🍬11🍬မြေခွေးပေါက်လေးတွေ
Viewers 989

Chapter (11)

မြေခွေးပေါက်လေးတွေ 



မြင်းမောင်းသမား သေသွားပြီးနောက် ဖုန့်ဝူယိသည် အစိမ်းရောင် သလင်းကျောက်ကို ထုတ်ကာ ဧကရာဇ်နယ်ပယ် ကျင့်ကြံသူဆီသို့ ပစ်သွင်းလိုက်သည်။ အစိမ်းရောင် သလင်းကျောက် ပြေးလာတာကို တွေ့တော့ ဧကရာဇ်နယ်ပယ် ကျင့်ကြံသူလည်း အထိတ်တလန့်ဖြင့် နောက်ဆုတ်ရင်း ဓားရှည်တစ်လက်ကို ပြန်ပစ်လိုက်သည်။


ဓားရှည်မှာ အဆင့်မြင့် လက်နက်တစ်မျိုး ဖြစ်သော်လည်း အစိမ်းရောင် သလင်းကျောက်ရဲ့ ထိပ်ဖူးကို ထိခတ်သွားစဥ် သဲမှုန့်လေးလို ကြွေလွင့်သွားပေ၏။ 


တစ်ဖက်လူလည်း မျက်နှာပျက်သွားခဲ့သည်။


"မကောင်းတော့ဘူး!"


၎င်းက ချက်ချင်း လှည့်ထွက်ပြေးဖို့ ပြင်လိုက်ပေမယ့် သူ့အနောက်မှ အခင်းအကျင်း တစ်ခု ပေါ်လာပြီး တွန်းကန်လိုက်တာကြောင့် ထိုလူလည်း ဖုန့်ဝူယိတို့ဆီ ပြန်လွင့်လာတော့သည်။ တစ်ဆက်တည်း အခင်းအကျင်း စက်ကွင်းတွေက ဘေးပတ်ပတ်လည်၊ အထက်နဲ့ အောက်မှာပါ ပေါ်လာကာ သူ့အား ပိတ်ဖမ်းလိုက်လေ၏။ 


ဝုန်း!


၎င်းသည် လက်ဝါးစွမ်းအင်နဲ့ ဓားစွမ်းအင်တွေကို ပစ်လွှတ်သော်လည်း အခင်းအကျင်း စက်ကွင်းက ဓားရာလေးတောင် မထင်ချေ။ 


ဖုန့်ဝူယိ: "မင်း မသေမျိုးနယ်ပယ်ကို မရောက်ထားရင် ဒီအခင်းအကျင်းထဲကနေ လွှတ်မှာ မဟုတ်ဘူး...."


ထိုလူ လှည့်ကြည့်လိုက်တော့ ဖုန့်ဝူယိလက်ပေါ်၌ လွင့်မျောနေသော အစိမ်းရောင် သလင်းကျောက်ကို တွေ့လိုက်ရလေသည်။ ဖုန့်ဝူယိက အစိမ်းရောင် သလင်းကျောက်ကို ထိန်းချုပ်ထားသူပဲ ဖြစ်ကာ တကယ်လို့ ဖုန့်ဝူယိကို မသတ်နိုင်ရင် သူလည်းပဲ အခင်းအကျင်းတွေ ကြားထဲကနေ မလွတ်​မြောက်နိုင်ပေ။


သို့သော်လည်း မြင်းမောင်းသမားက သေပြီမလို့ အခုအချိန်မှာ သူ့ကို ကူညီမယ့်သူက မရှိတော့ပါ။ တစ်ဖက်ကို ကြည့်လိုက်တော့ လှောင်အိမ်ထဲက မြေခွေးလေးနှစ်ကောင်ကို ဖုန့်ချန်းယင်နဲ့ မြေခွေးနီတို့က ကယ်ထုတ်ပြီးလေပြီ။


မြေခွေးနီ: "သူတို့က နတ်သွေးကြောပါတဲ့ မြေခွေးမျိုးနွယ်ပဲ!"


