Ch 6
Viewers 8k

အခန်း ၆ လူမျက်နှာဧည့်သည်။


သူဌေးကတော်ကို ဒီထက်ပိုပြီး လူဟူ၍ ခေါ်ဖို့မဖြစ်နိုင်တော့ချေ … သူမက နုပ်နုပ်စဥ်း ခံထားရသော အသွေး အသားတွေကို  တစ်စုတစ်စည်းတည်း ဖြစ်အောင် အပ်ချည်နှင့်အပ်ဖြင့် တွဲချုပ် ထားခဲ့သော အသားတစ်ကြီးနှင့် တူနေ ခဲ့ပြီး  မျက်နှာထက်မှာလည်း နေ့ဘက်မှာ လိမ်းချယ်ထားသော မိတ်ကပ်တွေ မရှိတော့တာမို့ မှုန်မှိုင်းနေသော ညသန်းခေါင်ရဲ့ အလယ်မှာ သူမရဲ့ အကျဉ်းတန်ဆုံး‌သော မျက်နှာကို လှစ်ဟ ပြလာခဲ့သည်။


သူဠေးရဲ့မိန်းမက ဘယ်လိုဖြစ်လို့ ဒီပုံစံ ကြီး ပြောင်းလဲသွားရသလဲ ဆိုတာကို တော့ ဘယ်သူမှမသိချေ။ သို့သော် ကျန်းလော့တို့ကို တိုက်ခိုက်ရမည့်အစား ကုတင်ပေါ်မှာ အိပ်နေခဲ့သော အမယ်အို ကြီးနှင့် ကလေးအပေါ် သူမ ဒေါသတကြီး ခုန်အုပ်လိုက်သည်။


ယယ်ရွှင်  မသိစိတ်ရဲ့ စေ့ဆော်မှုအရ သူ့လက်ချောင်းကို ကိုက်လိုက်ပြီးနောက် ယုန်ရုပ်ရဲ့ ပါးစပ်ထဲသို့ ထိုးထည့်လိုက် သည်။သွေးတွေက အပြင်သို့စီးကျလာ ခဲ့ပြီး ယုန်ရုပ်ရဲ့ အနက်ရောင်မျက်လုံး တွေထဲမှာ အလင်းတန်းတစ်ခု ဖြတ်ပြေး သွားခဲ့သည်။ ယယ်ရွှင်ရဲ့ မျက်နှာက လေးနက်နေခဲ့ပြီး သူ အရုပ်ကို ကြမ်းပြင် ပေါ်သို့ ချလိုက်သည်။


“ရှောင်ဖန်း … သွားပြီးတော့ သူမကို မျိုချပစ်လိုက်”


ရှောင်ဖန်းက သူဌေးရဲ့မိန်းမရှိရာဆီကို တောင့်တင်းနေသော ခြေလှမ်းတွေဖြင့် လှမ်းသွားလိုက်သည်။


အရုပ်ကြီးက … အံ့ဩဖို့ကောင်းလောက် အောင်ကို … ရွေ့နေတယ်ဟ။


ကျန်းလော့ရဲ့မျက်နှာက ရှားရှားပါးပါးပင် အူကြောင်ကြားရုပ်လေး ပေါက်နေခဲ့ပြီး ရှောင်ဖန်းကို သူ ငေးကြောင်ကြောင်ဖြင့် ကြည့်နေခဲ့မိသည်။


ယယ်ရွှင် တံခါးဆီသို့ နောက်ဆုံး လက်ကျန် အင်းစာရွက်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပစ်ပေါက်လိုက် သည်။ “အပြင်ထွက်သွားကြ … ငါ့ကို လာမရှုပ်ကြနဲ့”


တံခါးချပ်ကြီးက ကျန်းလော့နှင့် လုယုံရိ ရဲ့ မျက်စိအောက်မှာပင် ပိတ်သွားခဲ့သည်။ ကျန်းလော့ ဝရံတာဆီ လမ်းလျှောက် သွားဖို့အတွက် အချိန်အတော်ယူလိုက် ရပြီး ဆေးလိပ်သောက်နေခဲ့သော သူဌေး ဖြစ်သူဆီကနေ ဆေးလိပ်တစ်လိပ် တောင်းကာ ဘေးနားမှာ ထိုင်ချပြီးတော့ သောက်လိုက်သည်။


တစ်ထေရာတည်း ပြူမူနေခဲ့ပေမယ့် လည်း သူနှင့် သူဌေးဖြစ်သူရဲ့ ကြားက ကွာခြားချက်က အိုင်ဒေါဒရာမာတွေနှင့် လက်တွေ့ဘဝ ခြားနားချက်ကြီးလိုပင်။ သူဌေးဖြစ်သူမှာတော့ ထိုဟာကိုလည်း ဂရုစိုက်မနေနိုင်တော့ဘဲ ပျာယာခတ် လွန်းအားကြီး၍ စီးကရက်ကို ကိုင်ထား ခဲ့သောလက်က တုန်ရီနေခဲ့ပြီး သူ့ ကိုယ်သူ ဘာတွေပြောမိလို့ ပြောမိနေမှန်း မသိ စိတ်သက်သာရာရအောင် ပေါက်တီးပေါက်ချာတွေ လျှောက်ပြော နေခဲ့မိသည်။


“မင်းတို့ရဲ့ကျောင်းက ကျောင်းသားတွေ ကို ဆေးလိပ်သောက်ခွင့် ပေးတယ်လား”


ကျန်းလော့ တစ်ချက်ရှိုက်သွင်းကာ အငွေ့တွေကို မှုတ်ထုတ်လိုက်သည် ပါးလျလျမီးခိုးငွေ့တွေက သူ့ရဲ့ နူးညံ့ သိမ့်မွေ့သော တောက်ပမှုကို ဝေဝါးသွား စေခဲ့ပြီး … သူ ပျင်းတိပျင်းရွဲ့နှင့် ပြောလိုက်သည်။


“အားလပ်ချိန်ဆိုတာမရှိတဲ့ အချိန်ဇယား တွေကြားမှာ စိတ်သက်သာရာရအောင် အပန်းဖြေပေးဖို့လိုတယ်”


ထိုစကားကိုကြားချိန်မှာ လုယုံရိ တွန့်ဆုတ်တွန့်ဆုတ်နှင့် သူဌေးဆီကနေ စီးကရက်တစ်လိပ် တောင်းပြီး ကျန်းလော့ လုပ်သလိုမျိုး ထိုင်ချပြီးတော့ သောက်လိုက်သည်။


ကျန်းလော့ သာမန်ကာလျှံကာ မေး လိုက်သည်။ 


“သူဌေး … ခင်ဗျားနဲ့ ခင်ဗျားမိန်းမရဲ့ ရာသီခွင်သင်္ကေတတွေက ဘာတွေလဲ”


သူဌေး ပြန်ဖြေလိုက်သည်။ “ဦးလေးက ကြွက် သူက မြင်း”


ကျန်းလော့ စိတ်မဝင်စားဟန်ဖြင့် ခေါင်း ညိမ့်လိုက်သည်။


လုယုံရိက ဆေးလိပ်ဘယ်လိုသောက်ရ မလဲဆိုတာမသိသေးသော အူရိုင်းလေး ဖြစ်၍ ကျန်းလော့ သင်ပေးလိုက်ရသည်။


“ခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီးတော့ မင်းရဲ့ အဆုတ်တွေထဲကနေ မှုတ်ထုတ် ပစ်လိုက်”


သူ လက်တွေ့ပြသနေစဉ်မှာ သူ့ရဲ့ ရှည်လျားပြီး သွယ်လျသော လည်တိုင်က အထက်သို့ အနည်းငယ် မော့နေခဲ့ပြီး အနက်ရောင် ဆံစတချို့က လေထဲလွင့် နေခဲ့ပြီး ပျင်းတိပျင်းတွဲ့ဟန်‌လေးက သူ့ရဲ့ ပါးစပ်ထောင့်စွန်းတွေ ထက်မှာရှိသော  မြူးတူးသည့်အပြုံးကလေးနှင့် လိုက်ဖက် နေခဲ့ပြီး နှလုံးခုန်သံကိုတောင် ရပ်သွား စေလုမတတ်ပင်။ 


