🍬10🍬လူစုခွဲပြီး လှုပ်ရှားခြင်း
Viewers 986

Chapter (10)

လူစုခွဲပြီး လှုပ်ရှားခြင်း



နောက်တစ်နေ့ မနက်ခင်း၌။ 


ဖုန့်ဝူယိသည် မနက်စာများ ထည့်ထားသော ကျောက်စိမ်းဗန်းကို ကိုင်လျက် ဆေးပင်တခြမ်း၊ ပန်းပင်တွေ တခြမ်း စိုက်ထားသော အခင်းတွေကြားက ဖြတ်လျှောက်လာခဲ့သည်။ သူ လင်ရုချောင်ကို သွားမေး၍ ရှစ်ဇွင်း ကြိုက်တတ်သော ဟင်းလျာများကို ကိုယ်တိုင် ချက်ပြုတ်လာခဲ့ခြင်း ဖြစ်၏။


တကယ်တော့ ဆရာတူအစ်ကို လင်ရုချောင်ကလည်း ရှစ်ဇွင်း အကြိုက်တွေကို အလုံးစုံ သိနေတာတော့ မဟုတ်ချေ။ အကြောင်းမှာ မသေမျိုးနယ်ပယ်ကို ဖြတ်ကျော်ပြီးသူတိုင်း အစားအသောက်အပေါ် မှီခိုစရာ မလိုတော့သလို အနှစ်၅၀လောက် ဘာမှမစားဘဲတောင် နေနိုင်ကြသည်။


သို့သော်လည်း ဖုန့်ဝူယိသည် ရှစ်ဇွင်းက သူလုပ်ချင်တဲ့ အရာကို ခွင့်ပြုပေးခဲ့ခြင်းကြောင့် တစ်ခုခု ပြန်လုပ်ပေးချင်ခြင်းပင်။ နည်းနည်းလေး စုံစမ်းကြည့်လိုက်တော့ ရှစ်ဇွင်း မနက်စာ မစားတာ နှစ်ပေါင်း ၆၀ မကတော့ဘူးလို့ ကြားလိုက်ရလေသည်။


ဖုန့်ဝူယိ ဒီနေ့လည်း အနီရောင်ကို ဝတ်ဆင်ထားသည်။ ကျောက်စိမ်းဗန်းထဲ၌ ထမင်းဖြူနဲ့ ဟင်းလျာ ၅ခွက်၊ ဟင်းချိုတစ်ခွက် ပါသည်။ လှမ်းကြည့်လိုက်တော့ သူ ထင်ထားတဲ့အတိုင်း ရှစ်ဇွင်းက ကမ်းပါးဘေးက နန်းဆောင်ထဲတွင် ထိုင်လျက် ကမ်းပါးထဲကို ငုံ့ကြည့်နေ၏။


"ရှစ်ဇွင်း.... ယိအာ မနက်စာ ပြင်လာခဲ့ပါတယ်"


နဂိုက ပိတ်ထားသော မျက်လွှာတွေ ပွင့်လာခဲ့သည်။ သူ့ဘက်က ဘာမှ မပြောလာတာကြောင့် ဖုန့်ဝူယိ တက်လာကာ မနက်စာကို သူ့ရှေ့က စားပွဲပေါ် ချပေးလာသည်။


"ရှစ်ဇွင်း ဘာကြိုက်တတ်မှန်း မသိလို့ တပည့် နည်းနည်းပဲ ပြင်ခဲ့ပါတယ်...."


