Part 32
အနက်ရောင်မြူက ကားအငှားမောင်းပေးမည့်သူကို ခေါင်းအစခြေအဆုံး ရစ်ပတ်ထားခဲ့ပြီး အနက်ရောင်မြူ ပျောက်ကွယ်သွားချိန်မှာ မရင်းနှီးသော ကားအငှားမောင်းပေးမည့် သူ၏မျက်နှာက ချောမောခန့်ညားသော မကောင်းဆိုးဝါး၏ မျက်နှာအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုသူကတော့ ချီယုံပင်။
ကျန်းလော့ စီးကရက်ကို တစ်ဖွာရှိုက်လိုက်ပြီး သူ့မျက်လုံးကို အနည်းငယ်ကျဉ်းမြောင်းလိုက်ကာ သူ့ပါးစပ်ထောင့်ကနေ အပြုံးတစ်ပွင့် ဖြတ်ပြေးသွားခဲ့သည်။ ဆေးလိပ်မီးခိုးငွေ့က သူ့အပြုံးကို ကာဆီးထားခဲ့၍ မကောင်းဆိုးဝါး ထိုဟာကို သတိမထားမိလိုက်ချေ။
မနေ့တုန်းက “ ရေနစ်သည့်” အတောအတွင်း သူ့ရေချိူးခန်းတံခါးကို ချီယုံ ဝင်တိုးကတည်းက ဒီရက်ပိုင်းအတွင်းမှာပဲ သူပေါ်လာလိမ့်မည်ဟု ကျန်းလော့ ခန့်မှန်းပြီးသားဖြစ်၏။ ချီယုံကို မျှားထုတ်ဖို့ရာအတွက် သူ လှည့်ကွက်လေးတစ်ခုလောက် လုပ်ဖို့ကြံရွယ်ထားသော်လည်း ချီယုံက အစောကြီးရောက်ချလာလိမ့်မည်ဟု ကျန်းလော့ မမျှော်လင့်ထားခဲ့မိပေ။
ဒီည သူ ယင်ယန်လက်ကောက်ကို ဖွင့်ကောင်းဖွင့်နိုင်လိမ့်မည်ထင်သည်။
ကျန်းလော့ မျက်မှောင်ကို တမင်တကာ ကြုတ်လိုက်ပြီး အော်ဂလီဆန်သည့်ပုံစံဖြင့် မေးလိုက်သည်။
“ ဘာလို့ ထပ်ပြီးတော့ မင်းပဲလဲ”
ထိုကဲ့သို့သော မျက်နှာပေးမျိုးက မကောင်းဆိုးဝါးကို အသံတိတ် ရယ်စေခဲ့သည်။
ကျန်လော့၏ သေမျိုးတစ်ယောက်ထက်ပင် ပိုလှနေခဲ့သော မျက်နှာလေးထက်မှာ မသတီသည့်အမူအရာက အလွန်တရာမှကို လှပလွန်းသည်။ သူ ပိုပြီးတော့ ကြောက်လန့်ပြီး အော်ဂလီဆန်လေလေ မကောင်းဆိုးဝါးက ပိုပြီးတော့ စိတ်ကျေနပ်လေလေဖြစ်ကာ ကျန်းလော့ကို လူမဆန်အောင် နှိပ်စက်ချင်သောဆန္ဒမှာ အရသာတွေ့လာလေလေပင်။
ကားလေးက ညမှောင်မှောင်လမ်းထက်မှာ ချောချောမွေ့မွေ့လေး မောင်းနှင်နေခဲ့သည်။
ညအချိန်မှာ နေ့ခင်းထက်စာရင် ကားအရေအတွက်က တော်တော်လေး နည်းသွားခဲ့ဖြစ်၏။ ဝတ်စုံပြည့်နှင့် လည်သာဖိနပ်တွေကို စီးထားခဲ့သော မကောင်းဆိုးဝါးက တကယ့်ကားအငှား မောင်းလိုက်ပေးသည့်သူအတိုင်း ကားမောင်းတာ တော်တော်လေးကို ကျွမ်းကျင်လှသည်။ သူ၏ အလွန် အထင်ကြီးစရာကောင်းသော ပုံပန်းသွင်ပြင်ကို ဖယ်လိုက်လျှင် သူမောင်းနှင်သည့်နှုန်းက ဖတ်စာအုပ်တွေထဲမှာတောင် စံထား၍ ရေးရလောက်သည်။
