Ch 31
Viewers 8k

Part 31


မျက်နှာသစ်ကန်ထဲမှာ အသက်ရှုအောင့်ရသည့် ခံစားချက်နှင့် ရေချိုးကန်ထဲမှာ အောင့်ရသည့် ခံစားချက်က လုံးဝကို ကွဲပြားသည်။

မွန်းကြပ်မှုက အလျှင်အမြန်ကိုပင် ပြင်းထန်စွာ ရောက်လာခဲ့သည်။ ရေအေးတွေက နားထဲကို ဒလဟောဝင်ချလာခဲ့ပြီး ရေအောက်မှာ ရောက်နေသောကြောင့် နှလုံးခုန်သံကို နားထဲမှာ အတိုင်းသား ကြားနေရ၏။

ကျန်းလော့ သူ့စိတ်ထဲမှာ စက္ကန့်တစ်ဆယ်ကို ရေတွက်လိုက်ပြီး ရေတွက်သံတွေက တဖြည်းဖြည်းနှင့် လေးဆငါးဆ ကြာမြင့်လာခဲ့သည်။ အောက်ဆီဂျင်ပြတ်လပ်မှုက သူ့ကို တောင့်တင်းလာစေပြီး ကျန်းလော့ မျက်လုံးကိုမှိတ်ကာ သေလုမျောပါး ဖြစ်လာမည့်အချိန်ကို စောင့်ဆိုင်းလိုက်သည်။

တစ်ခန်းလုံးက မှော်ဆရာအခန်းအလား အဆောင်များဖြင့် ဖုံးလွှမ်းနေခဲ့ပြီး တစ်မိနစ်ကြာပြီးနောက် အခန်းထဲမှာရှိသော အဆောင်က အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်ခံရသည့်အလား တခဏလောက် အပေါ်ကိုမြှောက်တက်လာခဲ့သည်။

ရေချိုးကန်ထဲမှာ ရှိနေ‌သော ဆံနွယ်အနက်နှင့်ကောင်လေးက အဆောင်ရွှမ်းရွှမ်းမြည်သံကို ကြားသော်လည်း ဂရုမစိုက်ခဲ့ပေ။ သူ့မျက်လုံးတစ်စုံက မှိတ်နေခဲ့ပြီး သူဝတ်ထားခဲ့သော ရှပ်အင်္ကျီက ရေနှင့်အတူ ဟိုဟိုဒီဒီမျောလွင့်နေခဲ့သည်၊ သူ့လက်သီးဆုပ်နှင့် လက်ပေါ်မှာ  ရှိနေ‌ခဲ့သော အစိမ်းရောင်သွေးကြောများက အနက်ရောင်ဆံနွယ်များနှင့်အတူ ရေထဲမှာ ရောယှက်သွားခဲ့ပြီး ချောက်ခြားဖွယ် အလှတရားတစ်ခုကို ဖန်ဆင်းနေခဲ့သည်။

“ဝုန်း …”

နောက်ထပ်ဝင်ဆောင့်သံတစ်သံ ထွက်ပေါ်လာပြီး ရေချိုးခန်းတစ်ခုလုံး တခဏလောက် တုန်ခါသွားခဲ့ကာ တံခါးမှာကပ်ထားသော အဆောင်က မီးထတောက်လာခဲ့သည်။

တံခါး၏အပြင်ဘက်မှာ ရှိနေသော မကောင်းဆိုးဝါးက တခဏလောက် ဖိနှိပ်ခံလိုက်ရပုံပေါက်သော်လည်း နောက်ထပ်ဆယ်စက္ကန့်အကြာမှာ ရေချိုးခန်းတံခါးကို ထပ်ပြီးဝင်ဆောင့်လာခဲ့သည်။

ဝုန်း၊ ဝုန်း၊ ဝုန်း။

ကျန်းလော့၏မျက်နှာက အနည်းငယ် အနီရောင်သန်းနေပြီဖြစ်ပြီး အောက်ဆီဂျင်ပြတ်လပ်သည့် ခံစားချက်က သူ့ခြေလက်များကနေတစ်ဆင့် နှလုံးဆီ ရောက်လာခဲ့ကာ သူ့ခန္ဓာကိုယ်က ရေချိုးကန်ထဲကနေတက်ဖို့ အလိုအလျောက် ကြိုးစားလာခဲ့သည် သို့သော် နှစ်မိနစ်အချိန်မှတ်ထားတာက ခုထက်ထိ မပြည့်သေးပေ။

