အခန်း ၅
လုယုံရိ “…”
ကျန်းလော့ စကားဆုံးသွားချိန်မှာ လုယုံရိ ခန္တာကိုယ်တစ်ခုလုံး ထိန်းမရအောင် တုန်ရီလာခဲ့သည်။ သူ့ရဲ့ ဦးရေတွေ ထုံကျင်သွားခဲ့ပြီး သူ့အရှေ့မှာရှိနေတဲ့ သူရဲ့အဝတ်အစားတွေကို သူ ပွတ်ကြည့် လိုက်သည်။
အဝတ်အစားရဲ့အထည်သားက အကြမ်း ထည်ဖြစ်ပြီး ကိုင်ရတာ မာနေခဲ့သည်။ သေချာ ဂရုတစိုက်နှင့် အနံ့ခံကြည့်ပါက ရှင်းပြ၍မရသော မှိုနံ့တစ်မျိုးပင် ရှိနေ သေးသည်။ မိုးတွေရွာတဲ့နေ့တစ်နေ့မှာ အချိန်အကြာကြီး တင်းကျပ်နေအောင် အုပ်လွှမ်းခြင်းခံကို ခံထားခဲ့ရသည့် အလား မြေမှုန့်၏ ညှီစို့စို့အနံ့က အတူ ပါလာခဲ့သည်။
ထိုဟာက အမှန်တကယ်ပင် ကျန်းလော့ မဟုတ်ချေ။
လုယုံရိ ချွေးပြိုက်ပြိုက်ကျလာခဲ့သည်။ သူ့လက်ကို လွှတ်ချလိုက်ချင်သော်ငြား လည်း ထို “သူ”ကို အနှောင့်အယှက် ပေးမိသလို ဖြစ်သွားမှာလည်း ကြောက်မိ သည်။
“ယယ်ရွှင် … ကျန်းလော့နဲ့ ငါ့ရဲ့ ကြားမှာ တကယ်ကြီးကို နောက်ထပ်လူ တစ်ယောက် ရှိနေတယ်”
သူတို့ရဲ့ အလယ်မှာ ရှိနေခဲ့သော ထိုအပို “လူ”က လှုပ်ရှားခြင်းမရှိချေ။ တူညီတဲ့ နေရာမှာပဲ ရပ်နေခဲ့ပြီး သူတို့ပြောတဲ့ စကားတွေကိုလည်း နားလည်ပုံမပေါက် ချေ။
ယယ်ရွှင် မေးလိုက်သည်။
“အဲဒီ့ဟာက ဘာကြီးလဲ”
လုယုံရိ ငိုချင်လာခဲ့သည်။
“ငါလည်း မသိဘူး … ဒါပေမယ့် လမ်းလျှောက်နေတဲ့ အလောင်းကောင်ရဲ့ အနံ့လိုမျိုးတော့ ရတယ်”
ဘယ်လိုလုပ်ပြီးတော့ လမ်းလျှောက်နေ တဲ့ အလောင်းကောင်က ဒီနေရာမှာ ပေါ်လာရတာလဲ။
ယယ်ရွှင် မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းလော့ လက်ထဲကို အင်းစာရွက် ထိုးပေးလိုက်သည်။
“ဒီဟာကို ထျန်းကျုန်း ၊ ထျန်းထင်း နဲ့ စီခုန်နေရာမှာ ကပ်လိုက်”
ကျန်းလော့ “ငါ အားတော့နာပါတယ်… အဲဒီ့သုံးနေရာက ဘာတွေလဲ”
ယယ်ရွှင် “…. အဲ့တာကြီးရဲ့ နဖူးအလယ် တည့်တည့်ကို ကပ်လိုက်”
ကျန်းလော့ ယုန်ရုပ်ကို သူ့ရဲ့ဘယ်လက် ထဲသို့ ပြောင်းရွှေ့ကာ ဖက်ထားလိုက်ပြီး သူ့ရဲ့ ကျန်လက်တစ်ဖက်ကို မြှောက်၍ ကပ်လိုက်သည်။ သူ ကြောက်လန့်စရာ တစ်ခုခုကို ကြုံတွေ့ရဖို့အတွက် အသင့် ပြင်ထားခဲ့သော်ငြားလည်း သူ ဘာကိုမှ မစမ်းမိခဲ့ချေ။
ကျန်းလော့ ခဏလောက် အံ့အားသင့် သွားခဲ့ရသည်။ သူ့လက်ချောင်းတွေ အောက်ဘက်ကိုကျသွားချိန်မှာ သူ စေးကပ်ကပ်နှင့် အေးစက်သော တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး မျက်နှာပြင်က တောင့်တင်းကာ နူးညံ့နေ ခဲ့သည်။သူ ပွတ်သပ်မိခဲ့သော အရာ၏ အောက်မှာ လောက်ကဲ့သို့သော ပိုးကောင်တွေက ရွစိရွစိနှင့် သွားနေခဲ့ ကြသည်။
ကျန်းလော့ သူ့လက်ကို လျှပ်တပြက် ပြန်ရုတ်လိုက်ပြီး ချက်ချင်းပင် တုံ့ပြန် လိုက်သည်။ သူ သုန်မှုန်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
“အဲ့တာကြီးမှာ ခေါင်းမရှိဘူး”
သူ ထိမိခဲ့တာက အလောင်း၏လည်ပင်း ထက်ရှိ အသားပင်ဖြစ်သည်။
ပုပ်ပွနေသောအသားထက်မှာ ဘယ်လို ပိုးကောင်တွေ ရှိနေလိမ့်မလဲဆိုတာကို တော့ သူပြောနေစရာတောင် မလိုချေ။
ကျန်းလော့ရဲ့ လက်မောင်းကို ယယ်ရွှင် လှမ်းဆွဲပြီး အလောင်းကောင်နှင့် ရင်ဆိုင် ဖို့ရာအတွက် ရှေ့သို့တိုးဖို့ လုပ်လိုက် သည်။ သို့သော် ကျန်းလော့က လက်မြှောက်ပြီး သူ့ကို တားကာ တည်တည်ငြိမ်ငြိမ်နှင့် ပြောလာခဲ့သည်။
“မီးကို အရင်သွားပြီးတော့ ဖွင့်ကြရအောင်။ အဲတာကြီးက ငါတို့ နောက်ကို လိုက်လာပြီး ဘာမှလည်း ရန်ပြုမလာတော့ … ငါတို့တွေ အချိန် တစ်ခုလောက်ထိတော့ ဘေးကင်းနေ သေးတယ်။ သူ့ကို စတူဒီယိုထဲ ခေါ်သွား ပြီးတော့ အရင်မီးဖွင့်လိုက်ကြတာပေါ့”
အပိုင်းကိုး
ကျန်းလော့ ပြောတာမှန်သည် ယခုကဲ့သို့ သော အမှောင်ထုထဲမှာ ဒီလိုအရာမျိုးနှင့် ထိပ်တိုက်ရင်ဆိုင်ပါက သူတို့အတွက် အကျိုးမရှိချေ။ သူတို့သူံးဦး သူတို့ရဲ့ မူလပုံစံအတိုင်း ပြန်နေလိုက်ကြပြီး နောက် အရှေ့သို့ ဆက်သွားလိုက်သည်။ လုယုံရိ အလောင်းကောင်ရဲ့ နောက်က နေ လိုက်ရင်းနှင့် အနည်းငယ် ဝမ်းသာ လာမိသည်။
“တော်သေးတာပေါ့ … အဲ့တာကြီးက မင်းနောက်ကို လိုက်နေတာမို့”
ကျန်းလော့ သူ့ရဲ့နောက်ကျောဘက်မှာ ရှိနေသော အန္တရာယ်ကို သတိဝီရိယဖြင့် စောင့်ကြည့်နေခဲ့ရသည်။ ထိုစကားတွေ ကို သူ ကြားချိန်မှာ ပေါ့ပေါ့ပါးပါးပဲ ပြန် ပြောလိုက်သည်။