အဖြူထည် လုယုံရိလေးခမျာ ရှက်သွေး ဖြာသွားခဲ့ရပြီး သူ တီးတိုးရေရွတ်လိုက် မိသည်။ 


“ဘာမှမဖြစ်ပါဘူး … ဒီနေရာမှာ အစ်ကို ချီယုံ ရှိနေတာမှမဟုတ်ဘဲ …”


တစ်ဖက်မှာထိုင်နေခဲ့သော သူဌေးက သက်ပြင်းချ၍ ခါးခါးသီးသီး‌ ပြောလာခဲ့ သည်။


“စီးပွားရေး အဆင်မပြေတော့တဲ့ အချိန် ကစပြီး …နေ့တိုင်းလိုလို ခြေကုန် လက်ပန်းပဲကျနေမိတော့တာ။ အကုန်လုံးက ဦးလေးရဲ့ အမှားတွေပါပဲ။ ဦးလေးရဲ့ ဇနီး ကြုံတွေ့နေရတာကို အချိန်မှီ သတိမထားခဲ့မိဘူး”သူ ပြောရင်း ပြောရင်းနှင့် ရှိုက်သံပါလာခဲ့ပြီး  မျက်ရည်တွေကို သုတ်လိုက်သည်။ 


“ကိုယ့်မိန်းမတစ်ယောက်လုံး ဒီလိုတွေ ဖြစ်နေတာကိုတောင် … သတိမထားခဲ့ မိဘူး … ငါတကယ်ကို လူမဆန်တဲ့ သူပဲ”


သူ အသည်းအသန်ကို ငိုနေခဲ့ပြီး ထိုကဲ့သို့သော မြင်ကွင်းကို ကြည့်နေရ သည့် လုယုံရိရဲ့ မျက်လုံးတွေလည်း နီရဲ လာခဲ့သည်။ကျန်းလော့ စီးကရက်ကို ဆက်သောက်နေခဲ့ပြီး  စီးကရက်မီးခိုး တွေရဲ့ ကြားမှာ သူ့ရဲ့အမူအရာက အနည်းငယ် ဂရုမစိုက်ဟန်ပေါက်နေခဲ့ သည်။ သူ့စီးကရက်ကို ကုန်အောင် သောက်ပြီးသွားချိန်မှာ ကျန်းလော့ ဖိနပ်ဖြင့် ချေလိုက်ပြီးနောက် မတ်တပ် ထရပ်ပြီး သူဌေးကို အထက်စီးဆန်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက် သည်။ 


“တကယ်ပဲ သတိမထားမိတာလား”


အခုချိန်ထိ ငိုနေသေးသော သူဌေးဖြစ်သူ အံ့အားသင့်သွားခဲ့သည်။


ကျန်းလော့ “ဒီနေရာလိုမျိူး ဖုန်းရွှေ ကောင်းတဲ့နေရာကို ရှာတွေ့ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး … ဒီနေရာမှာ လာပြီးတော့ ဟိုတယ်ဖွင့်တယ် ဆိုကတည်းက ခင်ဗျားက ဖုန်းရွှေနဲ့ ပတ်သတ်ပြီး တော်တော်လေးကို နှံ့စပ် တယ်ဆိုတာကို သက်သေပြလိုက်တာပဲ”


“ခင်ဗျားရဲ့ တရုတ်ရိုးရာ ရာသီခွင် အကောင်က တိကျီလက်တက် ဆယ့်နှစ်တက်ထဲက ကျီ နဲ့ ကိုက်ညီတဲ့  ကြွက် … အဲဒီတော့ ရေဓာတ်ပေါ့  … ခင်ဗျား မိန်းမရဲ့ တရုတ်ရာသီခွင် အကောင်က တိကျီလက်တက် ဆယ်နှစ်တက်ထဲက ဝူ နဲ့ ကိုက်ညီတဲ့ မြင်း … သူက မီးဓာတ်  … ရေနဲ့ မီးနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာ ပဠိပက္ခတွေ ဖြစ်ကုန်တာပေါ့။ ဒီအခန်းက တောင် ဘက်ကို မျက်နှာမူထားခဲ့တာမို့  အခန်း ပိုင်ရှင် အမျိုးသားကို ကံတက်စေပြီး ပိုင်ရှင်အမျိုးသမီးကိုတော့ ကံ့ညံ့ စေတယ်ဆိုတာကို … ခင်ဗျား တကယ်ပဲ မသိတာလား”


သူဌေးဖြစ်သူ တောင့်တင်းသွားခဲ့ပြီး သူ့ကို လက်ဝါးနှင့် အုပ်ထားသည့် ကြားကနေ မော့ကြည့်လာခဲ့သည်။ 


ကျန်းလော့ သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်နေတဲ့အထိ ပြုံးနေခဲ့ပေမယ့် သူ့စကားတွေကတော့ အေးစက်ကာ ချက်ကောင်းကို ထိုးနှက်နေခဲ့သည်။


“ဒီလိုတွေ ဖြစ်လာရတဲ့အကြောင်းရင်း က ခင်ဗျားက ကိုယ့်ဘာသာကိုယ်ပဲ အလုပ်တွေ ရှုပ်နေပြီးတော့ အရေးစိုက်ဖို့ ကို အာရုံမလာပဲ ဘာဆိုဘာမှကို စိတ်ရင်း ထဲကနေပြီး ဂရုမစိုက်ခဲ့လို့ ဒီလို ဖြစ်ရပ်ဆိုးကြီးကို  ဖြစ်‌စေခဲ့တာပဲ”


သူ လှည့်ထွက်ကာ အခန်းထဲသို့ ပြန်ဝင် လာလိုက်သည်။


လုယုံရိ သူ့နောက်ကနေပြီး ရှုပ်ထွေးနေ သော စိတ်ခံစားချက်တွေဖြင့် လိုက်လာ ခဲ့သည်။


“ကျန်းလော့ … မင်း ပြောခဲ့တာတွေက အမှန်တွေပဲလား” 


ကျန်းလော့ အမ်းဟု အသံပြုလိုက်   သည်။


လုယုံရိ သူ့ပါးစပ်ကို တိတ်တိတ်လေး ပိတ်လိုက်သည်။


လုယုံရိကို ကျန်းလော့ တစ်ချက် ဝေ့ကြည့်လိုက်သည်။


လုယုံရိရဲ့ အမှန်တရားအပေါ် ခံယူချက် က ပြင်းထန်ပြီး … တကယ့်အစစ်အမှန် မဟုတ်သော ဇာတ်ကြောင်းကို ကြားရ ချိန်မှာလည်း သူ ငိုခဲ့သလို … မိန်းကလေး သုံးယောက်ရဲ့ အဖြစ်ဆိုးလှသော သေခြင်းတရားအတွက်လည်း သူ  ဒေါသူပုန်ထခဲ့သည် … ထိုကဲ့သို့သော သူမျိုးက မီးနှင့်တူသည်။ သူ့ရဲ့ မီးနှင့် တူသည့် စိတ်ဓာတ်ကရော အစစ်အမှန် လောကကြီးရဲ့ အမှောင်ထုနှင့် ကူကယ်ရာမဲ့မှုတွေကြားမှာ ငြိမ်းသက် သွားခဲ့မှာလား။


ကျန်းလော့ တံခါးဝမှာ လုယုံရိနှင့်အတူ ဆယ့်ငါးမိနစ်လောက် စောင့်ပြီးနောက် မှာတော့ ယယ်ရွှင်က ချွေးစို့နေသော မျက်နှာဖြင့် တံခါးကို ဖွင့်လာခဲ့သည်။


“ဝင်လို့ရပြီ”


အခန်းထဲမှာတော့ သူဌေးရဲ့ မိန်းမ အရိပ်အယောင်ကို မတွေ့ရတော့ဘဲ ယယ်ရွှင်က ပန်းရောင်ယုန်ရုပ်ကို အရင် တုန်းကအတိုင်းပဲ ရင်ထဲပွေ့ထားခဲ့သည်။ အိပ်ရာပေါ်မှာတော့ အဖွားအိုက သူ့မြေး ကို ရင်ခွင်ထဲ ဖက်ထားရင်းဖြင့် တုန်ရီနေ ခဲ့သည်။


သူဌေးက အနောက်ကနေ ပြေးဝင်လာ ခဲ့ပြီး ကလေးငယ်က သူ့အဖေ့ကို တွေ့ ချိန်မှာ ချက်ချင်းဆိုသလို “ဖေဖေ သားကို ဖက်”ဆိုပြီး အော်ငိုလာခဲ့သည်။ သူဌေးဖြစ်သူ သူ့သားကို မြန်မြန်ပွေ့ဖက် လိုက်ပြီး အဖွားအိုကို နှစ်သိမ့်ကာ ယယ်ရွှင်ဆီသို့ နားလည်ရခက်သော အမူအရာဖြင့် လျှောက်လာခဲ့သည်။


