🍬16🍬ဆံထိုးလေး
Viewers 972

Chapter (16)

ဆံထိုးလေး 



ဒါ့ထက် အဖေ မသေခင်ကလည်း 'အထက်ကလူတွေ' ဆိုသော စကားလုံးကို ပြောပြခဲ့ဖူးသည်။ ဒီလောက်ဆိုရင်တော့ မိဘတွေရဲ့ သေဆုံးမှုက 'အထက်ကလူတွေ' နဲ့ ပတ်သက်နေတာ သေချာသလောက် ဖြစ်သွားပြီ။


ခေါင်းမော့ကြည့်လိုက်တော့ ဂိုဏ်းချုပ်က အကြီးအကဲတွေနဲ့ ဆက်လက် ဆွေးနွေးနေသည်။ အကြီးအကဲတွေအတွက် အထက်ကလူတွေ ဆိုတာကလည်း အတော်လေး ကြောက်စရာကောင်းပုံပါပဲ။ သူတို့က မြွေမျိုးနွယ်ကို သုတ်သင်ဖို့ ချက်ချင်း သဘောတူကာ အကြီးအကဲတောက်က ဦးဆောင်၍ အကြီးအကဲ၅ဦးပါသော အဖွဲ့ကို ဖွဲ့လိုက်လေသည်။


ထိုကိစ္စ ပြီးတဲ့အခါ ဂိုဏ်းချုပ်က အကြီးအကဲတွေအား စကားပြောဖို့ အချိန်ပေးလိုက်သည်။ မတုံ့ဆိုင်းချင်တဲ့ အကြီးအကဲ တစ်ယောက်က ချက်ချင်းပဲ ထွက်လာ၏။


သူက အရှင်ချင်းလုံကို ဦးစွာ ဂါဝရပြုပြီး။ 


"အရှင်ချင်းလုံ.... ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောချင်ပါတယ်... အဲဒါကတော့ ကျုပ်တပည့်မလေးနဲ့ အရှင့်ရဲ့ တပည့်ကို စေ့စပ်ကြောင်းလမ်း ပေးစေလိုတာပါ.... အရှင် ဘယ်လိုသဘောရလဲ မသိဘူး...."


အကြီးအကဲရဲ့ စကားဆုံးတော့ မျက်နှာလေး ရဲနေသော မိန်းကလေးတစ်ယောက် အနောက်ကနေ ထွက်လာသည်။ သူက မဝံ့မရဲလေးနဲ့ မော့ကြည့်လိုက်စဥ် ဖုန့်ဝူယိက ပြန်ကြည့်နေတာကို တွေ့တော့ ချက်ချင်း ရှက်သွေးဖြာကာ ခေါင်းလှည့်သွား၏။


တစ်ယောက် ထွက်လာတော့ တခြားလူတွေကလည်း နောက်မကျဖို့အရေး အ​ပြေးအလွှား ထွက်လာကြကာ စေ့စပ်ဖို့ ကမ်းလှမ်းကြလေသည်။ တဖြည်းဖြည်း ရောက်လာသူတွေ အကုန်လုံးလိုလို ဖြစ်လာတာကြောင့် ဂိုဏ်းချုပ်ပင် တအံ့တသြ ဖြစ်သွားရလေသည်။


တကယ်တော့ သူ့လည်းပဲ သူ့တပည့်ကို ဖုန့်ဝူယိဆီ ပေးချင်နေခဲ့တာပင်။


"ဒါက ကောင်းကင်အဆင့် သံချပ်ကာပါ... ဖုန့်သခင်လေး သဘောကျမယ်ထင်ပါတယ်"


"ဒါက ရှားပါးတဲ့ မဟူရာသလင်းကျောက်ပါ"


"ဒါလေးက တောင်ပင်လယ်ကနေ ရှာတွေ့လာတဲ့ နှစ်ထောင်ချီ ညလင်းပုလဲပါ... ညဘက်ကို နေ့ဘက်လိုပဲ လင်းထိန်စေပါတယ်..."


