🍬15🍬အစည်းအဝေး
Viewers 987

Chapter (15)

အစည်းအဝေး



သူ အခုနတုန်းက ဖုန့်ဝူယိကို စိုက်ကြည့်နေတာကြောင့် ဒီအသံကလည်း အရှင်ချင်းလုံရဲ့ အသံပဲဆိုတာ သဘောပေါက်လိုက်၏။ အရှင်ချင်းလုံက ဒီမှာ မရှိနေဘဲ တောင်ထွတ်ကနေ လှမ်းကြည့်နေတာ ဖြစ်မည်။


အကြီးအကဲဝမ် နဖူးက ချွေးစေးတွေ စီးကျနေခဲ့ကာ အမူအရာကလည်း ပျက်လာတာကြောင့် အနားရှိ အကြီးအကဲလန်က လက်တို့လိုက်ရလေသည်။


"ရှင် ဘာဖြစ်နေတာလဲ... "


အကြီးအကဲဝမ် ဇတ်ကနဲ တုန်သွား၏။ ထို့နောက် အတွေးစက်ဝန်းထဲမှ တစ်ဆင့် အကြီးအကဲ​တောက်နဲ့ အကြီးအကဲလန်ကို စကားပြောနေလိုက်သည်။


'အရှင်ချင်းလုံက လှမ်းကြည့်နေတယ်... ငါတို့အစီအစဥ်ကို လုပ်လို့ မဖြစ်လောက်ဘူး'


ထိုစကားကို ကြားတော့ အကြီးအကဲလန် လန့်ဖျတ်သွားသလို တခြားလူတွေနဲ့ စကားပြောနေခဲ့သော အကြီးအကဲတောက်လည်း မျက်နှာကြီး မည်းသွားလေ၏။ 


ထိုစဉ် ဝမ်မောက်ရဲ့ အတွေးထဲကို အစောကအသံ ထပ်ဝင်လာပြန်သည်။


'မင်း သူ့ဆံပင်တစ်မွှေးကို ထိရဲရင် ဝမ်မိသားစု ဒီလောကထဲကနေ ပျောက်ကွယ်သွားရလိမ့်မယ်...'


ဝုန်း!


အကြီးအကဲဝမ်ခမျာ မိုးကြိုးနဲ့ အပစ်ခံလိုက်ရသလို ထိတ်လန့်သွားတော့သည်။ မသိလိုက်ပါဘဲ ကြောက်ရွံ့နေတဲ့ ကြက်တစ်ကောင်လို့ ခေါင်းတဆက်ဆက် ညိတ်လိုက်ပေ၏။ 


ထိုစဥ် တပည့်တွေအားလုံးကို စစ်ဆေးဖို့ အကြီးအကဲတောက်က စတင် အလုပ်လုပ်လေသည်။ သူက အသွင်အစစ်ကို ပြနိုင်သော မှန်တစ်ချပ်ကို ထုတ်၍ ဧရာမမှန်ကြီး ဖြစ်သွားအောင် လုပ်ကာ လေထုထဲ ပစ်လွှတ်လိုက်သည်။ မှန်ကြီးထဲတွင် တပည့်ငယ်အယောက် ၄၀၀ ကျော်ရဲ့ ပုံရိပ်တွေက ထင်ဟပ်နေသည်။


လူတိုင်း မှန်ကြီးကို မော့ကြည့်နေကြစဥ် မှန်ကြီးထဲကနေ အလင်းတန်းတွေ ပြေးထွက်လာကာ လူတိုင်းအပေါ် ဖုံးအုပ်ပစ်လိုက်လေသည်။ နန်ချင်းချင်း ဂါဝန်စကို တင်းတင်းလေး ဆုပ်ထားမိ၏။ ဖုန့်ဝူယိက သူ့ကိုလိမ်မှာ မဟုတ်ဘူး။ ဒီပုတီးစေ့က သေချာပေါက် သူ့အငွေ့အသက်ကို ကာကွယ်ပေးနိုင်မှာ သေချာသော်လည်း နည်းနည်း စိတ်လှုပ်ရှားနေခဲ့သည်။


အလင်းတန်းတွေ ထိုးကျလာပြီးတာနဲ့ အလင်းရဲ့ ဖိအားကို မခံနိုင်သော သန္ဓေတည်နယ်ပယ်အောက် တပည့်တွေအားလုံး ချက်ချင်းကို လဲကျသွား၏။


