အပိုင်း ၁၆၀
Viewers 17k

Chapter 160


ယွမ်ရှင်းကျဲသာ အနားတွင်ရှိနိုင်ဆိုလျှင် ရှင်းဟိုင်ကျောင်းအဖွဲ့သည် စစ်မှန်သော ရှင်းဟိုင်ကျောင်းအဖွဲ့ဖြစ်နိုင်ပေမည်။


နိုအာကျောင်းမှလူများမှာမူ ရုတ်တရက်ဆိုသလို ထိတ်လန့်သွားရသည်။


သူတို့သည် သုံးမှတ်အသာရနေခဲ့သော်လည်း ယွမ်ရှင်းကျဲပေါ်လာသည်နှင့်…


သူတို့တွက်ဆထားခဲ့သည့် အားသာမှုမှာ ပျောက်ကွယ်သွားရပြီဖြစ်သည်။


၎င်းမှာ ယွမ်ရှင်းကျဲ၏ NCLM တွင်ပြသခဲ့သော ပြောင်မြောက်သည့် စွမ်းရည်များကြောင့်သာမက သူ၏ရာဇဝင်တွင်မည့် နည်းလမ်းများကြောင့်လည်းဖြစ်သည်။


နိုအာမှလူများစွာက ယွမ်ရှင်းကျဲအားကြောက်လန့်နေကြရသည့် အကြောင်းမှာ သူသည် များပြားလှသော အံ့ချီးဖွယ်ကိစ္စများကို ဖန်တီးခဲ့သည့်အပြင် ထိုစွမ်းရည်များမှာ သူ့အားရင်ဆိုင်ရမည့် ပြိုင်ဘက်များအား လုံလုံလောက်လောက် ခြောက်လှန့်နိုင်ခြင်းကြောင့်ပင် ဖြစ်၏။


လူတိုင်း၏မျက်နှာအမူအယာများကို မြင်လိုက်ရချိန်တွင် နိုအာတက္ကသိုလ်၏နည်းပြမှာ အလျင်အမြန် နှစ်သိမ့်ပေးလိုက်ရသည်။


 " အရမ်းမစိုးရိမ်နဲ့…ယွမ်ရှင်းကျဲက အားကြီးတယ်ဆိုပေမဲ့ ငါတို့ရဲ့စုစုပေါင်းခွန်အားက ပိုပြီးတော့ သာတယ်…ငါတို့သေချာပေါက်နိုင်မှာ…"


ချန်ပီယံဆုအား ကာကွယ်ရန်အတွက် နိုအာကျောင်းအဖွဲ့ဝင်များမှာ သူတို့၏စိတ်ဓာတ်အင်အားကို မြှင့်တင်လိုက်ကြပြီး ယွမ်ရှင်းကျဲကြောင့် ပူပန်နေသည့်‌စိတ်အား ဖိနှိပ်လိုက်ကြသည်။


ကွဲပြားခြားနားသောအသင်းနှစ်သင်းသည် နောက်ဆုံးတွင် အလွန်ကြီးမားသည့်ကွင်းပြင်ထဲသို့ ဝင်ရောက်လာကြသည်။


ထိုကွင်းပြင်ကျယ်ကြီးတွင် မတ်တပ်ရပ်ကြည့်ရှုနေသည့် ပရိသတ်များမရှိနေဘဲ ထိုသူများမှာ မူလကွင်းမှနေ၍ တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ ကြည့်ရှုနေကြရသည်။


ယွမ်ရှင်းကျဲ ကွင်းထဲသို့ပြန်ရောက်လာသည်အား မြင်လိုက်ကြချိန်တွင် ရှင်းဟိုင်၏စိတ်ခွန်အားမှာ တရှိန်ထိုး ခုန်ပေါက် တိုးတက်လာခဲ့သည်။


" ယွမ်ရှင်းကျဲ တကယ်ကိုပြန်ရောက်လာတာပဲ..ဒါကတော့ ကြည့်ဖို့ထိုက်တန်တဲ့ပွဲတစ်ပွဲဖြစ်တော့မယ်…"


