Ch 7
Viewers 8k

အခန်း ၇ အတန်းဖော် 


သို့သော် ကျန်းလော့ စိတ်ထဲမှာတော့ သတိထားဖို့ရန် မှတ်ထားလိုက်သည်။


အချိန်က အလွန်နောက်ကျနေပြီဖြစ်ပြီး ရဲအရာရှိတွေက တော်တော်လေးကို စဉ်းစားပေးတတ်ကြကာ သူတို့အတွက် ဟိုတယ်ကို စီစဉ်ပေးပြီး အနားယူစေခဲ့ သည်။


လရောင်က ကျိုးတိုးကျဲတဲ ကျနေခဲ့ပြီး ကျန်းလော့ ခေါင်းအောက် လက်ခု၍ သူ့ခေါင်းထဲမှာ ရှိနေခဲ့သော သူဌေးရဲ့ မိန်းမဖြစ်သူ၏ မှတ်ဉာဏ်တွေက အတွေးထဲ ဝင်လာခဲ့သည်။


ကာကွယ်ပေးမှု။


ထိုဟာက အမေဖြစ်သူကို နောက်တစ်ကြိမ် ပြန်ထပြီးတော့ သူမ‌ ကလေးရဲ့ဘေးနားမှာ နေနိုင်စေခဲ့သည့် တစ်ခုတည်းသော စွဲလမ်းမှုပင်။


ထိုကဲ့သို့သော ခံစားချက်က သူငယ်ချင်း အနည်းငယ်ပဲရှိပြီး အဲဒီ့လိုမေတ္တာမျိုးကို ဘယ်တုန်းကမှ မခံစားခဲ့ရဖူးသော ကျန်းလော့အတွက် အလွန်ပင် သူစိမ်း ဆန်လှသည်။  ဒီဇိုင်းဌာနမှာရှိသော သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေတောင်မှပဲ ကျန်းလော့နှင့် အပေါ်ယံသာ ရင်းနှီးပြီး သူ့ရဲ့ ကိုယ်ပိုင်ဘဝကို ဘယ်တုန်းကမှ သိခွင့်မရခဲ့ဖူးပင်။  


ကျန်းလော့ အတွက်တော့ တစ်ကိုယ် တည်း နေတယ် … တစ်ကိုယ်တည်းပဲ သေတယ် … တစ်ကိုယ်တည်းပဲ အစာစားပြီးတော့ ဘယ်သောအခါမှ ဆာလောင်မှုကို မခံစားရခြင်းက ဘဝကို အကောင်းဆုံး ရှင်သန်နေထိုင်ခြင်းပင်။


သူနှင့် မသက်ဆိုင်သော ထိုနက်ရှိုင်း သည့် မှတ်ဉာဏ်တွေကို သူ ဖြည်းဖြည်း ချင်း အဝေးသို့ လွင့်ပါးသွားစေလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်သည်။


တိတ်ဆိတ်အေးချမ်းသော ညတစ်ညပင်။


နောက်တစ်နေ့ မနက်စာစားရန်အတွက် သူတို့တွေ အောက်ထပ်ကို ဆင်းသွားကြ ချိန်မှာ အသက်နှစ်ဆယ်တွင်းထဲမှာ ရှိလောက်သော ရဲအရာရှိငယ်လေးက စားပွဲမှာ ထိုင်နေခဲ့ပြီး သူတို့ကို နှုတ်ဆက် လာခဲ့သည်။ “ပေါက်စီ …အီကြာကွေး နဲ့ စွပ်ပြုတ်ပူပူလေး … အဆင်ပြေတယ် မလား”


ကျန်းလော့ အီကြာကွေးကို ယူကာ နှစ်ပိုင်း ပိုင်းလိုက်ပြီး စွပ်ပြုတ်ပူပူထဲကို နှစ်လိုက်သည်။ ရဲအရာရှိလေးက ပြောလာခဲ့သည်။


“ဟိုတယ် 129ရဲ့ ပိုင်ရှင် သတိရလာ ပါပြီ… ဒါပေမယ့် သူ့စိတ်အခြေအနေက သိပ်ပြီးတော့ မကောင်းတဲ့ပုံပါပဲ”


ရဲအရာရှိလေးက သူတို့ကို ဗီဒီယိုတစ်ပုဒ် ပြလာခဲ့သည်။ဟိုတယ်ရဲ့ သူဌေးက ဆေးရုံကုတင်ထက်မှာ သူ့ သားလေးကို လုံးဝမလွှတ်ဘဲ ဖက်ထားခဲ့သည်။ သူ မျက်ရည်တွေ တထွေထွေစီးကာ ကြောက်ရွံ့နေသည့်ပုံ ပေါက်နေခဲ့သည်။  ပါးစပ်ကနေလည်း  “မိန်းမ ရယ် ကိုယ်မှားသွားခဲ့ပါတယ် … မိန်းမရယ် …”ဆိုပြီး တသွင်သွင် ရေရွတ်နေခဲ့သည်။


ကလေးက သူ့ပုံစံကိုကြည့်ပြီး လန့်၍ အော်ငိုချိန်မှာ သူဌေးဖြစ်သူ ကလေးကို ချက်ချင်းဆိုသလို ရင်ခွင်ထဲသို့ ထည့် လိုက်သည်။ ကလေးရဲ့ ဆံပင်ပျော့ပျော့ လေးတွေကို သူ အချိန်အကြာကြီး ပွတ် ပေးနေရင်းနှင့် အသံတိတ် မျက်ရည် တွေ ကျနေခဲ့သည်။


စီးပွားရေးအတွက်နှင့် သူဌေးက သူ့ မိသားစုကို အများကြီး လစ်လျူရှုခဲ့ သည်။ သူ ငွေရှာနိုင်ချိန်မှာ မိသားစု အတွက် အချိန်မရှိဖြစ်ခဲ့ပြီး … ငွေမရှာ နိုင်တော့တဲ့ အချိန်ရောက်တော့လည်း သူတို့နဲ့ အချိန်ဖြုန်းပေးဖို့ရာ စိတ်မရှည် ခဲ့ချေ။ 


တစ်ရက်မှာတော့ သူဌေးက ကြော်ငြာ နည်းလမ်း အသစ်တစ်ခုကို အကြံရလာ ခဲ့သည်။


သူ မတွေ့ဖြစ်တာ အချိန်အတော်ကြာ နေပြီဖြစ်သော သူ့အမေကို ဟိုတယ်သို့ ခေါ်လာခဲ့ပြီး အဖွားအိုကြီးရဲ့ စိတ်ဝင် စားစရာဗီဒီယို တစ်ချို့ကိုရိုက်ပြီး လူထုစိတ်ဝင်စားမှုကို ရဖို့ရန်အတွက် အဖွားအိုကို အင်တာနက်စတားအဖြစ် ပြောင်းလဲပစ်ဖို့ရာ ကြံလိုက်သည်။ ဒီနေ့ခေတ်မှာ တင်နေကြသော ဗီဒီယို အတိုအတွာလေးတွေမှာ လူတွေက ကလေးငယ်တွေနှင့် သက်ကြီးရွယ်အို တွေကို ပိုပြီးတော့ သည်းညည်းခံနိုင် ကြသည်။ ကျော်ကြားမှုကို ရလာသရွေ့ သူ့ ဟိုတယ်က ပြန်ပြီးတော့ ရေပန်းစား လာမှာပင်။


သူဌေးဖြစ်သူ သူ့အမေ့ကို ဟိုတယ်သို့ ပြန်ခေါ်လာခဲ့လိုက်သည်။ သူမနှင့် အတူမနေတော့တာ အချိန်အတော်ကြာ နေပြီဖြစ်ပေမယ့်လည်း သူတို့က အမေ နှင့် သား ဖြစ်နေသေးတာမို့ အချိန်တွေ ကြာလာလေလေ တစ်ခုခုကတော့ မှားနေပြီဟု သူ ခံစားရလေလေပင်။


သို့သော် သူဌေးက ထိုပြဿနာတွေ အပေါ် သေချာမစုံးစမ်းခဲ့ချေ။ သူရဲ့ အာရုံအကုန်လုံးက စီးပွားရေးအပေါ် မှာသာရှိပြီး ဘာမှကြီးကြီးမားမား မဖြစ် လောက်ပါဘူးလေဟု တွေးခဲ့သည်။


သို့သော် သူ့ရဲ့ လျစ်လျူရှုမှုနှင့် သူ့ရဲ့ ဝတ်ကျေတမ်းကျေ တွေးခဲ့မှုတို့က အခုကဲ့သို့သော အကျိုးဆက်တွေကို ဖြစ်စေခဲ့တာဖြစ်သည်။