“ ငါ့ကိုတွေ့ချင်တယ်လို့ ပြောခဲ့တဲ့သူက ကျန်းလော့ပဲ မဟုတ်ဘူးလား”
မကောင်းဆိုးဝါးက ဖြည်းဖြည်းချင်း တမင်တကာပြောလာခဲ့သည်။
သူက ကျန်းလော့ အရင်တုန်းက မီးရှို့ပစ်ခဲ့တာနှင့် တစ်ပုံစံတည်းတူသော ဝတ်စုံကို ဝတ်ထားခဲ့သည်။ အနက်ရောင်ဝတ်စုံက တွန့်ရာတစ်နေရာတောင်မရှိဘဲ ခြေထောက်ကနေစပြီး အင်္ကျီလက်ထိပ်အထိ သရဲတစ်ကောင်အတွက် အလွန်ပင် စေ့စပ်ကျနလွန်းသည်။ အနီရောင်ပတ္တမြား လက်ကြယ်သီးတွေက အမှောင်ထဲမှာ တောက်ပနေခဲ့ပြီး ဖဲပြားပုံလည်စည်းထက်ရှိ ရင်ထိုးက နှင်းဆီပန်းသဏ္ဍန် ဆင်နေခဲ့သည်၊ ဝတ်စုံပေါ်မှာ သူ့လှုပ်ရှားမှုပေါ်လိုက်ပြီး ဒီရေအလား ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ငွေမင်ရောင်အောက်ခံဒီဇိုင်းပါ ရှိသေးသည်။
အသက်တမျှအရေးကြီးသော ချိန်ဆိုးမှုကို သွားတော့မည့်အလား ဝတ်ဆင်ထားခဲ့သည်။
ပရိသတ်အဖြစ်ကနေ မုန်းတီးသူအဖြစ် ပြောင်းလဲသွားခဲ့သော ကျန်းလော့တောင်မှပဲ မကောင်းဆိုးဝါး၏သွင်ပြင်က အင်မတန်မှကို လှည့်ဖြားနိုင်စွမ်းရှိသည်ဟု ဝန်ခံရမှာပင်။ သူ့ကိုယ်ထက်မှာ လူကို စပ်စုချက်စိတ်ပေါက်စေသော အမည်မသိရသည့် ဆန်းကြယ်မှုအများကြီး ရှိနေခဲ့သည် သို့သော် သတိမထားလိုက်မိပါက ထိုစပ်စုသောသူမှာ သေရမည့်နေရာကိုပင် မသိလိုက်ရဘဲ သေရတတ်သည်။
သို့သော် ကျန်းလော့ကတော့ အခုချိန်မှာ ထိုကဲ့သို့သောဆွဲဆောင်မှုတွေကို အသိအမှတ်ပြုပြီး ခံစားမနေနိုင်ပေ၊ သူ့အမြင်မှာတော့ မကောင်းဆိုးဝါးကို ရည်ညွှန်းပြောဆိုဖို့ စကားလုံးတစ်လုံးပဲ ရှိတော့သည်၊ ထိုဟာကတော့ ‘မသတီစရာ’ ဆိုသည့်စကားလုံးပင် ဖြစ်ချေသည်။
“ချီယုံ” ကျန်းလော့ စကားဆိုလိုက်၏။ “မင်း လိမ်ညာပြောတဲ့စကားတောင် နားမလည်ဘူးလား”
မကောင်းဆိုးဝါးက ပြုံးလိုက်ပြီး သူ၏ ဖြူဖျော့ဖျော့လက်ချောင်းတွေက ကားစတီယာလက်ကိုင်ကို စိတ်ပျော်ရွှင်စွာဖြင့် တတောက်တောက် ခေါက်နေခဲ့သည်။ “ မင်း မနေ့ညတုန်းက ငါ့အတွက်နဲ့ ရေနစ်သတ်သေမလို့လုပ်တာ ကြားမိပါတယ်”