" ရလဒ်က 2:5 ဖြစ်နေပေမဲ့လည်း ငါတော့ရှင်းဟိုင်ကပိုပြီးလွှမ်းမိုးလိုက်လိမ့်မယ်ဆိုတဲ့ အထင်မျိုးရနေတယ်.. ဘာတွေဖြစ်နေတာပါလိမ့်…"


" ရှင်းကျဲ ငါတို့ကိုစိတ်မပျက်စေနဲ့နော်…အာ သူက SSS+ အဆင့် စိတ်စွမ်းအားထိန်းချုပ်နိုင်တဲ့ ဘော့စ်အကြီးစားပဲဟာကို…"


" ဒါက ယွမ်ရှင်းကျဲရဲ့ ခြောက်ဦးချင်းပွဲစဉ်ကို ငါပထမဆုံးကြည့်ဖူးတဲ့ အကြိမ်ပဲ…ငါတော့ အများကြီးမျှော်လင့်နေမိပြီ…"


ဂျက်ကော့စစ်တက္ကသိုလ်၊ ယွမ်ရှန်စစ်တက္ကသိုလ်နှင့် စိန့်ကလီတိုစစ်တက္ကသိုလ်တို့မှ အဖွဲ့ဝင်များသည်လည်း ခန်းမထဲတွင် ထိုင်နေကြကာ သူတို့၏ဘေးတွင် တီးတိုးပြောဆိုနေကြပြီး စိတ်ဝင်စားမှုအား နှိုးဆွပေးနေကြသည်။


" ယွမ်ရှင်းကျဲ ပြန်ရောက်လာခဲ့ပြီ…" ပိုင်ကျားရှီ ပြုံးကာ တိုက်ရိုက်ထုတ်လွှင့်နေသည့် မျက်နှာပြင်အား ကြည့်လိုက်ပြီး " နိုအာတော့ ခေါင်းကိုက်ရတော့မယ်ထင်တယ်…"


ချန်ကျွင်းသည်လည်း ထောက်ခံလိုက်သည်။


 " အမှန်ပဲ ဘယ်လိုပုံစံနဲ့ပွဲစဉ်မျိုးဖြစ်ဖြစ် ယွမ်ရှင်းကျဲပေါ်လာတာနဲ့ ပွဲရဲ့မျှခြေကို အမှတ်မထင် ချိုးဖြတ်ခဲ့တာကြီးပဲ…လူ၁၀၀ပဲရှိတဲ့ ကျောင်းပွဲစဉ်လေးကနေ တစ်ဦးချင်းပွဲစဉ်ဖြစ်ဖြစ် သုံးယောက်ပြိုင်ရတာဖြစ်ဖြစ် သူက အမြဲတမ်း အထူးဆန်းဆုံးကစားသမားဖြစ်နေဆဲပဲ…"


" ခေါင်းဆောင်ပြောပုံအရဆိုရင် ယွမ်ရှင်းကျဲရဲ့ဗီဒီယိုတော်တော်များများကို ကြည့်ဖူးတယ်ထင်တယ်နော်…" 


ရှီးပေါ်လိုင် အံ့ဩနေသည့်ပုံဖြင့် ပြောလာခဲ့သည်။


 " ယွမ်ရှင်းကျဲက သမာရိုးကျမဟုတ်ဘဲ ကောက်ကျစ်တဲ့ကျောင်းကလာတဲ့ကစားသမားဆိုပြီး ပြောခဲ့တဲ့တစ်ယောက်က ခေါင်းဆောင်မဟုတ်ဘူးလား…"


ချန်ကျွင်း နှစ်ကြိမ်မျှ ချောင်းခြောက်ဆိုးလိုက်မိသွားပြီး ပြန်ဖြေလာခဲ့သည်။


 " အနိုင်ယူဖို့အတွက် သူတို့ဆီက သင်ယူရမယ်လေ…"


ပြိုင်ပွဲအား ကြည့်ရှုနေသည့် လူတစ်ဦးမှ ရုတ်တရက်ထပြောလာခဲ့သည်။


 " အဲ့လိုပြောမှပဲ ယွမ်ရှင်းကျဲက ရောက်ရောက်ခြင်းတစ်ခါထဲ ဝင်ကစားမှာဆိုတော့ အနိုင်ရဖို့အတွက် သူအာမခံနိုင်ရဲ့လား…"


