Ch 24
Viewers 8k

အခန်း ၂၄

 

သူတို့အုပ်စု စာသင်ကြားသည့် အဆောင်ဘက်ကို အလောတကြီး ပြေးသွားလိုက်ကြသည်၊ လမ်းမှာ စိတ်ဓာတ်ကျနေသော မျက်နှာတွေနှင့် ယှဉ်ပြိုင်သူတွေက သူတို့ကို အသက်မပါပဲ ငေးကြည့်လာကြပြီး ထို့နောက် မျက်တွင်းကျကြီးတွေဖြင့် ခေါင်းငိုက်စိုက် ပြန်ကျသွားခဲ့ကြသည်။

 

ဘာတွေဖြစ်ပျက်နေမှန်း ခုထက်ထိ သဘောမပေါက်သေးသော စိုင်းလောင်အာက ပြေးနေရင်းတန်းလန်းနှင့် ကြောင်တောင်တောင်လေး မေးလာခဲ့သည်။ “ဘာတို့တွေ ဘာလို့ပြေးနေရတာလဲ။ ကျန်းလော့ကရော ဘာအကြောင်းပြောနေတာလဲ။ သူတို့ကရော ဘာလို့ ဝမ်းနည်းနေကြတာလဲ”

 

ဝမ်ယမ်လန် သူ့ကို တယုတယလေး ကြည့်လိုက်ပြီး “ငါတို့မင်းကို ပထမနေရာရဖို့ ခေါ်သွားပေးမယ်”

 

စိုင်းလောင်အာ တခဏလောက် အံ့အားသင့်သွားပြီး ထို့နောက် တခစ်ခစ်ရယ်ကာ “ငါတို့‌တွေ နိုင်သွားပြီလား”

 

ကောကျူ သက်ပြင်းချလိုက်သည်။

 

“စိုင်းလောင်အာ … မင်း တော်တော်လေး ပျော်နေတာပဲ”ဘာမှလည်းမလုပ်ခဲ့ဘူး၊ တစ်လျှောက်လုံး လွဲနေတာနဲ့တင် ပြီးနေတာ။

 

သူတို့တွေ ရုံးခန်းကို ရောက်သွားကြချိန်မှာ လျူကျီက ရဲ၏ဖမ်းဆီးခြင်းကို ခံလိုက်ရပြီဖြစ်၏။ သူ အခုလို ရုတ်တရက်ကြီး အဖမ်းခံရလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ သူ၏ ကျကျနန ဖီးလိမ်းထားခဲ့သော ဆံပင်တွေလည်း ရှုပ်ပွကာ ရဲကားပေါ်သို့ ဖရိုဖရဲ အခြေအနေဖြင့် ခေါ်သွားခံလိုက်ရသည်။

 

တခြားဆရာတွေက ပြေးလာပြီး ပြောလာကြသည်။

 

“ရဲအရာရှိကြီး … ဆရာလျူကို ဘာလို့ ဖမ်းချင်ရတာလဲ။ သူ တရားမဝင်တာ ဘာမှလုပ်မထားပါဘူး”

 

လူအုပ်ကြီး၏အစွန်အဖျားမှာ ရပ်ပြီး ထိုမြင်ကွင်းကို ကျန်းလော့ ကြည့်နေမိသည်။

 

ပြိုင်ပွဲကိုစီစဉ်သောသူတွေက ဒီနေရာမှာ လူသတ်မှုဖြစ်ပွားခဲ့မှန်းလည်း သေချာပေါက် သိထားပြီးသလို မှုခင်းက ဘယ်လိုတွေဖြစ်ပျက်ခဲ့တယ်၊ လူသတ်သမားက ဘယ်သူရယ်နှင့် နစ်နာသူက ဘယ်သူဆိုတာကိုတောင် သိနှင့်ပြီးသားဖြစ်သည်။

 

သူတို့တွေ ရဲကို ကြိုတင်‌အကြောင်းကြားထားခဲ့ပြီး ကျောင်းသားတွေက သူတို့အဖြေကို ရအောင်ရှာနိုင်သည်ဖြစ်စေ မဖြစ်စေ ပြိုင်ပွဲအဆုံးသတ်သွားသည်နှင့် တစ်ပြိုင်နက်တည်း တရာခံကို ဝင်ရောက်ပြီးတော့ ဖမ်းဆီးမှာဖြစ်သည်။

 

လူသတ်သမားကိုလည်း အထိတ်တလန့် မဖြစ်စေခဲ့သလို ရှာဖွေမှုတောင်မှ လုပ်ခဲ့ခြင်းမျိုးမရှိဘဲ ဒိုင်လူကြီးအဖွဲ့ကလွဲ‌၍ ကျန်ဘယ်သူမှ ဤအဖြစ်အပျက်ကို မသိကြချေ။