“အဲတာကြီးက ငါ့နောက်ကိုလိုက်နေ တာလို့ မင်း ဘယ်လိုလုပ်သိတာလဲ။ သူ့မှာ ခေါင်းမှမရှိတာ။ မင်းကို နောက် ပြန်ကြီး မျက်နှာချင်းဆိုင်နေပြီး တော့ ငါ့ကို သူ့ရဲ့လက်ပြောင်းပြန်နဲ့ ဆွဲထားခဲ့ရင် ရော ဘယ်လိုလုပ်မလဲ”
လုယုံရိ ကြက်သီးတွေ ထသွားခဲ့ရသည်။
“ဖာခ့် … လျှောက်မပြောစမ်းနဲ့”
ကျန်းလော့ရဲ့ အဝတ်အစားတွေကို ဆွဲကိုင်ထားခဲ့သော လမ်းလျှောက်နေ သည့် အလောင်းကောင်ကြီးရဲ့ အားက ပြင်းသထက်ပြင်းလာခဲ့သည်။ သူ့ရဲ့ ခြေလှမ်းတွေ ထိခပ်နေသည့်အသံ ကလည်း ကျယ်သထက်ကျယ်လာခဲ့ သည်။ ထိုအသံက ကြမ်းပြင်ပေါ်မှာ အလောင်းကို တရွတ်တိုက်ဆွဲခေါ်နေ သောအသံနှင့် ဆင်တူနေခဲ့သည်။ စတူဒီယိုထဲကို သူတို့အုပ်စု ကြောက်ကြောက်လန့်လန့်နှင့် ဝင်သွား လိုက်ကြသည်။ ယယ်ရွှင် မီးခလုတ်ကို သွားရှာလိုက်ပြီး တစ်မိနစ်အကြာမှာ တော့ မျက်စိကျိန်းလောက်ဖွယ် အလင်း ရောင်က ရုတ်တရက် ပေါ်ထွက်လာခဲ့ သည်။
လုယုံရိ မသိစိတ်ကနေပြီး မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ နောက် တခဏအကြာမှာတော့ သူ့အရှေ့မှာ ရှိနေသည့် အလောင်းကောင်ကြီးကို ရှင်းရှင်းလင်းလင်း မြင်လာခဲ့ရသည်။ ခေါင်းရှိနေရမယ့်နေရာက အမှန်တကယ် ကို ပြောင်ရှင်းနေခဲ့သည်။ အလောင်း ကောင်က သွေးစွန်းနေခဲ့သော အကျဉ်းသားအဝတ်အစားကို ဝတ်ထားခဲ့ ပြီး သူ့ရဲ့အရေပြားတွေက ပွန်းပဲ့နေခဲ့ကာ အကျဉ်းတန်သော နေရာတွေတောင်မှ ရှိနေခဲ့သည်။ သူ့ရဲ့လည်ပင်းထက်က ဒဏ်ရာကတော့ အသွေးအသားတွေ ထွက်ကျနေခဲ့ပြီး ထိတ်လန့်စက်ဆုပ် ဖွယ်ရာပင်။ထိုနေရာမှာ သံချေးတက်နေ သော ဓားရာတွေရှိနေခဲ့ပြီး ရွစိရွစိဖြင့် သွားနေကြသော လောက်ကောင်တချို့ တောင်မှ ရှိနေသေးသည်။
ကျန်းလော့က မီတာအနည်းဝေးအောင် ပင် ပြေးနှင့်ပြီးပြီဖြစ်သည်။ သူ ရေစို တစ်ရူးတစ်ထုပ်ကို ရှာလိုက်ပြီးနောက် သူ့လက်တွေကို အကြမ်းပတမ်း သုတ်ပစ် လိုက်သည်။ လမ်းလျှောက်နေသည့် အလောင်းကောင်က သူ့အဝတ်အစား တွေကို အားကြီးနှင့် ဆွဲထားခဲ့၍ သူ ထွက်ပြေးလျှင်ပြေးခြင်းမှာပဲ သူ့ရဲ့ အဝတ်အစား အပိုင်းအစတစ်ချို့ စုတ်ပြဲသွားခဲ့ပြီး သူ့ရဲ့ခါးကိုတောင် သူ လုံအောင်မဖုံးနိုင်တော့ လုနီးပါးဖြစ်သွား ခဲ့ရသည်။
လမ်းလျှောက်နေသော အလောင်းကောင် ရဲ့ မြင်ကွင်းက သွေးပျက်စရာပင်။ လုယုံရိ ရှော့ရသွားပြီးနောက် ပြောလိုက် သည်။
“ ခြေထောက်နှစ်ချောင်းနဲ့ လျှောက်ပြီး တော့ လမ်းသလားနေနိုင်တဲ့ အလောင်း ကြီး တကယ်ရှိနေတယ်ဟ”
သူ့ စကားတွေကို မဆက်ရသေးခင်မှာပဲ သူ ငုံ့ကြည့်လိုက်မိပြီး အလောင်းကောင် ရဲ့ ခြေထောက်ကို မြင်လိုက်ရသည်။
ခြေချောင်းတွေက သူ့ဘက်ကို လှည့်နေ ခဲ့သည်။
လုယုံရိ ငယ်သံပါအောင်အော်လိုက် သည်။
“ခြီးပဲ…. အားးးးးး”
လမ်းလျှောက်နေသည့် အလောင်းကောင် ကြီးက အမှန်တကယ်ကိုပင် ခရီး တစ်လျှောက်လုံး သူ့ကိုမျက်နှာမူပြီးတော့ နောက်ပြန်လျှောက်နေခဲ့တာဖြစ်သည်။
လုယုံရိ ကုန်းအော်လိုက်သည်။ သူ့ ခြေထောက်ကို မြှောက်ပြီးနောက် အလောင်းကောင်ကြီးကို ပိတ်ကန်လိုက် သည်။ ကျန်းလော့နှင့် ယယ်ရွှင် ရှိရာဆီသို့ သူ အသည်းအသန်ပြေးသွား လိုက်သည်။ လမ်းလျှောက်နေသော အလောင်းကောင်ကြီးက ဖြစ်စဉ်ကြောင့် ဒယီးဒယိုင်ဖြစ်သွားခဲ့သည်။ ထိုဟာကြီး က သူတို့တွေဘက်ကို မျက်နှာချင်းဆိုင် လာခဲ့ပြီး ရုတ်တရက်ဆိုသလို ပြေးဝင် လာခဲ့သည်။
သူတို့သုံးယောက် နောက်လှည့်ကာ ထွက်ပြေးလိုက်ကြသည်။ ယယ်ရွှင်က တော်တော်လေးကို တည်ငြိမ်သည် ။ သူ ကျန်းလော့ ထွက်ပြေးနေတာကို ကြည့် ရင်းနှင့် သူ့လက်တွေကို သုတ်ဖို့ရာလည်း မမေ့ချေ။ သူ နှစ်သိမ့်လိုက်သည်။
“လောက်ကောင်တွေက ရွံစရာမကောင်း ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေ ရှာတွေ့ ခဲ့ကြတယ်။ လောက်ကောင်တွေက ပုပ်သိူးနေတဲ့အသားကို စားပြီးနောက်မှာ ဘတ်တီးရီးယားရဲ့ ဂုဏ်သတ္တိတွေနဲ့ ဆားကိုတောင် ထုတ်ပေးနိုင်ကြတယ်။ သူတို့ရဲ့ကိုယ်ထဲမှာ ပဠိဇီဝတွေနဲ့ ကိုယ်ခံအားကောင်းစေတဲ့ အရာတွေရှိ တယ်။ ခြုံငုံပြီးတော့ ပြောရရင် အဲတာက တကယ်ကိုကောင်းတဲ့ အင်းဆက်ပဲ။
ကျန်းလော့ အပြုံးတုကြီးနှင့် ပြောလိုက် သည်။