ထို့နောက် အကြီးအကဲတောက်က သူ့ခွန်အားကို ထပ်ထည့်လိုက်တာကြောင့် အလင်းဖိအားက ပိုပြင်းလာရာ နန်ချင်းချင်း ဂါဝန်စကို ဆုပ်ကိုင်ထားရာမှ ဒူးထောက်လျက်သား ခွေလဲကျသွားတော့သည်။ 


အလင်းဖိအားက တဖြည်းဖြည်း ကြီးထွားလာသည်။ မခံနိုင်သူများက မူးမေ့လဲသွားကြပြီ။ သူတို့ မေ့လဲသွားတာနဲ့ တကယ်လို့သာ သားရဲဆိုရင် အသွင်အစစ်ကို ချက်ချင်း ထုတ်ပြလိမ့်မည်။ သို့သော် ခံနိုင်ရည် ရှိသူကိုလည်း မှန်ထဲ၌ မြင်နိုင်၏။


ကံကောင်းထောက်မစွာနဲ့ ၃နာရီလောက် ဖိအားကို ခံစားရပြီးနောက် အကြီးအကဲတောက်က ခေါင်းခါရင်း မှန်ကို ပြန်သိမ်းလိုက်သည်။ အကြီးအကဲများ တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေပြီးနောက် အားလုံးက ခေါင်းခါကြသည်။


တချို့က စိတ်ပျက်သွားသလို တချို့ကလည်း သူတို့တောင်ထွတ်က တပည့်တွေက သားရဲတွေ မဟုတ်တဲ့အတွက် တိတ်တိတ်လေး ဝမ်းသာသွားကြသည်။ မှန်က နတ်လက်နက်လို အစွမ်းထက်သော ရှေးဟောင်းရတနာ တစ်ခုဖြစ်သလို ဖုံးကွယ်ထားတဲ့ အရာတွေကို ဖော်ထုတ်ပေးနိုင်လို့ ၎င်းက လိမ်ညာမှာ မဟုတ်ချေ။


အခုလို ရလဒ်ထွက်လာတာ အကြောင်းပြချက် ၂ခုသာ ရှိသည်။ မှန်က အသွင်အစစ်ကို မပြနိုင်တော့တာနှင့် တပည့်တွေထဲက တစ်ယောက်မှ သားရဲမဟုတ်တာပင်။ သို့သော် နှစ်ခုစလုံးက မဖြစ်နိုင်ပေ။ 


စစ်ဆေးမှုကို ဆက်လုပ်သည်။ ဒီတစ်ခါတော့ တပည့်တစ်ယောက်ဆီကို ဆေးတစ်လုံးစီ တိုက်သည်။ ဆေးလုံးက တစ်ကိုယ်လုံးကို ပူလောင်လာစေကာ ခဏအတွင်း သားရဲအသွင်ကို ပြနိုင်သည်။


စစ်ဆေးမှုလုပ်နေတုန်း ပိုင်ယင်ကျစ် သူ့လက်ဖဝါးတွေ ယားယံလာသလို ခံစားလာရလေ၏။ သူ့လက်ဖဝါးကို ငုံ့ကြည့်တော့မယ့် အချိန်မှာပဲ သွယ်လျလှပသော လက်ချောင်းတွေက ရုတ်တရက် သူ့လက်ဝါးကို အုပ်မိုး ဆုပ်ကိုင်လာခဲ့သည်။


ပိုင်ယင်ကျစ် ဇတ်ကနဲ ဘေးကို ကြည့်လိုက်တော့ အဖြူရောင် ဂါဝန်နဲ့ မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက နှာခေါင်းအောက်ပိုင်းကို အဖြူရောင် ပိတ်စဖြင့် ဖုံးအုပ်ထားကာ ပိုင်ယင်ကျစ်လက်ဝါးထဲ အေးမြသော ရေစီးကြောင်းတွေ ထည့်သွင်းပေးလာ၏။


ပိုင်ယင်ကျစ်: "....."


