🍬13🍬တောင့်တင်းသွားတဲ့ ဆက်ဆံရေး
Viewers 979

Chapter (13)

တောင့်တင်းသွားတဲ့ ဆက်ဆံရေး 



လင်ရုချောင် ထွက်သွားပြီးနောက် အရှင်ချင်းလုံ သူ့အိပ်ဆောင်ကို ပြန်လာခဲ့သည်။ သို့သော် မသိလိုက်ပါဘဲ သူဝင်လာမိတာက သူ့ကိုယ်ပိုင် အိပ်ဆောင်မဟုတ်ဘဲ ဖုန့်ဝူယိရဲ့ အိပ်ဆောင်ဖြစ်နေတာပါပဲ။


သူ ချက်ချင်း ပြန်ထွက်ဖို့ ပြင်လိုက်ပေမယ့် ဖုန့်ဝူယိရဲ့ အိပ်ယာဘေးက စားပွဲပေါ်မှာ ဆံထိုးလေးတစ်ချောင်းကို သူတွေ့လိုက်ရ၏။ ဆံထိုးလေးကို မြင်မြင်ချင်း ဒါက ဖုန့်ဝူယိအမေ ဖုန့်ဖုန်ဟွမ်းရဲ့ ဆံထိုးဆိုတာ သိလိုက်သည်။ တကယ်တော့ ဆံထိုးက နဂါးတစ်ကောင် ရစ်ခွေနေတဲ့ ပုံစံဖြစ်ကာ မူလက ဖုန့်ဝူယိအဖေ လုံဝူကျီပစ္စည်း ဖြစ်သည်။


အရှင်ချင်းလုံ ဆံထိုးလေးကို ကောက်ယူကြည့်လိုက်တော့ ဆံထိုးထဲက အသံတစ်သံ ထွက်လာ၏။


'ယိယိလေး.... အမေ မင်းကို တောင်းပန်ပါတယ်...'


ထိုစကားကလွဲလို့ တခြားစကားသံများ ထွက်မလာတော့ချေ။ သူလည်း ဆံထိုးကို သိမ်းထားလိုက်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ 


၂နှစ်ဆိုတဲ့ အချိန်ကာလဟာ တံခါးပိတ်ပြီး ကျင့်ကြံသူတွေအဖို့ အင်မတန် တိုတောင်းလှသော်လည်း အပြင်လူတွေ အတွက်ကတော့ ပြဿနာပေါင်းစုံ၊ အဖြစ်အပျက် ပေါင်းစုံ ဖြစ်သွားခဲ့၏။ မြေခွေးတွေ လွတ်သွားတာကြောင့် ဒဏ္ဍာရီသားရဲဂိုဏ်းထဲက အကြီးအကဲတွေ အလုပ်ရှုပ်သွားကာ ဒီကိစ္စမှာ ဂိုဏ်းထဲ သူလျှိုရှိကြောင်း ယူဆကြသည်။


သူလျှိုကို ရှာဖွေရင်း အချင်းချင်း စိတ်ဝမ်းကွဲကာ တစ်စုံတစ်ယောက်က မြေခွေးအမြုတေကို တစ်ယောက်တည်း အပိုင်သိမ်းချင်တာကြောင့် လုပ်ကြံလိုက်တာ ဖြစ်နိုင်ကြောင်း ဆိုကြရင်း ကိုယ့်အပြစ်လွတ်ကာ တခြားလူအပေါ် အပြစ်တင်နိုင်အောင် ကြံစည်လာကြတာကြောင့် ဂိုဏ်းအတွင်း ပဋိပက္ခများ စုံလင်လာသည်။


ထိုအထဲ ချင်းလုံတောင်ထွတ်က အရှင်ချင်းလုံကိုတော့ ဘယ်သူကမှ သံသယမဝင်သလို မဝင်ရဲကြချေ။ ဘာပဲဖြစ်ဖြစ် သူက အပြင်လောကနဲ့ အဆက်အသွယ် ပြတ်နေတာ ကြာပြီမလို့ သူ လှုပ်ရှားမယ်လို့ မထင်ထားကြပုံပါပဲ။


