အခန်း ၈ ဘယ်လိုပဲဖြစ်ဖြစ် ဦးဆောင်မှုယူခဲ့တဲ့ သူက ငါပဲ
ဝမ်ယမ်လန်ရဲ့ အပြုံးက ညင်သာပေမယ့် အလွန်အကြူးကြီးလည်း ဖြစ်မနေခဲ့ချေ ထို့ကြောင့် အခုလိုမျိုးမေးခွန်းတွေကို သူ မေးလာချိန်မှာတောင်မှပဲ ထိုဟာက ဘယ်လိုမကောင်းတဲ့ ခံစားချက်ကိုမှ ဖြစ်မလာစေခဲ့ပေ။
ခွမ့်ကျိန်းက တောင်နှင့်တူပြီး ကောကျူ က လေညှင်းလေးဆိုရင် ဝမ်ယမ်လန်က အကြံဉာဏ်များသော မြေခွေးပင်ဖြစ် သည်။ သူ့ရဲ့ ကျွမ်းကျင်ရာဖြစ်သော ရှေ့ဖြစ်ဟောခြင်းနှင့် ကံကြမ္မာကို ဖတ်ပေးခြင်းတို့နဲ့လည်း အစမပျိုးခဲ့သလို ကျိုးကျုးချိုးလိုလည်း တိတ်တိတ်လေး အကဲခတ်ခြင်း မပြုခဲ့ချေ။ ထိုအစား သူ့ရဲ့ သိချင်စိတ်ကို ရှေ့တန်းတင်ပြီး ဖြေဖို့ရာ လွယ်ပေမယ့်လည်း အဖြေခက်သော မေးခွန်းကို မေးလာခဲ့သည်။
ကျန်းလော့က သေချာပေါက်ကို ချီယုံ နှင့် မအိပ်ဘူးပေ။
ထိုမေးခွန်းအတွက် အဖြေက တစ်ခုသာ ရှိပြီး ဝမ်ယမ်လန် ကိုယ်တိုင်လည်းသိ သည်။ လုယုံရိနှင့် ယယ်ရွှင်ကို ကျန်းလော့ ပြောပြခဲ့သည့် ဇာတ်လမ်း အရဆိုလျှင် ချီယုံ သေသွားချိန်မှသာ သူ ချီယုံကို ချစ်နေမိမှန်း ကျန်းလော့ သိခဲ့ရ တာဖြစ်သည်။
ဘယ်လိုလုပ်ပြီးတော့ ကျန်းလော့က ချီးယုံ အသက်ရှင်နေတုန်း သူနဲ့ အိပ်ခဲ့ မှာလဲ။
သို့သော် …..
ကျန်းလော့ သူ့မေးကိုတင်လိုက်ပြီး နောက် အပြင်ဘက်ကို ပြတင်းပေါက် ကနေပြီး ကြည့်လိုက်သည်။
မနက်ခင်းရဲ့နေရောင်က မှန်ပြတင်းကို ဖြတ်ကာ သူ့အပေါ် ဖြာကျနေခဲ့ပြီး ထို တခဏလေးက အေးချမ်းကာ တည်ငြိမ် နေခဲ့သည်။ စာကလေးငှက်သေးသေး လေးက ရုတ်တရက် အပြင်ကနေ ပျံသန်းလာခဲ့ပြီး ကျန်းလော့ရဲ့ဘေးနားက ပြတင်းပေါက်ဘောင်ပေါ်မှာ ညင်သာစွာ ဆင်းသက်လာခဲ့ပြီး သူ့ရဲ့ ပဲ့စေ့လို့ အနက်ရောင်မျက်လုံးတွေက ကျန်းလော့ ကို ငြိမ်သက်စွာ ကြည့်နေခဲ့သည်။
ကျန်းလော့ စာကလေးလေးကို သူ့လက်ဖြင့် ပွတ်သပ်ကာ အပြင်ဘက် မှာရှိသော အတိတ်နိမိတ်ကောင်းစေ သည့် အရောင်အဝါတွေကို ကြည့်လိုက် သည်။ ဒီလိုမျိုး ဖုန်းရွှေကောင်းတဲ့ နေရာမျိုးမှာ ချီယုံလို သရဲက ပေါ်လာနိုင် စရာ အကြောင်းမရှိချေ။
ထို့ကြောင့် သူ ရဲရဲတင်းတင်းပင် ပြောလိုက်သည်။
“မအိပ်ခဲ့ဘူး”
ဝမ်ယမ်လန် သူ့မျက်လုံးတွေကို အံ့ဩ မသွားသည့်ပုံစံ ကွေးညွတ်လိုက်ပြီး တစ်ခုခုပြောဖို့ရာ ကျန်လိုက်ချိန်မှာ ကျန်းလော့က ဆက်ပြောလာခဲ့သည် ာ
“ဒါပေမယ့် မနေ့ညကတော့ … ငါ အိပ်ယာပေါ်မှာ သရဲစီးခံလိုက်ရတယ်”
ပြတင်းပေါက်ဘောင်ပေါ်ရှိ စာကလေး လေး လှုပ်ရှားသွားပြီးတော့ ကျန်းလော့ ကို စိုက်ကြည့်လာခဲ့သည်။
ကျန်းလော့ရဲ့ မျက်နှာထက်မှာ မက်မွန်သီး ရောင်ကဲ့သို့ သော ရှက်သွေးနှစ်ဖြာက တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ စာကလေးရဲ့ မျက်ဆံတွေထဲမှာ သူ့ မျက်နှာရဲ့အရိပ် ထင်ဟပ်နေခဲ့ပြီး ကျန်းလော့ရဲ့ အနည်းငယ် စင်းကျနေ သော မျက်တောင်မွှေးလေးတွေတောင်မှ သူ့ မျက်လုံးတွေထဲမှာ ထင်ဟပ်နေခဲ့ သည်။
ကျန်းလော့ရဲ့ နီရဲလာသောမျက်နှာက သူ့အနားမှာ ရှိနေခဲ့ကြသော သူတွေကို ခံစားချက်မကောင်း ဖြစ်လာစေခဲ့သည်။
ထင်ထားသလိုပဲ ကျန်းလော့ ကသိကအောင့်ဖြင့် ချောင်းဆိုးလာခဲ့ပြီး “ငါ နွေဦးအိပ်မက်ကို မက်ခဲ့တယ်”
ဝမ်ယမ်လန် သူ့မျက်လုံးတွေကို ရှေ့ာ ရမှုကြောင့် အနည်းငယ် ပြူးလိုက်မိ သည်။
