🍬12🍬၂နှစ် တံခါးပိတ်ပြီး ကျင့်ကြံရမယ်
Viewers 984

Chapter (12)

၂နှစ် တံခါးပိတ်ပြီး ကျင့်ကြံရမယ်



လျင်မြန်လွန်းသော အဖြစ်အပျက်ကြောင့် ဘာတွေ ဖြစ်သွားလဲ ဆိုတာကို ဖုန့်ဝူယိ မသိလိုက်ချေ။ သူ မျက်လုံးဖွင့်ကြည့်လိုက်တော့ နောက်တစ်နေ့ မနက်ကိုတောင် ရောက်နေပြီ။ သူဟာ သူ့အိပ်ခန်းထဲမှာ ပြန်ရောက်နေကာ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတစ်ခုမှ မရှိတော့ပေ။


ချက်ချင်း ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း ဘယ်သူမှ မရှိ။ ကြည့်ရတာ မနေ့ညက ရှစ်ဇွင်းသူ့ကို ပြန်ခေါ်လာခဲ့ပုံပဲ။


အဝတ်လဲပြီး အပြင်ထွက်လာတော့ ခြံထဲမှာ ထိုင်နေတဲ့ လင်ရုချောင်နဲ့ ပိုင်ယင်ကျစ်ကို တွေ့လိုက်ရသည်။ သူတို့ရဲ့ အိပ်ဆောင်က တခြားတပည့်တွေရဲ့ အိပ်ဆောင်နဲ့ ဝေးသော တောင်ကြားထဲတွင် ရှိလေ၏။


ယခုအချိန်မှာတော့ လင်ရုချောင်က အဆင့်၅ ဆေးလုံးသန့်စင်နည်း အကြောင်း ပိုင်ယင်ကျစ်ကို သင်ပြနေတာပဲ ဖြစ်သည်။ ပိုင်ယင်ကျစ်က ဆေးလုံးများ သန့်စင်ရာတွင် ပါရမီထူးတာကြောင့် အခုသူက အဆင့်မြင့် ဆေးလုံးတွေကို စတင်သန့်စင်နေပြီ။


"ဆရာတူအစ်ကို...."


ဖုန့်ဝူယိရဲ့ နှုတ်ဆက်သံကြောင့် လင်ရုချောင်က ခေါင်းလှည့်ကြည့်လာ၏။


ပိုင်ယင်ကျစ်: "မင်း နိုးလာပြီပေါ့"


"အင်း မနေ့ညက ဘာတွေ ဖြစ်သွားတာလဲ?" 


လင်ရုချောင်: "ဖုန့်ချန်းယင်က မြေခွေးအုပ်စုနဲ့ လိုက်သွားတယ်... စိတ်မပူပါနဲ့ သူဘေးကင်းတယ် ရှစ်ဇွင်းရဲ့ အမိန့်ကြောင့် အစွယ်တောင်က မြေခွေးတွေကိုလည်း ငါကိုယ်တိုင် ကယ်ထုတ်ပေးပြီးပြီ...."


"ကျေးဇူးတင်ပါတယ်"


ဖုန့်ဝူယိ အသာလေး သက်ပြင်းချလိုက်သည်။ ထို့နောက် ရှစ်ဇွင်းကို ဂါဝရပြုဖို့ ထွက်လာခဲ့လေ၏။ ရှစ်ဇွင်းက သူ့ကြောင့် အစွယ်တောင်ကိစ္စမှာ ဝင်ပါလိုက်မှန်း သူသိပါသည်။ အရင်ကဆို ထိုသူဟာ သီးသန့်ဆန်ပြီး ဘယ်ကိစ္စမှာမှ ဝင်မပါတတ်ချေ။


ဒါက သူ့ပင်ကိုယ် စရိုက်ကြောင့်လား တခြားအကြောင်းကြောင့်လား ဖုန့်ဝူယိလည်း မသိပေ။ သို့သော်လည်း မနေ့ညက အဖြစ်အပျက်ကနေ ရှစ်ဇွင်း သူ့အပေါ်ထားတဲ့ စေတနာကို သူမြင်နိုင်သည်။


အရှင်ချင်းလုံက သူ့အိပ်ဆောင်မှာ ရှိမနေဘဲ ထုံးစံအတိုင်း ချောက်ကမ်းပါးဘေးမှာ ရပ်နေ၏။ ဒီနေ့တော့ ရှစ်ဇွင်းက စိမ်းပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတာကြောင့် အရင်နေ့တွေကထက် ထူးခြားနေသည်။


"ရှစ်ဇွင်း တပည့် ရောက်လာပါပြီ... မနေ့ညက ကိစ္စအတွက် ကျေးဇူးတင်ပါတယ်..."