ခန္ဓာကိုယ်တစ်ခုလုံး ရေအောက်နစ်မြုပ်သွားချိန်မှာ ထိုခံစားချက်က လူတွေကို စိုးရိမ်မှုဖြစ်လာစေသည်။ နှလုံးခုန်က အရှိန်မြင့်လာကာ အောက်ဆီဂျင် အသုံးပြုခြင်းကို မြန်လာစေခဲ့ပြီး ကျန်းလော့၏ ခံနိုင်ရည်အဆုံးစွန်ကို ရောက်နေပြီဖြစ်သည်။

သူ့အတွေးတို့ ထွေပြားလာခဲ့ပြီး သူ့အရှေ့မှာရှိနေသော အမှောင်ထုက အဖြူရောင်အပြောက် အသေးလေးတွေအဖြစ်  အရောင်မှိန်လာခဲ့သည်။ ဆန်းကြယ်သောခံစားချက်တစ်ခုက သူ့ကို တစ်ခြားကမ္ဘာဆီ ဆွဲခေါ်သွားသကဲ့သို့ ရေနစ်ခြင်း၏ နာကျင်မှုက တခဏလောက် ပြေလျော့သွားခဲ့သလိုပင်။

သူအောင်မြင်တော့မှာလား သေတော့မှာလားဆိုတာ သူမသိပေမယ့် ကျန်းလော့၏ လက်‌နှင့်ခြေထောက်များ အားလျော့လာခဲ့သည်။

နှလုံးခုန်နှုန်းက ထိုးကျလာခဲ့ပြီး အလွန်မြန်နေတာကနေ အလွန်နှေးလာခဲ့ကာ ဘဝတစ်ခုက  တဒင်္ဂအတွင်းမှာပင် ယိုယွင်းလာခဲ့သည်။

“ ကျန်းလော့ … မင်း ပထမနေရာကို အနိုင်ရသွားပြီ”

လုယုံရိ ရေချိုးခန်းတံခါးကို ပျော်ရွှင်နေသောမျက်နှာဖြင့် ပုတ်လိုက်သည်။ သို့သော် သူ တုံ့ပြန်သံကိုမကြားရချိန်မှာ သူ့နှလုံးက တစ်ချက်ခုန်သွားခဲ့ပြီး ရေချိုးခန်းထဲက ရေသံတွေကိုကြားချိန်မှာ လုယုံရိ ရင်ထဲ၌ ရှင်းမပြတတ်သော မကောင်းသည့်ခံစားချက်တစ်ခု ဝင်လာခဲ့သည်။ သူ ရေချိုးခန်းတံခါးကို ဆောင့်ကန်၍ဖွင့်လိုက်ပြီး အထဲက အခြေအနေကိုမြင်ချိန်မှာ လုယုံရိ၏ သူငယ်အိမ်များ ချက်ချင်းဆိုသလို ကျုံ့သွားခဲ့သည်။

သူ့အသက်ရှုသံများ တန့်သွားခဲ့ပြီး သူ အမြန်ပြေးကာ ကျန်းလော့ကို ရေထဲကနေ ဆယ်လိုက်သည်။ သူ့လက်များက ဒေါသနှင့်အကြောက်တရားကြောင့် တုန်ရီနေခဲ့သည်။

“ မင်း ဘာလုပ်နေတာလဲ”

အောက်ဆီဂျင်တွေက သူ့ကိုယ်ထဲကို အလုံးအရင်းနှင့် တိုးဝင်လာခဲ့ပြီး ကျန်းလော့ ရေသီးကာ ချောင်းဆိုးလာခဲ့သည်၊ သူ့ကိုယ်ပေါ်ရှိ ရေ‌များက ကန်ထဲကို ပြန်စီးကျသွားခဲ့သည်။ လုယုံရိ သူ့ကို ကျောပုတ်ပေးလိုက်ပြီး ကျန်းလော့၏ ပခုံးပေါ်မှာ ပဝါကိုလွှမ်းခြုံပေးလိုက်ပြီး သူ့ကို ဘေးနားကနေထိန်းကာ ရေချိုးခန်းထဲကနေ ထွက်လာခဲ့သည်။

