Part 37
ကျန်းလော့ သိချင်စိတ်အပြည့် ဖြစ်သွားခဲ့သည်။ “ အစ်မပိုင်က … ဘာလို့ အဲလိုထင်ရတာလဲ”
ပိုင်ချူး၏မျက်လုံးထဲမှာ နက်ရှိုင်းသော အကြောက်တရားတစ်ခု ရှိနေခဲ့သည်။ သူမ၏ လက်များက ပိုက်ဆံအိတ်ကို စိတ်လှုပ်ရှားစွာဖြင့် ဆုပ်ကိုင်ထားခဲ့၏။ အကောင်းစားလည်သာအိတ်ပေါ်မှာ သူမ၏လက်သည်းနှင့် ခြစ်ထားသော အစင်းကြောင်းများ ထင်နေခဲ့သည်။
“ဒါက ကျွန်မလုပ်မယ့်အရာ မဟုတ်လို့ပဲ”
“အဲဒီ့ယောင်္ကျားက ကျွန်မရဲ့အေးဂျင့်ပါ” ပိုင်ချူး ပြောလာခဲ့သည်။ “ သူက ကျွန်မနဲ့အတူ အလုပ်လုပ်လာတာ ရှစ်နှစ်လောက်ရှိပါပြီ။ သူ ကျွန်မကို ကြိုက်နေမှန်း ကျွန်မသိတယ် ဒါပေမဲ့ သူ့အပေါ် ဘယ်လိုမှမခံစားရဘူး။ ကျွန်မရဲ့ အကြိုက်ပုံစံကို ကျွန်မ ကောင်းကောင်းသိတယ်။ ကျွန်မရဲ့ အေးဂျင့်က ကျွန်မကြိုက်တဲ့ပုံစံနဲ့ လုံးဝကို အကွာကြီးပဲ”
သူမ ပြောနေစဉ်မှာပဲ သူမ၏သွားက ဂလောက်ဂလောက် မြည်လာခဲ့ပြီး သူမ ကိုယ့်ကိုကိုယ် သံသယ ဖြစ်လာခဲ့မိသည်။ “ကျွန်မရဲ့ရည်မှန်းချက်က ဘယ်တုန်းကမှ သေသေးမွှားမွှား မဟုတ်ခဲ့ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် … ကျွန်မ ဒီအနုပညာလောကထဲကို နာမည်ကြီးပြီးတော့ ပိုက်ဆံတွေ အများကြီး ရှာနိုင်ဖို့အတွက် ဝင်လာခဲ့တာ။ ကျွန်မ အခုထိ ဆုတောင်မရသေးဘူး ပြီးတော့ ကျွန်မ တစ်နှစ်လောက် အပင်ပန်းခံပြီးတော့ ရိုက်ထားတဲ့ကားကလည်း လွှင့်တောင်မလွှင့်ရသေးတာကို … ကျွန်မက ဘယ်လိုလုပ်ပြီးတော့ အနုပညာလောကထဲကနေ အနားယူချင်တာ ဖြစ်နိုင်မှာလဲ”
“ ဒါပေမဲ့ ကျွန်မ အမြင့်ကို မမှန်းတော့သလိုပဲ” သူမ မျက်နှာကို လက်နှင့်အုပ်လိုက်ပြီး လက်ချောင်းကြားကနေ ငိုသံထွက်သံလာခဲ့သည်။ “ ကျွန်မက ဘယ်လိုလုပ်ပြီးတော့များ အနုပညာလောကထဲကနေ ထွက်မယ်ဆိုတဲ့ သောက်ရေးမပါတဲ့ အတွေးကို တွေးမိရတာလဲ။ ကျွန်မက ဘယ်လိုလုပ်ပြီးတော့များ ခွေးဖြစ်ချင်နေရတာလဲ”
ကျန်းလော့ “….”
ဒီလိုအခြေအနေမျိုးမှာ အသိစိတ်ပြန်ကပ်လာတာကိုက တော်တော်လေးကို ရှားနေပြီပင်။
စီနီယာအစ်ကိုချောင်က မေးလာခဲ့သည်။ “ အစ်မ သူနဲ့ ဘယ်အချိန်တုန်းက ချစ်ကျွမ်းဝင်သွားတာလဲ”
ပိုင်ချူး မျက်ရည်သုတ်လိုက်၏။ “လွန်ခဲ့တဲ့နှစ်လလောက်က”
အစ်ကိုချောင်က ခေါင်းကိုလှည့်ကာ ကျန်းလော့ကို မေးလာခဲ့သည်။ “ညီလေး … ဒီမနက်ခင်းမှာ လုပ်စရာရှိလား”
“ အဆင်ပြေမယ်ဆိုရင် … အစ်ကိုနဲ့ လိုက်ခဲ့ပြီးတော့ အစ်မပိုင်ရဲ့အိမ်ကို သွားကြည့်ကြမလား” အစ်ကိုချောင်က ဖိတ်ခေါ်လာခဲ့သည်။ “ ဒီပြဿနာက အရမ်းဖြေရှင်းရ မခက်လောက်ပါဘူး”
အစ်ကိုချောင်က ထိုကဲ့သို့ပြောလာတာကြောင့် ကျန်းလော့လည်း အနည်းငယ်သိချင်စိတ်ဖြစ်သွားပြီး သဘောတူလိုက်သည်။ “လိုက်ခဲ့မယ်”
ပိုင်ချူးက ကားမောင်းလာခဲ့တာဖြစ်ပြီး သူမကားထဲကို ဝင်လိုက်ကြကာ ပိုင်ချူးက သူမအိမ်ကို မောင်းခေါ်သွားပေးခဲ့သည်။
ပထမတန်းစား မင်းသမီးတစ်ယောက်အနေနှင့် ပိုင်ချူးက အိမ်တစ်လုံးထက်မက ပိုင်ဆိုင်ထား၏။ သူမ နေနေသောနေရာက တိတ်ဆိတ်ငြိမ်သက်ပြီး လုံခြုံရေးကလည်း ကောင်းသည်။ ကားကို ကားပါကင်ထဲ တန်းထိုးပြီးနောက်မှာ ဓာတ်လှေကားစီးပြီး အပေါ်ကို တန်းတက်လိုက်ရုံပင်ဖြစ်သည်။
