Ch 9
Viewers 8k

အခန်း ၉


ကျန်းလော့ သူ့ရဲ့ဘီယာပုလင်းကို ဆုပ်ကိုင်ကာ အသံလာရာဆီ ထိုးစိုက် လိုက်သည်။


သို့သော် မထိုးမိခဲ့ဘဲ ထိုအစား တခြားသူက သူ့လက်ကို ဖမ်းဆုပ်လာ ခဲ့သည်။


ချီယုံ ပြုံးကာ ပြောလိုက်သည်။


“လောဖို့မလိုပါဘူး”


“ငါတို့မှာ အချိန်တွေ အများကြီးရှိသေး တာပဲဟာ”


……


အရုဏ်ဦး ပြိုကွဲသွားချိန်မှာ ကျန်းလော့ မျက်လုံးတွေ ဆတ်ခနဲ ပွင့်လာခဲ့သည်။


သူ့မျက်လုံးတွေ ဘယ်ဘက်ကို အရင် ဖြည်းဖြည်းချင်း ကြည့်လိုက်ပြီးနောက် ညာဘက်ကို ကြည့်လိုက်သည်။ စားပွဲခုံ က ညာဘက်မှာ ရှိနေခဲ့ပြီး တံခါး လက်ကိုင်ကတော့ ဘယ်ဘက်မှာ။ ကျန်းလော့ ပြတင်းပေါက်ကို စောင်း ကြည့်လိုက်ချိန်မှာတော့ လက်ကိုင်က ညာဘက်မှာ ရှိနေခဲ့ပြီး  အတိတ်နိမိတ် ဆောင်သော ရွှေရောင်  အရှိန်အဝါကို  ဖျော့ဖျော့တွေကို မှိန်ပျပျလေး မြင်နေရ သည်။


 အိပ်မက်က‌နေ နိုးလာပြီပဲ။


သို့သော် သူ အိပ်ရာပေါ်ကနေ ဗြုန်းခနဲ ထကာ အိပ်ရာပေါ်ကနေ မှုန်တေတေဖြင့် ဆင်းလာခဲ့သည်။


ခြုံစောင်တွေနှင့် အိပ်ရာခင်းတွေထက်မှာ လူအရွယ် ချွေးကွက်တွေ စွန်းထင်းနေ ခဲ့ပြီး ကျန်းလော့ရဲ့ ရှပ်အင်္ကျီ နောက်ကျောမှာ အကုန်လုံးနီးပါး ချွေးတွေ ရွှဲနစ်နေခဲ့သည်။ သူ ခံစားချက်မဲ့သော မျက်နှာဖြင့် ဝရံတာ တံခါးကို ဖွင့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော မနက်ခင်းရဲ့ မြူခင်းထူထူကို ကြည့်လိုက်သည်။


ငှက်တွေက ကျီကျီကျာကျာ အော်မြည် သံနှင့်အတူ စာကလေးငှက်လေးက လက်ရန်းဆီ ပျံသန်းလာခဲ့ပြီး သူ့ရဲ့ ခြေသည်းနှစ်စုံက လက်ရန်းကို ကုပ်လာ ခဲ့သည်။


ဖြူသွယ်သွယ်လက်တစ်စုံက ငှက်လေး ကို ရုတ်တရက် ဖမ်းဆုပ်လာခဲ့သည်။ ကျန်းလော့ ငှက်လေးကို မှုန်တေတေ မျက်လုံးတွေဖြင့် ကြည့်လိုက်ပြီးနောက် လှောင်ပြုံးပြုံးလိုက်သည်။


“အဲတာ မင်းပဲ … ဟုတ်တယ်မလား”


သူ့ လက်‌က တဖြည်းဖြည်း တင်းကျပ် လာခဲ့ပြီး စာကလေးဌက်လေးရဲ့ အသက်မရှိသော မျက်လုံးတွေက သူ့ကို အသံတိတ် စိုက်ကြည့်နေခဲ့သည်။ ကျန်းလော့ရဲ့ လက်က တင်းကျပ် သထက် တင်းကျပ်လာခဲ့ပေမယ့် အကန့်အသတ်ကို ရောက်လာချိန်မှာ တော့ သူ လက်ကို ရုတ်တရက် ဖြေချ လိုက်သည်။


“ဆယ့်ရှစ်ကြိမ်”ကျန်းလော့ သူ့ဘာသာသူ ရေရွတ်လိုက်သည်။ သူ့ အပြုံးတွေက ပီပြင်သထက် ပီပြင်လာခဲ့ ပြီး စာကလေးဌက်လေးရဲ့ မျက်လုံး တွေကို တည့်တည့်စိုက်ကြည့်ရင်း သူ ပြောလိုက်သည်။


“ချီယုံ … မင်း ငါ့ကို ဆယ့်ရှစ်ကြိမ် တောင် သတ်ခဲ့တယ်”


သူ့ရဲ့ နောက်ဆုံးအကြိမ် သေခြင်းမှာ ကျန်းလော့ သူ့ဘဝကိုရင်းပြီးတော့ ချီယုံ ကို ဝရံတာပေါ်ကနေ ဆွဲချပြီး ချီယုံကို သူ့ထက်အရင် ပြုတ်ကျကာ အသွေး အသားအိုင်ကြီး ဖြစ်သွားစေခဲ့သည်။


“သေရတာ ပျော်ဖို့ကောင်းလား”သူ အံကြိတ်ပြီး ချီယုံရဲ့နားထဲကို တီးတိုး ပြောလိုက်သည်။


သွေးချင်းရဲရဲနီနေသော ချီယုံက ပြုံးလာ ခဲ့သည်။


“အာ … မင်း သေတဲ့ပုံစံကို ကြည့်ရတာ လောက်တော့ ပျော်ဖို့မကောင်းဘူး”


စုစုပေါင်း ဆယ့်ရှစ်ကြိမ်မှာ ချီယုံကို သူ တစ်ကြိမ် သတ်နိုင်ခဲ့သည်။


ကျန်းလော့ရဲ့ မျက်လုံးတွေထဲမှာ ဒေါသူပုန်ထမှုတွေ လှိုင်းထန်နေခဲ့ပြီး သူ စာကလေးဌက်လေးရဲ့ ခေါင်းကို ညှင်သာစွာ ပွတ်သပ်ပေးပြီး ပြုံးလိုက် သည်။ 