သူသာ လှုပ်ရှားချင်ရင် အစွယ်တောင်က သားရဲတွေ တစ်ကောင်မှ ရှိတော့မည် မဟုတ်ချေ။ သို့သော်လည်း လူတစ်ယောက်ကတော့ ဖုန့်ဝူယိညီ ဖုန့်ချန်းယင်က မြေခွေးတစ်ကောင် ဖြစ်ကြောင်း ဖော်ထုတ်ရင်း ဖုန့်ဝူယိကပါ မြေခွေး ဖြစ်နိုင်ကြောင်း ဆိုလာကြသည်။


ချင်းလုံတောင်ထွတ် တောင်ခြေ၌ ပိုင်ယင်ကျစ်က ဓားရှည်တစ်ချောင်းကို ကိုင်ကာ ဝေ့ယမ်းနေသည်။


"ဟမ့်.... ဖုန့်ဝူယိက အခု တံခါးပိတ်ကျင့်ကြံနေတယ်... ငါမင်းတို့ကို ပြောချင်တာက မြေခွေးတွေကရော အသက်မရှိလို့လား ဟင်! သူတို့လည်း အသက်ရှူတယ် စားတယ် ဝမ်းနည်းတတ်တယ်.... မိသားစုနဲ့ နေချင်တယ်... ငါ အစက အစွယ်တောင်မှာ မြေခွေးမျိုးနွယ်စုတွေ အဖမ်းခံထားရတဲ့ ကိစ္စကို မသိခဲ့ဘူး.... သိပြီးတော့ ပိုတောင် စိတ်ပျက်သွားသေးတယ်... "


ရွှမ်း!


ပိုင်ယင်ကျစ်က ဓားစွမ်းအင် တစ်ချက်ကို ထပ်မံ ဝေ့ယမ်းလိုက်ကာ။


"အရှင်ချင်းလုံက ကြေညာထားတယ်... ဖုန့်ဝူယိ တံခါးပိတ်ကျင့်ကြံရာက ထွက်လာရင် လောကတစ်ခွင် ခရီးနှင်မယ်... ဒဏ္ဍာရီသားရဲဂိုဏ်းထဲက ထွက်ခွာမယ်!!"


........


တံခါးပိတ် ကျင့်ကြံရာကနေ အခုလေးတင် ထွက်လာတဲ့ ဖုန့်ဝူယိခမျာ တောင်ခြေက ပိုင်ယင်ကျစ်ရဲ့ အော်သံကြောင့် အထိတ်တလန့် ဖြစ်သွားလေသည်။ သူက အခုလေးတင် သူ့ကို ပြန်ခေါ်ထုတ်လာသော လူထံ ခေါင်းလှည့်ကြည့်မိ၏။


"ရှစ်ဇွင်း.... ကျွန်တော် မသွားနိုင်ဘူးနော် ကျွန်တော့်အဖေ အတွက် လက်စားမချေရသေးဘူး...."


သူက ပြောလည်းပြော ခြေနှစ်လှမ်း ဆုတ်သွားလေသည်။ အရှင်ချင်းလုံက သူ့ဘက်ကို တည်တည်ငြိမ်ငြိမ်ပဲ လှည့်ကြည့်လာ၏။ 


"မင်း အဖေကို သတ်တဲ့လူက အစကတည်းက ဒီဂိုဏ်းမှာ မရှိတော့ဘူး..."


ထိုစကားကို ကြားလိုက်ရတော့ ဖုန့်ဝူယိ အံ့သြ ထိတ်လန့်သွားရလေသည်။ ဒီစကားကို တခြားသူသာ ပြောရင် သူသေချာပေါက် ယုံမှာ မဟုတ်ပေမယ့် ရှစ်ဇွင်းကတော့ သူ့ကို လိမ်စရာအကြောင်း မရှိပေ။ နောက်ပြီး သူ ရှစ်ဇွင်းကို သူယုံသည်။


"ဒါဆို ဘယ်သူလဲ?"


"ယိအာ.... ရှစ်ဇွင်း မင်းအပေါ်ကို ဆက်ဆံတဲ့ပုံစံက လင်ရုချောင်နဲ့ မတူဘူးဆိုတာကို သတိထားမိဘူးလား?"


"အာ....."


"ရှစ်ဇွင်း မင်းကို အနာဂတ်ရဲ့ ပုံရိပ်တစ်ခုကို ပြမယ်..."