အခန်းတံခါးကို ဖွင့်ပေးရင်း ပိုင်ချူး ပင်ပန်းနွမ်းလျစွာဖြင့် ပြောလာခဲ့၏။ “ကျွန်မ သူနဲ့အတူ လွန်ခဲ့တဲ့နှစ်လလုံးလုံး ဒီမှာနေနေတာ… သူ ဒီနေ့ ကုမ္ပဏီမှာ အစည်းအဝေးရှိလို့သွားတယ် … နေ့လည်ခင်းထိ ပြန်လာမှာမဟုတ်ဘူး”
အိမ်ထဲကိုဝင်ပြီးနောက်မှာ ကျန်းလော့ မီးဖိုချောင်နှင့် သန့်စင်ခန်းကို အရင်ကြည့်လိုက်သည်။ ကျန်းလော့ အခန်းကို လှည့်ပတ်ကြည့်လိုက်သော်လည်း ဖုန်းရွှေအနေအထားနှင့် ပတ်သတ်၍ ဘာပြဿနာမှ မတွေ့ရပေ။
တိုက်ခန်းက လူနေသည့် အငွေ့အသက်နှင့် ပြည့်နှက်နေခဲ့ပြီး ပန်းကန်ခွက်ယောက်တစ်စုံနှင့် ကော်ဖီစင်ပေါ်မှာလည်း ကြယ်ပန်းစည်းတစ်စည်းကို ဖန်ခွက်ထဲ ထည့်ထားခဲ့သည်။ ပန်း၏အရောင်က အလွန်ပင်ရွှန်းစိုနေခဲ့ကာ နှင်းဆီပန်းကဲ့သို့ နီရဲနေခဲ့သည်။
ပိုင်ချူး သူတို့နှစ်ယောက်အတွက် ရေနှစ်ခွက်ချပေးလိုက်ပြီး စားပွဲပေါ်မှာ တင်ထားခဲ့သော တစ်ဝက်လှန်ထားသည့် မဂ္ဂဇင်းကို ကြည့်လိုက်သည်။ သူမ၏ အမူအရာက ချက်ချင်း နူးညံ့သွားခဲ့၏။ သူမ စာအုပ်ကို ပိတ်လိုက်ပြီး စာအုပ်စဉ်ထဲမှာ သေချာပြန်ထည့်လိုက်သည်။ “သူကအမြဲအဲလိုပဲ ပစ္စည်းတွေကို ဟိုဟိဒီဒီ အမြဲထားပစ်ခဲ့တာ”
စာအုပ်ကိုသိမ်းပြီးနောက်မှာ သူမ အဝတ်စုတ်ကို ယူကာ စားပွဲကို သုတ်လိုက်သည်။ သူမ သုတ်လို့ပြီးတော့မည့်အချိန်မှာ ပိုင်ချူး၏ လှုပ်ရှားမှုက တောင့်တင့်လာခဲ့သည်။ သူမ ဘာလုပ်နေလဲဆိုတာကို သတိထားမိသွားချိန်မှာ အဝတ်စုတ်ကို သူမ မျက်နှာရှုံ့မဲ့ပြီး လွှင့်ပစ်လိုက်သည်။
“ ကျွန်မ ဒီလိုမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး…”
ကိုယ့်ကိုကိုယ်ထိန်းချုပ်လို့မရတော့ဘဲ ကိုယ်ကိုတိုင်က သူစိမ်းတစ်ယောက် ဖြစ်လာတာကို ကြည့်နေရတာက အလွန်ပင် ခံရခက်သည်။ သူမက ဒီလိုလုပ်မှာမဟုတ်ဘူးလို့ သိလာလေလေ ပိုင်ချူး၏ရင်ထဲမှာ ချောက်ခြားလာလေလေပင်။
သူမ၏အမူအရာကိုကြည့်ရင်း ကျန်းလော့ ရှေ့နောက်မညီတာကို သတိထားမိလာပြီး မေးလိုက်သည်။ “အစ်မရဲ့ မွေးနေ့မွေးရက်ကိုများ တစ်ယောက်ယောက်ကို ပြောပြထားသေးလား”
ပိုင်ချူး ကြောက်ရွံ့သွားခဲ့ပြီး “ ကျွန်မရဲ့ အေးဂျင့်က ကျွန်မရဲ့မွေးရက်ကို အရင်ကတည်းက သိတယ်”
ကျန်းလော့၏အကြည့်က ဧည့်ခန်းထဲမှာ ထားထားသော လူနှစ်ယောက်၏ပုံဆီ ရောက်သွားခဲ့သည်။
ဓာတ်ပုံထဲမှာ ယောင်္ကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်က တစ်ဦးနှင့်တစ်ဦး ဖက်ထားကြပြီး ချိုမြိန်သောစုံတွဲတစ်တွဲအလားပင်။ ပုံထဲက မိန်းမဖြစ်သူက ပိုင်ချူးဖြစ်ပြီး ပျော်ရွှင်နေသောအပြုံးဖြင့် သူမ၏မျက်လုံးထဲမှာ အချစ်၏အရိပ်အယောင်များ ရှိနေခဲ့ပြီး သူမက မျက်နှာလေးက ထိုကြောင့်ပင် ပိုပြီးတော့ လှပသွားခဲ့သည်။
သို့သော် သူမကိုပွေ့ဖက်ထားသည့် ယောင်္ကျားက သာမန်ပင်ဖြစ်၏။ အစ်ကိုချောင်က သာမန်ကြည့်ကောင်းသော ရုပ်ရည်နှင့် တောင့်တင်းသည့်ခန္ဓာကိုယ်၊ ပင်ကိုယ်စိတ်ရင်းကောင်းတဲ့သူဆိုရင် ဤအေးဂျင့်က ပိုပြီးတော့ပင် သာမန်ဆန်သည့် သတ်လတ်ပိုင်း ယောင်္ကျားတစ်ယောက်ဖြစ်ပြီး သူ့လက်နှစ်ဖက်ကို ပိုင်ချူး၏ခါးထက်မှာ တင်ထားခဲ့သည်။ ဖြူဖတ်ပြီး အဆီတဝင်းဝင်းနှင့် မျက်နှာကြီးက ပုံထဲမှာ ပြုံးနေခဲ့သည်။ ထိုပုံကို ကြည့်မိသည့် မည်သူမဆို နွားချေးပုံထဲကို ပန်းလေးတစ်ပွင့် စိုက်နေတာကို မြင်ရသကဲ့သို့ မွန်းကြပ်သည့်ခံစားချက်ကို ခံစားရကြမှာပင်။