သူဌေးရဲ့ ငိုသံတွေကြားမှာ ကလေး၏ လက်မောင်းပေါ်မှာ ရှိနေခဲ့သော အနက်ရောင်မြူတွေ ပျောက်ကွယ်သွား ခဲ့တာကို ကျန်းလော့ ကြည့်နေခဲ့မိသည်။  သူ လက်ကျန် အီကြာကွေးကို မျိုချလိုက် ပြီးနောက် ခေါင်းလှည့်ပြီး ယယ်ရွှင်ကို မေးလိုက်သည်။ 


“မင်း အဲတာကို မြင်လိုက်လား”


ယယ်ရွှင် ပေါက်စီကို အောက်ချပြီး ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။ “မင်း ဘာကိုမြင်လိုက်လို့လဲ”


“အနက်ရောင်မြူတွေလေ”ကျန်းလော့ ပြောလိုက်သည် “ကလေးရဲ့ ဘယ်ဘက် လက်မောင်းပေါ်မှာ”


ယယ်ရွှင် မျက်မှောင်ကြုတ်လိုက်ပြီး ဗီဒီယိုထဲက ကလေးငယ်လေးကို သေချာ စူးစိုက်ကြည့်လိုက်ပြီး အချိန် အတော်ကြာမှ သူ့ခေါင်းကိုယမ်းလာခဲ့ သည်။


“ငါတော့ မမြင်ပါဘူး”


ကျန်းလော့ အတွေးနယ်ချဲ့မိသွားသည်။


ယယ်ရွှင်လိုမျိုး အစွမ်းကြီးသောသူ တောင်မှ အနက်ရောင်မြူခိုးကို မမြင်နိုင် ပေ ပြီးတော့ မူလပိုင်ရှင်ကလည်း ထိုကဲ့သို့သော မြူခိုးမျိုးကို တစ်ခါမှ မြင်ခဲ့ဖူးခြင်းမရှိပေ  … အဲလိုဆိုရင် သူက ဘာလို့မြင်နိုင်ရတာလဲ။


သူနှင့် မူလပိုင်ရှင်ကြားက တစ်ခုတည်း သော ကွာခြားချက်က မတူညီ‌သော ဝိညာဉ်နှစ်ခုပဲဖြစ်ပြီး နောက်ထပ်က တော့  ချီယုံရဲ့ သေဆုံးခြင်းပင်။


သူ့ရဲ့ဝိညာဉ်ကပဲ ဒီပြောင်းလဲမှုကို ဖြစ်စေခဲ့တာလား ဒါမှမဟုတ် ချီယုံက သူ့ဘေးနားမှာ ရှိနေလို့များ ကျန်းလော့ အနက်ရောင်မြူကို မြင်နိုင်နေတာလား။


ကျန်းလော့ အရှေ့ကဟာဖြစ်ဖို့ မျှော်လင့်မိသည်။


ဘယ်သူကမှ သူတို့ ပါရမီရှင်ဖြစ်မှာကို မလိုချင်တဲ့သူရှိလို့လဲ။


စားသောက်ပြီးချိန်မှာ ရဲအရာရှိလေးက စားပွဲအောက်မှာ ချထားခဲ့သော ကျောပိုးအိတ်ကို မယူကာ သူတို့ဆီ ပေးလာခဲ့သည်။ 


“ဒီခေါင်းပြတ်သရဲရဲ့ ဘဝအကြောင်းကို စုံစမ်းကြည့်လိုက်တော့ သူ တကယ်ပဲ ဘာမကောင်းတာကိုမှ မလုပ်ခဲ့တာကို တွေ့လိုက်ရတယ်။ သူနဲ့ လူချင်း ဆွေးနွေးတိုင်ပင်ပြီးချိန်မှာ သူက မင်းတို့နဲ့အတူ ကျောင်းကိုလိုက်လာပြီး တော့ သူ့ကို ကြည့်ရှု့စောင့်ရှောက်စေ ချင်တယ်လို့ ပြောလာခဲ့တာ”


အိတ်က ကျန်းလော့ရဲ့ လက်ထဲမှာ ရှိနေခဲ့တာဖြစ်သည်။ ကျန်းလော့ ဇစ်ဖွင့်ကာ ငုံ့ကြည့်လိုက်တော့ မျက်နှာပြာပြာနှင့် ခေါင်းပြတ်ကြီးက သူ့ကို ရှက်ပြုံးကြီး ပြုံးပြလာခဲ့သည်။


“သူငယ်ချင်းလေး … ဟော့ဒီက ကျောင်းသားလေးက အပြုအမူ ယဉ်ကျေးပါတယ်”


ကျန်းလော့ စိတ်မဝင်စားဘဲ အိတ်ကို လုယုံရိဆီ ပစ်ပေးလိုက်သည်။


“ဟောဒီမှာ မင်းအတွက်”


လုယုံရိ ခေါင်းပြတ်သရဲကို ကိုင်ပြီးတော့ တွေးလိုက်သည်။ 


“သူ့ကို ဘယ်လို ကြည့်ရှု့စောင့်ရမှာလဲ။ မြေကြီးထဲမှာ မြုပ်ထားရမှာလား” 


ခေါင်းပြတ်ကြီးက ငိုယိုလာတော့သည်။


“မနေ့ကတော့ လူကို အစ်ကို နင်ရှုံလို့ ခေါ်ခဲ့ပြီးတော့ … အခုကျတော့ သူများဆီကို ပစ်စလတ်ခတ်ပေးပစ် တယ် … တကယ်ကိုပဲ လူတွေက ပိုပြီး တော့လှလေလေ ဟောဒီ့က ကျောင်းသားလေးရဲ့ အသည်းကို ဘယ်လိုခွဲရမလဲဆိုတာ ပိုပြီးတော့ သိလေလေပဲ”


လုယုံရိရဲ့ နားတွေ အူလာခဲ့ပြီး သူ ဇစ် ဆွဲပိတ်လိုက်သည်။ 


“နားညည်းတယ်”


ရဲအရာရှိလေးက ဆက်ပြောလာခဲ့သည်။ “ကျွန်တော်တို့တွေ ဟိုတယ် 129မှာရှိတဲ့ အခန်းတိုင်းက သန့်စင်ခန်းတွေကို ဝင်ပြီးတော့ ရှာဖွေချိန်မှာ အိမ်သာ ရေဆွဲချတဲ့ပုံးတွေထဲမှာ ငွေစက္ကူအတု တွေ ရှိနေတာကို တွေ့ခဲ့ရတယ်။ အဲပစ္စည်းတွေကို ထားသွားတဲ့သူက ဘယ်သူတွေလဲဆိုတာကို သိရအောင်လို့ ဧည့်သည်တွေရဲ့ ဇစ်မြစ်ကို ကျွန်တော် တို့လိုက်ပြီးတော့ စုံစမ်းသွားကြမှာပါ။ ကျောင်းသားလေးတို့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ပူစရာ မလိုတော့ ပါဘူး”


ယယ်ရွှင် ခေါင်းညိတ်လိုက်သည်။


“ဟိုတယ်ရဲ့ပထမထပ်က ပြတင်းပေါက် ဘောင်မှာ အညံ့တွေ စွဲကပ်နေတယ် … အဲတာကြောင့် သူ့ကို အညံ့တွေ ဖျောက်ပစ်ဖို့ရာအတွက် နဂါးမင်းရဲ့ ငါးယောက်မြောက်သားတော်ရုပ်တုကို ပြတင်းပေါက်ပေါ်မှာ ထားခိုင်းလိုက်ပါ”


ရဲအရာရှိလေးက ထိုစကားတွေကို တစ်ခုပြီးတစ်ခု သေချာလိုက်မှတ်လိုက် ပြီး တောက်ပစွာပြုံးပြလာခဲ့သည်။


“အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ကျောင်းသားလေးတို့”


သူတို့တွေ နှုတ်ဆက်စကား ပြောလိုက် ကြပြီးနောက် ကောင်လေးသုံးဦး ပြန်ဖို့ရာအတွက် ဖြည်းဖြည်းချင်း ပြင်ဆင်လိုက်ကြသည်။


ကျောင်းကိုပြန်လာသည့် လမ်း တစ်လျှောက် လုယုံရိနှင့် ယယ်ရွှင်တို့ တစ်ချိန်လုံး ခေါင်းတွေကိုငုံ့ကာ ဖုန်းနှိပ် နေခဲ့ကြသည်။  ကျန်းလော့ ထူးဆန်း သည်ဟု ခံစားလာရသည်။ ထို့ကြောင့် သူ မျက်လုံးလေးနှင့် ဝေ့ကြည့်လိုက် ချိန်မှာတော့ သူတို့အုပ်စုစကားပြောခန်း ထဲမှာ စာပို့နေကြတာကို တွေ့လိုက်ရ သည်။