“အဲလိုသေရတာ အရမ်းရိုးရှင်းမနေဘူးလား”
ကျန်းလော့ သူ့နှုတ်ခမ်းကို ဖွင့်ဟပြီး မေးလိုက်သည်။ “ အဲလိုဆိုရင် ဘယ်လိုသေတာမျိုးကမှ မရိုးရှင်းတာလဲ”
အပြုံးက ရန်စနေခဲ့သကဲ့သို့ဖြစ်ပြီး သူ့မျက်လုံးထောင့်လေးများက ဝတ်စုံပြည့်ဝတ်ထားသော မကောင်းဆိုးဝါးကို လှောင်ပြောင်သလို ကြည့်နေခဲ့သည်။ “ မင်းလိုမျိုး အသံတိတ် သတ်ခံလိုက်ရတာမျိုးလား”
မုန်းတီးမှုတွေက ကား၏သေးငယ်သော အကန့်လေးထဲမှာ ပေါက်ကွဲထွက်လာခဲ့ပြီး ကားထဲမှာ ဖွင့်ထားခဲ့သောသီချင်းက နောက်တစ်ပုဒ်ကို ပြောင်းသွားခဲ့သည်။
ပြင်းထန်ပြီး ပေါ့ပါးသောသီချင်းအစက သံစဉ်မြင့်နေခဲ့ပြီး တစ်စတစ်စ ကျယ်လောင်လာသော “ ဘယ်သူက မြေလူးငှက်လေးကို သတ်ပစ်လိုက်တာလဲ” ၏ သီချင်းသံက ကား၏မြင့်တက်လာသော အရှိန်နှင့် ပေါင်းစည်းသွားခဲ့ပြီး ကားကို ငရဲဆီ မောင်းနှင်နေသည့်အလား ခံစားရစေသည်။
တစ်ဟုန်ထိုး ဖြတ်ကျော်လာခဲ့သော မြင်ကွင်းများကို ကြည့်ရင်း အနက်ရောင်ဆံနွယ်နှင့် လူငယ်လေး၏ မျက်လုံးတို့ အရောင်တောက်လာခဲ့၏။ မှိန်ပျပျလမ်းမီးရောင်က အနက်ရောင် ဆံနွယ်နှင့် လူငယ်လေး၏ မျက်နှာထက်မှာ ထိုတဒင်္ဂ၌ ကျဆင်းလာခဲ့ပြီး သူ၏မျက်ခုံးကြားကနေ နှာတံမြင့်မြင့်လေးဆီရောက်ပြီး ထို့နောက် ကော့တက်နေသာ နှုတ်ခမ်းလေးတွေကို ထင်ဟပ်ပြလာခဲ့သည်။
မကောင်းဆိုးဝါးက သူ့ကို ဘေးစောင်းကြည့်လာခဲ့ပြီး စတီယာတိုင်ပေါ် လက်ထောက်ပြီး အဓိပ္ပာယ်ပါပါ ပြောလာခဲ့သည်။
“မင်းကြည့်ရတာ ပျော်နေတဲ့ပုံပဲ”
မကောင်းဆိုးဝါးက သူ့လေသံကို ဆွဲဆန့်လိုက်ပြီး “ ငါ့ရဲ့ ကြိုးဆွဲရုပ်ကို ဖျက်ဆီးလိုက်ရလို့လား ဒါမှမဟုတ် ငါကနေ မင်းကိုနှင်းအပ်တော့မယ့် သေခြင်းတရားကြောင့်လား”
ကျန်းလော့ စီးကရက်ကို လတ်စသတ် ရှိုက်သွင်းလိုက်ပြီး စီးကရက်ကို ဖိချေကာ ပျင်းတိပျင်းရွဲ့နှင့် ပြောလိုက်သည်။
“ မင်းသေချင်ရင်လည်း သေလိုက်ပေါ့ … ဘာကိစ္စ အပိုစကားတွေပြောနေတာလဲ”
မကောင်းဆိုးဝါး “ မင်း မကြောက်ဘူးလား”
“ ကြောက်တာတော့ ကြောက်တာပေါ့ ဒါပေမယ့် ….”
