အခန်း ၂၃
ကျန်းလော့ ခုတင်အောက်ကို အချိန်အကြာကြီး ငုံ့ကြည့်နေခဲ့သော်လည်း ဘာကိုမှမတွေ့ခဲ့ပေ။ ညလယ်ခေါင်ကြီးမှာ သူ နည်းနည်းတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။
သရဲမက ဖုန်းကိုချသွားခဲ့ပြီး ဖုန်းလိုင်းပြတ်သွားခဲ့သည်။ ကျန်းလော့ သက်ပြင်းချလိုက်ပြီး အိပ်ရာပေါ်ပြန်လှဲကာ အတန်း၏အုပ်စုဖွဲ့ စကားပြောခန်းဖြစ်သော “တစ်ခုခုဖြစ်လျှင် အမွှေးတိုင်ကို ထွန်းလိုက်ပါ”အဖွဲ့ထဲကို အသံသွင်းထားတာ ပို့လိုက်သည်။
စကားပြောခန်းက သိပ်မကြာလိုက်ခင်မှာပဲ အသက်ဝင်လာခဲ့သည်။
[ ကောကျူ : ငါ ကျောချင်းကပ်ရပ် ဇာတ်လမ်းတွေအကြောင်းကို အရင်ကကြားဖူးတယ် … သူ အိပ်ရာအောက်မှာများလား ]
[ ကျန်းလော့ : အိပ်ရာအောက်မှာ ဘာမှမရှိဘူး]
[ ကောကျူ : တာအိုဘုန်းကြီး၏ ရှော့ရသွားသောမျက်နှာ အီမိုဂျီ]
[ ဝမ်ယမ်လန် : ခွမ့်ကျိန်းနဲ့ ငါက အပြင်မှာရှိနေတုန်းပဲ … လက်ရှိ အခြေအနေကတော့ တိုးတက်ခြင်းမရှိ]
ရွှီယန်၏အိပ်ရာစီ ကျန်းလော့ အကြည့်ရောက်သွားမိသည်။
ရွှီယန်၏ ခုတင်ခေါင်းရင်းနားမှာ ဖိနပ်တစ်စုံရှိနေခဲ့ပြီး ပေကျံနေသော ရွှံ့တွေက မနေ့ကထက်ပင် ပိုများလာခဲ့သည်။ အခုက မေလရောက်နေပြီဖြစ်ပြီး မနေ့တုန်းက ရွာခဲ့သော မိုး၏သဲလွန်စတွေက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ စိုစွတ်နေသောနေရာကို တမင်မသွားဘဲနှင့်တော့ အခုလို ပေကျံလာမှာမဟုတ်သလို ထိုကဲ့သို့သော နေရာမျိုးကိုလည်း ဘယ်မှာမှမတွေ့ရပေ။
စိုစွတ်တယ်၊ လွယ်လွယ်နဲ့လည်း ရေမခြောက်သလို၊ ဖုံးကွယ်ထားတဲ့ နေရာ။
[ ကျန်းလော့ : ရေဆိုးပိုက်တွေက ဘယ်နားလေးမှာလဲ
ရေဆိုးပိုက်တဲ့လား။
ရေကန်မှာ သဲလွန်စရှာနေခဲ့သော ဝမ်ယမ်လန် ရပ်တန့်သွားခဲ့ပြီး တွေးလိုက်မိသည်။
“ဖြစ်နိုင်ချေရှိတယ်”
ကန်ပတ်ပတ်လည်ကို သေသေချာချာ ပတ်ကြည့်နေသည့် ခွမ့်ကျိန်းကို သူ လှမ်းကြည့်လိုက်ပြီး အသံမြှင့်လိုက်၏။
“ခွမ့်ကျိန်း … သွားကြရအောင်”
ခွမ့်ကျိန်း သူ့လက်ထဲကကျောက်တုံးကို ပစ်ချလိုက်ပြီး ဘာမှတောင်မေးမနေဘဲ သူ့ဘေးနားကို အမြန်လျှောက်လာခဲ့သည် ဝမ်ယမ်လန် ပြောသမျှကို သူ အမေးအမြန်းမရှိ လုပ်မည့်အလား။
ကျန်းလော့၏ စကားတွေကို ဝမ်ယမ်လန် သူ့ကိုတစ်ဆင့်ပြန်ပြောလိုက်သည်။
“ရေဆိုးပိုက်လိုဟာမျိုးရှိသေးမှန်း ငါတို့ လုံးဝသတိမရခဲ့ဘူး”
ခွမ့်ကျိန်း အသံတိတ်ခေါင်းညိမ့်လိုက်ပြီး ပြောလာခဲ့သည် “ငါ ဆင်းသွားလိုက်မယ် … မင်းကတော့ ဆင်းစရာမလိုဘူး”
ဝမ်ယမ်လန် ရယ်လိုက်ပြီး မေးလိုက်သည်။ “ဘာလို့လဲ”