"ဒီကိုလာခဲ့...."


ဖုန့်ဝူယိ အကာအရံ မရှိသော ထိုအဆောင်ငယ်ပေါ် တက်သွားလိုက်သည်။ ရှစ်ဇွင်းက သူ့ကိုကျောပေးထားကာ လုံးဝ လှည့်ကြည့်မလာချေ။ သူလည်း ရှစ်ဇွင်း စိတ်ဆိုးနေပြီလားလို့ ထင်မိသည်။ 


သူအနားကို ရောက်သွားတော့ အရှင်ချင်းလုံက ချောက်နက်ကြီးရဲ့ တစ်ဖက်က တောင်တန်းတွေဘက်ကို ငေးကြည့်နေတာ တွေ့လိုက်ရလေ၏။ ချောက်နက်ကြီးကတော့ အရင်အတိုင်း မြူတွေကြောင့် အောက်ခြေကို မမြင်ရသေးပါ။


"ရှစ်ဇွင်း..... ယိအာ ရှစ်ဇွင်းကို ဝင်ပါစေခဲ့မိလို့ တောင်းပန်ပါတယ်..."


တစ်ဖက်လူက ဘာမှ ပြန်မဖြေဘဲ တိတ်ဆိတ်နေရာ ဖုန့်ဝူယိ အသာလေး ချောင်းကြည့်လိုက်သည်။ အရှင်ချင်းလုံက မျက်နှာကြောကြီးတင်းလျက် အဝေးကိုသာ ကြည့်နေတာကြောင့် ထိုလူ စိတ်ဆိုးနေတာ သေချာသွား၏။


ဖုန့်ဝူယိ တစ်ဖက်လူရဲ့ အဝတ်စလေးကို အသာလေး လှမ်းဆွဲလိုက်သည်။ အမေက ဆရာဆိုတာ အဖေလိုပဲလို့ သူ့ကို ဆုံးမဖူးတာကြောင့် အခုအဖေ့ကို ချော့ခဲ့တုန်းကလို လုပ်ကြည့်မလို စဥ်းစားထားတာပင်။ အခု ရှစ်ဇွင်းက သူ့ထက်အရပ်ရှည်တာကြောင့် နည်းနည်း မော့ကြည့်နေရသည်။


"ယိအာ ထပ်မလုပ်တော့ပါဘူး... ရှစ်ဇွင်း..."


ထိုစကားကို ပြောပြီး နောက်ဆုံးမှာတော့ ရှစ်ဇွင်းဆီက သက်ပြင်းချသံကို ကြားလိုက်ရသည်။


"ဒဏ်ရာ ဘယ်လိုနေလဲ?"


"အများကြီး သက်သာသွားပါပြီ ရှစ်ဇွင်းကို ကျေးဇူးတင်ပါတယ်"


"ရှစ်ဇွင်း မင်းအတွက် အစွယ်တောင်က မြေခွေးတွေကိုလည်း လွှတ်ပေးလိုက်ပြီ... မင်းရဲ့ တံခါးပိတ်ကျင့်ကြံမှုကို တစ်နှစ် ထပ်တိုးမယ်.... မင်း ရှစ်ဇွင်းအတွက် ၂နှစ် တံခါးပိတ်ပြီး ကျင့်ကြံရမယ်..."


ဖုန့်ဝူယိ ချက်ချင်း ခေါင်းညိတ်ကာ သဘောတူလိုက်လေ၏။ ထို့နောက် သူထပ်မေးလိုက်သည်။


"မနေ့ညက ကျွန်တော်စစ်မေးတော့ လူတစ်ယောက်က ပြောတယ်... မြေခွေးပေါက်လေးတွေကို ရေနက်တောင်က နဂါးနက်ဆီကို ဆက်သမှာတဲ့.... ရှစ်ဇွင်း ဒီလောကမှာ တကယ်ပဲ နဂါးတွေ ရှိနေသေးတာလား ကျွန်တော့်အဖေကရော နဂါးတွေနဲ့ ပတ်သက်နေတာလား?"