"အဆင့်မြင့် ဆေးပင်တွေပါ.... အားလုံးက အဆင့်၈ ဆေးလုံးတွေကို သန့်စင်လို့ရတယ်"


"နှစ်တစ်သောင်း ရေခဲကျောက်စိမ်း..."


အကြီးအကဲတွေဟာ သူ့ထက်ငါ အလုအယက် လက်ဆောင်တွေကို ကြေ​ငြာနေတာကြောင့် ဖုန့်ဝူယိ စိတ်ရှုပ်လာပြီး မျက်စိမှိတ်ထားသေးသူအား ကြည့်လိုက်သည်။ ရှစ်ဇွင်းက အောက်ဖက်က ထသတ်တော့မယ့် လူတွေကို ဂရုမစိုက်ဘဲ အိပ်နေ၏။


လင်ရုချောင် အလှည့်တုန်းက အလားတူ ဖြစ်ခဲ့ဖူးကာ လင်ရုချောင်က သူ့ဘာသာသူ ရှေ့ထွက်၍ ငြင်းဆိုခဲ့သည်။ အခု ဖုန့်ဝူယိကပါ ငြင်းမှာကို ကြောက်တာကြောင့် တန်ဖိုးကြီး လက်ဆောင်များကို ထုတ်ယူလာကြခြင်းပင်။


ဖုန့်ဝူယိ အနောက်ကနေ အိပ်နေသူရဲ့ အင်္ကျီစကို အသာလေး လှမ်းဆွဲလိုက်သည်။


"ရှစ်ဇွင်း....."


ထိုအခါ တစ်ဖက်လူက ပျင်းရိစွာဖြင့် မျက်လုံးပွင့်လာသည်။


အရှင်ချင်းလုံ: "အကုန်ငြင်းတယ်...."


"အာ...."


"ဘာလို့လဲ?"


"ကျုပ်တို့ လက်ဆောင်တွေက မလုံလောက်လို့များလား?"


အရှင်ချင်းလုံက သူ့တပည့်ကိုယ်စား ငြင်းထုတ်လိုက်တာကြောင့် ဂိုဏ်းချုပ်လည်း တအံ့တသြဖြင့် လှည့်ကြည့်လာလေ၏။ တပည့်ကိုယ်စားတောင် ငြင်းလိုက်ပြီဆိုတော့ မိမိတပည့်လည်း အခွင့်အရေး မရှိတော့လောက်ပေ။ သူ သူ့တပည့်ကိုကြည့်ပြီး တိတ်တိတ်လေးပဲ ခေါင်းခါပြလိုက်သည်။


အရှင်ချင်းလုံ: "ပြီးပြီလား...."


ဂိုဏ်းချုပ်: "အစည်းအဝေးက ပြီးသွားပါပြီ..."


အရှင်ချင်းလုံ ခေါင်းတစ်ချက်လေးတောင် ညိတ်မပြဘဲ သူ့တပည့်နဲ့ ဖျက်ကနဲ ပျောက်သွားတာကြောင့် လူတိုင်း ဆွံ့အလျက်သား ကျန်ရစ်ခဲ့ကြလေသည်။


ဒါက ဘာသဘောလဲ။


အကြီးအကဲတိုင်း စိတ်ပျက်သွားသော်လည်း ဒဏ္ဍာရီသားရဲဂိုဏ်းကြီး၏ ပင်တိုင် ဂိုဏ်းချုပ်ကြီး အနေဖြင့် ရပ်တည်နေသော လဲ့ယွင်ကတော့ အင်မတန် မျက်နှာပျက်သွားခဲ့သည်။ သူက ဂိုဏ်းချုပ်ဖြစ်သော်လည်း တစ်ဖက်လူက သူ့ကိုနည်းနည်းတောင် မျက်နှာသာ မပေးခဲ့ချေ။


ဒါက မာနကြီးနေတာလား။ မောက်မာနေတာလား။ သူကပဲ ဂိုဏ်းချုပ်နေရာနဲ့ မထိုက်တန်နေတာလား။ သူ့ကို မခန့်လေးစား လုပ်တာလား။