“အစ်ကိုကြီး … မင်း တစ်ခုခုမလုပ်ဘူး ဆိုရင် လောက်ကောင်တွေကို မင်းကိုယ် တိုင် မြည်းကြည့်လို့ရတယ်နော်”
ယယ်ရွှင် ရပ်သွားပြီးနောက် ကျန်းလော့ ပွေ့ထားသောအရုပ်ရဲ့ ပါးစပ်ထဲကနေ အနက်ရောင်ပိတ်ကွန်ကို ဆွဲထုတ်လိုက် သည်။
“လုယုံရိ”
ကျန်းလော့ကို လုယုံရိ ဆွဲကာ ခေါင်း ပြတ်အလောင်းကြီးကို တခြားတစ်ဖက် သို့ မြှားခေါ်သွားလိုက်သည်။
“ယယ်ရွှင် … မြန်မြန်လုပ်။ ဒီဟာကြီးက အရမ်းမြန်တယ်။ ငါ အကြာကြီး ထိန်းမထားနိုင်ဘူး”
သူ စိတ်လှုပ်ရှားလွန်း၍ သူ အသက်ရှု လိုက်တိုင်းမှာ သူ့ရဲ့တံတွေးတွေက နေရာအနှံ့ ပြန့်ကျဲသွားကြသည်။ ကျန်းလော့ သူ့ရဲ့ဆွဲခေါ်သွားခြင်းကို ခံရတော့မယ့်အချိန်မှာ ကျန်းလော့ အော်ပြောလိုက်သည်။
“လုယုံရိ… မင်းမှာ ဒီဟာကြီးနဲ့ရင်ဆိုင်ဖို့ နည်းလမ်း တစ်ခုခုများ မရှိဘူးလား”
လုယုံရိ သူ့ထပ်ပင်ပိုပြီးတော့ အသံ ကျယ်အောင် အော်ပြောလာခဲ့သည်။
“ကျန်းလော့ … မင်း စိတ်လွတ်သွားပြီ လား။ မင်းက အတန်းထဲမှာ ဘိတ်ချီး ဆိုပေမယ့် ဘိတ်ချီးရဲ့အထက် ဒုတိယ နေရာကသူက ငါလေ “
ကျန်းလော့ “…”
ကျန်းလော့ရဲ့ ချီးမွမ်းစကားတွေနှင့် သူ့ အပေါ် ယုံကြည်မှုကို လုယုံရိ ပြန်စဉ်းစား လိုက်မိသည်။ သူ ပိုပြီးတော့ပင် အပြစ် ရှိသလို ခံစားလာရသည်။ သူ ပိုပြီးတော့ အပြစ်ရှိတယ်လို့ ခံစားရလေလေ သူ့ အသံက ပိုပြီးတော့ ကျယ်လာလေလေ ပင်။ သူက တိုက်ပွဲထဲမှာ တရစပ်ပစ်နေ သော သေနတ်ကြီးလိုပင် “ပြီးတော့ လမ်းလျှောက်နေတဲ့ အလောင်းကောင် တွေအကြောင်းကို ငါ အရင်တုန်းက ကြားပဲကြားဖူးတာလေ … ငါ တစ်ခါမှ မြင်ခဲ့ဖူးတာမဟုတ်ဘူး”
ကျန်းလော့ “… စကားထပ်မပြောနဲ့တော့”
သူ ရုတ်တရက် အရှိန်တင်လိုက်ပြီး နောက် လုယုံရိ အရှေ့ကို ပြေးဝင်သွား လိုက်သည်။
လုယုံရိ အံ့အားသင့်သွားခဲ့ရသည်။
“ဖာခ့်”
ခေါင်းပြတ် အလောင်းကြီးက သူ့ကို မှီလာပြီပင်။ ထိုဟာကြီးရဲ့ အရှိန်က အရမ်းမြန်ပြီးတော့ တခဏအတွင်းမှာပင် လုယုံရိဆီကနေ တစ်မီတာဝက်လောက် အကွာအဝေးသို့ ရောက်လာခဲ့သည်။ လုယုံရိ အံကြိတ်လိုက်သည်။ သူ ချက်ချင်းလှည့်ပြေးကာ အော်လိုက် သည်။
“ငါမင်းနဲ့ အတူ တိုက်ခိုက်ပေးမယ်”
သို့သော် ခေါင်းပြတ် အလောင်းကြီးက သူ့ကိုကျော်ပြီး ကျန်းလော့ကို ပစ်မှတ်ထားကာ နောက်ကနေ လိုက်သွား ခဲ့သည်။
လုယုံရိရဲ့ မျက်နှာထက်မှာ မေးခွန်း အမှတ်အသားတွေ အပြည့်ဖြစ်သွားခဲ့ သည်။
ဘယ်လိုလုပ်ပြီးတော့ ကံကောင်းခြင်းက မထင်မှတ်ဘဲ ရောက်လာရတာလဲ။
ကျန်းလော့လည်း ထိုမြင်ကွင်းကို တွေ့ လိုက်ပြီး သူ့ နားထင်ကနေ မီးတွေ ထွက်လာတော့မတတ်ပင်။ “ဘာလို့ အဲတာကြီးက ငါ့နောက်ကို လိုက်နေရ တာလဲ”
တရစပ်ပြေးနေရမှုက သူ့ရဲ့အသက်ရှုနှုန်း ကို တဖြည်းဖြည်းနှင့် တိုတောင်းလာစေ ခဲ့သည်။ မူလပိုင်ရှင်က လေ့ကျင့်ခန်း လည်းမလုပ်ပေ။ အခုလို အမြန်နှုန်းမျိုး ဖြင့် လုယုံရိကို ကျော်တက်နိုင်နေတာက ကို တော်တော်လေး အံ့ဩဖို့ကောင်းနေ ပြီဟု ပြောရလောက်သည်။ ကျန်းလော့ သူ့အသက်ရှုငွေ့တွေ ပူပြင်းလာတာကို ခံစားမိပြီး သူ့ရဲ့လည်ချောင်းတွေလည်း အနည်းငယ် စပ်ဖျင်းဖျင်းဖြစ်လာခဲ့သည်။ လျှာထိပ်ကို အပေါ်မေးရိုးဆီ သူ ကပ်လိုက်ပြီးနောက် အသက်ရှုသံကို ခပ်မှန်မှန်ပြန်ဖြစ်လာအောင် ကြိုးစား လိုက်သည်။
ယယ်ရွှင်က အနက်ရောင်ပိုက်ကွန်ကို တိုင်လုံးကိုဖြတ်၍ ဆွဲလာခဲ့ပြီးပြီဖြစ်ပြီး သူ အော်ပြောလိုက်သည်။
“ကျန်းလော့ … ပြန်ပြေးလာခဲ့တော့”
ကျန်းလော့ နောက်ပြန်လှည့်ပြီး သူ့ဆီကို အလောင်းကောင်ကြီးနှင့် အတူ ပြေးလာ လိုက်သည်။
လမ်းလျှောက်နေသော အလောင်းကောင် ကြီးက ခြေကုန်လက်ပန်းကျဖို့ သိပ် မဖြစ်နိုင်လောက်ချေ။ သူ့ရဲ့ အရှိန်က မြန် သထက်မြန်လာခဲ့သည်။ တရစပ် မရပ်မနားပြေးနေမှုက လှေကားတစ်ထစ် လုံးနှင့် အလုပ်ရုံကို ပုပ်သိုးနေသော အလောင်းကောင်၏အနံ့တွေဖြင့် စိမ့်ဝင် ပျံ့နှံ့သွားစေခဲ့သည်။ ကျန်းလော့ သူ့ရဲ့ အလွန်တရာ ပြင်းထန်လာသော နှာမှုတ်သံတွေနှင့် သူ့ရဲ့ နှလုံးခုန်သံတွေကို ပြန်ကြားနေရသည်။ သူ့ခြေထောက်တွေ က ပျော့ခွေနေပြီဖြစ်ပြီး မကြာခင်မှာ သူ့ရဲ့ ခံနိုင်ရည်အဆုံးစွန်ကို ရောက်တော့ မှာပင်။