ခွမ့်ကျိန်း၏ မျက်ဝန်းနက်တွေက သူ့ကို တစ်ချက်ကြည့်လာခဲ့ပြီးနောက် သူ ဝတ်ထားသော ဂါဝန်ကို ကြည့်လာ၏။
“ဟုတ်ပါပြီ”ဝမ်ယမ်လန် သူ့ကို မျက်စိမှိတ်ပြလိုက်သည်။
“ဒီလိုဝတ်ထားတာက ငါ့ကို ရေဆိုးပိုက်လိုင်းထဲ ဆင်းတာကနေ မတားနိုင်ပါဘူး”
သူ့တို့ အနီးအနားမှာ ရေဆိုးပိုက်လိုင်း အဝင်ဝကို ရှာတွေ့လိုက်ကြသည်။ ခွမ့်ကျိန်းက လူဆင်းပေါက်အဖုံးကို ဆွဲဖွင့်လိုက်ပြီး အရင်ခုန်ဆင်းကာ ဝမ်ယမ်လန်ကို ကူညီပေးဖို့အတွက် လက်လှမ်းလိုက်သည်။
ဝမ်ယမ်လန်က ဂါဝန်နှင့် ဆံပင်တုကို ဝတ်ထားခဲ့သော်လည်း သူက အရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်တင်းသည့် ယောက်ျားတစ်ယောက် ဖြစ်နေဆဲပင်။ သူ့ကိုအောက်ကနေမချိန်မှာ ခွမ့်ကျိန်းကို ဖိမိသွားမှာ စိုးရိမ်ခဲ့သော်လည်း ခွမ့်ကျိန်းက မျက်နှာအမူအရာတစ်ချက် မပြောင်းဘဲ ဝမ်ယမ်လန်ကို မြေပြင်ထက် တည်တည်ငြိမ်ငြိမ်ပင် ချပေးလာခဲ့သည်။
ရေဆိုးပိုက်လိုင်းထဲရှိ အနံ့အသက်က သိပ်တော့မကောင်းပေ သို့သော် ဘေးတစ်ဖက်စီမှာ စီးဆင်းနေခဲ့သော ရေတွေကတော့ အတော်အသင့် ကြည်သည်။ ဝမ်ယမ်လန် ခြေချလိုက်ချိန်မှာ သူ စိုစွတ်နေသော မျက်နှာပြင်ပေါ် တက်နင်းခဲ့မိသည်။
သူ ယဲ့ယဲ့လေးပြုံးလိုက်သည်။
“ဒီနေရာပဲ ဖြစ်ရမယ်”
ယောက်ျားနှစ်ယောက် သူတို့ကိုသူတို့ ပြန်အားပေးလိုက်ပြီး ရေဆိုးပိုက်လမ်းကြောင်းအတိုင်း ဂရုတစိုက်နှင့် လိုက်သွားလိုက်ကြသည်။ ခွမ့်ကျိန်းက ရှေ့ကနေဦးဆောင်နေခဲ့ပြီး အချိုးအကွေ့တိုင်းမှာ သူ့အဖော်ကို သူ့အနောက်မှာထား၍ အပြည့်အဝ ကာကွယ်ပေးထားခဲ့သည်။
သူတို့တွေ နာရီဝက်လောက်လျှောက်ပြီး သွားချိန်မှာ ရေပေါ်မှာ ပေါလောပေါ်နေသည့် အရာတစ်ခုကို ဝမ်ယမ်လန် မြင်လိုက်ရသည်။ ထိုဟာကို သူတို့ဆယ်ယူလိုက်ချိန်မှာတော့ အဝါရောင်စည်သွပ်ဘူး ဖြစ်နေမှန်း တွေ့လိုက်ရသည်။
စည်သွပ်ဘူးပေါ်မှာ ထုတ်လုပ်သည့်ရက်ကို ဝမ်ယမ်လန် ရှာတွေ့လိုက်သည်။
“ဧပရယ် 27 … ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်ပဲ ရှိသေးတာမဟုတ်ဘူးလား”
စည်သွပ်ဘူးထဲမှာ အစာအကြွင်းအကျန် အနည်းငယ်တောင်မှ ရှိနေသေးသည်။ ခွမ့်ကျိန်း သူ့ခေါင်းကိုငုံ့ကာ အနံ့ခံလိုက်၏ ထို့နောက် စည်သွပ်ဘူး မျောပါလာသော လမ်းကြောင်းကို ကြည့်လိုက်ပြီး “ဒီဘူးကို မကြာသေးခင်ကမှ ဖောက်ထားတာ”
ဝမ်ယမ်လန်လည်း ထိုလမ်းကြောင်းကို ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ ပြုံးလိုက် သည်။
“ဖုရှန်းဝူလျန်ထျန်းကျွင်း… ကံနည်းနည်းကောင်းနေတယ်လို့ သတ်မှတ်ရမှာပဲ”