ကျန်းလော့ သူ့ကိုအားအင်ကုန်ခန်းစွာဖြင့် မှီထားခဲ့ပြီး သူ့လက်ပေါ်က ယင်ယန်လက်ကောက်ကို တစ်ချက်ကြည့်လိုက်သည်။

ကျရှုံးသည်။

သူ့ကို သေခြင်းနှင့်ရှင်ခြင်းကြားက နယ်နိမိတ်ကို ချိုးဖောက်နိုင်ဖို့အတွက် အပြင်ဘက်ကနေ ဖိအားပေးနေတဲ့ အန္တရာယ်မရှိနေလို့များ ယင်ယန်လက်ကောက်ကို ဖွင့်လို့မရတာလား။

ကျန်းလော့၏မျက်လုံးထဲမှာ အတွေးတွေ ဖြတ်ပြေးသွားခဲ့သည်။

လုယုံရိ သူ့ကို ဆိုဖာပေါ်တင်ပေးလိုက်ပြီး ရေနွေးတစ်ခွက်ကို အမြန်ခပ်ပေးလာကာ သူ့အတွက် အောက်ဆီဂျင်ဘူးတစ်ဘူးကို ယူလာခဲ့ပြီး တခြားသူတွေကို မျက်နှာထားတင်းတင်းဖြင့် လှမ်းခေါ်လိုက်သည်။ 

“ ကျန်းလော့ သူ့ကိုသူ အဆုံးစီရင်နေတယ် … သူ ချီယုံနဲ့အတူ လိုက်သေတော့မလို့”

ကျန်းလော့ “…..”

သူ့ပခုံးထက်က ပဝါဖြင့် ကျန်းလော့ ရေသုတ်လိုက်ပြီး ခေါင်းတွေ ကိုက်လာခဲ့သည်။

ဖုန်းခေါ်ဆိုမှုတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်သွားခဲ့ကြပြီး ကောကျူကို ဆက်သည့်အချိန်မှာ သူက ဆရာဝမ်နှင့် ဘဝတိုးတက်ရာတိုး‌တက်ကြောင်း စကားများကို ဆွေးနွေးနေခဲ့တာဖြစ်၏။ သူ ပျာယာခတ်သွားပြီး အမြန်ထရပ်ကာ အလောတကြီး ပြောလိုက်မိသည်။ 

“ ဆရာ … ကျန်းလော့က ချီယုံနဲ့အတူ လိုက်သေတော့မလို့ လုပ်နေတယ်… အမြန်သွားကြည့်လိုက်ဦးမယ် … သူ့ကို ဖျောင်းဖျပေးပါဦး”

ဆရာဝမ်က တခဏလောက် ကြောင်အမ်းသွားပြီးနောက်မှာ သူ ကောင်းကောင်းသိသော သူတစ်ယောက်ဆီ ဖုန်းဆက်လိုက်သည်။ “လောင်ရွှီရေ … အလိုလေး … ငါတို့ကျောင်းက နံပါတ်တစ်နေရာက ကျန်းလော့လေ။ အဲဒီ့ကလေးက အရမ်းကို သံယောဇဉ်ကြီးလွန်းတာ။ သူ ခုလေးတင် ….” 