အရှင်ချင်းလုံ :"တကယ်တော့ နဂါးတွေက တခြားနယ်မြေတစ်ခုမှာ နေတာ... အခု ဒီမှာ တစ်ကောင် ပေါ်လာပြီဆိုတော့ အကြောင်းတစ်ခုခုတော့ ရှိရမယ်.... မင်းက သူ့ကိစ္စမှာ ဝင်ပါလိုက်ပြီဆိုတော့ သူတို့ဘက်ကလည်း စုံစမ်းလာတော့မယ်... မင်းရှစ်ဇွင်းက ဒီတောင်ထွတ်နဲ့ ဒီဂိုဏ်းမှာ ပြိုင်ဘက်မရှိပေမယ့် နဂါး ဝင်ပါလာရင် ပြောလို့မရတော့ဘူး...."


ဖုန့်ဝူယိ လက်သီးဆုပ်လိုက်မိသည်။ သူ ဒီတစ်ခါတော့ ရှစ်ဇွင်းကို တကယ် ပြဿနာအကြီးကြီး ပေးလိုက်မိပြီ။ ဒီကိစ္စမှာ သူ ပါဝင်နေတာကို သိသွားရင် ရန်သူဘက်က ရှစ်ဇွင်းကိုလည်း ထိပါးလာလိမ့်မည်။ 


ထိုအတွေးနဲ့ ထိတ်လန့်သွားတဲ့ ဖုန့်ဝူယိက ချက်ချင်း ဒူးထောက်လိုက်ပြီး။


"ရှစ်ဇွင်း တပည့်ကို အပြစ်ပေးပါ!!"


"ဘာအတွက်လဲ?"


"တပည့် ကိုယ့်အဆင့်ကို မသိဘဲ မဆင်မခြင် လုပ်မိပါတယ်... ဒါ့အပြင် ရှစ်ဇွင်းကိုလည်း ကိုယ်တိုင် ထွက်လာပြီး လှုပ်ရှားရအောင် ဖိအားပေးမိပါတယ် တကယ်လို့သာ တပည့်အဖမ်းခံလိုက်ရရင် တပည့်က ရှစ်ဇွင်းရဲ့ တံခါးပိတ်တပည့် ဆိုတာကို သိသွားပြီး ပြဿနာက ရှစ်ဇွင်းဆီကို မြှားဦးလှည့်လာမှာ.... ဒါတွေ အားလုံးက ဒီတပည့်ရဲ့အမှားပါ..."


ဖုန့်ဝူယိ လက်နှစ်ဖက်ကို ဆုပ်လျက် ရှစ်ဇွင်းကို ကန်တော့လိုက်သည်။ အရှင်ချင်းလုံလည်း အမှားကို ဝန်ခံရဲတဲ့ တပည့်လေးကို ငုံ့ကြည့်လိုက်၏။ 


ထိုအငယ်လေးက သူ့ကို ဘိုးဘေးမိဘတွေကို ကန်တော့နေသလို ကန်တော့နေတာပဲ။ သို့သော် သူအနာဂတ်ကို ခိုးကြည့်လိုက်တုန်းက ဒီတပည့်လေးက သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေခဲ့တာပင်။ သူ့အနေနဲ့ တစ်စုံတစ်ယောက်ကို ရင်ခွင်ထဲ ထည့်ထားမယ့် ကိစ္စမျိုးကို ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ပေ။


နောက်ပြီး ဘယ်သူ့ကိုမှလည်း ရင်ခွင်ထဲ ထည့်ထားဖို့ မစဥ်းစားခဲ့။ သို့သော် ခိုးကြည့်ထားတဲ့ အနာဂတ်မှာတော့ သူကိုယ်တိုင် ဒီတပည့်လေးကို ထွေးဖက်ထားခဲ့၏။


ပြီးတော့ ဒီတပည့်လေးက နဂါးနက် ကိစ္စမှာလည်း ဝင်ပါလိုက်ပြီ။ သူ့ကိုထပ်ပြီး စိတ်ရှုပ်ထွေးစေတာက ဒီကောင်လေးက ဟိုမြေခွေးကို အလွန်အမင်း ဂရုစိုက်နေတာပင်။


"ယိအာ.... မင်းနဲ့ အဲ့မြေခွေးက ဘယ်လို ဆက်ဆံရေးလဲ?"