 

သူ ဘယ်တုန်းကမှ ပွင့်မလာခဲ့သော ယင်ယန်လက်ကောက်ကို ထိလိုက်ပြီး အသိပြန်ဝင်လာကာ လုအုပ်ကြီးကို သူ့အဖော်တွေနှင့်အတူဖြတ်၍ ရုံးခန်းထဲကို ဝင်သွားလိုက်သည်။

 

သို့သော် မမျှော်လင့်ဘဲ သူတို့ရောက်သွားကြချိန်မှာ ရှန်ဟိုင်းတက္ကသိုလ်က လူတွေက နံရံကို ဖြိုချဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။

 

လျူကျီ၏ရုံးခန်းက ပြတင်းပေါက်နားမှာဖြစ်ပြီး စားပွဲခုံတွေ ကုလားထိုင်တွေမရှိတော့ချိန်မှာ အဖြူရောင်နံရံ နောက်ခံရှိနေသော နေရာလွတ်ကြီး ဖြစ်သွားခဲ့သည်။

 

နရံ၏ဗြက်အကျယ်က ပုံမှန်ဆိုလျှင် 240မီလီမီတာရှိပေမယ့် တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ထိုနံရံ၏ အကျယ်က 360မီလီမီတာရှိမှန်း ကျန်းလော့ သိလိုက်သည်၊ ထိုအကျယ်နှင့်ဆိုလျှင် လူတစ်ယောက်ဆံ့သည့်အပြင် ကျယ်တောင်ကျယ်‌သေးသည်။

 

ပိုင်ယယ်ဖုန်းက လျူကျီ၏ ခုံပေါ်မှာ ထိုင်နေခဲ့သည်။

 

သူ သတင်းစာကို အေးအေးဆေးဆေးပင် လှန်လှောဖတ်ရှုနေခဲ့ပြီး မီးအိမ်၏ အလင်းရောင်က သူ့မျက်နှာထက်မှာ ကျဆင်းပြီး သူ့မျက်နှာကို အလင်းနှင့် အမှောင်ကြား တိတိကျကျ ခြားနားထားခဲ့သည်။

 

ပိုင်ယယ်ဖုန်းကို အသစ်စက်စက် အနောက်တိုင်းဝတ်စုံတစ်စုံနှင့် လည်သာရှုးဖိနပ်တစ်ရံ ဝတ်ပေးလိုက်ပါက အရည်အချင်း ပြည့်မှီသော ဆရာတစ်ယောက်၏ပုံစံ လုံးဝပေါက်သွားမှာဖြစ်သည်။

 

“မင်းတို့ ရောက်လာကြပြီပဲ”ပိုင်ယယ်ဖုန်း သတင်းစာကို အောက်ချကာ ပြုံးလိုက်ပြီး အသက်ရှုသံတွေ အနည်းငယ် ပြင်းနေကြသော ပိုင်ဟွာတက္ကသိုလ်က လူတစ်စုကို ကြည့်လိုက်သည်။

 

 “ဘာတွေများ လောနေကြတာလဲ”

 

ကျန်းလော့၏မျက်နှာက ပြေးလာခဲ့၍ အနည်းငယ်ရဲနေခဲ့ပြီး ချွေးစက်တွေက သူ့နဖူးထောင့်ဆီကနေ စီးကျနေခဲ့သည်။ သူ ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး “မင်း ဘာလုပ်နေတာလဲ ကျောင်းသားပိုင်”

 

ပိုင်ယယ်ဖုန်း “အာ”ဟု အသံပြုလိုက်ပြီး “ငါတို့တွေ အဖြေရှာနေကြတာလေ”

 

“တိုက်ဆိုင်လိုက်တာ”ကျန်းလော့ ပန်းလေးတစ်ပွင့်အလား ပြုံးလိုက်ပြီး ရှန်ဟိုင်းတက္ကသိုလ်က လူစုကိုဖြတ်ပြီး သူ့လက်ကို နံရံပေါ် ညင်ညင်သာသာလေး တင်လိုက်သည်။

 

“ငါတို့ကလည်း အဖြေကိုရှာနေကြတာ”

 

အစတုန်းကတော့ ကျန်းလော့ ပထမရသည်ဖြစ်စေ မဖြစ်စေ စိတ်ထဲစွဲလမ်းမှုမရှိခဲ့ပေ။

 