တစ်ဖက်မှာတော့ ဖုန့်ဝူယိသည် ထိုကိစ္စကို စိတ်ထဲထည့်မနေဘဲ ပိုင်ယင်ကျစ်နဲ့ နန်ချင်းချင်းကို ရှစ်ဇွင်းအမိန့်အတိုင်း တိတ်တဆိတ် စာပို့၍ ချိန်းဆိုထားသည်။ ရှစ်ဇွင်းက တောင်ထိပ်က ခြံတစ်ခြံထဲမှာ ထိုင်နေတာကြောင့် ဖုန့်ဝူယိလည်း ခပ်လှမ်းလှမ်း၌ ရပ်ကာ စောင့်နေလေသည်။


"ယိအာ......"


ဖုန့်ဝူယိရဲ့ နားရွက်လေး ဇတ်ကနဲ လှုပ်ရှားသွားသည်။


"အမိန့်ရှိပါ ရှစ်ဇွင်း....."


"ဒီနားလာခဲ့...."


ဖုန့်ဝူယိ မြက်ခင်းပြင်ကို ဖြတ်၍ လျှောက်သွားခဲ့သည်။ အနားရောက်သော် ရှစ်ဇွင်းလက်ထဲမှာ သေးငယ်တဲ့ ရွှေရောင်အဆင်းနဲ့ အချွန်ငါးဖက်ပါသော ခေါင်းလောင်းလေး သုံးလုံးကို တွေ့လိုက်ရသည်။ ခေါင်းလောင်းလေး​တွေကို ဆံထိုးလေးနဲ့ ချိတ်ဆက်ထား၏။ 


ဆံထိုးကို မြင်မြင်ချင်း သူ့အမေရဲ့ ဆံထိုးပဲ ဆိုတာ သိလိုက်သည်။


"အဲဒါ....."


အရှင်ချင်းလုံ: "မင်း အခန်းထဲက တွေ့တာ... ရှစ်ဇွင်း မင်းအတွက် ဒီခေါင်းလောင်းတွေ တပ်ထားပေးတယ် မင်းအသက်ကို ခြိမ်းခြောက်နိုင်တဲ့ အငွေ့အသက်ရှိမှ သူ့ဆီက အသံထွက်လာလိမ့်မယ်...."


ဖုန့်ဝူယိ အံ့သြသွား၏။


"သူက ကျွန်တော့်ရဲ့ အသက်ကယ်အဆောင်လား?"


"မဟုတ်ဘူး... သူ့အသံကို ရှစ်ဇွင်းဆီ ပို့ပေးလိမ့်မယ်...."


ပြောပြီးနောက် ရှစ်ဇွင်းက မတ်တတ်ရပ်လိုက်သည်။ ဖုန့်ဝူယိ ခေါင်းမော့လိုက်တော့ သူ့မျက်နှာကို အုပ်မိုးလာတဲ့ အရိပ်နဲ့အတူ ခေါင်းကို ထိကိုင်လာတဲ့ လက်နွေးနွေးရဲ့ အရသာကို ခံစားလိုက်ရသည်။ တစ်ဆက်တည်း သူ့ဆံပင်တွေထဲ ဆံထိုးတစ်ချောင်း ထိုးသွင်းနေသံကို ကြားရ၏။ 


ရှစ်ဇွင်းက သူ့ကို ကိုယ်တိုင် ဆံထိုးထိုးပေးနေတာပဲ။


"ဒီခေါင်းလောင်းက မသေမျိုးနယ်ပယ် အထက်ကလူတွေရဲ့ အငွေ့အသက်ကို ခံစားနိုင်တယ်...."


ဖုန့်ဝူယိ: "နဂါးနက်ရောလား?"