သူ ခေါင်းရဲ့ မနီးမဝေးမှာ ရောက်နေပြီ ဖြစ်သော အနက်ရောင်ပိုက်ကွန်ကို ကျန်းလော့ မော့ကြည့်လိုက်သည်။ ပိုက်ကွန်ကျလာဖို့က အချိန်ယူရဦးမှာ ဖြစ်သည်။ အလောင်းကောင်ကြီးနှင့် သူ့ကြားရှိ အကွာအဝေးက သုံးမီတာ ထက်တောင် နည်းနေပြီပင်။ အနက် ရောင်ပိုက်ကွန် ပြုတ်ကျလာရင်တောင်မှ ပဲ အလောင်းကောင်ကြီးကို မဖမ်းမိဖို့က ရာခိုင်နှုန်းများသည်။
သူ မြန်မြန်ပြေးပြီးတော့ အနက်ရောင် ပိုက်ကွန်ကြီး ကျလာဖို့အတွက် အချိန်ဆွဲ ပေးဖို့လိုသည်။
သွေးရနံ့က သူ့လည်ချောင်းထဲကနေပြီး သူ့ပါးစပ်ထဲသို့ ပျံ့နှံ့လာခဲ့သည်။ ကျန်းလော့ သူ့ရဲ့ကိုယ်ခံစွမ်းအားအပေါ် အနည်းငယ် စိတ်ဓာတ်ကျမိသည်။သူ အသက်ပြင်းပြင်းရှု၍ သူ့ရဲ့ နောက်ဆုံး လက်ကျန်ခွန်အားကို သုံးပြီး အရှိန်တင် ကာ အနက်ရောင်ပိုက်ကွန်ကျလာမည့် နေရာကို တစ်ဟုန်ထိုးပြေးလိုက်သည်။
သူ ဖြတ်ပြီးပြီးချင်းမှာပဲ ပိုက်ကွန်က ယယ်ရွှင်ရဲ့ ဆွဲချခြင်းကို ခံလိုက်ရပြီး အလောင်းကောင်ကြီးကို အုပ်သွားခဲ့ သည်။
ခေါင်းပြတ် အလောင်းကောင်ကြီးက ရုန်းကန်နေခဲ့ပြီး သူ့ရဲ့အရေပြားထက်မှာ အနက်ရောင်ပိုက်ကွန်၏ မီးသင့်ခြင်း ကြောင့်ဖြစ်သော ခပ်နက်နက် အနက် ရောင်မီးကျွမ်းရာတွေ ပေါ်လာခဲ့သည်။ ပုပ်သိုးနေသောအသားကို မီးနှင့်ကင်ပြီး ထွက်လာသောအနံ့က မွှေးကြိုင်ပြီးတော့ စူးရှသည်။ လုယုံရိ အကြိမ်အနည်းငယ် လောက် ပျို့တက်လာခဲ့သည်။ သူ နှာခေါင်းပိတ်၍ ကျန်းလော့ထံ ရေဘူး ကမ်းပေးလိုက်သည်။
ကျန်းလော့ တခဏလောက် နံရံကိုမှီရင်း တုန်ရီနေသောခြေထောက်တွေဖြင့် အနားယူနေခဲ့သည်။ သူ့ရဲ့ အနက်ရောင် ဆံပင်တွေက လည်ပင်းနှင့် မျက်နှာတွေ မှာ ကပ်နေခဲ့သည်။ လေထဲမှာ ပျံ့နှံ့နေ သော မသတီစရာအနံ့ကြီးကိုပင် ဂရုမစိုက်နိုင်လောက်အောင် သူ သနားစဖွယ် အခြေအနေမှာ ရောက်နေခဲ့ သည်။ သူ အသက်ကို ပါးစပ်ဟ၍ ရှုနေခဲ့ ရသည်။ ခဏလောက်ကြာပြီးနောက်မှာ တော့ ရေဘူးအဖုံးကို ဖွင့်ဖို့ရာအတွက် ခွန်အား ရှိလာခဲ့ပြီး သူ ရေတစ်ငုံသောက် လိုက်သည်။
“ဒီ အနက်ရောင်ပိုက်ကွန်က ဘာကြီးလဲ”
“ခွေးနက်ရဲ့သွေးထဲမှာ စိမ်ထားခဲ့တဲ့ ကြိုးပဲ”လုယုံရိ စာရွက်နှစ်ရွက်ကို လိပ်ပြီး သူ့နှာခေါင်းပေါက်တွေထဲ ထည့်ကာ ပိတ်လိုက်ပြီး အနက်ရောင် ပိတ်ကွန်ရဲ့ ဘေးမှာထိုင်ချကာ အလောင်း ကောင်ကြီးကို လေ့လာလိုက်သည်။
“အဲဒီ့အထဲမှာ အင်းစာရွက်တစ်လွှာကို ထည့်ပြီးတော့ လိပ်ထားတာ ရှိလောက် တယ်”
ယယ်ရွှင်၏ အနက်ရောင်ပိုက်ကွန်က ခေါင်းမပါသောအလောင်းကို တင်းကျပ် နေအောင် ရစ်ပတ်ထားခဲ့ပြီး ခေါင်းမပါ သောအလောင်းကြီးက သေနေသကဲ့သို့ လှုပ်ရှားမှုမရှိတော့ပေ။ လုယုံရိ ထိုဟာ ကြီးကို ထူးဆန်းစွာဖြင့် အချိန်အတော် ကြာ စိုက်ကြည့်နေခဲ့မိသည်။
“ယယ်ရွှင် … မင်းရော ဘယ်လိုထင်လဲ… ဘာအတွက်ကြောင့် အဲတာကြီးက ကျန်းလော့ကိုပဲ ရွေးပြီးတော့ လိုက်နေ တာဖြစ်မလဲ”
ယယ်ရွှင် ခေါင်းယမ်းလိုက်သည်။
“ငါလည်းမသိဘူး”
ကျန်းလော့ အကြိမ်အနည်းငယ် ချောင်း ဟန့်လိုက်သည်။ သူ့ ရဲ့လည်ချောင်းကို သူ သက်သောင့်သက်သာမရှိစွာနှင့် ပွတ်လိုက်ပြီးနောက် ပြောလိုက်သည်။
“အဲတာကြီးက အကျဉ်းသား အဝတ် အစားကို ဝတ်ထားတာ… ဟုတ်တယ် မလား”
လုယုံရိ ဖြေလိုက်သည်။
“အင်း”
“ဒီအကျဉ်းသားဝတ်စုံရဲ့ စတိုင်ကို ကြည့်ရ ပုံအရဆိုရင်တော့ ဒီအလောင်း ကြီးက သေပြီးတာ နှစ်ပေါင်းရာနဲ့ချီပြီး တော့ကို ရှိနေပြီ ဖြစ်ရမယ် “ ကျန်းလော့ အလောင်းကို ကြည့်လိုက်ပြီးနောက် သေချာစွာဖြင့် ပြောလာခဲ့သည်။
“အဲဒီ့လူက ရှေးခေတ်တုန်းကလူဆိုတော့ သူ့ရဲ့ခေါင်းမှာလည်း ဆံပင်အရှည်ကြီး ရှိရမယ်။ ငါတို့သုံးယောက်ထဲမှာ ငါက ဆံပင်အရှည်ဆုံးပဲလေ။ ငါ့ရဲ့ ခေါင်းကို သူ့ခေါင်းလို့ မှတ်သွားတာဖြစ်နိုင်တယ်”
လုယုံရိနှင့် ယယ်ရွှင်တို့ သဘောပေါက် သွားကြရသည်။ လုယုံရိ ပြောလိုက် သည်။
“အဓိပ္ပာယ်ရှိတယ်”
“ခုနတုန်းက လှေကားထစ်တွေပေါ်မှာ ကြားလိုက်ရတဲ့ ဘောလုံးအသံက သူ့ရဲ့ ခေါင်းပဲ ဖြစ်ရမယ်”ကျန်းလော့ နောက်ထပ် ရေတစ်ငုံသောက်လိုက်ပြီး နောက် “ဘာလို့ သူ့ရဲ့ခေါင်းက ကိုယ်ထည်နဲ့အတူ ရှိမနေရတာလဲ ဆိုတာပဲ ငါမသိတာ”
ယယ်ရွှင် စဉ်းစားကြည့်လိုက်ပြီးနောက် ရုတ်တရက်ထပြောလာခဲ့သည်။