“မင်းရဲ့ ရုပ်သေးရုပ်လေးတွေထဲက တစ်ရုပ်ကို သတ်ပစ်တော့လည်း ဘာအကျိုးရှိမှာလဲ”


သူ တိုးတိုးလေး ပြောလိုက်သည်။ 


“ဘာလို့အဲလိုလုပ်ရမှာလဲ”


သောက်ကျိူးနည်း မင်းနာသွားမှာမှ မဟုတ်ပဲ။


ကျန်းလော့ သူ့လက်ကိုလွှတ်လိုက်ပြီး အထဲကို အေးစက်စက်မျက်နှာထားဖြင့် ပြန်ဝင်သွားလိုက်သည်။


သူ့ရဲ့ ရင်ထဲက ဒေါသတွေနှင့် ဆယ့်ရှစ်ခါသေရပြီးသည့်နောက် သူ့ရဲ့ ရန်လိုစိတ်တွေက ခန္ဓာကိုယ်ထဲကနေ ဖောက်ထွက်လာတော့ မတတ်ပင်။ သူ့ရဲ့ မူလရည်ရွယ်ချက်က ချီယုံကို နောက်ကွယ်က သူကို ရှာတွေ့အောင် ကူညီပေးပြီးတော့ မူလပိုင်ရှင်လုပ်ခဲ့တဲ့ အကြွေးတွေကို ပြန်ဆပ်ပေးဖို့ရာ ဖြစ်သည်။ သို့သော် အခုတော့ တာတာ့ပင် သူ့ ခေါင်းထဲမှာ အတွေး တစ်ခုပဲ ရှိတော့သည်။ ချီယုံကို သူ သတ်ပစ်ချင်သည်။


သူ လုံးဝကို သေချာပေါက်ကို ချီယုံကို သတ်ပစ်ရမည်။


နှိမ်နင်းအဆောင်


အိပ်မက်ရဲ့ နောက်ဆက်တွဲ စိတ်ဒဏ်ရာ တွေက ကျန်းလော့ကိုယ်ပေါ်မှာ ထင်ကျန်ရစ်ဆဲဖြစ်ပြီး ဒီအခန်းက တောင်မှ မကောင်းဆိုးဝါးရဲ့ အရိပ်အယောင်တွေ ရှိနေပြီး ချီယုံရဲ့ ခြေရာလက်‌ရာတွေ ကြွင်းကျန်‌ရစ်နေ သည်ဟု သူ သံသယရှိလာခဲ့သည်။ 


အခန်းထဲမှာရှိသော ချီယုံနှင့် ပတ်သတ် သမျှ အရာအားလုံးကို သူ ဧည့်ခန်းရဲ့ အလယ်မှာ ပစ်ချထားလိုက်သည်။ ချီယုံ သုံးခဲ့သော ရေခွက်တွေကို ရိုက်ခွဲသည် … ချီယုံ ဝတ်ခဲ့သော အဝတ်တွေကို အမှိုက်သရှိုက်တွေကဲ့သို့ လွှင့်ပစ်ခဲ့သည်။ ချီယုံ အိပ်မက်ထဲမှာ ဝတ်ခဲ့သော ဝတ်စုံကို အဝတ်ဗီရိုထဲမှာ သူ ရှာတွေ့ခဲ့ သည်။


ကျန်းလော့ အေးစက်စက်ရယ်လိုက်ပြီး နောက် အနက်ရောင်ဝတ်စုံကို အမှိုက်ပုံ ရဲ့ထိပ်ပေါ် လွှင့်ပစ်လိုက်ပြီး သူ့ရဲ့ မီးခြစ်ဖြင့် မီးညှိလိုက်သည်။


ဈေးကြီးသော အဝတ်အထည်ပုံကြီး ချက်ချင်းဆိုသလို မီးထတောက်လာခဲ့ ပြီး မီးလျှံတွေက ခေါင်မိုးကိုတောင် ရောက်လုနီးပါးပင်။ ကျန်းလော့ စီးကရက်တစ်လိပ်ကို ထုတ်ကာ တောက်လောင်နေသော မီးတောက်ဖြင့် မီးညှိလိုက်သည်။


မီးပွားတွေ တဖွားဖွား တောက်နေတာ ကို ကျန်းလော့ မှုန်တေတေမျက်နှာဖြင့် ရပ်ကြည့်နေလိုက်သည်။ ကျန်းလော့ စီးကရက်ကို တစ်ဖွာ ရှိုက်လိုက်ပြီး မီးစတွေက အဝတ်တွေကနေတစ်ဆင့် ကြမ်းပြင်ပေါ် ကူးစက်သွားတာကို အေးစက်စက်အကြည့်တွေဖြင့် ကြည့် လိုက်သည်။


အချက်ပေးအလန်းသံ စိုးရိမ်တကြီး မြည်လာခဲ့သည်။


ဆိုဖာ၊ သစ်သားဗီရို၊ ကော်ဖီစားပွဲ၊ အခန်းအလှဆင်ပစ္စည်းတွေ။


လုံးဝကို ပျက်ဆီးသွားပြီပင်။


ချီယုံရဲ့ ပစ္စည်းတွေကို ဖျက်ဆီးရခြင်း က ကျန်းလော့ရဲ့ စိတ်အခြေအနေကို နည်းနည်းလေးတောင် ကောင်းမလာ စေခဲ့ချေ။ သူ မီးတောက်ရဲ့အရှေ့မှာ ရပ်နေခဲ့ပြီး မီးတွေက သူ့ကိုဟပ်တော့ မယ့်အချိန်မှာ အ‌နောက်သို့ ဆုတ်လိုက် သည်။


မီးသတ်ပိုက်ဖြင့် တစ်စုံတစ်ဦး အပြေး ရောက်လာဖို့ သိပ်မကြာလိုက်ချေ။


ထို့နောက်မှာတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ပြေးလာကြသော ကျောင်းသား ခုနှစ်ယောက်အုပ်စု ရောက်လာခဲ့သည်။ ရောက်လာလာချင်း သူတို့ တွေ့လိုက်ရတာက ရှပ်အင်္ကျီ တစ်ထည်တည်းကို ဝတ်ထားပြီး မီးခိုး တွေ ပေကျံနေသော ကျန်းလော့ကိုပင်။