တစ်ဖက်က ခေါင်းငုံ့ကြည့်လာတာကြောင့် နှစ်ယောက်သား အကြည့်ချင်း ဆုံသွားသည်။ ရှစ်ဇွင်းက အနောက်ပြန်မဆုတ်သွားသလို ဖုန့်ဝူယိလည်း တစ်ဖက်လူရဲ့ မျက်လုံးတွေကို ကြည့်ရင်း အနောက်ဆုတ်ဖို့ မေ့သွားတာကြောင့် နှစ်ယောက်သား အလွန်အမင်း နီးကပ်နေခဲ့သည်။ 


ပိုင်ယင်ကျစ်နဲ့ နန်ချင်းချင်း ခြံနားကို ရောက်လာခဲ့သော်ငြား သူတို့နှစ်ယောက်ကို တွေ့တဲ့အခါ တစ်ပြိုင်တည်း ဝင်ပုန်းလိုက်ကြသည်။ အရှင်ချင်းလုံရဲ့ ပိတ်ပင်ထားတဲ့ အခင်းအကျင်း အငွေ့အသက်တွေကြောင့် သူတို့အထဲဝင်မရတာ သိပေမယ့် နှစ်ယောက်သား ဝင်မနှောင့်ယှက်ချင်သေးပေ။


နန်ချင်းချင်း: "သူတို့နှစ်ယောက်...."


ပိုင်ယင်ကျစ်: "ဆရာဘိုးဘေးက ရှစ်ဇွင်းထက် ဖုန့်ဝူယိကို ပိုအလေးပေးတယ်... တပည့်နှစ်ယောက် ဒုက္ခရောက်ရင်တောင် ဆရာဘိုးဘေးက ဖုန့်ဝူယိကို အရင်ကယ်မှာ သေချာတယ်"


"အာ......"


နန်ချင်းချင်း ပါးစပ်အဟောင်းသားလေး ဖြစ်သွားသည်။


"ဒါဆို.... "


သူမ ချက်ချင်း သဘောပေါက်သွားကာ။ 


"ဖုန့်ဝူယိဘက်ကရော?"


ပိုင်ယင်ကျစ်: "မပြောတတ်ဘူး... အခု သူမရှောင်ပုံကို ကြည့်ရင် သေချာပေါက် ဖုန့်ဝူယိဘက်ကလည်း စိတ်ရှိနေလိမ့်မယ်..."


"တကယ်ကြီးလား...."


သူတို့ရဲ့ အေးတိအေးစက် သူငယ်ချင်းက ရေခဲတုံးအရှင်နဲ့ ဒီလိုမရှင်းမလင်း ဆက်ဆံရေးမျိုး တည်ဆောက်ခါနီး အနေအထားအထိ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ သူမတောင် မထင်ထားဘူး မဟုတ်ပါလား။ 


နောက်ပြီး အရှင်ချင်းလုံက မျက်တောင်မခတ်ဘဲ မသေမျိုးနယ်ပယ်တွေကို သတ်ရဲတဲ့အထိ ရက်စက်သလို ဒဏ္ဍာရီသားရဲဂိုဏ်းရဲ့ ၁၁ဆက်မြောက် ဂိုဏ်းချုပ်ကို သဘောမကျလို့ ကိုယ်တိုင်သတ်ပြီး တခြားတစ်ယောက်ကို ဆွဲတင်လိုက်တဲ့ ကိစ္စကလည်း ဂိုဏ်းထဲမှာ သမိုင်းတွင်နေသေးသည်လေ။


ဒီလိုလူက မျက်နှာဖုံးတပ်ထားတဲ့ ဖုန့်ဝူယိကို ဘယ်လိုလုပ် သဘောကျသွားတာလဲ။ 


နန်ချင်းချင်း တွေးနေတုန်း ပိုင်ယင်ကျစ်က သူမလက်မောင်းကို တံတောင်နဲ့ တို့လာ၏။


"ဟေ့ မင်းရော သဘောကျရမယ့်သူ ရှိနေပြီလား?"


နန်ချင်းချင်း မျက်မှောင်ကြုတ်သွားသည်။ သူမက ပိုင်ယင်ကျစ်ကို မကျေမနပ်ဖြင့် ကြည့်နေသလို ကြည့်နေခဲ့ကာ။


"မရှိလည်း နင့်ကိုတော့ မကြိုက်ဘူး!"