ကျန်းလော့ သူ့မျက်စိရှေ့မှာရှိနေသော ကြိုးတံတားကို ဖြတ်ခနဲ ကြည့်လိုက်သည်။ သူ ရုတ်တရက် အရှေ့ကို လွှားခနဲခုန်တက်ပြီး ကားမောင်းသူနေရာမှာ ထိုင်နေသော မကောင်းဆိုးဝါးကို ဖိချလိုက်သည်။ မကောင်းဆိုးဝါး၏ အင်္ကျီကော်လံကို သူဆွဲလိုက်ပြီး သူ့ဆီဆွဲခေါ်ကာ ပြုံးလိုက်သည်။
“ ဒါပေမဲ့ မင်းပါ ငါနဲ့အတူတူ သေရမယ်ဆိုရင်တော့ တန်ပါတယ်”
မကောင်းဆိုးဝါးက သူ့အင်္ကျီကော်လာကနေ အရှေ့ကို ဆွဲခေါ်ခံထားရပြီး မျက်ဝန်းနှစ်စုံက တူညီသောရူးသွပ်မှုတို့နှင့် အချင်းချင်း စိုက်ကြည့်နေခဲ့ကြပြီး သူတို့၏ နှာထိပ်ဖျားတို့က တစ်ယောက်နှင့်တစ်ယောက် ထိစပ်လုနီးပါးပင်။ မကောင်းဆိုးဝါးက သိချင်စိတ်ဖြင့် မေးလိုက်သည်။ “အဲလိုဖြစ်ပါ့မယ်လို့ မင်းဘယ်လိုလုပ် ပြောနိုင်တာလဲ”
ကျန်းလော့ သူ့နှုတ်ခမ်းကို သုတ်လိုက်ပြီး သူ့လက်ကို မကောင်းဆိုးဝါး၏လက်ပေါ် ထပ်ကာ သူ့ခန္ဓာကိုယ်ကို မကောင်းဆိုးဝါး၏ ခန္ဓာကိုယ်ပေါ် ထပ်လိုက်သည်။ သူ၏ ခြေထောက်တစ်ချောင်းက မကောင်းဆိုးဝါး၏ တင်းရင်းနေသော ပေါင်တံ၊ ဒခေါက်ကွေးနှင့် ခြေသလုံးကြွက်သားများကို ဖြတ်ကျော်ပြီး လီဗာပေါ်ကို ကွက်တိ နင်းချပစ်လိုက်သည်။
သူ လီဗာကို တုံ့ဆိုင်းမှုမရှိဘဲ ဂိတ်ဆုံးထိရောက်အောင် နင်းချပစ်လိုက်၏။
မြန်နှုန်းမြင့်သော ကားလေးက မြှားတစ်စင်းအလား ပြေးထွက်သွားခဲ့ပြီး စတီယာတိုင်က လည်ထွက်သွားခဲ့ပြီး ကားက ကြိုးတံတားအောက်မှာရှိသော မြစ်ထဲကို တည့်တည့်ကြီး ထိုးဆင်းသွားခဲ့သည်။
ထိုကဲ့သို့သော အမြန်နှုန်းက ယောင်္ကျားတစ်ယောက်၏ စိတ်လှုပ်ရှားတဲ့အခါမှာ ထွက်လာသော အဒရီနလင်ဂလင်းကို အလွယ်တကူပင် လှုံ့ဆော်ပေးနိုင်သည်။ မကောင်းဆိုးဝါးကို သူ့အောက်မှာ ဖိသတ်ချင်နေသည့်ပုံစံဖြင့် ကျန်းလော့ ဖိချထားလိုက်ပြီး သူ လွတ်လွတ်လပ်လပ် ရယ်မောလိုက်သည်။
“အံ့ဩသွားလား”
ကားက မြစ်ထဲကို ထိုးကျသွားခဲ့သည်။
ကားအချက်ပြသံက ဆူညံနေအောင် မြည်လာခဲ့သည်။ မြစ်အောက်ခြေက မှောင်မဲပြီး ညစ်ပတ်လှသည်။ ရေများက အပြင်ကနေ တိုးဝင်လာခဲ့ပြီး ကားတံခါးကို အပြင်ဘက်ရှိ ရေထုက ဖိချထားခဲ့၍ ဖွင့်လို့မရတော့ပေ။