ကျန်းလော့က ခုချိန်ထိ ခြေဗလာနှင့် ဖြစ်ပြီး သနားစရာပုံလေးပေါက်နေခဲ့ သည်။ သူ့ရဲ့ ဆံပင်အဖျားတွေ နည်းနည်းလောင်သွားခဲ့ပေမယ့် ဒဏ်ရာ အကြီးအကျယ်တော့ မရခဲ့ချေ။


ဝမ်ယမ်လန် သူဝတ်ထားတဲ့ ခြုံထည်ကို ချွတ်လိုက်ပြီးနောက် ကျန်းလော့ရဲ့ ကိုယ်ပေါ် ခြုံပေးလိုက်ကာ ပြုံးရင်း ပြောလိုက်သည်။


“ငါနေတဲ့နေရာကို အရင် သွားကြတာပေါ့”


ခွမ့်ကျိန်း အောက်ထပ်ရှိ စတိုခန်းထဲက နေ သားရေဘွတ်ဖိနပ်တစ်စုံကို ရှာတွေ့ လာပြီးနောက် ကျန်းလော့ရဲ့ဘေးနားမှာ တိတ်တိတ်လေး ချ‌ပေးလိုက်သည်။


ဆရာများနားနေသည့် အဆောင်က ကျောင်းသားတွေရဲ့ အဆောင်နှင့် သိပ်မဝေးသော်ငြားလည်း အဆောက်အဦးလေးတွေအဖြစ် ခွဲထား ခဲ့သည်။ ချီယုံရဲ့ အခန်း‌က အပေါ်ရော အောက်ထပ်မှာပါ လူမနေတာကြောင့် မီးလောင်နေမှန်း လူတွေသိဖို့ ကြာသွားရခြင်းဖြစ်သည်။ 


လှေကားထစ်တွေကနေ ဆင်းလာပြီး နောက်မှာ ကျန်းလော့ ပြန်လှည့်ကြည့် လိုက်သည်။


ချီယုံရဲ့အခန်း ပြတင်းပေါက်ကနေ မီးခိုးလုံးကြီး ထွက်လာနေခဲ့ပြီး မီးငြိမ်း သွားခဲ့ပြီဖြစ်သည်။


ကျန်းလော့ သူ့နှုတ်ခမ်းတွေကို အေးစက်စက် ကိုက်လိုက်ပြီးနောက် ကျောင်းသားအဆောင်ထဲကို ဝင်သွား လိုက်သည်။ 


ကျောင်းသားများ နေကြသည့် အဆောင်ဆီ သူရောက်သွားတော့မှပဲ လုယုံရိ ပြောသော ငါးဆယ် စတုရန်း မီတာဆိုတာ မှားနေမှန်း ကျန်းလော့ သိလိုက်ရသည်။ ကျောင်းသားတွေ နေတဲ့အဆောင်က ဆရာတွေ အဆောင် လောက်တော့ မကြီးပေမယ့် လည်း ရှစ်ဆယ်စတုရန်းမီတာလောက် တော့ ကျယ်သည်။ လူပျိုလူလွတ်တွေ နေကြတဲ့ အဆောင်အနေနဲ့တော့ အခုဟာက လုံလောက်တာထက်ပင် ပိုပြီးတော့ ကျယ်နေသေးသည်။ 


ဝမ်ယမ်လန်ရဲ့ အခန်းပုံစံက အရမ်း ရိုးစင်းပြီး သူတို့အုပ်စု ဧည့်ခန်းထဲမှာ ထိုင်လိုက်ကျသည်။ ကျန်းလော့ အဝတ်အစားတချို့ ငှားလိုက်ပြီးနောက် ရေချိုးလိုက်သည်။ ရေချိုးခန်းထဲက မှန်ထဲမှာ သူ့ နဖူးရဲ့အလယ်တည့်တည့် မှာ သွေးစက်တစ်စက်ရှိနေတာကို တွေ့ လိုက်ရသည်။


စာကလေးငှက်လေးရဲ့ နှုတ်သီးရဲ့ ဆိတ်ခံရတုန်းက သူ့လက်ပေါက်သွားတာ ကို သူ ချက်ချင်း ပြန်သတိရလိုက်သည်။ ဤသွေးစက်က သေချာပေါက် ချီယုံ စာကလေးငှက်လေးကို ထိန်းချုပ်ပြီး တော့ သူ့ဆီကနေရအောင် ယူခိုင်းခဲ့တာ ပဲဖြစ်ရမည်။


ဒီနည်းလမ်းကိုသုံးပြီးတော့ သူ့ကို အိပ်မက်ထဲရောက်အောင် မြှားခေါ်ခဲ့ တာလား။


ကျန်းလော့ သူ့ ခေါင်းပေါ်ကသွေးစက် ကို သုတ်ပစ်လိုက်သည်။ သူ့ရဲ့ မျက်လုံး တွေက ကြောက်စရာကောင်းနေခဲ့ပြီး သူ အသက်ပြင်းပြင်းရှုကာ သူ့စိတ်သူ ပြန် ထိန်းချုပ်လိုက်သည်။


သူ အပြင်ကို ပြန်ထွက်လာချိန်မှာတော့ အပြင်ဘက်မှာ ထိုင်နေကြသောသူတွေ က မီးလောင်ရတဲ့ အကြောင်းအရင်းကို ဆွေးနွေးနေကြပြီဖြစ်သည်။ ကျန်းလော့ အပြင်ထွက်လာတာကိုမြင် တော့ လုယုံရိက အရင်ဆုံး မေးခွန်းမေး လာခဲ့သည်။ 


“ကျန်းလော့ … အဲဒီမှာ မီးက ဘယ်လိုလုပ်ပြီး ချက်ချင်းထလောင်လာ ရတာလဲ”


ကျန်းလော့ သူ့ဆံပင်ကို ရေသုတ်ရင်းနဲ့ အေးအေးဆေးဆေး လျှောက်လာကာ ထိုင်လိုက်သည်။


“ငါနိုးလာချိန်မှာ အခန်းက မီးလောင်နေ ပြီ”


လုယုံရိ မျက်မှောင်ကြုတ်လိုက်သည်။


“ထူးဆန်းလိုက်တာ … မင်း စီးကရက် သောက်ပြီးတော့ မငြိမ်းဘဲ ဒီတိုင်းထား ခဲ့လို့များ မီးစွဲပြီး လောင်သွားတာလား”