အရှင်ချင်းလုံက သူ့လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်တဲ့အခါ လေထဲမှာ လူနှစ်ယောက် ပွေ့ဖက်ထားတဲ့ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ်ထဲက မိမိကိုယ်ကိုယ်ကို ပြန်မြင်လိုက်ရချိန် ဖုန့်ဝူယိရဲ့ တုံ့ပြန်မှုက ထိတ်လန့်မှု၊ အံ့သြမှုနှင့် ရှက်ရွံ့မှုတို့ပင်။


ရှစ်ဇွင်းက သစ်ပင်ကြီးတစ်ပင်ကို မှီလျက် မျက်စိမှိတ်ထားကာ လက်တစ်ဖက်က ရင်ခွင်ထဲက ကောင်လေးကို ဖက်ထား၏။ ကောင်လေးကလည်း မျက်လုံးမှိတ်လျက် ထိုလူ့ရင်ခွင်ကို မှီထားလေသည်။ ပိုဆိုးတာက အဲဒီကောင်လေးက သူကိုယ်တိုင် ဖြစ်နေတာပါပဲ။


ဖုန့်ဝူယိ လက်သီးတင်းတင်းဆုပ်ကာ ရှစ်ဇွင်းကို မော့ကြည့်လိုက်သည်။ ရှစ်ဇွင်းရဲ့ မျက်နှာက အေးစက်နေ၏။ ဖုန့်ဝူယိ စိုးရိမ်လာသည်။ ဒါ့ကြောင့် သူ့လက်ဝါးစွမ်းအင်နဲ့ ထိုပုံရိပ်တွေကို ဖျက်စီးပစ်လိုက်သည်။


ထို့နောက် ဒူးနှစ်ဖက် ထောက်လိုက်ပြီး။


"တပည့်ရဲ့ လုပ်ရပ်တချို့က ရှစ်ဇွင်းကို အထင်လွဲစေခဲ့တဲ့ပုံပဲ.... တပည့် တောင်းပန်ပါတယ် နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူး..."


"......."


သူ့အတွက် ဒီကိုလာရတဲ့ ရည်ရွယ်ချက်က လက်စားချေနိုင်ဖို့ အရှင်ချင်းလုံဆီကနေ သင်ယူနိုင်ဖို့ပါပဲ။ အခု လက်စားချေရမယ့်လူက ဂိုဏ်းထဲမှာ မရှိတော့ဘူး ဆိုရင်တောင် အရှင်ချင်းလုံက သူ့ဆရာ ဖြစ်နေတုန်းပင်။ မသင့်လျော်တဲ့ ကိစ္စတွေကြောင့် ရှစ်ဇွင်းသူ့ကို စွန့်ပစ်သွားရင် သူ ဘယ်လိုလုပ်ရမလဲ။


"ခဏနေ ထွက်ခွာမယ်!"


ဖုန့်ဝူယိ: "အမိန့်အတိုင်းပါ...."


အမိန့် နာခံပြီးနောက် အိပ်ဆောင်ဘက်သို့ စိတ်ပျက်စွာ လမ်းလျှောက်ပြန်ခဲ့သည်။ ချင်းလုံတောင်ထွတ်သာမက တစ်ဂိုဏ်းလုံး အရှင်ချင်းလုံ လောကတစ်ခွင် ခရီးနှင်မယ့်အကြောင်းက အတော်လေး ပွတ်လောရိုက်နေလေပြီ။


အရှင်ချင်းလုံ ထွက်သွားမယ်ဆိုရင် လင်ရုချောင်၊ ဖုန့်ဝူယိနဲ့ ပိုင်ယင်ကျစ်က နေခဲ့မှာ မဟုတ်ချေ။ 


အဲဒီနေ့မှာပဲ ထိုလေးယောက် ဂိုဏ်းထဲကနေ လုံးဝ ပျောက်သွားခဲ့လေသည်။


တော်ဝင်အင်ပါယာမြို့နှင့် မိုင်ရာချီဝေးသော တောင်တန်းတစ်နေရာ၌။ ဖုန့်ဝူယိ ချောက်ကမ်းပါး တစ်ခုနားမှာ ရပ်လျက် နေထွက်ချိန်ကို ငေးကြည့်နေခဲ့သည်။ သူအခု တော်ဝင်စစ်သူကြီးနယ်ပယ် အဆင့်၅အထိ တက်သွားပြီ ဖြစ်သော်လည်း ဆရာနဲ့ တပည့်ကြားက ဆက်ဆံရေးက အနည်းငယ် တောင့်တင်းသွားရ၏။