သူ့ရဲ့ အထိတ်တလန့် အော်သံကြောင့် ဖုန့်ဝူယိ လှည့်ကြည့်လိုက်တဲ့အခါ မြေခွေး​တွေက အဖြူရောင် အမွေးရှိသော်လည်း အမြှီးတွေ၌ ပန်းကနုတ်ပုံစံများ ပါရှိကာ နဖူး၌လည်း အမှတ်အသား ရှိနေလေသည်။


ဖုန့်ချန်းယင်: "နတ်သွေးကြောမြေခွေးတွေ ရှိသေးတာပဲ...သူတို့ကို ယန်အိမ်တော်မှာ ဖမ်းထားတာများလား?"


ဖုန့်ဝူယိ အစိမ်းရောင် သလင်းကျောက်ကို လက်ချောင်းလေးနဲ့ ထိလိုက်တဲ့အခါ အခင်းအကျင်း စက်ကွင်းထဲမှ သံကြိုးများ ပြေးထွက်လာကာ ရန်သူ၏ လည်ပင်း၊ လက်နဲ့ ခြေထောက်များကို ရစ်ပတ်လိုက်လေသည်။


သံကြိုးတွေနဲ့ ထိတွေ့လိုက်ရင်ပဲ ရန်သူရဲ့ မျက်လုံးအရောင်တွေက အရက်မူးနေသူလိုမျိုး ရီဝေဝေဖြစ်လာသည်။


"ယန်အိမ်တော်မှာ မြေခွေးဘယ်နှကောင် ဖမ်းထားလဲ?"


ကျင့်ကြံသူ: "......."


၎င်းက ပါးစပ်ကို အသေပိတ်ထားလေသည်။ ဖုန့်ဝူယိ အစိမ်းရောင် သလင်းကျောက်ကို ထပ်၍ ဖျစ်ညှစ်လိုက်သည်။ ထိုအခိုက် သူ့တစ်ကိုယ်လုံးကို ဆူးချွန်တွေနဲ့ ထိုးနေသလို ဝင်ရောက်လာသော နာကျင်မှုကြောင့် ကျင့်ကြံသူလည်း မချိမဆန့် ဖြစ်လာသည်။


အခင်းအကျင်းက သူ့စွမ်းအင်ကို စုပ်ယူနေကာ သူ့ခန္ဓာကိုယ်ထဲကိုလည်း ဆူးတွေနဲ့ ထိုးနေသေးသည်။ ဒါ့အပြင် အခင်းအကျင်းရဲ့ စွမ်းအားက သူ့ပါးစပ်ကို မပွင့် ပွင့်လာအောင် လုပ်နေ၏။ အုတ်မြစ်နယ်ပယ်က လူငယ်လေးဆီကနေ အခုလို ထိန်းချုပ်ခံရမယ်လို့ သူ့ခမျာ မျှော်ပင်မမျှော်လင့်ထားချေ။


အဓိကကတော့ အစိမ်းရောင် သလင်းကျောက်ပါပဲ။ ၎င်းက အခင်းအကျင်းရဲ့ စွမ်းအားကို အစပေါင်းများစွာ တိုးပွားစေသလို သခင့်ရဲ့ စိတ်အလိုအတိုင်း ရန်သူကို ထိန်းချုပ်နိုင်ပေသည်။


"ပြောစမ်း!"


"၁၀ကောင်!!"


နောက်ဆုံးတော့ မထိန်းချုပ်နိုင်တော့ဘဲ ဖွင့်ချလိုက်ရလေတော့သည်။


ဖုန့်ဝူယိ: "ဘယ်အချိန်ကတည်းက ဖမ်းထားတာလဲ... နောက်ကွယ်မှာ ဘယ်သူရှိလဲ?"


"လွန်ခဲ့တဲ့ ၈လလောက်ကမှ ဒဏ္ဍာရီသားရဲဂိုဏ်းထဲကနေ အကြီးအကဲဝမ်က ယန်အိမ်တော်ဆီ ပို့ပေးလာတာ... "


"မင်းအခု သူတို့ကို ဘယ်ခေါ်သွားမလို့ လုပ်နေတာလဲ?"


"ရေနက်တောင်...."


ရေနက်တောင် ဟူသော စကားလုံးကို ကြားသောအခါ မြေခွေးပေါက်စလေး တစ်ကောင်ကို ပွေ့ထားသူ မြေခွေးနီက ရှေ့ကိုပြေးလာရင်း ရေနက်တောင်ကို မသိပုံရသော ဖုန့်ဝူယိကို ပြောပြလာသည်။


"ရေနက်တောင်က အဆိပ်မြူခိုးတောအုပ်ဘေးက တောင်ပဲ...ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ အရမ်းပေါလို့ ကျင့်ကြံသူတွေ တော်ရုံဆို မသွားရဲကြဘူး...."