"ဘာသဘောလဲဟ... ငါလည်း ချောပါတယ် သေချာကြည့် သေချာကြည့်...ချင်းလုံတောင်ထွတ်ရဲ့ အချောအလှစာရင်းထဲမှာ ငါလည်း ပါတယ်နော်...."


ပိုင်ယင်ကျစ် စနောက်နေမှန်း သိတာကြောင့် နန်ချင်းချင်း ထိုဂုဏ်ဆာနေသူအား လျစ်လျူရှုလိုက်တော့သည်။ 


တစ်ဖက်မှာတော့ အရှင်ချင်းလုံက အဖြေကို ခေါင်းညိတ်လျက် ပြောပြလာသည်။


"သူ အပါအဝင်ပဲ.... သူက ရှစ်ဇွင်းဆီ ဦးတည်လာနေတာ... ဟုတ်ပြီ မင်း သူငယ်ချင်းတွေကို ခေါ်လိုက်တော့ ရှစ်ဇွင်း ပြောစရာရှိတယ်"


ထို့နောက် လူငယ်နှစ်ယောက် မိုးမခပင်အောက် ရောက်လာသည်။ မိုးမခအရွက်များက လေတိုက်ရာအတိုင်း ယိမ်းနွဲ့ကခုန်နေကာ လေအေးအေးက သစ်ပင်အောက်မှ လူများအတွက် စိတ်အေးချမ်းစေသလို ရှစ်ဇွင်းရဲ့ မလိုချင်တဲ့ အနေအထားမျိုး မရှိတာကို သတိထားမိတဲ့ ဖုန့်ဝူယိရဲ့ စိတ်ထဲလည်း အေးချမ်းသွားသည်။


ခဏကြာတော့ လင်ရုချောင်က အဖြူရောင်ဝတ် မိန်းကလေးနဲ့အတူ ရောက်လာသည်။ သူမက မနေ့ညက ပိုင်ယင်ကျစ် သွားတွေ့ခဲ့သော မိန်းကလေးပဲ ဖြစ်လေတာကြောင့် ပိုင်ယင်ကျစ်ခမျာ တအံ့တသြ ဖြစ်သွားရလေသည်။


သူ့ခမျာ ဒီဂိုဏ်းတူအစ်မက ရှစ်ဇွင်းရဲ့ ကောင်မလေးလားဟုပင် ထင်သွား၏။


နှစ်ယောက်သားက အတူရောက်လာပြီး အရှင်ချင်းလုံကို ဂါဝရပြုကြသည်။ ထို့နောက် အကြီးအကဲဝတ်ရုံနဲ့ လူတစ်ယောက် ဝင်လာကာ သူနဲ့အတူ ငွေရောင်ဆံပင်နဲ့ မိန်းကလေးတစ်ယောက်လည်း ပါလာသည်။ သူမရဲ့ အင်မတန် လှပသော မျက်နှာက အေးချမ်းသယောင် ရှိသော်လည်း လူသတ်ငွေ့တွေ လွှမ်းနေသော မျက်လုံးတစ်စုံကတော့ လူအများကို အလွယ်တကူ မချဥ်းကပ်လာအောင် ဟန့်တားနေသလိုပင်။


အကြီးအကဲက ဂါဝရပြုပြီးနောက် ထိုငွေရောင်ဆံပင်နဲ့ မိန်းကလေးကလည်း အရှင်ချင်းလုံကို ဂါဝရပြုလေ၏။


"ယင်ရှစ်..... အရှင့်ကို ဂါဝရပြုပါတယ်...."