အရှင်ချင်းလုံ မနက်စာကို အေးအေးဆေးဆေးပဲ ငုံ့ကြည့်နေသည်။ သူ့မျက်လုံးတွေထဲကနေတစ်ဆင့် သူဟာ မနက်စာစားဖို့ စိတ်မဝင်စားကြောင့် သိသာစေသည်။ သို့သော်လည်း ဟင်းတွေရဲ့ မွှေးကြိုင်တဲ့ အနံ့က သူ့ကိုထိုစကားတွေ မပြောလာအောင် ချက်ချင်း တားဆီးလိုက်နိုင်၏။


ဖုန့်ဝူယိကို ကြည့်လိုက်တော့ လူငယ်လေးက မျက်နှာဖုံးအောက်က မျက်လုံးတောက်တောက်လေးတွေနဲ့ သူ့ကို မော့ကြည့်နေသည်။ နှစ်ယောက်သားက မျက်နှာချင်းဆိုင် ထိုင်နေကြကာ လေထုက တိတ်ဆိတ်နေလျက်သား။


"ကျွန်တော်ကိုယ်တိုင် ချက်ထားတာပါ..."


"ဘယ်သူက ချက်ခိုင်းတာလဲ??"


ဖုန့်ဝူယိ : "ကျွန်တော် ရှစ်ဇွင်းကို ကျေးဇူးတင်ချင်လို့ပါ....အရာရာ ပြည့်စုံနေတဲ့ ရှစ်ဇွင်းအတွက်က ဘာမှလိုမှာ မဟုတ်ဘူးလေ တပည့်လည်း အများကြီး မစဥ်းစားတတ်တော့တာနဲ့ မနက်စာလေးပဲ ပြင်လာခဲ့တာ....ရှစ်ဇွင်း...."


ဖုန့်ဝူယိ မဝံ့မရဲလေး ပြန်ကြည့်ရင်း။


"မကြိုက်လို့လား...."


အရှင်ချင်းလုံရဲ့ အမူအရာက အေးဆေး တည်ငြိမ်လှသည်။ သူ ကြိုက်တယ် ၊ မကြိုက်ဘူးကို ပြန်မဖြေဘဲ မနက်စာကို နောက်တစ်ကြိမ် ထပ်ငုံ့ကြည့်လေ၏။ ဟင်းချိုက သူကြိုက်တဲ့ ပုဇွန်အကောင်ကြီးကို ထည့်ထားတာတွေ့တော့ စိတ်ထဲ အံ့သြမိသွားသော်လည်း မျက်နှာမှာတော့ မပြပေ။


"ရှစ်ဇွင်း မကြိုက်ရင် တပည့် ပြန်ယူသွားလိုက်ပါမယ်...."


"ထားလိုက်...."


"အာ....."


ဖုန့်ဝူယိ ထပ်မံ မော့ကြည့်လိုက်သော် တစ်ဖက်လူက ဟင်းတွေဆီကနေ သူ့ဆီကို ဖြည်းဖြည်းချင်း အကြည့်လွှဲလာ၏။ တည်ငြိမ်လှသော မျက်လုံးတွေက သူ့လုပ်ရပ်ကို မကြိုက်ကြောင်း မပြတာကြောင့် ဖုန့်ဝူယိ အနည်းငယ် စိတ်အေးသွားသည်။


ထိုစဥ် ရှစ်ဇွင်းက သူချက်ထားတာတွေကို တစ်ခုချင်းစီ မြည်းကြည့်ရင်း ခေါင်းညိတ်ပြသည်။ ဘယ်ဟာက သူကြိုက်ပါတယ်လို့ မပြောသော်လည်း ဟင်းချိုကို ခဏခဏ သောက်နေတာကြောင့် ဖုန့်ဝူယိ လိမ္မာပါးနပ်စွာ သဘောပေါက်လိုက်၏။


မနက်စာ စားပြီးနောက် အရှင်ချင်းလုံက ပြောလာသည်။


"ဒီကိစ္စ ပြီးသွားရင် မင်းတစ်နှစ်တိတိ တံခါးပိတ် ကျင့်ကြံရမယ်!"


ဖုန့်ဝူယိ ခေါင်းတဆက်ဆက် ညိတ်လိုက်သည်။ 


"ဟုတ်ကဲ့...."