ကိုယ့်ကိုကိုယ် ကားထဲမှာပိတ်မိနေတာကို ကြည့်ရသည့်ခံစားချက်က သိပ်တော့မကောင်းချေ။ ကျန်းလော့နှင့်အတူ မြစ်ထဲကို ထိုးကျလာခဲ့သော မကောင်းဆိုးဝါးက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက်မှာ အံ့ဩတကြီး ရေရွတ်လာခဲ့သည်။ “မင်းက ငါ့ကိုအမြဲတမ်း အံ့ဩစရာတွေ အများကြီးပေးတာပဲ”
မြစ်ရေက မကောင်းဆိုးဝါးနှင့် ကျန်းလော့၏ ခန္ဓာကိုယ်တစ်ဝက်ထိရောက်အောင် ဝင်လာခဲ့ပြီး မကောင်းဆိုးဝါး၏ ဈေးကြီးသော ဝတ်စုံကို ချွဲကျိကျိ အဝတ်စအဖြစ် ပြောင်းလဲသွားစေ၏။
မကောင်းဆိုးဝါး သူ့လက်ကိုမြှောက်ပြီး ကျန်းလော့၏ ချုပ်နှောင်မှုကနေ အလွယ်တကူပင် ရုန်းထွက်လိုက်သည်။ သူ့ကိုပါနစ်မြုပ်သွားတော့မည့် ရေကို ချီယုံ ဂရုမစိုက်အားပေ။ ထိုအစား ကျန်းလော့ကို သူ့လက်မောင်းတို့ဖြင့် ရစ်ပတ်ကာ သူ့ရင်ခွင်ထဲကို ဆွဲသွင်းပြီး သူ့လက်မောင်းကြားမှာ အကျဉ်းချကာ မလှုပ်သာမလှည့်သာ အခြေအနေကို ရောက်သွားစေလိုက်၏။
မကောင်းဆိုးဝါးက စိတ်ဝင်တစား ရယ်လိုက်သည်။ “ မင်း ဘာလုပ်နိုင်သေးလဲဆိုတာကို ငါ ကြည့်ပါရစေ”
ကျန်းလော့၏ပါးပြင်က မကောင်းဆိုးဝါး၏ရင်ဘတ်နှင့် ထိနေခဲ့ပြီး သူ့ဝတ်စုံပေါ်ရှိ အေးစက်မာကျောသော ရွှေကြယ်သီးတွေနှင့် မျက်နှာကို ဖိမိနေခဲ့သည်။ မကောင်းဆိုးဝါး၏ အပြုအမူက ကျန်းလော့၏ နောက်ဆုံး ဆုတ်ခွာရာလမ်းကို ပျောက်ဆုံးသွားအောင် လုပ်လိုက်တာပင်။
သို့သော် ယင်ယန်လက်ကောက်ကို ဖွင့်ဖို့မဖြစ်နိုင်လျှင် ဤဆုတ်ခွာမှုကို မလိုအပ်ပေ။
မြစ်ရေက ကားထဲကို စီးသထက်စီးဝင်လာခဲ့ပြီး ကျန်းလော့၏ မေးစေ့နားအထိကို ရောက်လာခဲ့ပြီဖြစ်သည်။
ကျန်းလော့ ပြုံးလိုက်ပြီး မကောင်းဆိုးဝါးကို ဖက်လိုက်သည်၊ နှစ်ယောက်အတူတူ သေပွဲဝင်ကြဖို့ မျှော်လင့်ထားသည့်အလား။
လူတစ်ယောက်နှင့် သရဲတစ်ကောင်က ကားထဲရှိ အေးစက်စက်ရေထဲမှာ ဖက်တွယ်ထားခဲ့ကြသည်။ တစ်ဖက်လူကို သေအောင်ပစ်ထားခဲ့မည်ဟုသော အတွေးတို့က အဆက်မပြတ် ခေါင်းထဲ ရောက်လာကြသည်။ ဤပွေ့ဖက်မှုက အန္တရာယ်ရှိကာ သွေးထွက်သံယိုများပြီး နွေးထွေးမှုဆိုတာ တစ်စက်လေးတောင် မရှိချေ။