အုပ်စုစကားပြောခန်းရဲ့ နာမည်က “ကိစ္စတစ်ခုခုရှိရင် အမွှေးတိုင် ထွန်းလိုက်ပါ”ဖြစ်ပြီး အုပ်စု စကားပြောခန်းရဲ့ လူအရေအတွက်မှာ‌ တော့ ရှစ်ယောက်ဟုပြနေခဲ့သည်။


ကျန်းလော့ ထိုစကားပြောခန်းကို ကြည့်လေလေ ပိုပြီးတော့ ရင်းနှီးလာ လေလေဟု ခံစားလာရပြီး ဒီဟာက မူလပိုင်ရှင်ရဲ့ ဘလော့ခြင်းကို ခံထား ရသော စကားပြောခန်းဖြစ်မှန်း ရုတ်တရက် သတိရသွားခဲ့သည်။


သူ့ဖုန်းကိုဖွင့်ကာ အုပ်စုစကားပြောခန်း ကိုရှာပြီး ဝင်ကြည့်လိုက်တော့ စကားပြောခန်းရဲ့ မတ်ဆေခ်ျ့တွေက အစောင်ရေ 99 ကျော်ထိတောင် ဖြစ်နေတာကို တွေ့လိုက်ရသည်။


ကျန်းလော့ စာတွေကို အထက်အောက် ရွေ့ကာ ဖတ်ကြည့်လိုက်တော့ ဘုရားရေ အုပ်စုထဲကလူတွေက သူ ဒီစကား ပြောခန်းထဲမှာ ရှိနေသေးတယ်ဆိုတာကို လစ်လျူရှုပြီးတော့ သူနှင့် ချီယုံကြားက အကြောင်းကို အတင်းတွေ တုပ်ထားခဲ့ ကြသည်။


[ ကျိုးကျုံးချိုး : နင်တို့ ဘယ်အချိန် ပြန်လာကြမှာလဲ။ ငါကတော့ နင်တို့ ပြောတဲ့ ချီယုံနဲ့ ကျန်းလော့ရဲ့ အကြောင်းကို လူမမြင်ရမချင်း မယုံနိုင်ဘူး] 


[ ကောကျူ : ထူးဆန်းတယ် … ငါ သူတို့နှစ်ယောက်ကြားမှာ ဒီလို ဆက်နွယ်မှုမျိုးကို ငါ ဘာလို့ မမြင်ခဲ့ရ တာပါလိမ့်] 


လုယုံရိ ရွှန်းရွှန်းဝေအောင် ပြောလိုက် သည် : [ ချီယုံရဲ့ သေဆုံးမှုက သေချာ‌ပေါက်ကို မဖြစ်သင့်ဘူးပေါ့ … အမှန်တိုင်း ပြောရရင် … အစ်ကို ချီယုံရဲ့ လုပ်ရက်တွေက သိသာနေတာပဲလေ…  မင်းတို့က မမြင်ခဲ့လို့သာ။ ဒါပေမယ့် ငါကတော့ တစ်ခုခုတော့ လွဲနေတယ်လို့ အာရုံရခဲ့တာ … မင်းတို့ကို ဘာမှမပြောပြ ခဲ့ရုံတင် ] 


 [ ယယ်ရွှင် : မင်းက အမြဲတမ်း ကျန်းလော့ရဲ့ မကောင်းကြောင်းတွေကို ပဲ ပြောခဲ့တာလေ] 


လုယုံရိ နှလုံးခုန်သွားခဲ့ပြီး သူ ဖုန်းကနေ ပြီး ခေါင်းကို ဂရုတစိုက် မော့ကာ ကျန်းလော့ကို မျက်လုံးလေးဖြင့် စွေကြည့်လိုက်ပြီး ကျန်းလော့ရဲ့ အမူအရာ မပြောင်းလဲတာကို တွေ့လိုက် ရချိန်ကျမှ သူ သက်ပြင်းချလိုက်မိသည်။ သူ အတိတ်တုန်းက ကျန်းလော့ကို အများကြီး ဆူပြောခဲ့ပေမယ့် ယခု တခဏ‌အချိန်လေးမှာတော့ သူ အပြစ် မကင်းသလို ခံစားလိုက်ရပြီး ထို အကြောင်းတွေကို ကျန်းလော့ကို ပေးမသိစေချင်တော့ပေ။


အဘယ်ကြောင့်ဆိုသော် ကျန်းလော့က သူ တွေးထင်ထားခဲ့သလိုမျိုး မဟုတ် တာကို လုယုံရိ သိလာရ၍ ဖြစ်သည်။


ကျန်းလော့ မတ်ဆေခ်ျ့တွေကို အဆုံးထိ ဖတ်ပြီးသွားပြီပင်။ လတ်စသတ်တော့ လုယုံရိနှင့် ယယ်ရွှင်က အုပ်စုစကား ပြောခန်းထဲမှာ သူ နှင့် ချီယုံရဲ့ နှစ်လမ်းသွား အချစ်ဇာတ်ကြောင်းကို ဖောက်သည်ချနေခဲ့ကြတာ ဖြစ်သည်။


စကားပြောခန်းထဲက အုပ်စုကတော့ မိန်းမောနေမိကြပြီး သူတို့နှစ်ဦးစလုံး ပြောလာတာတွေကို အမှန်ဟု မယုံကြည် ကြချေ။


ချီယုံက တကယ်ပဲ ကျန်းလော့အပေါ် နက်နက်ရှိုင်းရှိုင်း ချစ်ကျွမ်းဝင်နေတာ လား။ ကျန်းလော့ကို ဖွင့်တောင်မှ ပြောခဲ့တယ်ပေါ့လေ။


ကျန်းလော့ကို ပြန်လည်လေ့ကျင်းခန်း တွေ လုပ်ဖို့ရာအတွက်ဆိုပြီး တစ်ယောက်တည်း ကျန်နေရစ်ခိုင်းခဲ့ တာကလည်း သူနဲ့ အတူ အချိန်ကုန်ဆုံး ချင်လိုပေါ့။


ဟားဟားဟား … ယယ်ရွှင် နဲ့ လုယုံရိ တို့ အိပ်မက်ဆိုးတွေ မက်နေကြတာလား။


ချီယုံနဲ့ ကျန်းလော့က အချင်းချင်း ကြိုက်နေကြသည်ဟု ယုံလိုက်ရမှာ ထက်စာရင် လုံယုံရိ နှင့် ယယ်ရွှင်က လူတွေကို လှည့်စားဖို့ရာအတွက် ဇာတ်လမ်းထွင်နေကြတာလို့ပဲ ယုံလိုက်ချင်ကြသည်။


[ ကျိုးကျုံးချိုး : ချီယုံက ဘယ်လိုလုပ် ပြီးတော့ ကျန်းလော့လိုလူမျိုးကို ကြိုက်မှာတဲ့လဲ] 


လုယုံရိ တိတ်တိတ်လေး ပြောလိုက် သည် : [ ကျန်းလော့ရဲ့ မျက်နှာကို တွေးကြည့်လိုက်ကြလေ] 


စကားပြောခန်းထဲမှာ စက္ကန့်အချို့ လောက် ငြိမ်သက်သွားခဲ့ပြီး လုယုံရိ  ကိုးရိုးကားရားဖြင့် ပြောလိုက်သည် : [ တကယ်တော့ ကျန်းလော့က တော်တော်လေး ကောင်းပါတယ် ] 


ယယ်ရွှင် :[ လုယုံရိ ပြောတာမှန်တယ်]


သူတို့နှစ်ဦးသားရဲ့ ယုံကြည်လောက် အောင် ပြောမှုကြောင့် စကားပြောခန်း ထဲရှိ အုပ်စုရဲ့ သဘောထားက မူလ သဘောထားဖြစ်သော “လုံးဝ ဖြစ်နိုင်ချေမရှိဘူးဆိုပြီး အထင်အမြင် သေးသည့် “ပုံစံတွေကနေ “တစ်ဝက် လောက်တော့ ယုံကြည်လာ”ကြသော အခြေအနေသို့ ပြောင်းလဲလာခဲ့သည်။ လုယုံရိနှင့် ယယ်ရွှင်ကို ကျန်းလော့ တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ် သက်သာရာရသွားခဲ့ပြီး သူ လူရွေး မမှားမှန်း သိသွားခဲ့ရသည်။


သူတို့နှစ်ယောက်ကို အရူးလုပ်ဖို့ရာ လွယ်ကူပေမယ့် အတန်းတစ်ခုလုံးကို တော့ အရူးလုပ်ဖို့ရာခက်သည်။


