🍬14🍬ထင်ယောင်ထင်မှား
Viewers 988

Chapter (14)

ထင်ယောင်ထင်မှား 



ပိုင်ယင်ကျစ် ဖုန့်ဝူယိကို တံတောင်ဆစ်နဲ့ တို့ပြီး အရှင်ချင်းလုံဘက် မျက်စာပစ်ပြလိုက်သည်။ အရှင်ချင်းလုံက သူတို့အားလုံးကို ကျောပေးလျက် တိမ်ပင်လယ်ကြီးဘက် မျက်နှာမူထား၏။


ပိုင်ယင်ကျစ် အသံတိုးတိုးနဲ့: "မင်း မသွားဘူးလား... ဒီအတိုင်း ဆက်သွားနေရင် မင်းနဲ့ ဆရာဘိုးဘိုးက ခပ်စိမ်းစိမ်းကြီး ဖြစ်သွားမှာနော်..."


ဖုန့်ဝူယိ ပိုင်ယင်ကျစ်ဘက် စောင်းကြည့်လိုက်သည်။ သူ့အပြုအမူက တစ်ဖက်လူကို အတွေးများစေမှာ စိုးတာကြောင့် ခပ်ဝေးဝေးကနေ စကားပြောနေခြင်းသာ။ သို့သော် တစ်ဖက်ကသူ့ကို လှည့်တောင် မကြည့်လာပေ။


သူမေးတာကိုလည်း မဖြေလာရာ ဘယ်လိုလုပ် ရှေ့ဆက်တိုးရဲမှာလဲ။


လင်ရုချောင်က ခပ်ဖွဖွလေး ပြုံး၍။


"ငါ့အထင်တော့ နန်ချင်းချင်းက အသက်၁၀၀ ကျော်နေတဲ့ မြွေစိမ်းတစ်ကောင် ဖြစ်မယ်... ငါသူ့ကို စစ်ဆေးကြည့်ရသလောက်တော့ သူမ အတိတ်မေ့နေတာ..."


ဖုန့်ဝူယိ: "အဲ့လိုကိုး... ကျွန်တော် နားလည်ပြီ သူမနိုးမှ ကျန်တာတွေ ဆက်မေးကြည့်ရမယ်"


ထို့နောက် ဖုန့်ဝူယိ ကျောခိုင်းထားသူအား ဂါဝရပြုလိုက်သည်။


"ရှစ်ဇွင်း ယိအာ သွားလိုက်ပါဦးမယ်"


သို့သော် သူ တစ်လှမ်းနှစ်လှမ်းသာ လျှောက်ရသေးသည်။ ရုတ်တရက် ကမ္ဘာကြီးတစ်ခုလုံးက ဝုန်းကနဲ တုန်သွား​လေ၏။ ဖုန့်ဝူယိ ချာကနဲ လှည့်ကြည့်လိုက်တဲ့အခါ အနက်ရောင် လှံတစ်စင်း တိမ်ပင်လယ်တွေကြားကနေ ပြေးထွက်လာကာ ၎င်းက အရှင်ချင်းလုံဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့လေသည်။


ဖုန့်ဝူယိရင်ထဲ ဒိတ်ကနဲ ဖြစ်သွားသည်။ ဘာလို့များ ရှစ်ဇွင်းက လုံးဝ ရှောင်ချင်စိတ် မရှိသလို ခံစားနေရတာလဲ။ လှံက ဝိညာဥ်စွမ်းအင် အလုံးအရင်းကို သယ်ဆောင်လာတာကြောင့် ထိမိပါက မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။


ဖုန့်ဝူယိ ရှစ်ဇွင်းကို လှမ်းကြည့်လိုက်တော့လည်း ထိုလူက အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေကာ အန္တရာယ်ကို ခံစားမိပုံမပေါ်ချေ။ အန္တရာယ်ကို မခံစားမိတာလား ဂရုမစိုက်တာလားပင် မပြောတတ်တော့။


ဝှစ်!


"ရှစ်ဇွင်း!!"