သို့သော် ပိုင်ယယ်ဖုန်းက ပထမနေရာကို လိုချင်နေမှန်း သူ သိလိုက်ရချိန်မှာတော့ ထိုနေရာကို သူ ရအောင်ယူမှကို ဖြစ်တော့မည်။

 

ချီယုံ၏ ပိုင်ယယ်ဖုန်းကို ကြိုးကိုင်ခြယ်လှယ်၍ ဤပြိုင်ပွဲကို ဝင်ပြိုင်ရသည့် တစ်ခုတည်းသော အကြောင်းရင်းက မကောင်းဆိုးဝါးက ဒုက္ခခံပြီး ပိုင်ဆိုင်ချင်တဲ့အထိတောင် တန်ဖိုးရှိသော ယွမ်ထျန်းကျူကြောင့်ပင်။

 

ယွမ်ထျန်းကျူက အမှန်တကယ်ကိုပင် အဖိုးထိုက်သည့်ပစ္စည်းဟု ပြောလို့ရသည်။ မကောင်းဆိုးဝါး ဝိညာဉ်တွေတောင်မှပဲ ထိုဟာ၏ ဆွဲဆောင်မှုကို မငြင်းဆန်နိုင်ကြပေ။ ကျန်းလော့ ယွမ်ထျန်းကျူအကြောင်းကို တွေးရင်းနှင့် ချီယုံ သေဆုံးပြီး ခုနှစ်ရက်မြောက်နေ့မှာ ကျပျောက်သွားခဲ့သော အသုဘပစ္စည်း အရောင်းဆိုင်က သူဌေးဖြစ်သူ၏ ယွမ်ထျန်းကျူကို သွားသတိရလိုက်မိ၏။

 

အဲဒီ့နေ့က ပျောက်သွားတဲ့ ယွမ်ထျန်းကျူကို ချီယုံက ယူသွားခဲ့တာလား။ ယွမ်ထျန်းကျူကြောင့်မို့လို့ ချီယုံ အဲဒီ့နေတုန်းက အင်အားအရမ်းကြီး လာခဲ့တာလား။

 

ထိုကဲ့သို့သာဆိုလျှင် ယွမ်ထျန်းကျူကို ချီယုံ နောက်တစ်ကြိမ်ထပ်ပြီး ပိုင်ဆိုင်ဖို့ ကျန်းလော့ ဘယ်တော့မှ ခွင့်ပြုမည်မဟုတ်ပေ။

 

သူ ရယ်လိုက်ပြီး နံရံကိုထိကာ “ကျောင်းသားပိုင် … ငါ အဲဒီ့အချိန်တုန်းက ပထမဆုံး ပျောက်သွားခဲ့တဲ့ မိန်းကလေးဆီကနေ နှစ်ညဆက်တိုက်တောင် ဖုန်းလက်ခံရခဲ့တယ်။ သူမက ငါ့ကို သူမကို တူးထုတ်ပေးပြီးတော့ လွှတ်ပေးစေချင်နေတာ။ ငါ သူ့ကို လုပ်ပေးပါ့မယ်လို့ ကတိပေးခဲ့တာကို မင်းက အခုလိုလုပ်တော့ ငါ နည်းနည်း အခက်တွေ့ရ‌တာပေါ့”

 

သူ့ကို ကြိမ်းမောင်းဖို့အတွက် ရှန်ဟိုင်းတက္ကသိုလ်ကလူများ ပါးစပ်ဟလိုက်ကြသော်လည်း ရုပ်ချောတဲ့သူများက အမြဲလိုပင် အထူးအခွင့်အရေး ရလေ့ရှိကြသည်။ သူတို့ ကျန်းလော့၏အပြုံးမှာ စကားတွေ ဗလုံးဗထွေး ဖြစ်သွားခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် ခေါင်းတွေကိုလှည့်ကာ ပိုင်ယယ်ဖုန်းကို ကြည့်လိုက်ကြသည်။

 

ပိုင်ယယ်ဖုန်း ထရပ်လိုက်ပြီး ကျန်းလော့ဆီ တစ်လှမ်းချင်း လျှောက်သွားကာ အပြုံးဖြင့် အသံကိုနိမ့်ပြီး ပြောလာခဲ့သည်။ “ကျောင်းသားကျန်း … ဒါမျိုးက အရင်ရောက်တဲ့သူ အရင်ရကြေးလေ”

 

ကျန်းလော့ သူ့ကို တည်တည်ငြိမ်ငြိမ်ပင် ပြန်ကြည့်လိုက်ပြီး သူ့ မျက်လုံးလှလှလေးတွေကို တဖြည်းဖြည်းချင်း ပင့်တင်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွေ တဖြည်းဖြည်း ဟလာခဲ့သည်။