ဘယ်လိုလုပ်ပြီးတော့များ သည်လိုမိန်းမလှလေးတစ်ယောက်က အဲဒီလိုယောင်္ကျားမျိုးကို ချစ်မိသွားရတာလဲ။
ကျန်းလော့ နောက်ပြန်မှီချလိုက်ပြီး လူက ဆိုဖာပေါ်မှာ ထိုင်ကျသွားခဲ့ကာ မျက်လုံးဖြင့် အခန်းထဲမှာရှိသော အရာဝတ္ထုသေးသေးမွှားမွှားလေးများကို လိုက်ကြည့်လိုက်သည်သိး
သူ့ခြေထောက်ကို ချိတ်ထားခဲ့ပြီး ရှည်လျားကာ သေးသွယ်သော ခြေသလုံးကြွက်သားများက ကြမ်းပြင်၏ အထက်မှာ တွဲလျောင်းကျနေခဲ့သည်။ ဆိုဖာခုံ၏လည်သာအသားကို ဖွေးဆွတ်နေသော အဖြူရောင်ဖြင့် အလှဆင်ထားခဲ့ပြီး သူ့ခေါင်း၏ အထက်နားမှာ တြိဂံပုံအချွန်တစ်ခုက သရဲဖူတစ်ခုကဲ့သို့ ထွက်နေခဲ့၍ သူ့ကို ရှင်ဘုရင်၏ကုလားထိုင်ထက်မှာ ထိုင်နေသည့်အလား အရောင်အဝါများ ထွက်နေစေသည်။
ထိုဟာက လူကို သူ၏ခြေရင်းမှာ ပျော်ပျော်ကြီးခစားရသော သူရဲကောင်းတစ်ယောက်ဖြစ်ချင်စိတ် ပေါက်လာစေခဲ့ပြီး သူ့ဆီကနေရသော အပြစ်တင်ဟန် အကြည့်လေးတစ်ချက်ကပင် လူကို ဦးရေပြားထဲထိတိုင် ကတုန်ကယင် ဖြစ်စေသော သာယာမှုကို ပေးစွမ်းနိုင်လောက်သည်။
သူ့မျက်လုံးထဲမှာ အရောင်အနည်းငယ် လက်သွားခဲ့ပြီး စီနီယာအစ်ကိုချောင်လည်း ဆိုဖာပေါ်မှီချကာ ကျိုးကျိုးနွံနွံ မေးလိုက်သည်။ “ တစ်ခုခုကိုများ ရှာတွေ့သေးလား … ဂျုနီယာညီလေး”
“ ဒီဆိုဖာက တော်တော်လေးကို သက်သောင့်သက်သာရှိတာပဲ” ကျန်းလော့ ကူရှင်ကို ပုတ်လိုက်ပြီး “အစ်မပိုင် … ဒီဆိုဖာက ယွမ်တစ်သိန်းကျော်လောက် ပေးရတယ်မလား”
“…..” ပိုင်ချူး ပြန်ဖြေလိုက်၏။ “အဲ့ထက်တောင်မှ နည်းနည်းပိုပြီးတော့ ဈေးများသေးတယ်”
ကျန်းလော့ ဆိုဖာကူရှင်အောက်ကို လက်လျှိုလိုက်တော့ အဟရှိနေတာကို တွေ့လိုက်ရသည်။ သူ ထိုအထဲထိရောက်အောင် လက်ဝင်ပြီး လက်ချောင်းဖြင့် ပွတ်ကြည့်လိုက်သော်လည်း ဘာမှမခံစားရပေ။
မထင်ထားဘူး၊ ကျန်းလော့ သူ့လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး တစ်ရှုးဖြင့်သုတ်ကာ နှစ်ထပ်ဓာတ်ပုံဘောင်ဆီကို အကြည့်ပြန်ပို့လိုက်သည်။
အစ်ကိုချောင်က အစ်မပိုင်ကို ဂရုတစိုက်နှင့် ပြောလိုက်သည်။ “ အစ်မပိုင်… လိုက်ဖက်ညီစေတဲ့ အဆောင်ဆိုတာ ကြားဖူးလား”
ပိုင်ချူး အံ့အားသင့်သွားမိ၏။ “လိုက်ဖက်ညီစေတဲ့ အဆောင်ဟုတ်လား”
“ လိုက်ဖက်ညီစေတဲ့ အဆောင်က ယောင်္ကျားမိန်းမတွေကို သူတို့ချစ်ရတဲ့သူနဲ့ ပေါင်းဖက်လို့ရအောင် လုပ်ပေးနိုင်တယ်။ မကောင်းတဲ့ နည်းလမ်းပေါ့” အစ်ကိုချောင် ဆက်ပြောလိုက်၏။ “ အဆောင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်သွားတဲ့သူတွေက သူတို့ကို ထိန်းချုပ်ထားတဲ့လူအပေါ် ဘယ်လိုအကြောင်းအရင်းကိစ္စမှမရှိဘဲ ချစ်မိသွားတတ်တယ်၊ တဖက်လူက ဝက်တစ်ကောင်ဖြစ်နေရင်တောင်မှ အရူးအမူး ချစ်မိနေဦးမှာပဲ”
“ ဒါပေါ့… လိုက်ဖက်ညီစေတဲ့ အဆောင်တစ်ခုကပဲ ဒီလိုအကျိုးသက်ရောက်မှုမျိုး ရှိတာမဟုတ်ဘူး။ မြောင်တွေရဲ့ ချစ်ခြင်းထုံးဖွဲ့အဆောင်ကလည်း ဒီလိုသက်ရောက်မှုမျိုးကို ရှိတယ်” အစ်ကိုချောင်က ပြုံးလိုက်ပြီး ပြောလိုက်သည်။ “အစ်မပိုင်ရဲ့ ပန်းလေးက တော်တော်လေးလှတာပဲ”
ပိုင်ချူး၏မျက်နှာ သွေးဆုတ်သွားခဲ့ပြီး သူမ၏အကြည့်က တဖြည်းဖြည်းနှင့် ကော်ဖီစားပွဲအပေါ်မှာ ရှိနေသော ပန်းစည်းထံ ရောက်သွားခဲ့သည်။
“ဒီပန်းစည်းကလည်း ….”