အခုလက်ရှိ ကျန်းလော့ပဲဖြစ်စေ မူလပိုင်ရှင် ကျန်းလော့ပဲဖြစ်စေ နှစ်ယောက်စလုံးက အတန်းထဲက လူတွေအတွက်တော့ အပြင်လူတွေပင်။ ထိုကဲ့သို့သော အခြေအနေမျိုးမှာ ကျန်းလော့ကို အမြဲမုန်းတီးနေခဲ့သော လုယုံရိနှင့် တသီးတခြားနေတတ်သော ယယ်ရွှင်တို့က သူတို့ပါးစပ်ကို ဖွင့်ဟ လာခဲ့ကြတာမို့ “ချီယုံက ကျန်းလော့ကို ကြိုက်နေတယ်”ဆိုသော အကြောင်း အရာကို အတန်းထဲကလူတွေ ပိုပြီးတော့ ယုံကြည်လာကြမှာပင်။


ကျန်းလော့ရဲ့ ကိုယ်ပိုင်စကားတွေထက် ပိုပြီးတော့ပေါ့။


CP ဆိုတာ ဘာလဲ … ဘာမှမရှိတာကို ရှိလာအောင်လို့ မင်းကိုယ်တိုင် စိတ်ကူး တွေယဉ်ပြီးတော့ သကြားကို ပိုချိုလာ အောင် လုပ်တာပဲ မဟုတ်ဘူးလား။


လုယုံရိ စာရိုက်ရလွန်း၍ ညောင်းနေပြီ ဖြစ်သော လက်ချောင်းတွေကို ခါလိုကါ ပြီး သူ့ရဲ့ နောက်ဆုံးစာကြောင်းကို ပို့ လိုက်သည် : [ ငါတို့တွေ မကြာခင်ပဲ ကျောင်းကိုရောက်တော့မှာ … ငါ့ကို မယုံရင် ကျန်းလော့ကို ကိုယ်တိုင်မေး ကြည့်လိုက်လို့ရတယ် … ပြီးတော့ ချီယုံ က ကျန်းလော့ကို ကြိုက်လိမ့်မယ်လို့ မယုံရင်တောင်မှပဲ ချီယုံရဲ့ အလှပအပေါ် ခံစားတတ်မှုကိုတော့ ယုံကြည်သင့်တယ်]


ကျန်းလော့ : “……”


သူ ဒီလောကထဲကို ရောက်လာပြီး နောက်မှာ … သူ့မျက်နှာကို ကျေးဇူးတင် မိတာ ဘယ်နှခေါက်မြောက် ရှိနေပြီမှန်း တောင် သူမသိတော့ချေ။



ကျန်းလော့ ဖုန်းကို ချထားလိုက်ပြီး နောက် ချီယုံအပေါ်ထားသည့် သူ့အချစ် တွေကို မြင်သာအောင် သရုပ်ဆောင်ရင်း နှင့် ဆန်ကုန်မြေလေး သူ‌ဌေးသား တစ်ယောက်ရဲ့ ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည့်  ပုံစံကိုလည်း ထင်ရှားအောင် ဘယ်လိုလုပ်ရမလဲဟု တခဏလောက် တွေးတောနေလိုက် သည်။  


ယယ်ရွှင် နှင့် လုယုံရိတို့လို မဟုတ်ဘဲ … အတန်းထဲမှာ ကျန်ရစ်ခဲ့သော ငါးယောက်ထဲက သုံးယောက်မှာ ရင်ဆိုင်ဖို့ မလွယ်ကူချေ။ 


တစ်ယောက်က တာအိုမိသားစုရဲ့ သား ကောကျူ ဖြစ်ပြီး ကျန်တစ်ယောက်က တော့ ကျောင်းကြီးခြောက်ကျောင်း ထဲက ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်သွယ် လမ်းစဉ်ကို ကျင့်ကြံကြသော မိသားစု၏ သမီးဖြစ်သူ ကျိုးကျုံးချိုး ဖြစ်ကာ နောက်ထပ် တစ်ယောက်တော့ မျက်လုံး တွေက အမြဲတမ်းပြုံးနေခဲ့၍ သူ့ နှလုံးသားကို ခန့်မှန်းဖို့ မဖြစ်နိုင်သော ဝမ်ယမ်လန်ပင်။


တစ်ယောက်က ဝမ်းတွင်းအသိအပေါ်  မှီခိုသည်… နောက်တစ်ယောက်က အတွေ့အကြုံပေါ် မှီခိုသည် … နောက်ထပ် တစ်ယောက်ကကျတော့ လူ‌တွေရဲ့ စိတ်ကိုဖတ်သည်။ သူတို့ထဲက တစ်ယောက်မှ လှည့်စားဖို့အတွက် ကောင်းသည့်သူတွေ မဟုတ်ကြချေ။


ဆယ်မိနစ်ကြာပြီးနောက်မှာတော့ သူတို့ သုံးယောက် ကျောင်းမုခ်ပေါက်ဝသို့ ရောက်လာခဲ့ကြသည်။


သူတို့တွေ ကားပေါ်က ဆင်းဆင်းချင်း မှာပဲ ကျောင်းပေါက်ဝအပြင်ဘက်မှာ ရပ်နေခဲ့သော ကောင်လေးချောချော လေး တစ်ယောက်ကို တွေ့လိုက်ကြရ သည်။


ကောင်ချောလေးက  ပေါ့ပေါ့ပါးပါး စတိုင် ရှပ်လက်တိုနှင့် ဘောင်းဘီတိုကို ဝတ်ထားခဲ့ပြီး သူ့ရဲ့ ဖြောင့်စင်းနေသော ခြေထောက်နှစ်ချောင်းက မိန်းကလေး တွေရဲ့ ခြေထောက်ထက်ပင် ပိုပြီးတော့ ဖြူဖွေးနေခဲ့သည်။ ကောင်လေးက လျှာထိုးဦးထုပ်ကို ဆောင်းထားခဲ့ကာ နံရံကိုမှီပြီး သူ့ပတ်ပတ်လည်မှာ ဝိုင်းနေ ခဲ့သော မိန်းကလေးတွေကို ကိုင်တွယ် ဖြေရှင်းနေခဲ့သည်။


လုယုံရိ ထိုကောင်ချောလေးကို မြင်ချိန် မှာ ဆွံ့အသွားမိသည်။


“သူတို့တွေ ငါတို့ကို လာတောင်ကြိုနေ ကြတယ် … ယုံတောင်မယုံနိုင်ဘူး။ တော်တော်လေးကို အတင်းပြောရတာ ဝါသနာပါတဲ့ဟာတွေ”


ထိုသူက ဘယ်သူလဲဆိုတာကို ကြည့်ဖို့ အတွက် ကျန်းလော့ မျက်လုံးတွေကို မှေးလိုက်သည်။ သူ ကောင်းကောင်း မမြင်ရသေးခင်မှာပဲ ကောင်ချောလေး က သူတို့ကို တွေ့သွားခဲ့ပြီး မိန်းကလေး တွေ ကြားကနေ ထွက်လာခဲ့သည်။ သူတို့ဆီ တန်းတန်းလျှောက်လာပြီးတော့ နှုတ်ဆက်စကားကို ကျွမ်းကျွမ်း ကျင်ကျင်ဖြင့် ပြောလာခဲ့သည်။


“နင်တို့ ဘာလို့ သရဲကို ခေါ်လာရတာလဲ”


အသံက ဆေးလိပ်နဲ့ အရက်တွေထဲမှာ ပျော်ဝင်နေသည့်အလား အက်ရှကာ ဟိုမရောက် ဒီမရောက် ဖြစ်နေခဲ့သည်။


ကောင်ချောလေးက ခေါင်းပြတ်ကြီး ကိုထည့်ထားခဲ့သော လုယုံရိရဲ့ နောက်ကျောပေါ်က ကျောပိုးအိတ်ကို ကြည့်နေခဲ့တာဖြစ်သည်။ သို့သော် ခေါင်းပြတ်ကြီးက ဘာကိုမှမလုပ်ရ သေးသည့်တိုင်အောင် တစ်ဖက်လူက သူ့ရဲ့တည်ရှိမှုကို အာရုံခဲ့မိခဲ့သည်။


ယယ်ရွှင် နှင့် လုယုံရိ အံ့အားမသွားခဲ့ဘဲ ယယ်ရွှင်က အနည်းငယ် ညီးညူလာခဲ့ သည်။


“ဒါကြီးက ကျန်းလော့ကို တသသ စွဲလမ်းနေတာလေ”


ကျန်းလော့ထက် အနည်းငယ် အရပ်နိမ့် သော ကောင်ချောလေးက ကျန်းလော့ ကို မော့ကြည်လာခဲ့ပြီး ခေါင်းက အနည်း ငယ် ပင့်တက်သွားခဲ့၍ ဦးထုပ်ကောင်က ထက်ရှပေမယ့်လည်း မိန်းမဆန်သော မျက်နှာလေးကို ပြသလာခဲ့သည်။


