Ch 36
Viewers 8k

Part 36 


တပည့်ဖြစ်သူက စကားတစ်ချို့ကို တီးတိုးပြောပြီး ကျန်းလော့ကို နှစ်သိမ့်ပေးလာခဲ့သည်။ ကျန်းလော့ သူ၏ ညိုးငယ်လွမ်းဆွေးမှုကို အဝေးပို့လိုက်ပြီး တပည့်ဖြစ်သူကို အားရှိသည့် အပြုံးတစ်ပွင့် ပြုံးပြလိုက်သည်။ 

“ ကျွန်တော် အဆင်ပြေပါတယ်”

ပူဆွေးမှုကို တောင့်ခံနေသည့် အမူအရာလေးက ထိရှလွယ်ပြီး လှပနေခဲ့သည်။တပည့်ဖြစ်သူက သူ့ကို မျက်လုံးမှေးကျဉ်း၍ ကြည့်လိုက်ပြီး လက်ကိုင်ပုဝါကိုထုတ်ကာ ကျန်းလော့ကို ပေးလိုက်သည်၊  ပါးစပ်ကလည်း နွေးနွေးထွေးထွေး ပြောလိုက်၏။ “သေသွားတဲ့သူတွေက ပြန်ရှင်မလာနိုင်တော့ဘူးလေ”

ဖုန်းလီက တိုက်တိုက်ဆိုင်ဆိုင်ပင် အော်ခေါ်လာခဲ့သည်။ “ ကျန်းလော့”

ကျန်းလော့ တပည့်ဖြစ်သူဆီက လက်ကိုင်ပုဝါကို ယူလိုက်ပြီး မရှိသော မျက်ရည်‌ကို သုတ်လိုက်သည်။ 

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို … အစ်ကို့ရဲ့နာမည်က ဘယ်သူ….”

တပည့်က ပြောလာခဲ့၏။ “ အစ်ကို့ကို စီနီယာအစ်ကိုချောင်လို့ပဲ ခေါ်ပါ”

စီနီယာအစ်ကိုချောင်ကို ကျန်းလော့ ကျေးဇူးတင်လိုက်ပြီး ဖုန်းလီဆီ သွားလိုက်သည်။ “လူကြီးမင်းဖုန်း”

ဖုန်းလီက သူ့ကို ဝမ်းနည်းနေသည့် အမူအရာဖြင့် ကြည့်လာခဲ့ပြီး သူ၏ ကြည့်ကောင်းသော မျက်ခုံးကို တွန့်ချိုးထားခဲ့ကာ တဲ့တိုးပင် ပြောလာခဲ့သည်။

“ မင်း ငါ့ကို ဆရာအဖြစ်တော်ချင်လား”

ဖုန်းလီကို ဆရာတင်ရမယ်။ သေချာပေါက်ကို ကျန်းလော့ ဆန္ဒရှိတာပေါ့။

မူလစာအုပ်ထဲက ဇာတ်လိုက်ကသာ သူ့ဆရာဖြစ်လာခဲ့လျှင် သူ့ဘဝကို ကယ်တင်နိုင်မည့် အသက်ကယ်ကတ်ကြီး ရလိုက်သလိုဖြစ်မှာပင်။ ချန်ဖိက သူ့ကိုဘာလို့ ထျန်းစစ်ဖူကို ခေါ်လာခဲ့လဲဆိုတာ ကျန်းလော့ သဘောပေါက်သွားခဲ့သည် သို့သော် သူ ချက်ချင်းသဘောမတူလိုက်ပေ။

“ လူကြီးမင်းဖုန်း … ကျွန်တော့မှာ ဆရာရှိပြီးသားပါ”

ချန်ဖိ မြန်မြန်ပင် ပြောလိုက်၏။ “အဲတာက အဆင်ပြေပါတယ် … ဆရာ့အတွက် စိတ်မပူပါနဲ့။ မင်းလည်း အရွယ်ရောက်လာပြီလေ ပြီးတော့ ဆရာက မင်းကို ဘာမှဖြစ်ဖြစ်မြောက်မြောက် မသင်ပေးခဲ့မိဘူး… ဆရာတစ်ယောက်ရဲ့ တာဝန်တွေကို လစ်ဟင်းခဲ့မိတယ်။ ဟောဒီ့က ကောင်းကင်ဘုံ အရှင်သခင်က မင်းရဲ့ဦးလေးပဲ။ ဒါကြောင့်မို့ သူ သင်ပေးမယ်ဆိုတော့ ဆရာ စိတ်အေးသွားပါပြီ။ မင်း အတွက်လည်း ဝမ်းသာမိတယ်”