ကျိုးကျုံးချိုး ပြောလိုက်သည်။ “လုယုံရိ …  နင်တော်တော်တုံးတာပဲ … နင် မမြင် လိုက်ဘူးလား”


ကျန်းလော့ရဲ့ မျက်ခုံးအလယ်နေရာကို ကျိုးကျုံးချိုး ကြည့်လိုက်ပြီး “ငါ သူ့ကို ခုဏကတွေ့တုန်းက … သူ့ရဲ့ နဖူးတည့် တည့်မှာ သွေးတစ်စက်စီးကျနေတာကို တွေ့လိုက်ရတယ်။ သွေးစက်ရဲ့အရောင် က မည်းညစ်နေပြီးတော့ လူသေရဲ့ စွမ်းအင်အငွေ့အသက်တချိူ့ ရှိနေတယ်။ အဲဒီ့သွေးစက်က အသက်ရှင်နေတဲ့သူရဲ့ အသက်ဓာတ်ကို ထိန်းချုပ်ပြီးတော့ ကျန်းလော့ကို အိပ်မက်ကမ္ဘာထဲ ဆွဲခေါ် သွားခဲ့တာပဲ”


ကျိုးမိသားစုက ဝိညာဉ်နဲ့ခန္ဓာကိုယ်ကို ဒွန်တွဲကျင့်ကြံသည့်နည်းကို ဦးစားပေး ကျင့်ကြံကြတာ ဖြစ်သည်။ ကျိုးကျုံးချိုးရဲ့ ဝိညာဉ်အငွေ့အသက်ကို အာရုံခံနိုင်စွမ်းက သာမန်လူတွေထက်ကို အများကြီး ပိုပြီးတော့ တုံ့ပြန်နိုင်စွမ်းရှိသည်။ ကျန်းလော့ရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ရစ်သိုင်းနေသော ယင်ဓာတ်စွမ်းအင်ကို သူမ တွေ့နေရပေမယ့် ထိုယင်ဓာတ်ရဲ့ အရင်းအမြစ်ကိုတော့ မမြင်ရချေ။ 


“ကျန်းလော့ … နင်ဘာကို အိပ်မက်မက် ခဲ့တာလဲ”


ကျန်းလော့ ရေသုတ်တဘက်ကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်ကာ သူ့ ရဲ့ ဆံပင်အဖျားတွေက ရေစက်တွေကို သုတ်လိုက်သည်။ သူ့ အကြည့်တွေက နက်ရှိုင်းနေခဲ့ပြီး သူ ရုတ်တရက် ပြုံးလိုက်သည်။ “ငါ ချီယုံနဲ့ တွေ့ခဲ့ တယ်”သူ နူးနူးညံ့ညံ့လေး ပြောလိုက် သည်။ “ပြီးတော့ သူ ….”


စကားစရပ်သွားပြီးနောက်မှာ ကျန်းလော့ ခါးကို ဖြည်းဖြည်းချင်း မတ်လိုက်ပြီး လူတွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်ကြည့်လိုက်သည်။


လုယုံရိ၊ ယယ်ရွှင်၊ ကျိုးကျုံးချိုး၊ ကောကျူ၊ ခွမ့်ကျိန်း၊ ဝမ်ယမ်လန် နဲ့ သိပ်မရင်းနှီးသော နိုင်ငံခြားသားဖြစ်တဲ့ မျက်လုံးပြာ ရွှေရောင်ဆံပင်တွေနဲ့ စိုင်းလောင်အာ။ သူ သူတို့နဲ့ မျက်လုံး ချင်းဆုံအောင် လိုက်ကြည့်ခဲ့ပေမယ့် မှားယွင်းမှု တစ်စုံတစ်ရာ ရှာမတွေ့ခဲ့ ချေ။ ကျန်းလော့ ဝရံတာဘက်ကို ထပ်ကြည့်လိုက်သည်။


ဝရံတာပြတင်းပေါက်နှင့် တံခါးတွေကို စေ့နေအောင် ပိတ်ထားခဲ့ပြီး စာ‌ကလေး အပါအဝင် တခြားတိရစ္ဆာန်တွေလည်း မရှိချေ။


ချီယုံက ဒီနေရာမှာ ရှိမနေသင့်ပေမယ့် သူ့ရဲ့ ရုပ်သေးဝိညာဉ်ထိန်းချုပ် အတတ်ပညာက တစ်ခါခံရဖူးသော ကျန်းလော့ကို စိတ်အနှောင့်အယှက် အကြီးအကျယ် ပေးနေခဲ့သည်။


“သူ ဘာဖြစ်နေလို့လဲ” ယယ်ရွှင် သိချင်ဇောဖြင့် မေးလိုက်သည်။


“ငါ မနေ့ညက သူ့အကြောင်းကို အိပ်မက်မက်တယ်”ကျန်းလော့ အကြည့် တွေကို ပြန်ရုပ်သိမ်းကာ ထိုင်ခုံပေါ် မှီလိုက်ရင်း တိုးတိုးလေးပြောလိုက် သည်။ “သူ မြေအောက်လောကမှာ တစ်ယောက်တည်းနေရတာ အထီးကျန် တဲ့ … သူတစ်ယောက်တည်း ဖြစ်နေတာမို့ ငါ့ကို အမြဲတမ်း သူနဲ့ အတူ အဖော်ပြု ပေးစေချင်တယ်လို့ ပြောတယ်။ငါ့ကို သူ နောက်တစ်ကြိမ်ထပ်ပြီး ချစ်ကြောင်း ဝန်ခံခဲ့တယ် … အဲဒီ့နောက်မှာတော့ ငါ ထူးဆန်းတဲ့ အိပ်မက်တွေကို ဆယ့်ရှစ်ကြိမ်တောင် ဆက်တိုက်မက်ခဲ့ တယ် … အိပ်မက်တစ်ခုချင်းစီတိုင်းက သူနဲ့အတူတူ အချိန်တွေ ကုန်ဆုံးရတဲ့ အိပ်မက်တွေချည်းပဲ”


“လောကကြီးမှာရှိတဲ့ ရင်းနှီး ကျွမ်းဝင်ဆုံးသော အရာကို ငါတို့ အတူတူ လုပ်ခဲ့ကြတယ် “သူက ချီယုံကို သတ်တယ်... ချီယုံက သူ့ကို သတ်တယ်။