 

“ပိုင်ယယ်ဖုန်း … မင်းက လျှင်တဲ့သူရစတမ်းလို့ ပြောတယ်ပေါ့”

 

သူ ရှန်ဟိုင်းတက္ကသိုလ်က ကျောင်သားအုပ်စုကို မျက်လုံးနှင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြုံးကာ “ငါနဲ့ သရဲမကြားက ပြောတဲ့စကားတွေကို မင်း မနေ့ညက သေချာပေါက်ကြားလိုက်ပြီး သရဲမရှိနေတဲ့နေရာကို အဲဒီ့ကနေ သိလိုက်တယ်။ ဒီနေ့ကျ မင်းက လူတွေကို ဦးဆောင်ပြီး ဒီနေရာကို တန်းခေါ်လာပြီးတော့များ ငါ့ကို အရင်ရောက်တဲ့သူ အရင်ရကြေးဆိုပြီး တရားလာချနေတာလား”

 

“မင်းမကြားဘူးလို့တော့ ငါ့ကို လာမပြောနဲ့နော် … ငါ မင်းရဲ့ အလိမ်အညာတွေကို မယုံဘူး”ကျန်းလော့ ရှန်ဟိုင်းတက္ကသိုလ်က ကောင်လေးတစ်ယောက်ကို ကြည့်လိုက်ပြီး “ဟေး… ပိုင်ယယ်ဖုန်းက မင်းတို့ကို ဒီနေရာဆီ ဘယ်လိုပြောပြီး ခေါ်လာတာလဲ။ မင်းတို့‌ သဲလွန်စတွေ နောက်ကိုလိုက်ပြီးတော့ ရောက်လာကြတာလား ဒါမှမဟုတ် အဖြေက ဒီနေရာမှာရှိနေတယ်ဆိုပြီး ကောက်ခါငင်ခါ သိလာကြတာလား”

 

ကောင်လေးရဲ့နဖူးထက်ကနေ ချွေးတွေစီးကျလာခဲ့ကာ သူ‌ဘာကိုမှ ထပ်ပြီးမပြောနိုင်ခဲ့ပေ။

 

အဘယ်ကြောင့်ဆိုသော် ကျန်းလော့က အမှန်တွေ ပြောနေတာကြောင့်ပင်၊ ပိုင်ယယ်ဖုန်းက ဘာမှမပြောဘဲ သူတို့ကို ဒီရုံးခန်းထဲ တန်းခေါ်လာခဲ့တာဖြစ်သည်။

 

သူတို့တွေ နံရံကို ရိုက်ချိုးဖို့ အသင့်ဖြစ်နေတာတောင်မှပဲ သူတို့တွေ ထိုဟာကို ရိုက်ချိုးပြီး ဘာလုပ်မလို့လဲဆိုတာကို မသိကြပေ။

 

တခြားတစ်ယောက်၏ အဖြေကို ကိုယ့်အဖြေအဖြစ် ခိုးယူလိုက်ခြင်း။ အနိုင်ရဖို့အတွက် ဘာမဆိုလုပ်လို့ ရသော်ငြာလည်း အခုချိန်ထိ ဘွဲ့မရကြသေးသော ကျောင်းသားတစ်စု၏ မျက်လုံးထဲမှာတော့ ထိုအပြုအမူက ရှက်ဖို့ကောင်းနေခဲ့သည်။

 

တကယ်ပဲ ပိုင်ယယ်ဖုန်းက ဒီလိုလုပ်ရပ်မျိုး လုပ်မည့်သူလား။ 

 

 

 

ရွှီယန် သူ့ပါးစပ်ကိုဟပြီး ပိုင်ယယ်ဖုန်း အတွက် ကူပြောပေးမလို့ လုပ်လိုက်စဉ်မှာ ဝမ်ယမ်လန်က ရွှီယန်ရှေ့ကို လျှောက်လာပြီး သူ့ပခုံးကို ပုတ်လာခဲ့သည်။ 

 

“ကျောင်းသားလေး ရိုးရိုးသားသားပဲ ပြောစမ်းပါ … အဲဒီ့အထဲမှာ အလောင်းရှိနေမှန်း မင်း တကယ်ပဲ သဲလွန်စရှာတွေ့ခဲ့တာလား”

 

ရွှီယန် တုံ့ဆိုင်းသွားခဲ့ပြီး နောက်ဆုံးမှာ ပါးစပ်ပိတ်သွားခဲ့သည်။

 