ဖုန်းလီက ချန်ဖိ စကားပြောပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်လိုက်သည်။

ကျန်းလော့က ကသိကအောက် ဖြစ်နေတဲ့ပုံပေါ်ပြီး သူမလုပ်ချင်မှာစိုး၍ ချန်ဖိက သူ့ကို စကားအနည်းငယ် တီးတိုးပြောလိုက်သည်။ ဖုန်းလီ သူ့ဘက်ကနေစပြီး တပည့်လက်ခံခြင်းမျိုး မရှိခဲ့သလို တစ်ဖက်လူကလည်း အင်တင်တင် ဖြစ်နေခဲ့သည်။ သူ့ရင်ထဲမှာ ဘယ်လိုခံစားနေရလဲဆိုတာ မပြောတတ်တော့ပေ။ အတိုးချုံးပြောရရင်တော့ သူ့အတွက် နည်းနည်းအသစ်အဆန်း ဖြစ်နေခဲ့သည်။

တစ်ခဏလောက်ကြာပြီးနောက် ကျန်းလော့ နောက်ဆုံးမှာ ခေါင်းညိမ့်လာခဲ့သည်။ “ဟုတ်ကဲ့ … ကျွန်တော် လူကြီးမင်းဖုန်းကို ကျွန်တော့်ဆရာအဖြစ် လက်ခံပါ့မယ်”

တပည့်လက်ခံသည့် လုပ်ရိုးလုပ်စဉ်က ရှုပ်ထွေးပြီး တစ်ပြိုင်နက်တည်းမှာ ရိုးစင်းသည်။ ကောင်းကင်ဘုံ ဆရာသခင်၏ တပည့်လက်ခံသည့် လုပ်ရိုးလုပ်စဉ်က သာမန်လူများ တပည့်လက်ခံရာတွင်လုပ်သည့် လုပ်ရိုးလုပ်စဉ်နှင့် ကွာခြားမှုမရှိပေ။ ကျန်းလော့ ညွှန်ကြားချက်‌ကို တစ်ဆင့်ချင်းဆီလိုက်လုပ်ပြီး နောက်ဆုံးမှာ ဖုန်းလီအတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

ဖုန်းလီက ရေ‌နွေးကို တစ်ငုံသောက်လိုက်ချိန်မှာ ဆရာတပည့်ဆက်ဆံရေးက အတည်ဖြစ်သွားခဲ့သည်။

မလိုအပ်သည့်လူများ ထွက်သွားပြီးချိန်မှာ ကျန်းလော့ကို စာကြည့်ခန်းဆီ ဖုန်းလီ ခေါ်သွားလိုက်သည်။ “ မင်း တတိယအဆင့်ပြိုင်ပွဲရဲ့ တည်နေရာကိုတော့ သိနှင့်ပြီးပြီမလား”

ကျန်းလော့ ခေါင်းညိမ့်လိုက်၏။ “ရှန်းရှိမှာလို့တော့ ပြောပါတယ်”

ဖုန်းလီ ထိုင်ချလိုက်ပြီး ပြောလာခဲ့၏ယ “ ငါ မင်းရဲ့ကံကြမ္မာကို မနေ့တုန်းက ဖတ်ကြည့်တော့ တော်တော်လေး ဆိုးနေတာကို တွေ့လိုက်ရတယ်”

ကျန်းလော့၏အပြုံး တောင့်တင်းသွားခဲ့သည်။

ဖုန်းလီ၏လေသံက အနိမ့်အမြင့်မရှိ တစ်ပြေးတည်းဖြစ်နေခဲ့ပြီး သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သည့်စကားက ကြောက်စရာကောင်းသည့်ဟာ မဟုတ်သည့်အတိုင်းပင်။ 

“ တတိယအဆင့်မှာ မင်းအန္တရာယ်နဲ့ ကြုံတွေ့ရလိမ့်မယ်။ ဒီရက်တွေမှာ မင်း ကျောင်းသွားတဲ့ အချိန်ကလွဲပြီးတော့ ကျန်တဲ့အချိန်တွေကို ဖုန်းမိသားစုရဲ့ အိမ်မှာပဲနေပြီး … မင်းရဲ့ စွမ်းရည်တွေကို တိုးတက်လာအောင် လုပ်ရမယ်”

ကျန်းလော့ ခေါင်းကို သေသေချာချာ ညိမ့်ပြလိုက်၏။ “ ကျွန်တော် နားလည်ပါပြီ”