ရှီးပေါ်လိုင် ထိုသူအား စိုက်ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းများမှာ ကွေးတက်သွားကာ ဖြည်းဖြည်းချင်းပြောလိုက်လေသည်။


 " မပြောတတ်ဘူး သူသာနိုင်ခဲ့မယ်ဆိုရင်တော့ မနက်ဖြန်သတင်းရဲ့ ခေါင်းကြီးပိုင်းတွေအကုန်လုံးက သူ့အကြောင်းတွေပဲဖြစ်သွားလိမ့်မယ်…"


ထိုလူမှာ မယုံကြည်နိုင်မှုကြောင့် မေးလိုက်မိသည်။


 " ယွမ်ရှင်းကျဲက အဲ့လောက်တောင် အံ့ဩဖို့ကောင်းတာလား…"


ချန်ကျွင်းနှင့် ကျန်သူများမှာ စကားတစ်လုံးမှ ပြန်မပြောတော့ဘဲ ‌ရယ်မောနေလိုက်ကြသည်။


ကစားပွဲအား တရားဝင်မစတင်ခင်အချိန်တွင် နှစ်ဖက်စလုံးမှ သူတို့၏မက်ခါကုဗတုံးများအား စုဝေးရာကွင်းပြင်၌ ထုတ်လွှတ်ပေးရန်လိုအပ်သည်။


နိုအာစစ်တက္ကသိုလ်မှလူများ၏မက်ခါများအား ထုတ်ပြီးချိန်တွင် သူတို့၏အရှိန်အဟုန်များမှာ ချက်ချင်းဆိုသလို မြင့်တက်လာခဲ့သည်။


အဖွဲ့ဝင်ခြောက်ဦးစလုံးမှာ S+အဆင့်ထက်မြင့်သော ကစားသမားများဖြစ်ကြသည်။


ရှင်းဟိုင်တက္ကသိုလ်သည်လည်း သူတို့၏မက်ခါများအား တစ်ဦးပြီး တစ်ဦးထုတ်လိုက်ကြရာ SS+အဆင့်တစ်ဦး၊ S+အဆင့်တစ်ဦး ၊ Sအဆင့်နှစ်ဦး နှင့် A+အဆင့်တစ်ဦးတို့ဖြစ်ကြပြီး…


ယွမ်ရှင်းကျဲမှာမူ သူ၏လက်ထဲတွင် ရိုးရိုးမက်ခါကုဗတုံးတစ်ခုကိုသာ ကိုင်ထားကာ မထုတ်လွှတ်ပေးရသေးပေ။


သူသည် ထိုမက်ခါတုံးအား အတွေးလွန်နေသည့် အမူအယာဖြင့် ကြည့်နေခဲ့သည်။


ကစားပွဲမစတင်ခင် နှစ်ဖက်စလုံးသည် ပြိုင်ဘက်အသင်း၏ မက်ခါအချက်အလက်များအား စစ်ဆေးနိုင်မည်ဖြစ်သည်။


ယွမ်ရှင်းကျဲ၏ဘက်ကို ကြည့်လိုက်ပြီးနောက် နိုအာ၏နည်းပြမှ သူ့အသင်းသားများအား ယုံကြည်မှုအပြည့်နှင့် ပြောလိုက်လေသည်။


 " ကွာတားဖိုင်နယ်ပြီးထဲက ဒါငါတို့ရင်ဆိုင်ရတဲ့ အားအနည်းဆုံးပစ်မှတ်ပဲ.. လူတိုင်း အားတင်းထားကြ.. ဘေးဘက်ကမက်ခါတွေကိုကြည့်လိုက် သူတို့တွေက မင်းတို့ထက်အားနည်းကြတယ်…"


ပရိသတ်များသည်လည်း နှစ်ဖက်စလုံး၏မက်ခါများအား နှိုင်းယှဉ်လိုက်ချိန်တွင် ရှင်းဟိုင်၏ဘက်၌ သိသိသာသာချို့ယွင်းနေသည်ကို ခံစားမိလိုက်သည်။


ထိုအရာမှာ နောက်ထပ် ခက်ခဲကြမ်းတမ်းမည့် တန်ပြန်တိုက်ခိုက်မှုတစ်ခု ဖြစ်လာမည်လော…


ရစ်ချက် ယွမ်ရှင်းကျဲအား ကြည့်ကာ ပြောလိုက်သည်။


 " ရှင်းကျဲ မင်းရဲ့မက်ခါကိုထုတ်လိုက်တော့…"