ရှစ်ဇွင်း သူ့ကို အဲဒီပုံရိပ်ကို ပြလိုက်ကတည်းက အနာဂတ်မှာ သူတို့ကြားက ဆက်ဆံရေးဟာ အဲဒီလို ဖြစ်လာနိုင်တာကြောင့် ကြိုသတိပေးလိုက်သလိုပင်။ နောက်ပြီး အခုနောက်ပိုင်းမှာ ရှစ်ဇွင်းက သူ့ကို ခေါ်မတွေ့တော့ချေ။


တကယ်တော့ သူ ရှစ်ဇွင်းရဲ့ နောက်ကျောကို ပထမဆုံး မြင်လိုက်တုန်းက သူ့အဖေကို သတိရမိသွားသည်။ ဒါကြောင့် အားကိုးချင်စိတ် အနည်းငယ် ပေါ်လာခြင်းပင်။


သို့သော် သူ့လုပ်ရပ်က အရှင်ချင်းလုံကို ခပ်တည်တည် ဖြစ်သွားစေ၏။


"ဖုန့်ဝူယိ...."


ခေါ်သံကြောင့် ခေါင်းလှည့်ကြည့်လိုက်တော့ ပိုင်ယင်ကျစ် ဖြစ်နေသည်။


ပိုင်ယင်ကျစ်: "ဒီနေ့လည်း ဆရာဘိုးဘိုးက ခေါ်မတွေ့လို့ စိတ်မကြည်ပြန်ဘူးလား?"


"မဟုတ်ဘူး... ငါတွေးနေတာက ငါ့လုပ်ရပ်တွေက မှားနေတာလားလို့..."


"မဖြစ်နိုင်ပါဘူး... ဆရာဘိုးဘိုးက အရင်ကတည်းက တစ်ယောက်တည်း နေလာတဲ့ သီးသန့်လူသားဆိုတော့ နည်းနည်း အဆင်မပြေ ဖြစ်နေတာနေမှာပေါ့... ဟုတ်သားပဲ ဝူချွမ်းမြို့မှာ လျှောက်လည်ကြမလား ငါဒီနေ့ ရှစ်ဇွင်းဆီက ခွင့်ရထားတယ်..."


"ကောင်းပြီ"


ဝူချွမ်းမြို့က သူတို့လက်ရှိ အခြေချနေတဲ့ တောင်နဲ့ သိပ်မဝေးပေ။ ဓားပျံ ခဏစီးရုံနဲ့ ရောက်လေပြီ။ နှစ်ယောက်သားက ထိုမြို့သို့ ၂ကြိမ်ထက်မက ရောက်ဖူး​ပြီးပါပြီ။ ပထမတစ်ကြိမ်က စူးစမ်းလေ့လာတာ ဖြစ်ပြီး ဒုတိယတစ်ကြိမ်ကတော့ နဂါးနက်အကြောင်း စုံစမ်းဖို့ပင်။


မကြာသေးခင်က ဝူချွမ်းမြို့မှာ နဂါးနက်ရဲ့ အရိပ်အယောင် ပေါ်လာတာကြောင့် လင်ရုချောင်က ဦးဆောင်ကာ လာခဲ့ဖူးသည်။ ဝူချွမ်းမြို့က အတော်လေး ကြီးမားကာ မြို့အစနဲ့ မြို့အဆုံးကို သာမန်အတိုင်း ခြေလျင်လျှောက်သွားပါက ၁ရက် ကြာလေသည်။


မြို့ကို ထူးဆန်းသော သားရဲတစ်ကောင်၏ ပုံစံအတိုင်း ဖွဲ့စည်းထားကာ မြို့နေလူတွေက ထိုသားရဲကို သူတို့ရဲ့ ကိုးကွယ်ရာ နတ်ဘုရားအဖြစ် မှတ်ယူကြ၏။ 