ထုံးစံအတိုင် အရှင်ချင်းလုံကတော့ ကျောက်စားပွဲပေါ် လက်ထောက်လျက် မျက်လုံးမှိတ်ထားသည်။


ထိုအခိုက် တစ်စုံတစ်ယောက် ဒူးထောက်လိုက်တဲ့ အသံကို ကြားလိုက်ရပြီး ပိုင်ယင်ကျစ် ဘေးကို ထခုန်မိလုမတတ် ဖြစ်သွားချေသည်။ အကြောင်းမှာ ယင်ရှစ်ဘက်ကို ဒူးထောက်လိုက်သူက နန်ချင်းချင်း ဖြစ်နေလို့ပင်။


"နန်ချင်းချင်း မျိုးနွယ်စုမင်းသမီးကို ဂါဝရပြုပါတယ်...."


သူမက ပြောပြီးနောက် နဖူးနဲ့ မြက်ခင်းပြင် မိတ်ဆက်သွားတဲ့အထိ ခေါင်းငုံ့ချလိုက်သည်။ သူမ ယင်ရှစ်ဆီကနေ နတ်ဘုရားမရဲ့ အငွေ့အသက်တွေကို ခံစားမိ၏။ ယင်ရှစ်က သူမရှာနေတဲ့ မြွေဖြူမင်းသမီးပဲ ဖြစ်လေသည်။


သူမတစ်လျှောက်လုံး ရှာနေတာတောင် မတွေ့ရတာ အံ့သြစရာတော့ မဟုတ်ပေ။ အရှင်ချင်းလုံက ဖွက်ထားတာပဲ။


ယင်ရှစ်ကလည်း နန်ချင်းချင်းကို သေချာစိုက်ကြည့်ပြီးနောက် ဆွဲထူပေးလိုက်သည်။


"အဘိုးက မမချင်းအကြောင်း ပြောဖူးပါတယ်... ညီမကို ဂါဝရပြုစရာမလိုပါဘူး"


ယင်ရှစ်ပြောတဲ့ အဘိုးဆိုသူအား လှည့်ကြည့်လိုက်တော့ မှုတ်ဆိတ်မွေးတွေနဲ့ အဘိုးကြီးက ဘေးမှာ ငြိမ်ငြိမ်လေး ရပ်နေတာကို တွေ့လိုက်ရသည်။ ထိုလူက သားရဲမဟုတ်ပေ။ သားရဲတွေဟာ အဆင့်ဘယ်လောက်ပဲ နိမ့်နေပါစေ အချင်းချင်း ခံစားနိုင်တဲ့ စွမ်းအင်တစ်မျိုးတော့ ရှိသေး၏။


ယင်ရှစ်နဲ့ နန်ချင်းချင်းက ချက်ချင်း ခင်သွားကာ အစ်မညီမပင် တပ်ခေါ်လိုက်ကြသည်။ ပိုင်ယင်ကျစ်ခမျာ တွေ့ခါစတုန်းက ခင်ရခက်သော ဖုန့်ဝူယိကို တစ်ချက် လှည့်ကြည့်ပြီး သက်ပြင်းချလိုက်ပေသည်။


ခဏလောက် စောင့်ပြီးနောက် အပြာရောင် ဝတ်ရုံနဲ့ လူငယ်တစ်ယောက် တိမ်စီးရင်း ရောက်ရှိလာသည်။ ၎င်းက အရှင်ချင်းလုံဆီကိုသာ တည့်တည့် လျှောက်သွားကာ တက်ကြွတဲ့ ကလေးတစ်ယောက်လို နှုတ်ဆက်လာ၏။


"ဦးရီးတော်...."


ဖုန့်ဝူယိ: "......"


လူတိုင်း: "......."


အရှင်ချင်းလုံက မျက်လုံးဖွင့်ကြည့်လာသည်။


"ကောင်းပြီ လူစုံပြီဆိုတော့ စကြရအောင်... ကျန်းဟောင် မင်းဘက်မှာ အခြေအနေ ဘယ်လိုရှိလဲ... အကုန် စီစဥ်ထားပြီလား?"


ကျန်းဟောင်ဟူသော အဘိုးကြီးက ရှေ့ထွက်လာ၏။ သူက ကျန်းအိမ်တော်က အိမ်တော်သခင် ဖြစ်လေသည်။


"စီစဥ်ပြီးပါပြီ... ဒီညပဲ အိမ်တော်က ကလေးနဲ့ အမျိုးသမီးတွေကို ရွှေ့ပြောင်းခိုင်းထားပါတယ်... ညရောက်တာနဲ့ ကျွန်တော်တို့ ယန်အိမ်တော်ကို ဝင်သိမ်းလို့ရပါပြီ...."