တစ်မိနစ်အတွင်းမှာပဲ ကျန်းလော့နှင့် လုယုံရိ၏အခန်းထဲကို အုပ်စုလိုက် ရောက်ချလာကြသည်။ ကျန်းလော့ကတော့ ဆိုဖာခုံပေါ်မှာ တွေဝေစွာနှင့်ထိုင်နေရင်း အလုပ်ရှင်များနှင့် ပြောဆိုဆက်ဆံရာမှာသုံးသော စွမ်းရည်တွေကို ထုတ်သုံးလိုက်သည်။ 

လမ်းညွှန်ပေးခြင်း၊ အပြစ်ဖော်ဆုံးမခြင်း၊ ဖျောင်းဖြပြောဆိုခြင်းစသော လူခုနှစ်ယောက် ခုနှစ်သွယ်သော နည်းလမ်းတွေဖြင့် ချဉ်းကပ်လာကြသည်။

သို့သော် ပြောသင့်တာမှန်သမျှ ပြောပြီးတာတောင်မှပဲ အနေအထားက စိတ်ဓာတ်ကျဖွယ် ဖြစ်နေဆဲပင်။ ကျိုးကျုံးချိုး နံရံကိုမှီကာ လက်မောင်းကိုပိုက်ရင်း ကျန်းလော့ကို အေးတိအေးစက်ဖြင့် မေးလာခဲ့သည်။ “ကျန်းလော့ … နင် ချီယုံကို ဒီလောက်ထိတောင် ချစ်တာလား”

ကျန်းလော့ တိတ်ဆိတ်နေမိသည်။

“ မင်းရဲ့ရှေ့မှာ နေသွားရမယ့် ဘဝတစ်ခုလုံးရှိသေးတယ်” လုယုံရိ စိတ်မထိန်းနိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်မိသည်။ “ ချီယုံကသေပြီ။ သူ့ကို စွဲလမ်းနေတာ ရပ်လိုက်တော့”

ကျန်းလော့ စကားပြောဖို့ ကြိုးစားလိုက်သော်လည်း အသံထွက်မလာခဲ့ပေ။ သူ ချောင်းတစ်ချက်ဆိုးလိုက်ပြီးမှ အသံအက်တက်တက်ဖြင့် ပြောလာခဲ့သည်။ “ ငါက ဒီတိုင်း….”

သူ တဒင်္ဂလောက် တိတ်ဆိတ်သွားခဲ့ပြီး သူ့မျက်လုံးတွေက ရေနစ်ထားခဲ့၍ နီရဲနေခဲ့သည်၊ ဆံနွယ်အနက်ရောင်နှင့် လူငယ်လေး မျက်တွင်းတွေကျကာ အားမပါစွာဖြင့် ပြောလာခဲ့သည်။ 

“ငါ သူ့ကို အရမ်းလွမ်းမိရုံတင်ပါ”

“ သူ ငါ့ကိုလာမတွေ့တာ အရမ်းကို ကြာနေပြီ” ဆံနွယ်အနက်နှင့်လူငယ်လေးက ဖရိုဖရဲပုံစံဖြင့် ပြောလာခဲ့၏။ “ပြီးတော့ ငါ ဘာဆက်လုပ်လို့ လုပ်ရမယ်မှန်း မသိတော့ဘူး”

ယယ်ရွှင် မျက်မှောင်ကြုတ်လိုက်မိ၏။ “ချီယုံက ဘာတွေများ ကောင်းနေလို့လဲ”

ကျန်းလော့ မေးခွန်းကို ပြန်မဖြေနိုင်ဘဲ သူ ဖျော့တော့တော့ အပြုံးလေးတစ်ပွင့်ဖြင့်သာ ပြန်တုံ့ပြန်လာခဲ့သည်။

လူတိုင်းက သူ့၏ လက်ရှိပုံစံကို ကြည့်ပြီး စိတ်ဆင်းရဲကာ ဒေါသထွက်နေကြ၍ ကျန်းလော့ ပထမနေရာကိုရသည့် ကိစ္စကတောင်မှပဲ ပျော်သင့်သလောက် မပျော်ရတော့ပေ။

ကျိုးကျုံးချိုး အေးတိအေးစက်ဖြင့် ပြောလာခဲ့သည်။ “ ငါတို့တွေ ဒီည နင်နဲ့အတူတူနေပေးမယ် ပြီးတော့ နောက်တစ်ခါကျရင် … ကျန်းလော့ ငါတို့ ချီယုံကို နင်ဘယ်တော့မှ ထပ်မတွေ့ရတော့အောင် အပြတ်ရှင်းပစ်မယ်”