ဖုန့်ဝူယိ အဖမ်းခံထားရသူဘက်ကို လှည့်ကြည့်လိုက်၏။


"ဘာကြောင့် ပို့တာလဲ?"


"အဲ......အဲဒီမှာ နဂါးနက်တစ်ကောင် ရှိတယ်!"


ဖုန့်ချန်းယင်နဲ့ မြေခွေးနီအပါအဝင် ဖုန့်ဝူယိပင် နဂါးနက်ဟူသော စကားကြောင့် မိုးကြိုးအပစ်ခံလိုက်ရသလို ထိတ်လန့်သွားတော့သည်။ နဂါးတွေက ဒီလောကမှာ ပျောက်ကွယ်သွားတာ ကြာပြီ။ ရှင်းရှင်းပြောရရင် အနှစ် ၁၀၀၀ မကတော့ပေ။


ဒဏ္ဍာရီအရဆို နဂါးက သားရဲတိုင်းရဲ့ ဘုရင် ဖြစ်လေသည်။ နဂါးရဲ့ အရှိန်အဝါကို မပြောနှင့် နာမည်ကြားလျှင်ပင် ကြောက်ကြသည်။ အခု ၎င်းရဲ့စကားကနေ စဥ်းစားကြည့်လျှင် ဒီလူက မြေခွေးလေးတွေကို နဂါးနက်ဆီ သွားဆက်သကြမှာ ဖြစ်ပေမည်။


နဂါးတိုင်းက နတ်ဘုရားတွေတော့ မဟုတ်ချေ။ သို့သော် နတ်သွေးကြော ပါသော သားရဲတွေကို စားတာ သို့မဟုတ် နတ်သွေးပါတဲ့ လူကို စားတာမျိုးကတော့ ၎င်းတို့ကို နတ်ဖြစ်ဖို့ အကူအညီ ပေးနိုင်လေသည်။


ရှစ်ဇွင်းက အစိမ်းရောင် သလင်းကျောက်ထဲမှာ ရတနာတစ်ခုကို ထည့်ပေးထားတာကြောင့် ဖုန့်ဝူယိ ၎င်းကို အလိုရှိသလို အသုံးချနိုင်သည်။ သူ ဧကရာဇ်နယ်ပယ် ကျင့်ကြံသူအား အစိမ်းရောင် သလင်းကျောက်နဲ့ အဆုံးသတ်ပေးလိုက်ကာ သိုလှောင်လက်စွပ်ကို လုယူထားလိုက်သည်။


ထို့နောက် ဟွားဟုန်နဲ့ တွေ့ဖို့ ချိန်းထားတဲ့ တောအုပ်ထဲက နေရာတစ်နေရာဆီ ရောက်လာခဲ့၏။ ဟွားဟုန်နဲ့ မြေခွေးနက်တို့ ကယ်ထုတ်လာသော မြေခွေးလေးက တစ်ကောင်တည်း ဆိုပေမယ့် ၎င်းက တော်ဝင်စစ်သူကြီးနယ်ပယ်ကို ရောက်နေသော အဆင့်မြင့် သားရဲတစ်ကောင် ဖြစ်သည်။


ဒါ့ထက် ပြိုင်ဘက်က ဧကရာဇ်နယ်ပယ် ၂ယောက်ဖြစ်လို့ နှစ်ယောက်သား တိုက်ခိုက်ရင်း ဒဏ်ရာတွေ တော်တော်များများ ရသွားကြ၏။ 


ဖုန့်ဝူယိ: "ဟွားဟုန်နဲ့ မြေခွေးနက်က ဒဏ်ရာကုသရင်း အနားယူဖို့ မင်းတို့ရဲ့ လျှို့ဝှက်နေရာကို ပြန်သွားကြ... ပေါက်စလေးတွေကိုလည်း ခေါ်သွားပေးပါ... မြေခွေးနီက တော်ဝင်အင်ပါယာမြို့ထဲက ​ပုန်းနေတဲ့ မြေခွေးတွေကို ဆက်သွယ်ပြီး အမြန်ဆုံး ထွက်သွားဖို့ ပြောလိုက်တော့"


"ဘာလို့လဲ??"