"အခုတလော ဓားသိုင်းကျင့်တာရော ဘယ်လိုလဲ?"


"တပည့် အရင်ကထက် အများကြီး တိုးတက်လာပါပြီ... နောက်ပြီး ရှစ်ဇွင်းပြောတဲ့အတိုင်း တပည့်ရဲ့စွမ်းအားတွေကို ဖိနှိပ်ထားတယ်... အခင်းအကျင်းနဲ့ အဂ္ဂိရတ်ဆေး ပညာကိုလည်း ကြိုးစားလေ့လာနေပါတယ်... "


"ကောင်းတယ်... "


"ရှစ်ဇွင်း.... ဒီခြံထဲက ဆေးပင်နဲ့ ပန်းပင်တွေကို ဘာလို့တစ်ခြမ်းစီ ခွဲစိုက်ထားတာလဲ တပည့်သိခွင့်ရှိမလား?"


ဖုန့်ဝူယိ အနည်းငယ် စပ်စုကြည့်လိုက်သည်။ သို့သော်လည်း ရှစ်ဇွင်းရဲ့ စူးရှလွန်းတဲ့ မျက်လုံးတွေ လှည့်လာတဲ့အခါ သူ့အား ကိုယ်လေးရုတ်သွားစေ၏။ သူ မမေးသင့်တဲ့ အရာကို မေးလိုက်မိသလိုပါ ခံစားလိုက်ရသည်။


သူ အရှင်ချင်းလုံဆီမှာ တပည့်ခံတာ နှစ်ဝက်တောင် မပြည့်သေးသလို နှစ်ယောက်သားက အရမ်းရင်းနှီးတဲ့ ဆရာတပည့်တွေလည်း မဟုတ်သေးချေ။ သူအခုလို မေးလိုက်တာက မသင့်တော်မှန်း ပြန်စဥ်းစားမိရာ ကိုယ့်ဘာသာကို ပါးစပ်ပိတ် ခေါင်းငုံ့ရင်း ကျောက်စိမ်းဗန်းကို ကောက်ယူလိုက်သည်။


"ကိုယ့်အမေက အဲ့လိုစိုက်ရတာ ကြိုက်လို့...."


ဖုန့်ဝူယိ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ သူ ရှစ်ဇွင်းရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်းမှ ပါးစပ်လေး ဟမိသွား၏။ အကြောင်းမှာ ရှစ်ဇွင်းက တကယ် ပြန်ဖြေလာလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့်ပင်။


ရှစ်ဇွင်းက သူ့ကို ကြည့်နေဆဲ ဖြစ်တာကြောင့် ဖုန့်ဝူယိ ပြန်ပြုံးပြလိုက်သည်။


"ကျွန်တော့်အမေလည်း ပန်းအရမ်းကြိုက်တယ်... ဒီလိုဆို ရှစ်ဇွင်းမေမေက အရမ်းတော်တဲ့ အဂ္ဂိရတ်ပညာရှင်ပဲ ဖြစ်ရမယ်... ရှစ်ဇွင်း တပည့်ဒီနေ့ တောင်အောက်ဆင်းပြီး ယန်အိမ်တော်ကို သွားမလို့ပါ... ရှစ်ဇွင်း တပည့်ကို မှာစရာများ ရှိသေးလား...."


ဖုန့်ဝူယိ မေးလိုက်ပြီးမှ သူ အပိုစကားတွေ ပြောမိမှန်း သိလိုက်ရပြန်သည်။ သို့သော်။


"ဒဏ်ရာမပြင်းစေနဲ့...."


ဖုန့်ဝူယိနှုတ်ခမ်းတွေ ကွေးညွတ်သွား၏။


"ဟုတ်ကဲ့....."


.........