ကျန်းလော့ နာရီအနည်းငယ်သာ အိပ်စက်ပြီးနောက်မှာ သူ့မျက်လုံးကို ပြန်ဖွင့်လိုက်သည်။
ကျောင်းအဆောင်ခန်းထဲမှာ အဲလ်ကွန်းမရှိ၍ သူ အိပ်ရာက နိုးလာချိန်မှာ ကျောပြင် တစ်ခုလုံး ချွေးတွေဖြင့် စေးကပ်နေခဲ့သည်။ ကျန်းလော့ ရေတစ်ခေါက်လောက် မြန်မြန်ချိုးဖို့ ပြင်နေစဉ်မှာပဲ ဝမ်ယမ်လန်က သူ့ဆီဖုန်းခေါ်လာပြီး တက်ကြွနေသောအသံဖြင့် ပြောလာခဲ့သည်။
“ကျောင်းဂိုဒေါင်ထဲမှာ တွေ့ကြရအောင် … ငါ့မှာ မင်းတို့အတွက် အံ့ဩသွားလောက် စေမယ့်ဟာလေးရှိတယ်”
သူတို့ တစ်ခုခုကို ရှာတွေ့လိုက်ပြီဟု ကျန်းလော့ ခန့်မှန်းမိပြီး ခပ်သွက်သွက်လုပ်ကာ ရေကို ငါးမိနစ်နှင့် အပြီးချိုးလိုက်ပြီး ရေချိုးခန်းထဲကနေ ရေစိုနေသောမျက်နှာဖြင့် ထွက်လာခဲ့သည်။ပိုင်ယယ်ဖုန်းက အပြင်ကနေ အခုမှအဆောင်ကို ပြန်ရောက်လာတာဖြစ်သည်။ ကျန်းလော့၏ကိုယ်ပေါ်ရှိ ရေနွေးငွေ့က သူ့မျက်မှန်ကို အခိုးသွားရိုက်ပြီး သူ့မျက်နှာကို အဖြူရောင်အငွေ့တို့ဖြင့် ဝေဝါးသွားစေကာ ပုံမှန်ထက်ပိုပြီး အေးတိအေးစက်ပုံစံ ပေါက်သွားစေခဲ့သည်။
ကျန်းလော့ သူ့ဆံပင်ကို နှစ်ကြိမ်လောက်သာ ပြီးစလွယ် ရေသုတ်လိုက်ပြီး ရေတွေတစက်စက် ကျနေသေးသော ဆံနွယ်တွေကို တဘက်ဖြင့်ပက်လိုက်ပြီး သူကအရင် လက်ဦးမှုရယူကာ အပြုံးနှင့် နှုတ်ဆက်လိုက်သည်။
“မင်း အပြင်သွားလာတာလား… ကျောင်းသားပိုင်”
ပိုင်ယယ်ဖုန်း သူ့မျက်မှန်ကို တည်တည်ငြိမ်ငြိမ်ပင် ချွတ်လိုက်ပြီး တစ်ရှုးတစ်ရွက်ထုတ်ကာ သုတ်လိုက်သည်။
ကျန်းလော့ခန္ဓာကိုယ်ကို မြွေပွေးကဲ့သို့ စုန်ဆန်ကြည့်လာခဲ့သော သူ့မျက်လုံးတစ်စုံက အခုချိန်ထိ နွေးထွေးကာနူးညံ့နေဆဲပင်။
“ဟုတ်တယ်။ မင်းရော အပြင်သွားမလို့လား”
ကျန်းလော့ ခေါင်းညိတ် ပြလိုက်ပြီး တဘက်ကို အိပ်ရာပေါ်ပစ်တင်ကာ ကျိုးကျုံးချိုးနှင့် ထွက်သွားဖို့ ပြင်လိုက်သည်။ ပိုင်ယယ်ဖုန်းကို ကျော်သွားပြီးကာမှ သူ့ခြေလှမ်းတို့ကို ရုတ်တရက်ရပ်ပြီး ပြုံးလိုက်သည်။
“ညကျတွေ့ကြတာပေါ့ ကျောင်းသားပိုင်”
ပိုင်ယယ်ဖုန်း ပြုံးလိုက်ပြီး “ညကျမှ တွေ့မယ်”
အဆောင်အဆောက်အဦးထဲကနေ အပြင်ကို ထွက်လာပြီးချိန်မှ ကျိုးကျုံးချိုး မျက်မှောင်ကြုတ်လိုက်ပြီး ချီတုံချတုံဖြင့် “ပိုင်ယယ်ဖုန်း ……”
ပိုင်ယယ်ဖုန်းနှင့် ပတ်သတ်ပြီး တစ်ခုခုမှားယွင်းနေတယ်လို့ သူမ ဘာကြောင့် ရုတ်တရက်ကြီး ခံစားမိလာရတာလဲ။ ခုနတုန်းက ပိုင်ယယ်ဖုန်းကို ဖြတ်သွားသည့်အချိန် သူမ၏ဝိညာဉ်ကို ထိတ်လန့်တုန်လှုပ်ဖွယ် ခံစားချက်တစ်ခုက ရုတ်ခြည်းဆိုသလို လာရောက်ထိမှန်ခဲ့သည်။
