတဲ့ မျက်လုံးတွေနဲ့ ဆုံတွေ့သွားတာကြောင့် ဖုန့်ဝူယိခမျာ ရင်ထဲ ဒိတ်ကနဲပင် ဖြစ်သွားခဲ့ရသည်။ 


"ရှစ်ဇွင်း.... တပည့်...."


"ဒီကိစ္စပြီးရင် ချင်းလုံတောင်ထွတ်ကို ပြန်မလာတော့နဲ့... ကိုယ်လည်းဒီမှာ ရှိတော့မှာ မဟုတ်ဘူး.. ​တော်ဝင်အင်ပါယာမြို့ထဲကနေ ထွက်ပြီး အရှေ့စူးစူးကို သွား... ကိုယ်အဲ့မှာ စောင့်နေမယ်"


"တပည့် နားလည်ပါပြီ... ရှစ်ဇွင်း စိတ်ချပါ"


သူ ကတိပေးလိုက်တာနဲ့ ထိုလူက ရုတ်တရက်ကြီး ပျောက်ကွယ်သွားရလေတော့၏။


ဖုန့်ဝူယိ: "....."


ရုတ်တရက် ထွက်သွားတာလား။


သို့သော် တချို့ကိစ္စတွေက သူတွေးနိုင်သလောက် မရိုးရှင်းတာကြောင့် ဖုန့်ဝူယိ ခေါင်းအသာခါရင်း တောင်အောက်သို့ ဆင်းလာခဲ့သည်။ ထို့နောက် ပိုင်ယင်ကျစ်တို့နဲ့ ပူးပေါင်းကာ အမှောင်ထဲ၌ ခြေရာဖျောက်ထားလိုက်၏။ 


ဖုန့်ဝူယိ၊ နန်ချင်းချင်း၊ ယင်ရှစ်နဲ့ အရှင်ချင်းလုံကို ဦးရီးတော်ဟု ခေါ်သော တုံးကျန်းတို့က မုရုံအိမ်တော်ထဲ ခိုးဝင်ဖို့အတွက် မုရုံအိမ်တော် အပြင်ဘက်က တောအုပ်ထဲ၌ နေရာယူထားကြသည်။ တောအုပ်ထဲကနေ မုရုံအိမ်တော်ရဲ့ အုတ်တံတိုင်းကို လှမ်းမြင်ရတဲ့အပြင် အိမ်တော်ကို ဖုံးအုပ်ထားတဲ့ အစီအရင်ကြီး တစ်ခု ရှိနေတာကိုလည်း ခံစားရစေသည်။


အားလုံး သစ်ကိုင်းတွေပေါ်မှာ ပေါ့ပါးစွာ ခြေကုပ်ယူထားရင်း မုရုံအိမ်တော်ထဲ လှမ်းကြည့်လိုက်တဲ့အခါ အိမ်တော်ထဲမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ ရှိနေတာကို တွေ့လိုက်ရသည်။ အိမ်တော်ထဲမှာ အစောင့်တွေ သိပ်မရှိပေ။ အဆင့်နိမ့် အစောင့်တွေမရှိဘဲ သန္ဓေတည်နယ်ပယ် ကျင့်ကြံသူ တချို့သာ အိမ်အမိုးနဲ့ တချို့အခန်းတွေရှေ့ ရပ်စောင့်နေကာ တချို့ကလည်း ကင်းလှည့်နေကြသည်။


ဖုန့်ဝူယိ: "မုရုံအိမ်တော်က အစောင့် အတင်းကြပ်ဆုံး နေရာပဲ... ဘယ်လိုဖြစ်ပြီး လူတွေ ပျောက်နေတာလဲ?"


နန်ချင်းချင်း: "ငါတို့ အစီအစဉ် ပေါက်ကြားသွားတာလား?"


ထိုအခါ ယင်ရှစ်က ခေါင်းခါပြ၏။


"မဖြစ်နိုင်ဘူး... ကျန်းအိမ်တော်သာ တကယ်လျှို့ဝှက်ထားချင်ရင် ဒဏ္ဍာရီသားရဲဂိုဏ်းက ဂိုဏ်းချုပ်တောင် ဘာမှမသိနိုင်ဘူး... ဥပမာ ငါပဲလေ...."


အဟုတ်ပါပဲ။ ယင်ရှစ်ဟာ ဒဏ္ဍာရီသားရဲဂိုဏ်းက အလိုရှိသော မြွေဖြူနတ်ဘုရားမရဲ့ မျိုးဆက်ဖြစ်ပြီး ကျန်းအိမ်တော်က သူမကို ဖွက်ထားခဲ့သည်။ ဒါကို ဂိုဏ်းချုပ်လဲ့ယွင်လည်း လုံးဝ မသိခဲ့ချေ။


နန်ချင်းချင်း: "ဒီကိစ္စမှာ ကျန်းအိမ်တော် ပါဝင်နေတာကို ဂိုဏ်းကသိသွားရင်..."