တော်ဝင်အင်ပါယာ မြို့တော်ကြီးက ကျင့်ကြံသူတွေရဲ့ အသွားအလာကြောင့် စည်ကားနေဆဲပါပဲ။ ဒဏ္ဍာရီသားရဲဂိုဏ်းဟာ ​မြို့တော်ဝင်ပေါက်ရဲ့ အရှေ့စူးစူးက တောင်တန်းတွေကြားမှာ တည်ထောင်ထားတာ ဖြစ်ပြီးတော့ ဂိတ်ဝင်ပေါက်မှ တောင်ထွတ်၄ခုကို လှမ်းမြင်ရလေသည်။


တော်ဝင်အင်ပါယာ မြို့ထဲ၌ မြို့တော်ကို ချုပ်ကိုင်ထားသော မိသားစုကြီး၅ခု ရှိကာ ၎င်းတို့က ကျန်း၊ မုရုံ၊ ရှဲ့၊ ရှုံနှင့် ယန် တို့ ဖြစ်ပေ၏။ ယန်မိသားစုက မိသားစုကြီးငါးခု အနက် ခွန်အားအနိမ့်ဆုံး ဖြစ်တာကြောင့် ၎င်းတို့သည် မိသားစုအင်အား တိုးတက်လာဖို့အတွက် အသည်းအသန် ကြိုးစားနေကြသူတွေပင်။


ဖုန့်ဝူယိ ယန်မိသားစုရဲ့ မိသားစုအခြေအနေကို နားလည်နေပါပြီ။ နောက်ပြီး မုရုံရှန်းယွမ်ကို သစ္စာဖောက်သွားသော ယန်လင် ဆိုတဲ့ကောင်က ယန်အိမ်တော်ထဲက နာမည်ရ သခင်လေးတစ်ယောက် ဖြစ်သည်။


ထိုလူက ရုပ်ရည်လည်း ပြောစရာမလိုအောင် ချောမောတာကြောင့် လူငယ်တွေကြား အတော်လေး နာမည်ကြီးလေသည်။ ယန်လင် (သို့) ချင်ပုထျန်းက လက်ထပ်သွားသူကတော့ ရှုံမိသားစုက ရှုံမိန်မိန် ဖြစ်ကာ သူတို့နှစ်ဦးရဲ့ လက်ထပ်မှုက မိသားစုနှစ်ခုရဲ့ ပူးပေါင်းမှုပဲ ဖြစ်သည်။


တောင်ပေါ်ကနေ ဆင်းလာတဲ့ ပထမတစ်ရက် နှစ်ရက်ကိုတော့ ဖုန့်ညီအစ်ကိုနှစ်ယောက်လုံး ယန်အိမ်တော်ကိုသာ စောင့်ကြည့်နေခဲ့ကြ၏။ ဝတ်ရုံနက်နဲ့ လူက ဖုန့်ချန်းယင်ဆီကို ထပ်ရောက်မလာသေးသော်လည်း ၎င်းက ယန်အိမ်တော်ထဲက လူတစ်ယောက် ဆိုတာတော့ ဖုန့်ဝူယိတို့ဘက်က သေချာနေသည်။


ပန်းမျိုးစုံဆောင်ကြာမြိုင်က ယန်အိမ်တော်နဲ့ မဝေးပါ။ နှစ်ယောက်သား ဟွားဟုန်ရဲ့ အကူအညီကြောင့် ဆောင်ကြာမြိုင်ဘေးက တည်းခိုခန်းတစ်ခု၌ အခန်းတစ်ခန်း ရခဲ့သည်။ ထိုတည်းခိုခန်းက ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရတဲ့ နေရာ မဟုတ်သလို ဧည့်သည်တွေအပေါ် လုံခြုံရေးလည်း ကောင်းမွန်သည်။


"ငါတို့ဒီည ဝင်ကြည့်ကြမလား?"