ကျန်းလော့ ပတ်ပတ်လည်ကို မျက်လုံး ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးမှာ သူ့အကြည့်တွေက ပိုင်ယယ်ဖုန်းဆီ ကျရောက်လာခဲ့ကာ သူ ယောင်ယောင်လေးပြုံးပြီး “ကျောင်းသားပိုင် ဘယ်သူက အရင်ရောက်ပြီး ဘယ်သူက နောက်ကျမှ ရောက်သလဲဆိုတာ ပြောအုံးလား”

 

ကျန်းလော့၏ မျက်လုံးတွေထဲကို ပိုင်ယယ်ဖုန်း စိုက်ကြည့်လာခဲ့သည်၊ သူ့မျက်လုံးအိမ်ထဲရှိ အမှောင်ထုက ကျန်းလော့ကို တဖြည်းဖြည်းချင်း တိုက်စားသွားတော့မည့်ပုံပင်။ 

 

နံရံကို ဖျက်ဖို့လုပ်နေကြသည့် သူတွေထဲကတစ်ယောက်က ရုတ်တရက်ဆိုသလို သူ့လက်ထဲက ပစ္စည်းကို လွှင့်ပစ်လိုက်ပြီး နီရဲနေ‌သော မျက်နှာဖြင့် ပြောလာခဲ့သည်။

 

“ငါဆက်မလုပ်နိုင်တော့ဘူး … ဒီဟာက ငါတို့ ရှာတွေ့ခဲ့တဲ့ သဲလွန်စလည်း မဟုတ်ဘူး… ငါ မလိုချင်ဘူး”

 

သူ့ဘေးနားမှာရှိနေသောသူက သူ့ကို ဆွဲလာခဲ့၍ ကောင်လေးက ပိုပြီးတော့ ကျယ်ကျယ်ပြောလာခဲ့သည်။ “ငါ့ကို ဘာကိစ္စ ဆွဲနေတာလဲ။ ငါ ရှုံးရင်လည်း ရှုံး‌ပလေ့စေ … ငါ လိပ်ပြာတော့လုံတယ်”

 

တခြားသူတွေ၏ မျက်နှာထက်မှာ တုန်လှုပ်သွားသော အမူအရာတွေ‌ ပေါ်လာခဲ့ကြသည်။ သူတို့ နံရံကိုတစ်ချက်ကြည့်လိုက်ပြီး‌နောက် သူတို့လက်ထဲက လက်နက်တွေကို ကြည့်လိုက်ကြသည်။

 

အခြေအနေက မလှုပ်သာမလှည့်သာ ဖြစ်လာစဉ်မှာ ကျန်းလော့ ရုတ်တရက် သက်ပြင်းချလိုက်သည်။

 

“ထားလိုက်ပါတော့ … အကုန်လုံး နောက်တစ်လှမ်းဆုတ်ပြီးတော့ ဒီအဖြေကို ငါတို့အတူတူ ရှာတွေ့ခဲ့တယ်လို့ပဲ လုပ်လိုက်ကြတာပေါ့”

 

လူတိုင်း၏အကြည့်က သူ့ဆီရောက်လာခဲ့သည်။

 

ကျန်းလော့ မချိပြုံးပြုံးလိုက်ပြီး “ကျောင်းသားပိုင်မှာလည်း ဒီလိုလုပ်ရတဲ့ အကြောင်းပြချက်ကောင်း ရှိလိမ့်မယ်လို့ ငါ ယုံတယ် … သူက မင်းတို့အားလုံးကို နောက်တစ်ဆင့်စီ ခေါ်သွားချင်ရုံတင်ပါ။ ငါတို့ကျောင်းနှစ်ကျောင်း ပေါင်းလိုက်ရင်တောင်မှပဲ လူနှစ်ဆယ် မပြည့်မှတော့ အကုန်လုံး ဒီကိုရောက်နေကြတဲ့အတူတူ အချင်းချင်း ပူးပေါင်းပြီးတော့ နောက်တစ်ဆင့်ကို အတူတူ ဝင်နိုင်ဖို့ ကြိုးစားကြတာပေါ့”

 

ထိုစကားတွေက အင်မတန် သဘောထားကြီးလွန်း၍ ရှန်ဟိုင်းတက္ကသိုလ်ကလူစုကို အလွန် အရှက်ရသွားစေခဲ့သည်။သူတို့တွေ ယခင်က ကျန်းလော့ကို ရန်လိုခဲ့ကြပြီး နောက်ကွယ်မှာ ကျိန်ဆဲခဲ့ကြသည်။ သို့သော် ကျန်းလော့က ဒီလောက်တောင် သဘောကောင်းလိမ့်မယ်လို့ သူတို့ ထင်မထားမိခဲ့ပေ။ ဖြစ်ပျက်ခဲ့တာတွေကို ဗွေမယူသည့်အပြင် သူတို့ကို အဖြေတစ်ဝက်ပင် တိုက်ရိုက် ခွဲပေးလာခဲ့သေးသည်။