“ပျောက်သွားကြတဲ့ ကောင်မလေးတွေ မှာလည်း ဆံပင်အရှည်ကြီးတွေရှိတယ်”
လုယုံရိ ချက်ချင်းပဲ လက်သီးတွေ ဆုပ်ကာ “ချီးပဲ။ ဒီအလောင်းကောင် ကြီးကပဲ ကောင်မလေးတွေကို မသတ်ခင်မှာ သူ့တို့ ခေါင်းကို သူရဲ့ခေါင်းဆိုပြီး မှတ်သွားတာပဲ ဖြစ်ရမယ်”
ကျန်းလော့ကတော့ ထိုဟာကို အမှန်ဖြစ်လိမ့်မည်ဟု သိပ်မခံစားရချေ။
ခေါင်းပြတ် အလောင်းကောင်ကြီးက ကောင်မလေးသုံးယောက်ကို သတ်တယ် ပဲထားလိုက်ဉီး သူတို့ရဲ့ခေါင်းတွေကို သူယူသွားရင်တောင်မှပဲ ဘာလို့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ရှာမတွေ့ရတာလဲ”
အဲတာအပြင်ကို သူတို့ပျောက်ဆုံးသွား ကြတဲ့နေ့တုန်းက အခင်းဖြစ်ပွားရာ အခန်း၏ အနေအထားက သွေးစွန်း ထင်းခြင်းတောင် မရှိဘဲ သန့်ရှင်းကာ သပ်ရပ်နေခဲ့သည်။ ကောင်မလေးတွေ က သူတို့ကိုယ်တိုင် လိုလိုလားလားနဲ့ ခေါင်းပြတ်အလောင်းကောင်နောက်ကို လိုက်သွားခဲ့ကြတာလား။
သို့သော် လုယုံရိရဲ့စကားတွေကို သူ မငြင်းပယ်ခဲ့ချေ။ သူ ပုခုံးတွန့်လိုက် ပြီးနောက် စားပွဲပေါ်ကနေ ခုန်ဆင်းလိုက် သည်။
“မီးခိုးတန်းနောက်တစ်ခု လွင့်သွားတဲ့ နေရာကို မင်းတို့ သွားကြည့်ချင်ကြသေး လား”
သေချာပေါက်ကို … သူတို့ သွားကြမှာပင်။
လမ်းတစ်လျှောက်မှာ လုယုံရိက အနက်ရောင်ပိုက်ကွန်ကို တရွတ်တိုက် ဆွဲပြီး ခပ်ရိုင်းရိုင်း ပြုမူလာခဲ့သည်။ သူ ခေါင်းလှည့်၍ ကျန်းလော့ကို အထင်သေးစွာ ပြောလာခဲ့သည်။
“ကျန်းလော့ … မင်း ကျောင်းကို ပြန်ရောက်တဲ့အချိန်ကျရင် ငါနဲ့ အတူတူ လေ့ကျင့်ခန်းလုပ်ချင်လား။ မင်းရဲ့ ကိုယ်ခံစွမ်းအားက တော်တော်လေးကို အားနည်းလွန်းတယ်”သရဲတွေ၏ အချိန် အကြာကြီး လိုက်ခံရခြင်းနှင့် ကြုံလာခဲ့လျှင် သူ ပြေးလွတ်မှာ မဟုတ်ချေ။
ကျန်းလော့ ခုနတုန်းကပြေးပြီးနောက်မှာ ခံစားခဲ့ရသော မသက်မသာဖြစ်မှုကို ပြန်သတိရသွားပြီး ကြောက်ရွံ့မှုက စွဲထင်လာခဲ့သည်။
“ကောင်းပြီလေ … ငါလည်း တကယ်ကို လေ့ကျင့်ခန်း ပိုလုပ်သင့်တယ် “
ယယ်ရွှင်ရဲ့လက်ထဲမှာ ကိုင်ထားခဲ့သော အမွှေးတိုင်က သုံးပုံပုံရင်နှစ်ပုံ လောင်ကျွမ်းသွားပြီဖြစ်သည်။ ပြာတွေ က ထမင်းပေါ်သို့ကျနေခဲ့သည် သို့သော် လည်း မီးခိုးကတော့ အခုထိ အမျှင် နှစ်တန်း ဖြစ်နေဆဲပင်။ တစ်မျှင်က သူတို့ ဖမ်းမိလာခဲ့သော ခေါင်းပြတ် အလောင်းကြီးကို ညွှန်ပြနေခဲ့ပြီး တစ်မျှင်ကတော့ သူတို့နှင့်မရင်းနှီးသော အခန်းတစ်ခုရဲ့တံခါးဆီ ခေါ်ဆောင်သွား ခဲ့သည်။
ကျန်းလော့ ရှေ့သို့ထွက်ပြီး တံခါး ခေါက်လိုက်သည်။ သူနှစ်ကြိမ်မြောက် ခေါက်လိုက်ပေမယ့်လည်း အထဲကနေ ဘယ်သူမှ ဖြေမလာခဲ့ချေ။ သူ တံခါးကို အလွယ်တကူပဲ တွန်းဖွင့်လိုက်ပြီး မီးခိုးတန်းက ဖြောင့်ဖြောင့်တန်းတန်းပဲ လွင့်မျောကာ ကုတင်၏အောက်သို့ တိုးဝင်သွားခဲ့သည်။
အခန်းထဲမှာ မည်သူမှမရှိချေ။
သူတို့သုံးယောက်သား ခုတင်ကို သတိ အနေအထားဖြင့် ဝန်းရံလိုက်ကြသည်။ ယယ်ရွှင် အမွှေးတိုင်ကို ကုတင်ဘေးရှိ ကြမ်းပြင်ထက်မှာ ချလိုက်ပြီး ကျန်းလော့ရဲ့ လက်ထဲက ယုန်ရုပ်ကို ယူ၍ ပွေ့လိုက်သည်။ သူ အေးစက်စက်ပဲ ပြောလိုက်သည်။
“ထွက်လာခဲ့”
ရုတ်တရက်ဆိုသလို ခုတင်အောက်ခြေ ကနေပြီး ဘောလုံးတစ်လုံး လိမ့်လာသံ ကို ကြားလိုက်ရသည်။ ခေါင်းတစ်လုံး က ကုတင်အောက်ကနေ လှိမ့်ထွက်လာ ခဲ့သည်။ ခေါင်းပတ်ပတ်လည်ကို အနက် ရောင်ဆံပင်ရှည်တွေနှင့် ရစ်ပတ်ထားခဲ့ ပြီး ဆံပင်တွေနှင့်လုပ်ထားသော ဘောလုံးနှင့်ပင် သွားတူနေခဲ့သည်။
ယယ်ရွှင် မလှုပ်ရှားခဲ့ချေ။ ခေါင်းပြတ်က ကြမ်းပြင်ကနေပြီး ကျန်းလော့ရဲ့ ခြေထောက်နားကို လှိမ့်လာခဲ့ပြီး သူ့ရဲ့ဆံပင်တွေကြားကနေ မျက်လုံး တစ်လုံးကို ပြသလာခဲ့သည်။
“သူငယ်ချင်းလေး … မင်းရဲ့ဆံပင်က တကယ်ကို တောက်ပြောင်ပြီးတော့ ကျက်သရေရှိတယ်။ ဟောဒီ့က ကျောင်းသားလေးကို မင်းရဲ့ဆံပင်ကို ဘယ်လိုမျိုး ထိန်းသိမ်းလဲဆိုတာ ပြောပြပေးလို့ရမလား”
လုယုံရိ လှောင်ရယ်သံတစ်ချက် ပြုလိုက် သည်။ သူ ခြေတစ်လှမ်းတိုးပြီးနောက် ခေါင်းကို ဆွဲကိုင်လိုက်သည်။ သူ ရက်ရက်စက်စက် ပြောလိုက်သည်။
“မင်းရဲ့ ဆံပင်ကလည်း မဆိုးဘူးလို့ ငါတော့ထင်တယ်”
ခေါင်းပြတ်ကြီးက နားအူလောက်သော အသံဖြင့် အော်လာခဲ့သည်။