တခဏလောက် သူမ အင်မတန် ကြောက်ဖို့ကောင်းသော မကောင်းဆိုးဝါးနှင့် ရင်ဆိုင်နေရသည်ဟုပင် ကျိုးကျုံးချိုး ထင်မိသွားရသည်။
သို့သော် တည်တည်ငြိမ်ငြိမ်နှင့် နားလည်ရခက်သော အပြုံးတစ်ပွင့်ကို နှုတ်ခမ်းထက်မှာ ဆင်မြန်းထားခဲ့သည့် ကျန်းလော့ကို သူမ ကြည့်လိုက်ချိန်မှာ သူမစိတ်တွေ ပြန်တည်ငြိမ်သွားရသည်။
ကျန်းလော့က သည်လိုအရာတွေနှင့် ပတ်သက်လာလျှင် သူမထက်တောင်မှ ပိုပြီးတော့ ခံစားလွယ်သည်။ ကျန်းလော့တောင် တုံ့ပြန်မှုမရှိလျှင် သူမ ခံစားလိုက်ရတာတွေက ထင်ယောင်ထင်မှား ဖြစ်တာပဲဖြစ်ရမည်။
ကျောင်းဂိုထောင်က စာသင်ကြားသည့် နေရာ၏ နောက်ကျောဘက်မှာရှိသည်။ ကျန်းလော့ ထိုနေရာကို ရောက်သွားချိန်မှာ ဝမ်ယမ်လန်က သူတို့ကိုတံခါးပေါက်ကနေ ဆီးကြိုပြီး စောင့်နေတာကို တွေ့လိုက်ရသည်။
ကျိုးကျုံးချိုး မေးလိုက်သည်။
“နင် ဘာရှာတွေ့တာလဲ”
ဝမ်ယမ်လန် အပြုံးတစ်ပွင့်ဖြင့် လှည့်ထွက်သွားလိုက်၏။
“မင်းတို့ အထဲဝင်ပြီးတော့ ကြည့်လိုက်ကြရင် သိသွားမှာပဲမလား”
ဂိုထောင်ထဲမှာ လူတိုင်းက ထောင့်နေရာမှာစုပြီး တီးတိုးပြောနေခဲ့ကြသည်။ လုယုံရိ၏ ပခုံးကို ကျန်းလော့ ပုတ်လိုက်ပြီး ကြည့်လိုက်ရာ ဆံပင်ဖုတ်သိုက်နှင့် လူရိုင်းရုပ်ပေါက်နေသော ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုယောက်ျားက ကြောက်လန့်နေသည့်ပုံ ပေါ်ပြီး သူ့ခန္ဓာကိုယ်ကလည်း နှစ်800 လောက် ရေမချိုးရသေးသည့်အလား နံစော်နေခဲ့သည်။ ကျန်းလော့ ခါးကုန်းပြီး ထိုသူကိုကြည့်လိုက်ရင်း ရုတ်တရက် သူ့ကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ဒီလူက ဝမ်ရှင်းဟွေ့ကို သတ်ခဲ့တဲ့ အလုပ်သမားသုံးယောက်ထဲက တစ်ယောက် မဟုတ်ဘူးလား။
ပြီးတော့ ဘယ်တော့မှ စကားမပြောခဲ့သည့် သူဖြစ်သည်။
ကျန်းလော့ အစမ်းသဘော ပြောကြည့်လိုက်သည်။
“ဝမ်ရှင်းဟွေ့ ……”
ထိုနာမည်ကိုကြားသော အလုပ်သမားက ပြင်းပြင်းထန်ထန် တုန်ရီလာခဲ့ပြီး သူ့ကိုသူ ဘောလုံးတစ်လုံးလိုဖြစ်အောင် ဖက်ထားလိုက်ပြီး ငယ်သံပါအောင် အော်ဟစ်လာခဲ့သည်။
“ငါ့ကို မသတ်ပါနဲ့ … ငါ့ကို မသတ်ပါနဲ့”
ကျန်းလော့ သူ့မျက်လုံးကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး အလုပ်သမား၏ ဆံပင်ကို ဆောင့်ဆွဲကာ အေးစက်စက် အသံဖြင့် မေးလိုက်သည်။
“ခင်ဗျားနဲ့ ဝမ်ရှင်းဟွေ့ရဲ့ ပတ်သတ်မှုက ဘာလဲ”
အလုပ်သမားက ကြောက်လန့်လွန်းအားကြီး၍ သူ ပြောတာတွေကိုပင် မကြားနိုင်တော့ချေ။