“ကျောင်းသား ယယ်… ဦးလေးရဲ့ ဇနီး…”


“သူမက မကောင်းဆိုးဝါး ဖြစ်သွားခဲ့ပြီမို့  … သူမကို ကယ်တင်နိုင်မယ့် နည်းလမ်း ကို ကျွန်တော်တို့ ရှာပါ့မယ်”ယယ်ရွှင် ခဏလောက် ရပ်သွားပြီးမှ ဆက်ပြော လိုက်သည် “သူမရဲ့ ကိုယ်ထဲ မှာ အနည်းဆုံးလူသုံးယောက်ရဲ့  အသွေး နဲ့ အသားတွေ ရောနေပါတယ် … ခင်ဗျား ရဲ့  အလုပ်အပ်နှံမှုကို ကျွန်တော်တို့  ကျေပွန်အောင် ဆောင်ရွက်ပြီးပါပြီ”


သူဌေးရဲ့ မျက်လုံးတွေက နီရဲနေခဲ့ပြီး သူ တစ်စုံတစ်ခုကို ထပ်မေးချင်ပေမယ့် လည်း သူပွေ့ချီထားခဲ့သော ကလေးက နောက်တစ်ကြိမ်ထပ်ငိုပြီး အိပ်ချင်တယ် ဟု ပြောလာခဲ့သောကြောင့် သူ ထပ်ပြော ချင်သေးပါသော်လည်း ကလေးကို အရင် သိပ်ရဦးမှာပင်။  


“ကျေးဇူးပြုပြီးတော့ မနက်ဖြန်အထိ စောင့်ပေးပါ … ဦးလေးမှာ မေးစရာလေး ရှိသေးလို့”


ယယ်ရွှင် ခေါင်းညိတ်လိုက်သည်။ သူဌေး က လက်မောင်းထဲမှာ ကလေးကိုပွေ့ချီ ထားရင်းနဲ့ ပြန်သွားပြီးနောက်မှာ အဖွား ဖြစ်သူကလည်း အထိတ်တလန့်ဖြစ်သွား ခဲ့ရ၍ တခြားအခန်းထဲသို့ အနားယူဖို့ ဝင်သွားခဲ့သည်။  သူတို့‌သုံးယောက် လှေကားပေါ်ကနေ ဆင်းကြချိန်မှာ ယယ်ရွင် မေးလိုက်သည်။


“ကျန်းလော့ … မင်း ဘာပြောလိုက်လို့ လဲ … သူဌေးက မင်းကို ကြောက်နေတဲ့ ပုံပဲ”


ကျန်းလော့ လက်ယမ်းပြလိုက်ရင်း “ဘယ်သူသိမှာလဲ “ဟု ပြောလိုက်သည်။ လုယုံရိကလည်း ပြန်လှည့်ကြည့်ကာ မရိုးသားသောပုံစံဖြင့် “ဟုတ်တယ် … ဘယ်သူသိမှာလဲ “ဟု ပြောလိုက်သည်။ သူတို့တွေ အောက်ထပ်သို့ ဆင်းပြီး ချိန်မှာ ယယ်ရွှင်နှင့် လုယုံရိက သွားအိပ်ဖို့ ပြင်လိုက်ကြပေမယ့် ကျန်းလော့ကတော့ မတ်တပ်ရပ်နေဆဲမို့ ယောက်ျားလေး နှစ်ယောက် သူ့ကို ကြည့်ရင်း ဘာလုပ်နေ တာလဲဟု သိချင်လာကြသည်။ 


“မင်း မပြန်ဘူးလား”


ကျန်းလော့ လှည့်ပတ်ကြည့်လိုက်ပြီး နောက် လှေကားထစ်တွေထက်မှာပဲ  ရယ်ကျဲကျဲနှင့် ထိုင်ချလိုက်သည်။


“ခဏလောက် စောင့်ကြအုံး”


“ဘာကို စောင့်ရမှာလဲ”


ကျန်းလော့ အပေါ်ထပ်ကို မော့ကြည့် လိုက်သည်။ 


“အော်သံ ဒါမဟုတ် ကလေးရဲ့ ကျင်ငယ် ထွက်ကျလာမှာကို စောင့်နေတာ”


ယယ်ရွှင် ခေါင်းကို စောင်းလိုက်ပြီး 


“အော်သံ ဟုတ်လား”


လုယုံရိ “က‌လေး ရဲ့ ကျင်ငယ်တဲ့လား”


ကျန်းလော့ ဖြည်းဖြည်းချင်း ပြောလိုက် သည်။ “သူဌေးရဲ့ မိန်းမကို တကယ်ပဲ လူသတ်သမားလို့ မင်းတို့‌တွေ ထင်နေကြ တာတော့ မဟုတ်ဘူးမလား”


ယယ်ရွှင် အချက်အလက်တွေကို ထောက်ပြလိုက်သည်။


“သူမရဲ့ခန္ဓာကိုယ်ထဲမှာ လူသုံးယောက်ရဲ့ အသွေးနဲ့ အသားတွေ ရှိနေတယ်လေ … ရှောင်ဖန်း စားပစ်လိုက်တာ”  


 ကျန်းလော့ သူ့လက်ပေါ်ကို မေးတင် လိုက်ရင်း အလေးအနက်မေးလိုက်သည်။ “ဒါပေမယ့် ဘယ်သူမှတော့ မတွေးတတ် လောက်အောင်ပဲ လူစင်စစ်ကနေပြီး သရဲသဘက်တော့ တန်းမဖြစ်သွား နိုင်ဘူးလေ။ သူမက အရင်တုန်းက လူသားတစ်ယောက်ဖြစ်ခဲ့တာ အသိသာ ကြီးကိုပဲ အခုတော့ နုပ်နုပ်စဉ်းခံထားရ တဲ့ အသားတစ်ကြီးဖြစ်သွားခဲ့တာ။ အဲတာ ဘာ‌ကြောင့်များလဲဆိုပြီတော့ သိချင်စိတ် မဖြစ်မိဘူးလား”


လုယုံရိနှင့် ကျန်းလော့ သူ့ကို ဘာမှ နားမလည်သော ပုံစံလေးတွေဖြင့် ကြည့် လာခဲ့သည်။ ထိုနှစ်ယောက်က အရာအားလုံးမှာ တော်ကြပေမယ့် ဖြူစင် လွန်းအားကြီးသည်။ သူတို့တွေသာ စိတ်ထားမဖြူစင်ပါက ကျန်းလော့ လုပ်ကြံထားသော ချီယုံနှင့် သူ့ကြားထဲက ဇာတ်လမ်းကို ယုံခဲ့ကြလိမ့်မည် မဟုတ်ချေ။ 


ကျန်းလော့ စိတ်ရှည်ရှည်ဖြင့် ပြောလိုက် သည်။ “သူမလည်းပဲ ခံရတဲ့သူဖြစ်နိုင် ချေ မရှိဘူးလား”


တခဏလောက် တန့်သွားပြီးနောက်မှာ သူ ဆက်ပြောလိုက်သည်။ 


“အမှန်တိုင်းပြောရရင် … သူမက ငါ့ကို သူ့တစ်ကိုယ်လုံး မျိုချခံရပြီးမှ ဗိုက်ကို ဖောက်ပြီးတော့ တခြားနစ်နာသူတွေရဲ့ အသွေးအသားတွေကိုပါ ယူပြေးပြီး သူမကိုယ်သူမ လူပုံစံပေါက်လာအောင် အဲတာတွေကိုစုပြီး အပ်ချည်နဲ့ ချုပ်ပြီး တော့ ချည်လိုက်တဲ့ ခံစားချက်ကို ပေးနေခဲ့တာ”


လုယုံရိ ထိတ်လန့်တုန်လှုပ်သွားမိပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။


“ဘာပြောတယ်” 


“လူပုံစံဖန်ဆင်းပြီးတော့  လူတွေရဲ့အိမ် ထဲကို ခိုးဝင် ပြီးတာနဲ့ သူတို့တွေ သတိမထားမိတဲ့အချိန်မှာ လူတွေကို စားပစ်တဲ့ သရဲသဘက်မျိုးရှိလား”  ကျန်းလော့ တစိမ့်စိမ့်တွေးတောပြီး ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။