“ ချစ်သူ့ရဲ့ပန်းနဲ့ ပုံစံတူတယ်” အစ်ကိုချောင် ပန်းစည်းမှာ အကြည့်ပို့လိုက်ရင်း အပြုံးက နက်ရှိုင်းလာခဲ့သည်။ “ သေချာပေါက်ကို ချစ်ခြင်းဖွဲ့အဆောင် လုပ်တဲ့နေရာမှာ သုံးတဲ့ပစ္စည်းမျိုးပဲ”
ပိုင်ချူး၏ပုံစံက အသက်ကိုတောင် ခက်ခက်ခဲခဲ ရှူနေရသည့်ပုံပင်။ အစွမ်းကုန် ပွင့်လန်းနေသော နူးညံ့ပြီး လှပသည့် ပန်းစည်းလေးကို ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေရသည့်အလား သူမ ကြည့်လိုက်သည်။ သူမ အသက်ပြင်းပြင်း ရှူလိုက်ပြီး တုန်ရီနေသောလက်ဖြင့် ပန်းကို ဗီရိုထဲထည့်ကာ ဝှက်လိုက်သည်။
ကျန်းလော့လည်း ထရပ်လိုက်ပြီး နှစ်ထပ်ဓာတ်ပုံဘောင်ရှိရာဆီ လျှောက်သွားလိုက်သည်။
တစ်ချက်ကြည့်လိုက်ရင်တော့ ဤလူနှစ်ယောက်၏ဓာတ်ပုံနှင့် ပတ်သတ်ပြီး မှားယွင်းနေတာမရှိပေမယ့် သေချာကြည့်ကြည့်လိုက်ပါက ဓာတ်ပုံဘောင်ကို ထားသည့်နေရာက ထူးဆန်းနေတာကို တွေ့ရမှာဖြစ်သည်။ အိပ်ခန်းတံခါးနှင့် မျက်နှာချင်းဆိုင်မှာ တည့်တန်းကြီး ထားထားခဲ့သည် ထို့ကြောင့် အိပ်ခန်းထဲကနေ လူထွက်လာလျှင် ပထမဆုံးမြင်ရမှာက ဤဓာတ်ပုံပင်ဖြစ်၏။
အခုမှ မနက်ခင်းအိပ်ရာကနေ နိုးလာသော လူများ၏ဦးနှောက်က မကြည်မလင် ဖြစ်လေ့ရှိပြီး ထိုဓာတ်ပုံကို တစ်ရက်ပြီးတစ်ရက် နေ့တိုင်းတွေ့နေရသည့်နောက်မှာ ဦးနှောက်ထဲကနေ အလိုလို လက်သင့်ခံလာမိလိမ့်မည်၊ ထိုဟာကပင် ပိုင်ချူးကို အကြီးအကျယ် ဒုက္ခရောက်စေဖို့ လုံလောက်သည်။
ကျန်းလော့ ဓာတ်ပုံကို နံရံကနေဖြုတ်လိုက်သည်၊ ဓာတ်ပုံချိတ်ထားသည့်နေရာက သူလို အရပ်ငါးပေရှစ်လက်မရှိသည့် သူအတွက်တော့ အသာလေးကိုမှီသည်။ သူ့နောက်မှာ လူတစ်ယောက် ရောက်လာခဲ့ပြီး အစ်ကိုချောင်က မေးလာခဲ့သည်။ “ ညီလေး… ဒီဓာတ်ပုံဘောင်ထဲမှာ တစ်ခုခုများ ရှိနေလို့လား”
ကျန်းလော့ ဘောင်ကိုဖြုတ်လိုက်သည်။ “ကျွန်တော် ရှာကြည့်မလို့”
ဓာတ်ပုံဘောင်ကို တင်းတင်းကျပ်ကျပ် စေ့ထားခဲ့ပြီး ကျန်းလော့ အားစိုက်၍ ဖွင့်လိုက်ရသည်။ အဝါရောင်စာရွက်တစ်ရွက်က အထဲကနေပြီး ကြမ်းပြင်ပေါ်ကို ပြုတ်ကျလာခဲ့သည်။
အစ်ကိုချောင် ကောက်ပြီးတော့ ကြည့်လိုက်သည်။ “ တကယ်ကို လိုက်ဖက်ညီစေတဲ့အဆောင်ပဲ”
ပိုင်ချူးက အနားကပ်ဖို့ရန်ပင် ကြောက်လွန်းအားကြီးနေခဲ့ပြီး အစ်ကိုချောင်၏လက်ထဲက အဆောင်ကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်မိသည်။
“ ဆရာ… ဒီအဆောင်ကို ချိုးဖျက်ဖို့ နည်းလမ်းလေးများမရှိဘူးလား”
“ အဆောင်ကို ရွှေရောင်ငွေရောင်စာရွက်နဲ့အတူ မီးရှို့ပစ်လိုက်ရင်ရပါပြီ” အစ်ကိုချောင်ပ အဆောင်ကို ချိုးဖျက်ရမည့်နည်းလမ်းကို ရိုးရိူရှင်းရှင်းပင် ပြောပြလာခဲ့သည်။
“ စာရွက်မီးရှို့လို့ရလာတဲ့ ပြာတွေကို အစ်မပိုင် သိမ်းထားလို့လည်းရပါတယ်… ရေထဲမှာထည့်ပြီး အစ်မရဲ့အေးဂျင့်ကို သောက်ခိုင်းလိုက်ပေါ့”
စီနီယာအစ်ကိုချောင်၏အပြုံးမှာ အေးစက်မှုတချို့ ပါလာခဲ့၏။ “အဲလိုလုပ်လိုက်ရင် သွားတစ်ချောင်းဆို သွားတစ်ချောင်း ပြန်ပေးဆပ်ခိုင်းလို့ရပြီ … အစ်မကို ဒုက္ခပေးခဲ့တဲ့သူက သူလုပ်ခဲ့တဲ့အကျိုးကို သူပြန်ပြီးတော့ ခံစားရလိမ့်မယ်”
ကျန်းလော့ ရုတ်တရပ် ရပ်တန့်သွားခဲ့ပြီး စီနီယာအစ်ကိုကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။
လိုက်ဖက်ညီစေသည့်အဆောင်ကို ကြည့်ရင်း ပိုင်ချူး၏အမူအရာက ချီတုံချတုံဖြစ်နေခဲ့သည်။