ဖုန်းလီက ပြောလိုက်သည်။ “ မင်းရဲ့ ဘယ်ဘက်အခြမ်းမှာရှိနေတဲ့ စာအုပ်တွေ အကုန်လုံးကို ဆယ်ရက်အတွင်းမှာ ပြီးအောင်ဖတ်ရမယ်”

ကျန်းလော့ ခေါင်းလှည့်ကြည့်လိုက်ချိန်မှာ စာအုပ်စင်နှင့်အပြည့် စာအုပ်တွေကို တွေ့လိုက်ရသည်။ “ရှန်းဟိုင်ကျင်း” ကနေစလို့ “ ပြောင်းလဲလာသော စာပေများ” နှင့် “ချင်းဝူကျင်း” ကနေစလို့ “ မြေမြှုပ်သင်္ဂြိုလ်သည့်” အကြောင်းရေးထားခဲ့သော စာအုပ်များသာမက၊ ခေါင်းတစ်လုံးစာလောက်ရှိသော “နေရာအသီးသီးက ရိုးရာဓလေ့များ” စသော စာအုပ်များလည်း ရှိနေသေးသည်၊ ထိုစာအုပ်စင်ပေါ်မှာ တင်ထားခဲ့သော စာအုပ်များ၏ အလေးချိန်က အနည်းဆုံး ကီလိုဂရမ်လောက် အချို့လောက်တော့ ရှိသည်။

“…..” ကျန်းလော့ “ ဒါတွေအကုန်လုံးကို ဆယ်ရက်အတွင်းမှာ ဖတ်ရမှာလား”

ဖုန်းလီ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ခေါင်းညိမ့်လိုက်သည်။ 

“အခုကနေစပြီး ဖတ်ကြတာပေါ့”

သူ ပြောပြီးနောက် စာကြည့်ခန်းထဲကနေ ထွက်သွားခဲ့သည်။

ဖုန်းလီက သူတပည့်ခံဖို့ တုံ့ဆိုင်းနေခဲ့သည့်အပေါ် ပြန်လက်စားချေနေသည်ဟု ကျန်းလော့ အကြောင်းပြချက် ခိုင်လုံစွာဖြင့် သံသယဝင်မိသည် သို့သော် သူ ဘာမှမတတ်နိုင်ဘဲ ဖုန်းလီ ခိုင်းသမျှကို လုပ်ရမှာပင်။ ထို့ကြောင့် သူ စာအုပ်စင်အပေါ်ဆုံးထပ်က မဖတ်ရသေးသော နှစ်အုပ်ကို ကျန်းလော့ ယူလိုက်ပြီး ကော်ဇောပေါ်ထိုင်ချကာ စဖတ်လိုက်၏။

ကံကောင်းထောက်မစွာဖြင့် သူ စာအုပ်အချို့ကို ဖတ်နှင့်ပြီးသား ဖြစ်နေခဲ့သည်။ ယေဘုယျအားဖြင့် ပြောရလျှင် ဖိအားက ပြင်းထန်သော်လည်း ပြီးမြောက်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ကျန်းလော့ စာအုပ်တစ်အုပ် ဖတ်ပြီးသွားချိန်မှာ မှောင်တောင်နေပြီဖြစ်၏။ ဖုန်းမိသားစု၏ တပည့်များက သူ့အတွက် အခန်းတစ်ခန်းကို ပြင်ထားပေးခဲ့၍ ကျန်းလော့လည်း အားနာမနေတော့ဘဲ ထျန်းစစ်ဖူမှာ တစ်ညအိပ်လိုက်တော့သည်။

နောက်‌တစ်နေ့ မနက်စော‌စော အရုဏ်မတက်သေးခင်မှာပဲ ကျန်းလော့ တံခါးခေါက်သံကြောင့် နိုးသွားခဲ့သည်။ သူ အိပ်ရာကနေထပြီး တံခါးဖွင့်လိုက်၏။ “ဘယ်သူပါလဲ”

တံခါးအပြင်ဘက်မှာတော့ သူနှင့်အရင်က ဆုံခဲ့ဖူးသည့် စီနီယာအစ်ကိုချောင်က ချောင်ချိချိ ဝတ်ရုံကို ဝတ်ထားပြီးတော့ မတ်တပ်ရပ်နေခဲ့သည်။ 

“ ဂျုနီယာညီလေး … မင်းရဲ့ မနက်ခင်း လေ့ကျင့်ခန်းကိုစဖို့ အချိန်ရောက်ပြီ”

ကျန်းလော့ “…..”