“စိတ်လှုပ်ရှားရပြီးတော့ လေးနက် သိမ်မွေ့တဲ့ ဒိတ်တွေကိုလည်း ငါတို့ အတူတူ ခံစားခဲ့ကြတယ်” မီးလောင်တယ်၊ ရေနစ်တယ်၊ ဆွဲကြိုးချ သေတယ်၊ အမြင့်ပေါ်ကနေ ပြုတ်ကျ သေတယ်။


“အိပ်မက်လား တကယ်လားဆိုတာ ကိုတောင် ငါ မခွဲခြားနိုင်တော့တဲ့ အချိန်တွေလည်း ရှိတယ်”


ကျန်းလော့ ရုတ်တရက်ပြုံးလိုက်သည်။


“အိပ်မက်တစ်ခုထဲမှာဆိုရင် … သူနဲ့ငါနဲ့ က အဆောက်အဦးအမြင့်တစ်ခုပေါ်မှာ ရပ်နေခဲ့ကြတာ … သူက ပြောတယ် … ငါသာ ဒီကနေခုန်ချလိုက်ရင် ငါ စိတ်တွေအေးချမ်းသွားပြီးတော့  ဘဝရဲ့ အခက်အခဲတွေကနေ လွတ်မြောက်သွား လိမ့်မယ်တဲ့”


သူ ပြောပြပြီးနောက် သူ့ဘေးနားက လူတွေကို ဝေ့ကြည့်လိုက်ပြီး သူ အံ့အား သင့်သွားခဲ့ရသည်။ 


“မင်းတို့အကုန်လုံးရဲ့ မျက်နှာထားတွေ က ဘာလို့‌မဲ့ရွဲ့နေကြတာလဲ”


“မကောင်းဆိုးဝါးဝိညာဉ်ကတော့ မကောင်းဆိုးဝါးဝိညာဉ်ပါပဲ … ချီယုံက မကောင်းဆိုးဝါး ဖြစ်လာတာတောင်မှပဲ  သူတော်ကောင်းဆန်နေတုန်းပဲ”ကျိုးကျုံးချိုး လေးလေးနက်နက် ပြော လိုက်သည်။ 


ကောကျူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


“အိပ်မက်ဆယ့်ရှစ်ထပ်… အဲတာကလည်း တော်တော်လေး …”


“အဲတာက သတ်ပစ်ဖို့ ရည်ရွယ်နေတာပဲ မဟုတ်ဘူးလား” ကျိုးကျုံးချိုး နှာမှုတ် လိုက်သည်။ “စိတ်ညစ်စရာတွေကနေ လွတ်မြောက်ပြီးတော့ ဝမ်းနည်းမှုတွေကို မေ့သွားမယ်တဲ့လား။ အဲတာ တူတူပဲ မဟုတ်ဘူးလား။ ဘယ်လို အမှိုက်ကောင်လဲ။ ချီယုံကို ကယ်တင် လို့ရဦးမယ်လို့ ငါ ထင်ထားခဲ့တာ ဒါပေမယ့် အခုကြည့်ရတာတော့ သူ့ကို ကယ်ဖို့ ဆေးမရှိတော့ဘူးပဲ။ အိပ်မက် ဆယ့်ရှစ်ထပ်တဲ့လား … စိတ်သိပ်မခိုင်တဲ့ သူတွေသာဆိုရင် နိုးတောင်လာမှာ မဟုတ်တော့ဘူး။ ချက်ချင်းကြီး မီးထလောင်တာပဲ ကြည့်ဦးလေ … ကျန်းလော့သာ နည်းနည်းနောက်ကျပြီး မှ နိုးလာမယ်ဆိုရင် … သူ ဘာဖြစ်သွား လိမ့်မလဲ”


သူ အချိန်အကြာကြီး ထပ်အိပ်ပျော်နေ ဦးမှာကိုပဲ သူ ကြောက်မိသည်။


ကျိုးကျုံးချိုး ကျိန်ဆဲလိုက်ပြီးနောက် ရုတ်တရက် ထရပ်လိုက်ပြီး သူမရဲ့ စူးရှတဲ့အကြည့်တွေက ကျန်းလော့ အပေါ် မှာ ရောက်နေခဲ့သည်။ “နင် အသိစိတ် မြန်မြန် ဝင်လာရင် ကောင်းမယ်”


ကျန်းလော့ ပြောလိုက်သည်။ “သူ ငါ့ဆီ လာတာကို ငါ တားလို့မှမရဘဲ”


ရုပ်နယ်လွန်လောကရဲ့ ကျောင်းသား တစ်ယောက်က မကောင်းဆိုးဝါးဝိညာဉ် ရဲ့ အိပ်မက်ထဲကို ဆွဲသွင်းခံခဲ့ရတာကိုပဲ ဘယ်လို ချိုးဖောက်ရမလဲဆိုတာ မသိဘူးတဲ့လား။ ဒီဟာက အသက် ငယ်ငယ်လေးနဲ့ ရည်စားမထားရဘူးလို့ တားမြစ်ခံထားရတဲ့ မသိနားမလည်တဲ့ ကလေးမလေးက အကျင့်မကောင်းတဲ့ အကောင်နဲ့ ချစ်မိသွားပြီးတော့ လူတွေ မသိအောင် မလိမ်တတ် လိမ်တတ်နဲ့ လိမ်နေတာနဲ့ သွားမတူနေ ဘူးလား။


ယယ်ရွှင် ပေါ့ပေါ့ပါးပါးပဲ ပြောလိုက် သည်။ “ကျန်းလော့က လုပ်ဆောင်ချက် အမှတ် သုံးမှတ်ပဲရတာလေ”


“……”


အသက်ရှုကျပ်လောက်သော ငြိမ်သက်မှု ကြီး ကြီးစိုးသွားခဲ့သည်။


ယယ်ရွှင် ထပ်ပြောလိုက်သည်။ 


“ပြီးတော့ ချီယုံ သေသွားပြီးတဲ့နောက် အခြေခံအချက်တွေကိုတောင် သူ ဂရုမစိုက်နိုင်တော့ဘူးလေ။ အဲလိုလူကို ချီယုံနဲ့ အိပ်မက်ထဲမှာ တွေ့ကြပြီးတော့ အိပ်မက်ကို ချိုးဖောက်ဖို့ မျှော်လင့်နေ တာလား။ သူ အချိန်မှီ နိုးလာတာတောင် ကံကောင်းပဲ”