ပိုင်ယင်ကျစ် အံ့သြသွားသည်။


ဒီမိန်းကလေးက သူ့ကိုဘာလို့ ကူညီတာလဲ။


လှပတဲ့ မိန်းကလေးက ဧကရာဇ်နယ်ပယ် ရောက်နေသူဖြစ်ကာ သူ့ကို ကူညီပေးပြီးတာနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူမလက်ကို ပြန်ဆုတ်သွားသည်။ 


ဆေးအာနိသင်က ၅နာရီခန့် ကြာသည်။ ကံမကောင်းတဲ့ မြွေသားရဲတစ်ကောင်မှာ ဆေးဒဏ်ကို မခံနိုင်တာကြောင့် အသွင်အစစ် ပေါ်သွားရာ ချက်ချင်း ရှိုက်နှက်ဖမ်းဆီး ခံလိုက်ရတော့သည်။ ထိုမြင်ကွင်းကြောင့် နန်ချင်းချင်း နာကျင်စွာ ခေါင်းငုံ့ထားမိလေ၏။


ထို့နောက် ဝိညာဥ်စွမ်းအင်ဖြင့် ဆက်လက် စစ်ဆေးသည်။ စစ်ဆေးမှုက ၃နာရီခန့် ထပ်ကြာသွားရာ တဖြည်းဖြည်း ညနေစောင်းလာသည်။ သားရဲတွေလည်း ၁၀ကောင်ထပ်မနည်း အဖမ်းခံလိုက်ရရာ အကြီးအကဲတွေလည်း ကျေနပ်သွားကြသည်။


ညရောက်တော့ တပည့်တွေ အားလုံးကို အိပ်ဆောင် ပြန်စေလိုက်သည်။


နန်ချင်းချင်း တုန်တုန်ယင်ယင်ဖြင့် ဖုန့်ဝူယိနဲ့အတူ ပြန်လာခဲ့သည်။ ဖုန့်ဝူယိရဲ့ ရတနာကြောင့် သူမအခုလို အကောင်းအတိုင်း ရှိနေသေးတာ ဖြစ်လေ၏။


"ကျေးဇူးတင်ပါတယ် ဖုန့်ဝူယိ.... "


"ရပါတယ်... သူငယ်ချင်းတွေပဲ မင်းလည်း နောက်ဆို ဂရုစိုက်ပါ..."


"အင်း...."


ပိုင်ယင်ကျစ်က သူ့ကျေးဇူးရှင်ကို သွားရှာဦးမယ်လို့ ဆိုတာကြောင့် ဖုန့်ဝူယိ အိပ်ခန်းဘက်ကို သူ့ဘာသာသူပဲ ပြန်လာခဲ့သည်။


တစ်ဖက်တွင်တော့ ပိုင်ယင်ကျစ်သည် မိန်းကလေး အိပ်ဆောင်သို့ ပြန်ရာလမ်း၌ သူ့ကိုကူညီခဲ့သော မိန်းကလေးကို ခဏစကားပြောဖို့ ခွင့်တောင်းခဲ့သည်။ မိန်းကလေးကလည်း အသာတကြည်ပဲ လက်ခံခဲ့ရာ နှစ်ယောက်သား လူရှင်းတဲ့ သစ်ပင်အောက်မှာ စကားရပ်ပြောလိုက်သည်။


ပိုင်ယင်ကျစ် ကျေးဇူးတင်စကား ပြောတော့ မိန်းကလေးက ဒဏ္ဍာရီသားရဲဂိုဏ်းမှာ အသက်ရှင်ချင်ရင် ကျင့်ကြံမှုမှာ လုံ့လအားထုတ်ဖို့ အထူးမှာကြားလေ၏။


"ဂိုဏ်းတူအစ်မလည်း ကျွန်တော်နဲ့ မျိုးနွယ်တူပဲမလား.... ဂိုဏ်းကို ရောက်တာ ဘယ်နှနှစ်လောက် ရှိပြီလဲ?"