ထိုကောင်လေးရဲ့ မျက်လုံးတွေက စူးရှ ကာ နက်ရှိုင်းပြီး သူ့ရဲ့ မျက်နှာသွင်ပြင်  အစိတ်အပိုင်းတွေကတော့ မခွဲခြားနိုင်ဘဲ မျက်နှာလေးက အနည်းငယ် မိန်းမဆန် နေခဲ့သည်။ ထိုအခါကျမှပဲ ထို ကောင်ချောလေးက မိန်းကလေးဖြစ်နေ မှန်း ကျန်းလော့ သဘောပေါက်သွားခဲ့ရ သည်။


ကျိုးကျုံးချိုးရဲ့ အကြည့်တွေက ကျန်းလော့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကင်းလှည့်နေခဲ့ပြီး ရုတ်တရက် သူ လေထချွန်လာခဲ့သည်။ 


“ချီယုံမှာ ကြည့်တတ်တဲ့အမြင်တော့ ရှိသားပဲ”


အနောက်မှာကျန်နေခဲ့သော ကောင်မလေးတွေက မဝံ့မရဲဖြင့် လိုက်လာခဲ့ကြပြီး နှစ်မီတာအကွာမှာ ရပ်ကာ ရှက်သွေးဖြာပြီး ပြောလာကြ သည်။ 


 “စီနီယာအစ်မ ……”


ကျိုးကျုံးချိုး နောက်သို့လှည့်ပြီး ကြံရာမသောပုံစံဖြင့် ကျန်းလော့ကို နောက်ပြန်လက်ညိုး ထိုးပြလိုက်သည်။


“ညီမလေးတို့ … စီနီယာအစ်မကလေ ဒီလို ရုပ်မျိုးကိုကြိုက်တာ”သူမ ရပ်လိုက် ပြီးနောက် ပြုံးလိုက်သည်။ “ရင်သား ကြီးလေ ပိုကောင်းလေပဲ … ဘာလို့လဲ ဆိုတော့ … စီနီယာအစ်မကိုယ်တိုင်ကိုက ဟိုင်းဝေးလမ်း ဖြစ်နေလို့လေ”


ကောင်မလေးတွေရဲ့ ပါးပြင်တွေ ရဲတက် သွားခဲ့ကြပြီး အသက်ရှုတမှိတ်အတွင်း မှာပင် သူတို့တွေ လူစုကွဲသွားခဲ့ကြသည်။ 


လုယုံရိ “…… အရမ်း မနာလိုလိုက်တာ”


ယယ်ရွှင် အသံတိတ် ခေါင်းညိမ့်လိုက် သည်။


ကျိုးကျုံးချိုးက ကျန်းလော့ရဲ့အကြောင်း ကို အလွန်စိတ်ဝင်စားနေခဲ့ပြီး လမ်း တစ်လျှောက် သူ့ကို မေးခွန်းတွေအများ ကြီး မေးလာခဲ့သည်။


“အဲတာဆိုရင် ချီရုံသေရတာ မတော်တဆမှုကြောင့် မဟုတ်ဘူးပေါ့”


သူမလက်တွေကို ရင်ဘက်ပေါ် ပိုက်လိုက်ပြီးနောက် သူမ မေးစေ့ကို ပွတ်နေရင်းမှ ရုတ်တရက် ထရယ်လာခဲ့ သည်။ 


“စိတ်ဝင်စားစရာပဲ”


ကျန်းလော့လည်း ထိုဟာကို စိတ်ဝင် စားဖို့ကောင်းသည်ဟု ထင်မိပေမယ့် သူ့မှာ ထုတ်ပြလို့မရချေ။ သူ ပြုံးလိုက် ပြီး သူ့ဘေးနားကနေ ဖြတ်သွားသော လူငယ်စုံတွဲက လူသွားလမ်းထက်က ခုံတန်းလေးတွေဆီ သွားပြီးတော့ ထိုင်လိုက်ကြတာကို တွေ့ချိန်မှာ သူ့ စိတ်ထဲ အကြံတစ်ခုပေါ်လာခဲ့ပြီး သူ ရုတ်တရက် ရပ်လိုက်သည်။


ကျိုးကျုံးချိုး သူ့ရဲ့ အကြည့်တွေနောက် ကို လိုက်ကြည့်လိုက်ပြီး သဘောပေါက် သွားခဲ့သည်။ 


“အရင်တုန်းက ဒီနေရာကို ချိန်းတွေ့ဖို့ အတွက် နင်တို့ လာခဲ့ကြတာလား”


အနက်ရောင်ဆံပင်နှင့် လှပသော ကောင်လေးက ပြုံးလိုက်ပြီး “ချိန်းတွေ့ တာမဟုတ်ဘူး”


ချီယုံက မူလပိုင်ရှင်ကို အမှန်ပင် ဒီနေရာကို ခေါ်လာခဲ့ဖူးသည် … သို့သော်  အကြောင်းရင်းက မူလပိုင်ရှင်ကို သာမန် ကျောင်းသားတွေရှေ့မှာ အရှက်တကွဲ ဖြစ်အောင် လုပ်ဖို့ဖြစ်သည်။


ပန်းတွေကို ကြည့်နေခဲ့သည့် ကျန်းလော့ ရဲ့ မျက်ဝန်းတွေက နူးညံ့နေခဲ့သည်။ သူ  သစ်ပင်တွေကို ချစ်သည်။ သူ့ရဲ့ ဒီဇိုင်း ပညာ အခြေခံကို ဒုတိယတွင် ပြီးမြောက် သွားပြီးနောက်မှာ ပန်းမန်ဗိသုကာ ဒီဇိုင်း ဘာသာရပ်ကို ထိုအချက်ကြောင့် ရွေးခဲ့ ခြင်းပင်။ ကျန်းလော့ရဲ့ ပုံစံက ပိုးထည်ဖြင့် ကပ်ညိနေသော ဖုန့်မှုန့်တွေ ကို ဖယ်ရှား ခံလိုက်ရသော ကျောက်မျက်ရတနာကဲ့သို့ပင် စိတ်ကို နူးညံ့စေကာ မျက်စိ ကျိန်းလောက်အောင်  အရောင်အဝါတွေ တောက်ပနေခဲ့သည်။


သူ့ရဲ့ မျက်လုံးတွေက နူးညံ့နေခဲ့ပြီး သူ့ အပြုံးက နှင်းစက်လေးတွေကို သယ်ဆောင်လာသော လေညှင်းကဲ့သို့ အေးမြကာ သူ့ရဲ့ မျက်နှာလေးက အလွန် သိမ်မွေ့ကာ နတ်သားလေးတစ်ပါးလိုပင် သို့သော် သူ့ရဲ့ အရိုးတွေထဲမှာတော့ နတ်ဆိုးတစ်ချို့ ပုန်းအောင်းနေခဲ့ပြီး ထိုဟာလေးကပင် ဆန့်ကျင်ဘက် ဖြစ်သော ဆွဲဆောင်မှုကို ဖြစ်ပေါ်စေခဲ့ သည်။


ကျိုးကျုံးချိုး စိတ်မထိန်းနိုင်ဘဲ သူ့ကို ခဏခဏ ချောင်းကြည့်ပြီး အချစ်က လူကို အမှန်တကယ်ပင် အသစ်တစ်ဖန် မွေးဖွားလာစေတာပဲဟု တွေးလိုက်မိ သည်။  လောကကြရဲ့ ချဉ်ဖက် ကျန်းလော့တောင်မှပဲ လမ်းမှန်ပြန် ရောက်လာခဲ့ပြီး ပါသွားသမျှပိုက်ဆံ အကုန်သုံးဖြုန်းကာ အလေလိုက်နေ သော ဆန်ကုန်မြေလေးအဖြစ်ကနေ ပြောင်းလဲသွားခဲ့သည့်ပင်။  ကျိုးကျုံးချိုး က လူတွေကို ပုံသေကားချပ်ကြီးဖြင့် အကဲဖြတ်တတ်သောသူ မဟုတ်ချေ။


ကျန်းလော့ရဲ့ နူးညံ့မှုတွေအပြည့်နှင့် အမူ အရာကို ချီယုံနှင့်ပတ်သတ်သော အတိတ်ကို တသသ လွမ်းဆွတ်နေတာပဲ သူမ ကောက်ချက်ချလိုက်ပြီး ကျန်းလော့ ရဲ့ လည်ပင်းကို ကြည့်ကာ မရဲတရဲ ပြောလိုက်သည်။


“လုရိယုံဆီကကြားရတာတော့ ချီယုံ မနေ့ညက ကိုယ်ထင်ပြလာတယ်ဆို”