ကျိုးကျုံးချိုးက ရေအေးတစ်ပုံး သွားခပ်လာပြီး ထိုသူ့ပေါ်ကို လောင်းချလိုက်သည်။ ထိုယောက်ျား တုန်ခိုက်သွားပြီး ခဏလောက် အသိပြန်ကပ်လာခဲ့သည်။ အရပ်ရှည်သော လုယုံရိနှင့် ခွမ့်ကျိန်းတို့က ထိုလူ၏ တစ်ဖက်တစ်ချက်မှာ မတ်တပ်ရပ်ရင်း လေသံမာမာဖြင့် ပြောလိုက်သည်။
“ပြောစမ်း”
ထိုယောက်ျားက ကြောက်ရွံ့မှုကြောင့် မျက်နှာရှုံ့မဲ့မဲ့ ဖြစ်နေခဲ့ပြီး မျက်လုံးများက ကျီးလန့်စာစား ဖြစ်နေခဲ့သည်။ သူ့ဖုန်းထဲရှိ ဝမ်ရှင်းဟွေ့၏ဓာတ်ပုံကို ကျန်းလော့ ရှာလိုက်ပြီး ထိုသူ့မျက်နှာရှေ့မှာ ပြလိုက်သည်။
“သူမနဲ့ ခင်ဗျားရဲ့ ပတ်သတ်မှုက ဘာလဲ”
ပုံထဲမှာ ရှက်ပြုံးလေးပြုံးနေခဲ့သော ဗိုင်းကောင်းကျောက်ဖိ မိန်းမငယ်လေးက သူမ၏ဆံပင်တွေကို အနောက်မှာ စုစည်းထားခဲ့ပြီး ငယ်ရွယ်နုနယ်နေခဲ့၏။
ထိုယောက်ျားက ဓာတ်ပုံကို ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်ပြီး ရေရွတ်လာခဲ့သည်။
“သူမက ငါ့ရဲ့ချစ်သူကောင်မလေးပါ”
ဖူယွမ်အာ၏ ဓာတ်ပုံကို ကျန်းလော့ ပြောင်းပြလိုက်သည်။
“သူမက ဘယ်သူလဲ”
ယောက်ျားဖြစ်သူ တုန်ရီသွားခဲ့ပြီး “သူမ … သူမက လျူကျီရဲ့ ကောင်မလေးပါ”
ကျန်းလော့ ဖုန်းကိုသိမ်းလိုက်သည်။ “ခင်ဗျားနဲ့ လျူကျီရဲ့ ပတ်သတ်မှုကရော ဘာလဲ”
“လျူကျီနဲ့ ငါ … ငါတို့ … ငါတို့က သူငယ်ချင်းကောင်းတွေပါ”
…..
ထိုဟာက လူတွေပေါင်းပြီး ကျုးလွန်သော ပြစ်မှုပင်။
ဖူယွမ်အာ ပထမဆုံးအကြိမ်အနေနှင့် ချစ်မိသွားခဲ့စဉ်က သူမမှာ ရုပ်ချောချော ဆရာဖြစ်သူနှင့် တားမြစ်ထားသော ဆက်ဆံရေးမျိုးရှိခဲ့သည်။ အမြဲတမ်း ရှေးရိုးဆန်ခဲ့သော မိန်းမကောင်းလေးအတွက်တော့ ထိုသာမာန်ထက် ထူးခြားသော ဆက်ဆံရေးမျိုးက အချိန်မရွေး ထပေါက်ကွဲနိုင်သော မြေမြုပ်ဗုံးမျိုး ဖြစ်ခဲ့မယ်ဆိုတာ အသေအချာပင်။
သို့သော် ဖူယွမ်အာကတော့ မြန်မြန်ပင် အချစ်နွံထဲမှာ နစ်မြုပ်သွားခဲ့သည်။
သို့စေကာမူ သူမက အလွန်ဖြူစင်ပြီး တုံးအခဲ့ကာ သူမ၏အိပ်မက်တွေကို လျူကျီ၏ဘဝထဲ ထပ်တလဲလဲ ထည့်သွင်းချင်ခဲ့သည်။ သူမ၏ စီနီယာနှစ် ပြီးတော့မည့်အချိန်မှာ သူမ စိုးရိမ်ပူပန်လာပြီး လျူကျီကို သူတို့၏အနာဂတ်အကြောင်း မေးလာခဲ့သည်။
သူမ၏မေးခွန်းတွေကြောင့် လျူကျီ စိတ်ရှုပ်လာခဲ့ပြီး ဖူယွမ်အာကို ရှင်းထုတ်ပစ်ဖို့ အကြံအစည်က သူ့ခေါင်းထဲကို တဖြည်းဖြည်းနှင့် ရောက်လာခဲ့သည်။
ကျောင်းကိုတိုးချဲ့သည့် ကာလအတောအတွင်းမှာ လျူကျီ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ကျင်းယွမ်ကောင်းကို ဖူယွမ်အာဖြင့် လျူကျီ မိတ်ဆက်ပေးခဲ့သည်။