သူမ၏နှလုံးသားထဲမှာ သူမအေးဂျင့်အပေါ် ချစ်သည့်အချစ်စိတ်တို့နှင့် အပြည့် ရှိနေဆဲဖြစ်တာကြောင့် သူ့ကို ဆန့်ကျင်ရမည့် ဘယ်ဆုံးဖြတ်ချက်ကိုမှ သူမ မချနိုင်ပေ။ အသိစိတ်ကပ်နေအောင် သူမကိုယ်သူမ ဆိတ်ဆွဲလိုက်၏။
“ ဆရာ … ကျေးဇူးပြုပြီးတော့ ကျွန်မကို ဒီလိုက်ဖက်ညီစေတဲ့အဆောင်ကနေ အရင်လွတ်မြောက်အောင် လုပ်ပေးပါ”
အစ်ကိုချောင် ခေါင်းငြိမ့်လိုက်သည်။ ပိုင်ချူးက တိုက်တိုက်ဆိုင်ဆိုင်ပင် သူမအိမ်မှာ ရွေငွေအပြားခတ်ထားသော စာရွက်တို့ရှိနေခဲ့၍ တခြားအခန်းကို ပြေးပြီးတော့ သွားရှာလိုက်သည်။ အစ်ကိုချောင် မော့ကြည့်လိုက်ချိန်မှာ ကျန်းလော့က သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။
ဆံပင်အနက်ရောင်နှင့်ကောင်လေးက လက်ပိုက်ကာ ရပ်နေခဲ့ပြီး စူးရှသော အကြည့်တို့ဖြင့် စီနီယာအစ်ကိုချောင်ကို ခေါင်းအစခြေအဆုံးကြည့်ကာ စစ်ဆေးနေခဲ့သည်။
စီနီယာအစ်ကိုချောင်က အပြစ်ကင်းသည့် အပြုံးတစ်ပွင့် ပြုံးပြလာခဲ့ပြီး “ ဂျုနီယာညီလေးက အစ်ကို့ကို ဘာဖြစ်လို့များ အဲလိုအကြည့်နဲ့ ကြည့်နေရတာလဲ”
သူ စောနလေးတုန်းတင် ရေးတေးတေး ခံစားလိုက်ရသော ကွဲလွဲနေသည့်ခံစားချက်က ပျောက်ကွယ်သွားခဲ့သည်။
ကျန်းလော့၏ထင်ယောင်ထင်မှား ဖြစ်မှုကဲ့သို့ပင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
ထျန်းစစ်ဖူထဲမှာတုန်းက ဖုန်းလီ၏တည်ရှိမှုကြောင့် ကျန်းလော့က အရမ်းကြီး သတိမထားတာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းလီက သူ့ထက်ပိုပြီးတော့ အများကြီး အစွမ်းရှိ၍ဖြစ်သည်။ ဖုန်းလီက စကားလေးတစ်ခွန်းနဲ့တင် ချီယုံကို ဖယ်ရှားနိုင်ခဲ့ရုံသာမက ချီယုံနှင့် ယှဉ်ပြီးတော့တောင် တိုက်ခိုက်နိုင်သည့် အနေအထားမှာရှိသည်။
ဖုန်းလီက ဘာမှမတုံ့ပြန်တာကြောင့် ချီယုံက ထျန်းစစ်ဖူထဲမှာ ဝင်ပူးတာတို့ ထိန်းချုပ်တာတို့ မလုပ်လောက်ဟု ကျန်းလော့ ယုံကြည်ခဲ့တာဖြစ်သည်။
သို့သော် သည်တစ်ခေါက်မှာတော့ သူ အခုလေးတင် ခံစားလိုက်ရသည့် ခံစားချက်ကို ကျန်းလော့ လျစ်လျူမရှုနိုင်တော့ပေ။
သူက ချီယုံနှင့်ပတ်သတ်လာလျှင် အရမ်းခံစားလွယ်တာဖြစ်သည်။ ပြောရလျှင် မကောင်းဆိုးဝါးက ဘယ်အချိန်မှာ ဘယ်နေရာကနေ ရုတ်တရက်ကြီးပေါ်လာပြီးတော့ သူ့ကို ဘယ်လိုတစ်ပတ်ရိုက်လာဦးမလဲဆိုတာ ဘယ်သူမှမသိသည့်ကိစ္စပင်။
ကျန်းလော့ ဤတဒင်္ဂမှာ သံသယအနည်းငယ် ဖြစ်နေမိသော်လည်း မသေချာသေးပေ။ စီနီယာအစ်ကိုချောင်၏ အပြုအမူကို ပြန်စဉ်းစားကြည့်လိုက်ရင်း သူ၏သံသယက ကြီးထွားသထက် ကြီးထွားလာတော့သည်။
သူ သာမန်ကာလျှံကာပင် မေးလိုက်၏။ “စီနီယာအစ်ကိုချောင်က ထျန်းစစ်ဖူကို ဘယ်အချိန်တုန်းက ရောက်တာလဲ”
အစ်ကိုချောင်က တခဏလောက် စဉ်းစားပြီးနောက်မှာ ဖြေလာခဲ့သည်။ “ရှစ်နှစ်လောက်တော့ရှိပြီ”
“ လွန်ခဲ့တဲ့ရှစ်နှစ်လောက်ကဆိုတော့ စီနီယာ အသက်တော်တော် ငယ်သေးမှာပဲနော်” ကျန်းလော့ သူ့လက်ကို နောက်ပစ်ပြီး ညာဘက်လက်ကို အသာအယာ လှုပ်ယမ်းလိုက်သည်။
“ ဆယ်ကျော်သက်အရွယ်က သိပ်တော့မငယ်ပါဘူး” စီနီယာအစ်ကိုချောင်က သူ့ကို ထူးဆန်သလို ကြည့်လာခဲ့ပြီး “ မင်း အဲတာကိုမသိဘူးလား … ဂျုနီယာညီလေး”
သူက ပြန်မေးလာခဲ့၏။ “ထျန်းစစ်ဖူရဲ့ တပည့်အများစုက ကောင်းကင်ဘုံ အရှင်သခင်ရဲ့လက်အောက်မှာ တပည့်အဖြစ် သူတို့ရဲ့ဆယ်ကျော်သက်အရွယ်မှာ ခံယူခဲ့ကြတာလေ။ ညီလေးလည်း အန်ကယ်ချန်ရဲ့လက်အောက်ကို ဝင်တုန်းက အဲ့အရွယ်လောက်ပဲ မဟုတ်ဘူးလား”