ဖုန့်ဝူယိ ဒီလိုစီစဥ်ရတဲ့ အကြောင်းအရင်းကို မြေခွေးနီက နားမလည်ပေ။


"ငါတို့အခု ယန်အိမ်တော်ထဲက မြေခွေးတွေကို တစ်ဆက်တည်း ကယ်ထုတ်မှ ဖြစ်တော့မယ်... အခု သူတို့တွေ နဂါးနက်ဆီ မရောက်သွားရင် နဂါးနက်ဘက်ကလည်း တုံ့ပြန်လာလိမ့်မယ် အဲဒီအခါကျရင် မြေခွေးတွေကို ဖမ်းထားသူတိုင်း တစ်ယောက်ယောက်က ကယ်ထုတ်နေတာကို သိသွားလိမ့်မယ်.... ပြီးတော့ ယန်အိမ်တော်ထဲက လူတစ်ယောက်က ဖုန့်ချန်းယင်ကို မြေခွေးမှန်း သိနေတယ်လေ..."


ဤတော့မှ အားလုံး နားလည်သွားကြသည်။


မြေခွေးနီ: "မင်းတို့နှစ်ယောက်တည်း ယန်အိမ်တော်ထဲ ဝင်မလို့လား?"


ဖုန့်ချန်းယင်: "ငါ......"


"ငါ ရှိပါတယ်"


ရုတ်တရက် အသံတစ်သံနဲ့အတူ လူတစ်ယောက်က သစ်ပင်တွေကြားမှ ပျံသန်းလာခဲ့လေသည်။ ဖုန့်ဝူယိ လှည့်ကြည့်လိုက်တော့ အနက်ရောင် ဝတ်စုံနဲ့ မုရုံရှန်းယွမ်က အပြုံးလေးနဲ့ ရောက်လာတာကို တွေ့လိုက်ရ၏။


"ရှန်းယွမ်!"


"ဒီအတောအတွင်း ဘယ်လိုလဲ ဖုန့်ဝူယိ... အဆင်ပြေရဲ့လား?"


"အင်း မင်းရော?"


"ငါ ကောင်းကင်နယ်ပယ် အထိတောင် ရောက်သွားပြီလေ..."


၆လတောင် မပြည့်သေးသော်လည်း မုရုံရှန်းယွမ်ရဲ့ ကျင့်ကြံမှုအဆင့်က ကောင်းကင်အထိ ခုန်တက်သွားပြီ။ သူဆင့်ခေါ်ခဲ့တဲ့ ဝိညာဥ်က အလွန်အမင်း အားကောင်းနေမယ် ဆိုတာ သိသာပေသည်။


ဖုန့်ဝူယိ တွေးနေတုန်းမှာပဲ ဖုန့်ချန်းယင်အပါအဝင် ဟွားဟုန်တို့ မြေခွေးတစ်အုပ်က မုရုံရှန်းယွမ် ရှေ့မှာ ရုတ်တရက် ဒူးထောက်ချရင်း သံပြိုင် အော်လိုက်ကြသည်။


"အရှင်မြေခွေးဖြူကို ဂါဝရပြုပါတယ်"


ဖုန့်ဝူယိ:"....."


မုရုံရှန်းယွမ်: "....."


မုရုံရှန်းယွမ် မျက်မှောင်ကြုတ်သွားသည်။ ဒီမြေခွေးတစ်အုပ်က သူ့ကိုယ်ထဲက အငွေ့အသက်တွေကို ခံစားမိလိမ့်မည်ဟု မထင်ထားခဲ့။ ဖုန့်ဝူယိမှာ တစ်ဖက်လူဆီက အငွေ့အသက်ကို မခံစားမိတာကြောင့် အံ့ဩနေရသည်။


ရှန်းယွမ်က သူ့လက်ကို ဝေ့ယမ်းလိုက်ရင်း။


"သူအခုလောလောဆယ် အိပ်ပျော်နေတယ်... မင်းတို့တွေ ဖုန့်ဝူယိပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ မြေခွေးမျိုးနွယ်ကို ကယ်မယ့်ကိစ္စမှာ မင်းတို့ရဲ့ အရှင်က ပါဝင်လိမ့်မယ်...."