ကျန်းလော့ ကြက်သေသေသွားမိ၏။ “သူ့ကို အပြတ်ရှင်းပစ်မယ် …ဟုတ်လား”

ကျန်းလော့က ချီယုံအတွက်ဆိုလျှင် သူ့ကိုယ်သူ အဆုံးစီရင်နိုင်သည့်အထိပင်၊ ထို့ကြောင့် ကျန်းလော့ကို ကောင်းကောင်းအသက်ရှင်ဖို့ရာ ချိန်းခြောက်ဖို့အတွက် ချီယုံကိုပဲ ကျိုးကျုံးချိုး သုံးရတော့သည်။ 

“ချီယုံက မကောင်းဆိုးဝါးအဖြစ် ပြောင်းသွားပြီ။ သူ ဘယ်လောက် အင်အားကြီးလဲဆိုတာ ငါ မသိပေမယ့် … ငါတို့မှာ လူခုနှစ်ယောက်တောင်ရှိတယ်။ မကောင်းဆိုးဝါးက ဘယ်လောက်ပဲ အင်အားကြီးနေပါစေ အုပ်စုဖွဲ့ပြီး တိုက်ခိုက်ရင်တော့ မနိုင်စရာ အကြောင်းမရှိဘူး။ ကျန်းလော့ ငါက ပြောရင်ပြောသလို လုပ်တာနော် … ဒီလိုကိစ္စမျိုး နောက်တစ်ခါထပ်ဖြစ်လာရင် ငါ ညှာနေမှာမဟုတ်တော့ဘူး”

ကျန်းလော့ ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်ပြီး သူ့ပခုံးတို့က အနည်းငယ် တုန်ခါနေခဲ့သည်။ “ ငါ သိပါပြီ”

တခြားသူတွေက ကျန်းလော့ ငိုနေတာဟု ထင်လိုက်ကြပြီး ရင်ထဲမှာမကောင်း ဖြစ်သွားကြသည်။ ဝမ်ယမ်လန် သက်ပြင်းချလိုက်ပြီး “ သွားအိပ်တော့ .. မင်း နိုးလာတဲ့အခါကျရင် … ဒီကိစ္စတွေ ပြီးသွားမှာပါ”

ကျန်းလော့ အိပ်ရာပေါ်လှဲချလိုက်စဉ် ယယ်ရွှင်က သူ့အတွက်မီးပိတ်ပေးခဲ့၏ ထို့နောက် အုပ်စုတစ်ခုလုံး တံခါးအပြင်ကိုဆုတ်ကာ ပြဿနာအကြောင်းကို ဆွေးနွေးလိုက်ကြသည်။

ကျန်းလော့ သူ့ခေါင်းပေါ်ကို စောင်ခြုံလိုက်ပြီး ကျိတ်ရယ်လိုက်သည်။ စောင်ကတုန်ခါနေခဲ့ပြီး သူကျေနပ်အားရစွာဖြင့် ရယ်နေမိ၏။ 

သူ အားရအောင် ရယ်ပြီးနောက် ရေချိုးခန်းထဲသို့ တိတ်တိတ်‌လေးသွားကာ အဆောင်ကို ရှင်းလိုက်ပြီး အိပ်ရာထဲပြန်ဝင်လိုက်သည်။

သူ ရေနစ်ဖို့ပြင်ဆင်နေချိန်မှာ ချီယုံ အမှန်တကယ်ပင် ရောက်လာခဲ့သည်။

အဆောင်ကြောင့်သာမဟုတ်လျှင် မကောင်းဆိုးဝါး၏  လက်တုံ့ပြန်မှုကို ကျန်းလော့ ခံရမှာသေချာသည်။

ထိုဟာက ကျေးဇူးတင်ရမည့်ကိစ္စဖြစ်သော်လည်း အခုတော့ သူ့အဆောင်က ချီယုံ၏တိုက်ခိုက်မှုကို တားဆီးပေးခဲ့သည့်အတွက် ကျန်းလော့ အနည်းငယ် နှမျောတသဖြစ်မိသည်။