ထျန်းစစ်ဖူမှာ ဘယ်လိုတောင် ချာတူးလံတဲ့ စည်းကမ်းတွေ ရှိနေတာလဲကွာ။

သူ အဝတ်အစားကို မလဲချင်လဲချင်နှင့် လဲလိုက်ပြီး သူ့ကော်လံကိုမကာ အစ်ကိုချောင်၏ နောက်ကိုလိုက်ပြီး မနက်ခင်းလေ့ကျင့်ခန်း လုပ်လိုက်သည်။

စီနီယာအစ်ကိုချောင်က ပုံစံကြည့်တော့ ပိန်သည်ဟုထင်ရသော်လည်း ပြေးနေတဲ့အချိန်မှာတောင်မှပဲ အသက်ရှုသံ ပြောင်းမသွားခဲ့ပေ။ ကျန်းလော့၏ ကိုယ်ခံအားကလည်း ရက်အတော်ကြာ လေ့ကျင့်ပြီးနောက်မှာ ပြန်‌ကောင်းလာခဲ့ပြီဖြစ်သည်။ ပြေးနေရင်းနှင့် ပျင်းလာသည့်ပုံပင်၊ စီနီယာအစ်ကိုချောင်က စကားစပြီး မေးလာခဲ့၏။ “ ဂျုနီယာညီလေး … မင်း အဲဒီ့မကောင်းဆိုးဝါးကို ဘယ်လိုလုပ်ပြီးတော့ ကြိုက်သွားခဲ့တာလဲ”

အစ်ကိုချောင်ကလည်း ယယ်ရွှင်ကဲ့သို့ အတင်းအဖျင်းကို သဘောကျသည့်သူဟု မှတ်ယူထားခဲ့ပြီဖြစ်သည့် ကျန်းလော့က ကျွမ်းကျင်လိမ္မာစွာဖြင့် ပြောလိုက်၏။  “ပြောပြရရင် အရှည်ကြီးပဲ”အစ်ကိုချောင်က ပြန်ပြောလာခဲ့သည်။ “အစ်ကိုတို့ ဆယ်ပတ်တောင်‌ ပြေးရမှာဆိုတော့ … ဖြေးဖြေးချင်းပြောလည်း ရပါတယ်”

ငါးမိနစ်လောက် ပြေးပြီးနောက်မှာ ကျန်းလော့ သူနှင့်ချီယုံကြားက ဇာတ်လမ်းကို ပြောပြလိုက်သည်။ အစ်ကိုချောင်က စိတ်ဝင်တစား နားထောင်လာခဲ့ပြီး အဆုံးမှာ မျက်လုံးထဲ အရောင်လဲ့လာခဲ့ပြီး သူတို့နှစ်ယောက်၏ဇာတ်လမ်းကြောင့် ခံစားသွားရသည့်ပုံပင်။ ထို့နောက် စိတ်ရင်းဖြင့် ပြောလာခဲ့သည်။

“ မင်းအတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ်”

ကျန်းလော့ သက်ပြင်းချလိုက်၏။

နောက်ဆုံးတစ်ပတ်ရောက်ချိန်မှာ သူတို့နှစ်ယောက် ပြေးနေရာကနေ ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့ကြသည်။ ဇာတ်လမ်းကို နားထောင်ရတာ မဝသေးသည့်အလား အစ်ကိုချောင်က သူတို့ဖြတ်လာခဲ့သော လူလုပ်ရေကန်ကြီးကို အားတက်သရော လက်ညိုးထိုးပြလာခဲ့သည်။ 

“ မင်းတို့ ရေကန်နားမှာရော ချိန်းတွေ့ခဲ့ကြသေးလား” 

ကျန်းလော့ ပေါ့ပေါ့ပါးပါးပင် ခေါင်းညိမ့်ပြလိုက်ပြီး “ ရေကန်က ညဘက်ဆိုရင် အတွဲတွေနဲ့ ပြည့်နေတာလေ။ သူ ကျွန်တော့်ကို ခေါ်သွားတဲ့အခါကျရင် လူရှင်းတဲ့နေရာကို သေချာရွေးခေါ်သွားခဲ့တာ”

“ အဲလိုလား” အစ်ကိုချောင်၏အပြုံးက နက်ရှိုင်းလာခဲ့၏။ “ရိုမန်တစ်ဆန်လိုက်တာ။ ညဘက်ရေကန်မှာ ဖြာကျနေတဲ့ လရောင်ကလည်း အရမ်းလှနေမှာပဲ … ဟုတ်တယ်မလား”