လျူကျီနှင့် ကျင်းယွမ်ကောင်းတို့၏ မျိုးဆက်မှာ ယောက်ျားလေးနှင့် မိန်းကလေးဦးရေက မမျှတဘဲ ယောက်ျားလေးငါးဦးမှာ သုံးဦးက လူပျိုလူလွတ်တွေ ဖြစ်ခဲ့ကြရသည်။ ကျင်းယွမ်ကောင်းက အသက်လည်း သိပ်မကြီးသေးသလို ရုပ်လည်းမဆိုးပေ သို့သော် သူ့မှာ ပညာအရည်အချင်းတော့ မရှိဘူးဖြစ်သည်။ သူ့ အချစ်ဆုံးသူငယ်ချင်း၏ အလွန်လှပသော ချစ်သူကောင်မလေးကို မြင်ချိန်မှာ သူ အလွန်ပင် မနာလိုဖြစ်ခဲ့ရသည်။ ညစာစားဖို့ ဆုံကြသည့်အတောအတွင်း ဖူယွမ်အာ၏ သူငယ်ချင်းကို သူနှင့်မိတ်ဆက်ပေးဖို့ ကျင်းယွမ်ကောင်း မရမက တောင်းဆိုခဲ့သည်။
ဖူယွမ်အာက အတင်းကို နားပူကပ်ခံခဲ့ရ၍ ရွေးချယ်စရာမရှိတော့ဘဲ သူမ၏ အချစ်ဆုံးသူငယ်ချင်းကို ကျင်းယွမ်ကောင်းနှင့် မိတ်ဆက်ပေးခဲ့ရသည်။
ဖူယွမ်အာ၏ အချစ်ဆုံးသူငယ်ချင်း ဝမ်ရှင်းဟွေ့ကလည်း လိမ္မာသော ကောင်မလေးတစ်ယောက်ပင်။ သူမ၏ သူငယ်ချင်း ပြောပြလာခဲ့သော အချစ်၏ ချိုမြိန်မှုတွေကြောင့် သူမ စိတ်လှုပ်ရှားခဲ့ရတာလည်း ကြာပြီဖြစ်သည်။ ကျင်းယွမ်ကောင်းနှင့် မိတ်ဆက်ပေးခံရချိန်မှာ သူမ သဘောတူချင်မတူချင်နှင့် လက်ခံလိုက်သည်။
ကျင်းယွမ်ကောင်းက သူ့ကောင်မလေးကို ဖူယွမ်အာလောက် မလှ၍ သိပ်သဘောမကျသော်လည်း သူ့ချစ်သူ ကောင်မလေးကလည်း သူ့ဟာနှင့်သူတော့ လှကာ ဆွဲဆောင်မှုရှိသည်။ သူ ပျော်ပျော်ရွှင်ရွှင်ဖြင့် အစားအသောက်တွေ ဝယ်သွားပြီး လျူကျီ၏ ဆရာတိုက်ခန်းကိုသွားကာ လျူကျီနှင့် ဖူယွမ်အာကို ညစာစားဖို့ ဖိတ်လိုက်သည်။ ကျင်းယွမ်ကောင်း ညစာစားရင်းနှင့် ဘီယာတွေ အများကြီး သောက်လိုက်မိ၍ သေးသွားပေါက်ပြီး ပြန်လာချိန်မှာ လျူကျီက ဖူယွမ်အာ၏ခေါင်းကို စားပွဲခုံနှင့် ပိတ်ရိုက်လိုက်တာကို တွေ့လိုက်ရပြီး ဖူယွမ်အာက အသက်မရှိတော့ပေ။
ကျင်းယွမ်ကောင်း ကြောက်လန့်သွားခဲ့ရပြီး လျူကျီက ဇောချွေးတွေပြန်ရင်း သူ့ကို မော့ကြည့်လာခဲ့သည်။
“ယွမ်ကောင်း … မင်း ငါ့ကို ကူညီပေးရမယ်”
ကျင်းယွမ်ကောင်း သတိလက်လွတ်ဖြင့် ခေါင်းညိတ် လိုက်မိသည်။
ထိုတခဏမှာ ကျင်းယွမ်ကောင်း ကြောက်စိတ်မွှန်နေခဲ့သော်လည်း လျူကျီက သူ့ သူငယ်ချင်းဖြစ်သည် ထို့ကြောင့် သူထောင်ထဲဝင်ရမှာကို ကြည့်မနေနိုင်ခဲ့ပေ။ ထို့ဖြင့် လူ့အသိုင်းအဝိုင်းထဲမှာ ကျင်လည်နေတာ ကြာပြီဖြစ်သော ဘော်ဒါတွေဖြစ်သည့် အလုပ်သမားနှစ်ယောက်ဆီ လာပြီးတော့ သောက်စားကြဖို့ သူ ဖုန်းဆက်လိုက်သည်။
အလုပ်သမားနှစ်ယောက် မူးကွဲနေချိန်မှာ ဖူယွမ်လာ၏အလောင်းကို လျူကျီ ထုတ်လာခဲ့သည်။ ဖူးယွမ်အာ၏ ခေါင်းထက်ကဒဏ်ရာကို ပဝါဖြင့် အုပ်ထားခဲ့ပြီး အဝတ်အစားတွေကလည်း ဖရိုဖရဲဖြစ်နေကာ အသောက်လွန်ပြီး အိပ်ပျော်နေသည့်အလား ဆိုဖာပေါ်မှာ လဲလျောင်းနေခဲ့သည်။