ချီယုံက နတ်ဆိုးဝတ္ထုထဲမှာ လက်ခံသူ နေရာကဖြစ်တာကြောင့် ကျန်းလော့ သူ့ကို အလိုအလျောက် လက်ခံသူနေရာ ပို့လိုက်သည်။ သူ့ရဲ့ မျက်နှာက ကျန်းလော့ထက်ပိုပြီးတော့ လှနေပေမယ့် လည်း ထိုဟာက ချီယုံရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပေါ် သက်ရောက်မှုမရှိချေ။
ကျန်းလော့ နည်းနည်းရှက်နေပုံရပြီး သူ့လက်တွေကိုမြှောက်ကာ မျက်နှာကို ကာလိုက်ပြီး ဆံပင်ရှည်တွေက သူ့ လက်တွေရော မျက်နှာကိုပါ ဘေးနှစ်ဖက် ကနေ ဖုံးလွှမ်းသွားခဲ့သည်။ သူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အိပ်မက်ထဲမှာ သူက အရမ်းတက်ကြွ တာပဲ”
ကျန်းလော့ မရယ်မိအောင် ထိန်းရင်း အသံချိုချိုလေးဖြင့် စာအုပ်ထဲမှာ ရေးထားခဲ့သော ချီယုံရဲ့ ခန္ဓာကိုယ် အသွင်အပြင်အကြောင်း ဆက်ပြော လိုက်သည်။
“သူ့ရဲ့ ခါးနဲ့ ဗိုက်ပေါ်မှာ မှည့်သေးသေး လေးသုံးလုံး တစ်ဆက်တည်းရှိနေတာကို ငါ သိလိုက်ရတယ်”
သူတို့ရဲ့ နောက်ဆုံးသော တွေ့ကြုံမှု ကနေစလို့ ကျန်းလော့နှင့် ချီယုံက တစ်ယောက်မျက်နှာဖုံးကို တစ်ယောက် ဆွဲဖြဲခဲ့ကြပြီးပြီပင်။
ချီယုံက သူ့ကို စိတ်မဝင်စားချိန်တုန်းက လည်း သတ်ချင်ခဲ့သလို စိတ်ဝင်စားလာ တဲ့ အချိန်ကျတော့လည်း ပိုတောင်မှ သတ်ချင်လာသေးသည်။ သူက တကယ် ကို ရူးနေတဲ့ကောင်ပင်။ သူ ဘယ်လိုပဲ လုပ်လုပ် အဲဒီ့အရူးက သူ့ကို သတ်မှာပဲ ဆိုမှတော့ ကျန်းလော့မှာလည်း ရွေးချယ် စရာမရှိတော့ဘဲ သူ လုပ်နိုင်တာကို အကုန် လုပ်ရတော့မှာပင်။
သူ အရင်တစ်ခေါက်က လည်ပင်းအညစ် ခံခဲ့ရသည့်အတွက်ကို သူပြန်ပြီးတော့ နှစ်ထောင်းအားရဖြင့် မီးမွှေးကာ လက်စားချေနေခြင်းပင်။
“သူ နာများသွားမလား သိချင်လိုက်တာ”ကျန်းလော့ လက်တွေကို အောက်ချပြီး တော့ ငိုချတော့မယောင်ယောင် စိုးရိမ် တကြီး ပြောလိုက်သည်။
“သူက အမြဲတမ်း အဲလိုပဲ… ငါ ပျော်အောင်ပဲ လုပ်ပေးပြီးတော့ သူ့အတွက်သူ ဘယ့်တော့မှ ထည့်မစဉ်း စားဘူး”
သူ့ဘေးနားမှာ ရှိနေသောသူများ “…”
အံ့ဩလွန်း၍ အသက်ရှုတွေတောင် မှားသွားခဲ့ကြသည်။
သူတို့တွေက ကျန်းလော့ထက်စာရင် ချီယုံ နှင့် ပိုရင်းနှီးကြသည်။ ကျောင်း နောက်ကျောဘက်မှာရှိသော ရေပူစမ်း မှာ ချီယုံရဲ့ ခန္ဓာကိုယ်ကို ကောင်လေး တချို့ မြင်ဖူးကြပြီး ချီယုံရဲ့ ကိုယ်ပေါ်မှာ ထူးဆန်းသော သုံးလုံးတန်းနေသည့် မှဲ့တွေ ရှိကြောင်းကိုလည်း သေချာပေါက် သိကြသည်ပင်။
မှဲ့တွေ့က မတူညီသောနေရာပေါ်လိုက်ပြီး မတူညီသော အဓိပ္ပာယ်တွေ ရှိကြသည်။သူတို့ရဲ့ မျက်လုံးတွေထဲမှာ မှဲ့တွေရဲ့ အဓိပ္ပာယ်က အရေးမပါပေမယ့် ချီယုံ၏ မှဲ့သုံးလုံးရဲ့ အဓိပ္ပာယ်ကိုတော့ သူတို့တွေ နားမလည်ခဲ့ကြပေ။
သို့သော် ကျန်းလော့က ချီယုံရဲ့ ထိုကဲ့သို့သော သိရခက်သည့် သွင်ပြင် လက္ခဏာအကြောင်းကို ပြောလာနိုင် တယ်ဆိုကတည်းက ချီယုံရဲ့ စကားတွေ က အမှန်တွေဖြစ်ကြောင်းကို သက်သေ ပြသလို ဖြစ်သွားခဲ့သည်။
အုပ်စုထဲကလူတွေရဲ့ မျက်နှာတွေက ထူးဆန်းလာကြသည်။
ကြားရပုံအရဆို ကျန်းလော့က ဦးဆောင်သည့်သူ နေရာမှာပင်။
ချီယုံကို အောက်ထပ်သို့ ကျန်းလော့ ပျော်ပျော်ကြီးပို့လိုက်သည်။ သူ့ နှုတ်ခမ်း ထောင့်တွေကို တိတ်တိတ်လေး ကော့လိုက်ပြီးနောက် ချောင်းကြည့်ဖို့ လုပ်လိုက်ပေမယ့် ပြတင်းပေါက်ဘောင် ပေါ်မှု နားနေခဲ့သော စာကလေးနှင့် အကြည့်ချင်း စုံသွားခဲ့သည်။