ဖုန့်ဝူယိ အလွန်အမင်း ထိတ်လန့်စွာ အော်ဟစ်လိုက်၏။ သူ့ကျင့်ကြံမှုနဲ့ ထိုလက်နက်ကို ကာနိုင်စွမ်း မရှိပေ။ ဒါ့ထက် သူ့တစ်ကိုယ်လုံးက လှုပ်လို့မရအောင် တောင့်တင်းနေခဲ့သလို ဘေးက နှစ်ယောက်ကလည်း နည်းနည်းလေးမှ မတုံ့ပြန့်ကြချေ။ 


ဒါက ဘယ်လိုဖြစ်တာလဲ။


ဘာလို့ အားလုံးက မလှုပ်ကြတာလဲ။


အရှေ့ကို ထပ်ကြည့်လိုက်တော့ အနက်ရောင်လှံက အနီးနားကို ရောက်နေချေပြီ။ သေသေချာချာ ကြည့်လိုက်တော့ အနက်ရောင် လှံပေါ်၌ ထွင်းထုထားသော နဂါးတစ်ကောင်ရဲ့ ပုံကို တွေ့လိုက်ရ၏။ ချက်ချင်းပင် ထွင်းထားသော နဂါးက နဂါးအရိပ်တစ်ခုအဖြစ် တဖြည်းဖြည်း ကြီးထွားလာသည်။


ဖုန့်ဝူယိ: "နဂါးနက်ပဲ!"


သူ သဘောပေါက်သွားတဲ့ အချိန်မှာတော့ နဂါးနက်က အရှင်ချင်းလုံရဲ့ ရင်ဘတ်ကို ထိုးဖောက်သွားလေပြီ။ နဂါးနက်ရဲ့ အရိပ်အယောင် ပျောက်ကွယ်သွားတဲ့အခါ အနက်ရောင် လှံတစ်စင်းက ထိုလူရဲ့ နှလုံးတည့်တည့်ကို ထိုးဖောက်သွားချေပြီ။


ဖုန့်ဝူယိ :"......"


အရှင်ချင်းလုံက ကျောက်ရုပ်တစ်ရုပ်လို ရပ်မြဲရပ်ဆဲ။ သူက လှံကို မရှောင်ခဲ့သလို ဆွဲလည်း မနုတ်ခဲ့ချေ။ အနက်ရောင်လှံက သူ့ခန္ဓာကိုယ်ထဲ ဖောက်ဝင်လျက်သား ရပ်တန့်နေကာ ပတ်ဝန်းကျင် လေထုကလည်း ထူးထူးဆန်းဆန်း တိတ်ဆိတ်သွားသည်။


ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သလိုပင်။ ဖုန့်ဝူယိ လုံးဝ မလှုပ်ရှားဘဲ ထိုနေရာ၌ သစ်သားကျောက်ရုပ်ကြီးလို ရပ်နေခဲ့ကာ လှံစိုက်နေတဲ့ လူကလည်း လုံးဝ မလှုပ်ပေ။ သေသွားတာလား။


"မဖြစ်နိုင်ဘူး... ဒီလှံအားလောက်က ရှစ်ဇွင်းကို သေအောင် မလုပ်နိုင်ဘူး... မဟုတ်ဘူး...."


ဒါပေါ့။ အရှင်ချင်းလုံက နတ်မျိုးနွယ်နယ်ပယ် အဆင့်၅ကိုတောင် ထိုးဖောက်ပြီးသွားပြီလေ။ သူက ဘယ်လိုလုပ် လှံတစ်ချောင်းကြောင့်နဲ့ သေရမှာလဲ။ နောက်ပြီး လှံက မသေမျိုးနယ်ပယ် အဆင့် ခွန်အားသာရှိသည်။


ဒါက သေချာပေါက် အရှင်ချင်းလုံကို သေစေမှာ မဟုတ်ချေ။


"ရှစ်ဇွင်း......"