ယန်အိမ်တော်ကို ဝင်သိမ်းမယ်ဆိုတဲ့ စကားကြောင့် ဖုန့်ဝူယိတို့ လူငယ်လေးသုံးယောက် အံ့သြသွားကြသည်။


ဖုန့်ဝူယိ: "ဘာလို့လဲ ရှစ်ဇွင်း....."


ဝှစ်!


အရှင်ချင်းလုံက ပြန်မဖြေခင် နောက်ဆုံး ရောက်လာတဲ့ ကောင်လေးက ဖုန့်ဝူယိအနားကို ဖျက်ကနဲ ရောက်လာ၏။


"ဘာလို့လဲဆိုတော့ မြွေဖြူမင်းသမီးရဲ့ နတ်ဘုရားစွမ်းအင်တွေ မွေးဖွားလာဖို့ ဆိုရင် မွေးဖွားခြင်းအခင်းအကျင်း လိုတယ်.... မွေးဖွားခြင်းအခင်းအကျင်းကို ယန်အိမ်တော် အပါအဝင် မိသားစုကြီးငါးခုအောက်မှာ တည်ထားတာ... အရှေ့၊ အနောက်၊ တောင်၊ မြောက်နဲ့ အလယ်.... မြောက်ပိုင်း ကျန်းအိမ်တော်က အခင်းအကျင်းမျက်လုံးကို ဖွင့်ထားပြီ ငါတို့က ကျန်တဲ့အိမ်တော်တွေက အခင်းအကျင်း မျက်လုံးတွေကို သွားဖွင့်ရမှာ...."


ထိုစကား ပြောပြီးနောက် အားလုံးက ထူးခြားတဲ့ ဆံနွယ်ပိုင်ရှင်လေး ယင်ရှစ်ကို လှည့်ကြည့်လိုက်ကြသည်။


ယင်ရှစ်: "သူတို့က မေမေ့ရဲ့ နောက်ဆုံး အသက်စွမ်းအင်ကို အခင်းအကျင်းအောက်မှာ ချုပ်ထားကြတာ..."


ပိုင်ယင်ကျစ်: "ဒါဆို ပြဿနာကြီး ဖြစ်လာတော့မှာပေါ့.... ရှစ်ဇွင်း ကျွန်တော်တို့ အခုကစပြီး တိုက်ခိုက်ရတော့မှာပေါ့?"


လင်ရုချောင်: "အင်း...."


ကျန်းဟောင်က ပိုင်ယင်ကျစ်နဲ့ လင်ရုချောင်ကို ခေါ်ကာ ယန်အိမ်တော်ထဲ ဝင်လိမ့်မည်။ ဖုန့်ဝူယိနဲ့ ကျန်တဲ့ လူတွေက မုရုံအိမ်တော်ထဲ ထပ်ဝင်ကာ အခင်းအကျင်း မျက်လုံးကိုရှာ၍ ဖွင့်ရမည်။ ကျန်တဲ့ အိမ်တော်၃ခုကိုတော့ ကျန်းအိမ်တော်က သခင်တွေ လှုပ်ရှားလိမ့်မည်။


ဖုန့်ဝူယိ: "ရှစ်ဇွင်းရော လိုက်မှာလား...."


ဖုန့်ဝူယိ ကျောက်စားပွဲက လူကို လှမ်းကြည့်လိုက်သည်။


လင်ရုချောင်: "ငါတို့ပဲ လုပ်ရှားကြရမှာ... မဟုတ်ရင် အထက်ကလူတွေ ရှစ်ဇွင်းကို သတိထားမိသွားလိမ့်မယ်"


ဖုန့်ဝူယိလည်း ပြဿနာကို ချက်ချင်း သဘောပေါက်တာကြောင့် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။