အနက်ရောင်ဆံပင်နှင့် ကောင်လေး၏ လည်ပင်းမှာ ဆေးအကူက စီးပေးထား ခဲ့‌သော ပိတ်ကျဲနှစ်ထပ်ရှိနေခဲ့ပြီး သူ့ပုံစံ က နည်းနည်း စိတ်လွတ်နေသည့်ပုံပင်။ သူ လက်မြှောက်ပြီး လည်ပင်းကို ထိ လိုက်ပြီးနောက် သူ ချီယုံနှင့် နောက်ဆုံး တွေ့ခဲ့သော အကြိမ်ကို ပြန်တွေးလိုက်မိ သည်။ သို့သော် သူ့မျက်နှာပေါ်ရှိ အပြုံး ကတော့ ကြီးသထက်ကြီးလာခဲ့သည်။


“ဟုတ်တယ် … သူ ငါ့ကို လာတွေ့ခဲ့တာ”


မကောင်းဆိုးဝါးဝိညာဉ်က သူ့ရဲ့ လည်ပင်းကို အခုလိုညစ်ပြီးတော့ သူ့ အသက်ကိုယူသွားဖို့ လုပ်ခဲ့တာတောင် မှပဲ ကျန်းလော့က ရယ်နေနိုင်သေးသည်။ ကျန်းလော့က ချီယုံကို တကယ် ချစ်နေတာပဲဟု ကျိုးကျုံးချိုး လုံးလုံးကို ယုံကြည်သွားခဲ့တော့သည်။ 


ကျိုးကျုံးချိူး  သူ့ နားထင်တွေကို ခေါင်း ကိုက်စွာဖြင့် ပွတ်လိုက်သည်။ 


“နင် ရယ်နေနိုင်သေးတာလား။ သူက နင့်အသက်ကို လိုချင်လို့ လာခဲ့တာလေ”


ကျန်းလော့က “ငါ နားထောင်မှာ မဟုတ်ဘူး … ငါ နားထောင်မှာ မဟုတ်ဘူး”ဆိုသည့် မျက်နှာထားဖြင့် ခေါင်းမာစွာပြောလာခဲ့သည်။ 


“ချီယုံက ငါ့ကို အန္တရာယ်ဖြစ်အောင် လုပ်မှာမဟုတ်ဘူး … သူ ငါ့ကို လွမ်းနေရုံ သက်သက်ပဲ”


ကျိုးကျုံးချိုး “……”ဒါက တကယ်ကိုပဲ အချစ်မှာကျရှုံးပြီး ဘာမှကိုမသိတော့တဲ့ အခြေအနေနဲ့ တစ်ပုံစံတည်းပဲ။


လုယုံရိ ဆက်ပြီးတော့ ကြည့်မနေနိုင် တော့ပဲ သူ တွန့်ဆုတ်စွာဖြင့် ပြောလိုကမ သည်။ 


“ဒါပေမယ့် မင်းရဲ့လည်ပင်းက …”


ကျန်းလော အပြုံးချိုချိုလေး တစ်ပွင့်ကို ပြကာ နူးနူးညံ့ညံ့လေး ပြောလိုက်သည်။


“ဒါကတော့ သူ စိတ်လှုပ်ရှားသွားလို့ပဲ နေမှာပါ … ငါသိတယ် … သူ တကယ် မရည်ရွယ်ဘူးဆိုတာကို”


ယယ်ရွှင် ဘေးသို့ ကျိုးကျုံးချိုး ကပ်သွား လိုက်ပြီး ကျန်းလော့ခေါင်းကို တိတ်တိတ်လေး ညွှန်ပြလိုက်သည်။  


“သူ ချီယုံ ပြုစားတာကို ခံနေရတာလား”


ယယ်ရွှင် သက်ပြင်းချလိုက်မိသည်။


“သူက ချီယုံကို အရမ်းချစ်လွန်းအားကြီး ပြီးတော့ အပြစ်မကင်းသလို ခံစားနေရ တာ။ ချီယုံသာ သူ့ကို တကယ်သေခိုင်း လာခဲ့ရင် သူ တွေဝေမှုမရှိဘဲ ကျေကျေ နပ်နပ်ကြီးကို  သေလောက်တယ် “


“အဲလိုဖြစ်လို့ ဘယ်ရမလဲ “ကျိုးကျူံချိုး  ခိုင်ခိုင်မာမာ ပြောလိုက်သည်။


“ကျန်းလော့ကို ချီယုံ ဘယ်တော့မှ သတ်မပစ်စေရဘူး”


အဲတာက ချီယုံအတွက်ဆိုရင်တောင်မှပဲ ကျန်းလော့ အခုလိုမျိုး လုပ်မှာကို သူတို့ ဒီတိုင်းရပ်ပြီးတော့ ကြည့်မနေနိုင်ချေ။


ဤဟာက သေချာပေါက်ကို တစ်ဖက်လူ၏ ရည်ရွယ်ချက် မဟုတ် ချေ။ ချီယုံက သရဲအဖြစ်ပြောင်းသွားပြီး တော့ သူ့ချစ်သူကို သတ်ပြီး သူနှင့်အတူ  အဖော်ပြုပေးစေချင်တဲ့ဆန္ဒက သူ့ရဲ့ စွဲလမ်းမှု ဖြစ်လာသည့်ပုံပင်။  သူ အသိပြန်ဝင်လာပြီးတော့ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် နောင်တနှင့် နာကျင်မှုတွေရဲ့ အသူတရာချောက်နက် ထဲကို ချီယုံ ကျမသွားခင်ချိန်လေးမှာ သူတို့ ချီယုံကို မရရအောင် တားကြရ မည်ပင်။


ကျိုးကျုံးချိုး နှင့် ယယ်ရွှင် တစ်ယောက် မျက်နှာတစ်ယောက်ကြည့်ပြီး အသံတိတ် ခေါင်းညိမ့်လိုက်ကြသည်။


ပိုင်ဟွာတက္ကသိုလ်ရဲ့ ကျောင်းက မြို့ရဲ့ အလယ်ခေါင်မှာရှိပြီး မြို့လယ်ခေါင် ရဲ့နေရာက တော်တော် လေးသေးသည်။ ထို့ကြောင့်မို့ ကျောင်းပရဝုဏ်နေရာ ကလည်း သိပ်ပြီးတော့ မကြီးပေ။ သဘာဝသိပ္ပံနှင့် လူမှုရေးဘာသာရပ် ဌာနက ကျောင်းရဲ့အတွင်းကျဆုံးသော နေရာမှာ တည်ရှိတာဖြစ်သည်။


 ကျန်းလော့ သူတို့အနောက်ကိုလိုက်ပြီး ဘယ်ကွေ့ညာကွေ့နှင့် အကွေ့တွေအများ ကြီး ဖြတ်ကျော်သွားပြီးချိန်ကျမှ ချောင်ကျသောနေရာလေးမှာ သူ အရင်က မမြင်ခဲ့ဖူးသော လမ်းအသစ် တစ်ခုကို တွေ့လိုက်ရသည်။ 


ကျန်းလော့ရဲ့ အတွေးထဲမှာ စကားနှစ်လုံး ပေါ်လာခဲ့သည် …”အစီအရင် “ပဲ။


လူသွားလမ်းသွယ်လေးရဲ့ နောက်မှာ မြင်ကွင်းတစ်ခုပေါ်လာခဲ့ပြီး … “ကျောက်စိမ်းခါးပတ်”ဖုန်းရွှေပုံစံ အသွင်ရှိသော  စက်ဝိုင်းတစ်ဝက်ပုံစံ ရေကန်ရဲ့ကမ်းပါးနံဘေးမှာ ကျောင်း ဆောင်ရှည်ကြီးကို တည်‌ဆောက်ထားခဲ့ သည်။ 


ပန်းမန် ၊ သစ်ပင်နှင့် မြက်ခင်းတိုင်းက သူ့ နေရာနှင့်သူ ရှိနေခဲ့ကြသည်။ ကျန်းလော့ ထိုနေရာကို တစ်ချက်ကြည့်လိုက်ရုံ မျှနှင့်ပင် ကောင်းကင်ထက်မှာ လွင့်မျော နေသော ရွှေရောင်မြူတွေကို တွေ့လိုက် ရသည်။ ထိုဟာက ဖုန်းရွှေရတနာဖြစ် သော အတုမရှိသည့် အတိတ်နိမိတ်‌ ကောင်းသော အရောင်အဝါပင်။