ရုတ်တရက် ရေနစ်နေတဲ့ လူတစ်ယောက် ရေထဲက ထလာခဲ့သလို သူ့တစ်ကိုယ်လုံး လှုပ်ရှားလို့ ရသွားသည်။ အနီးဝန်းကျင်ကို ကြည့်လိုက်တော့ သူဟာ တောင်ထိပ်မှာ ရှိနေတာ မဟုတ်ဘဲ အိပ်ခန်းတစ်ခုထဲ ရောက်နေ၏။ ဒါ့ထက် အဲဒါက ချင်းလုံတောင်ထွတ်က သူ့ရဲ့အိပ်ခန်းထဲမှာပင်။


ဖုန့်ဝူယိ နားမလည်နိုင်စွာ ခေါင်းခါလိုက်သည်။ သူ ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။ အိပ်ယာပေါ်က ဝုန်းကနဲ ထရပ်လိုက်တော့ တစ်ကိုယ်လုံး အားနည်းစွာ လဲကျသွားသည်။


ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ။


ရှစ်ဇွင်းရော။


ထိုအခိုက် အပြင်ဘက်မှ ပိုင်ယင်ကျစ်သည် အခန်းထဲက အသံကြောင့် ပြေးဝင်လာခဲ့၏။


"ဟေး.... နိုးပြီလား...."


သူ ဝင်ဝင်ချင်း ကြမ်းပြင်ပေါ် ကိုယ်တစ်ဝက်လဲကျနေတဲ့ ဖုန့်ဝူယိကို မြင်လိုက်ရတာကြောင့် ကဗျာကယာ ပြေးလာခဲ့သည်။ သူက ဖုန့်ဝူယိကို ဆွဲယူပြီး ကုတင်ပေါ် ပြန်တင်ပေးလိုက်ရင်း လက်ကောက်ဝတ် သွေးကြောကို စမ်းသပ်ကြည့်လိုက်သည်။


ဖုန့်ဝူယိ အားနည်းနေတုန်းပါပဲ။ 


"မင်း အနားယူဖို့ လိုသေးတယ်..."


ဖုန့်ဝူယိ:" ဘယ်လိုဖြစ်တာလဲ... ငါတို့ဂိုဏ်းကနေ ထွက်သွားပြီ မဟုတ်ဘူးလား?"


"ဟူး......"


ပိုင်ယင်ကျစ်က သက်ပြင်းချ၍: "မင်း တော်ဝင်စစ်သူကြီးနယ်ပယ် အဆင့်၄ကို အတင်းအကြပ် ထိုးဖောက်နေတုန်း အတွင်းစိတ်နတ်ဆိုးက ဝင်နှောင့်ယှက်လို့ ပုံရိပ်ယောင်ကမ္ဘာထဲ ရောက်သွားတာလေ"


"......."


ဖုန့်ဝူယိ ဆွံ့အသွားသည်။


သူက ပုံရိပ်ယောင်ကမ္ဘာထဲကို ရောက်သွားတာတဲ့လား။ ဒါဆို ရှစ်ဇွင်း သူ့ကို စိတ်ဆိုးတာတွေ၊ နဂါးနက်ရဲ့ လှံကြီး ပြေးလာတာတွေ၊ ရှစ်ဇွင်းကို လှံစိုက်သွားတာတွေက ပုံရိပ်ယောင်တွေလား။


ဖုန့်ဝူယိခမျာ အစောက သူမြင်ခဲ့ရတာတွေက ပုံရိပ်ယောင်တွေပါ ဆိုတာကို လက်ခံနိုင်ဖို့ နည်းနည်းလောက် အချိန်ယူခဲ့ရသည်။ ခဏကြာတော့ ပိုင်ယင်ကျစ် ပြန်ရောက်လာကာ သူ့ကို ဆေးတစ်ခွက်တိုက်သည်။


ဖုန့်ဝူယိ: "အပြင်ဘက်က အခြေအနေ ဘယ်လိုရှိလဲ?"


"ဂိုဏ်းထဲမှာ နည်းနည်း ရှုပ်နေတယ်... အကြီးအကဲဝမ်က ယန်အိမ်တော်နဲ့ ပူးပေါင်းပြီး မြေခွေးတွေကို ကိုယ်ကျိုးအတွက် သုံးတယ်ဆိုပြီး အပြောခံနေရတယ်... "


"ရှစ်ဇွင်းရော??"