ခွမ့်ကျိန်း ခေါင်းယမ်းကာ ဆိုလိုက် သည်။ “ဒီလိုဆိုရင် မဖြစ်ဘူး”


ကျန်းလော့ထံ မကျေမနပ်ဖြစ်နေကြ သော အကြည့်တချို့ရောက်လာခဲ့ပြီး ဝမ်ယမ်လန် အစ်အောက်မေးလိုက် သည်။ 


“ကျန်းလော့ … ချီယုံကို အိပ်မက်ထဲမှာ တွေ့ရတဲ့အချိန်တုန်းက … မင်း ပျော်လား”


ကျန်းလော့ ပြုံးလိုက်ရင်း “ပျော်တယ် …. အရမ်းကို ပျော်တာ”


“ဒါပေမယ့် မစိုးရိမ်ပါနဲ့ … ငါ သူ့နောက်ကို လိုက်မသွားသေးပါဘူး”ကျန်းလော့ ပြုံးလိုက်ရင်း “ငါ မင်းတို့ကို ပြောထားသားပဲ… ချီယုံအတွက် လက်စားချေပေးပြီးတော့ သူ့ကို သတ်ခဲ့တဲ့သူကို တွေ့အောင်ရှာမယ်လို့”


“ငါ သန်မာလာချင်တယ်”ကျန်းလော့ ရေရွတ်လိုက်ပြီး သူ့ လက်ကို ဖြည်းဖြည်းချင်း ဖြန့်ကာ ငုံ့ကြည့်လိုက် သည်။ “ငါ့မှာ အင်အားမရှိဘဲ… ဘာမှ မလုပ်နိုင်ဘူး”


သူ့ကို တွန်းအားပေးနေခဲ့သော အလျင် လိုမှုက ပိုပိုအားကောင်းလာခဲ့ပြီး ကျန်းလော့ရဲ့ ဒေါသတွေနဲ့ ပေါင်းစည်း သွားခဲ့သည်။


ကျန်းလော့ လက်သီးပြန်ဆုပ်လိုက် သည်။


တစ်ညတည်းမှာ ဆယ့်ရှစ်ကြိမ်သေရ သည့် ခံစားချက်က ဘယ်လိုလဲဆိုတာကို ချီယုံကို ခံစားရအောင် သူ လုပ်ချင် သည်။


ကျန်းလော့ တစ်စက္ကန့်တောင် အချိန်ဆွဲ မနေဘဲ သူ့ရဲ့အတန်းဖော်တွေနဲ့အတူ မနက်စာစားပြီးနောက်မှာ အတန်းသွား တက်လိုက်သည်။


သဘာဝသိပ္ပံနှင့် လူမှုရေးဘာသာရပ်၏ အတန်းတွေကို အမျိုးအစားအများကြီး ခွဲထားခဲ့သည်။ အဓိကဘာသာရပ်တွေ  တောင်တန်းတွေ၊  ဆေးပညာ၊ ရှေ့ဖြစ်ဟောပညာ၊ ဂမ္ဘီရပညာနှင့် ရုပ်လက္ခဏာဗေဒတို့ပဲ ဖြစ်သည်။ ဒီနေ့ မနက်အတန်းက ဖုလူ ဖြစ်သည်။


(ဖုလူ - အင်းစာရွက် အဆောင်တွေ ရေးဆွဲသောပညာ ) 


ကျန်းလော့ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ် တွေထဲကို မွှေနှောက်ရှာလိုက်ပေမယ့် အသုံးဝင်တာ တစ်ခုမှ ရှာမတွေ့ခဲ့‌ချေ။ 


ဖုလူအတန်းကို သင်တဲ့ဆရာက တောက်ဓမ္မဝတ်စုံ ဝတ်ထားသော အသက်ကြီးကြီး လူကြီး‌တစ်ယောက် ဖြစ်ပြီး မျက်နှာပုံစံ က တော်တော်လေး တည်တင်းကာ ချဉ်းကပ်ရ မလွယ်လောက်ချေ။ 


ကျန်းလော့ မူလပိုင်ရှင်ရဲ့နေရာမှာပဲ ထိုင်လိုက်သည်။ ခုံပေါ်မှာ အဆောင် ရေးဖို့ရာအတွက် လိုအပ်သော ပစ္စည်းပစ္စယအစုံကို ချထားနှင့်ပြီးသား ဖြစ်သည်။ အဝါရောင်စာရွက်၊ အနီရောင်စာရွက်၊ စုတ်တံတွေ၊ မင်၊ မင်သွေးတဲ့ခွက်နှင့် ချိတ်စည်းတွေ အစုံအလင်ပင်။


မင်ရည်ထဲမှာ မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေး‌သော ဆေးဖက်ဝင်အပင် တချို့နှင့် ရောစပ်ထားပုံရပြီး စုတ်တံမှာ တော့ နှစ်ကာလရှည်ကြာလောက်ပြီ ဖြစ်သော ရှေးခေတ်မန္တန်တွေ ရေးထိုး ထားခဲ့သည်။ 


လူစုံသွားချိန်မှာ လူအိုကြီးက ပြောလာ ခဲ့သည်။ “မင်းတို့ဒီနေ့သင်ရမယ့် မန္တန်က မလွယ်ကူဘူး။ မင်းတို့ထဲက တစ်ဝက်လောက် လုပ်နိုင်မယ်ဆိုရင်ကို ငါ ကျေနပ်တယ်။ မင်းတို့ လုပ်နိုင်စွမ်း ကို ကျော်သွားပြီလို့ခံစားရရင် မင်းတို့ ကိုယ်မင်းတို့ ဖိအား‌ပေးပြီးတော့ မရေးရဘူး။ ကိုယ့်ကိုကိုယ်ကာကွယ် ဖို့ရာအတွက် စုတ်တံကို အချိန်မှီ ချိုးလိုက်ကြရမယ် … နားလည်လား”


ကောကျူ ပြောလိုက်သည်။ “ဆရာကြီး … ကျွန်တော်တို့ နားလည်ပါတယ် … စရေးလို့ရပြီ”


လူအိုကြီး သူ့စိတ်ကို တည်ငြိမ်အောင် ထားပြီး ပါးစပ်ကနေ ဂါထာရေရွတ် လိုက်သည်။ အဆောင်ကို စမဆွဲခင် ဂါထာပြီးအောင် ရွတ်လိုက်ပြီးသည်။ ထို့နောက်မှာတော့ စုတ်တံရဲ့ ထိပ်ဖျား လေးကို အာရုံစိုက်ကာ အဝါရောင် အင်းစာရွက်ပေါ်မှာ တစ်ချက်တည်း ဆွဲလိုက်သည်။