ဖုန့်ဝူယိ ခေါင်းမော့ကြည့်လိုက်သည်။


"ဖုန့်ချန်းယင်က အဖေခေါ်လာတဲ့ မြေခွေးလေးပါ... သူနဲ့ ကျွန်တော်က အရမ်းကောင်းတဲ့ ညီအစ်ကိုတွေ... ကျွန်တော် ဖုန့်မိသားစုကနေ ထွက်ပြေးလာတော့ သူ ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တယ်..."


"ကောင်းပြီ... ရှစ်ဇွင်း အခုမင်းကို ပြောမယ့်စကားကို မင်း သေချာမှတ်ထား...အဲ့ကောင်လေးက မြေခွေးတွေရဲ့ သီးသန့်နေရာမှာ အခြေချပြီး ကျင့်ကြံလိမ့်မယ် မင်းသူ့ကို တကုတက သွားတွေ့တာမျိုးတွေ မလုပ်နဲ့.... တော်ဝင်အင်ပါယာမြို့က မင်းထင်သလောက် မရိုးရှင်းဘူး.... ဒီမြို့ကို စောင့်ကြည့်နေတဲ့ လူတွေ အများကြီး ရှိတယ်... မင်းရော သူ့အတွက်ရော အန္တရာယ်မကင်းဘူး...."


"တပည့် မှတ်ထားပါ့မယ်...."


"ထ.... မင်း ကျင့်ကြံရမယ့်နေရာကို ရှစ်ဇွင်းလိုက်ပို့ပေးမယ်"


ဖုန့်ဝူယိ မတ်တတ်ထရပ်လိုက်တော့ အရှင်ချင်းလုံက လက်တစ်ဖက် ကမ်းပေးလာတာကို တွေ့လိုက်ရ၏။


ဖုန့်ဝူယိ: "......."


"ကိုင်ထား....."


ဖုန့်ဝူယိ သူ့ကိုမကြည့်နေသူအား ခေါင်းအသာ ညိတ်ပြလိုက်ပြီး အရှင်ချင်းလုံရဲ့ လက်ချောင်းလေးများကို ဆုပ်ကိုင်ထားလိုက်သည်။ သူ့ရဲ့ လုပ်ရပ်ကြောင့် တစ်ဖက်လူ တောင့်တင်းသွားတာကိုတော့ သူ မသိလိုက်။


အမှန်တကယ်တော့ ရှစ်ဇွင်းက သူ့လက်ကောက်ဝတ်ကိုပဲ ဆွဲထားခိုင်းတယ် ဆိုတာကို ဖုန့်ဝူယိ နားမလည်ပေ။ ယောက်ျားလေးနှစ်ယောက် လက်ချောင်းတွေ သွယ်ယှက်ထားတာက ပုံမှန်မဟုတ်မှန်းလည်း သူ သတိမထားမိဘဲ အပြစ်ကင်းစင်တဲ့ ကလေးလိုသာ ရပ်နေ၏။


အရှင်ချင်းလုံ ထိုလက်ကလေးကို ပြန်မဆုပ်ကိုင်လိုက်ဘဲ ဒီအတိုင်းသာထား၍ ချောက်နက်ကြီးထဲ ခုန်ချလိုက်လေသည်။ ဖုန့်ဝူယိလည်း ရှစ်ဇွင်း ခေါ်သွားမယ့်နေရာက ချောက်ကြီးထဲပဲ ဆိုတာကို ခန့်မှန်းမိလေ၏။ ဒါ့ကြောင့် သူ့ကိုယ်သူ ထိန်းထားလိုက်သည်။


သို့သော် မြူခိုးတွေကို ဖြတ်ကျော်လိုက်တဲ့ အချိန်မှာတော့ ရုတ်တရက် လေပြင်းတွေ တိုက်ခတ်လာတာကြောင့် ကိုယ်ဝန်အနေအထားက ကိုးရို့ကားယား ဖြစ်သွားသည်။ ကံကောင်းထောက်မစွာနဲ့ နောက်လက်တစ်ဖက်က ရှစ်ဇွင်းရဲ့ လက်ကောက်ဝတ်ကိုပါ ဖမ်းထားလိုက်တာကြောင့် ပြုတ်ကျမသွားခဲ့ပေ။


မြူခိုးတွေကြောင့် ပတ်ဝန်းကျင်ကို လုံးဝ မမြင်ရဘဲ ပြင်းထန်လွန်းတဲ့ လေပြင်းကြောင့် လူကလည်း လွင့်ပါနေသည်။


ဝှစ်!