“အဲဒီ့အရာကြီးမှာ လူသားတစ်ယောက် လိုမျိုး မျက်နှာရှိရမယ်။ ပြီးတော့ သရဲ သဘက်အဖြစ် ပြောင်းသွားတဲ့အချိန် ကျရင်လည်း ငါတို့ရဲ့သာမန်မျက်စိနဲ့ မမြင်နိုင်ဘူး။ ဒါပေမယ့် အဲဒီ့ဟာကြီးက လူတွေရဲ့ အသွေးအသားကို စားရတာကို နှစ်ခြိုက်ပြီးတော့ လူ တစ်ယောက်ကို ခေါင်းကနေခြေအစုံး  အရေပြားနဲ့ အရိုးတွေပါမကျန်  ဝါးမျိုပြီးတော့ ခေါင်းအုံးမှာ ကပ်နေခဲ့တဲ့ ဆံပင်မွှေးတချို့ ကိုပဲ ချန်ရစ်ခဲ့တာမျိုးပေါ့ … ယယ်ရွှင် … လုယုံရိ … အဲလိုသရဲသဘက်မျိုး ရှိလား”


လုယုံရိ ရှော့ရသွားခဲ့ပြီး ပြောလိုက်သည်။


“အဲတာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်…”


သူ့စကားတွေက တစ်ဝက်တစ်ပျက်မှာ တင် အရှိန်သတ်သွားခဲ့ရပြီး သူ ယယ်ရွှင်ကို တုန်လှုပ်စွာဖြင့် လှည့်ကြည့် လိုက်ကာ ယောက်ျားလေးနှစ်ဦးစလုံး တစ်ပြိုင်နက်တည်း ပြောလာခဲ့ကြသည်။


“လူမျက်နှာဧည့်သည်”


လူမျက်နှာဧည့်သည်က  လူတွေ စွန့်ပစ် လိုက်တဲ့ အဝတ်အစားတွေကို ဝတ်ပြီး တော့ အသက်ရှိနေတဲ့ လူသားတစ်ဦးရဲ့ အသွင်ကို ဖန်တီးနိုင်စွမ်းရှိသည့် သရဲသဘက်ပင် ဖြစ်သည်။ လူတွေမရှိ ကြချိန်မှာ အိမ်ထဲကိုခိုးဝင်ပြီးတော့ နေ့ခင်းဘက်မှာ မိသားစုတွေနှင့် ပျော်ရွှင် ရယ်မောပြီး စကားတွေပြောနေခဲ့ပေမယ့် ညအချိန်ရောက်ချိန်မှာတော့ သူ့ရဲ့ဗီဇကို ဖော်ပြလာပြီး လူတွေကို တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ပြီးတော့ စားလေ့ရှိ သည်။


အကြွင်းအကျန်ဆိုတာ လုံးဝမကျန်ရစ် ဘဲနဲ့ပေါ့။


ဖြစ်နိုင်ချေတစ်ခုကို ကောင်လေးနှစ်ဦး တွေးမိသွားပြီး … ယယ်ရွှင်က ပြောစရာ စကား ဆွံ့အသွားချိန်မှာ လုယုံရိက ပိုပြီး တော့ပင် ပြောစရာစကား ပျောက်ရှသွား ခဲ့သည် … ကျန်းလော့ကို သူတို့တွေ ကြောက်လန့်တကြား ဖြစ်‌မိသည့်အလား ငေးကြောင်ကြောင်လေး ကြည့်နေမိခဲ့ကြ သည်။


ကျန်းလော့ အဆောက်အဦးရဲ့ အပေါ်ကို ညွှန်ပြလိုက်ပြီး “ဒါကြောင့်မို့ ငါက အော်တဲ့အသံ ဒါမှမဟုတ် ကလေးရဲ့ ကျင်ငယ် ထွက်ကျလာတဲ့အသံကို စောင့်နေတာ”


သူ့ရဲ့သားက ကြောက်လန့်နေခဲ့၍ သူဌေး ဖြစ်သူ ကလေးကိုချော့မော့ပြီးတော့ သိပ်လိုက်ရသည် သို့သော် သူ့ရဲ့ စိတ် တွေကတော့ လေးလံကာ ရှုပ်ထွေးနေခဲ့ သည်။ အချိန်အတော်ကြာပြီးနောက်မှာမှ သူ ဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့ သည်။


သူ အိပ်မောကျတော့မယ့်အချိန်မှာပဲ ညလယ်ခေါင်ကြီးမှာ သူ့မျက်လုံးတွေ ရုတ်တရက်ဆိုသလို ဗြုန်းခနဲ ပွင့်သွားခဲ့ သည်။


ဘယ်သူထင်မှာလဲ သူ့မျက်လုံးတွေ ဖွင့်လျင်ဖွင့်ခြင်းမှာပဲ ကုတင်ဘေးနားမှာ ရပ်နေခဲ့သော ချောက်ခြားဖွယ်သဏ္ဍန် တစ်ခုကို တွေ့လိုက်ရလိမ့်မယ်လို့။


သူဌေးဖြစ်သူ လန့်သွားခဲ့ပြီး သူ့နှလုံးသား က လည်မျိုထိတောင် မြင့်တက်လာ သလိုခံစားလိုက်ရကာ သူ မီးကို မြန်မြန် ဖွင့်လိုက်ပြီး ရပ်နေတဲ့သူက ဘယ်သူလဲ ဆိုတာကို မြင်ပြီးသွားချိန်မှပဲ သူ့ ရင်ထဲက အလုံးကြီးကျသွားခဲ့ရကာ သူ ချွေးစေးချွေးပေါက်တွေ ရွှဲနေရင်းဖြင့် မေးလိုက်သည်။


“အမေ … ဒီမှာ ဘာရပ်လုပ်နေတာလဲ”


အခန်း ၆.၂


အမယ်အိုကြီးက မျက်နှာထက်မှာ ထူးဆန်းပြီး ကြောက်ဖို့ ကောင်းသော အပြုံးကို ချိတ်ဆွဲထားခဲ့ပြီး သူမ ကြင်ကြင်နာနာဖြင့် ပြောလာခဲ့သည်။


“သားလေး … ပြန်အိပ်တော့လေ”


အမယ်အိုကြီးရဲ့ ပါးစပ်ထဲမှာ တစ်ခုခုကို ဝါးနေခဲ့ပြီး သူမရဲ့စကားတွေက လုံးထွေး နေခဲ့သည်။သူဌေးဖြစ်သူ မသိစိတ်က နေပြီးတော့ အနည်းငယ် စိတ် မသက်မသာ ခံစားလာခဲ့ရသည်။


“အမေ … ဘာကိုစားနေတာလဲ”


သူ့ရဲ့အကြည့်တွေကို အမယ်အိုကြီးရဲ့ ဖြူဖွေးနေသောသွားတွေဆီ အကြည့်ပို့ လိုက်ပေမယ့် သူမြင်လိုက်ရတာက ထိုအပေါ်မှာ ပေကျံနေသော နီရဲရဲ သွေးတွေကိုပင်။ 


စိတ်မတင်မကျဖြစ်မှုက သူဌေးဖြစ်သူထံ ရုတ်ချည်းရောက်လာခဲ့ပြီး သူ အကြည့် ကိုအောက်ပို့လိုက်ချိန်မှာတော့ အမယ်အို ရဲ့လက်တွေက သွေးချင်းရဲရဲနီနေသော အကွက်ကြီးဖြစ်အောင် အသားတွေ ကိုက်ထုတ်ခံထားရသည့် သူ့လက်မောင်း ကို ကိုင်ထားတာ တွေ့လိုက်ရသည်။ သူဌေးဖြစ်သူရဲ့ မျက်လုံးတွေ ချက်ချင်း ပြူးကျယ်သွားခဲ့ပြီး အေးစိမ့်မှုက သူ့ ကျောရိုးထဲကနေ ထိုးတက်လာခဲ့ကာ အလွန်အမင်း ကြောက်ရွံ့မှုက သူ့ရဲ့ လည်ချောင်းထဲကနေပြီး “ဟေး ဟေး”ဆိုသော အသံကိုသာ ထွက်လာစေခဲ့ပြီး သူ အော်တောင်မအော်နိုင်ခဲ့ချေ။