ဖုန့်ချန်းယင် မေးလိုက်သည်။ ဖုန့်ဝူယိက ယန်အိမ်တော်ကိုသာ လှမ်းကြည့်ရင်း စကားပြောလာတာကြောင့် အနောက်စားပွဲမှ ဟွားဟုန်က ဝင်ပြောလာ၏။


"ကျွန်မ မကြာခင် ဧကရာဇ်နယ်ပယ်ကို ထိုးဖောက်တော့မှာ... ဒါပေမဲ့ ယန်အိမ်တော်က အစောင့်အကြပ် များတယ်... မကြာသေးခင်တုန်းက ယန်သခင်မသုံး လုပ်ကြံခံထားရလို့ အခုဆို အစောင့်တွေက ပိုတောင် များနေပြီ"


ယန်သခင်မသုံးက ယန်လင်ရဲ့ အမေဖြစ်သည်။ သူမ လုပ်ကြံခံလိုက်ရတော့ လူတော်တော်များများလည်း မုရုံအိမ်တော်က မုရုံရှန်းယွမ် လက်ချက်ဟုသာ ထင်ကြ၏။ သို့သော်လည်း မုရုံရှန်းယွမ် ပျောက်နေတာ နှစ်ဝက်တောင် ရှိတော့မည်ဖြစ်ကာ မုရုံအိမ်တော်ကလည်း သူတို့အိမ်တော်နဲ့ မပက်သက်ကြောင်း အတိတလင်း ကြေညာထားသည်။


ဒါ့အပြင် မုရုံရှန်းယွမ်ကို တွေ့ပါက လူလုံးထွက် ဝန်ခံခိုင်းမည်ဟု စာထုတ်ထား၏။ ဒီကနေ မုရုံအိမ်တော်ရဲ့ သဘောထားကို လူတိုင်း သိသွားကြသည်။


ဖုန့်ချန်းယင် စကားဆက်ပြောတော့မယ့် အချိန်မှာပဲ ဖုန့်ဝူယိက လက်ဝါးတစ်ဖက် ပြကာ စကားဆက်မပြောရန် အချက်ပြလိုက်လေသည်။ ဖုန့်ချန်းယင်နဲ့ ဟွားဟုန်တို့ ချက်ချင်း သတိကပ်သွားသည်။


ဖုန့်ဝူယိ လက်စည်းတံဆိပ်တစ်ခု အမြန်ဖော်လိုက်စဥ် သူ့လက်ဝါးပေါ်၌ အဖြူရောင် အခင်းအကျင်း စက်ကွင်းတစ်ခု ပေါ်လာသည်။


ဖုန့်ဝူယိ :"ဒါက အတားအဆီးတွေကို ထိုးဖောက်မြင်နိုင်တဲ့ အခင်းအကျင်းပဲ... ငါရှစ်ဇွင်းဆီက မကြာသေးခင်ကမှ သင်လာတာ... မင်းတို့ လာကြည့်လိုက်!"


နှစ်ယောက်သား ဖုန့်ဝူယိ အနား ကပ်သွားကြသည်။ အခင်းအကျင်းကို လေထုအလယ်သို့ လွှတ်တင်လိုက်သောအခါ ထိုစက်ကွင်းကနေ တစ်ဆင့် ယန်အိမ်တော်ထဲက အဆောက်အဦး အားလုံးကို လှမ်းမြင်လိုက်ရ၏။ အိမ်တော်ထဲက အဓိကအခန်းတွေရဲ့ အောက်က​နေ ပန်းရောင် အလင်းငွေ့တွေက မြေကြီးပေါ်သို့ တဖြည်းဖြည်း တက်လာနေသည်။


ဖုန့်ဝူယိဘေးက နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။


ဖုန့်ချန်းယင်: "ယန်အိမ်တော်က ​မြေခွေးတွေနဲ့ ပတ်သက်နေတာပဲ..."