အဖြူရောင် ဂါဝန်နဲ့ မိန်းမလှလေးက ပိုင်ယင်ကျစ်ကို စိုက်ကြည့်လာသည်။ ထို့နောက်။


"ဒီဂိုဏ်းက မင်း ထင်ထားတာထက် ပိုရှုပ်ထွေးတယ်... ဒါပေမဲ့ မင်းက အရှင်ချင်းလုံရဲ့ မြေးတပည့်ဆိုတော့ သူတို့မင်းကို ထိရဲမှာ မဟုတ်ဘူး... သူတို့ဘက်က သက်သေ ရှာတွေ့သွားရင်တော့ အရှင်ချင်းလုံလည်း မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး"


"ကျွန်တော် နားလည်ပါတယ်... ကျေးဇူးတင်ပါတယ်"


မိန်းကလေးက ခေါင်းတစ်ချက် ညိတ်ပြပြီး ထွက်သွားလေသည်။ သူမက ချက်ချင်း ပျောက်သွားတာကြောင့် ပိုင်ယင်ကျစ် ခေါင်းမော့ကြည့်လိုက်တော့ မိန်းကလေးက အရိပ်တောင် မမြင်ရတော့ချေ။ သူ့ခမျာ နာမည်လေးတောင် မမေးလိုက်ရ။


ထိုမိန်းကလေးမှာ သူမရဲ့ ကိုယ်ပိုင်အခန်းလေးထဲ ဝင်သွားပြီးနောက် ပစ်လဲလုမတတ် ဖြစ်သွားသည်။ တကယ်တော့ သူမ ပိုင်ယင်ကျစ်လက်ထဲ ဝိညာဥ်စွမ်းအင် ထည့်သွင်းလိုက်တာ နည်းနည်း များသွားလေခြင်းပင်။


သူမ အနေဖြင့် ဒဏ္ဍာရီသားရဲဂိုဏ်းမှာ သူမနဲ့ မျိုးရိုးတူ လူတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ အကြောင်းမှာ သူမတို့ မျိုးနွယ်စုတွေနဲ့ တော်ဝင်အင်ပါယာမြို့နဲ့ မိုင်ထောင်ချီဝေးသော နေရာမှာ နေကြလို့ပဲ ဖြစ်ကာ ဒဏ္ဍာရီသားရဲဂိုဏ်းနဲ့ ရန်ငြိုးရန်စ မသေးချေ။


ထိုစဥ် ရင်းနှီးနေသော အငွေ့အသက်တစ်ခု အခန်းအပြင်၌ ပေါ်လာသည်အား ခံစားလိုက်ရသည်။ မိန်းကလေးက ချက်ချင်း ဒူးထောက်လိုက်သည်။ 


"ပိုင်ယင်း.... သခင့်ကို ဂါဝရပြုပါတယ်..."


အပြင်ဘက်မှ တောင်တန်းကြီးတစ်ခု ဖိချလာသလို အင်အားသံပါသော အသံပါဝါတစ်ခုကို ပြန်ကြားလိုက်ရသည်။


"မင်းလုပ်သွားတာ အရမ်းကောင်းတယ်.... "


ထိုအခါမှ ပိုင်ယင်းလည်း သက်ပြင်းချနိုင်လေ၏။


"ကျေးဇူးတင်ပါတယ် သခင်..."


"မင်း ဆက်လုပ်ရမှာက ဖုန့်ဝူယိကို ကာကွယ်ပေးဖို့ပဲ... သေချာပေါက် မင်းအဲ့ကောင်လေးကို ကာကွယ်ပေးချင်တယ် ဆိုလည်း ရတယ်..."


"သခင့်အမိန့်အတိုင်း ဖြစ်စေရပါမယ်"


ထို့နောက် အသံရှင်က ပျောက်သွားလေသည်။ 


.........


ဖုန့်ဝူယိ အိပ်ဆောင်ဘက်ကို ပြန်ရောက်တော့ ရှစ်ဇွင်းအခန်းဘက်က မီးလင်းနေတာကို လှမ်းတွေ့လိုက်ရသည်။ သို့သော် သူချက်ချင်း ရှေ့ဆက်မသွားရဲချေ။ ထင်ယောင်ထင်မှား ပုံရိပ်တွေထဲက အဖြစ်အပျက်က သူ့ခေါင်းထဲ စွဲနေတုန်းဖြစ်ကာ သူနဲ့ ရှစ်ဇွင်းကြားက ဆက်ဆံရေးကို မပျက်စီးစေလိုပေ။