ကျန်းလော့ နှာမှုတ်လိုက်ပြီး ယင်ယန်လက်ကောက်ကို သုံးကြိမ် လှုပ်လိုက်သည်။ သူ့လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်၏၊ သို့သော် ယင်ယန်လက်ကောင်၏ တုံ့ပြန်မှုက သူ့ကို ဤနေရာမှာ ဘယ်မကောင်းဆိုးဝါး၏ အရိပ်အယောင်မှ မရှိဟု ပြောနေခဲ့သည်။
ကျန်းလော့၏တွန်ချိုးထားသော မျက်ခုံးက ပြေမသွားခဲ့ပေ။
သူကပဲ အကဲဆတ်လွန်းနေတာလား ဒါမှမဟုတ် ယင်ယန်လက်ကောက်ကပဲ ချီယုံရဲ့ကြိုးဆွဲရုပ်ကို မရှာနိုင်တာလား။
ကျန်းလော့ သူ့လက်ကို ရုတ်တရက် ဆန့်လိုက်ပြီး “ အစ်ကိုချောင် … ကျွန်တော့်ကို လိုက်ဖက်ညီစေတဲ့ အဆောင်လေး ပြပါလား”ကျန်းလော့ သူ့လက်ကောက်ဝတ်ကို ထိနိုင်ဖို့ အခွင့်အရေးယူလိုက်သည်၊ သို့သော် အသားရေက နွေးထွေးနေပြီးတော့ သွေးခုန်နှုန်းလည်းရှိသည်။ အစ်ကိုချောင်က အသက်ရှင်နေသည့်သူဖြစ်တာကြောင့် ယင်ယန်လက်ကောက်က သူ့ကို သတိမပြုမိတာ နားလည်ပေးလို့ရသည်။
ကျန်းလော့က သူ၏ကိုယ်ပိုင်အာရုံကို ပိုပြီးတော့ ယုံကြည်သည်။ သူ အစ်ကိုချောင်ကို ပိုပြီးတော့ကြည့်လေလေ ပိုပြီးတော့ သံသယဝင်လာလေလေပင်။ ထို့ကြောင့် လိုက်ဖက်ညီစေသည့်အဆောင်ကို ကြည့်ချင်ယောင်ဆောင်ပြီးနောက်မှာ သူပြောလိုက်သည်။
“ အစ်ကိုချောင် … ကျွန်တော် သန့်စင်ခန်း သွားလိုက်ဦးမယ်”
အစ်ကိုချောင်က နားလည်သည့်ပုံစံဖြင့် ပြောလာခဲ့၏။ “ သွားလေ … ဒီကိစ္စတွေကို အစ်ကို့ဘာသာ ဖြေရှင်းနိုင်ပါတယ်”
ကျန်းလော့ သန့်စင်ခန်းထဲမှာ ပုန်းလိုက်သည်။ အစ်ကိုချောင်က ချီယုံလားဆိုတာကို သူ ယင်ယန်လက်ကောက်နှင့် ရှာလို့မရသော်လည်း သူ့ခန့်မှန်းချက်ကို တွက်ချက်ဖို့ရာအတွက် နောက်တစ်နည်းရှိသေးသည်။
ကျန်းလော့ သူ့အိတ်ထောင်ထဲကနေ အကြွေစေ့သုံးစေ့ကို ထုတ်လိုက်သည်။ သူ ဂမ္ဘီရပညာကို သေချာမသင်ရသေးသော်လည်း ဝိုးတိုးဝါးတားတော့ ခန့်မှန်းကြည့်နိုင်သည် သို့သော် ထိုဟာနဲ့တင် လုံလောက်ပြီဖြစ်၏။
“ အစ်ကိုချောင်က ငါ့အတွက် အကူအညီဖြစ်စေမှာလား”
အကြွေစေ့သုံးစေ့ကို လက်ဖဝါးပေါ်မှာ တင်ပြီး ခြောက်ကြိမ်ဆက်တိုက် မြှောက်လိုက်သည်။ ယင်စာလုံးသာကျပြီး ယန်စာလုံးမရှိပါက 64ခုသောအစီအရင်ကို မွေးထုတ်ပေးနိုင်၏။ ကျန်းလော့ နောက်ဆုံးကျလာသော အစီအရင်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်မိသည်။
လှည့်စားခြင်း၏ ကွားပင်။
ပါးကွအစီအရင်၏အနေအထားက အောက်ဘက်ကိုရောက်နေခဲ့၍ ခန့်မှန်းလို့မရဘဲ မမျှော်လင့်ထားတာ ဖြစ်လာလိမ့်မည်ဟု ဆိုလိုတာဖြစ်သည်။ ဤပါးကွအစီအရင်၏ဆိုလိုရင်းက စမ်းသပ်ခံရသောသူက စမ်းသပ်သည့်သူအပေါ် ပြဿနာဖြစ်စေလိမ့်မည်ဟုပြောတာပင်။ ပြီးတော့ ထိုပြဿနာကလည်း အတော်လေးကို အဓိပ္ပာယ်မရှိကာ အကျိုးအကြောင်းမသင့်ဟု ပြောနေခဲ့သည်။
ကျန်းလော့ သူဒီလောက်ကံဆိုးတဲ့အကွက်ကို ပထမဆုံးအကြိမ်နှင့် ကျသွားခဲ့တယ်ဆိုတာ ယုံတောင်မယုံနိုင်ပေ။ သူ့၏ ကံဆိုးလွန်းသော ခန္ဓာကိုဖွဲ့စည်းပုံကို သူမယုံကြည်ပေ၊ ထို့ကြောင့် ကျန်းလော့ ယင်ယန်လက်ကောက်ကို နှစ်ခါယမ်းလိုက်ပြီး “ ကောင်းခြင်းနှင့် ဆိုးခြင်းကိုခွဲခြားသိနိုင်ဖို့ နှစ်ကြိမ်မြောက်လှုပ်ခတ်ခြင်း” ကို သုံးလိုက်သည်။
ကျန်းလော့ ယင်ယန်လက်ကောက်ပေါ်မှာ သိပ်ပြီးတော့ မမှီခိုချင်ပေ သို့သော် သည်တစ်ခေါက်ကတော့ ချွင်းချက်ပင်။ ရွှေရောင်မန္တန်များက သိပ်သည်းသွားကြပြီး သူ့မျက်စိရှေ့မှာ စာလုံးနှစ်လုံးကို ရေးပြလာခဲ့သည်။
မကောင်းဆိုးဝါး။
ကျန်းလော့ “….”