မြို့က စည်းကမ်းကြီးပြီး မြို့ထဲ ဝင်ချင်သည့် ဘယ်သူမဆို ဂိတ်ကနေ လမ်းလျှောက်ဝင်ရလေသည်။ ဖုန့်ဝူယိနဲ့ ပိုင်ယင်ကျစ် ဝူချွမ်းမြို့အနား ရောက်တော့ မြို့ဂိတ်တံခါးဝကနေ လွင့်စင်လာတဲ့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရလေသည်။ ၎င်းက လူတစ်ဦးပဲ ဖြစ်ကာ ဂိတ်စောင့်တွေက ရိုက်ထုတ်လိုက်တာကြောင့် ​မြေကြီးပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ သုံးပတ်လောက် လိမ့်သွားရသည်။


တစ်ဆက်တည်း ဂိတ်စောင့် ဧကရာဇ်နယ်ပယ်ရဲ့ ကြီးကျယ်ခမ်းနားသော အော်သံကို ကြားလိုက်ရလေသည်။


"သူတောင်းစားလို မြွေတွေ ဝူချွမ်းမြို့ထဲ ဝင်ခွင့်မရှိဘူး...."


ဖုန့်ဝူယိနဲ့ ပိုင်ယင်ကျစ် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် နှစ်ယောက်သား တစ်ညီတစ်ညာတည်း အရိုက်ခံရသူကို ပြေးဖမ်းရင်း တောထဲ ပြေးဝင်လာခဲ့၏။ တစ်ဖက်လူကို လဲနေတဲ့ သစ်ပင်ပေါ် တင်ပေးလိုက်သောအခါ ခေါင်းပေါ်ကို ဖုံးလွှမ်းထားသော အဝတ်စုတ်အောက်က မျက်နှာကို မြင်လိုက်ရလေသည်။


"နန်ချင်းချင်း...."


"နန်ချင်းချင်း...."


နှစ်ယောက်သား အထိတ်တလန့်နဲ့ အော်လိုက်မိသည်။ ဖုန့်ဝူယိက အလျင်မြန်ဆုံး တုံ့ပြန်ခဲ့ပြီး သူမလက်ကို ဆွဲယူကာ လက်ကောက်ဝတ် သွေးကြောကို စမ်းကြည့်လိုက်တော့။


"သူ့ဝိညာဥ်သွေးကြောတွေ ပြတ်တောက်နေတယ်"


ပိုင်ယင်ကျစ်လည်း အရောင်မတူသော ဆေးလုံး၂လုံးကို အမြန်ထုတ်ကာ သူမပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ခဏကြာတော့ သူမ ချောင်းတဟွတ်ဟွတ်ဆိုရင်း နိုးလာ၏။ အရှေ့က လူနှစ်ယောက်ကိုတွေ့တော့ နန်ချင်းချင်း ထိတ်လန့်သွားသလို ဝမ်းလည်း ဝမ်းသာသွားသည်။


ပိုင်ယင်ကျစ် :"မင်းဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ?"


"အဟွတ် အဟွတ်.... ဂိုဏ်းထဲမှာ သားရဲတွေကို စစ်ဆေးပြီး အပြစ်ပေးနေတာ ငါအပါအဝင် သားရဲ၁၅ကောင် တွေ့တယ် သူတို့တွေ သေလားရှင်လားမသိဘူး... ငါ့ကို ရှစ်ဇွင်းက ခိုးပြီး လွှတ်ပေးလိုက်တာ...အဟွတ်အဟွတ် အဟွတ်"


ဖုန့်ဝူယိနဲ့ ပိုင်ယင်ကျစ် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်သည်။ ပိုင်ယင်ကျစ်က ဝတ်ရုံတစ်ထည်ကို သိုလှောင်လက်စွပ်ထဲက ထုတ်၍ နန်ချင်းချင်းရဲ့ ဖရိုဖရဲနဲ့ အမြင်မတော်သော ဂါဝန်ပေါ် ဖုံးအုပ်ပေးလိုက်သည်။


"ကျေးဇူးတင်ပါတယ်...."


ပိုင်ယင်ကျစ်: "ဖုန့်ဝူယိ မင်းဒီမှာ သူ့ကိုစောင့်ပေးလိုက် ငါမြို့ထဲ ခဏဝင်ပြီး လိုအပ်တာတွေ သွားဝယ်လိုက်မယ်...."


"ကောင်းပြီ...."