"အဆင်ပြေတယ်... ဒါပေမဲ့ ဂိုဏ်းအခြေအနေက ပရုတ်သုတ်ခ ဖြစ်နေတာ နောက်နှစ်ရက်နေရင် တပည့်တွေ အကုန်လုံးရဲ့ သရုပ်မှန်ကို စစ်ဆေးမယ်တဲ့... မင်း ကောင်းကောင်း အနားယူလိုက်ဦး"


ဖုန့်ဝူယိ အသာပဲ မျက်စိမှိတ်ပြလိုက်သည်။ 


တော်ဝင်စစ်သူကြီးနယ်ပယ်ကို ထိုးဖောက်ရတာက အတော်လေး ခက်ခဲတာပဲ။ အသက်နဲ့ ရင်းရတဲ့ ရှစ်ဇွင်းရဲ့ နတ်မျိုးနွယ်နယ်ပယ် အဆင့်တွေဆို ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ။


သူ ထင်ယောင်ထင်မှား ပုံရိပ်တွေ မြင်ခဲ့ရတာက စိတ်ဝိညာဥ်စွမ်းအားက မလုံလောက်လို့ပင်။ တော်ဝင်စစ်သူကြီးနယ်ပယ် မရောက်ခင် စိတ်စွမ်းအားက အနည်းဆုံး အဆင့်၈ကို ကျော်နေသင့်သည်။ သို့သော် သူကအခု အဆင့်၅သာ ရှိသေး၏။


ဒါကပဲ သူ့ကို အတွင်းစိတ်နတ်ဆိုးကို ဝင်ရောက်စေကာ နယ်ပယ်ထိုးဖောက်နေတုန်း ထင်ယောင်ထင်မှားတွေ မြင်သွားစေတာပဲ ဖြစ်သည်။ ကြည့်ရတာ ရှစ်ဇွင်းက အချိန်မီရောက်လာလို့ သူ့ကိုကယ်ခဲ့ပုံပါပဲ။


ဖုန့်ဝူယိ ၂ရက်တိတိ လိမ်လိမ်မာမာနဲ့ အနားယူလိုက်သည်။ ၂ရက်အတွင်းမှာ လင်ရုချောင်ရဲ့ အစွမ်းထက် ဆေးတွေကြောင့် တော်ဝင်စစ်သူကြီးနယ်ပယ် အဆင့်၃ရဲ့ ဝိညာဥ်စွမ်းအင်များကို ဟန်ချက်ညီအောင် ထိန်းနိုင်ခဲ့သလို အကောင်းအတိုင်း ပြန်ဖြစ်လာ၏။


သူ အခန်းအပြင်ကို ထွက်လာတော့ ခပ်လှမ်းလှမ်းက လင်ရုချောင်ရဲ့ အိပ်ဆောင်ရှေ့က မြက်ခင်းပေါ်၌ ရပ်နေသော နန်ချင်းချင်းကို တွေ့လိုက်ရသည်။ နန်ချင်းချင်းမှာ ဒီကနေ့တော့ အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားကာ လင်ရုချောင်ရှေ့မှာ ခေါင်းငုံ့လျက် တစ်ခုခုကို အခက်တွေ့နေပုံရလေသည်။


"ဆရာတူအစ်ကို...."


လင်ရုချောင်က လှည့်ကြည့်လာသည်။ နန်ချင်းချင်းကလည်း ခေါင်းစောင်းကာ လှည့်ကြည့်လာရင်း တောက်ပစွာ ပြုံးပြလာ၏။ 


နန်ချင်းချင်း :"ဖုန့်ဝူယိ နင်အဆင်ပြေလား... နင် နယ်ပယ် ထိုးဖောက်နေတုန်း မတော်တဆ ဖြစ်သွားတယ်လို့ ကြားလို့ ငါလာကြည့်တာ..."


"အခု အဆင်ပြေသွားပါပြီ"


လင်ရုချောင်: "မင်းတို့ စကားပြောကြဦး..."


လင်ရုချောင် တပည့်လေးကို သင်ကြားပေးရဦးမှာ ဖြစ်တာကြောင့် ထွက်သွားလေသည်။ ဖုန့်ဝူယိသည် နန်ချင်းချင်းရဲ့ လက်သီးလေးဆုပ်ကာ တစ်ခုခုပြောချင်နေတဲ့ ပုံစံကို ကြည့်လိုက်တာနဲ့ သူမ အခက်အခဲ တစ်ခုခုဖြစ်နေကြောင်း သိလိုက်သည်။


"ပြောစရာရှိလား..."