“ ဘယ်သူကရော မဟုတ်ဘူးလို့ ပြောလို့လဲ” ကျန်းလော့၏မျက်လုံးထဲမှာ အတိတ်က အမှတ်တရများကို ပြန်လှစ်ဟပြလာခဲ့ပြီး သူ ခါးသက်သက် ရယ်လိုက်၏။ “အဲတာက ကျွန်တော့်ရဲ့ မှတ်ဉာဏ်ထဲမှာ အလှပဆုံးသောပုံရိပ်ပဲ”

အစ်ကိုချောင်က နွေးထွေးစွာဖြင့် ပြောလာခဲ့သည်။ “ အစ်ကို တွေးကြည့်လို့ရပါတယ်”

အပြန်လမ်းမှာ အစ်ကိုချောင်က မေးခွန်းအများကြီးကို မလျော့သော စိတ်ဝင်စားမှုတို့ဖြင့် မေးလာခဲ့သည်။

“ မကောင်းဆိုးဝါးနဲ့ မင်းဘယ်လို အတွင်းကျကျ ကိစ္စတွေရော လုပ်ခဲ့သေးလဲ”

ဝမ်ယမ်လန်ကလည်း အရင်တုန်းက ဒီမေးခွန်းကို မေးခဲ့ဖူးသည်။ ကျန်းလော့ သူ့နှုတ်ခမ်းကို ကသိကအောက်ဖြင့် တွန့်လိုက်ပြီး “ လုပ်သင့်တာရော မလုပ်သင့်တာရော အကုန်လုပ်ခဲ့ပြီးပြီ”

သူ့မျက်ခုံးများက မြင့်တက်သွားခဲ့ပြီး မျက်လုံးထဲမှာ ရယ်ချင်စိတ်အပြည့်နှင့် မုန်းတီးမှု အရိပ်အယောင် အနည်းငယ်လည်း ထင်ဟပ်နေခဲ့သည်။ “ကျွန်တော်က တဏှာကိစ္စတွေကို သိပ်စိတ်ထဲမထားပေမယ့်လည်း ကိုယ့်ပါတနာက လိုအပ်နေတာကို ဘယ်ယောက်ျားကများ တွန့်ဆုတ်နေမှာတဲ့လဲ။ သူက သရဲဖြစ်‌နေရင်တောင်မှပဲ သူလည်း လုပ်ဖို့‌တော့ လိုသေးတာပဲမလား” 

သူစကားကို နှစ်ခွပြောလိုက်ပြီး သွယ်ဝိုက်သောနည်းလမ်းဖြင့် သူက အထက်ကလူဖြစ်ကြောင်း ရည်ညွှန်းကာ ချီယုံကို ပါးနပ်စွာဖြင့် သိက္ခာချလိုက်သည်။

ကျန်းလော့ သူ့အဖြေနှင့်ပတ်သတ်ပြီး အတော်လေးကို စိတ်တိုင်းကျမိသည်။

အစ်ကိုချောင်က ရုတ်တရက် ထရယ်လာခဲ့ပြီး ကျန်းလော့၏ သံသယဖြစ်သောအကြည့်နှင့် ဆုံသွားခဲ့၏။ သူ ရယ်သံကို မနည်းထိန်းလိုက်ပြီး လက်ယမ်းပြကာ ပြောလိုက်သည်။ 

“ ဘာမှမဖြစ်ပါဘူး။ ညီလေး အရှေ့ကို ကြည့်လိုက်ပါဦး … ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ထျန်းစစ်ဖူထဲကို ခွင့်ပြုချက်မရှိဘဲ ခိုးဝင်လာတဲ့ပုံပဲ”

သူ ညွှန်ပြလိုက်သောနေရာကို ကျန်းလော့ ကြည့်လိုက်ရာ အမှန်တကယ်ပင် သစ်ပင်၏အနောက်မှာ လူပုံစံတစ်ခုက ပုန်းကွယ်နေခဲ့သည်။