"အား!"


ဖုန့်ဝူယိ ဟစ်အော်လိုက်မိပြီး လူက လွင့်သွားလေသည်။


"ရှစ်ဇွင်း!"


သူတို့နှစ်ယောက်ရဲ့ လက်တွေက ချိတ်ထားပေမယ့် ဖုန့်ဝူယိကတော့ အရုပ်လေးလို လွင့်သွားသည်။


"ရှစ်ဇွင်း......"


ဖုန့်ဝူယိရဲ့ အလန့်တကြားနဲ့ အားကိုးတကြီး အော်ခေါ်သံက တစ်ဖက်လူကို တောင့်မခံထားစေနိုင်သည်။ အရှင်ချင်းလုံ ထိုကောင်လေးကို ပြန်စောင့်ဆွဲလိုက်၏။ ဖုန့်ဝူယိလည်း ထိုအခွင့်အရေးကို ယူကာ ကိုယ်ဟန်အနေအထားကို ထိန်းရင်း တစ်ဖက်လူရဲ့ လက်မောင်းတစ်ဖက်ကို သူ့ရင်ဘတ်နဲ့ ဆွဲကပ်ထားရင်း ဖက်ထားလိုက်တော့သည်။


အရှင်ချင်းလုံ: "......"


ဖုန့်ဝူယိ မျက်စိတင်းတင်း မှိတ်ထားသည်။ အမိအရဖမ်းထားတဲ့ လက်မောင်းကိုလည်း လုံးဝ မလွှတ်ပေး။ လေပြင်းတွေကြောင့် သူ့နားတွေထဲမှာ တဝွီးဝွီး အသံတွေသာ မြည်နေ၏။ ဒီလိုဖြစ်နေတာလည်း ဘယ်လောက်တောင် ကြာသွားသလဲမသိ။


သူနောက်ဆုံး ခြေထောက်နဲ့ မြေကြီး ထိသွားတော့မှသာ မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ မျက်လုံးဖွင့်ဖွင့်ချင်း တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် ​ဖုန့်ဝူယိခမျာ ပါးစပ်ဟောင်းလောင်းလေး ဖြစ်သွားရသည်။ သူတို့အခု ဂူကြီးတစ်ခုထဲကို ရောက်နေတာပဲ။ သို့သော် ဂူဆိုသော်လည်း အမှောင်ထုဟူ၍ လုံးဝ မရှိ။


ဂူရဲ့ ဘေးနံရံနှစ်ဖက်နဲ့ မျက်နှာကျက်တွေက ရောင်စုံ သလင်းကျောက်တွေနဲ့ ပြည့်နေကာ ဖုန့်ဝူယိ မမြင်ဖူးသော အရောင်တွေတောင် ပါသေးသည်။ တစ်ခုရှိတာက အစိမ်းရောင် သလင်းကျောက်တော့ မရှိပေ။ 


အဖြူ၊ အပြာ၊ အနီနဲ့ အဝါ စတာတွေက ဂူနံရံထဲကနေ ထိုးထွက်လာသလို တည်ရှိနေကာ အလင်းရောင်တွေလည်း ထုတ်လွှတ်နေသေးသည်။ ဖုန့်ဝူယိ ရှစ်ဇွင်းကို မော့ကြည့်ကာ တစ်ဖန် သလင်းကျောက်တွေဘက် ကြည့်လိုက်ပြန်၏။


ရှစ်ဇွင်းက သူ့ကိုဒီနေရာမှာ ကျင့်ကြံခိုင်းမှာလား။


"မင်း လက်လွှတ်လို့ ရပြီ!"