"ဖုန့်ဝူယိ.... တ တကယ်တော့ ငါနင့်ကို အကူအညီ တောင်းစရာရှိလို့ လာခဲ့တာပါ ခဏနေဆို ဂိုဏ်းက အသွင်အစစ်တွေကို စစ်ဆေးတော့မယ်... ငါ ငါ...."


"ပြောပါ...."


"ဖုန့်ချန်းယင်ကို အကြီးအကဲတွေ ရှာမတွေ့သွားအောင် နင် ကူညီပေးထားတာမလား..."


"အင်း"


ဒီမေးခွန်းကို မေးလိုက်ပြီ ဆိုကတည်းက ဖုန့်ဝူယိ သူမရဲ့ဆိုလိုရင်းကို နားလည်လိုက်ပါပြီ။ သူမရဲ့ ကျင့်ကြံမှုအဆင့်က သန္ဓေတည်နယ်ပယ်ကို ရောက်ရှိနေသော်လည်း ကောင်းကင်နယ်ပယ်အထိ ရောက်ထားသော အကြီးအကဲတွေက စစ်ဆေးခံရလျှင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။


သူမက မြွေတစ်ကောင် ဆိုတာကို သိသွားလျှင် သူမအတွက် အသက်အန္တရာယ် ရှိနိုင်သလို သူမဆရာကိုလည်း ထိခိုက်စေလိမ့်မည်။ ဆရာငယ်လေး ရင်ချန်းစွေ့က လူကောင်းတစ်ယောက် ဖြစ်ပြီး နန်ချင်းချင်းအပေါ်လည်း ဆရာကောင်း တစ်ယောက် ဖြစ်သည်။


နန်ချင်းချင်း ဒဏ္ဍာရီသားရဲဂိုဏ်းကို ရောက်လာတာက တာဝန်တစ်ခုကြောင့် ဖြစ်နိုင်ကြောင်း ဖုန့်ဝူယိ ခန့်မှန်းမိသည်။ သူမ အဖမ်းခံလိုက်ရရင် တစ်သတ်လုံး မလွတ်မြောက်နိုင်တော့ချေ။


ဖုန့်ဝူယိ: "ငါ နားလည်ပြီ... ဒါနဲ့ မင်းဆရာရော??"


"ဆရာ တံခါးပိတ်ကျင့်ကြံနေတာ ကြာပြီ... လောလောဆယ်တော့ မထွက်လာလောက်သေးဘူး ငါဆရာ့ကိုလည်း ဒုက္ခမပေးချင်လို့ပါ..."


"ဟုတ်ပြီ ငါမင်းကို ကူညီပေးနိုင်တယ်... ဒါပေမဲ့ မင်းငါ့ရဲ့မေးခွန်းတွေကို ​ဖြေရမယ်..."


"နင် မေးပါ...."


"မင်း ဘာကြောင့် ဒီကို ရောက်လာတာလဲ?"


ဒါက သူမရဲ့ လျှို့ဝှက်ချက် တစ်ခုဖြစ်တာကြောင့် ဘယ်သူ့ကိုမှ ပြောပြလို့ မဖြစ်ချေ။ သို့သော်လည်း ဘာကြောင့်ရယ်မသိ ဖုန့်ဝူယိကို မသိစိတ်က ယုံကြည်နေမိကာ ပြောလိုက်လည်း ဖုန့်ဝူယိက သူမကိုဒုက္ခပေးမှာ မဟုတ်ဘူးလို့ သေချာနေသည်။


"ငါက အော်မေ့တောင်ကနေလာတာ... ဒီကနေဆို မိုင်၅၀၀လောက် ဝေးတယ်... လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က အော်မေ့တောင်မှာ မြွေမျိုးနွယ်စုတွေ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတာ..."