သူ လန့်သွားခဲ့ပြီး စာကလေးရဲ့ ခေါင်းကို လက်ဖြင့် အသာအယာလေး ပွတ်ပေး လိုက်သည်။ စာကလေးက သူပွတ်ပေး တာကို ငြိမ်ငြိမ်လေးခံနေခဲ့သည်။ သို့သော် သူ့ လက်ကိုပြန်ရုတ်ဖို့ လုပ်လိုက်ချိန်မှာ စာကလေးက သူ့ လက်ချောင်းထိပ်ကို နှုတ်သီးဖြင့် ရုတ်တရက်ဆိတ်ပြီး ပျံပြေးသွားခဲ့သည်။
အပ်နှင့် ထိုးမိသလို ခံစားချက်က ပျံ့နှံ့သွားခဲ့ပြီး ကျန်းလော့ သူ့လက်ကို မြှောက်ကြည့်လိုက်တော့ သူ့ လက်ချောင်းထိပ်မှာ အနီရောင်အမှတ် လေးဖြစ်သွားတာကို တွေ့လိုက်ရပြီး ဆန်စေ့အရွယ်လောက် သွေးအနည်းငယ် ထွက်နေတာကို တွေ့လိုက်ရသည်။
သူ စာရွက်တစ်ရွက်ထုတ်ကာ သွေး သုတ်လိုက်ပြီးနောက် ဒဏ်ရာကို မိနစ်ဝက်မျှ စိုက်ကြည့်နေခဲ့ပြီး ပြော လိုက်သည်။
“ဒီနေရာက ဌက်လေးက တော်တော် လေးကို ဆိုးတာပဲ”
“သရဲစီးတယ် … နွေဦးအိပ်မက်”ဝမ်ယမ်လန် ဖြည်းဖြည်းချင်းထရပ်လိုက် ပြီး “ဒါက ငါမျှော်လင့်ထားတာတွေ ထက်ကို ပိုနေတာပဲ”
သက်ပြင်းချလိုက်ပြီးနောက်မှာ ဝမ်ယမ်လန် ပြုံးပြီး ပြောလိုက်သည်။
“ကျန်းလော့ … မင်း ဒီည ကျောင်းမှာ အိပ်မှာလား”
ကျန်းလော့ ခေါင်းညိတ်ပြလိုက်သည်။
တကယ်တော့ သူတို့မေဂျာမှာရှိတဲ့ ကျောင်းသားတွေက ကျောင်းမှာနေကြ ရမှာဖြစ်သည် သို့သော် မူလပိုင်ရှင်က တော့ ကျောင်းမှာနေရတဲ့ဘဝက ရိုးရှင်း လွန်းသည်ဟုဆိုကာ မကြိုက်ခဲ့ပေ ပြီးတော့ အတန်းထဲက လူအားလုံးက သူ့ထက်ပိုတော်နေခဲ့ကြ၍ မကျေမချမ်း ဖြစ်ကာ သူ့မိသားစုနောက်ခံအားကိုးနှင့် ကျောင်းကနေ အစောကြီးပြန်ကာ နောက်ကျမှလည်း လာပြီးတော့ ကျောင်း စည်းကမ်းတွေကို ဂရုမစိုက်ခဲ့ချေ။
အမှန်တော့ ကျောင်းစည်းကမ်းတွေက သိပ်ပြီးတော့ မရေးမပါချေ သို့သော် ကျိုးမိသားစုလိုဟာမျိုးရဲ့ သမီးကြီး ဖြစ်သော ကျိုးကျုံးချိုး တောင်မှပဲ ကျောင်းမှာပဲနေပြီး လုပ်ရမည့်တာဝန် မရှိလျှင် ဘယ်တော့မှ အပြင်မထွက်ပေ။ ထိုဟာက စည်းကမ်းတွေကြောင့် မဟုတ်ဘဲ ဤဖုန်းရွှေ ကြွယ်ဝသော နေရာကနေ သူတို့ မခွာချင်ကြဖြစ်သည်။
ဘယ်သူကများ အခုလို နဂါးသွေးကြော ကိုဖြစ်ပေါ်လာစေတဲ့ အသက်ဓာတ်နှင့် ဝိညာဉ်စွမ်းအားတွေ ပေါများ နေတဲ့နေရာမှာနေပြီးတော့ အခွင့်အရေး တွေယူလို့ရနေတာကို ထွက်သွားချင် ကြဦးမှာလဲ။
သူ့ကိုယ်သူအဟုတ်ကြီး ထင်ပြီး ကျိုးမိသားစုရဲ့ သမီးဖြစ်သော ကျိုးကျုံးချိုးကို စိတ်ထဲကနေ ကြိတ်ပြီး အထင်သေးသည့် မူလပိုင်ရှင်ကသာ အရူးလုံးလုံးဖြစ်သည်။ ကျန်းလော့က ကျောင်းမှာမနေတာ အချိန်အတော် ကြာနေပြီဖြစ်၍ သူ့ရဲ့ အဆောင်ခန်း ကလည်း ပရိဘောဂအခန်း ဖြစ်သွားတာ ကြာပြီပင်။ ဝမ်ယမ်လန် ရှင်းပြလာခဲ့ သည်။
“ငါမင်းကို အချိန်ခဏလောက်တော့ ချီယုံရဲ့ အခန်းမှာ နေခိုင်းရအုံးမယ်… မင်း စိတ်ထဲတော့ မထားဘူးမလား”
ထိုအရာက နောက်ထပ်စမ်းသပ်မှုပင်။
ကျန်းလော့သာ လိမ်ညာပြောခဲ့လျှင် ဒါမှမဟုတ် ကျန်းလော့သာ ချီယုံကို သတ်ခဲ့မိလျှင် လူသေရဲ့ အခန်းမှာ နေရမှာကို သေချာပေါက် ကြောက်ပြီး တော့ စိတ်မသက်မသာဖြစ်ပြီး အဲဒီ့မှာ နေရမယ့်အစား ကျောင်းကိုလုံးဝမလာ တော့ဘဲ နေလိုက်မှာပင်။ သို့သော် ကျန်းလော့ကတော့ ကျေးဇူးတင်လိုက်သည်။
“သူ့ရဲ့ အဆောင်ခန်းကို သွားပြီးတော့ လည်ဖူးချင်နေတာ အချိန်အတော် ကြာပြီ”
ကျောင်းရဲ့အဆောင်တွေက ကျောင်း အနောက်ဘက်မှာရှိပြီး အတန်းတစ်တန်း ထဲက လူရှစ်ယောက်နဲ့တင် နေရာ အကျယ်ကြီး ယူထားခဲ့သည်။ လမ်း တစ်လျှောက်မှာ ကျန်းလော့ လေ့ကျင့်ရေးကွင်း ၊ တရားထိုင်တဲ့အခန်း၊ ဂီတအခန်း ၊ ရေကူးကန်နှင့် ရေပူစမ်း အပြင် မျိုးစုံသော အားကစားကွင်း တွေကို တွေ့ခဲ့ရသည်။