"ဟုတ်ကဲ့"

"ဟုတ်ကဲ့"


အဲဒီနောက် ဟွားဟုန်တို့တစ်ဖွဲ့ ထွက်သွားကြသည်။ တော်ဝင်အင်ပါယာမြို့ကို ရောက်တော့ မြေခွေးနီက တခြားမြေခွေးတွေကို ဆက်သွယ်ဖို့အတွက် လမ်းခွဲသွားသည်။ ဖုန့်ဝူယိတို့ သုံးယောက်ကတော့ ယန်အိမ်တော်ထဲ ခိုးဝင်လာခဲ့၏။


ဖုန့်ဝူယိသည် ဖုန့်ချန်းယင်နဲ့ ရှန်းယွမ်ကို အပြာရောင် သလင်းကျောက် တစ်လုံးစီ ပေးထားလိုက်သည်။ ထိုအပြာရောင် သလင်းကျောက်ထဲ၌ အခင်းအကျင်း တစ်ခုကို ထည့်သွင်းထားတာကြောင့် သူတို့ရဲ့ အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်ပေသည်။


သုံးယောက်စလုံး အနက်ရောင်တွေ ဝတ်လျက် ယန်အိမ်တော် တံတိုင်းပေါ်က ခုန်ကျော်လာခဲ့သည်။ လောလောဆယ်တော့ သွားရောက်ဆက်သတဲ့ မြေခွေးပေါက်လေးတွေ ပျောက်ဆုံးသွားတဲ့ အ​ကြောင်း ယန်အိမ်တော်ကလူတွေ မသိကြသေးချေ။ 


ရှန်းယွမ်ရဲ့ အကူအညီကြောင့် သူတို့တွေ မြေခွေးပေါက်လေးတွေကို ဖမ်းထားတဲ့ နေရာကို အခက်အခဲမရှိ ရောက်လာခဲ့၏။ သို့သော် ကံမကောင်းချင်တော့ ထိုအခန်းထဲ၌ ကောင်းကင်နယ်ပယ် ကျင့်ကြံသူ ၃ယောက် ရှိနေသည်။ ကျန်နေတဲ့ မြေခွေးပေါက် ၇ကောင်ကိုလည်း ထိုအခန်းထဲ၌ လှောင်အိမ်ထဲ၌ ဖမ်းထည့်ထားလေသည်။


ဖုန့်ဝူယိတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်သည်။ ရှန်းယွမ်ကတော့ အထဲကို စူးစူးစိုက်စိုက်ကြည့်ရင်း လက်သီးတွေကို တင်းတင်း ဆုပ်ထားပေ၏။ အကြောင်းမှာ အခန်းထဲတွင် ချင်ပုထျန်း ခေါ် ယန်လင် ရှိနေသည်။


ဖုန့်ဝူယိ: "စိတ်အေးအေးထားဦး...."


ရှန်းယွမ် ဖုန့်ဝူယိကို လှည့်ကြည့်လိုက်၏။


"ငါ မဟုတ်ဘူး... ဟိုနတ်ဆိုးကောင် လုပ်နေတာ ငါ ငါထိန်းလို့မရဘူး...."


ဖုန့်ညီအစ်ကို: "....."


ဝုန်း!


တံခါးပွင့်သွားပြီး ရှန်းယွမ် ပြေးဝင်သွားသည်။ ကောင်းကင်နယ်ပယ် ကျင့်ကြံသူ ၃​ယောက်က တစ်ချိန်တည်းမှာ လှည့်ကြည့်လာသော်ငြား လျှပ်စီးကြောင်းလို ဖြတ်ပြေးလာသော ရှန်းယွမ်က ယန်လင်အနားကို ရောက်ရှိသွားပြီး လက်ဝါးစွမ်းအင် တစ်ချက်နဲ့ ရိုက်ချလိုက်သည်။ 


တစ်ဖက်လူကလည်း လျင်တာကြောင့် လက်ဝါးနဲ့ ပြန်ကာထားလိုက်၏။ ထိုအခိုက် ဝုန်းကနဲ အသံနဲ့အတူ ယန်လင် အနည်းငယ် လွင့်သွားခဲ့သည်။


"လုပ်ကြံသူရှိတယ်!"