လူတစ်ယောက်က သူ့ကိုယ်သူ မျက်စိစုံမှိတ်၍ ဝန်ခံလိုက်ရသည့် အချိန်ဆိုတာ ရှိသည်။
ကျန်းလော့ သူ့ကိုသူ အကောင်းဘက်ကနေ ဖြောင်းဖျလိုက်သည်၊ အနည်းဆုံးတော့ အစ်ကိုချောင်က အစ်ကိုချောင်မဟုတ်တော့မှန်း သူ သိလိုက်ရပြီဖြစ်သည်။
ပြီးတော့ အစ်ကိုချောင်က သူ့အပေါ်မှာ ဘယ်လိုမကောင်းတဲ့ဖြစ်ရပ်ကို ဖြစ်စေမှာလဲ။
ပုံမှန်နှင့်မတူဘဲ ခြားနားသွားတာက အစ်ကိုချောင်က ချီယုံဖြစ်လာခဲ့ခြင်းပင်။ ချီယုံက ထျန်းစစ်ဖူထဲကို လွန်ခဲ့တဲ့ ရှစ်နှစ်ကတည်းက တကယ်ဝင်ရောက်ခဲ့တာလား ဒါမှမဟုတ် ဖုန်းလီနှင့်တိုက်ခိုက်နေတုန်းမှာ အခွင့်အရေးယူပြီး စက္ကူလူသား၏ ခန္ဓာကိုယ်ထဲကနေ လွတ်မြောက်အောင် လုပ်ကာ အစ်ကိုချောင်၏ခန္ဓာကိုယ်ထဲကို ဝင်ပူးသွားခဲ့တာလားဆိုတာတော့ ကျန်းလော့ မပြောတတ်ပေ။
ပိုင်ချူး၏စိတ်လှုပ်ရှားနေသောအသံကို သန့်စင်ခန်းအပြင်ဘက်ကနေ ကြားလိုက်ရသည်။ “ ဆရာ… ကျွန်မ ရွှေငွေအပြားခတ်ထားတဲ့ စာရွက်တွေကို ရှာတွေ့ခဲ့ပြီ”
ကျန်းလော့ သူ့မျက်နှာအမူအရာကို ပြင်လိုက်ပြီး အပြင်ဘက်ကို တည်ညိမ်စွာဖြင့် ထွက်သွားလိုက်သည်။
အရင်တစ်ခေါက်တုန်းက ချီယုံ၏ အကြောင်းကို ဖော်ထုတ်ခဲ့ရသည့် အကြောင်းရင်းက ချီယုံက သူ့ကို ပင့်ကူလူသားအဖြစ်နှင့် ကစားခဲ့၍ဖြစ်သည်။ သို့သော် သည်တစ်ကြိမ်မှာတော့ သူ မသိသလိုဟန်ဆောင်ပြီး မှောင်ရိပ်ထဲကနေ ချီယုံ ဘာလုပ်ဖို့ ကြံစည်နေသလဲဆိုတာကို စောင့်ကြည့်မှာဖြစ်သည်။
ပိုင်ချူး၏အိမ်မှာ မီးသွေးမီးဖိုမရှိပေ ထို့ကြောင့် သူမ မသုံးတော့သော အဖြူရောင်ကြွေအိုးတစ်အိုးကို ထုတ်လာခဲ့သည်။ အစ်ကိုချောင်က ထိုထဲကို ရွေငွေအပြားခတ်ထားသော စာရွက်များကို ထည့်လိုက်ပြီး မီးရှို့လိုက်သည် ထို့နောက် လိုက်ဖက်ညီစေသည့်အဆောင်ကို ပစ်ထည့်လိုက်သည်။
ပိုင်ချူးက အဆောင်မီးလောင်ပြီးတော့ ပြာဖြစ်သွားသည်အထိ မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ ထိုအခိုက်မှာမှ သူမ၏နှလုံးသားထဲမှာရှိနေသော လေးလံမှုကြီးက တစ်စစီပြိုကွဲထွက်သွားပြီး သူမ ချက်ချင်းဆိုသလို စိတ်သက်သာရာရလာခဲ့သည်။
သူမနှင့် သူမအေးဂျင့်၏ဓာတ်ပုံကို မဝံ့မရဲ ကြည့်လိုက်မိသည်။ သို့သော် သူ့အပေါ် သူမ ခံစားခဲ့ရသောအချစ်က ရင်ထဲမှာ လုံးဝမရှိတော့ပေ။ ထိုအစား အော်ဂလီဆန်မှုနှင့် မုန်းတီးမှုတို့သာ သူမရင်ထဲ လှိုက်တက်လာခဲ့ပြီး သူမ၏မျက်နှာအမူအရာကို မဲ့ရွှဲ့သွားစေခဲ့သည်။၊
“ဟယ်မုန် ….” ပိုင်ချူး သူမအေးဂျင့်၏ နာမည်ကို သွေးမျက်ရည်ကျလုမတတ် အော်ဟစ်လိုက်သည်။
အစ်ကိုချောင်က အဖြူရောင်ကြွေခွက်ထဲရှိ ရွှေငွေအနားကွပ်ထားသော စာရွက်ကနေ လောင်ကျွမ်းသွားသော ပြာများကို လက်ဖမိုးဖြင့် ဘေးဘက်ကပ်လိုက်ပြီး လိုက်ဖက်ညီစေသည့်အဆောင် လောင်ကျွမ်းထားသည့်နေရာကို စက်ဝိုင်းပုံတစ်ခုဆွဲလိုက်သည်။ အဆောင်ကနေ လောင်ကျွမ်းသွားသော ပြာများက အလိုအလျောက် စုသွားခဲ့ကြပြီး သန့်ရှင်းသော အဖြူရောင်စာရွက်တစ်ရွက်ဖြင့် အစ်ကိုချောင်၏ သိမ်းဆည်းခြင်းကို ခံလိုက်ရသည်။
စီနီယာအစ်ကိုချောင်က ဖြည်းဖြည်းချင်း ပြောလာခဲ့၏။ “ဒါက လိုက်ဖက်ညီစေတဲ့ အဆောင်ရဲ့ ပြာပဲ။ လူတစ်ယောက်ကို သောက်ခိုင်းလိုက်ရင် မထင်မှတ်ထားတဲ့ အကျိုးရလဒ်ကို ရလိမ့်မယ်”
ပိုင်ချူးက ပြာမှုန်များကို အမုန်းတရားတွေဖြင့် စိုက်ကြည့်လာခဲ့၏၊ သူမ၏ အံကြိတ်သံကိုတောင် ကျန်းလော့ ကြားနေရသည်။ မိနစ်အနည်းငယ်ကြာပြီးချိန်မှာ ပိုင်ချူး စိတ်ပြန်ငြိမ်သွား၏။ “ကျေးဇူးတင်ပါတယ် …ဆရာ။ ကျွန်မ ဒီပြာကို မသုံးချင်ဘူး”
သူမ အဆောင်ပြာဆီကနေ အကြည့်ကို မသတီဟန် ပြန်ရုတ်သိမ်းလိုက်ပြီး ရက်ရက်စက်စက်ဖြင့် ပြောလိုက်သည်။ “သူ့ကို ကျွန်မနည်းကျွန်မဟန်နဲ့ ဒီလိုလုပ်ခဲ့တဲ့အကျိုးဆက်ကို ပြန်ပေးဆပ်ခိုင်းမယ်”