“ငါ့ကို ဒီလိုမဆောင့်ဆွဲနဲ့။ ငါ ထိပ်ပြောင်သွားလိမ့်မယ်။ ထိပ်ပြောင် သွားလိမ့်မယ်လို့”
လုယုံရိ ကြောက်ရွံမှုကြောင့် တုန်ရီသွား ခဲ့သည်။ သူ့ရဲ့ ချိန်းခြောက်သောအပြုံး ကို သူဆက်မထိန်းထားနိုင်တော့ချေ။ သူ ခေါင်းထက်က သူ့လက်ကိုပင် လွှတ်ချ လိုက်မိတော့မလို ဖြစ်သွားခဲ့သည်။
“ဖာခ့် … မအော်နဲ့”
ခေါင်းပြတ်ကြီးက တအိအိအသံပြုကာ ငိုလာခဲ့သည်။
“မကောင်းဆိုးဝါး … လူတွေကို ဆံပင်ကနေပြီးတော့ မဆွဲနဲ့”
လုယုံရိ ပျို့အန်ချင်စိတ်တွေဖြင့် ဆတ်ဆတ်ခါ သွားခဲ့သည်။ သူတို့သုံးယောက် ခေါင်းပြတ်ကြီးကို အမြင် သုံးဖက် သုံးတန်ကနေပြီး စိုက်ကြည့်လိုက်ကြ သည်။
“ပြောစမ်း … မင်းက ဟိုတယ်129ထဲမှာ ဘယ်လိုလုပ်ပြီးတော့ ရောက်နေ ရတာလဲ”
ခေါင်းပြတ်ကြီးက နှစ်ခါခုန်လိုက်ပြီး ဆံပင်တွေကို သူ့ခေါင်းအနောက်သို့ ပို့ကာ သွေးမရှိဘဲ ပြာနှမ်းနေသော မျက်နှာကို ပြလာခဲ့သည်။ ခေါင်းပြတ် ကြီးက ပြောလာခဲ့သည်။
“ဟောဒီ့က ကျောင်းသားရဲ့နာမည်က နင်ရှုံ ပါ။ အရင်တုန်းက ပညာသင် ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အရာရှိရဲ့သမီး ရေချိုးနေတာကို ချောင်း ကြည့်မှုနဲ့ လူသတ်ကွင်းမှာ ခေါင်းဖြတ် ပြီး အသတ်ခံခဲ့ရတာပေါ့”
ပြောနေရင်းဖြင့် ခေါင်းပြတ်ကြီးက နှစ်ခါမျှ ရှိုက်လာခဲပြီး “ဟောဒီ့ ကျောင်းသားလေးက အရှက်ရပြီးသေခဲ့ ရတာကြောင့် … မိသားစုက ဟောဒီ့ ကျောင်းသားရဲ့ ခန္ဓာကိုယ်ကို ပြန်ပြီးတော့ မသယ်ချင်ခဲ့ကြဖူးလေ။ လူတစ်ယောက် က ဘယ်လိုလုပ်ပြီးတော့ အုတ်ဂူထဲမှာ ခန္ဓာကိုယ် အပြည့်အစုံမရှိဘဲနဲ့ သေနိုင် မှာလဲ။ ငါလည်း ခေါင်းကို ရင်ထဲမှာ ပိုက်ပြီးတော့ လျှောက်သွားခဲ့တာပေါ့။ ဒီနေရာက ဟိုးအရင်တုန်းက အပ်ချုပ် ဆိုင်ဖြစ်ခဲ့ဖူးတယ်လေ။ ငါလည်း ဒီကိုလာပြီးတော့ အပ်ချုပ်ဆရာက ခေါင်းကို ချုပ်ပေးစေချင်ခဲ့တာ”
ယယ်ရွှင် “ဒီဟိုတယ်ရဲ့ဘေးက သားသတ်ရုံက ဟိုးအရင်တုန်းက လူသတ်ကွင်း ဖြစ်ခဲ့ဖူးတယ်”
လူသတ်ကွင်းရဲ့ဘေးနားမှာ အပ်ချုပ်ဆိုင် တစ်ဆိုင်တော့ ရှိကြရသည်။ အဘယ် ကြောင့်ဆိုသော် လူတွေက ခန္ဓာကိုယ်ကို တစ်စုတစ်စည်းတည်း ထားချင်ခဲ့ကြ၍ ဖြစ်သည်။ ခေါင်းဖြတ်သတ်ခံရသော အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ပုံမှန်ဆိုလျှင် ခန္ဓာကိုယ်ကို အပ်ချုပ်ဆိုင် ဆီရွှေ့ပြောင်းပြီးတော့ အပ်ချုပ်သမကို သေသူရဲ့ ခန္ဓာကိုယ်နှင့် ခေါင်းကို တွဲပြီး တော့ ချုပ်ခိုင်းလေ့ရှိကြသည်။
အလောင်းတွေကို မိသားစုဝင်တွေက လာရောက်ပြီးတော့ မသိမ်းဆည်းပါက ညအချိန်ရောက်တဲ့အခါ အလောင်းတွေ က သူတို့ရဲ့ခေါင်းကို ပိုက်ပြီးတော့ ခေါင်းကို ချုပ်ရိုးနှင့်တွဲချုပ်ပေးဖို့အတွက် အပ်ချုပ်ဆိုင်ဆီသို့ ရောက်လာတတ် ကြသည်။
ခေါင်းပြတ်ကြီးက ဆက်ပြောလာခဲ့ သည်။ “ဒါပေမယ့် အပ်ချုပ်ဆိုင်က အမြဲတမ်း မမှောင်သေးခင်မှာပဲ ဆိုင်တံခါးကို ပိတ်သွားခဲ့တာ။ ငါလည်း ခေါင်းကို ချုပ်ပေးမယ့် သူကို ရှာမတွေ့ တာနဲ့ စောင့်ပြီးရင်း စောင့်နေခဲ့တာ။ လွန်ခဲ့တဲ့ တစ်လလောက်တုန်းက ဟောဒီက သူဠေးကတော်ကလည်း အပ်ချုပ်သမ ဖြစ်နေတာကို ငါ တွေ့လိုက် ရတယ်လေ။ အဲတာကြောင့် ငါ့ခေါင်းကို ချုပ်ပေးပါလို့ ပြောဖို့အတွက် နေ့တိုင်း လိုလို ညသန်းခေါင်ကျရင် သူမ အခန်းထဲ ကို သွားသွားပြီးတော့ ရှာနေတာ”
လုယုံရိ စိတ်မသက်မသာဖြစ်လာပြီး မေးလိုက်သည်။ “မင်းခေါင်းကို ချုပ်ချင် ရင်လည်း ခေါင်းပဲချုပ်ပါလား။ ဘာကိစ္စ လူတွေကို သတ်ရတာလဲ”
ခေါင်းပြတ်ကြီးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပြီး သူ စိတ်ဆိုးမာန်ဆိုး နှင့် ပြောလိုက်သည်။
“သူငယ်ချင်းလေး … လူကို အခြေအမြစ် မရှိ မစွပ်စွဲပါနဲ့။ ဘယ်အချိန်တုန်းကများ ဟောဒီ့က ကျောင်းသားလေးက လူသတ်မိလို့လဲ”
လုယုံရိ တခဏလောက် ဆွံ့အသွားခဲ့ပြီး မယုံသင်္ကာနှင့် မေးလိုက်သည်။
“ဒီဟိုတယ်မှာ ပျောက်သွားကြတဲ့ မိန်းကလေးသုံးယောက်ကို မင်း သတ်ပစ် လိုက်တာ မဟုတ်ဘူးလား”
ခေါင်းပြတ်က ဒေါသတကြီးနှင့် နှစ်ခါ လောက် ခုန်လိုက်ပြီးနောက် အသံ အကျယ်ကြီးဖြင့် ပြောလိုက်သည်။
“ကလေးလေး … ငါက သဘောကောင်း တယ်ဆိုတိုင်း ဒီလိုအချိုးတော့ လာမချိုးနဲ့”