အချိန်တစ်ဝက်လောက် ရောက်ချိန်မှာ တစ်ခုခုတော့ မှားနေပြီမှန်း အလုပ်သမားနှစ်ယောက် သဘောပေါက်လာခဲ့သည်။
ဘာလို့ ဒီလူက အော်လည်း မအော်သလို လှုပ်လည်းမလှုပ်တာလဲ။
သူတို့နှစ်ယောက်လုံး ပုဝါကို မကြည့်လိုက်ကြပြီး ဖူယွမ်အာ၏ ဖြူဖျော့နေသောမျက်နှာကို မြင်ချိန်မှာ သူတို့ တုန်လှုပ်လွန်းအားကြီး၍ ဖူယွမ်အာကို တွန်းတောင် ချမိသွားကြသည်။
လျူကျီ ထိုတခဏမှာ သူ့ မျက်နှာအမူအရာကို ပြောင်းလိုက်ပြီး အေးတိအေးစက် ပြောလိုက်သည်။ “မင်းတို့တွေ ငါနဲ့အတူပူးပေါင်းပြီးတော့ အလောင်းကို ဖျောက်ဖျက်ပေးရမယ် အဲလိုမှမဟုတ်ရင် ငါ့ချစ်သူကောင်မလေးကို မုဒိန်းကျင့်ပြီးတော့ သတ်ဖြတ်မှုနဲ့ ငါ တရားစွဲရလိမ့်မယ်”
အလုပ်သမားနှစ်ယောက်မှာ ရွေးချယ်စရာမရှိဘဲ သဘောတူလိုက် ရတော့သည်။ ည၏အမှောင်ထုထဲမှာ သူတို့တွေ အလောင်းကို အောက်ထပ်သယ်သွားလိုက်ပြီး ထိုဟာကို ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားနေစဉ်မှာပဲ ထိုမြင်ကွင်းကို ဝမ်ရှင်းဟွေ့က မြင်သွားခဲ့သည်။
သူတို့က ဝမ်ရှင်းဟွေ့ကို မမြင်ခဲ့ကြပေမယ့် လျူကျီက သူမ အသည်းအသန် ထွက်ပြေးသွားချိန်မှာ ကျကျန်ခဲ့သော လက်ဝတ်ရတနာကို မြင်သွားခဲ့သည်။ သူတို့တွေကို မြင်သွားတဲ့သူရှိမှန်း သိလိုက်ရချိန်မှာ ယောက်ျားလေးယောက်၏ မျက်နှာတွေ ပျက်သွားခဲ့ကြသည်။ ဖူယွမ်အာကို သူ့ ကျောပေါ် လျူကျီ တင်လိုက်ပြီး ကျန်ယောက်ျားသုံးယောက်ကို မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်သည်။
“ငါ သူမကို မင်းတို့နဲ့ထားရစ်ခဲ့မယ်”
လျူကျီ သူ့ကျောပေါ်မှာ ဖူယွမ်အာကို တင်ပြီး သူတစ်ယောက်တည်း နောက်ထပ်ဦးတည်ရာဆီ လျှောက်သွားလိုက်သည်။
သူကိုယ်တိုင်နှင့် သူဆွဲထည့်ခဲ့သော ထိုအလုပ်သမားနှစ်ယောက်ကို ကယ်တင်ဖို့အတွက် ကျင်းယွမ်ကောင်း အသံတိတ်နေခဲ့ပြီး ဝမ်ရှင်းဟွေ့ အသေဆိုးနှင့် အသတ်ခံရကာ အိမ်သာခွက်ထဲကိုထည့်ပြီး ရေဆွဲချခံခဲ့ရတာကို သူ ဒီတိုင်းပဲ ကြည့်နေခဲ့မိသည်။
ဖူယွမ်အာ၏ အလောင်းကို လျူကျီ ဘယ်နေရာမှာ ဝှက်ထားခဲ့သလဲဆိုတာ ကျင်းယွမ်ကောင်း မသိပေ သို့သော် ကျောင်းကိုတိုးချဲ့ပြီး နောက်တစ်နှစ်အကြာမှာပဲ ဝမ်ရှင်းဟွေ့ကို မုဒိန်းကျင့်ပြီး သတ်ခဲ့သော အလုပ်သမားနှစ်ယောက် သေသွားခဲ့သည်။
ကျင်းယွမ်ကောင်း ကြောက်ရွံ့မှုကြောင့် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး လျူကျီ ဆီကို ပြန်လာခဲ့ရာ လျူကျီက သူ့ကို ကျောင်းဂိုထောင်ထဲမှာ ပုန်းခွင့်ပေးခဲ့သည်။ သရဲမက သူ့ကို ရှာမတွေ့သရွေ့ သူသရဲမသတ်တာကို ခံရမှာမဟုတ်ပေ။