‌ယွမ်ရှင်းကျဲ ခေါင်းငြိမ့်ပြလိုက်သည်။


ထို့နောက် လူတိုင်း၏မျက်လုံးများရှေ့တွင် သူ့လက်ထဲရှိ မက်ခါကုဗတုံးအား တောက်ချလိုက်သည်။


နိုအာဘက်မှခေါင်းဆောင်မှာ ယွမ်ရှင်းကျဲမက်ခါပြေလျော့လာနေသည်အား ကြည့်လျက် ပြောလာခဲ့သည်။


 " သူ့ရဲ့ကြယ်နှစ်ထပ်မက်ခါကို အဆင့်မြှင့်ထားနိုင်တယ်ဆိုပေမယ့် ဒါက ငါတို့ရင်ဆိုင်နိုင်တဲ့အတိုင်းအတာထဲမှာပဲရှိသေးတယ်…အဲ့မှာ ဘာမှကြောက်စရာမရှိ…."


သူ၏စကားအား အဆုံးမသတ်နိုင်ခင်မှာပင် ထိုစကားလုံးများမှာ သူ၏လည်ချောင်းထဲ၌ ပိတ်မိသွားခဲ့ရသည်။

160.2


ပရိသတ်များသည်လည်း ထူးဆန်းသော တိတ်ဆိတ်မှုထဲသို့ ကျသွားကြသည်။


လူတိုင်း၏မျက်လုံးများမှာ ယွမ်ရှင်းကျဲ၏မက်ခါတွင်သာ ကပ်ငြိနေ၏။


၎င်းမှာ သူတို့ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးသည့် ထူးဆန်းသောမက်ခါတစ်ခုအဖြစ်သို့ ပြေလျော့လာခြင်းဖြစ်သည်။


ယခုပင် အောင်ပွဲလက်မှတ်အား ကိုင်ဆောင်ထားခဲ့ကြသော နိုအာကျောင်းမှအဖွဲ့ဝင်များမှာ ထိုမက်ခါအား မြင်လိုက်ရချိန်တွင်…


သူတို့ ၎င်းမက်ခါ၏အဆင့်ကိုပင် မပြောနိုင်တော့ပေ။


နိုရာ၏ကပ္ပတိန် စက္ကန့်အနည်းငယ်မျှ ကြောင်အသွားခဲ့ပြီး သူ့မျက်လုံးများက မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေလေသည်။


"ဒါ ဘာမက်ခါလဲ...အလင်းဓါးမက်ခါလား...ကြယ်ပျံမက်ခါလား...ယွမ်ရှင်းကျဲက စုတ်ပြတ်နေတဲ့ကြယ်နှစ်ထပ်ကိုမသုံးဘူးလား..."


သူတင်သာမက မက်ခါကိုမြင်သည့် အခြားသူများပါ ရှုပ်ထွေးသွားကြကုန်၏။


မက်ခါက အလုံးစုံ ငွေမှင်ရောင်ဖြစ်ပြီး ခပ်ဖျော့ဖျော့ ဖိနှိပ်လိုသောအော်ရာထွက်နေသည်။ မက်ခါနောက်တွင်ဝှက်ထားသော လက်နက်နှစ်ခုရှိနေခြင်းက အလင်းဓါးမက်ခါနှင့်တူလေသည်။ သို့သော် ၎င်းကမွမ်းမံထားပြီး လက်များပေါ်တွင် သေနတ်ပစ်ပေါက်များပိုများနေကာ ကြယ်ပျံမက်ခါတစ်ခုကဲ့သို့ထင်ရ၏။


မက်ခါတစ်ခုလုံး၏ အနားစွန်းများက အလွန်ချောမွတ်နေပြီး ဒီဇိုင်း၏အနုစိတ်များကလည်း မကြံစဖူးပင်။ "ရိုးရှင်းခြင်း"ဟူသော စကားလုံးကို လွန်ကဲစွာ သုံးထားသည်။ အဆစ်တိုင်းနီးပါးကို အထူးပစ္စည်းများ၏အောက်တွင် ဖုံးကွယ်ထားပြီး 