ဖုန့်ဝူယိ ခေါင်းညိတ်ပြ၍။ 


"ဟုတ်တယ်... အရေအတွက်က မနည်းဘူး တကယ်လို့ သူတို့ကိုယ်ပါ ကယ်ထုတ်ချင်တယ်ဆိုရင် ငါတို့အင်အားနဲ့ မရလောက်ဘူး... "


ထိုအခါ ဟွားဟုန်က။ 


"ဒီမြို့ထဲမှာ ဧကရာဇ်နယ်ပယ် ​မြေခွေးနှစ်ကောင် ရှိတယ်... မြေခွေးနီနဲ့ မြေခွေးနက်... ကျွန်မသူတို့ကို အမြန် ဆက်သွယ်လိုက်မယ်... သခင်လေးဖုန့် ဒီလောက်ဆို အကူအညီ ဖြစ်တယ်မလား?"


"အင်း"


ဖုန့်ဝူယိ ခေါင်းညိတ်ပြလိုက်တာနဲ့ သူမ တည်းခိုခန်းထဲကနေ ချက်ချင်း ထွက်သွားတော့သည်။


၂နာရီခန့် ကြာတော့ ဟွားဟုန် လူငယ်နှစ်ယောက်နဲ့အတူ ပြန်ရောက်လာသည်။ လူငယ်နှစ်​ယောက်က ဖုန့်ချန်းယင်ကို လက်ခံသော်လည်း ဖုန့်ဝူယိကိုတော့ သတိအနေအထားဖြင့် ကြည့်နေကြသည်။


ယန်အိမ်တော်ထဲ ခိုးဝင်မည့် အစီအစဉ်ကို ဆွဲနေစဥ် ယန်အိမ်တော်ရဲ့ အနောက်ဖက် အပေါက်ကနေ လူတစ်အုပ် ထွက်သွားတာကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပဲ အရှေ့ဘက် အပေါက်ကနေလည်း ရထားလုံးနဲ့ လူတစ်စု ထွက်သွား၏။ 


မိသားစုကြီး တစ်ခုထဲကနေ ရထားလုံး အဝင်အထွက် ရှိတာက သာမန်ကိစ္စပါပဲ။ သို့သော် ဖုန့်ဝူယိတို့ အတွက်ကတော့ သာမန်ကိစ္စ မဟုတ်တော့ပေ။ အကြောင်းမှာ အရှေ့ပေါက်ရော၊ အနောက်ဖက်က ထွက်ပေါက်က ထွက်သွားတဲ့ ရထားလုံးမှာရော သားရဲအငွေ့အသက်များ ပါနေလေသည်။


ဖုန့်ဝူယိတို့ လူငါးယောက် အကြည့်ချင်း ဖလှယ်လိုက်သည်။


ဖုန့်ဝူယိ :"လူစုခွဲပြီး လှုပ်ရှားရအောင်..."


ဟွားဟုန်သည် မြေခွေးနက်နဲ့အတူ အနောက်ဖက်မှ ထွက်သွားသော ရထားလုံးနောက် နောက်ယောင်ခံ လိုက်သွားကြသည်။ ဖုန့်ဝူယိ၊ ဖုန့်ချန်းယင်နဲ့ မြေခွေးနီတို့က တစ်ဖွဲ့ပင်။ ထုံးစံအတိုင်း မြေခွေးနီက ဖုန့်ဝူယိအနား မကပ်ဘဲ ဖုန့်ချန်းယင်အနားကနေသာ လိုက်သည်။


ဖုန့်ဝူယိလည်း သူ့စရိုက်အတိုင်း တစ်ဖက်လူကို အေးတိအေးစက်သာ ဆက်ဆံသည်။ ရထားလုံးတွေက လမ်းကြောင်းမတူဘဲ တော်ဝင်အင်ပါယာမြို့ထဲကနေ ထွက်သွားကြသည်။ အဖွဲ့နှစ်ဖွဲ့ ရထားလုံးတွေနောက် လိုက်သွားရင်း တဖြည်းဖြည်း မိုးချုပ်လာကာ တော်ဝင်အင်ပါယာမြို့နဲ့လည်း အလှမ်းဝေးလာသည်။