သူနှင့် အစ်ကိုချောင်တို့ တစ်ယောက်ကို တစ်ယောက် မျက်စပစ်ပြလိုက်ကြပြီး သစ်ပင်အနားကို ခြေသံမကြားရအောင် တိုးကပ်သွားလိုက်ပြီး ကြည့်လိုက်ချိန်မှာ သိမ်မွေ့သောမိတ်ကပ်ပုံစံကို လိမ်းခြယ်ထားခဲ့သည့် အမျိုးသမီးတစ်ယောက်က သစ်ပင်အနောက်မှာ ပုန်းနေတာကို တွေ့လိုက်ရသည်။ ထိုအမျိုးသမီး၏မျက်နှာကို တီဗီဇာတ်လမ်း တော်တော်များများမှာ တွေ့ရလေ့ရှိသည်။ သူမက အခုနာမည်ကြီးနေသော ထိပ်တန်းအနုပညာရှင်များထဲက တစ်ယောက်ပင်။ ပြန်စဉ်းစားကြည့်ပြီးနောက်မှာ ထိုသူ၏နာမည်က ပိုင်ချူးဖြစ်မှန်း ပြန်သတိရသွားခဲ့သည်။

“ မဒမ်” အစ်ကိုချောင်က အရင်ပြောလာခဲ့၏။ “ ဘယ်လိုလုပ်ပြီးတော့ ထျန်းစစ်ဖူထဲကို ရောက်နေတာလဲ”

မင်းသမီးက အံ့အားသင့်သွားပြီး ထအော်မိတော့မတတ် ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ ဆင်ခြင်တုံတရားက သူမခန္ဓာကိုယ်၏ တုံ့ပြန်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး သူမပါးစပ်ကို အချိန်မှီပိတ်ကာ ဖြူဖျော့သွားသောမျက်နှာဖြင့် ခေါင်းကို တစ်ဖက်လှည့်သွားခဲ့သည်။

အနီးကပ်ကြည့်လိုက်တော့မှပဲ မင်းသမီး၏ မိတ်ကပ်လိမ်းခြယ်ထားသော မျက်နှာအောက်က တကယ့်အစစ်အမှန် အခြေအနေကို သိလာရသည်။ မျက်ကွင်းက ညိုမဲနေခဲ့ပြီး သူမ၏ပါးပြင်ထက်က ရှက်သွေးဖြာနေ‌တာကလည်း သဘာဝမကျဘဲ တစ်ချက်ကြည့်ရုံနဲ့တင် မိတ်ကပ်နှင့်လုပ်ထားမှန်း သိသာနေခဲ့သည်။ သူမ၏နှုတ်ခမ်းက ခြောက်သွေ့ကာ ကွဲအက်နေခဲ့ပြီး ၊ မျက်သားတို့က နီရဲနေခဲ့သည်။ မိတ်ကပ်ထူထူကတောင်မှပဲ သူမ၏ ပင်ပန်းနွမ်းလျမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။

ပိုင်ချူးက ဒီလိုအခြေအနေဖြစ်နေတာ အတော်လေးကြာနေပြီမှန်း ကျန်းလော့ သတိရသွားခဲ့သည်။ သူ့ဖုန်းကို တခါတလေသုံးချိန်မှာ စဉ်းလဲသော မီဒီယာတချို့က ပိုင်ချူးကို ဆေးသုံးနေတာလားဆိုပြီး မေးခွန်းထုတ်ထားကြတာကို တွေ့ရလေ့ရှိသည်။

အစ်ကိုချောင်ကတော့ သူ့အရှေ့မှာ ရှိနေသည့် အမျိုးသမီးကို ဘယ်သူမှန်း လုံးဝမမှတ်မိသည့်ပုံပင်။ 

“ မဒမ် … ထျန်းစစ်ဖူထဲကို ခွင့်ပြုချက်မရှိဘဲ ကျုးကျော်လို့မရပါဘူး”

ပိုင်ချူးက ရုတ်တရက်ဆိုသလို မျက်ရည်များကျကာ ငိုလာခဲ့သည်။ “ဆရာ… ကျေးဇူးပြုပြီးတော့ ကျွန်မကို ကောင်းကင်ဘုံအရှင်သခင်နဲ့ တွေ့ခွင့်ပေးပါ … တောင်းဆိုပါတယ်”

သူမ ဘယ်မိတ်ကပ်အမျိုးအစားကို သုံးထားလဲဆိုတာ ကျန်းလော့ မသိသော်လည်း သူမအခုလို ငိုကြီးချက်မဖြင့် ငိုယိုနေတာတောင်မှပဲ သူမ၏မိတ်ကပ်က  ပျံ့ပြီး‌တော့ ပေပွမသွားခဲ့ပေ။ ထိုအစား သူမကို သနားစဖွယ်ဖြစ်လာစေပြီး လူကို စိတ်ပျော့လာစေ၏။