 

သူတို့ရင်ထဲမှာ ကျေးဇူးတွေတင်ပြီး ရှက်လည်းရှက်မိသွားကြကာ ပါးစပ်ကို ဟလိုက်‌ကြပေမယ့် ဘာကိုမှ ပြောမထွက်ခဲ့ကြပေ။

 

ကျိုးကျုံးချိုး သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး “ဒီလိုဆိုရင် အတူတူ ဖြစ်သွားကြပြီနော်။ ငါတို့ ခန္ဓာကိုယ်ကို အရင် တူးထုတ်လိုက်ဦးမယ်”

 

ဘယ်သူမှ ကန့်ကွက်မလာတာကို တွေ့တော့ သူတို့တွေ နံရံကိုဖြိုချဖို့ လုပ်လိုက်ကြသည် သို့သော် ရှန်ဟိုင်း တက္ကသိုလ်လူစုက သူတို့ကို တစ်ပြိုင်နက်တည်း တားလာကြ၏။ ထိုလူငယ်လေးတွေက စူပုပ်ပုပ်မျက်နှာ ဖြင့် ပြောလာခဲ့သည်။ 

 

“ငါတို့ ဖြိုလိုက်မယ် မင်းတို့က ဒီတိုင်းရပ်ပဲကြည့်နေလိုက်”

 

ထိုသို့ပြောပြီးနောက် သူတို့ နံရံကို တက်ညီလက်ညီ ဖြိုလိုက်ကြသည်။

 

နံရံပေါ်မှာ အက်ကြောင်းရာတွေ အများကြီး ခဏချင်းပေါ်လာခဲ့သည်။ ထိုအက်ကြောင်းတွေ ပွင့်ထွက်သွားသည်နှင့်တစ်ပြိုက်နက် လောက်တွေ ထွက်လာခဲ့ကြသည်။ ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသားများ အာမေဍိတ်သံပြုလိုက်ကြပြီး နံရံကို ပိုပြီးအားထည့်ကာ ဖြိုလိုက်ကြသည်။

 

ကျန်းလော့ သူတို့ကို တည်တည်ငြိမ်ငြိမ်ပင် ရပ်ကြည့်နေလိုက်၏။ သူ့ကို တစ်ခြားသူများက ကျော်တက်လုနီးပါး ဖြစ်သွားခဲ့ပေမယ့် အခုတော့ တခြားသူတွေကို သူတို့အတွက် နံရံကို လိုလိုလားလားဖြင့် ဖြိုချပေးလာအောင် လှည့်စားလိုက်သည့်အပေါ် ကျန်းလော့ အပြစ်မကင်းသည့်စိတ် အနည်းငယ်တောင် မဖြစ်မိပေ။

 

ယောက်ျားတစ်ဦးက သူ့ဆီကို ညင်ညင်သာသာ လျှောက်လာနေခဲ့၏။

 

ပိုင်ယယ်ဖုန်း နံရံကိုကြည့်လိုက်ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည်။ 

 

“မင်းရဲ့ ပါးစပ်လေးက အရမ်းအံ့ဩဖို့ကောင်းတယ်နော်”

 

ကျန်းလော့ သူ့ကို ခေါင်းစောင်းကာ ပြုံးပြလိုက်ပြီး မဟုတ်တရုတ် စကားတွေကို ကရားရေလွှတ်‌ ပြောနေ့ခဲ့သော နှင်းဆီရောင်သန်းပြီး လှပသည့် နှုတ်ခမ်းအစုံကို ဖွင့်ဟလိုက်သည်။

 

“ကျေးဇူးပါပဲ”

 

နံရံမှာ လူအုပ်၏ဖြိုချခြင်းကို ခံလိုက်ရပြီး အထဲမှာရှိနေသော အလောင်းလေးလောင်းကို လှစ်ဟပြလာခဲ့သည်။ ဝမ်ရှင်းဟွေ့ကို ပေါင်းထည့်လိုက်လျှင် ဤအရေအတွက်က 2012ကစ၍ ပျောက်ဆုံးနေခဲ့သော မိန်းကလေးအရေအတွက်နှင့် ကိုက်ညီနေခဲ့သည်။

 