အမယ်အိုကြီးက ပြုံးလျှက်ပင် သူ့ခေါင်း ကိုငုံ့ပြီး သူ့ရဲ့လက်မောင်းကို ကိုက်ဝါး နေခဲ့သည် … သွေးတွေက  အရသာ ရှိသော သောက်စရာဖျော်ရည်အလား သူ့ပါးစပ်ထဲကို တန်ဖိုးထား၍ လောဘ တကြီးနှင့် မျိုချနေခဲ့သည်။ အသားကို ဝါးနေသည့်အသံ တွေက ပိုပိုပြီးတော့ ကျယ်လောင်လာခဲ့ သည်။ 


အမယ်အိုကြီးရဲ့ ရှုံ့တွနေသောမျက်နှာ တစ်ခြမ်းမှာ သွေးတွေဖြင့် ပေရေနေခဲ့ပြီး သူဌေးက ကြောက်လွန်းအားကြီး၍ သိမ့်သိမ့်တုန်နေခဲ့သောကြောင့် သူ့ရဲ့ မျက်လုံးတွေက အပြင်ကိုတောင် ထွက်ကျလာတော့မတတ် ဖြစ်နေခဲ့ပြီး သူ့ရဲ့ တဆတ်ဆတ်ခါနေသော နောက်ထပ် လက်တစ်ဖက်က သူ့သားရဲ့ ဗိုက်ပေါ်ကို ဖိနေခဲ့မိသည်။ အိပ်မောကျ နေသော ကလေးက အသိမရှိဖြစ်နေပေ မယ့် တစ်နေ့လုံးထိန်းထားခဲ့ရသော သေးတွေက ထွက်ကျလာခဲ့ပြီး အသံ တစ်သံမှမထွက်ဘဲ အိပ်ရာခင်းကို အကွက်အကြီးကြီး စိုသွားစေခဲ့သည်။


အမယ်အိုကြီး စားပြီးရင်း စားနေခဲ့ ပေမယ့် သူ့မျက်နှာထားတွေ ရုတ်တရက် ပြောင်းသွားခဲ့ကာ ကလေးရဲ့ကျင်ငယ် တွေဆီကနေ အနောက်သို့ ဝေးဝေး ရှောင်လိုက်ပြီး သူဌေးဖြစ်သူနှင့် ကလေး ကို မုန်းတီးသောမျက်လုံးတွေဖြင့် ကြည့် လိုက်သည်။ သူဌေးဖြစ်သူ နောက်ဆုံးမှာ တော့ အော်နိုင်သွားခဲ့ပြီး “အားးး”ဟု အသံထွက်လာခဲ့သည်။ အောက်ထပ်မှာ ရှိနေကြသော ကောင်လေးသုံးယောက် ချက်ချင်းပဲ ပြေးတက်လာခဲ့ကြသည်။


သူတို့ရောက်သွားချိန်မှာတော့ ပိုင်ရှင်ဖြစ်သူက ကုတင်ရဲ့ထောင့်စွန်းနား လေးမှာ သူ့သားကို ရင်ခွင်ထဲပိုက်ကာ ကာကွယ်ပေးထားရင်း တုန်ရီနေခဲ့သည်။ သွေးတွေပေးကျံနေသော လူမျက်နှာ ဧည့်သည်က သူတို့ကိုမြင်ချိန်မှာ သူ့ရဲ့ မျက်လုံးတွေကထဲက မုန်းတီးစိတ်တွေ ပိုပြင်းထန်လာခဲ့ပြီး သူလှည့်ထွက်ကာ ပြတင်းပေါက်ပေါ်ကနေ ခုန်ချ၍  ထွက်ပြေးဖို့လုပ် လိုက်သည်။


လုယုံရိက လျှင်မြန်စွာ လှုပ်ရှားလိုက်ပြီး လုမျက်နှာဧည့်သည်ရဲ့ အဝတ်အစား တွေကို ဆွဲကာ နောက်သို့ပြန်ဆွဲခေါ်ဖို့ လုပ်လိုက်ပေမယ့် အဝတ်အစားတွေက ပြဲသွားခဲ့ပြီး ထိုအဝတ်အစားတွေ ပျက်စီး သွားတဲ့ တခဏမှာပဲ လူမျက်နှာဧည့်သည် ရဲ့ အရေပြားလည်း ပျက်စီးသွားခဲ့ပုံရပြီး ထိုဟာကြီးက ချက်ချင်းဆိုသလို ပုပ်သိုး နေသော အသွေးအသားအပုံကြီး ဖြစ်သွားခဲ့သည်။ 


အရေပြားမရှိသော လူတစ်ယောက် ကဲ့သို့။


သူဌေးဖြစ်သူ အသက်ရှုရပ်ကာ မျက်လုံး တွေလည်ပြီး သတိလစ်သွားခဲ့သည်။ 


လုယုံရိ အော်မလို့လုပ်လိုက်ပေမယ့် ခေါင်းပြတ်ကြီးက သူ့ကို ကျော်ကာ “အားးး”“ကြောက်စရာကြီး …. ကြောက်စရာကြီး”ဟု အော်လာခဲ့သည်။


လုယုံရိရဲ့ အော်သံတွေ လည်မျိုမှာ တစ်သွားခဲ့ရပြီး သူ့နောက်ကိုလိုက်ရမှာ ဖြစ်သော ခေါင်းပြတ်ကြီးကို ကျန်းလော့ ဆီ တမင်ပစ်ပေးလိုက်သည်။  


“ငါ လူမျက်နှာဧည့်သည်ကို သွားပြီး တော့ ဖြေရှင်းလိုက်မယ်။  လူမျက်နှာ ဧည့်သည်တွေက မီးကို ကြောက်တယ် … မီးနဲ့ ရှို့လိုက် ကြရအောင်”


ကျန်းလော့ သူဌေးဆီကနေ မီးခြစ်ကို ရှာယူလိုက်ပြီးနောက် သူ့ဆီ ပစ်ပေးလိုက် သည်။ လုယုံရိ အိပ်ရာခင်းကို ဆွဲချပြီး လူမျက်နှာဧည့်သည်အပေါ် ခုန်အုပ်ဖို့ လုပ်လိုက်သည်။


အိပ်ရာခင်းတွေပေါ်မှာ ကလေးရဲ့သေးနံ့ တွေ ရှိနေတုန်းပဲဖြစ်ပြီး လူမျက်နှာ ဧည့်သည် စူးစုးဝ့ါးဝါးအော်လာခဲ့ပြီး သူ့ အသံက ကြွက်အော်သံကဲ့သို့ နားထဲ စူးဝင်လာခဲ့သည်။ ယယ်ရွှင် သဘော ပေါက်သွားခဲ့ပြီး အိပ်ပျော်နေသေးသော ကလေးကို တစ်ချက်ကြည့်ကာ ပြော လိုက်သည်။


“ကလေးက သေးပေါက်ချလိုက်လို့ တော်သေးတာပေါ့ မဟုတ်ရင် သူဌေး တော့  တစ်ကိုယ်လုံး အစားခံရပြီးနေ လောက်ပြီ”


ကျန်းလော့ ပုခုံးတွန့်လိုက်ပြီး “အမှန်ပဲ”


လုယုံရိ တစ်‌ယောက်တည်း လူမျက်နှာ ဧည့်သည်ကို မထိန်းနိုင်မှာစိုး၍ ယယ်ရွှင် သူ့လက်ချောင်းကို ထပ်ကိုက်ပြီး ရှောင်ဖန်းကို သွားကူညီခိုင်းလိုက်သည်။ ယုန်ရုပ်ရဲ့ ခြေလက်တွေ လှုပ်ရှားသွားခဲ့ ပြီး သူမတ်တပ်ရပ်ကာ လူမျက်နှာ ဧည့်သည်ဆီ သွားလိုက်သည်။ 


ယယ်ရွှင် ဘေးနားသို့ ကျန်းလော့ ကပ်သွားလိုက်ပြီးနောက် မမှိတ်မသုန် အာရုံစူးစိုက်၍ ကြည့်လိုက်သည်။


“ယယ်ရွှင် … အဲတာက တကယ်ပဲ အရုပ်လား”


ယယ်ရွှင် သူ့ကို တစ်ချက်စောင်းငဲ့ကြည့် ပြီး ပြောလိုက်သည်။ 


“ အငြိုးကြီးဝိညာဉ်အရုပ်လေ”


ကျန်းလော့ “……”ကြည့်ရတာ သူ သူဌေးကို အရူးလုပ်ဖို့ရာအတွက် လျှောက်ပြောခဲ့တာတွေက တကယ် ဖြစ်လာတဲ့ပုံပဲ။


“အငြိုးကြီးဝိညာဉ် “ဆိုသော စကားလုံး တွေက သွားပြီးတော့ ရန်စဖို့ရာမသင့် ပေမယ့် ယယ်ရွှင် တက်ကြွစွာဖြင့် မေး လိုက်သည်။ 


“မင်းရော တစ်ရုပ်လောက်လိုချင်လား”


ကျန်းလော့ ဝမ်းသာသွားခဲ့မိသည်။


“ရမလား”


ယယ်ရွှင် ရယ်လိုက်ပြီး “ဟင့်အင်း … ငါ မင်းကို နောက်နေတာ”


ကျန်းလော့ “…..”