စီနီယာအစ်ကိုချောင်က စိတ်နုလိမ့်မည်ဟု ကျန်းလော့ နဂိုက ထင်ထားခဲ့သည် သို့သော် သူ ထင်မထားမိအောင်ပင် အစ်ကိုချောင်က ကြင်နာတတ်သည့် လေသံလေးနှင့် ညှာတာမှုမရှိ ငြင်းလာခဲ့သည်။ 

“ ကောင်းကင်ဘုံ အရှင်သခင်ကို တွေ့ချင်တယ်ဆိုရင် … ကျေးဇူးပြုပြီးတော့ တံခါးအပြင်ဘက်မှာ စောင့်ပေးပါ”

ပိုင်ချူး အံ့အားသင့်သွားခဲ့ပြီး အစ်ကိုချောင်ကို ကြေကွဲသောအကြည့်ဖြင့် ကြည့်လာခဲ့သည်။ “ ဆရာသခင်ရယ် … ကျွန်မမှာ အရမ်းကိုအရေးကြီးတဲ့ ကိစ္စလေးတစ်ခု ရှိနေလို့ပါ … ကျေးဇူးပြုပြီး လိုက်လျောပေးလို့ မရဘူးလား”

စီနီယာအစ်ကိုချောင်၏ ခြေထောက်ကို ဖက်ပြီးတော့ သူမ တောင်းပန်လိုက်ချင်သော်လည်း ဤသာမန်မျက်နှာနှင့်သူက သူမထင်ထားတာထက်ပင် ပိုပြီးတော့ အကြင်နာမဲ့နေခဲ့သည်။ သူမ လက်ကို အနည်းငယ် မြှောက်လိုက်ရုံနဲ့တင် စီနီယာအစ်ကိုချောင်က နောက်ကို ကြိုဆုတ်ထားလိုက်၏။ 

“စိတ်မကောင်းပါဘူး… ဒါက ကျွန်တော်တို့ ထျန်းစစ်ဖူရဲ့ စည်းကမ်းမို့လို့ပါ”

သူ့ပုံစံက ကြင်နာတတ်ပုံပေါက်ပြီး လေသံက ယဉ်ကျေးနေသော်လည်း ပိုင်ချူး အနည်းငယ် အေးစက်သလို ခံစားလာရသည်။ သူမ တမင်တကာမလုပ်ပါဘဲ တုန်ရီသွားမိပြီး သူမ၏ရှိုက်သံကို ထိန်းချုပ်ကာ ပြောလိုက်သည်။ 

“ ကောင်းကင်ဘုံ အရှင်သခင်ကို တွေ့ခွင့်ရဖို့မလွယ်မှန်း ကျွန်မ သိပါတယ်။ အမှန်တိုင်းပြောရရင် ကျွန်မ သူ့ကို မတွေ့ချင်ပါဘူး။ ထျန်းစစ်ဖူထဲမှာ အစွမ်းထက်တဲ့လူတွေ အများကြီးရှိပြီးတော့ ကျွန်မရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် သူတစ်ယောက်ယောက်ကိုပဲ တွေ့ချင်တာပါ။ ဆရာ… ကျွန်မရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မလားဟင်။ ကျွန်မ ပိုက်ဆံတွေ အများကြီး ပေးနိုင်ပါတယ်။ ကျွန်မမှာ တကယ် ပိုက်ဆံရှိပါတယ်။ တကယ်ပါ”

စီနီယာအစ်ကိုချောင်က ထိုအမျိုးသမီးကို အပေါ်စီးကနေ ကြည့်နေခဲ့ပြီး သူ့မျက်လုံးထဲမှာ နွေးထွေးမှုဆိုတာ တစ်စက်လေးတောင် မရှိချေ။ သူ ငြင်းဖို့ရာပြင်လိုက်ပေမယ့် ဘာကိုစိတ်ကူးမိသွားလို့လဲမသိ‌ ရုတ်တရက် ပြုံးလာခဲ့၏။

“ ကျွန်တော်တို့တွေ တစ်နေရာရာမှာ သွားထိုင်ပြီးတော့ စကားပြောကြရအောင်လေ။ ခင်ဗျားကို ကျွန်တော် ကူညီပေးနိုင်တယ်ဆိုရင် … အစွမ်းကုန် ကြိုးစားပြီးတော့ ကူညီပေးပါ့မယ်”

တိုက်တိုက်ဆိုင်ဆိုင်ပင် အနီးမှာ အရိပ်ခိုနားနေဖို့ရန်အတွက် ဆောက်ထားသော အဆောင်ငယ်လေးတစ်ခု ရှိနေခဲ့သည်။ အမျိုးသမီး၏ ဝမ်းမြောက်သွားသော အမူအရာကို ကြည့်လိုက်ရင်း ကျန်းလော့ မနေနိုင်တော့ဘဲ အစ်ကိုချောင်၏ ကြင်နာတတ်မှုအပေါ် သက်ပြင်းချလိုက်မိသည်။ 