အလွယ်တကူ မြင်နိုင်သည့် အားနည်းချက်ဟူ၍မရှိချေ။ 


စီနီယာမက်ခါဖန်(ဝါသနာအိုး) များပင် ၎င်းတွင်တပ်ဆင်ထားသော တွဲဖက်ပစ္စည်းများစွာကို အမည်မခေါ်တတ်ပေ။


ဥပမာအားဖြင့် မက်ခါ၏ခေါင်း ထူးရှယ်အနက်ရောင်"ဦးထုပ်"ဖြင့် လွှမ်းခြုံထား၏။ ဘယ်သူမှ "ဦးထုပ်"၏ အခန်းကဏ္ဍကို မပြောနိုင်ကြချေ။

(ဆိုင်ကယ်ဦးထုပ်လိုမျိုးဟာပါ)


ဤသို့ရပ်နေခြင်းဖြင့် ၎င်းထံ၌ ဓါးရှည်ဆွဲထုတ်တော့မည့် ဆာမူရိုင်းလက်သစ်တစ်ယောက်၏ သတ်ဖြတ်လိုသော အရှိန်အဝါ ရှိ၍နေခဲ့သည်။ 


လူတိုင်း ဤမက်ခါ၏အဆင့်ကိုမပြောနိုင်သည့် အကြောင်းအရင်းမှာ ၎င်းက အင်မတန်စွမ်းအားကြီးပုံပေါ်သော်လည်း ရိုးရှင်းလွန်းနေပြီး "အခြေခံသို့ပြန်သွားခြင်း"အလှတရားမျိုး ရှိနေ၏။


"ရှင်းကျဲ...ဘယ်တုန်းက ဒီမက်ခါကိုမွမ်းမံလိုက်တာလဲ..."


ရစ်ချက်လည်း ကြောင်အနေခဲ့သည်။


"မူရင်းထက် အများကြီးပိုကောင်းလာသလိုပဲ...ဘာမက်ခါအမျိုးအစားလဲ"


"သုတေသနအဖွဲ့အစည်းမှာရှိနေတုန်းက...မူရင်းမက်ခါကိုယူပြီး မွမ်းမံလိုက်တာ"


ယွမ်ရှင်းကျယ်က တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။


"ဘာမက်ခါအမျိုးအစားလဲဆိုတာအတွက်ကတော့...ကျွန်တော်  နာမည်မစဥ်းစားရသေးဘူး"


ကျွန်တော်  နာမည်မစဥ်းစားရသေးဘူး...


တိုတိုပြောရလျှင်ဖြင့် ရှင်းဟိုင်အသင်းသားတွေ အကုန်လုံး ငြိမ်ကျသွားကြကုန်၏။


ခဲ့လိုင် ပါးစပ်ဟကာ တုန်တုန်ရီရီ ပြောလိုက်၏။


"မင်း...ဒီမက်ခါက မင်းတီထွင်ထားတဲ့မက်ခါအမျိူးအစားအသစ်လို့တော့ မဆိုလိုပါဘူးနော်"


လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲ၏အစီအစဥ်ကို ယခင်ကတည်းက သိခဲ့သည်။ သူကြားထားသည့်သတင်းအရ သူ(ယွမ်) က သုတေသနအဖွဲ့အစည်းမှာသုတေသနလုပ်နေပြီး မက်ခါအမျိုးအစားအသစ်တစ်ခုလည်း လုပ်ဆောင်နေကြောင်း သူသိပါ၏။ အထူးသဖြင့် ဤမက်ခါအမျိူးအစားအသစ်က ကုမ္ပဏီကို ချဲ့ထွင်ရန်အစွမ်းထက်သော နည်းလမ်းတစ်ခုဖြစ်လေသည်။


ယွမ်ရှင်းကျဲ၏နှုတ်ခမ်းထောင့်စွန်းများကို ကော့တက်လာပြီး ဖြည်းညင်းစွာ ခေါင်းညိတ်ပြ၏။


လူတိုင်း အလယ်အလတ်အရွယ်အစား မက်ခါကို အံဩတုန်လှုပ်စွာ သိလိုစိတ်အပြည့်ဖြင့် ကြည့်မိလိုက်ကြပြီး သူတို့ဟာ သမိုင်းတစ်ခုကို မျက်မြင်တွေ့လိုက်ရကြောင်း အလျှင်း မသိကြပေ။ 