အလောင်းများက လူအုပ်ကို ကျောပေးထားကြပြီး သူတို့၏ ဆံပင်တွေနှင့် ခန္ဓာကိုယ်တွေထက်မှာ လောက်တွေတောင် ကျနေပြီဖြစ်ကာ ပုပ်သိုးသိုးအနံ့က ထိုတခဏတွင် ရုံးခန်းတစ်ခန်းလုံးမှာ ပြည့်နှက်‌သွားခဲ့၏။

 

မိန်းကလေးအလောင်းတွေထဲက တစ်ခုက လျူကျီ၏စားပွဲကို ကျောပေးထားခဲ့သည်။

 

နောက်ဆုံးပြဿနာကို ဖြေရှင်းပြီးချိန်မှာ ကျန်းလော့ သူ့ဖုန်းကိုထုတ်လိုက်ပြီး မတ်ဆေ့ပိုလိုက်သည်။ သူ ခေါင်းစောင်း လိုက်ပြီး ပိုင်ယယ်ဖုန်းကို နူးနူးညံ့ညံ့လေး ပြောလိုက်၏။

 

“ကျောင်းသားပိုင် … ငါ့မှာ အဖြေရှာမရသေးတဲ့ မေးခွန်းတချို့ ရှိနေသေးတယ်။ မင်း ငါနဲ့လိုက်ခဲ့ပြီး သဲလွန်စတွေ ရှာပေးနိုင်မလား”

 

ပိုင်ယယ်ဖုန်း ပြုံးလိုက်ပြီး “သေချာတာပေါ့”

 

ကျန်းလော့ကြောင့် ဒေါသထွက်ရမည့်အစား ထိုဖြစ်ရပ်ပြီးသွားပြီနောက်မှာ သူ့ပုံစံက ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာသည့် ပုံပေါက်နေခဲ့သည်။

 

သို့သော် ထိုမကောင်းဆိုးဝါး၏ ရင်ထဲမှာတော့ ဘယ်လို‌တောင် ဆိုးရွားပြီး ရက်စက်သောအတွေးတွေ ရှိ‌နေလိမ့်မလဲဆိုတာ ဘယ်သူသိမှာလဲ။

 

သူတို့နှစ်ယောက်တည်း ရုံးခန်းထဲကနေ ထွက်လာခဲ့ကြသည်။

 

သည်ကနေ့က အမြဲစိမ်း အထက်တန်းကျောင်းပေါ်မှာ တိမ်မည်းတွေ အုပ်မိုးနေခဲ့သော နေ့တစ်နေ့ပင်။

 

“ကျောင်းဆောင်အဟောင်းဘက်မှာ ရေကူးကန်ရှိတယ်”ကျန်းလော့ ပြုံးလိုက်ပြီး “ကျင်းယွမ်ကောင်း ပြောတာတော့ သရဲမ မသေခင်တုန်းက သူတို့နှစ်ယောက် အဲဒီ့နေရာကိုသွားပြီး ချိန်းတွေ့ခဲ့ကြတာတဲ့။ ပြီးတော့ သူကလည်း ရေကူးကန်ကို ဖြတ်ပြီး‌တော့ သွားရတဲ့ ရေဆိုးပိုက်လိုင်းထဲကနေပြီး မြေအောက်မှာ ပုန်းနေခဲ့တာလေ။ ငါ သိချင်တာက … သူ ရေဆိုးပိုက်ထဲ ဝင်ပုန်းပြီးတဲ့နောက်မှာ သရဲမက ကျင်းယွမ်ကောင်းကို ဘာလို့ မသတ်ရတာလဲလို့ပေါ့။ ကျောင်းသားပိုင်က ကိစ္စတွေ အများကြီးကို သိတဲ့သူဆိုတော့ … အတူတူသွားပြီး ကြည့်ကြရအောင်လေ”

 

ကျောင်းနောက်ကျောဘက်မှာရှိသော ရေကူးကန်က ရေတွေနှင့်ပြည့်နေဆဲပင်။ တိတ်ဆိတ်နေသော ရေကူးကန်ထဲမှာ အပြာရောင်တွေက တသိမ့်သိမ့် လှုပ်ရှားနေ၏။ 

 

သို့သော် သူတို့ ရေကူးကန်၏ အလယ်မှာ ယောက်ျားတစ်ယောက်ကို တွေ့လိုက်ကြရသည်။

 

ထိုသူက ရေထဲမှာ နစ်မြုပ်နေခဲ့ပြီး ရေနစ်နေပုံရသည်။

 

နွေးထွေးပြီးတော့ ကြင်နာတတ်သည့် နှလုံးသားပိုင်ရှင် ပိုင်ယယ်ဖုန်းက သူ့ကာရိုက်တာနှင့်မလိုက်အောင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးထဲမှာ ဂယက်ရိုက်သွားခြင်းမျိုးလည်းမရှိပေ သို့သော် သူ လူကယ်ရန်အတွက် ရေထဲကို ခုန်ဆင်းလိုက်ဆဲပင်။