ရထားလုံးမောင်းသူက တစ်ယောက်တည်း ဆိုပေမယ့် ရထားလုံးထဲမှာ လူရှိမရှိက မသေချာသေးပေ။ နောက်ပြီး မောင်းသူက အေးအေးဆေးဆေးပဲ ပြုမူနေကာ သူတို့လိုက်လာတာကိုလည်း သတိမမူမိ။


ဖုန့်ဝူယိ ရထားလုံးသွားရာ လမ်းကြောင်းကို မျှော်ကြည့်လိုက်စဥ် အရှေ့မှာ ကျောက်ခဲတွေ ခင်းထားသော လမ်းအား တွေ့လိုက်ရလေသည်။


"ငါ ရထားလုံးထဲ ဝင်ကြည့်မယ်... အခြေအနေ မဟန်ရင် မင်းတို့ဘက်က လှုပ်ရှားဖို့ အဆင်သင့် ပြင်ထားပေး...."


"ကောင်းပြီ"


မြေခွေးနှစ်ယောက်က တစ်ပြိုင်တည်း သဘောတူကြသည်။ ဖုန့်ဝူယိ သစ်ပင်တွေကြားမှ ပျံသန်းသွားရင်း ရထားလုံး ကျောက်ခင်းလမ်းကြောင့် ခုန်ပေါက်နေတဲ့အချိန်မှာ ရထားလုံးအမိုးပေါ် ခုန်တက်လိုက်သည်။


ကျောက်ခဲတွေကြောင့် ရထားလုံးက အသံတွေမြည်နေရာ ဖုန့်ဝူယိ ခုန်တက်လိုက်တာကို ရထားလုံး မောင်းသူလည်း မသိလိုက်ပေ။ သို့သော် ရထားလုံးအမိုးကို လက်ဝါးနဲ့ ထိလိုက်ရင်ပဲ အထဲမှာ ရှိနေတဲ့ အရာကို ဖုန့်ဝူယိ ခံစားမိလိုက်သည်။


လူတစ်ယောက်နဲ့ လှောင်အိမ်တစ်ခု။ ရထားလုံးထဲက လူဟာ ဖုန့်ဝူယိ ရောက်လာတာကို သိသောကြောင့် ချက်ချင်း ဓားဆွဲထုတ်ကာ အမိုးကို ထိုးဖောက်လိုက်သည်။ ဓားထိပ်ဖျားက ခေါင်းငုံ့ထားတဲ့ ဖုန့်ဝူယိရဲ့ မေးစေ့သို့ ဦးတည်လာလေရာ ဖုန့်ဝူယိ ခေါင်းပြန်မော့ကာ နောက်ကျွမ်းထိုးလိုက်တာမို့ ရထားလုံး အနောက်သို့ ရောက်သွားသည်။


ရထားလုံးရဲ့ အစွန်းကို လက်တစ်ဖက်ထောက်၍ လေထုအလယ် ခုန်တက်လိုက်ပြီး ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ရှစ်ဇွင်း သင်ပေးထားတဲ့ ဓားဆွဲထုတ်နည်းက ဓားထွက်တာနဲ့ ဓားစွမ်းအင်ပါ ထွက်ရမည်ဟုပင်။


ဓားစွမ်းအင် ပြေးထွက်သွားသည်နှင့် ရန်သူကလည်း ခုခံလိုက်ရာ ရထားလုံးက တစ်စစီ ဖြစ်သွားတော့သည်။


ဝုန်း!