သိပ်မကြာလိုက်ခင်မှာပဲ နောက်ကျိနေသော မြစ်ရေတို့က ကျန်းလော့၏ခေါင်းကို ကျော်သွားခဲ့ပြီး မကောင်းဆိုးဝါး၏ နှာတံပေါ်ကို ရောက်လာခဲ့သည်။
သေချာပေါက်ကိုပင် မကောင်းဆိုးဝါးက မသေနိုင်ပဲ အခုဝင်လာသောရေများက သူ့ကို ဘာအန္တရာယ်မှ မဖြစ်စေပေ။ သု ခေါင်းငုံ့လိုက်ပြီး သူ့ရင်ခွင်ထဲရှိ ဆံပင်များက ရေထဲမှာ လွင့်နေသော လူငယ်လေးကို ကြည့်လိုက်သည်။
အနက်ရောင်ဆံနွယ်နှင့် လူငယ်လေး၏ မျက်နှာက သူ့ရင်ဘတ်မှာ အပ်နေခဲ့ပြီး သူ့မျက်ခုံးနှစ်ဖက်ကြားရှိ လှပမှုနှင့် မာန်မာနကြီးရင့်မှုတို့က အချိုးကျအောင် ပေါင်းစပ်နေခဲ့ပြီး အခုချိန်ထိတိုင်အောင် ငုပ်လျိုးသွားသည့် အရိပ်အယောင် တစ်စက်မရှိပေ။ဆံနွယ်အနက်ရောင်နှင့် လူငယ်လေး၏ အဆုံးစီရင်ပြီး လက်တုံ့ပြန်သည့်နည်းလမ်းက သူ့မျက်လုံးထဲမှာ အင်မတန် မိုက်မဲလွန်းနေသော်လည်း မကောင်းဆိုးဝါးက သူ့နှုတ်ခမ်းတွေကို ပင့်တင်လိုက်ပြီး ကျန်းလော့၏ အနက်ရောင်ဆံနွယ်တစ်ချောင်းကို လက်ချောင်းဖြင့် ဖြည်းဖြည်းချင်း ရစ်ပတ်လိုက်သည်။
အနက်ရောင်ဆံနွယ်နှင့်ကောင်လေးက သူ့ကို ဘာတွေများ အံ့ဩစရာ ပေးလာဦးမလဲဆိုပြီး ချီယုံ မရေမရာဖြင့် မျှော်လင့်မိသည်။
ကျန်းလော့က သတိတစ်ဝက် လွတ်နေသော အခြေအနေကို ရောက်နေပြီဖြစ်သည်။
မွန်းကြပ်ပြီး ရင်ဘတ်ထဲကနေ တင်းကြပ်လာသည့် ခံစားချက်ကို ကျန်းလော့ လျစ်လျူရှုပြီး သူ့အာရုံအလုံးစုံကို ယင်ယန်လက်ကောက်ဆီမှာပဲ ပို့ထားလိုက်သည်။
ဆူညံပွက်လောရိုက်နေသော အတွေးများအားလုံး ပြောင်းလဲသွားခဲ့ပြီး နောက်ဆုံးမှာ တဖြည်းဖြည်းနှင့် ထင်ရှားလာပြီး ခိုင်မာသော အတွေးတစ်ခုကိုသာ ချန်ရစ်ခဲ့သည်၊ သူ ပိုပြီးတော့ သန်မာလာချင်သည်။
ဆန်းကြယ်သောခံစားချက်က နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့ပြီး မှုန်ဝါးဝါးရေထုထဲမှာ ကျန်းလော့၏ ညာဘက်လက်ပေါ်ရှိ ယင်ယန်လက်ကောက်က မှိန်ပျပျ ရွှေရောင်အလင်းများ လင်းလက်လာခဲ့သည်။