ယင်ရှစ်က ရယ်လိုက်သည်။ 


"ကျန်းအိမ်တော်မှာ လူတစ်ယောက်မှ မရှိတော့ဘူး... စိတ်ချ... ဒဏ္ဍာရီသားရဲဂိုဏ်းက သိသွားရင်တောင် သူတို့ဘာမှ မတတ်နိုင်တော့ဘူး" 


အရှင်ချင်လုံရဲ့ လက်စွပ် အကူအညီကြောင့် ဖုန့်ဝူယိ လူလေးယောက်ရဲ့ အငွေ့အသက်တွေကို ဖုံးအုပ်၍ မုရုံအိမ်တော်ထဲ ခိုးဝင်လာခဲ့သည်။ ၎င်းတို့ရဲ့ အခင်းအကျင်း အကာအရံက အရှင်ချင်းလုံရဲ့ နတ်လက်နက်ကို မတားဆီးနိုင်ပေ။


တုံးကျန်းခမျာ ဖုန့်ဝူယိ ထုတ်ယူလိုက်တဲ့ စက်ဝိုင်းပုံစံ ကျောက်စိမ်းပြားကြောင့် တအံ့တသြ ဖြစ်သွားခဲ့ရသည်။


ဦးရီးတော်က ဒါကိုတောင် ထုတ်ပေးတယ်တဲ့လား။ 


ဖုန့်ဝူယိ: "သွားစို့...."


အခင်းအကျင်းကို ဖြတ်ကျော်ပြီးနောက် လူတိုင်း အမှောင်ထဲ ပုန်းနေလိုက်သည်။ သူတို့ရဲ့ ပစ်မှတ်က မုရုံအိမ်တော်ရဲ့ ၁၂လွှာ မျှော်စင်ပါပဲ။ အခင်းအကျင်း မျက်လုံးတစ်လုံးက ထိုမျှော်စင်ထဲမှာ ရှိသည်။


လေးယောက်စလုံး လေထဲမှာ ပျံသန်းခြင်း မပြုဘဲ မြေပြင်ကနေသာ ပုန်းကွယ်ကာ လျှောက်လာခဲ့ကြသည်။ တကယ်တော့ မြန်မြန်ဆန်ဆန် လှုပ်ရှားလို့ ရသည်။ သို့သော် မုရုံအိမ်တော်ထဲ၌ ပုန်းကွယ်နေသော မသေမျိုးနယ်ပယ်တွေကို သတိပေးမိသလို ဖြစ်သွားမှာ စိုးရိမ်တာကြောင့် အားလုံးက ဖြည်းဖြည်းချင်းသာ ချဥ်းကပ်လာခဲ့သည်။


နန်ချင်းချင်း: "မသေမျိုးနယ်ပယ်က ၁၂လွှာ မျှော်စင်မှာ ရှိနေမလား မသိဘူး!"


ဖုန့်ဝူယိ: "စိတ်ချ... ဒီအခင်းအကျင်းက မသေမျိုးနယ်ပယ်တွေ သတိမထားမိအောင် ဖုံးထားပေးနိုင်တယ် ငါတို့ မတိုက်သရွေ့ အဆင်ပြေတယ်" 


တုံးကျန်း ဖုန့်ဝူယိဘက် တစ်ချက် စူးစမ်းကြည့်လိုက်သည်။ ဖုန့်ဝူယိမှာ ဦးရီးတော်ပေးထားတဲ့ တခြား ဘာရတနာတွေ ရှိဦးမလဲ သိချင်နေတာပင်။ 


ထိုအခိုက် မလှမ်းမကမ်း၌ မုရုံအိမ်တော်က ကျင့်ကြံသူနှစ်ယောက် ကင်းလှည့်လာတာကို တွေ့လိုက်ရသည်။ နှစ်ယောက်စလုံးက သန္ဓေတည်နယ်ပယ် အဆင့်၉များ ဖြစ်ပြီး နှစ်ယောက်သားက စကားပြောရင်း လျှောက်လာနေကြ၏။ 


ဖုန့်ဝူယိတို့လည်း ဆက်မသွားတော့ဘဲ ၎င်းတို့အနီးသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်ခဲ့သည်။ ထိုစဥ် တစ်ယောက်က ပြောနေသံကို ကြားလိုက်ရသည်။ 


"၁၂လွှာထဲက ရတနာတစ်ခု ပွင့်လာပြီလို့ ကြားတယ်... အကြီးအကဲတွေ အားလုံး အဲဒီကိုသွားကြတယ်တဲ့... "


"မင်း ပြောတာ ထာဝရနတ်ပန်းမလား? အဲ့ပန်းပွင့်နေတာ ၃ရက်တောင် မကတော့ဘူးလေ... အခုထိလည်း ဘာမှမထူးခြားဘူး"