ကျန်းလော့ သေလုမျောပါးဖြစ်နေစဉ်မှာ သူ အလွန်တရာ အံ့ဩဖို့ကောင်းသော ခံစားချက်ကို ခံစားခဲ့ရသည်၊ သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်က ကွဲကွာသွားတော့မည့်သကဲ့သို့ပင်။ သို့သော် ထိုခံစားချက်က အင်မတန် ဖျော့တော့ပြီး ကျန်းလော့ မစူးစမ်းရသေးခင်မှာပဲ အရိပ်အယောင်မရှိအောင် ပျောက်ကွယ်သွားခဲ့သည်။

သူ အနားယူဖို့အတွက် မျက်လုံးတွေကို မှိတ်လိုက်ပြီး သူ့ညာလက်ပေါ်က ယင်ယန်လက်ကောက်ကို ဘယ်လက်ဖြင့် ပွတ်သပ်လိုက်သည်။ကြည့်ရတာ ယခုကဲ့သို့ အန္တရာယ်ကင်းသော သေရေးရှင်ရေးအနေအထားက ယင်ယန်လက်ကောက်ကို အောင်အောင်မြင်မြင်နှင့် ဖွင့်ဖို့ မဖြစ်နိုင်ဘူးထင်သည်။ 

ကျန်းလော့၏ အင်အားအပေါ် တပ်မက်မှုက သူ့ကို သည်လိုအတွေးမျိုးပင် တွေးလာစေခဲ့၏။ “ချီယုံသာ အဲဒီ့တုန်းက တံခါးဖွင့်ပြီး ဝင်လာခဲ့လိုက်ရင်” ဆိုပြီး။

သူ သဘောတကျဖြင့် ပြုံးလိုက်ပြီး ပိတ်ထားသော မျက်ခွံတွေအောက်က သူ့မျက်လုံးတွေ ဖြည်းဖြည်းချင်း လှုပ်ရှားသွားခဲ့သည်။

ချီယုံ။

သူ့ကို အသုံးချလို့ ရကောင်းရနိုင်သည်။

တစ်ညကုန်ဆုံးသွားပြီး နောက်‌တစ်နေ့မနက်စောစောမှာ ပိုင်ဟွာတက္ကသိုလ်ကလူတွေ အပြန်လေယာဉ်ကို စီးနင်းလိုက်ကြသည်။

သူ လေယာဉ်ပေါ်က ဆင်းဆင်းချင်းမှာပဲ သူ့၏မူလဆရာဖြစ်သော ချန်ဖိဆီကနေ  ဖုန်းဝင်လာခဲ့သည်။ ချန်ဖိက သူ့အား အိမ်ကို တတ်နိုင်သမျှမြန်မြန် ပြန်လာခဲ့ဖို့ပြောပြီး ကျန်းလော့နှင့် ဆွေးနွေးစရာရှိသေးသည်ဟုလည်း ပြောလာခဲ့သည်။

ကျန်းလော့ ချန်ဖိ၏အိမ်ကို အငှားကားငှားသွားလိုက်သည်၊ သူ ထိုအိမ်ကို ဝင်သွားလိုက်သည်နှင့်တစ်ပြိုင်နက် နွေးထွေးသော ကြိုဆိုမှုကို လက်ခံရလိုက်သည်။ မူလပိုင်ရှင်အပေါ်  အမြဲတမ်း သာမန်အတိုင်းသာ ဆက်ဆံခဲ့သော ချန်ဖိက ဤတစ်ခေါက်မှာတော့ အလွန်ပင် စိတ်အားထက်သန်နေခဲ့သည်။ ကျန်းလော့၏ ပြိုင်ပွဲအကြောင်းကို မေးမြန်းပြီးနောက်မှာ သူနေ့စဉ်ဒူဝ ဘယ်လိုများစားသောက်နေလဲဆိုပြီး ဂရုတစိုက် မေးလာခဲ့သည်။

ချန်ဖိက သူ့ကိုပြန်လွှတ်ပေးလာသည့် ညနေစောင်းအထိ  ကျန်းလော့နေလိုက်ရပြီး သူ မပြန်သေးခင်မှာလည်း သူ့ကို စိတ်အားထက်သန်စွာဖြင့် မှာလာခဲ့သည်။