ကျန်းလော့ ရင်ဘတ်ပေါ်လက်ယှက်ရင်း သူ့မေးစေ့ကို ပွတ်လိုက်ရာ ဘယ်ဘက် အခြမ်းမှာ ပြဲနေခဲ့သောအဝတ်နေရာက မြှောက်တက်သွားပြီး လက်တစ်ဝါး စာလောက်သော သူ့ခါးထက်ရှိ အသားအရည်လေးကို ပြသလာခဲ့သည်။ ထိုနေရာလေးက ကျောက်စိမ်းကဲ့သို့ ဖြူစွတ်ပြီး ကိုင်ရသည်မှာလည်း ချောမွတ် အေးမြနေခဲ့သည်။ သူ့ အဝတ်အစားတွေကို သူ အမှု့မဲ့အမှတ်မဲ့ မတင်လိုက်မိပြီး သူ့ရဲ့ အလှတရားက တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။ ကျန်းလော့ နှုတ်ခမ်းတွေကို ကွေးညွတ် လိုက်ပြီး အပြုံးဖြင့်မေးလိုက်သည်။
“ပညာသင်ကျောင်းသားကြီး … ညတိုင်း သူဌေးရဲ့မိန်းမကို ရှာဖို့အတွက် ဒီအခန်း ထဲကို လာနေခဲ့တာပေါ့”
ပညာသင်ကျောင်းသားကြီး သူ့ကို ငေးကြောင်ကြောင်လေး ငေးကြည့်နေမိ သည်။ သူက နဂိုတုန်းက တဏှာရာဂ စိတ်ကြီးမားတဲ့သူ ဖြစ်ခဲ့တာဖြစ်ပြီး အခုလည်း သူ့ရဲ့ ပြာနှမ်းနှမ်းပါးနှစ်ဖက် ထက်မှာ ရှက်သွေးဖြာလာခဲ့သည်။
“အမှန်ပဲ … ဟောဒီ့က ကျောင်းသား လေးက ညတိုင်းဒီကိုလာပြီးတော့ သူဌေးရဲ့ မိန်းမကို လာရှာတာ”
ကျန်းလော့ ပြောလိုက်သည်။
“ဒါပေမယ့် သူဌေးရဲ့မိန်းမက ဒီမှာ နေတဲ့ပုံလည်း မပေါ်ပါဘူး”
“သူငယ်ချင်းလေး … မင်း မသိပါဘူး ဒီဆိုင်ရဲ့ ပိုင်ရှင်နဲ့ သူ့မိန်းမက ဒီတစ်လ အတွင်းမှာကို ရန်တွေခဏခဏဖြစ်ခဲ့ကြ တာ။ သူဌေးကတော်ရဲ့ စိတ်အခြေအနေ က ပိုပို ပြီးတော့ ထူးဆန်းလာတာလေ … အဲဒါကြောင့်မို့ သူတို့တွေ အခန်းခွဲပြီး နေနေကြတာ။ သူဌေးကတော်က ဒီအခန်းထဲမှာနေတာ။ သူမရဲ့ခန္ဓာကိုယ် ကို အပ်နဲ့ အပ်ချည်တွေနဲ့ ဖာထေးပြီး တော့ ချုပ်နေတာကို ငါ မြင်ခဲ့ဖူးတယ် ဒါပေမယ့်လို့ မမျှော်လင့်ဘဲ ညလယ်ခေါင် ရောက်လို့ သူမဆီ ငါလာလည်တဲ့အခါ တိုင်း သူမကို မတွေ့ရဘူး”
ယယ်ရွှင် အဓိကအချက်ကို ဖမ်းဆုပ် လိုက်မိသည်။
“သူမရဲ့ကိုယ်ပိုင် ခန္ဓာကိုယ်ကို ပြန်ပြီး တော့ ဖာထေးနေတာလား “
ခေါင်းပြတ်က နက်ရှိုင်းသောခံစားချက် တွေနှင့် ပြောလာခဲ့သည်။
“ဟုတ်တယ် … သူမက တော်တော်လေး တော်တဲ့ အပ်ချုပ်သမပဲ … ငါ့ရဲ့ခေါင်းနဲ့ ခန္ဓာကိုယ်ကိုလည်း သေချာ အချိုးကျ အောင် သူမက ချုပ်ပေးနိုင်မှာ သေချာတယ်”
သို့သော် အနက်ရောင်ပိုက်ကွန်ထဲက သူ့ခန္ဓာကိုယ်ကို ခေါင်းပြတ်ကြီး ကြည့် လိုက်ပြီးနောက် စိတ်မချမ်းမြေ့သော ပုံစံဖြင့် ပြောလာခဲ့သည်။
“ဒါပေမယ့် ငါ့ခန္ဓာကိုယ်ကို ငါ မြင်ရချိန် မှာတော့ … အတူတူတွဲပြီး ချုပ်ချင်စိတ် မရှိတော့ဘူး”
ကျန်းလော့ ပြုံးလိုက်ရင်း ယယ်ရွှင် နှင့် လုယုံရိကို လှည့်ကြည့်လိုက်သည်။
“မင်းတို့ အဖြေကို ကြားကြတယ်မလား … သူ့ခန္ဓာကိုယ်ကို အပ်တွေ အပ်ချည် တွေနဲ့ တွဲချုပ်ထားရတဲ့ သူဌေးရဲ့မိန်းမက ညလယ်ခေါင်ကြီးမှာ သူမရဲ့အခန်းထဲ အိပ်မနေခဲ့ရင် … ဘယ်မှာ ရှိနေလိမ့်မယ် လို့ထင်လဲ”
ယယ်ရွှင် မျက်မှောင်ကြုတ်ပြီး တခဏ လောက် တွေးတောလိုက်သည်။ သူ ခေါင်းပြတ်ကြီးကို အနက်ရောင်ပိုက်ကွန် ထဲ ပစ်ထည့်လိုက်ပြီးနောက် လုယုံရိကို ကော်ရစ်တာဆီပြန်သွားပြီးတော့ သူဌေး ဆီ ဖုန်းခေါ်ဖို့ပြောလိုက်သည်။
မြို့နယ်အလိုက် သုံးသော လျှပ်စစ် ဓာတ်အားက လျှပ်စီးပတ်လမ်း သက်သက်ဖြစ်ပြီး ဟိုတယ် 129 မှာ ဓာတ်အား ပြတ်တောက်နေသည်ဖြစ်စေ လာနေသည်ဖြစ်စေ သက်ရောက်မှု မရှိချေ။တယ်လီဖုန်းက အချိန်ခဏ လောက် “ဒွီဒွီ”အသံမြည်သွားပြီး နောက်မှာ သူဌေးရဲ့ အိပ်ချင်မူးတူးအသံ ထွက်ပေါ်လာခဲ့ သည်။ “ဟယ်လို”
ယယ်ရွှင် မေးမြန်းလိုက်သည်။
“သူဌေး … ခင်ဗျားရဲ့ မိန်းမ ဘယ်မှာလဲ”
သူဌေးဖြစ်သူ ချက်ချင်းဆိုသလို အိပ်ချင် ပြေသွားခဲ့ပြီး သတိထား၍ မေးလာခဲ့ သည်။
“ဘာများဖြစ်လို့လဲ … ကျောင်းသား ယယ်။ ဉီးလေးရဲ့မိန်းမက ဦးလေးရဲ့ အမေနဲ့တူတူ ကလေးကို ပိုက်ပြီးတော့ အိပ်နေတယ်လေ”
“သူမရဲ့အခန်းက 102 မလား”
“ဟုတ်တယ် … သူ ဦးလေးနဲ့ စကားများ ပြီးတော့ အခန်း102 ကို ရွေ့သွားခဲ့တာ”