နန်ချင်းချင်းက သူမရဲ့ ဇာတ်လမ်းအကြောင်း ပြောပြလာသည်။ သူမ အော်မေ့တောင်က မထင်မရှား မြွေစိမ်းလေး တစ်ကောင်ပင်။ သူမတို့ မျိုးနွယ်စုကို အုပ်ချုပ်သူက အဖြူရောင် မြွေနတ်ဘုရားမ တစ်ပါး ဖြစ်ကာ သူမရဲ့ အုပ်ချုပ်မှုအောက်မှာ မျိုးနွယ်စု တစ်ခုလုံး အန္တရာယ်ကင်းခဲ့သည်။


တစ်နေ့ သူမ ကလေးမွေးနေတဲ့ အချိန်မှာ တောင်ပံမျိုးနွယ်စုက လာရောက် တိုက်ခိုက်ခဲ့တာကြောင့် နတ်ဘုရားမဟာ ကလေးမွေးပြီးပြီးချင်း စစ်တိုက်ထွက်ခဲ့ရသည်။


သူမဟာ မီးနေသည်ဖြစ်တာကြောင့်ရော တစ်ဖက်က အင်အားကြီးနေတာကြောင့်ရော စစ်ပွဲ၌ ရှုံးနိမ့်သွားခဲ့ပြီး သူမရဲ့ ကလေးကိုလည်း ရန်သူ့လက်ထဲ အပ်ခဲ့ရ၏။ သို့သော် သူမ မသေခင် သူမရဲ့နှစ်ထောင်ချီ အမြုတေကို သူမကလေးဆီ အမွေပေးခဲ့သည်။


နန်ချင်းချင်း ဒဏ္ဍာရီသားရဲဂိုဏ်းကို လာခဲ့တာက မြွေမင်းသမီး အကြောင်း သဲလွန်စတွေ စုံစမ်းဖို့ပင်။


ဖုန့်ဝူယိ: "ဒါဆို အဲဒီလူတွေထဲမှာ ဖီးနစ်မျိုးနွယ်စုရော ပါလား...."


နန်ချင်းချင်းက ခေါင်းအသာ ခါလေသည်။


"ဖီးနစ်ငှက်တွေက ဒီလောကကြီးရဲ့ အပြင်ဘက်မှာ နေတဲ့ မျိုးနွယ်စုတွေလို့ လူကြီးတွေက ပြောဖူးတယ်... သူတို့က တခြားလူတွေကို မတိုက်ခိုက်တတ်ဘူး... ငါတို့မျိုးနွယ်ကို ဖျက်စီးသွားတာက လူတစ်ပိုင်းငှက်တစ်ပိုင်းတွေ..."


ဖုန့်ဝူယိ မျက်မှောင်ကြုတ်သွားသည်။


ဒါဆို နန်ချင်းချင်းရဲ့ ခြေချင်းဝတ်က ဒဏ်ရာက မီးငှက်ကြောင့် ရတာ မဟုတ်ဘူးလား။ ဒဏ်ရာပုံစံက သေချာပေါက် ငှက်ခြေထောက်ပုံစံပင်။


ဖုန့်ဝူယိသည် သူကတိပေးထားတဲ့အတိုင်း ပုတီးစေ့လေးတစ်လုံး ထုတ်၍ နန်ချင်းချင်းလက်ထဲ ထည့်ပေးလိုက်သည်။ 


"ဒါက မင်းရဲ့ အငွေ့အသက်ကို တခြားသူတွေ မသိအောင် ကာကွယ်ပေးလိမ့်မယ်... ငါ့မိသားစုပိုင် ပစ္စည်းမလို့ မင်းကောင်းကောင်း သိမ်းထားပေးပါ...."


နန်ချင်းချင်း ဝမ်းသာအားရဖြင့် ဆွဲယူလိုက်ပြီး ခေါင်းတဆက်ဆက် ညိတ်ပြလိုက်သည်။


"ကျေးဇူးတင်ပါတယ်"


ထို့နောက် ဆွဲကြိုးလေးထဲ တပ်ဆင်ကာ အင်္ကျီအောက်ထဲ ဖုံးထားလိုက်လေသည်။ အဲဒီနောက် နှစ်ယောက်အတူ ထွက်လာခဲ့၏။ အခု ဖုန့်ချန်းယင်က မရှိတော့တာကြောင့် ဖုန့်ဝူယိရဲ့ သူငယ်ချင်းက ပိုင်ယင်ကျစ်နဲ့ နန်ချင်းချင်းသာ ရှိတော့သည်။