 

လျင်မြန်ပြီး ပေါ့ပါးဖျတ်လတ်သော လှုပ်ရှား‌မှုတွေဖြင့် သူ ထိုယောက်ျားကို လှမ်းဆွဲပြီး ရေပေါ်တက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ အင်္ကျီတစ်ထည်ကိုသာ ဆွဲမိလိုက်မည်ဟု ထင်မထားခဲ့ပေ။

 

ပိုင်ယယ်ဖုန်း ကြောင်အသွားပြီး မျက်နှာ ပျက်သွားခဲ့သည်။ သူ လာရာလမ်းအတိုင်း ပြန်ကူးလာပြီး ရေထဲကနေ ထွက်ဖို့လုပ်လိုက်ချိန်မှာ မာတင်ဘွတ်ဖိနပ်ကို ဝတ်ထားခဲ့သော ခြေထောက်တစ်ဖက်က သူ့ပခုံးထက် တင်လာခဲ့သည်။

 

မာတင်ဘွတ်ဖိနပ်၏ အပေါ်ပိုင်းမှာ ဖုန်တစ်စက်တောင် မရှိခဲ့ပေမယ့် အောက်ခြေမှာတော့ လမ်းလျှောက်ရာကနေပါလာသည့် ရွှံ့တွေရှိနေခဲ့ပြီး ပိုင်ယယ်ဖုန်း၏ ပခုံးထက်မှာ ဖိနပ်ရာကြီး ထင်ကျန်ရစ်စေခဲ့သည်။

 

ကျန်းလော့ မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် ဖိနပ်ကနေစကာ ကျန်းလော့၏ ဘောင်းဘီရှည်နှင့် ဘလောက်အင်္ကျီကို ဖြတ်သန်း၍ ကြည့်လိုက်ပြီး နောက်ဆုံးမှာ ကျန်းလော့၏ မျက်နှာဆီ အကြည့်ရောက်သွားခဲ့သည်။

 

ကျန်းလော့က သူ့ကိုငုံ့ကြည့်နေခဲ့ပြီး သူ၏ဆံနွယ်ရှည်တွေက ပခုံးများထက်မှာ ကျဆင်းနေခဲ့သည်။,

 

သူ့လက်ထဲမှာတော့ ဓားဦးချွန်ကို အဆောင်ဖြင့် ရစ်ပတ်‌ထားသော ဓားမြှောင်တစ်ချောင်း ကိုင်ထားခဲ့ပြီး ပိုင်ယယ်ဖုန်း၏ နဖူးအလယ်တည့်တည့်ကို ရွယ်ထားခဲ့သည်။

 

အနက်ရောင်ဆံနွယ်နှင့် လူငယ်လေး၏ ဘယ်ဘက်လက်မှာရှိသော အနီရောင် မှည့်လေးက စီးကျနေသော သွေးစက်လေးကဲ့သို့ ပင်။ သူ့ခြေထောက် တစ်ဖက်ကို အားထည့်လိုက်ပြီး ပိုင်ယယ်ဖုန်းကို အေးစက်နေထဲသော ရေထဲမှာ မြဲမြံနေအောင် ဖိချလိုက်သည်။

 

 သူ၏ညဘက်လက်မှာ ကိုင်ထားခဲ့သော ဓားမြှောင်မှာ ပြီးခဲ့သည့် တစ်ခေါက်ကထက် ကွင်းအပိုရှိနေခဲ့ပြီး ထိုသံကွင်း၏အောက်မှာ ရစ်ပတ်နေခဲ့သော သူ့၏ညာလက်မောင်းရှိ လက်ဖျံရိုးက ထင်းထွက်နေခဲ့သည်။ ထို့ကြောင့် သူ့လက်ထဲကဓားကို ဒီတစ်ခေါက်ယူဖို့ ကြိုးစားပါက သူ့ညာလက်တစ်ဖက်လုံးကို ဖြတ်ပစ်မှပဲရလိမ့်မည်။

 

“ငါတို့ရဲ့ မစ်စတာနတ်ဆိုးကို ကြည့်လိုက်ကြပါအုံး”ကျန်းလော့ ခေါင်းစောင်းလိုက်ပြီး သူ၏ လှပသောမျက်ခုံးတွေဖြင့် လှောင်ပြုံးတစ်ပွင့်ကို ဖန်တီးလာခဲ့၏။

 

“သူတော့ လှည့်စားခံလိုက်ရပြီ”

 

****