ရုတ်တရက် ကြားလိုက်ရတဲ့ ခပ်သြသြ အသံကြောင့် ဖုန့်ဝူယိလည်း သတိဝင်လာပြီး သူ ဖမ်းဆုပ်ထားတဲ့ လက်မောင်းကို ပျာပျာသလဲ လွှတ်ပေးလိုက်ကာ ခေါင်းငုံ့သွား၏။ သူ့မျက်နှာက မျက်နှာဖုံးက ဘယ်ဆီရောက်သွားမှန်း မသိတာကြောင့် မျက်နှာလေး ရဲသွားတာကို တစ်ဖက်လူ မြင်သွားတော့သည်။


ဖုန့်ဝူယိဆိုတာက အသက်ရွယ်တူ လူငယ်တွေကြားမှာ အမြဲတမ်း အေးတိအေးစက်နဲ့ တည်ငြိမ်ပေမယ့် ရှစ်ဇွင်းရှေ့မှာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ရခက်သည်။ ရှစ်ဇွင်းက သူ့လုပ်ရပ်ကြောင့် စိတ်ဆိုးသွားသလား သိရအောင် ချောင်းကြည့်သော်လည်း တစ်ဖက်လူက စိတ်ဆိုးတာနဲ့ ပျော်ရွှင်တာကို သူ့မျက်နှာပေါ်မှာ ဖော်ပြလေ့မရှိပေ။


"ရှစ်ဇွင်း ဒီနေရာက...."


"မင်း၂နှစ် ကျင့်ကြံဖို့... ယိအာ သေချာမှတ်ထား ၂နှစ်အတွင်း တော်ဝင်စစ်သူကြီးနယ်ပယ်ကို မထိုးဖောက်နိုင်ရင် ဒီထဲက ထွက်လို့မရဘူး... ဒါပေမဲ့ မင်းအရည်အချင်း၊ ပါရမီနဲ့ဆို အဲဒီအဆင့်ကို ရောက်ဖို့ မခက်လောက်ဘူးလို့ ရှစ်ဇွင်း ယုံတယ်..."


"......."


"၂နှစ်အတွင်းမှာ မင်းအဆင့်တွေ ထိုးဖောက်ဖို့ ဒီသလင်းကျောက်တွေက အထောက်အပံ့ ပေးလိမ့်မယ်... ၂နှစ်ပြီးရင် ရှစ်ဇွင်း မင်းကိုလာခေါ်မယ်"


ပြောပြီးတာနဲ့ လှည့်ထွက်သွားလေသည်။ ဖုန့်ဝူယိ လန့်သွားကာ နောက်က အမြန်လိုက်ရင်း တစ်ဖက်လူရဲ့ အင်္ကျီစကို ကမန်းကတမ်း လှမ်းဆွဲလိုက်၏။ သူဆွဲလိုက်တာနဲ့ တစ်ဖက်ကလည်း ချက်ချင်း ရပ်သွားသည်။ သို့သော်လည်း ရှစ်ဇွင်းက လုံးဝ လှည့်ကြည့်မလာချေ။


"၂နှစ်ပြည့်ရင် ရှစ်ဇွင်း ဒီတပည့်ကို လာကြည့်မှာလား?"


ပြောပြီးမှ ဖုန့်ဝူယိလည်း သူ့စကားက အနည်းငယ် ထူးဆန်းနေမှန်း သိလိုက်သည်။ သူပြောချင်တာက ၂နှစ်ပြည့်ရင် သူ့ကို လာခေါ်မှာလား၊ သူဒီကနေ တစ်ယောက်တည်း မထွက်နိုင်ကြောင်း ပြောချင်တာပင်။ တကယ်တမ်း ပြောလိုက်တာက အဓိပ္ပာယ်ကောက်လွဲနိုင်သော စကား ဖြစ်နေ၏။


ဖုန့်ဝူယိ အင်္ကျီစလေးကို ဇတ်ကနဲ ပြန်လွှတ်ပေးလိုက်သည်။ 


"ကောင်းကောင်း လေ့ကျင့်ထား.... ရှစ်ဇွင်းကို စိတ်မပျက်စေနဲ့"


"တပည့် ရှစ်ဇွင်းကို စိတ်မပျက်စေရပါဘူး"


ထိုစကားကို ကြားတော့ ဖုန့်ဝူယိလည်း လက်သီးလက်ဝါး ဆုပ်ကာ ဂါဝရပြုလိုက်လေသည်။ သူ ခေါင်းမော့ကြည့်လိုက်တော့ ဂူထဲမှာ ဘယ်သူမှ မရှိတော့ဘဲ သူတစ်ယောက်တည်းသာ ကျန်တော့၏။ ဂူက အလုံပိတ်ဖြစ်ကာ ပတ်ပတ်လည်၌ သလင်းကျောက် အချွန်အထက်တွေသာ ရှိသည်။