ထို့ကြောင့် တိတ်ဆိတ်စွာ ဂါဝရပြုရင်း ကိုယ့်အခန်းထဲကို ပြန်ဝင်လာခဲ့သည်။


မထင်မှတ်ဘဲ နောက်တစ်နေ့ မနက်ရောက်တော့ ရှစ်ဇွင်းက အကြီးအကဲများရဲ့ တွေ့ဆုံပွဲမှာ အတူလိုက်ခဲ့ဖို့ သူ့ကိုခေါ်လာသည်။ ဖုန့်ဝူယိ မငြင်းဘဲ အတူလိုက်သွား၏။ တွေ့ဆုံမှုက ဂိုဏ်းကပိုင်သော တောင်ထွတ်တစ်ခုမှာ ကျင်းပတာ ဖြစ်ပြီး အကြီးအကဲတိုင်းက သူတို့ရဲ့ တပည့်တစ်ယောက်ကို ခေါ်၍ လာရောက်ကြမှာ ဖြစ်လေသည်။


ဖုန့်ဝူယိ ထိုတောင်ထွတ်သို့ ဓားပျံမစီးတော့ဘဲ ရှစ်ဇွင်းရဲ့ အကူအညီနဲ့ ရောက်ရှိသွား၏။


"အရှင်ချင်းလုံကို ဂါဝရပြုပါတယ်..."


သူက ယခုအချိန်မှာ ဒဏ္ဍာရီသားရဲဂိုဏ်းရဲ့ နောက်ဆုံး ကျန်ခဲ့သော အကြီးအကဲတစ်ယောက်ပဲ ဖြစ်သလို အသက်လည်း အကြီးဆုံး ဖြစ်လို့ အားလုံးက သူ့ကို လေးစားကြသည်။


ဒူးထောက်နေကြတဲ့ လူတွေကို အရှင်ချင်းလုံက လက်ကလေးတောင် မပြတော့ဘဲ ခန်းမထဲသာ တန်းဝင်သွားလေ၏။ ဘယ်သူကမှ အတွန့်မတက်ရဲဘဲ မိမိတို့ဘာသာ မတ်တတ်ထရပ်ရင်း အရှင်ချင်းလုံကို ခေါ်လာတဲ့ ဖုန့်ဝူယိကိုသာ အာရုံစိုက်မိသွားသည်။


ခန်းမအရှေ့က ကွင်းထဲတွင် အစေခံများ၊ အတွင်းစည်းတပည့်များ ရှိသည်။ အားလုံးက ဖုန့်ဝူယိကို အားကျတဲ့ စိတ်များ၊ မနာလိုသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။ ဘယ်သူက အရှင်ချင်းလုံနဲ့ အနီးကပ် မနေချင်လို့လဲ။ အကြီးအကဲတွေတောင် အရှင်ချင်းလုံနဲ့ မျက်နှာချင်းဆိုင် စကားမပြောရဲရင်တောင် အနောက်ကနေ လိုက်ချင်ကြ၏။


ဖုန့်ဝူယိက မျက်နှာဖုံး တပ်ထားလို့ သူ့ရုပ်ရည်အား မသိသော်လည်း ခန္ဓာကိုယ် အချိုးအစားက အလှအပ ကြိုက်သူ မိန်းမနဲ့ယောက်ျားတွေအတွက် အကြိုက်တွေ့စရာပင်။ နောက်ပြီး ၂နှစ်အတွင်း တိုးတက်လာခဲ့တဲ့ ကျင့်ကြံမှုအဆင့်က အားရစရာ ကောင်းလှသည်။


ခန်းမထဲရောက်တော့ အင်မတန် ကျယ်ဝန်းသော အခန်းနဲ့ မြင့်မားသော မျက်နှာကျက်ကြီးကို တွေ့ရလေသည်။ ခန်းမထဲ၌ အသစ်အတိုင်း တောက်ပနေသော ထိုင်ခုံနဲ့ စားပွဲတွေ ရှိကာ ထိုခမ်းနားသော ထိုင်ခုံအနောက်တွင်တော့ ထိုင်ခုံငယ်တစ်ခုရှိပြီး ၎င်းက တပည့်တစ်ယောက်အတွက် ဖြစ်၏။


ခန်းမထဲက လူတွေလည်း အရှင်ချင်းလုံကို တွေ့တာနဲ့ ခေါင်းငုံ့နှုတ်ဆက်ကြရသည်။ အရှင်ချင်းလုံသည် သူထိုင်သင့်သော စင်​မြင့်အထက်ရှိ ပုလ္လင်၂ခုအနက်က တစ်ခုပေါ်၌ သွားထိုင်လိုက်သည်။ သူ့ရာထူးက ဂိုဏ်းချုပ်နဲ့ တစ်တန်းတည်းပင်။