“ အစ်ကိုချောင် … သူမက ဘယ်လိုပြဿနာနဲ့ ကြုံတွေ့နေရလဲဆိုတာ သိလို့လား။ ဘာမှမသိသေးဘဲနဲ့ ကူညီပေးမယ်လို့ ကတိပေးလိုက်ရင် ဘယ်ဖြစ်ပါ့မလဲ”

အစ်ကိုချောင် “ အဆင်ပြေပါတယ်။ အစ်ကို့ရဲ့လုပ်နိုင်စွမ်းကို ကျော်သွားရင် သူမကို ငြင်းလိုက်မှာပါ။ နားထောင်ပေးရုံပဲဟာ … အချိန်သိပ်ကုန်မှာ မဟုတ်ပါဘူး”

ကျန်းလော့ သူ့ရင်ထဲမှာ သက်ပြင်းချလိုက်မိသည်၊ ဒီလူက တော်တော်လေးကို ကြင်နာတတ်တာပဲ။

သူတို့သုံးယောက် အဆောင်ငယ်လေးဆီ သွားလိုက်ကြသည်။ မင်းသမီးက ဘေးဘီကို အကျင့်ပါ‌နေသည့်အတိုင်း ကြည့်မိသွားပြီးမှ သူမအခုရောက်နေတဲ့ နေရာက ထျန်းစစ်ဖူဖြစ်ပြီးတော့ ဤထဲမှာ ပါပါရာဇီတစ်‌ယောက်မှ မရှိမှန်း သတိရသွားပြီး စိတ်အေးသွားခဲ့သည်။

သူမလက်ထဲက အိတ်ကို သူမဆုပ်ကိုင်ထားခဲ့ပြီး ပြင်းပြသည့် အချစ်နှင့်အမုန်း ရောထွေးနေ‌သော အမူအရာဖြင့် ပြောလာခဲ့သည်။ 

“ ကျွန်မ … ကျွန်မ ယောင်္ကျားတစ်ယောက်နဲ့ ချစ်မိနေတယ်”

“ကျွန်မ သူ့ကို အရမ်းချစ်တယ်။ သူ့ကို ဘယ်လောက်တောင်ချစ်လဲဆိုရင် ကျွန်မကို အနုပညာလောကထဲကနေ အနားယူဖို့ သူပြောလာခဲ့တုန်းက ကျွန်မ တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းညိမ့်ပစ်ချင်ခဲ့တယ်” 

ပိုင်ချူး သူမ လက်ချောင်းများကို ငုံ့ကြည့်ပြီး ရေရွတ်လိုက်သည်။ 

“ သူစားရတာကြိုက်တဲ့ ဟင်းချက်သင်တန်းကို ကျွန်မ စာရင်းသွင်းခဲ့တယ်။ သူက ဘယ်လိုစတိုင်မျိုးကိုကြိုက်လဲ … သူ ကြိုက်တဲ့ပုံစံလို ကျွန်မ လိုက်ဝတ်ခဲ့တယ်။ သူက ကျွန်မဖုန်းထဲမှာ ဆန့်ကျင်ဘက်လိင်တွေရဲ့ ဖုန်းနံပါတ်တွေရှိနေတာ မကြိုက်ဘူးလို့ပြောတော့…  ကျွန်မရဲ့မိတ်ဆွေတွေ၊ ယောင်္ကျားလေးသူငယ်ချင်းတွေနဲ့ အရေးပါတဲ့ဖုန်းနံပါတ်တွေကို ကျွန်မ အကုန်ဖျက်ပစ်ခဲ့တယ် ….ကျွန်မ…”

သူမက ရုတ်တရက် ခေါင်းမော့လာပြီး ကျန်းလော့နှင့် အစ်ကိုချောင်ကို မျှော်လင့်ချက်ပျက်သုန်းနေသည့် ပုံစံဖြင့် ကြည့်လာခဲ့သည်။

“ ကျွန်မ ပြုစားခံနေရတယ်လို့ ကျွန်မ သံသယရှိတယ်”

ဘာလို့ လူတစ်ယောက်ကို အရမ်းချစ်မိနေတာကို ပြုစား‌ခံနေရတယ်လို့ သံသယရှိရတာလဲ။

--------