တောင်အောက် ဆင်းလာတဲ့ လမ်းတစ်လျှောက်လုံး လူတိုင်းက ဖုန့်ဝူယိကို စောင်းမြောင်းကြည့်ရင်း ရှောင်ကွင်းသွားကြသည်။ သူ့ညီဝမ်းကွဲက မြေခွေးမလို့ သူကလည်း မြေခွေးတစ်ကောင် ဖြစ်နိုင်ကြောင်း ထင်ကြေးပေးသူများက အင်မတန် များပြားလှ၏။


ဘာပဲဖြစ်ဖြစ် ဘယ်သူမဆို ဒီလိုပဲ သံသယဝင်နိုင်တာကြောင့် ဖုန့်ဝူယိ ဂရုမစိုက်ပါ။ သူ့တစ်ကိုယ်လုံး အေးစက်နေတဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်ထားကာ ဘယ်သူမှ သူ့အနား မကပ်ရဲအောင်လည်း လူသတ်တော့မလို ပုံဖမ်းထားသည်။


နန်ချင်းချင်းသည် အကူအညီ ရသွားတဲ့အတွက် ဖုန့်ဝူယိအတွက် မနက်စာကို ကိုယ်တိုင်ကိုယ်ကျ သွားယူပေးလေသည်။ သူမ စားပွဲဘက် ပြန်လှည့်ကြည့်တော့ ပိုင်ယင်ကျစ်လည်း ရောက်နေတာ တွေ့တာကြောင့် သူ့အတွက်ပါ သယ်လာခဲ့လိုက်သည်။


မနက်စာ စားပြီးတဲ့နောက် စစ်ဆေးမည့် ကွင်းထဲသို့ ထွက်လာခဲ့သည်။ ထုံးစံအတိုင်း သူတို့ဘေးမှာ တစ်ယောက်မှ မရှိချေ။ အဆောက်အဦး အထက်မှာတော့ ဆရာနဲ့ အကြီးအကဲတွေက တန်းစီကာ ရပ်နေ၏။ လင်ရုချောင်လည်း ပါသည်။ ဒါ့အပြင် ဖုန့်ဝူယိကို ဝါးစားတော့မလို စိုက်ကြည့်နေတဲ့ အကြီးအကဲဝမ်လည်း ရောက်နေလေသည်။


သူသည် ယန်အိမ်တော်ထဲက မြေခွေးတွေ ပျောက်သွားတာက ဖုန့်ညီအစ်ကိုရဲ့ လက်ချက်ဖြစ်ကြောင်း အခိုင်အမာ သိထား၏။ အခု ဖုန့်ချန်းယင်က မရှိတော့သော်လည်း မြေခွေးကောင် ဖုန့်ဝူယိက အကောင်းအတိုင်း ရပ်နေလေသည်။


အစွယ်တောင်ကနေ မြေခွေးတွေကို ကိုယ်ကျိုးအတွက် သုံးခဲ့တယ်ဆိုတဲ့ အချက်ကြောင့် သူ့သမီးရဲ့ ခမ်းခမ်းနားနား ပြင်ဆင်ထားတဲ့ မွေးနေ့ပွဲမှာလည်း ပျက်စီးသွားလေရာ ဖုန့်ဝူယိကို အရိုးထဲကနေ မုန်းတီးနေတော့သည်။ သူ ဖုန့်ဝူယိကို အသေသတ်ပစ်ချင်နေသော်လည်း ၎င်းက အရှင်ချင်းလုံရဲ့ တပည့်လေး ဖြစ်နေတာကြောင့် သူ မတတ်သာဘဲ သည်းခံနေခဲ့ရ၏။


ဒီပွဲမှာ ဖုန့်ဝူယိကို ကောင်းကောင်းလေး ကစားပစ်ဖို့ သူ စဥ်းစားထားသည်။


'ဝမ်မောက်....မင်းငါ့တပည့်ကို သဘောကျလို့လား?'


ရုတ်တရက် စိတ်ထဲဝင်လာတဲ့ အသံတစ်သံကြောင့် အကြီးအကဲဝမ် တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။ သူဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါ အားလုံးက သူတို့အလုပ် သူတို့လုပ်နေကာ စကားပြော​နေသူကိုတော့ မတွေ့ရချေ။