သလင်းကျောက် အချွန်လေးကို လက်ချောင်းနဲ့ ထိကြည့်လိုက်တော့ ဝိညာဥ်စွမ်းအင်တွေ အင်မတန် ပြည့်ဝနေတာကြောင့် အံ့သြသွားရလေသည်။ ဒါက ရှစ်ဇွင်းရဲ့ ရတနာသိုက်ပဲ။ ရှစ်ဇွင်းကိုယ်တိုင်လည်း ဒီမှာ ကျင့်ကြံလိမ့်မည်။


ဝိညာဥ်စွမ်းအင်က အပြင်လောကထက် ၁၀ဆမက ပေါများနေလေရာ ​သေချာပေါက် ကျင့်ကြံမှုအဆင့်ကို တိုးစေနိုင်မှာပင်။ ဖုန့်ဝူယိလည်း အချိန်မဖြုန်းဝံ့ဘဲ ဂူအလယ်က ထိုင်စရာ စင်မြင့်ပေါ်မှာ တင်ပျဥ်ခွေ အနေအထားဖြင့် နေရာယူလိုက်သည်။ လက်စည်းတံဆိပ်ပုံ ဖော်ကာ ဝိညာဥ်စွမ်းအင်များကို စုပ်ယူလိုက်သည်နှင့် သလင်းကျောက်ထဲက ဝိညာဥ်စွမ်းအင်များက အလုံးအရင်းဖြင့် ဝင်ရောက်လာ၏။


တစ်ဖက်မှာတော့ အရှင်ချင်းလုံသည် သူ ရပ်ကြည့်နေကျ အဆောင်ငယ်ပေါ်မှနေ၍ ချောက်နက်ထဲ ငုံ့ကြည့်နေသည်။ ပထမဆုံး အနေနဲ့ အပြင်လူတစ်ယောက် အတွက် သူ့လျှိုဝှက်နေရာတစ်ခုကို ဖွင့်လိုက်ပြီ။ ဒါပေမဲ့ ပြန်တွေးကြည့်တော့ ထိုလူငယ်လေးက သူ့ရဲ့ အနာဂတ်အချိန်တွေကို အပိုင်စိုးထားမယ့်သူ ဖြစ်နေလေသည်။


ဒါကို သူ ဘယ်တုန်းကမှ မထင်ထားခဲ့။ တစ်စုံတစ်ဦး သူ့ဘဝထဲ ဝင်လာမယ့်ကိစ္စမျိုး သူ လက်မခံခဲ့သလို စဥ်းလည်းမစဥ်းစားဖူးချေ။


'၂နှစ်ပြည့်ရင် ရှစ်ဇွင်း ဒီတပည့်ကို လာကြည့်မှာလား'


အရှင်ချင်လုံး မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်သည်။ ဘာလို့များ အဲဒီစကားတွေက ထူးဆန်းနေတယ်လို့ ခံစားနေရပါလိမ့်။


"ရှစ်ဇွင်း....."


ရုတ်တရက် နောက်ကျောဘက်က ထွက်ပေါ်လာတဲ့ အသံကြောင့် အရှင်ချင်းလုံ မျက်လုံးပြန်ဖွင့်လိုက်သည်။


လင်ရုချောင်: "အစွယ်တောင်မှာ ဖမ်းထားတဲ့ သားရဲတွေက မနည်းပါဘူး... ကျွန်တော် မြေခွေးတွေကိုပဲ ရွေးပြီး လွှတ်ပေးလိုက်လို့ ဂိုဏ်းကရော မိသားစုကြီးငါးခုကရော ဒီအကြောင်းကို စုံစမ်းနေကြပါတယ်..."


"ယန်အိမ်တော်ကရော...."


"ယန်အိမ်တော်နဲ့ မုရုံအိမ်တော်က ပူးပေါင်းပြီး မုရုံရှန်းယွမ်ကို ဖမ်းဝရမ်းထုတ်ထားပါတယ်... မုရုံရှန်းယွမ်က သခင်ကြီးနှစ်ကို သတ်ပြီး ယန်လင်ကို ဒုက္ခိတဖြစ်အောင် လုပ်သွားပါတယ်... နောက်ပြီး သူ့နဖူးမှာ မြေခွေးနတ်ဘုရားရဲ့ အမှတ်အသား ရှိတယ်... ကြည့်ရတာ မုရုံရှန်းယွမ်က မြေခွေးနတ်ဘုရားကို ဆင့်ခေါ်ခဲ့ပုံပါပဲ..."