ကောင်းကင်နယ်ပယ် ကျင့်ကြံသူ သုံးယောက်လုံးက ရှန်းယွမ်ကို တစ်ပြိုက်နက်တည်း ဝင်တိုက်ကြလေသည်။ ထိုအခိုက်တွင် ဖုန့်ဝူယိက အခင်းအကျင်း စက်ကွင်းတစ်ခု ပစ်လွှတ်ရင်း ပြေးဝင်လာကာ ဖုန့်ချန်းယင်ကတော့ လှောင်အိမ်ထဲက မြေခွေးတွေကို ကယ်ထုတ်ဖို့ ဦးတည်သွား၏။


ဖုန့်ဝူယိ ပစ်လိုက်တဲ့ အခင်းအကျင်း စက်ကွင်းက လှောင်အိမ်အောက်ရှိ ကြမ်းခင်း၌ နေရာယူ၍ ကောင်းကင်နယ်ပယ် သုံးယောက်ကို ဘေးသို့ ရိုက်ထုတ်လိုက်လေသည်။


တကယ်တော့ ဖုန့်ဝူယိနဲ့ ဖုန့်ချန်းယင်ရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်သေးတာကြောင့် ကောင်းကင်နယ်ပယ် သုံးယောက်ကို လုံးဝ လုံးဝ မယှဥ်နိုင်ပေ။ ကောင်းကင်နယ်ပယ် တစ်ယောက်ရဲ့ လက်ဝါးစွမ်းအင်ကတင် နှစ်ယောက်လုံးကို အပြင်ဘက်သို့ ရိုက်ထုတ်လိုက်နိုင်၏။


နှစ်ယောက်စလုံး လှောင်အိမ်နဲ့အတူ လွင့်သွားသည်။ ဖုန့်ချန်းယင်က လှောင်အိမ်ကို ကိုင်ထားတာကြောင့် လှောင်အိမ် လွင့်တဲ့အတိုင်း သူလည်း လိမ့်ကာ ပါသွားသည်။ 


'အု.....အု.....'


ဝရုန်းသုန်းကား အသံတွေကြောင့် အိပ်ပျော်နေတဲ့ မြေခွေးနီ ပေါက်စလေးတွေ လန့်နိုးလာသည်။


ဖုန့်ချန်းယင်: "မကြောက်နဲ့.... မကြောက်နဲ့ ငါမင်းတို့ကို ထုတ်ပေးမယ်..."


ဖုန့်ချန်းယင် လှောင်အိမ်သံတိုင် တစ်တိုင်စီကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဝိညာဥ်စွမ်းအင်ဖြင့် ဖျက်စီးပစ်နိုင်ရန် ကြိုးစားသည်။ တစ်ဖက်မှာတော့ ဖုန့်ဝူယိသည် အစောက လက်ဝါးချက်ကြောင့် အတော်လေး အထိနာသွား၏။


မြေခွေးလေးတွေ သေကုန်မှာ ကြောက်တာကြောင့် သူကအရင် ဝင်ကာလိုက်ခြင်းပင်။ ကောင်းကင်နယ်ပယ်ရဲ့ လက်ဝါးစွမ်းအင်က အင်မတန် အားကောင်းတာကြောင့် သူပင် သွေးတစ်လုတ်ကို အန်လိုက်ရသေးသည်။


အထဲမှာတော့ ရှန်းယွမ်က ကောင်းကင်နယ်ပယ် တစ်ယောက်နဲ့ ယန်လင်ကို ရင်ဆိုင်နေရ၏။ ရှန်းယွမ် ရုတ်တရက် ဝင်ရောက်လာမှုကြောင့် ယန်လင်လည်း ကြောင်အနေခဲ့သည်။ ကောင်းကင်နယ်ပယ်ကသာ ရှန်းယွမ်ကို တားဆီးနေရသည်။


"ဦးလေးနှစ် သူ့ကို မထိခိုက်စေနဲ့...."


ယန်လင် အော်ရင်း တိုက်ပွဲထဲ ဝင်ပါမလို့ လုပ်ပေမယ့် ထိုဦးလေးနှစ်ဆိုသူ ကောင်းကင်နယ်ပယ်က ယန်လင်ကို ပြန်လည် ရိုက်ထုတ်လိုက်လေသည်။


"သူကမင်းကို သတ်ဖို့ လာတာကွ!"