ဖုလူ ရေးဆွဲပြီးသွားချိန်မှာ လူအိုကြီးရဲ့ မျက်နှာထက်တွင် ချွေးအနည်းငယ် ပြန်နေခဲ့သည်။ သူ စုတ်တံကို ချလိုက် ပြီးနောက် သက်ပြင်းရှည်ကြီးချလိုက် သည်။ အတိတ်နိမိတ်ကောင်းသော ရွှေရောင်အရှိန်အဝါဖျော့ဖျော့ကို အင်း စာရွက်ပေါ်မှာ မြင်လိုက်ရ၍ ကျန်းလော့ အံ့ဩသွားမိသည်။ အသေးစိတ်ကြည့် ကြည့်လိုက်ပါက စာရွက်ပေါ်ရှိ အရေးအသားက ချောမွတ်ပြီး လှပကာ နဂါးနဲ့ကျားတွေ ပုန်းလျိုးကွယ်လျိုးနေ သည့်အလား အသက်ဝင်လှပြီး ထိုစာလုံးတွေပေါ်ကနေ ဝိညာဉ်စွမ်းအား တွေ ခပ်ရေးရေးလျှံကျနေခဲ့သည်။


ကျန်းလော့ လူတစ်ယောက် ရှေးဟောင်း မှော်စာရေးတာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေမယ့် မယုံကြည်နိုင် စရာကောင်း လောက်အောင်ပင် ထို ရှေးဟောင်း‌မှော်စာရေးနည်းကို သေချာ မကြည့်ဘဲနဲ့တောင် မှတ်မိနေခဲ့သည်။ 


သူ့ဘေးမှာ ထိုင်နေသော လုယုံရိက ဝမ်းနည်းနေသောမျက်နှာဖြင့် ပြောလာခဲ့ သည်။ “ဘယ်လိုလုပ်ပြီးတော့ ဒီ နှိမ်နင်းအဆောင်က ဒီလောက်တောင် ခက်ရတာလဲ … ငါ သေချာပေါက်ကို မဆွဲနိုင်ဘူး”


ကျန်းလော့ ခေါင်းလှည့်ကာ မေးလိုက် သည်။ “နှိမ်နင်းအဆောင်ဟုတ်လား”


“ဖုလူက အမျိုးအစားအများကြီးပဲ … နှိမ်နင်းအဆောင်၊ ဆင့်ခေါ် အဆောင်နဲ့ ကုသရေးအဆောင် အဲလိုအဆောင်တွေ အမျိုးမျိုးရှိတယ်။ ဒီအဆောင်ကကျ တော့ နှိမ်နင်းအဆောင်..  မကောင်းဆိုးဝါးတွေကို နှင်ပေးပြီး‌ တော့ ဆိုးသွမ်းတဲ့ဝိညာဉ်တွေကို ထိန်းချုပ်ပေးတယ်”


ကျန်းလော့ အပြုံးတွေ နက်ရှိုင်းသွားခဲ့ သည်။ “စိတ်ဝင်စားစရာပဲ”


ဒါနဲ့သာ ချီယုံကို နှိမ်နင်းနိုင်မယ်ဆိုရင်။


“စိတ်ဝင်စားဖို့ကောင်းလည်း အသုံး မဝင်ဘူး… ငါတို့တွေမှ မရေးနိုင်တာ”လုယုံရိ သက်ပြင်းချလိုက်သည်။ 


“ဖုလူကို ရေးနိုင်ဖို့အတွက် ချီကို အသုံးပြုရမှာ ဒါပေမယ့် လူတစ်ယောက် ရဲ့ ချီစွမ်းအင်က အကန့်အသတ်ရှိတယ်။ လူအများစုက ရေးနေရင်းတန်းလန်းမှာ ပဲ ချီဓာတ်ကုန်ခန်းသွားကြတာ။ အရမ်း အစွမ်းကြီးတဲ့ လူတွေမှပဲ ဒီလို ရှေးဟောင်း‌မှော်စာကို ရေးနိုင်ကြတာ။ ကိုယ့်အတိုင်းအတာထက် ကျော်လွန်ပြီး တော့ ရေးမယ်ဆိုရင် ကိုယ့်ကိုကိုယ်ပဲ ပြန်ထိခိုက်မှာ”


သို့သော် ကျန်းလော့ကတော့ ထို ရှေးဟောင်းမှော်စာကို သူ အလွယ်တကူ ရေးနိုင်လိမ့်မည်ဟု ခံစားနေရသည်။ လုယုံရိရဲ့ စကားတွေကို သူကြားပြီး နောက်မှာ သူကပဲ အတွေးလွန်နေတာ လားဟု ပြန်တွေးမိသည်။ 


“အကယ်၍ ငါက ရေးနေရင်း တန်းလန်း ချီဓာတ်ကုန်ခန်းသွားတာကို ဆက်ရေးနေ ရင် ဘာဖြစ်မလဲ”


လုယုံရိ လေးလေးနက်နက် ဖြေလိုက် သည်။


 “အသက်ရှုရပ်သွားလောက်တယ်”


ကျန်းလော့ “……”


သူ ဆွံ့အစွာဖြင့် သူ့ခုံသူပြန်ထိုင်ကာ စုတ်တံကိုကိုင်ပြီး စိုက်ကြည့်နေလိုက် သည်။


ကျန်းလော့ စုတ်တံထိပ်ဖျားလေးကို အဝါရောင် အင်းစာရွက်ပေါ်တင်လိုက် ပြီး လူအိုကြီးရွတ်သွားခဲ့သော ဂါထာကို မန်းမှုတ်ဖို့ လုပ်လိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် သူ ဂါထာကို တလုံးတလေမျှတောင် မရွတ်နိုင်ခဲ့ချေ။


ထို့ကြောင့် သူ စုတ်တံကို ပြန်ချကာ ဖုလူ စာအုပ်တွေကို ဖွင့်ပြီး ဂါထာတွေကို တစ်ခုပြီးတစ်ခု ယှဉ်ကြည့်ပြီးတော့ သူ ရွတ်ဖတ်ရမည့် ဂါထာကို ရှာတွေ့ခဲ့သည်။ သူ ထိုဟာကို အကြိမ်ရေတော်တော် များများ ရွတ်ဆိုလိုက်သည်။