ထို့ကြောင့်လည်း လက်ရှိဂိုဏ်းချုပ်က သူ့နေရာကို စိုးရိမ်ကြောင့်ကြနေခြင်းသာ။ ဖုန့်ဝူယိလည်း ရှစ်ဇွင်းအနောက်က ခုံလေးမှာ တည်တည်ငြိမ်ငြိမ်ပဲ ထိုင်လိုက်သည်။  


"ရှစ်ဇွင်း ဒီနေ့အစည်းအဝေးက သားရဲတွေနဲ့ ပက်သတ်နေတာလား?"


အရှင်ချင်းလုံက လက်ရမ်းတစ်ဖက်ကို ပျင်းယိနေသည့်နှယ် မှီထားလေသည်။


"အင်း....."


ဒါကြောင့် ဒီနေ့စုဝေးတဲ့ အကြီးအကဲတွေက အရမ်းများနေတာကိုး။


အရှင်ချင်းလုံ: "တခြားအရာလည်း ပါလိမ့်မယ်..."


ရှစ်ဇွင်း ထပ်ပေါင်း ပြောလာတာကို ဖုန့်ဝူယိ နားမရှင်းလိုက်။ ခန်းမထဲက အကြီးအကဲတွေကို ကြည့်လိုက်တဲ့အခါ တချို့က သူတို့တပည့်တွေကို တီးတိုးပြောနေကြကာ တချို့ကလည်း တည်တည်ငြိမ်ငြိမ်ပဲ ထိုင်နေကြ၏။ တီးတိုးပြောနေသော တပည့်ယောက်ျားလေးနဲ့ မိန်းကလေးတွေက သူ့ကိုကြည့်ပြီး မျက်နှာရဲသူကရဲ၊ အဓိပ္ပာယ်တစ်မျိုးဖြင့် ကြည့်သူကကြည့်ဖြင့် ကြည့်နေကြသည်။


ဖုန့်ဝူယိ: "......"


သူ ချက်ချင်း သဘောပေါက်သွားသည်။


"ရှစ်ဇွင်း ဒီလိုနေရာမှာ စေ့စပ်ကြောင်းလမ်းတာတွေက အကျုံးဝင်လား?"


"ဝင်တယ်...."


"အာ...."


ဒီလောက်ဆို သူသိပြီ။ ဒီအကြီးအကဲတွေက ရှစ်ဇွင်းနဲ့ ဆက်ဆံချင်လို့ သူ့ကို ပေါင်းကူးတံတား လုပ်ချင်နေတာပဲ။


"ရှစ်ဇွင်း.... ကျွန်တော် ကောင်းကင်နယ်ပယ် မရောက်မချင်း ဘယ်သူနဲ့မှ မစေ့စပ်ဘူး... ကျွန်တော် ဘယ်သူ့ကိုမှလည်း သဘောမကျဘူး..."


ဖုန့်ဝူယိရဲ့ ပြက်သားလှတဲ့ အဖြေကြောင့် အရှင်ချင်းလုံရဲ့ နှုတ်ခမ်းတွေ ကွေးညွတ်သွား၏။ 


"ကောင်းပြီ...."


မကြာခင်မှာပဲ ခန်းမထဲ လူတွေ ပြည့်လာသည်။ အကြီးအကဲတွေအားလုံး ရောက်လာတော့မှ ဂိုဏ်းချုပ်လဲ့က သူ့တပည့်တစ်ယောက်နဲ့ ရောက်လာ၏။ အရှင်ချင်းလုံကလွဲလို့ ခန်းမထဲက လူတွေအားလုံး မတ်တတ်ထရပ်ကာ နှုတ်ဆက်ကြရသည်။


ဖုန့်ဝူယိက မထတာကြောင့် ဂိုဏ်းချုပ်ကြီးက ဖျတ်ကနဲ မျက်နှာပျက်သွားသော်လည်း ဘာမှမပြောဘဲ သူ့နေရာသူသာ ဝင်ထိုင်လိုက်သည်။ ဂိုဏ်းချုပ်တပည့်က ဖုန့်ဝူယိကို တစ်ချက် ကြည့်လာသော်လည်း ဖုန့်ဝူယိဘက်က လုံးဝ လှည့်မကြည့်လာတာကြောင့် ပြန်လှည့်သွားလေ၏။