သူဌေးဖြစ်သူ ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး နောက် ပြောလိုက်သည်။ “ဦးလေးရဲ့ စီးပွားရေးက ဆိုးသထက်ဆိုးလားလို့ ဖြစ်ကောင်းဖြစ်နိုင်တယ် … သူ့ရဲ့ စိတ် အခြေအနေက တော်တော်လေးကို မကောင်းလာတာ။ နေ့ခင်းဘက်တစ်နေ့ လုံး သူ ဘယ်တွေသွားနေလဲဆိုတာတော့ ဦးလေးလည်း မသိဘူး။ သူ့ကို တစ်ခါ တလေတော့ တွေ့ရတယ် ပြီးတော့ သူ့ရဲ့ မိတ်ကပ်တွေကလည်း ထူထူလာလိုက် တာ … ဒါပေမယ့် ကလေးကိုတော့ သူ ပစ်မထားဘူး။ ညတိုင်း ကလေးအိပ်ရာ ဝင်သွားပြီးတဲ့ အချိန်ဆိုရင် သူ ပြန်ပြန် လာတယ်။ ကလေးကို အာရုဏ်တက်ချိန် ထိ အဖော်ပြုပေးပြီးတာနဲ့ ပျောက်သွား တော့တာပဲ။ သူနဲ့ စကားကောင်းကောင်း ပြောဖို့ရာအချိန်ကို ဦးလေးမှာ မရှိဘူး”
သူဌေးရဲ့ မိသားစု နေနေကြသော အိမ်က သူတို့ရဲ့အဆောက်အဦးနှင့် မျက်နှာချင်း ဆိုင်မှာဖြစ်သည်။ ယယ်ရွှင် ပြောလာတဲ့ စကားတွေကို ပိုပြီးတော့ကြားလေလေ တစ်ခုခုတော့ မှားနေပြီဟု သူ ခံစားရ လေလေပင်။ သူ မြန်မြန်ဆုံးဖြတ်ချက် ချလိုက်ပြီး ပြောလိုက်သည်။
“အဲဒီ့ကို အခုချက်ချင်းသွားကြရအောင်”
လူတစ်စု အမှောင်ထဲမှာ ဖြတ်သွားခဲ့ကြ ပြီး မျက်နှာချင်းဆိုင်အထပ်ကို သူတို့ ရောက်ချိန်မှာ အမွှေးတိုင်က ကုန်တောင် သွားခဲ့ပြီဖြစ်သည်။ ယယ်ရွှင် သက်ပြင်း ချလိုက်ပြီးနောက် ထမင်းပန်ကန်ကို ထောင့်နားလေး ကပ်ထားလိုက်သည်။ အပေါ်ထပ်ကို တက်သွားကြချိန်မှာတော့ သူဌေးက အဝတ်အစားတွေဝတ်ပြီး တံခ့ါးဝမှာ အဆင်သင့်စောင့်နေတာကို တွေ့လိုက်ကြရသည်။
သူဌေး သူတို့ကို အိမ်ထဲသို့ခေါ်သွားခဲ့ပြီး အနည်းငယ် ရတက်မအေးဖြစ်နေသည့် ပုံပင်။ သူ လက်ဖဝါးတွေကို ပွတ်လိုက် ပြီးနောက် ပြောလိုက်သည်။
“ဟိုလေ … စောနတုန်းက ကျောင်းသား လေး ဘာကို ဆိုလိုတာလဲ ဆိုတာ...”
“ကျွန်တော်တို့ သူဌေးရဲ့မိန်းမကို တွေ့ ချင်တယ် “ယယ်ရွှင် ပြောလိုက်သည် “သူမမှာ ပြဿနာတချို့ ရှိနေနိုင်တယ်”
သူဠေးဖြစ်သူ ချက်ချင်းဆိုသလို သူ့ လက်တွေကို ဖျစ်ညစ်လိုက်မိသည်။ သူ အချိန်အတော်ကြာ ငြိမ်သက်နေပြီး နောက်မှာမှ မပြုံးချင်ပြုံးချင်ဖြင့် ပြုံးလာ ခဲ့ပြီး “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“ဒါ မဖြစ်နိုင်ဘူး”သူဌေးဖြစ်သူ သူ့ကိုယ်သူ ပြောနေမိသည်။ သူ တငိုငို တရယ်ရယ် ဖြစ်လာခဲ့သည်။
“ကျောင်းသားလေးတို့ … ဦးလေးကို မနောက်ကြပါနဲ့”
လုယုံရိ သူ့ကို သနားသောမျက်လုံးဖြင့် ကြည့်လိုက်သည်။ “သူဌေး … ဒီ ပြဿနာကို စောစောဖြေရှင်းပြီးချင် တယ်ဆိုရင် … အဆိုးဆုံးအခြေအနေ အတွက် စိတ်ကို ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်”
သူဌေးဖြစ်သူ စိတ်ဓာတ်ကျသွားခဲ့သည်။ သူတို့ကို သူ အိပ်ခန်းဆီခေါ်သွားခဲ့ပြီး တံခါးကို အသာလေး ဖွင့်လိုက်သည်။
တောင့်တင်းနေသော အရိပ်ကြီးတစ်ခုက ခုတင်စွန်းမှာ ရပ်ပြီးတော့ အိပ်ရာထက် မှာ အိပ်ပျော်နေကြသော အဖွားဖြစ်သူ နှင့် ကလေးကို စိုက်ကြည့်နေခဲ့သည်။ ထိုသဏ္ဍာန်အပေါ်မှာ ရှိနေခဲ့သော အနက်ရောင်မြူတွေက ကလေးရဲ့ လက်မောင်းပေါ်မှာ ကျန်းလော့ တွေ့ခဲ့ရ သော မြူတွေလိုပင်။
လုယုံရိ အသံတိုးတိုးဖြင့် အံ့အားသင့်စွာ ပြောလိုက်သည်။
“ဘယ်လိုတောင် အားကောင်းတဲ့ ယင်ဓာတ်လဲ”
တံခါးကို ဖွင့်လျင်ဖွင့်ပြီးချင်းမှာပဲ အရိုးထဲထိ အေးစိမ့်မှုက ကျန်းလော့ထံ အရှိန်ပြင်းပြင်းဖြင့် ဦးတည်လာခဲ့သည်။ ကျန်းလော့ရဲ့အကြည့်က အိပ်ရာခင်းဆီ ရောက်သွားခဲ့သည်။ မိန်းမအိုကြီးနှင့် ကလေးလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေခဲ့ကြပြီး နည်းနည်းကလေးတောင် မှ နိုးလာခဲ့ခြင်းမရှိချေ။
ခုတင်ရဲ့ထောင့်မှာ ရပ်နေခဲ့သော သဏ္ဍာန်ကြီးက အသံကိုကြားချိန်မှာ ခေါင်းကို တောင့်တောင့်ကြီးလှည့်၍ သူတို့ကို ကြည့်လာခဲ့သည်။
ကျန်းလော့ရဲ့ သူငယ်အိမ်တွေ ကျဉ်းမြောင်းသွားခဲ့သည်။
ဟိုတယ်ပိုင်ရှင်မှာ နေရာအနှံ့ ပြည့်သိပ် နေသောချုပ်ရိုးရာတွေဖြင့် ဖုံးလွှမ်းနေခဲ့ သည်။ သူမပုံစံက နုပ်နုပ်စဉ်းထား သော အသားတစ်ကြီးနှင့် တူနေခဲ့သည်။ ချုပ်ရိုးကြောင်းတွေပေါ် အားပြုပြီးတော့ ပဲ သူမကိုယ်သူမ ပြန်ပြီးတော့ အပ်ဖြင့် ချုပ်နိုင်ခဲ့သည်။ သူမရဲ့ မျက်နှာအသွင် အပြင်တွေက ရွှဲ့စောင်းကာ သွေးတွေ ပေရေနေခဲ့ပြီး သူမပုံစံက ကြောက်မက်ဖွယ် ဖြစ်နေခဲ့သည်။
သူတို့အနောက်မှာ ရှိနေခဲ့သော သူဌေး ဖြစ်သူ ကြမ်းပြင်ပေါ် ဖင်ထိုင်ရက်သား ကျသွားခဲ့ပြီး သူ့ရဲ့ခြေထောက်တွေက ထိတ်လန့်မှုကြောင့် တုန်ရီနေခဲ့သည်။
“အား”
****