ထိုစဉ် ဖုန့်ချန်းယင်နဲ့ မြေခွေးနီတို့ကလည်း အမှောင်ထဲမှ ပြေးထွက်လာ၏။ နှစ်ယောက်သားက လှောင်အိမ်ကို တွေ့သည်နှင့် ချက်ချင်း အရှိန်တိုးကာ လှောင်အိမ်ကို လှမ်းဆွဲလိုက်သည်။ သို့သော် ရန်သူ့ဓားချက်က လျင်မြန်လှပေသည်။


ဖုန့်ချန်းယင် သူ့ဓားကို ဆွဲထုတ်ကာ ကာလိုက်စဥ် မြေခွေးနီက ရှောင်ထွက်၍ ရန်သူကို ပြန်လည်တိုက်ခိုက်လိုက်သည်။ နှစ်ယောက် တိုက်ခိုက်နေလို့ ဖုန့်ချန်းယင် လှောင်အိမ်ဆီ ပြေးလိုက်စဥ် မြင်းမောင်းသမားက ပြေးထွက်လာ၏။


"အားယိ.... ဖမ်းထား!!"


ဖုန့်ချန်းယင် လှောင်အိမ်ကို ဖုန့်ဝူယိဆီ ရောက်အောင် ကန်ထုတ်လိုက်သည်။ တစ်ဖက်ရှိ ဖုန့်ဝူယိလည်း လက်စည်းတံဆိပ်ဖြင့် အခင်းအကျင်း စက်ကွင်းတစ်ခု ဖော်ကာ လှောင်အိမ်ကို ရစ်ပတ်ထားလိုက်သည်။


"လှောင်အိမ်ကို ယူမသွားစေနဲ့...."


ရန်သူက အော်လေသည်။ ထိုသူသည်လည်း ဧကရာဇ်နယ်ပယ်မလို့ ​မြေခွေးနီကို ကိုင်တွယ်နိုင်သည်။ သူ အော်လိုက်တာနဲ့ မြင်းမောင်းသမားက ဖုန့်ချန်းယင်ကို ကျော်တက်ကာ ဖုန့်ဝူယိထံ ဦးတည်ပြေးလာ၏။


ဖုန့်ဝူယိ ဓားစွမ်းအင်တစ်ချက် ဝေ့ယမ်းလိုက်သည်။ တစ်ချက်တည်းနဲ့ ဓားရာတွေ မြောက်များစွာ ပြေးဝင်လာတာကြောင့် မြင်းမောင်းသမားလည်း လန့်သွား၏။ ၎င်းက ဓားရာများကို ရှောင်ရင်း အလုပ်ရှုပ်နေစဥ် ဖုန့်ဝူယိ လေပေါ် ခုန်တက်လိုက်သည်။


ဝှစ်!


ဖုန့်ဝူယိ ဘာလုပ်တော့မလဲ သိတဲ့ ဖုန့်ချန်းယင်က လှောင်အိမ်ဆီသို့ ပြန်ပြေးသွားသည်။ မြင်းမောင်းသမား ဓားရာများ အားလုံးကို သုတ်သင်ပြီးချိန်တွင် သူ့အပေါ်မှ ဖိအားတစ်ခု ကျဆင်းလာ၏။


၎င်းက အလျင်အမြန် ရှောင်ထွက်သွားဖို့ ပြင်ပေမယ့် ရုတ်တရက် သူ့ခြေထောက်အောက်၌ အပြာရောင် စက်ကွင်းတစ်ခု ပေါ်လာကာ စက်ကွင်းထဲက သံကြိုးတွေက သူ့ခြေထောက်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလိုက်ပေသည်။


အပေါ်ရော အောက်ရော ပိတ်ထားတဲ့ အခင်းအကျင်းတွေကြောင့် မြင်းမောင်းသမား ပြေးမလွတ်တော့ချေ။ သူ ခေါင်းမော့ ကြည့်လိုက်ချိန် ဖုန့်ဝူယိ ဇောက်ထိုးဆင်းလာတဲ့ ပုံရိပ်ကိုသာ မြင်လိုက်ရပြီး ခဏအတွင်း သူ့လည်ပင်းက နာကျင်သွားတာကို ခံစားလိုက်ရသည်။