ကျန်းလော့ “……”
ဒါက မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်ထဲက “အောက်ခြေ”ကျောင်းသားဘဝ ဆိုတာလား။
ချီယုံရဲ့ အခန်းက ကျောင်းသားတွေရဲ့ အခန်းထက် ပိုကျယ်သည်။ အကြောင်း ကတော့ ချီယုံက ဆရာဖြစ်လို့ပင်။ ကျန်းလော့ တံခါးကို တွန်းဖွင့်လိုက်ပြီး နောက် ဒီအခန်းက အရမ်းကြီးလွန်းနေ သည်ဟု တွေးမိသည်။
အခန်းအကျယ် 180 စတုရန်းမီတာ လောက် ရှိလောက်မယ်ဟု သူ ခန့်မှန်းခြေ တွက်လိုက်မိပြီး လူတစ်ယောက်တည်း နေဖို့ရာအတွက် အလွန် ခြောက်ကပ် ကပ်နိုင်သည်ဟု ခံစားရမှာပင်။ သူ အခန်းကိုကြည့်ရင်း စိတ်ဓာတ်ကျလာမှာ ကို စိုးရိမ်ပြီး လိုက်လာကြသော လုယုံရိ နှင့် ယယ်ရွှင်တို့နှင့်အတူ သူ အခန်းတွေ ကို တစ်ခန်းပြီးတစ်ခန်း လိုက်ကြည့် လိုက်သည်။
ယယ်ရွှင် ပြောလိုက်သည်။
“မင်း ဒီမှာမနေချင်ရင် … ငါတို့နဲ့ နေလို့ရတယ်”
ကျန်းလော့ မေးလိုက်သည်။
လုယုံရိ တခဏလောက် တွေးလိုက်ပြီး နောက် မရေမရာ ပြောလာခဲ့သည်။
“စတုရန်းမီတာ ငါးဆယ်လောက်လားပဲ”
ကျန်းလော့ ချက်ချင်းပြန်ဖြေလိုက်သည်။
“ရတယ် … ငါဒီမှာပဲ နေလိုက်မယ်”
“ဒီမှာ နေတာက နေလို့ရပါတယ်”ယယ်ရွှင် ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။ “ဒါပေမယ့် ချီယုံက မင်းကိုတွေ့ဖို့ လာလိမ့်မယ်လို့တော့ မမျှော်လင့်ထား တာကောင်းမယ် … ဒီနေရာက ကျောင်း … ဘယ်မကောင်းဆိုးဝါးမှ လာလို့လည်း မရသလို ထွက်လို့လည်းမရဘူး။ မင်း ဒီမှာ နေရင်တောင်မှပဲ ချီယုံနဲ့ တွေ့ရမှာ မဟုတ်ဘူး”
ကျန်းလော့ သူ့စိတ်ထဲမှာ တွေးထားတာ တွေကို လူမိသွားပြီးဟု တွေးလိုက်မိပြီး သူ့မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားခဲ့ သည်။
ယယ်ရွှင် အဲလိုဖြစ်မယ်မှန်းသိနေသော ပုံစံဖြင့် ကြည့်လာခဲ့ပြီး “ငါတို့တွေ မင်းရဲ့ အဆောင်ခန်းကို ရက်ပိုင်းအတွင်းမှာပဲ လူတွေခေါ်ပြီးတော့ ရှင်းခိုင်းလိုက် မယ်။ မင်း ဒီအခန်းမှာ တစ်ညပဲနေလို့ ရမယ်။ ကျန်းလော့ လူသားနဲ့ သရဲတစ္ဆေ တွေရဲ့ သွားရာလမ်းက မတူဘူး… မင်း နိုးထသင့်နေပြီ”
ကျန်းလော့ ဆိုဖာပေါ်ထိုင်ချလိုက်ပြီး သူ့ခေါင်းကို ဝှက်ထားကာ ပုခုံးတွေက တုန်ရီနေခဲ့သည်။
ကျန်တဲ့သူတွေ ထိုမြင်ကွင်းကို ရှုပ်ထွေး သောအမူအရာတွေဖြင့် ကြည့်နေမိကြ သည်။ ကောကျု ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး သူကနေ ဦးဆောင်၍ အပြင်ကို ထွက်သွားလိုက် ကြပြီး ဆုံစည်းဖို့ရာကံပါမလာသော ချစ်သူနှစ်ဦးကို သီးသန့်အချိန်ပေးဖို့ရာ ချန်ထားခဲ့သည်။
ဝမ်ယမ်လန်က နောက်ဆုံးမှ ထွက်တဲ့သူ ဖြစ်ပြီး သူတံခါးပိတ်ဖို့ ကြံချိန်မှာ ကျန်းလော့ တိုးတိုးလေးပြောလာတာကို ကြားလိုက်ရသည်။
“ဝမ်ယန် … ငါ စီးကရက်တစ်ဘူး လောက် ရနိုင်မလား”
ဝမ်ယမ်လန် တန့်သွားပြီးနောက်မှာ ပြံးလိုက်ပြီး ဆိုဖာဆီလှည့်လာခဲ့ကာ သူ့ရဲ့ ပိုက်ဆံအိတ်ထဲကနေ မိန်းမသောက် စီးကရက်တစ်ဘူးကို အိန္ဒြေရှိရှိထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး ဆူးနှင့်နှင်းဆီကို တံဆိပ်ထွင်းထုထားသော အနုစိတ်သည့် မီးခြစ်တစ်လုံးကိုလည်း ဘေးမှာ ချပေး လာခဲ့သည်။
“ငါ့ဆီကနေပြီးတော့ ဆေးလိပ်နံ့ရလို့ လား”
ကျန်းလော့ “ဟမ်”
ဝမ်ယမ်လန် နောက်တစ်ကြိမ်ထပ်ပြုံး လိုက်ပြီးနောက် သူ့ရဲ့ ခြုံထည်ကို လွှားကာ လှည့်ထွက်သွားလိုက်သည်။