လူမျက်နှာဧည့်သည်နှင့် အခုထိ လုံးထွေး နေသေးသော လုယုံရိက ခက်ခက်ခဲခဲ နှင့် ပြောလာခဲ့သည်။


“ဟေ့ရောင်တွေ … မင်းတို့ ငါ့ကိုလည်း အရေးလေးစိုက်ကြပါအုံး”


သူ ထိုစကားကို ပြောပြီးပြီးချင်းမှာပဲ ယုန်ရုပ်က လူမျက်နှာဧည့်သည်ရှေ့ကို ရောက်နေပြီဖြစ်ပြီး အရွယ်ရောက် ပြီးသား လူကြီးတစ်ယောက်ရဲ့ တစ်ဝက် လောက်အရွယ်‌ရှိသော အရုပ်ကြီးက အလွန်တရာမှကို တောင့်တင်းသန်မာ နေခဲ့သည်။ သူ့ရဲ့ အမွှေးပွပွလက်တွေကို လူမျက်နှာဧည့်သည်အပေါ် တင်လိုက်ပြီး နောက် သူ့ရဲ့ ပုပ်ပွနေသော အသားစိုင် တွေကို ဆွဲဖြဲလာခဲ့သည်။


 လူမျက်နှာဧည့်သည်ရဲ့ ခန္ဓာကိုယ်က သူ စားခဲ့သော များစွာသောလူတွေ၏ အစိတ်အပိုင်းတွေဖြင့် ဖန်တီးထားခဲ့တာ ဖြစ်သည်။ အသားတစ်လေးတစ်ပိုင်း မှာကိုက လူပေါင်းများစွာ၏ အသက်တွေ ရှိနေလောက်သည်။လုယုံရိ ရဲ့ အစာအိမ် တွေ မအီမသာဖြစ်လာခဲ့ပြီး သူ ဘေးသို့ ဆုတ်ကာ ယုန်ရုပ်နှင့် လူမျက်နှာ ဧည့်သည်ကို ထိပ်တိုက်တွေ့စေလိုက် သည်။ လူမျက်နှာဧည့်သည်က အမြှီး တက်နင်းခံလိုက်ရသော ကြွက်‌ တစ်ကောင်ကဲ့သို့ စူးစူးဝါးဝါး အော်လာ ခဲ့သည်။


လုယုံရိ သူ့ပါးစပ်ကို လက်ဖြင့်အုပ်လိုက် ပြီးနောက် ကျန်းလော့ ဘေးသို့ ဆုတ်လာ ခဲ့သည်။


“ရွံစရာကောင်းလိုက်တာ…”


ကျန်းလော့ တခဏလောက် တွေးတော လိုက်ပြီးနောက် သူ့ရဲ့လက်တွေထဲက ခေါင်းပြတ်သရဲ၏ ဆံပင်တွေကို ပွတ်သပ်ပေးနေရင်း ရုတ်တရက် ပြုံးလာ ခဲ့သည်။ 


“အစ်ကို နင်ရှုံ … တစ်ခုလောက် ကူညီပေးပါလား”


ခေါင်းပြတ်ကြီးက သူ့ရဲ့အပြုံးကြောင့် မိန်းမောသွားခဲ့ရပြီး သတိလက်လွတ်ဖြင့် ဖြေလာခဲ့သည်။ 


“လုပ်ပေးမယ်… လုပ်ပေးမယ် … လုပ်ပေးမယ်”


ကျန်းလော့ ပြောလိုက်သည်။


“ကျေးဇူးတင်ပါတယ် … အစ်ကို နင်ရှုံ”


ထိုစကားနှင့်အတူ ကျန်းလော့ သူ့ လက်မောင်းကို ဆန့်ထုတ်လိုက်ပြီး ခေါင်းပြတ်ကြီးကို စက်ဝိုင်းတစ်ဝက် လောက် အားဖြင့်ယမ်းကာ ခေါင်းပြတ် ကို ဘောလုံးအဖြစ်သုံး၍ လူမျက်နှာ ဧည့်သည်ဆီ အရှိန်နှင့် ပစ်ပေါက်လိုက် သည်။


ခေါင်းပြတ်ကြီးက လေထဲမှာ ငယ်သံပါအောင် အော်ရင်းနှင့် လူမျက်နှာ ဧည့်သည်ရဲ့ခေါင်းအနောက်ကို ကွက်တိ ပင် ပိတ်မှန်သွားခဲ့သည်။ 


လုယုံရိ ထိုအခွင့်အရေးကို အမိအရယူပြီး လူမျက်နှာ ဧည့်သည်ကို အိပ်ရာခင်းဖြင့် အုပ်ကာ မီးညှိလိုက်သည်။


သူနှင့် ယုန်ရုပ်က အိပ်ရာခင်းကို အစွန်း တစ်ဖက်စီကနေ ဖိထားလိုက်ကြပြီး မီးတောက်တွေက အိပ်ရာခင်းရဲ့အစွန်း နားဆီ ရောက်လာချိန်ကျမှ လုယုံရိ ယုန်ရုပ်ကို ကောက်မပြီး နောက်ဆုတ် ကာ မီးတောက်တွေက လူမျက်နှာ ဧည့်သည်ကို အပြီးတိုင်ဝါးမျိုသွားခဲ့တာ ကို ကြည့်နေလိုက်သည်။


မီးက ကြီးသထက်ကြီးလာချိန်မှာ ကျန်းလော့ နောက်လှည့်ပြီး မေးလိုက် သည်။


“ဘာဆက်လုပ်ရမှာလဲ”


လုယုံရိ သူ့လက်မောင်းကို ခြေကုန် လက်ပန်းကျစွာ ပွတ်လိုက်ပြီး “မင်းမှာ လုပ်ဆောင်ချက်အမှတ် သုံးမှတ်ပဲရှိတာ မဆန်းပါဘူး …. သေချာပေါက် ရဲခေါ်ရ မှာပေါ့ဟ … ပြီးတော့ လူနာတင်ယာဉ်‌ ရော … အာ ဟုတ်သား မီးသတ်စခန်း ကိုပါ တစ်ခါတည်းခေါ်လိုက်”


ကျန်းလော့ “…..”ဒီနယ်ပယ်က တော်တော်လေးလည်း သိပ္ပံနည်းကျ ပါလားဟု သူ သင်ယူလိုက်ရသည်။


ကျန်းလော့မှာ အတွေ့အကြုံမရှိသော‌ ကြောင့် လုယုံရိနှင့် ယယ်ရွှင်ရဲ့ ညွှန်ကြားချက်တွေနောက်ကိုပဲ သူ လိုက် နာလိုက်ရသည်။ နာရီဝက်ကြာပြီးချိန် မှာတော့ ရဲကားနှင့် လူနာတင်ကားတွေ ဟိုတယ် 129ဆီသို့ ရောက်လာခဲ့ကြ သည်။ ကျန်းလော့ အံ့ဩသွားရလောက် အောင်ပင် ရဲတွေနှင့် ဆရာဝန်တွေက အခင်းဖြစ်ပွားရာနေရာရဲ့ သဘာဝမကျ သော ဖြစ်စဉ်တွေကို တည်တည်ငြိမ်ငြိမ် ပဲ တုံ့ပြန်လာကြပြီး မီးငြိမ်းသတ်ပြီး နောက်မှာ မီးကျွမ်းသွားသော လူမျက်နှာ ဧည့်သည်ကို အဝါရောင်အဝတ်အိတ် ကြီးထဲ ထည့်လိုက်ကြပြီး ကျန်းလော့ တို့ကို အပြင်ခေါ်ထုတ်သွားခဲ့သည်။