ပိုင်ယင်ကျစ် ထွက်သွားတော့ နန်ချင်းချင်း ပြန်အိပ်ပျော်သွားသည်။ ဖုန့်ဝူယိလည်း အနီးနားက သစ်ကိုင်းခြောက်များကို လက်ဝါးစွမ်းအင်ဖြင့် စုစည်းကာ မီးပုံတစ်ခု လုပ်ပေးလိုက်သည်။ ထို့နောက် သူက တစ်ဖက်မှာ ထိုင်နေလိုက်၏။


မိနစ်အနည်းငယ် ကြာတော့ ပိုင်ယင်ကျစ် ပြန်ရောက်လာသည်။ သူက လက်တစ်ဖက် ဝေ့ယမ်းရင်း နန်ချင်းချင်းရဲ့ အဝတ်အစားတွေကို အစိမ်းရောင် ဂါဝန်အသစ်ဖြင့် လဲလှယ်ပေးလိုက်သည်။ သူ့ရဲ့ အားနည်းနေတဲ့ ခန္ဓာကိုယ်ကို ဆေးလုံးက ပြန်လည် ကုသနေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။


"ငါတို့သူ့ကို ခေါ်သွားကြမလား?"


ပိုင်ယင်ကျစ်မှာ နန်ချင်းချင်းကို ကြည့်ရင်း စိတ်မကောင်းဖြစ်လာသည်။


ဖုန့်ဝူယိ: "အင်း ဘာပဲဖြစ်ဖြစ် သူမကို တစ်ယောက်တည်း ထားခဲ့လို့မဖြစ်ဘူး"


ပိုင်ယင်ကျစ်က ခေါင်းညိတ်ပြရင်း နန်ချင်းချင်းကို ကောက်ပွေ့လိုက်သည်။ 


သူစိမ်တစ်ယောက် ပါလာတာကြောင့် ပိုင်ယင်ကျစ်က ခွင့်ပြုချက် တောင်းရန် အတွက် တောင်ပေါ် ပြေးတက်သွားစဥ် ဖုန့်ဝူယိက နန်ချင်းချင်းကို စောင့်ရင်း ကျန်ခဲ့သည်။ တကယ်တော့ သူကိုယ်တိုင် သွားလို့ရပါရက်နဲ့ မသွားတာပင်။ 


သူအခုထိ ရှစ်ဇွင်းကို မျက်နှာချင်းမဆိုင်ရဲသေးချေ။ ထို့ကြောင့် ပိုင်ယင်ကျစ်ကိုသာ လွှတ်လိုက်ရသည်။ ဟိုကြည့်ဒီကြည့်နဲ့ လျှောက်ကြည့်ရင်း နန်ချင်းချင်း ခြေချင်းဝတ်က အညိုအမည်း ဒဏ်ရာတစ်ခုကို တွေ့လိုက်ရတာကြောင့် ငုတ်တုတ်ထိုင်ကာ သေချာကြည့်လိုက်သည်။


ပိုင်ယင်ကျစ်က အဝတ်တွေ ဝယ်ခဲ့ပေမယ့် ဖိနပ်မေ့သွားတာကြောင့် နန်ချင်းချင်းမှာ ခြေဗလာဖြစ်နေရ၏။ ဖုန့်ဝူယိ သူမရဲ့ ခြေချင်းဝတ်ကို ဆွဲယူကြည့်လိုက်သည်။ ၎င်းက ပူလောင်တဲ့ အရာတစ်ခုခုကြောင့် ရထားသော ဒဏ်ရာဟောင်းတစ်ခုပင်။


ဒဏ်ရာ ရထားတာလည်း အတော်လေး ကြာလေပြီ။ တခြားလူတွေ မသိနိုင်သော်လည်း ဖုန့်ဝူယိကတော့ ဒီဒဏ်ရာဟာ မီးငှက်တစ်ကောင်ကြောင့် ရထားတဲ့ ဒဏ်ရာမှန်း သိ၏။ မီးငှက်က သူ့ရဲ့ခြေသည်းတွေကို သုံးကာ နန်ချင်းချင်းရဲ့ ခြေထောက်ကို ဆွဲယူခဲ့ပုံပါပဲ။


"ယိအာ......"


ရုတ်တရက် ခေါင်းအထက်ကနေ ထွက်ပေါ်လာသော ခေါ်သံကြောင့် ဖုန့်ဝူယိ လန့်သွားခဲ့သည်။ ခေါင်းမော့ကြည့်လိုက်တော့ ထုံးစံအတိုင်း တစ်ကိုယ်လုံးကို အနက်ရောင်ဖြင့် ဆင်မြန်းထားသော အရှင်ချင်းလုံကို တွေ့လိုက်ရ၏။


"ရှစ်ဇွင်း....."