သေချာကြည့်ကြည့်ပါက ကောင်းကင်ရဲ့ ချီ ၊ မြေကြီးရဲ့ ချီ ၊ နေ ၊ လ ၊တောင်တန်း ၊ မြစ် ၊ မြက်ခင်း ၊ သစ်ပင် ၊ ပန်းမန်အစ  ရှိသည့် အသက်ဓာတ်ပြည့်ဝနေသော အရာတွေက ရေကန်ပတ်ပတ်လည်မှာ ဝိုင်းရံထားခဲ့ကြပြီး ထိုနေရာကို နဂါး သွေးကြောရဲ့ အကျိုးသက်ရောက်မှုကို ခံစားရစေသည်။ ဒီနေရာရဲ့  ဒီဇိုင်းကို ဆွဲခဲ့သည့်သူက ဖုန်းရွှေမှာ ဆရာတစ်ဆူ ပင်ဖြစ်ရမည်။ 


ကျန်းလော့ အံ့အားသင့်မှုတွေဖြင့် အတန်းရှိရာဆီ လျှောက်သွားနေခဲ့မိပြီး အတန်းထဲကလူတွေက သူတို့ကို ပြတင်း ပေါက်ကနေတစ်ဆင့် ကြည့်နေခဲ့ကြ သည်။


ဆံထုံးမှာ ဆံထိုးလေးထိုးထားပြီး လျော့တိလျော့ရဲ တာအိုဝတ်စုံကို ဝတ်ထားခဲ့သော ကောကျူက နီးသထက် နီးလာကြသော လူသုံးယောက်ကို ပြုံး ကြည့်နေခဲ့သည်။ သူ့ရဲ့ မျက်နှာက အေးချမ်းပြီး မျက်လုံးတွေက ကြည်လင် တောက်ပနေခဲ့ပြီး လူတွေကို သူက လောကကြီးရဲ့ အနှောင်အဖွဲ့တွေကနေ ကင်းလွတ်နေသောသူဟူသည့် ခံစားချက် ကို ပေးစွမ်းနေခဲ့သည်။


“ကြည့်လိုက် … သူတို့ ပြန်လာကြပြီ”


သူနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေခဲ့သော အရပ်ရှည်ရှည်နှင့်ယောက်ျားက တုံ့ပြန် လိုက်ပြီး အပြင်ဘက်ကို အချိန် အတော်ကြာ စိုက်ကြည့်နေခဲ့ပြီးမှ ရုတ်တရက် ပြောလာခဲ့သည်။


“ယယ်ရွှင် သူ့လက်ထဲကအရုပ်ကို သုံး လာခဲ့တယ်”


ကောကျူ အနည်းငယ် ရှော့ရသွားခဲ့ပြီး “သူတို့ဟာဖြင့် ဟိုတယ်ကအလုပ်လေး ကိုပဲ အငြိုးအ‌တေးအရုပ်ကို သုံးလာခဲ့ တယ်ပေါ့”


ခန္ဓာကိုယ်တောင့်တင်းကာ မှုန်တေတေ မျက်နှာထားနှင့် ခွမ့်ကျိန်းက “ဟမ်”ဟု အသံပြုလိုက်သည်။ သူက လက်မှု ပညာရှင်ဖြစ်ပြီး သူ ဖန်တီးခဲ့သောပစ္စည်း တွေနှင့် ဆက်သွယ်နိုင်စွမ်းရှိသည်။


“မစိုးရိမ်ပါနဲ့ …. နည်းနည်းလေးပဲ သုံးလာခဲ့တာပါ”


ကောကျု သူ့ နဖူးထက်က ချွေးစေး တွေကို သုတ်လိုက်ပြီး “ဟောဒီ့က တာအိုဘုန်းကြီးကို လန့်သေအောင် လုပ်လိုက်တာပဲ … ရှောင်ဖန်း နောက်တစ်ကြိမ်ထပ်ပြီး မဆင်မခြင် စားလာပြန်တယ်လို့ ထင်သွားတာ”


သူတို့ပြောနေတုန်းမှာပဲ အပြင်ဘက်ရှိ လူလေးယောက်က အထဲကို ဝင်လာခဲ့ ကြပြီပင်။ နွေးထွေးသောအပြုံးနှင့် ကောကျူက သူတို့ကို တက်တက်ကြွကြွ ဖြင့် လက်ယမ်းပြလာခဲ့သည်။


“ပြန်လာတာကို ကြိုဆိုပါတယ်”


ခွမ့်ကျိန်း ထရပ်လိုက်ပြီး လူကောင်ကြီး ပေ့မယ့် သိမ်မွေ့သောသူကြီးက လူတစ်ချို့ ထိုင်ဖို့ရာအတွက် ခုံတွေကို တိတ်တိတ်လေး ထုတ်လာပေးခဲ့သည်။ 


ကျန်းလော့ အတန်းဖော်နှစ်ယောက်ကို ကြည့်လိုက်သည်။ ရင်းနှီးဖော်ရွေသော တာအိုဘုန်းကြီးက ကောကျူ ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အုတ်ခဲ မသောသူကဲ့သို့ ဂျုံရောင်အသားအရည် နှင့်သူက ခွန့်ကျိမ်း ဖြစ်သည်။


ခွမ့်ကျိန်းက မှတ်သားဖွယ်ရာ ပုဂ္ဂိုလ်ပင်။ ရုပ်နယ်လွန်လောကမှာ အရည်အချင်း ရှိသောသူတွေ နည်းသထက်နည်းလာပြီး လက်မှုပညာရှင်တွေက အယောက် တစ်ရာလောက်သာ ရှိတော့ချိန်မှာ ခွမ့်ကျိန်း လက်မှုပညာရပ်မှာ အရမ်းကို ပါရမီပါလာခဲ့သည်။ ပိုပြီး တော့ပင် ရှားတာက ခွမ့်ကျိန်းက ကျန်တာတွေ မတွေးဘဲသူ့ရဲ့ ပညာရပ်အပေါ်မှာ အာရုံနှစ်ပြီး အားသွန် ခွန်စိုက် ကြိုးပမ်း တဲ့သူတစ်ယောက် ဖြစ်နေတယ်ဆိုတာ ပင်။ သူဖန်တီးသော လက်မှုပညာရပ် တွေက တစ်ထောင်မှာ တစ်ယောက်သာ လုပ်နိုင်သည်ဟုလည်း ပြောကြသည်။


ကောကျူနှင့် ခွမ့်ကျိန်းကလည်း သူ့ကို ကြည့်နေခဲ့ကြပြီး ကျန်းလော့ ပြတင်း‌ ပေါက်နားမှာ ထိုင်ကာ သူ့တို့ကို ပါးပေါ် လက်ထောက်ပြီး ပြုံးပြလိုက်သည်။


ကောကျူကလည်း ပြန်ပြုံးပြလာပြီး ကျန်းလော့ဆီမှာ သူ့ရဲ့အကြည့်တွေကို စူးစိုက်ထားခဲ့သည်။


လူသားတွေက အိမ်တစ်လုံးကဲ့သို့ပင် အရိုးစုရဲ့ ထောက်ပံ့ပေးခြင်းကို ခံထားကြ ရတာဖြစ်ပြီး ငါးဖြာသောအာရုံတွေက တော့ အိမ်တစ်အိမ်ရဲ့ ပြတင်းပေါက်တွေ လိုပင်။ ထို့ကြောင့် မျက်နှာဖတ်သူက လူတစ်ယောက်ရဲ့ မျက်နှာကို ဖတ်ချိန်မှာ အဲဒီ့လူရဲ့ အရိုးတည်ဆောက်ပုံကို အရင်ကြည့်ကြရပြီး ထို့နောက်မှာမှ မျက်နှာအင်္ဂါရပ်ကို ကြည့်ကြ သည်။


အရိုးတွေက လက်ဖြင့် ကိုင်တွယ်ဖို့ လိုပေမယ့် မျက်နှာကတော့ မလိုချေ။  ကောကျုက မျက်နှာဖတ်တဲ့ပညာကို အချိန်အကြာကြှီး သင်ယူထားခဲ့တာဖြစ် ပြီး တစ်ချက်ကြည့်ရုံမျှနှင့်ပင် သာမန် လူတစ်ယောက်ရဲ့ ဘဝကို အောင်မြင် မလား ကျရှုံးမလားဆိုတာကို ပြောနိုင် သည်။ သို့သော် ဤတခဏမှာတော့ ကျန်းလော့ရဲ့ ခန္ဓာကိုယ်ကို တင်းကျပ်နေ အောင် လွှမ်းခြုံထားခဲ့သော မြူတွေကို သာ ကောကျူ တွေ့ရသည်။ 


သူ ရှော့ရသွားခဲ့ပြီး ဗြုန်းခနဲထရပ်ကာ အထစ်ထစ် အငေါ့ငေါ့နှင့် ပြောလာခဲ့ သည်။ 


“ဒါက …ဒါက  …”


ကျန်းလော့ အနက်ရောင်ဆံချည်တစ်မျှင် ကို သူ့ လက်ချောင်းမှာ ရစ်ပတ်လိုက်ပြီး နောက် သူ့ကို စိတ်ဝင်တစားကြည့်လိုက် သည်။ 