“ကျန်းလော့ … ဆေးလိပ်လျှော့ သောက်အုံး”
ဒေါက်ဖိနပ်သံက ဝေးသထက်ဝေးသွား ခဲ့ပြီး တံခါးပိတ်သွားခဲ့ပြီပင်။
အကုန်လုံးထွက်သွားတာ သေချာပြီဆိုမှ ကျန်းလော့ သူ့ခေါင်းကို ပျင်းတိပျင်းရွဲ့ မော့လိုက်ပြီး ဆိုဖာပေါ် မှီချလိုက်သည်။ သူ့ဖိနပ်တွေကို ကန်ထုတ်ကာ မတ်တပ် ထရပ်လိုက်ပြီး အိပ်ခန်းထဲသို့ဝင်ကာ ချီယုံရဲ့ အဝတ်ဗီရိုကို ဖွင့်လိုက်သည်။
ချီယုံသေသွားတာ ရက်ပိုင်းပဲရှိသေးတာ ကြောင့် အခန်းက နေရာတိုင်းလိုလို သန့်ရှင်းနေတုန်းပင်။ ချီယုံရဲ့ အဝတ် အစားတွေ အားလုံးက အံ့ဩစရာ ကောင်းလောက်အောင်ပင် ပွဲတက် ဝတ်စုံတွေချည်း ဖြစ်နေခဲ့ပြီး ပေါ့ပေါ့ ပါးပါး ဝတ်လို့ရတာ တစ်ထည်မှမရှိချေ။ သူ အသစ်စက်စက်သာရှိသေးသော ခပ်ပွပွ ရှပ်အင်္ကျီတစ်ထည်ကို ရှာတွေ့ခဲ့ ပြီး ဖုန်းထဲကနေ သီချင်းဖွင့်ကာ ရေချိုးခန်းထဲသို့ သီချင်း တအေးအေးဖြင့် ဝင်သွားလိုက်သည်။
နာရီဝက်ကြာပြီးနောက်မှာတော့ ကျန်းလော့ ခေါင်းမှာရေတစက်စက်နှင့် ရေချိုးခန်းထဲကနေ ထွက်လာခဲ့သည်။
သူ ရေခဲသေတ္တာကို ခြေဗလာဖြင့် ဖွင့်လိုက်ပြီးနောက် အေးမြမြဘီယာ တစ်ဘူးကိုထုတ်ကာ ဖန်ခွက်တစ်ခွက် ကိုဆေး၍ ဘီယာဘူးအဖုံးကို သူ့သွားနှင့် ပင် ဆွဲဖောက်ရင်း စားပွဲခုံဆီ သွားလိုက် သည်။
ကျန်းလော့ စိတ်ကြည်နေခဲ့ပြီး သူ့ ဆံပင်အဖျားလေးတွေကနေ စီးကျနေခဲ့ သော ရေစက်တွေက သူ့လည်ပင်းမှာ ပက်ထားခဲ့သော ရေသုတ်တဘက်ရဲ့ စုပ်ယူခြင်းကို ခံလိုက်ကြရသည်။ သူ ဝတ်ထားခဲ့သော ရှပ်အင်္ကျီက ကြီးလွန်း ၍ သူ့ရဲ့ပေါင်ရင်းအထိပင် ဖုံးနေခဲ့သည်။
ရေချိုးပြီးပြီးချင်း ဘီယာသောက်ရသည့် အရသာက အမိုက်ဆုံးပင်။ ကျန်းလော့ သက်ပြင်းချလိုက်ပြီး ဖန်ခွက်ကို ကိုင်ထားရင်းနဲ့ သူ့အိပ်ထောင်ထဲကနေ စီးကရက်ကိုထုတ်ကာ ဝရံတာဆီ သွားနေတဲ့လမ်းမှာ မီးညှိသွားလိုက် သည်။
နေ့လည်ခင်း၏ နေရောင်က တောက်ပ နေခဲ့ပြီး အခုလေးတင်မှ ရေချိုးပြီးထား သော သူ့ခန္ဓာကိုယ်ပေါ်မှာ တိုက်ခတ်သွား သည့် လေညှင်းလေးကလည်း ခံစားလို့ ကောင်းသည်။ ကျန်းလော့ ဝရံတာ လက်ရန်းကို မှီလိုက်ပြီး ဆေးလိပ် တစ်ရှိုက်ကို သက်သောင့်သက်သာ ဖွာ လိုက်သည်။
အင်္ကျီအနားစတွေက လေအဝေ့မှာ အပေါ်သို့ မြောက်တက်သွားပြီး အမြန်ပင် အောက်သို့ပြန်ကျလာခဲ့သည်။ စာကလေးလေးက မနီးမဝေးမှာရှိသော သစ်ပင်ဆီ ပျံသန်းသွားလိုက်ပြီး ဝရံတာ ထက်က ကျန်းလော့ကို ငုံ့ကြည့်လိုက် သည်။
ကျန်းလော့ရဲ့ စိုစွတ်နေသော အနက်ရောင် ဆံပင်တွေက နေရောင် ကြောင့် အမြန် ခြောက်သွားခဲ့သည်။ သူ့ရဲ့ အနက်ရောင် ဆံပင်တွေက လေကြောင့် ရှုပ်ထွေးနေခဲ့ပြီး သူ့ရဲ့ သွယ်လျကာ ဖြူဖွေးသော ခြေတံရှည်နှစ်ချောင်းက လည်း ထင်းနေခဲ့သည်။ သူ ဆေးလိပ်ကို တစ်ရှိုက်ပြီးတစ်ရှိုက် သောက်နေခဲ့ပြီး ကျောင်းရဲ့ မြင်ကွင်းကို ရှု့စားနေလိုက် သည်။
စာကလေးက ထိုမြင်ကွင်းကို ရှင်းရှင်း လင်းလင်းကြီး ကြည့်နေခဲ့ပြီး သူ့ရဲ့ မျက်ဆံတွေက အသက်မဲ့ပြီး ဗလာဖြစ် နေခဲ့သည် ရုတ်တရက် ကြည့်လိုက်ပါက ငှက်သေနှင့် သွားတူနေခဲ့လေ၏။
မြင်ကွင်းကို ရှုစားပြီးနောက်မှာ ကျန်းလော့ ပိုပြီးနေလို့ ကောင်းလာခဲ့ပြီး ရှုခင်းတွေကို နေ့လည် တစ်ခင်းကြီး ကြည့်ပြီး သွားချိန်မှာတော့ သူ စိတ်ပေါ့ ပါးသွားကာ အိပ်ရေးပျက်ထားတာတွေ အတွက် အစားပြန်အိပ်ဖို့ အခန်းထဲကို ပြန်ဝင် သွားလိုက်သည်။