ကျင်းယွမ်ကောင်း ထိုအချိန်ကစ၍ ခုထက်ထိ ပုန်းအောင်နေခဲ့ရသည်။
ကျန်းလော့ ချက်ချင်းပြောလိုက်သည်။
“ရဲကိုခေါ်လိုက်”
ရဲက အချိန်ခဏအတွင်းမှာပဲ ဝန်ထမ်းနှင့်အတူ ကျောင်းဂိုထောင်ထဲကို ရောက်လာခဲ့သည်။ ကျန်းလော့ စကားအများကြီး ပြောနေစရာတောင်မလိုဘဲ ကျင်းယွမ်ကောင်းကို သူတို့ ဖမ်းခေါ်သွားကြမည့်ပုံပင်။
ဝန်ထမ်းက ကြိုတင်မျှော်လင့်ထားသည့်အလား မေးလာခဲ့သည်။
“မင်းတို့ရဲ့အဖြေတွေကို အခုတင်တော့မှာလား”
ကျန်းလော့ ခေါင်းယမ်းပြလိုက်၏။ “ကျွန်တော်တို့ နောက်မှပဲတင်ပါ့မယ်”
ပြိုင်ပွဲပြီးဖို့အတွက် ငါးနာရီလိုသေပြီး မေးခွန်းသုံးခုထဲမှာ အရေးကြီးဆုံးတစ်ခုကို မဖြေရသေးပေ။ ဖူယွမ်အာ၏အလောင်းကို ဘယ်နေရာမှာ ဝှက်ထားခဲ့တာလဲ။
ယယ်ရွှင် ပြောလိုက်သည်။ “ငါတို့ရခဲ့တဲ့ သဲလွန်စတွေထဲမှာ တစ်ခုပဲ သုံးဖို့ကျန်တော့တာ”
“4-5ယောက် အခန်း”ကျန်းလော့ မချိပြုံးပြုံးလိုက်ပြီး “ငါ ခုတင်အောက်ကိုလည်း ငုံ့ကြည့်ခဲ့တယ် … နံရံကိုလည်း ဖြိုခဲ့တယ် ဒါပေမဲ့ ဖူယွမ်အာရဲ့အလောင်းကို ရှာမတွေ့ခဲ့ဘူး။ မဟုတ်မှလွဲရော သူ့အလောင်းက အထပ်နှစ်ထပ်ရဲ့ ထပ်ခိုးထဲမှာ ရှိနေတာများလား”
လုယုံရိ စပ်ဖြဲဖြဲဖြင့် “လျူကျီရဲ့ရုံးခန်းက လူလေးယောက်အခန်းနော်”
ကောကျူ ရယ်လိုက်ပြီး “လူတွေက သူတို့သတ်ခဲ့တဲ့အလောင်းကို ရုံးခန်းထဲ ထည့်ထားလောက်တယ်လို့ မင်း ထင်နေတာလား”
လျူကျီ၏ အတန်းတက်ဇယားကို ကျန်းလော့ ပြန်တွေးလိုက်မိပြီး မျက်လုံးအရောင် တောက်သွားခဲ့သည်။
“ဖြစ်နိုင်ချေရှိတယ်”
“လျူကျီက ဖူယွမ်အာကိုသတ်ပြီးတော့ အလောင်းကို ကျောင်းထဲမှာ ဝှက်ထားခဲ့တယ်။ အဲလိုဆိုရင် ဘာဖြစ်လို့ ဘယ်သူမှမသိသေးခင်မှာ သူ မထွက်သွားရတာလဲ”ကျန်းလော့ ရုံးခန်းဆီ ပြေးသွားလိုက်သည်။ “မိုးရွာရွာ နေပူပူ သူကျောင်းကိုမပျက်မကွက် လာခဲ့တယ် … ငါးလအတွင်းမှာ တစ်ရက်တောင် မပျက်ခဲ့ဘူး။ နှာဘူးတွေရဲ့ အတွေးကို သာမန်လူတွေရဲ့ ဦးနှောက်နဲ့တွေးလို့မရဘူး။ ဖြစ်နိုင်တာက အလောင်းကို သူ့မျက်စိရှေ့အောက်မှာ ထားပြီးတော့ စောင့်ကြည့်တာက အလုံခြုံဆုံးနည်းလမ်း ဖြစ်လိမ့်မယ်လို့ သူထင်နေတာပဲနေမယ်”
ထိုနည်းဖြင့် ဘယ်မတော်တဆမှုကိုမဆို တားဆီးလို့ရခဲ့ပြီပင် အဘယ်ကြောင့်ဆို လူသတ်သမား ကိုယ်တိုင်ကိုက အလောင်းဘေးမှာ နေ့တိုင်းရှိနေခဲ့၍ဖြစ်သည်။
လုယုံရိ သူ့နောက်ကိုပြေးလိုက်ရင်း သိချင်လာမိသည် “…. အဲလိုဆိုရင် မင်းကရော ဘာလို့ နှာဘူးတစ်ယောက်ရဲ့ အတွေးကို နားလည်နေရတာလဲ”
****