“ဟမ်”


ကောကျူ သူ့ဘေးနားသို့ အမြန်လျှောက် သွားလိုက်ပြီးတော့ သူ့လက်ကို ဆန့်လိုက်သည်။”အတန်းဖော် ကျန်းလော့… မင်းရဲ့ လက်ဖဝါးကို ပြပေးနိုင်မလား”


ကျန်းလော့ ပြုံးလိုက်ပြီး သူ့ ဘယ်လက် ကို ဆန့်ထုတ်ပေးလိုက်သည်။


“ရတယ်‌လေ”


ကောကျု သူ့လက်ကို ယူလိုက်သည်။


လက်လေးက ရေညှိကဲ့သို့ နူးညံ့ကာ ချောမွတ်ပြီး လက်ချောင်းတွေက ရှည်ပြီး တော့ သွယ်ကာ ထိုသူက ဉာဏ်ကောင်း ကာ ချောမောပြီး ကြီးမားသော ကြွယ်ဝ ချမ်းသာမှုကို ပိုင်ဆိုင်ရမည်ဟု ညွှန်ပြနေ ခဲ့သည်။ ထိုဟာက လက္ခဏာဗေဒရဲ့ အခြေခံလက္ခဏာတွေသာ ဖြစ်ပြီး ကောကျူ ပိုပြီးတော့ အသေးစိတ် ကြည့်ချင်ခဲ့ပေမယ့် သူ့မျက်လုံးတွေက ရှုပ်ထွေးနေသော လက္ခဏာ‌ ကောက်ကြောင်းတွေကြောင့်  ပြာလာခဲ့ ပြီး သူ့မျက်လုံးတွေကို ခေါင်းလောင်း တွေလောက်ကြီးအောင် ပြူးကြည့်နေခဲ့ ပေမယ့် သူ နည်းနည်းလေးတောင် ဖတ်မရခဲ့ချေ။


သူ့အနားမှာရှိနေကြသော သူတွေက သူ့ကိုအနှောင့်အယှက်ပြုမိမှာ စိုး၍ ငြိမ်သက်နေခဲ့ကြသည်။ အချိန်အတော် ကြာပြီးနောက်မှာတော့ ကျန်းလော့ရဲ့ လက်ကို ကောကျူ လွှတ်ချလိုက်ပြီး နောက် ချွေးပြန်နေသောခေါင်းဖြင့် သူ့ခုံရှိရာသို့ပြန်ကာ စိတ်လွတ်နေသော ပုံစံဖြင့် ထိုင်လိုက်ပြီး ဓာတ်ဘူးကို ကိုင်ကာ ဖျော့ဖျော့လေးပြုံးလိုက်သည်။


“ဘာမှ မှားယွင်းမှုမရှိပါဘူး။ ဘဝကို ဆက်ပြီးတော့ ရှင်သန်သွားရအုံးမှာပဲ။ အပြင်ဘက်လောကကြီးမှာ လူတွေ ထပ်ရှိနေပြီးတော့ တောင်တန်းတွေရဲ့ အလွန်မှာ တောင်တန်းတွေ ထပ်ရှိနေဦး မှာပဲ။ ကြိုးစားမှသာ ငါတို့တွေ ဘဝကို ပိုကောင်းသထက်ကောင်းအောင် လုပ်နိုင် မှာဖြစ်ပြီး ခံစားချက်တွေကြားမှာ ပိတ်မိ မနေဖို့က အရေးကြီးတယ်။ တစ်ချက် ကြည့်ရုံနဲ့ ဘဝအဆုံးသတ်ကို မြင်နေရ တာက အရမ်းကြောက်ဖို့ကောင်းတယ် ဆိုတာကို ငါတို့ သိထားကြဖို့လိုတယ်”


အပြင်ဘက်ကနေ ရယ်သံတစ်သံ ထွက် လာခဲ့သည်။


“ကောကျူ ဘယ်ကြက်စွပ်ပြုတ်ကို မင်း ထပ်ပြီးတော့ ပြုတ်နေပြန်တာလဲ”


သူ့စကားတွေ မဆုံးသေးခင်မှာပဲ လူနှစ်ယောက်က အနောက်တံခါးကနေ ဝင်လာခဲ့ကြသည်။ စကားပြောလာသော သူက အနီရောင်ဝတ်စုံရှည်နှင့် အမျိုးသမီးဖြစ်ပြီး သူမရဲ့ ဆံပင်ရှည် ကြီးတွေက လေထဲလွင့်နေခဲ့ပြီး သူမရဲ့ မျက်လုံးတွေထဲကနေ အပြုံးတွေ လျှံကျနေခဲ့သည်။ ဝတ်စုံပေါ်မှာ ဝါညိုနု ရောင် ခြုံထည်ကို လွှမ်းထားခဲ့ပြီး ဒေါက်ဖိနပ်အမြင့်ကိုစီးကာ ကျက်သရေ ရှိစွာဖြင့် လှမ်းလာခဲ့သည်။


သူမရဲ့နောက်မှာ ပါလာခဲ့သော နိုင်ငံခြားသားလေးထက်ကိုပင် သူမက အရပ် အရမ်းအရမ်းကို ပိုရှည်ပြီး ပိုပိန်သွယ်နေခဲ့သည်။ ထို ခံ့ညားကာ ကျက်သရေရှိသော အလှလေးကတော့ ခပ်လျှိလျှိ နေတတ်ကာ ပဟေဠိဆန်သော ဝမ်ယမ်လန် ပင်ဖြစ်သည်။


မိန်းကလေးလို ပြင်ဆင်ရတာကို ကြိုက်နှစ်သက်တဲ့ ယောက်ျား။


ဝမ်ယမ်လန်ရဲ့ နောက်က လှပသော နိုင်ငံခြားသားလေးက ခေါင်းကိုကုတ်ပြီး ကိုးရိုးကားယားဆန်သော နိုင်ငံခြားသား လေသံဖြင့် တောင်းပန်လာခဲ့သည်။


“နောက်ကျသွားလို့ တောင်းပန်ပါတယ်”


ကောကျူ သက်ပြင်းချလိုက်ပြီး “ဝမ်ယမ် … မင်း ရောက်လာပြီပဲ”


ဝမ်ယမ်လန် သူ့ရဲ့ ခြုံထည်ကို သိမ်းလိုက် ပြီး ကျန်းလော့နှင့် မျက်နှာချင်းဆိုင်မှာ အပြုံးနှင့် ဝင်ထိုင်လာခဲ့သည်။ သူ့ရဲ့  မျက်လုံးတွေက အပြုံးကြောင့် ကျဉ်းမြောင်းသွားခဲ့ပြီး မျက်တောင်ထူ ကြီးတွေက အုပ်လွှမ်းနေခဲ့၍ သူ ရှင်းရှင်းလင်းလင်းရော မြင်ရရဲ့လား ဆိုတာကို သိချင်စိတ်ဖြစ်စေသည်။


 “ကောကျု … မင်း ဘာကိုမြင်ရလဲ”


“ငါ ဘာမှကို မမြင်ရဘူး”ကောကျု ရိုးရိုးသားသား ဖြေလိုက်သည်။


“မင်းရော စမ်းကြည့်ချင်သေးလား”


ကောကျုက ဒဿနဘာသာရပ်ကို လေ့လာခဲ့တာဖြစ်ပြီး ဝမ်ယမ်လန်က ရှေ့‌ဖြစ်ဟောပညာရပ်ကို သင်ယူခဲ့တာ ပင်။ 


သူ ထိုစကားကိုကြားချိန်မှာ ပြုံးလိုက်ပြီး ပြံးလျက်ပင် ငြင်းလိုက်သည်။


“မင်းတောင် မမြင်နိုင်မှတော့ … ငါ့ကိုငါ အရှက်မခွဲတော့ပါဘူး။ အဲဒီ့ လျို့ဝှက် ဆန်းကြယ်တဲ့အရာတွေထက်စာရင် ငါ အတန်းဖော် ကျန်းလော့ကို ပိုပြီးတော့ မေးကြည့်ချင်တာရှိတယ်”


သူ ကျန်းလော့ရဲ့ ပုံစံလိုမျိုး ပါးပေါ် လက်ထောက်လိုက်ပြီး သူ့ရဲ့ ပိုးသား ကဲ့သို့ပြောင်လက်နေသည့် ဆံပင်တုက သူ့ရင်ဘတ်ပေါ် ကျလာခဲ့သည်။


“ကျန်းလော့ … မင်း ချီယုံနဲ့ အိပ်ခဲ့လား”


စာရေးသူမှာ ပြောစရာတချို့ရှိသည်။


ကျန်းလော့ : သရဲ ဖိခံရတာကရော အကျုံးဝင်လား။


****