သို့သော် ကျန်းလော့က ထွက်မသွား‌ခင် လေးမှာ တစ်ခုခုကို တွေးလိုက်မိပြီး ပြန်လှည့်ကာ ကလေးငယ်လေးရဲ့ လက်ကိုကိုင်ပြီးတော့ ရစ်သိုင်းနေသော အနက်ရောင်မြူတွေကို ထိလိုက်သည်။


မြောက်မြားစွာသော မှတ်ဉာဏ် အပိုင်းအစ‌တွေက သူ့ဆီ တလဟော ပြေးဝင်လာခဲ့ကြသည်။


သူ သူဌေးရဲ့ မိန်းမဖြစ်သူ၏ မှတ်ဉာဏ် တွေကို “မြင်”လိုက်ရသည်။


ပိုင်ရှင်မိန်းမဖြစ်သူ ညသန်းခေါင်ကြီးမှာ မျက်လုံးတွေကို ဖွင့်လိုက်ပြီး နေ့ခင်းတုန်း ကပင် သူမနှင့်အတူ ရယ်မောပြီး စကား ပြောနေခဲ့သော ယောက္ခမဖြစ်သူက သူမကို တစ်ကိုက်ပြီးတစ်ကိုက် ကိုက်စားနေခဲ့တာကို တွေ့လိုက်ရသည်။


ပိုင်ရှင်မိန်းမဖြစ်သူရဲ့  ကူကယ်ရာမဲ့မှုနှင့် ကြောက်ရွှံ့မှု့တွေကို သူ တွေ့လိုက်ရ သည်။ လူမျက်နှာ ဧည့်သည်က သူမရဲ့ သားကို အငမ်းမရဖြစ်နေတာကို တွေ့ပြီး နောက်မှာ သူမ ခံစားလိုက်ရသော အမုန်းတရားတွေနှင့် ဒေါသတွေကို သူ တွေ့ရသည်။ မိခင်မေတ္တာ၏ ကြီးကျယ် မြင့်မြတ်မှုက အမြဲလိုလို ဆန်းကြယ်မှု တွေကို ဖန်တီးလေ့ရှိပြီး သူ‌ဌေးရဲ့ မိန်းမဖြစ်သူက သူမရဲ့ နုပ်နုပ်စဉ်းခံထား ရသလို ဖြစ်နေသောအသားစတွေကို တရွတ်တိုက်ဆွဲပြီး လူမျက်နှာ ဧည့်သည် ရဲ့ ဗိုက်ကိုဖောက်ထွက်ကာ တခြားခံရသူ တွေ၏ အသားစ‌တွေကိုရော အပ်ချည် ဖြင့် တွဲချုပ်၍ သူမကိုယ်သူမ လူပုံစံ ပြန်ဖြစ်လာအောင် လုပ်လိုက်သည်။


သူမရဲ့ လူ့အသိဉာဏ်ကို ဆုံးရှုံးသွားခဲ့ ပေမယ့်လည်း သူမရဲ့သားကို ကာကွယ် ပေးလိုသော ပင်ကို အသိစိတ်ကတော့ ကျန်ရစ်ခဲ့သည်။ သူမသား အိပ်ပျော် သွားတဲ့အချိန်ကိုစောင့်ပြီး ညသန်းခေါင် ဆိုရင် သူမ ကုတင်ဘေးနားမှာ တောင့်တောင့်ကြီးရပ်ပြီးတော့ သူမရဲ့ သားနှင့် လူမျက်နှာ ဧည့်သည်ရဲ့ အပြုအမူတိုင်းကို စောင့်ကြည့်နေခဲ့ သည်။


 ဤကလေးလေးက အရမ်း ချစ်ဖို့ကောင်းသည်။ 


သူမ ဒီလို တွေးခဲ့မိသည်။ 


သူ့ကို ကြောက်သွားအောင် လုပ်လို့ မဖြစ်ဘူးဆိုပြီး။ 


ထို့ကြောင့်မို့ သူမ မိတ်ကပ်တွေကို လိမ်းခြယ်ခဲ့သည်။ 


ထို့ကြောင့်မို့လို့ မိန်းကလေးသုံးယောက် နှင့် သူဌေးရဲ့မိန်းမကို စားပြီးနောက်မှာ လူမျက်နှာ ဧည့်သည်က နောက်ထပ် ထပ်ပြီး လူမစားတော့တာဖြစ်သည်။ 


ပိုင်ရှင်မိန်းမ၏ သူမသားအပေါ် ကာကွယ်ပေးလိုသော စွဲလမ်းမှုက ကျန်းလော့ရဲ့ အတွေးထဲကို စီးဝင်လာ ခဲ့သည်။ 


ထိုပြင်းထန်လှသော ခံစားချက်တွေက ကျန်းလော့ကို သက်ရောက်နေခဲ့၍ သူ မထိန်းနိုင်တော့ဘဲ ငိုလိုက်မိသည်။ သူ အံတွေကိုကြိတ်ရင်း မျက်ရည်စက် ကြီးတွေက ကြမ်းပြင်ပေါ်  တပေါက်ပြီး တပေါက် ကျလာခဲ့သည်။


ကျန်းလော့ အသက်ကို ခက်ခက်ခဲခဲ ရှုလိုက်ရင်း ကြမ်းပြင်ပေါ် ထိုင်ချကာ သူ့ရဲ့ ခံစားချက်တွေကို တည်ငြိမ်အောင် လုပ်လိုက်သည်။


မိသားစုချစ်ခြင်းက ဒီလောက်တောင်ပဲ ကြီးကျယ်တာလား။ 


ထိုဟာက တီဗီမှာ ပြနေခဲ့တာလည်း မဟုတ်သလို သတင်းထဲမှာလည်း ရေးထားခဲ့တာမဟုတ်ချေ … ထိုဟာက ကျန်းလော့ရဲ့ မျက်လုံးတွေရှေ့မှာ တစ်ကွက်ပြီးတစ်ကွက်  ပိုင်ရှင်မိန်းမ ဖြစ်သူရဲ့  ကြံရာမရမှုတွေ ဒေါသတွေနှင့် အတူ ဖြစ်ပျက်သွားခဲ့တာဖြစ်ပြီး အကုန်လုံးက မယုံကြည်နိုင်လောက် အောင်ပင် မျက်စိရှေ့မှာ အမှန်တကယ် ဖြစ်ပျက်နေတာနှင့် တူနေခဲ့သည်။


မိခင်တွေရဲ့ဘဝက ဒီလိုမျိုးကိုး။


ကျန်းလော့ သူ့ ခေါင်းကိုငုံ့ကာ သူ့ကို စိုးရိမ်ပြီး မေးမြန်နေကြသူတွေကို အဆင် ပြေကြောင်း လက်ကာပြလိုက်ပြီး အသံ ကို အတတ်နိုင်ဆုံး ငြိမ်အောင်ထိန်း ကာ ပြောလိုက်သည်။ 


“ကျွန်တော် အဆင်ပြေပါတယ်” 


အချိန်အတော်ကြာပြီးနောက်မှာမှ သူ ခေါင်းမော့ကာ ဝတုတ်တုတ်ကလေး လေးကို နက်နဲသောအကြည့်တွေဖြင့် ကြည့်ကာ သူ့ အဖော်နောက်ကို လိုက် သွားလိုက်သည်။


ကားထဲမှာ ရဲဦးလေးကြီးက သူတို့ကို ရေနွေးနွေးလေးတစ်ခွက် ပေးလာခဲ့ပြီး နွေးနွေးထွေးထွေးဖြင့် ပြောလာခဲ့သည်။


“မစိုးရိမ်ပါနဲ့ … ဦးလေးတို့ နောက်ပိုင်း ကိစ္စတွေကို တာဝန်ယူဖြေရှင်းလိုက်ပါ့ မယ်။ ကျောင်းသားလေးတို့တွေ ဒီနေ့ တော်တော်လေး ပင်ပန်းသွားကြပြီ … ဒီကိစ္စက ထင်ထားတာထက်ကို တော်တော်လေး ကြီးတဲ့ကိစ္စပဲ … ဦးလေး တို့ ကျောင်းနဲ့ဆွေးနွေးပြီးတော့ လုပ်ဆောင်ချက်အမှတ်‌တွေ တိုးပေးဖို့ ပြောလိုက်ပါ့မယ်”