 ကျောင်းသားတွေ ကြားထဲမှာ ပတ်သွားနေခဲ့သော  လူအိုကြီးက သူ့ရဲ့ လုပ်ပုံကိုင်ပုံတွေကို မြင်ချိန်မှာ ခေါင်းယမ်း၍ သက်ပြင်းချလိုက်ပြီး သံကို သံမဏိအဖြစ် ပြောင်းလို့မရ ကြောင်း တွေးလိုက်မိသည်။ 


“ဒီကလေးကို သင်ပေးလို့ မရဘူးပဲ”


ကျန်းလော့ကို ကောကျု ဘေးတိုက် ကြည့်နေခဲ့ရင်းမှ မနေနိုင်ဘဲ သက်ပြင်း ချလိုက်မိသည်။ ထို့ကြောင့် သူ ရှေ့သို့ တိုးကာ ကျန်းလော့ကို အင်းစာရွက် ဘယ်လိုရေးရလဲဆိုတာကို နည်းလမ်း ပြောပြဖို့ ကြံလိုက်သည်။


ကျန်းလော့ သူ့စာအုပ်ကိုချလိုက်သည်။ သူ ဂါထာနှင့် ကျွမ်းဝင်သွားပြီဖြစ်၍ စုတ်တံကို နောက်တစ်ကြိမ် ပြန်ကိုင်ဖို့ ကြံလိုက်သည်။ မန္တန်ကို ရေးဆွဲဖို့ဆိုရင် သူ ချီစွမ်းအင်ကို အသုံပြုဖို့လိုသေးမှန်း သတိရသွားခဲ့သည်။ ချီစွမ်းအင် ဘာကြီးလဲ။


ကျန်းလော့ရဲ့ ဘယ်ဘက်မှာထိုင်နေခဲ့ သော နိုင်ငံခြားသား စိုင်းလောင်အာ ကလည်း မျက်မှောင်တွေကြုတ်ကာ သူ့စုတ်တံကို ထမင်းစားတူကိုင်သလို ကိုင်ထားခဲ့ပြီး မျက်နှာမှာလည်း မင်ရေ တွေ ပေပွနေခဲ့သည်။ ကျန်းလော့ တုံ့ဆိုင်းနေတာကို မြင်ချိန်မှာ သူ အကြင်နာမဲ့စွာ ပြုံးပြလိုက်ပြီး လေသံဝဲဝဲ ကြီးဖြင့် ပြောလာခဲ့သည်။ 


“မင်း အဆင်ပြေရဲ့လား။ မစိုးရိမ်ပါနဲ့ ငါလည်း အဆင်မပြေဘူး … ဘယ်သူမှ မပြေဘူး”


ကျန်းလော့ကတော့ သူမလုပ်နိုင်ဘူး ဆိုတာကို မပျော်ချေ။


ချီယုံကို ရင်ဆိုင်ဖို့ရာအတွက် သူ့မှာ ကိုယ့်ကိုကိုယ် သန်မာလာအောင်လုပ်ဖို့ နည်းလမ်း‌တော့ ရှိရမည်။


မနေ့ညကလို ခုခံနိုင်စွမ်းမရှိတဲ့ အတွေ့အကြုံကို ခံစားရပြီးနောက်မှာ သူ နောက်တစ်ခါ ဘယ်တော့မှ ထပ်မကြုံချင် တော့ချေ။


ပြင်းထန်လှသော ဒေါသတွေနှင့် မခံချင် မှုတွေက သူ့နှလုံးသားထဲကနေ ထိုးထွက် လာခဲ့သည်။ကျန်းလော့ အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ချီစွမ်းအင်ကို ဘယ်လိုသုံးရမလဲဆိုတာ တွေးမနေ တော့ဘဲ စုတ်တံကို တုံ့ဆိုင်းမှုမရှိ ချလိုက်သည်။


ပထမဆုံးသော စုတ်ချက်ကနေစလို့ ကျန်းလော့ရဲ့ စိတ်နှင့် ခန္ဓာကိုယ် တစ်ခုလုံးကို ဖုလူထဲမှာ မြုပ်နှံလိုက် သည်။ ကျန်းလော့ရဲ့အာရုံတစ်ခုလုံးက မန္တန်အပေါ်မှာပဲ ရှိနေခဲ့ပြီး သူ စုတ်ချက် အဆုံးထိတိုင်အောင် အမှားအယွင်းမရှိ ကြားထဲမှာ ရပ်နားခြင်းလည်းမရှိဘဲ ရေးဆွဲခဲ့သည်။ 


သို့သော် ကျန်းလော့ မန္တန်ကို ဆွဲပြီးသွား ချိန်မှာ တစ်ခုခုတော့မှားနေပြီဟု သူ ခံစားလိုက်ရသည်။ မန္တန်ကို ဆွဲပြီးသွား ချိန်မှာ လူအိုကြီးက ချွေးအနည်းငယ် ပြန်နေခဲ့ပေမယ့် သူကတော့ ရိုးရှင်းသော ပုံစံပြာတစ်ခုကို ရေးဆွဲ လိုက်ရသလို ပေါ့ပါး‌နေခဲ့သည်။


အမှန်အတိုင်းပြောရလျှင် ရှေးဟောင်း မှော်စာရဲ့ ပုံစံက ပုံဆွဲတာနဲ့ယှဉ်ကြည့် လိုက်ပါက သိပ်ပြီးတော့မခက်ချေ။ 


ကျန်းလော့ သူ့ကိုယ်သူ ဆွဲတာကျရှုံးသွား ပြီလားဟု တွေးလိုက်မိပြီး စုတ်တံကို ချကာ မော့ကြည့်လိုက်ချိန်မှာ ကောကျူ က စားပွဲရှေ့မှာ ရပ်ပြီး အင်းစာရွက်ကို စိုက်ကြည့်နေခဲ့ကာ သူ့မျက်လုံးတွေ အပြင်တောင် ကျွတ်ထွက်လာတော့ မလိုပင်။


“ကျန်း … ကျန်းလော့”သူ တုန်ရီနေခဲ့ ပြီး “မင်း … မင်း … မင်း မန္တန်စာရွက် ကိုရောင်းမလား”


****