ပြိုင်ပွဲ ၏တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည့် ပရိသတ်များဟာလည်း အနှီထူးဆန်းသော မက်ခါကြောင့် မှင်သက်သွားကြကုန်သည်။


မတ်တပ်ရပ်နေသူများထဲတွင် သက်ပြင်းချသံများစွာ ထွက်ပေါ်လာ၏။ 


"ဒီမက်ခါက အရမ်းခန့်တာပဲ"


"ဘာပစ္စည်းနဲ့လုပ်ထားတာလဲ...သူ့မှာ ဘယ်လိုတိုက်ခိုက်ရေးနည်းလမ်း ရှိလဲ"


ရှီးပေါ်လိုင်က  အံဩတကြီးပြောလေသည်။


"ဒါက မက်ခါအမျိူးအစားအသစ်လား...မဖြစ်နိုင်ဘူး..."


"ဘာလိုမဖြစ်နိုင်ရမှာလဲ"


ချန်ကျွင်းက သူ၏အံအားသင့်မှုကနေ အသိပြန်ဝင်လာပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။


"ယွမ်ရှင်းကျဲရဲ့ခွန်အားနဲ့ဆို မက်ခါသုတေသနအဖွဲ့အစည်းက သေချာပေါက် သူ့ကို မက်ခါအမျိုးအစားအသစ်တစ်ခု တည်ဆောက်တဲ့နေရာမှာ ထောက်ပံ့ပေးမှာပဲ..."


သူတို့ဘေးရှိ ပိုင်ကျားရှီကလည်း စိတ်ဝင်စားသည့်အမူအရာ ပြသလာသည်။


"ဒီတစ်ခါပြိုင်ပွဲက အရမ်းစိတ်ဝင်စားစရာကောင်းလိမ့်မယ်"


တစ်ချိန်တည်းမှာပင် ယွမ်ရှင်းကျဲ၏မက်ခါနောက်ကို လိုက်နေကျ"ကြောင်ရုပ်ဆိုး"က ရှိမနေကြောင်း ပရိတ်သတ်များ သတိထားမိသွား၏။


ကာလက်က အထူးတလည်မေးလိုက်သည်။ 

"ရှင်းကျဲ...မင်းကြောင်ရော"


"ခဏအနားယူပါစေ"


ယွမ်ရှင်းကျဲက ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။


ကာလက် သူ့နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ပြီးသူ့မျက်လုံးများထဲတွင် စိတ်ပျက်သည့်အကြည့်တစ်ခု ဖြတ်ပြေးသွားသည်။ 


ထိုသည်က သူတစ်ယောက်တည်းမဟုတ်ပါချေ။ ကြည့်ရှူသူအများအပြားက ယွမ်ရှင်းကျဲကို အောင်ပွဲများစွာအနိုင်ရအောင်ကူညီပေးခဲ့သည့် "ကြောင်ရုပ်ဆိုး"ကို လွမ်းနေကြ၏။


ကစားသမားများ၏မက်ခါတွေကို စစ်ဆေးပြီးသောအခါ သူတို့ ကွင်းပြင်ထဲကို အုပ်စုလိုက်ကြီး ဝင်သွားကြသည်။


လမ်းကြောင်းထဲကိုမဝင်မီ လော့ဝမ်ချွမ်းက ပြုံးကာဖြင့် ယွမ်ရှင်းကျဲကိုပြောလိုက်၏။


"ဒါက ကိုယ်တို့ ပထမဆုံးအကြိမ် ပြိုင်ဖို့အတွက် လက်တွဲတာထင်တယ်"


"ဟုတ်"

ယွမ်ရှင်းကျဲ၏လေသံက ချိုသာနေခဲ့ပြီး ၎င်းနောက် သူမျက်လုံးများတွငိ ပူပန်မှုတချို့ပြသလာသည်။


"ဒါပေမဲ့...ပထမဆုံးအကြိမ်ဆိုတော့ ကျွန်တော်တို့ပူးပေါင်းနိုင်ပါ့မလား"


xxxxxxx