“ မနက်ဖြန်ကျရင် အချိန်ရှိအောင် သေချာလုပ်ထားနော်”

ကျန်းလော့ သံသယဝင်လာမိပြီး တည်တည်ငြိမ်ငြိမ်ပင် ပြုံးပြလိုက်သည်။

“ ဟုတ်ကဲ့ … ကျွန်တော် သိပါပြီ”

အချိန်က အတော်လေးနောက်ကျနေပြီဖြစ်၍ ကျန်းလော့ ကျောင်းကို စောစောပြန်ရောက်နိုင်ရန်အတွက် ချန်ဖိက ကားငှားပေးလိုက်သည်။ ကျန်းလော့က ကားမောင်းဖို့ရာအတွက် တော်တော်မူးနေပြီဖြစ်ပြီး သူ ချန်ဖိတို့ မိသားစုကိုလည်း အလုပ်မရှုပ်စေချင်ပေ။ ထို့ကြောင့် ကျန်းလော့ကားကို လမ်းဘေးထိုးရပ်လိုက်ပြီး ခရီးသည်ထိုင်ခုံပေါ် ပြောင်းထိုင်ကာ ကားအငှားမောင်းပေးမည့်သူကို ခေါ်လိုက်သည်။

ကားအငှားမောင်းပေးမည့်သူက မြန်မြန်ဆန်ဆန်ပင် ရောက်လာခဲ့ပြီး ယာဉ်မောင်းထိုင်ခုံပေါ် ငြိမ်သက်စွာဖြင့် ဝင်ထိုင်ပြီးနောက် မေးလာခဲ့၏။ 

“ ခရီးသည်က ဘယ်ကိုသွားမှာလဲ”

ကျန်းလော့ မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး တိုးတိုးညင်းညင်းလေး သမ်းဝေလိုက်သည်။

“ ပိုင်ဟွာတက္ကသိုလ်ကို”

သူ ကားထဲရှိ ပစ္စည်းထည့်သည့်ပုံးကို မွှေလိုက်ချိန်မှာ မဖွင့်ရသေးသော စီးကရက်တစ်ဘူးနှင့် မီးခြစ်တစ်လက်ကို ကံအားလျော်စွာဖြင့် ရှာတွေ့ခဲ့သည်။ ကျန်းလော့ သူ့ပါးစပ်ထောင့်ကို ပင့်တင်လိုက်ပြီး စီးကရက်တစ်လိပ်ကို ပျော်ပျော်ရွှင်ရွှင်ဖြင့် မီးညှိလိုက်သည်။ 

ကာအငှားမောင်းပေးမည့်သူက ပြုံးလိုက်ပြီး ပြောလာခဲ့သည်။ “ကားထဲမှာ ဆေးလိပ်သောက်လို့ မတော်တဆမှု တစ်ခုခုများဖြစ်ခဲ့ရင် … ကားတစ်စီးကို ပေါက်ကွဲထွက်သွားလသေချာလုပ်ယ

သူ့အသံက တိုးသထက်တိုးလာခဲ့ပြီး သူ့အပြုံးက ထင်ရှားသထက် ထင်ရှားလာခဲ့သည်၊ သူ၏ ခပ်နက်နက် အသံက လူတွေ၏နားထဲကို ကြင်နာယုယစွာဖြင့် ထိတွေ့လာခဲ့သည်။

“ ဝုန်းဆိုပြီး ….. အရိုးတွေအကုန် မုန့်မုန့်ညက်ညက် ဖြစ်သွားလိမ့်မယ်”

ကျန်းလော့ ရပ်တန့်သွားခဲ့ပြီး စီးကရက်ကို ကိုင်ကာ ကားအငှားမောင်းပေးမည့်သူကို ဆေးလိပ်ငွေ့တွေထဲကနေ ကြည့်လိုက်သည် ထို့နောက်မှာတော့ အမုန်းတရားတွေနှင့် အသူရာနက်သော ချောက်ကဲ့သို့သော မျက်လုံးတစ်စုံကို တွေ့လိုက်ရတော့သည်။