ကျောင်းဝန်းထဲမှာရှိသော လေထုက အင်မတန် လတ်ဆတ်ပြီး ကျန်းလော့ အိပ်ပျော်သွားဖို့ အချိန်သိပ်မကြာလိုက်ချေ။
ညက နက်သထက် နက်လာခဲ့သည်။
သစ်ပင်ထက်မှာ နားနေခဲ့သော စာကလေးငှက်လေးက သူ့အတောင်ပံ တွေကို ဖြန့်ကာ ဝရံတာပေါ်ဆင်းသက် လာခဲ့သည်။ ထို့နောက်မှာတော့ သူ့ရဲ့ အတောင်ပံတွေကို ထပ်ဖြန့်ပြီး အိပ်ခန်း ထဲသို့ပျံကာ ခုတင်ပေါ်မှာ နားလိုက် သည်။
သူ့ရဲ့ပါးစပ်ထဲက သွေးစက်ကို ကျန်းလော့ ရဲ့ နဖူးပေါ် စာကလေး ထွေးချလိုက် သည်။
အရောင်ရင့်ရင့် သွေးစက်က အမျိုးအမည် မသိရသောအလင်းတစ်ခု လက်သွားခဲ့ပြီး ကျန်းလော့ မျက်မှောင် ကြုတ်ကာ အိပ်မောကျခြင်းထဲသို့ သက်ဆင်းသွားတော့သည်။
……
ကျန်းလော့ ချွေးတွေနှင့် ရွှဲနစ်နေတာကို ခံစားလိုက်ရသည်။
အသက်ရှုသံတွေက လေးလံလာပြီး ခက်ခဲလာခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး မီးထဲရောက်နေသလို ခံစားနေရပြီး သူ့ရဲ့ နှာဖျားဝမှာ တဖြည်းဖြည်းနှင့် လောင်ကျွမ်းနေသော အနံ့တွေ ရလာခဲ့ သည်။
အသက်ကိုရှုသွင်းတယ် … ရှုထုတ်တယ်။
စိတ်ပိုင်းဆိုင်ရာအရတော့ သူ တဖြည်း ဖြည်းနှင့် သတိပြန်ကပ်လာခဲ့ပေမယ့် ရုပ်ပိုင်းဆိုင်ရာမှာတော့ တောင်ကြီး တစ်တောင်က သူ့ကိုဖိထားခဲ့သလိုမျိုး ခံစားနေရပြီး ကြွက်သားလေးတစ်ခု တောင် သူမလှုပ်နိုင်ချေ။
ဖာခ့်။
သရဲစီးနေတာပဲ။
ကျန်းလော့ သူ့မျက်လုံးတွေကို ဖွင့်ကြည့် ဖို့ ရုန်းကန်နေချိန်မှာ တစ်စုံတစ်ယောက် ရဲ့ ရယ်သံကို သူ့နားထဲမှာ ကြားလိုက်ရပြီး သူ့ကို ဖိထားခဲ့သော လေးလံမှုကြီးက ချက်ချင်းဆိုသလို ပျောက်သွားခဲ့ကာ သူ မျက်လုံးတွေကို ဗြက်ခနဲ ဖွင့်လိုက်သည်။
အခန်းတစ်ခန်းလုံး အပြည့်လောင်ကျွမ်း နေခဲ့သော မီးတွေက သူ့မျက်လုံးထဲမှာ ထင်ဟပ်လာခဲ့သည်။
အခန်းတစ်ခန်းလုံး မီးလောင်နေခဲ့ပြီး သူ ရှိနေသောခုတင်က အဆိုးဆုံးဖြစ်သည်။
ကျန်းလော့ လန့်ဖျပ်သွားပြီးနောက် သူ မသိစိတ်ကနေ အလိုလိုထထိုင်ဖို့ ကြိုးစားလိုက်သော်ြငားလည်း နောက် တခဏမှာ အိပ်ရာပေါ်သို့ သူ ပြင်းပြင်း ထန်ထန် ဆွဲချခံလိုက်ရသည်။ သူ မော့ကြည့်လိုက်တော့ သူ့ရဲ့ လက်ကောက်ဝတ်နှစ်ဖက်မှာ ချုပ်ထား ခဲ့သော သံချိန်းကြိုးနှစ်ကြိုးကို တွေ့ လိုက်ရသည်။
ကျန်းလော့ တခြားတစ်ဖက်ကို မျက်နှာ ရှုံ့မဲ့ပြီး ကြည့်လိုက်သည်။
စာရေးစားပွဲရဲ့နောက်မှာ အရပ်ရှည်ရှည် နှင့် လူတစ်ယောက် ထိုင်နေခဲ့သည်။ ထို သူက စာအုပ်ကို ကျက်သရေရှိရှိနှင့် ကိုင်ထားခဲ့ပြီး နူးညံ့ကာ လူကြီး လူကောင်းဆန်သော အပေါ်ယံအပြုံး တစ်ပွင့်ကို ဆင်မြန်း ထားခဲ့သည်။ ထို သူက ကျစ်လျစ်သော အနက်ရောင် ပွဲတက်ဝတ်စုံကို ဝတ်ထားခဲ့ပြီး ပြောင်လက်နေသော လည်သာရှုးတွေကို စီးထားသည့်ပုံစံက အခုလေးတင်မှ ညစာစားပွဲကနေ ပြန်လာခဲ့သော အထက်တန်းလွှာရဲ့ သိက္ခာအရှိဆုံး လူကြီးလူကောင်း တစ်ယောက်လိုပင်။
ကျန်းလော့ရဲ့ အကြည့်ကို ထိုသူ ခံစားမိ သွားပြီး သူ့ပေါင်ပေါ်မှာ စာအုပ်ကို ချကာ အဖုံးပေါ်မှာ သွယ်လျသောလက် နှစ်ဖက်ကို ညင်ညင်သာသာတင်၍ ကျန်းလော့ထံ လှည့်ကြည့်ကာ ပြောလာ ခဲ့သည်။
“မင်္ဂလာ ညနေခင်းပါ”
ထိုသူက ချီယုံပင်။
ကျန်းလော့ သူ့ကို မှုန်တေတေဖြင့် ကြည့် လိုက်သည်။