အနက်ရောင်ဆံနွယ်နှင့် လူငယ်လေး၏ နှလုံးခုန်သံက နှေးသထက်နှေးလာခဲ့ပြီး သူ့ဆီကနေ အသက်ဓာတ်က တဖြည်းဖြည်းနှင့် စွန့်ခွာနေခဲ့သည်။
မကောင်းဆိုးဝါး၏ မျက်လုံးအိမ်ထဲရှိ စိတ်ဝင်စားမှုတို့က နောင်တအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ ကျန်းလော့၏ ဆံပင်ကို လွှတ်လိုက်ပြီး ထိုအစား သူလည်တိုင်ကို ညှစ်လိုက်သည်။
မကောင်းဆိုးဝါး၏ လက်ဖဝါးက တဖြည်းဖြည်းနှင့် အားပါလာခဲ့သည်။ သူ ကျန်းလော့နှင့် ဖြည်းဖြည်းချင်း ဆော့ကစားပြီးတော့ အနက်ရောင်ဆံနွယ်နှင့်ကောင်လေးကို မျှော်လင့်ချက်ပျက်သုန်းမှုတို့ကြားမှာ အသက်ချမ်းသာပေးဖို့ ငိုယိုပြီး တောင်းဆိုလာအောင် လုပ်ချင်သေးသည်။ သို့သော် ကျန်းလော့က စိတ်လိုက်မာန်ပါ လုပ်ချသွားခဲ့၏။ ကျန်းလော့၏ဘဝကို သူရလိုက်သည်ဆိုတာ သေချာအောင် ကျန်းလော့ မသေခင် မကောင်းဆိုးဝါး သူ့ကို သေချာပေါက် သတ်ပစ်ရမည်။
သူ့လက်ဖဝါးက တဖြည်းဖြည်းနှင့် တင်းကျပ်လာခဲ့ပြီး အသက်ကင်းမဲ့နေသော အနက်ရောင်ဆံပင်နှင့် လူငယ်လေး၏ လှပသောမျက်နှာထက်မှာ မီးခိုရောင်သန်းသော သေခြင်း၏အရိပ်အယောင်တွေ တဖြည်းဖြည်းဖြင့် လွှမ်းခြုံလာခဲ့သည်။
မကောင်းဆိုးဝါး၏ နှုတ်ခမ်းထက်ရှိ အပြုံးက စိတ်ပျက်သည့်ဟန် ပေါက်လာခဲ့သည်။ ထိုအပြုံးက အေးစက်ပြီး အတုအယောင်ဆန်သည်။ စိတ်ပျက်မှုက ပျင်းရိမှုအဖြစ် အလျင်အမြန် ပြောင်းသွားခဲ့ပြီး မကောင်းဆိုးဝါး၏ မျက်လုံးတွေက သူဆော့ကစားရတာ ပျင်းလာသော အရုပ်တစ်ရုပ်ကို လွှင့်ပစ်လိုက်သကဲ့သို့ အေးစက်လာခဲ့သည်။
သို့သော် သူ၏ညစ်ထားသောလက်ဖဝါးကို တခြားလက်တစ်ဖက်က ရုတ်တရက်ဆိုသလို ဆုပ်ကိုင်လာခဲ့သည်။
ကျန်းလော့၏ မျက်လုံးတွေက ဗြုန်းခနဲ ပွင့်လာခဲ့ပြီး သူ၏တောက်ပကာ နက်မှောင်နေသော မျက်ဝန်းတို့က မကောင်းဆိုးဝါးကို စေ့စေ့ကြည့်လာခဲ့သည်။ သူ၏ သွေးနီရောင်သန်းနေသော နှုတ်ခမ်းတစ်စုံက ရေသရဲတစ်ကောင်ကဲ့သို့ ကော့တက်လာခဲ့ပြီး မကောင်းဆိုးဝါးကို ဗလုံးဗထွေးဖြင့် ပြောလာခဲ့သည်။
ထိုစကားလုံးများကို မကောင်းဆိုးဝါး ပုံဖမ်းနိုင်သည်၊ ကျန်းလော့ ပြောလိုက်တာက “ မင်းတော့ သေပြီ” ဟု၍ပင်။
---------