ယန်လင်လည်း ရပ်သွား၏။ သူ ကြည့်လိုက်တော့ အမှန်တကယ်ပင် ရှန်းယွမ်မျက်လုံးထဲက လူသတ်အကြည့်တွေကို မြင်လိုက်ရလေသည်။ ရှန်းယွမ် သူ့ကို တကယ်သတ်ချင်နေတာပဲ။ နောက်ပြီး အများကြီးလည်း တိုးတက်လာသည်။


ထိုအခိုက် အပြင်ဘက်တွင်တော့ ဖုန့်ဝူယိ သွေးငါးလုတ်လောက် အန်ပြီးပြီဖြစ်သလို ဖုန့်ချန်းယင်လည်း ဒဏ်ရာအပြင်းအထန် ရထားကြပြီ။ နှစ်ယောက်သားက ဆရာကြီးနှစ်ယောက်ကို ယှဥ်နိုင်စွမ်း လုံးဝ မရှိကြချေ။


"မင်းတို့က ဘယ်သူတွေလဲတော့ မသိပေမယ့် ယန်အိမ်တော်က မင်းတို့ လာသောင်းကျန်းလို့ ရတဲ့နေရာ မဟုတ်ဘူး...."


အကြီးဆုံး ကောင်းကင်နယ်ပယ်က ဆိုရင်း ဖုန့်ဝူယိနဲ့ ဖုန့်ချန်းယင်ကို လက်ဝါးစွမ်းအင်ဖြင့် နောက်တစ်ကြိမ် သိမ်းကျုံးကာ ရိုက်ချပစ်လိုက်သည်။ နှစ်ယောက်သား အရုပ်ကလေးတွေလိုပဲ လွင့်သွားကြ၏။ တကယ်တော့ မနိုင်မှန်း သိရက်နဲ့ သူတို့နှစ်ယောက် ဇွတ်တိုးခဲ့ကြတာပဲ ဖြစ်သည်။


ဝှစ်!


အရိပ်တစ်ခု ဇတ်ကနဲ ပြေးဝင်လာကာ ဖုန့်ဝူယိနဲ့ ဖုန့်ချန်းယင်ကို ဝိညာဥ်စွမ်းအင်ဖြင့် ရစ်ပတ်လိုက်သည်။ ထိုစွမ်းအင်ကြောင့် ဖုန့်ချန်းယင် ဒဏ်ရာထပ်မရသွားတော့ပေ။


ဖုန့်ဝူယိ သူ့ကိုယ်သူ တံတိုင်းနဲ့ ဝင်တိုက်မိတော့မယ်လို့ တွေးလိုက်တဲ့ အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို ဖမ်းထားလိုက်လေသည်။ လက်တစ်ဖက်က သူ့ခါးမှာ နေရာယူရင်း အသာလေး ချပေးလာကာ နန်းဆောင်အပြင်၌ ရပ်နေသော ကောင်းကင်နယ်ပယ် နှစ်ယောက်ကို ကျောပေးလျက်သား ဒူးတစ်ဖက် ညွတ်လိုက်၏။


ဖုန့်ဝူယိလည်း ကဗျာကယာ မော့ကြည့်လိုက်ချိန် မထင်မှတ်ထားတဲ့ မျက်နှာကြောင့် သူတိုးတိုးလေး ခေါ်လိုက်မိသည်။


"ရှစ်ဇွင်း??"


အရှင်ချင်းလုံ ဘေးသို့ တစ်ချက် စောင်းကြည့်လိုက်သော် လျှပ်စီးကြောင်းနှစ်ခု ပြေးထွက်သွားကာ ကောင်းကင်နယ်ပယ် ကျင့်ကြံသူ နှစ်ယောက်ရဲ့ ကျင့်ကြံခြင်း အမြုတေအား ထိုးဖောက်ပစ်လိုက်​တော့သည်။ နှစ်ယောက်သား ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပဲ သူတို့ရဲ့လည်ပင်းကပါ တိကနဲ ပြတ်သွားပြီး ကမ္ဘာကြီးက တိတ်ဆိတ်သွားချေ၏။