အခုချိန်မှာ အမှတ်တွေကိုလည်း ဂရုမစိုက်နိုင်တော့သော လုယုံရိ ခေါင်း ညိတ် လိုက်ပြလိုက်သည်။ သူ ကျန်းလော့ ကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း တွန့်ဆုတ်စွာဖြင့် မေးလာခဲ့သည်။ 


“ကျန်းလော့ … မင်း အဆင်ပြေရဲ့လား”


ကျန်းလော့ ခေါင်းယမ်းပြလိုက်ပြီး သူတို့ ကို မေးခွန်းတွေ ထပ်မမေးစေချင်တော့ သောကြောင့် လက်ဦးမှုရယူပြီး စကား လမ်းကြောင်းပြောင်းလိုက်သည်။ 


“ရဲ‌တွေက ရုပ်နယ်လွန်လောက အကြောင်းကို သိလို့ရလို့လား”


ယယ်ရွှင် ပြောလိုက်သည်။ 


“ရုပ်နယ်လွန်လောက အသိုင်းအဝိုင်းရဲ့ တည်ရှိမှုကို အစိုးရပိုင်းက သိတယ် … အဲဒါကြောင့် ငါတို့အပိုင်းကို တာဝန်ယူရ တဲ့ ရဲတွေကလည်း သေချာပေါက် သိတာပေါ့”


ကျန်းလော့ စိတ်ရှုပ်ထွေးနေတာကို တွေ့တော့ သူအသေးစိတ်ထပ်ရှင်းပြ လိုက်သည်။


“ရုပ်နယ်လွန်လောက အဖွဲ့အစည်းက  နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ‘သဘာဝသိပ္ပံ နဲ့  လူမူရေးဘာသာရပ်’ ဆိုတဲ့ သင်တန်းအစီအစဉ်တွေကို နိုင်ငံတစ်ဝန်းက တက္ကသိုလ်ကြီး ဆယ့်နှစ်ခုမှာ သင်ကြားနေတယ်လေ … အတန်းတစ်တန်းမှာ ကျောင်းသား ဆယ်ယောက်ထက်တော့ နည်းတာပေါ့”


“ရုပ်နယ်လွန်လောက အဖွဲ့အစည်းက ကျဆင်းလာပြီးတော့ ကျွမ်းကျင်အဆင့် ထိရောက်အောင် လေ့လာတဲ့သူတွေက နည်းသထက်နည်းလာကြပြီးတော့ အဲလို အဆင့်ထိရောက်အောင်ကို အရည် အချင်းရှိတဲ့သူတွေကလည်း သိပ်မရှိကြ ဘူးလေ … ဒါကြောင့်မို့ တစ်နိုင်ငံလုံးက တက္ကသိုလ်တွေအကုန် ပေါင်းတာတောင် တာတောင်မှပဲ လူအရေအတွက်က တစ်ရာလောက်ပဲရှိတယ်။


ယယ်ရွှင် ခဏလောက် ငြိမ်သက်သွားပြီး နောက်မှာ “နိုင်ငံမှာ သဘာဝလွန်ဖြစ်စဉ် တွေ ဖြစ်ပေါ်လာတဲ့အချိန်တိုင်း … အဲဒီ့ သဘာဝလွန်ဖြစ်စဉ်တွေကို ကျောင်း ဆယ့်နှစ်ကျောင်းကို နယ်မြေအလိုက် တာဝန်တွေအဖြစ် ခွဲပြီးတော့ ပေးလိုက် တာ။ ကျောင်းတွေအပြင်ကို  တခြား အထင်ကရ ကျောင်းကြီးခြောက်ကျောင်း ဂမ္ဘီရလောကထဲမှာ ရှိသေးတယ်”


ကျန်းလော့ကို ယယ်ရွှင် သူ့ရဲ့ ကျောက်စိမ်းကဲ့သို့ အေးစက်သည့် မျက်လုံး‌တွေဖြင့် ကြည့်လိုက်သည်။


“ချီယုံရဲ့ ချီမိသားစုက ရုပ်သေးဝိညာဉ် ထိန်းချုပ်ခြင်း အတတ်ပညာကျောင်းကို တည်ထောင်ထားခဲ့တာ”


“ရုပ်သေးဝိညာဉ်ထိန်းချုပ်တဲ့ အတတ်ပညာ”ကျန်းလော့ နောက်ကနေ လိုက်ပြောလိုက်မိသည်။


ယယ်ရွှင် ပြောလိုက်သည်။ 


“အဲတာက လူတွေရော သရဲတစ္ဆေတွေ ကိုပါ ထိန်းချုပ်နိုင်စွမ်းရှိကြတဲ့ ကျောင်းပဲ။ အသက်ရှင်နေတဲ့သူတွေရဲ့ ဝိညာဉ်တွေကိုရော သေပြီးသားသူတွေရဲ့ ဝိညာဉ်တွေကိုရော ထိန်းချုပ်နိုင်ကြ တယ်။ အဲ့နည်းလမ်းက ချီမိသားစုရဲ့ ကြောက်မက်ဖွယ် နည်းလမ်းပဲ။ ဒါပေမယ့် အဲဒီ့နည်းလမ်းက မယုံနိုင် လောက်အောင်ကို ခက်ခဲလွန်းအားကြီး လို့ ချီမိသားစုတစ်ခုလုံးမှာ ရုပ်သေး ဝိညာဉ်ထိန်းချုပ် အတတ်ပညာမှာ  ဆရာတစ်ဆူဖြစ်တဲ့သူဆိုလို့ ချီယုံ တစ်ယောက်ပဲရှိသည်။


ပြောရရင်တော့ ချီယုံ အသက်ရှင်နေစဉ် မှာ လူတွေရော သရဲတွေပါ သူ့ရဲ့ ရုပ်သေး တွေ ဖြစ်သွားနိုင်သည် … သူ့ရဲ့ လက်ချောင်းတွေထက်က ကြိုးတွေရဲ့ ဆွဲ‌ခေါ်ရာအတိုင်း ကနေကြတဲ့ ရုပ်သေးရုပ်တွေလိုပေါ့။


သူ့ရဲ့ မျက်လုံးတွေက နေရာတကာမှာ ရှိနေနိုင်သည်။


ကျန်းလော့ သူ့ဘေးနားက လူတွေကို သတိထား၍ ကြည့်လိုက်သည်။ လူတိုင်း က မအားလပ်စွာဖြင့် သူတို့အလုပ်ကို သူတို့လုပ်နေခဲ့ကြပြီး ရံဖန်ရံခါ ကျန်းလော့ကို ရိုးသားပြီး ရည်မွန်သော အပြုံးတွေနှင့် ပြုံးပြလာကြသည်။


ကျန်းလော့ရဲ့ မျက်လုံးတွေထဲမှာတော့ ထိုအပြုံးတွေမှာ ကျောချမ်းစရာကောင်း သော တစ္ဆေလိုလို အရိပ်အယောင် တွေဖြင့် ဖုံးလွှမ်းနေခဲ့ပြီး တဖြည်းဖြည်း ဖြင့် ချီယုံရဲ့ ပုံစံအဖြစ်သို့ ပြောင်းလဲလာ ခဲ့သည်။


ကျန်းလော့ ထိုသူတွေကို ပြန်ကြည့်ပြီး သူ့ဘာသူပြုံးလိုက်မိသည် … သူ အတွေး လွန်နေတာပဲဟုတောင် သံသယဖြစ်လာ မိသည်။


မူရင်းဝတ္ထုထဲမှာ ချီယုံက အခု ဝိညာဉ် မပြည့်စုံမှုကြောင့် အားနည်းနေတဲ့ အနေအထားမှာဖြစ်သည် … ဇာတ်လိုက် ကုံဖြစ်သော ဖုန်းလီ၏ အကူအညီ ကြောင့်သာ သူ ကျင့်ကြံပြီးတော့ လက်စားပြန်ချေနိုင်ခဲ့တာဖြစ်သည်။


သူ သန့်စင်ခန်းထဲမှာ ကိုယ်ထင်ပြနိုင် လာရတာကလည်း အချိန်နှင့်နေရာက ကွက်တိဖြစ်သွားခဲ့၍ပင်။


လူတွေကို ထိန်းချုပ်နိုင်တဲ့အခြေအနေထိ သူ ဘယ်လိုလုပ်ပြီးတော့ ပြန်ကောင်းလာ နိုင်မှာလဲ။


****