အခန်းထောင့်တွေက မှောင်မဲနေခဲ့ပြီး သူရှိနေခဲ့သော အခန်းရဲ့အလယ်နေရာ တစ်ခုတည်း ကွက်ပြီးတော့ မီးတောက် ကြီးတွေရဲ့ ဝိုင်းရံခြင်းကို ခံထားရသလို ပင်။ သူ့ရဲ့ ဝိညာဉ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သော ချီယုံက သူ့ရဲ့ ရှေ့မှာ အခုလိုမျိုး လူကောင်လိုက်ကြီး ပေါ်လာတာကို ကျန်းလော့ မယုံနိုင်သလို ချီယုံက ကျောင်းထဲကို ပေါ်ပေါ်ထင်ထင်ပဲ ဝင်ချလာနိုင်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်ချေ။
အပူကို ရှောင်လွှဲနိုင်ဖို့ သူအတတ်နိုင်ဆူံး ကြိုးပမ်းပြီးနောက် သူ့ ဦးနှောက်ကို အေးဆေးသွားအောင် အမြန်လုပ်လိုက် သည်။ မကြာခင်မှာပဲ တစ်စုံတစ်ရာက မှားယွင်းနေတာကို သူ သတိပြုလိုက်မိ သည်။ စာရေးစားပွဲက သေချာပေါက် ကို ညာဘက်မှာ ရှိနေခဲ့တာပေမယ့် အခု တော့ ဘယ်ဘက်မှာ ရောက်နေခဲ့သည်။ သူ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နိုင်ဖို့ ကြိုးစားလိုက်တော့ အပြင် ဘက်ရှိ ရာသီဥတုအခြေအနေက သရဲကားတွေထဲက အပလောကကဲ့သို့ ချောက်ခြားဖွယ် ကောင်းနေခဲ့သည်။ ပြတင်းပေါက် တံခါးလက်ကိုင်ကလည်း ဘယ်ဘက်မှာ ရောက်နေခဲ့သည်။
အရာအားလုံးက အပြင်လောကနှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။ ကျန်းလော့ရဲ့ အမူအရာ တဖြည်းဖြည်း နှင့် တည်ငြိမ်သွားခဲ့ပြီး သူ စာရေးစားပွဲ အနားမှာ ထိုင်နေသောသူကို လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။
“ဒီနေရာက မှန်လောကထဲမှာလား ဒါမှမဟုတ် အိပ်မက်ထဲမှာလား”
ချီယုံ ပြန်ဖြေလာတာကို မစောင့်ဘဲ ကျန်းလော့ ဆက်ပြောလိုက်သည်။
“ငါကတော့ အိပ်မက်ထဲမှာလို့ထင်တယ် … ကျောင်းမှာရှိတဲ့ မှန်ထဲကို ငါ့ကိုဆွဲသွင်း ဖို့ရာအထိတော့ အခုလက်ရှိ မင်းမှာ အစွမ်းအစမရှိဘူး”
“ဟုတ်တယ်မလား … ချီယုံ”
ချီယုံ ပြုံးလိုက်ပြီး သူ့ ပေါင်ပေါ်မှာရှိသော စာအုပ်ကို စားပွဲပေါ် တင်လိုက်သည်။ စာအုပ်ပေါ်ရှိ စကားလုံးတွေကလည်း ပြောင်းပြန်ဖြစ်နေခဲ့သည်။ လည်သာရှုး ဖိနပ်သံနှင့် မီးတောက်ရဲ့အသံ ပေါင်းစည်း သွားခဲ့ပြီး မူမမှန်ကာ စိတ္တဇဆန်သော သံစဉ်တစ်ခုကို ထွက်ပေါ်လာစေခဲ့သည်။ ချီယုံ ခုတင်ရှိရာဆီ လျှောက်လာခဲ့ပြီး ခုတင်ထိတောင် ရောက်နေပြီဖြစ်သော မီးတောက်ရဲ့အလင်းရောင်က သူ့ ရဲ့ ချောမောသော မျက်နှာထက်မှာ တောက်ပပြီး ရွဲ့စောင်းနေသော နက်ရှိုင်းရှိုင်း အလင်းရောင်ကို ထင်ဟပ် လာစေခဲ့သည်။
ချီယုံ ညင်ညင်သာသာ ရယ်လိုက်ပြီး နောက် အမှောင်ထဲမှာ လက်ကို ထုတ်လိုက်သည်။ သူ့ရဲ့ လက်တွေက ကျန်းလော့ကို သေချာပေါက် ထိမနေခဲ့ ပေမယ့်လည်း မမြင်ရသော လက်တစ်ခု က သူ့လည်ပင်းကို လာကိုင်တွယ်နေခဲ့ သလို ကျန်းလော့ ခံစားလိုက်ရသည်။ သေအံ့ဆဲဆဲ ငန်းတစ်ကောင်ကဲ့သို့ သူ့ ဦးခေါင်းကို မော့ကြည့်ဖို့ ဖိအားပေးခံ လိုက်ရပြီး သူ့ရဲ့ ဆံပင်တွေက သူ့ရဲ့ ကျောပြင်ထက် ကျဆင်းသွားခဲ့ကြသည်။
“မင်းကို သေမလောက်ချစ်ပြီး သေရွာကို အတူခေါ်သွားချင်တဲ့အထိကို ချစ်ရတဲ့သူ တစ်ယောက်အနေနဲ့”
ခုတင်စွန်းမှာ ရပ်နေခဲ့သောသူက စိတ်ဝင်စားစရာ အရုပ်ကလေးကို ရှာတွေ့သွားခဲ့၍ ပျော်နေသောအသံဖြင့် ပြောနေခဲ့ပေမယ့် ထို အသံက သူ့ ကျောရိုးတစ်ယောက် အေးစက်သွားစေ ခဲ့သည်။
“သေချာပေါက် မင်းရဲ့ နှလုံးသားဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ခုတင်ပတ်ပတ်လည်ကို သူ ညင်သာစွာ စည်းချက်ကျကျ ဖြည်းဖြည်းချင်း လျှောက်သွားနေခဲ့ပြီး သူ့ရဲ့ လည်သာဖိနပ် အသံက အပြစ်ဒဏ်ချမှတ်ဖို့ သတ်မှတ်ချိန်ကို ရေတွက်နေခဲ့သလိုပင်။