ဂိုဏ်းချုပ်: "ဒီနေ့ ဂိုဏ်းအတွင်းက အကြီးအကဲတွေ အားလုံးကို ခေါ်ရတဲ့ အကြောင်းအရင်းကိုတော့ ခန့်မှန်းမိပြီးပြီလို့ ထင်ပါတယ်... ငါတို့ဂိုဏ်းထဲကို သားရဲတချို့ တိတ်တဆိတ် ကျူးကျော်လာတယ်.... မြွေ၊ မြေခွေး၊ လိပ်ပြာ၊ ကြောင်တွေ.... ဂိုဏ်းစတည်ကတည်းက သားရဲတွေက ငါတို့ရဲ့ အစေခံတွေ၊ ယဇ်ကောင်တွေပဲ... ဒါကြောင့် ငါတို့ဂိုဏ်းထဲမှာ ဂိုဏ်းသားတွေ ဆရာတွေလို ဝင်နေနေတာကို ခွင့်မပြုနိုင်ဘူး..."


အသံက ခန်းမတစ်ခုလုံးထဲ ဟိန်းဟောက်သွားကာ အားလုံး ရှင်းရှင်းလင်းလင်း ကြားရသည်။ အကြီးအကဲတိုင်း ဂရုတစိုက် နားထောင်နေကြစဥ် အရှင်ချင်းလုံ တစ်ယောက်တည်းသာ ပျင်းတိပျင်းရွဲ ဖြစ်နေပါ၏။


ဂိုဏ်းချုပ်က ဆက်ပြောသည်။


"ဂိုဏ်းချုပ်ကြီး အနေနဲ့ အကြီးအကဲတွေက သားရဲမဟုတ်ဘူး ဆိုတာကို စစ်ဆေးပြီးသားပါ ဒါကြောင့် ငါဒီစကားကို ဆက်ပြောမယ်... မြွေမျိုးနွယ်ရဲ့ အရင်နေရာကို သွားရောက်စစ်ဆေးဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့မယ်..... ပါဝင်ချင်သူက စာရင်ပေးသွင်းနိုင်တယ်... ဒါပေမဲ့ သူတို့က အရင်နေရာမှာ ရှိနေသေးလား တခြားနေရာ ရောက်သွားပြီလား မသေချာဘူးမလို့ သေသေချာချာ စစ်ဆေးရမယ်... အထက်က ငါ့ကို စာပို့လာတယ် မြွေမျိုးနွယ်ကို အရင်ရှင်းရမယ်...."


ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ 


ဖုန့်ဝူယိရင်ထဲ ဒိတ်ကနဲ ဖြစ်သွား၏။ နန်ချင်းချင်းက မြွေစိမ်းလေး။ သူမက သူမမျိုးနွယ်အတွက် အသက်ကို စွန့်စားပြီး ဒီအထဲ ဝင်လာခဲ့သော်လည်း ယခု ဂိုဏ်းချုပ်က သူမတို့ကို ပထမဆုံး သုတ်သင်ရှင်းလင်းမယ့် နေရာမှာ ရွေးချယ်ထားလိုက်ပြီ။


စကားပြောပြီးနောက် ဂိုဏ်းချုပ်က အရှင်ချင်းလုံကို လှည့်ကြည့်လေသည်။ သူက အရှင်ချင်းလုံရဲ့ သဘောထားကို မေးချင်နေပုံပါပဲ။ သို့သော် တစ်ဖက်က မျက်လုံးမှိတ်ထားကာ လက်ရမ်းကိုမှီလျက် ဘာမှ ဝင်မပြောလာပေ။


ဖုန့်ဝူယိကတော့ ထိုဂိုဏ်းချုပ်ပြောသော 'အထက်က' ဟူသော စကားလုံးကို စဥ်းစားကြည့်နေသည်။ 


ဆိုတော့ ဒဏ္ဍာရီသားရဲဂိုဏ်းကို ထိန်းချုပ်ထားတဲ့ 'အထက်' ဆိုတဲ့ အရာတစ်ခု ရှိနေတာလား။