နန်ချင်းချင်းရဲ့ ခြေထောက်ကို ဂါဝန်စနဲ့ အမြန်ဖုံးပေးလိုက်ပြီး ရှစ်ဇွင်းကိုလည်း ဂါဝရပြုလိုက်သည်။


အရှင်ချင်းလုံ: "သူကလည်း မင်းသူငယ်ချင်းပဲလား?"


"ဟုတ်ပါတယ်"


သူ ရှစ်ဇွင်းကို သေချာ မကြည့်ရဲတာကြောင့် ခေါင်းငုံ့ထားသည်။ 


"ခေါ်လာခဲ့...."


"ကျေးဇူးတင်ပါတယ် ရှစ်ဇွင်း..."


ဖုန့်ဝူယိ နန်ချင်းချင်းကို ကောက်ပွေ့လိုက်သည်။ ဧကရာဇ်နယ်ပယ် ဂိတ်စောင့်ရဲ့ ရိုက်ချက်ကြောင့် အတော်လေး အားနည်းနေတဲ့ သူမက မျက်လုံးလေးတောင် မဖွင့်နိုင်တော့ချေ။ ခေါင်းငုံ့ထားတာကြောင့် မည်းမှောင်နေတဲ့ အရှင်ချင်းလုံရဲ့ မျက်နှာကိုတော့ မမြင်လိုက်ရပေ။


တောင်ပေါ်မှာက ယောက်ျားလေးတွေချည်းပဲ လွတ်လွတ်လပ်လပ် နေကြသော်လည်း နန်ချင်းချင်းက မိန်းကလေး ဖြစ်တာကြောင့် သူမအတွက် သစ်ကိုင်း၊ နွယ်ပင်တွေနဲ့ အဝိုင်းပုံစံ အခန်းလေးတစ်ခန်း လုပ်ပေးရလေသည်။ ပိုင်ယင်ကျစ် တိုက်ထားတဲ့ ဆေးအရှိန်ကြောင့် တစ်ပတ်လောက်ကတော့ သူမ အိပ်ပျော်နေလိမ့်မည်။


နန်ချင်းချင်းကို ဂရုစိုက်ပြီးနောက် ဖုန့်ဝူယိလည်း သူမခြေထောက်က ဒဏ်ရာအကြောင်း အရှင်ချင်းလုံကို ပြောပြလိုက်သည်။


"တပည့် သိသလောက် မြွေမျိုးနွယ်နဲ့ ဖီးနစ်မျိုးနွယ်က ရန်သူတွေ မဟုတ်ဘူး... ဒါပေမဲ့ နန်ချင်းချင်း ခြေထောက်က ဒဏ်ရာက ဖီးနစ်တစ်ကောင်ကြောင့် ရထားတာ သေချာတယ်..."


လင်ရုချောင်: "လွန်ခဲ့တဲ့ နှစ်၅၀ လောက်ကတည်းက ဖီးနစ်တစ်ကောင် ဖြစ်အောင် အသွင်ပြောင်နိုင်တဲ့လူ မရှိတော့ဘူး..."


ထိုအဖြေကြောင့် နားမလည်နိုင်အောင် ဖြစ်သွားတဲ့ ဖုန့်ဝူယိလည်း ကျောက်စားပွဲမှာ လက်ဖက်ရည် သောက်နေသူကို လှမ်းကြည့်လိုက်သည်။ ထိုလူက လက်ဖက်ရည်ကိုသာ ဆက်သောက်နေပြီး သူ့အား ဘာမှမပြောလာပေ။


ဒါကြောင့် ဖုန့်ဝူယိလည်း လင်ရုချောင်နဲ့ပဲ မျက်နှာချင်းဆိုင်လိုက်တော့သည်။ တောင်ထိပ်တွင် မြေပြန့်လေး ရှိကာ မြက်ခင်းစိမ်းစိမ်းလေး ရှိ၏။ မြက်ခင်းရဲ့ တစ်ဖက်မှာတော့ အဆုံးမရှိသော တိမ်ပင်လယ်ကြီးရှိကာ နေရောင်ခြည်က တောက်ပစွာ ဖြာကျနေသည်။