သူ့ရဲ့လည်ပင်း ပတ်ပတ်လည်က မမြင် ရသော လက်တစ်စုံပျောက်ကွယ်သွားပြီး ကျန်းလော့ အိပ်ရာပေါ်ကို ခပ်ပြင်းပြင်း ပြုတ်ကျသွားခဲ့သည်။ သူ အသက်ကို ပြင်းပြင်းရှုနေရချိန်မှာ လက်တစ်ဖက်က သူ့ ခေါင်းပေါ် ရောက်လာခဲ့ပြီး သူရဲ့ အနက်ရောင်ဆံချည်မျှင်လေးကို ကိုင်လာခဲ့သည်။
မီးတောက်အရောင်အောက်မှာ နတ်ဆိုး နှင့် တူနေခဲ့သော ချီယုံရဲ့မျက်နှာကို ကျန်းလော့ မော့ကြည့်ပြီး ရယ်လိုက် သည်။
“သရဲစီးတာလား”
ချီယုံရဲ့ စကားတွေ သူ့ နှုတ်ခမ်းဖျားကနေ ထွက်သွားပြီးပြီးချင်းမှာပဲ ကျန်းလော့ လေးလံသော ဖိအားကို ခံစားလိုက်ရပြီး မီးတောက်က ကောင်းကင်ထိလျှံတက် ကာ သူ လှဲလျောင်းနေသော နေရာဆီ ရောက်လာခဲ့သည်။
ကျန်းလော့ရဲ့ နှာခေါင်းပေါက်တွေထဲမှာ အသက်ရှုကျပ်လောက်စရာ မီးခိုးငွေ့ အနံ့တွေနှင့် လောင်ကျွမ်းနေသော အနံ့ တွေ ပြည့်သွားခဲ့ပြီး သူ့ရဲ့ဆံပင်တွေ လောင်ကျွမ်းနေသည့်အသံကို သူ ကြား နေရပြီး ဝေဒနာပြင်းထန်သော နာကျင်မှု က သူ့ရဲ့ခြေလက်တွေကနေတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
သူ ကြွက်သားလေးတစ်ခုတောင် မလှုပ်ရှားနိုင်ဘဲ သူ လှုပ်ရှားလို့ရသည့် တစ်ခုတည်းသော အရာက သူ့ရဲ့မျက်လုံး တွေပင်။ မီးလောင်မြိုက်ခံရသည့် နာကျင်မှုက ငရဲကျနေသကဲ့သို့ ခံစားရပြီး ကျန်းလော့ အံတွေကိုကြိတ်ကာ ကုတင် ခြေရင်းမှာရှိနေသော ချီယုံကို စိုက်ကြည့် လိုက်သည်။
ချီယုံက သူ့ကို အပြုံးနှင့် ကြည့်နေခဲ့ပေ မယ့် ထိုအပြုံးရဲ့အောက်က အေးစက်မှု ကတော့ ရေခဲတမျှပင်။ အရိပ်တွေက သူ့ကို လွှမ်းခြုံနေခဲ့ပြီး မီးရောင်အောက် မှာ မြင်နေရသော အောက်မေးရိုးထက် မှာတော့ သူ့ရဲ့ပါးစပ်ထောင့်စွန်းတွေက အပေါ်သို့ ကော့တက်ကာ အကြင်နာ တရားမဲ့ပြီး အရိုးထဲအထိ အေးစိမ့်စေ သော အပြုံးတစ်ပွင့်ကို ဆင်မြန်းထားခဲ့ သည်။
ကျန်းလော့ အရှင်လတ်လတ် မီးလောင်တိုက် သွင်းခံခဲ့ရသည်။
စူးရှသောနာကျင်မှု ပြီးဆုံးသွားပြီးနောက် မှာ သူ့ မျက်လုံးတွေကို နောက်တစ်ကြိမ် ထပ်ဖွင့်လိုက်သည်။
ခြောက်ခြားစရာကောင်းသော အခန်းထဲ မှာရှိနေတုန်းပဲဖြစ်ပြီး တကယ့် အစစ်အမှန်လောကနှင့် ဆန့်ကျင်ဘက် အိပ်မက်ထဲမှာပဲ ဖြစ်နေဆဲပင်။
ကျန်းလော့ အိပ်ရာပေါ်ကနေ အမူအရာ မရှိသော မျက်နှာထားဖြင့် ထလိုက်သည်။ သူ ရေခဲသေတ္တာရှိရာဆီ မြန်မြန်လျှောက် သွားလိုက်သည်။ ဘီယာပုလင်းတစ်ခုကို သူ ထုတ်ယူလိုက်ပြီးနောက် စားပွဲခုံ၏ စောင်းနှင့် အားပြင်းပြင်း ရိုက်ချလိုက် သည်။ ထို့နောက်မှာတော့ တစ်ဝက် ချွန်မြနေသော ဘီယာပုလင်းကိုကိုင်ကာ လူတစ်ယောက်ကို တစ်အိမ်လုံးအနှံ့ လိုက်ရှာတော့သည်။
တစ်ခန်းပြီးတစ်ခန်း ဝင်ကြည့်ကာ နောက်ဆုံးရေချိုးခန်းဆီ ရောက်သွားချိန် မှာတော့ သူ ရေချိုးကန်ထဲသို့ သူ့ အနောက်ကနေ ပေါ်လာခဲ့သော ယောက်ျား၏ နှစ်ချခြင်းကို ခံလိုက်ရ သည်။
ခုဏလေးတုန်းကထိကို ဘာမှမရှိခဲ့သော ရေချိုးကန်က အခုတော့ အေးစက်ကာ အရိုးခိုက်အောင် စူးရှသော ရေတွေနှင့် အပြည့်လျှံကျနေခဲ့ပြီး ကျန်းလော့ ထိုထဲကို လေးလံသော လက်တစ်စုံဖြင့် နှစ်ခြင်း ခံလိုက်ရသည်။
“ငါ့ကို ရှာနေတာလား”ချီယုံရဲ့ ကျက်သရေရှိသော အသံက ရေပြင်ရဲ့ အထက်မှာ ပေါ်လာခဲ့ပြီး သူပြုံးလိုက်ကာ မနက်ခင်းတုန်းက ကျန်းလော့ ပြောခဲ့သည့်အတိုင်း ပြန်ပြောလိုက် သည်။
“အဲလို ဖြစ်မှာမဟုတ်ဘူး … ဘာလို့လဲ ဆိုတော့ … အိပ်မက်ထဲမှာ … လက်ဦးမှု ယူခဲ့တဲ့သူက ငါမို့လို့ပဲ”
****