သို့သော် သူမ၏ရက်စက်မှုကို မြန်မြန်အဝေးပို့လိုက်ပြီး ကျန်းလော့တို့ကို ကျေးဇူးတင်စကားပြောကာ ပိုက်ဆံပေးရန်အတွက် သူတို့၏ကတ်နံပါတ်ကို မေးလာခဲ့၏။
အစ်ကိုချောင်က ပြုံး၍ ပြောလာခဲ့သည်။ “ဒါက ကိစ္စအသေးအမွှားလေးပါ … အစ်မပိုင်က သဘောကောင်းလွန်းနေပါပြီ”
ကျန်းလော့လည်း ပြုံးလိုက်၏။ “အဆင်ပြေပါတယ် … အစ်ကိုချောင် မလိုချင်တဲ့ဝေစုကို ကျွန်တော့်ထဲ ပေါင်းထည့်ပေးလိုက်ပါ”
ပိုင်ချူး အသံထွက်၍ရယ်မိသွားပြီး သဘောပေါက်ကြောင်း ခေါင်းငြိမ့်ပြကာ သူတို့နှစ်ယောက်ကို လေးလေးနက်နက် ကြည့်လာခဲ့သည်။ “ အနာဂတ်မှာ ကျွန်မဆီကနေ အကူအညီလိုတာများရှိရင် … ကျွန်မကို ပြောသာပြောလိုက်ပါ … ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ကူညီပေးပါ့မယ်”
ထိုစကားပြောပြီးနောက်မှာ ပိုင်ချူး မနေနိုင်ဘဲ ကျန်းလော့ကို နှစ်ခါလောက်ထပ်ကြည့်လိုက်မိသည်။ “ဒီဆရာလေးက … အနုပညာလောကထဲကို ဝင်ဖို့ အစီအစဉ် ဘာညာမရှိဘူးလား”
ပိုင်ချူး ထိုမေးခွန်းကိုမေးပြီးချိန်မှာ သူမ ကျန်းလော့ကို ကြည့်လေလေ သူ့မှာ အနုပညာလောကထဲကိုဝင်ဖို့ အရည်အချင်း ရှိလေလေပဲဟု ခံစားလာရသည်။
သူမ ဖြောင်းဖြတာကို မရပ်နိုင်တော့ဘဲ “ ဆရာ့ရဲ့ မျက်နှာလေးက လှလွန်းအားကြီးလို့ ချက်ချင်းဆိုသလို နာမည်ကြီးသွားမှာ။ ဆရာက ရုပ်လေးပဲလှတာမဟုတ်ဘဲ ရုပ်နယ်လွန်လောကမှာလည်း ကျွမ်းကျင်သေးတော့ ပိုလို့တောင် အဆင်ပြေသေးတယ်။ ကျွန်မရဲ့ စတူဒီယိုနဲ့ စာချုပ်မချုပ်ချင်ဘူးလား။ မကြာခင်မှာ အရည်အချင်းရှိတဲ့သူတွေကို ရွေးထုတ်မယ့်ပြိုင်ပွဲတစ်ခုကို ကျင်းပတော့မှာ၊ ကျွန်မဆရာ့အတွက် နေရာတစ်နေရာစာ ဖန်တီးပေးလို့ရပါတယ်”
ကျန်းလော့ တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။ “ မလိုပါဘူး … ကျေးဇူးတင်ပါတယ်”
ပိုင်ချူး နှမျောတသစွာဖြင့် သူတို့ကို အိမ်ပေါက်ဝ လိုက်ပို့ပေးလာ၏။
နေ့လည်ခင်းတောင် ရောက်တော့မည်ဖြစ်တာကြောင့် အစ်ကိုချောင်က ကျန်းလော့ကို ထမင်းအတူစားဖို့ ဖိတ်ခေါ်လာခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်အတုတူ စားသောက်ဆိုင်ဆီ သွားလိုက်ကြပြီး အနှောင့်အယှက်မဖြစ်စေရန်အတွက် သီးသန့်ခန်းကို ငှားလိုက်၏။
ကျန်းလော့က အစာမစားသေးခင် လက်ဆေးရန်အတွက် ထွက်သွားလိုက်ပြီး အစ်ကိုချောင်တစ်ယောက်တည်းကို သီးသန့်ခန်းမှာ ချန်ထားရစ်ခဲ့သည်။
အစ်ကိုချောင်က ရေနွေးကြမ်းတစ်ခွက်ကို ဖြေးဖြေးချင်း လောင်းထည့်လိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်ကနေ တင်းကျပ်နေအောင် ခေါက်ထားသော အဖြူရောင်စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး ကြော့ကြော့မော့မော့ပင် စာရွက်အခေါက်လေးကို ဖြေကာ အထဲမှာရှိနေသော လိုက်ဖက်ညီစေသည့် အဆောင်၏ပြာမှုန်များကို လှစ်ဟပြလာခဲ့သည်။
အစ်ကိုချောင်က တူတစ်ချောင်းကို မလိုက်ပြီး ရေခွက်၏နံရံကို ညင်ညင်သာသာ ခေါက်လိုက်သည်။ ခေါက်သံထွက်လာပြီးနောက်မှာ ပြာ၏သုံးပုံတစ်ပုံကို ရေနွေးကြမ်းခွက်ထဲ ထည့်လိုက်သည်။
သူ ပြာမှုန်များကို သုံးခါခွဲထည့်ခဲ့ပြီး ထိုအတောအတွင်းမှာ ခွက်၏နံရံကို သုံးခါခေါက်ခဲ့သည်။ ထည့်ပြီးသွားပြီးနောက်မှာ အစ်ကိုချောင် သူ့ကိုယ်ပေါ်ကနေ နီရဲစွာပွင့်လန်းနေသော ကြာပန်းလေးကို ထုတ်လိုက်သည်။
ပိုင်ချူး၏ ကော်ဖီစားပွဲပေါ်မှာ တင်ထားသော ပန်းစည်းထဲကနေ နှုတ်လာခဲ့သည့်ဟာပင်။
သူ့နှုတ်ခမ်းထက်မှာ ချုပ်တည်းမထားသော အပြုံးခပ်ဖျော့ဖျော့ဖြင့် အစ်ကိုချောင် ပန်းပွင့်ကို အမှုန့်ဖြစ်အောင် ချေလိုက်ပြီး ရေနွေးကြမ်းခွက်ထဲကို ထည့်လိုက်သည်။
တူဖြင့်မွှေနေစဉ်မှာ ခွက်ထဲမှာပါဝင်သောအရာများက ရေထဲကို တဖြည်းဖြည်းဖြင့် အရည်ပျော်သွားပြီး သဲလွန်စမကျန်ရစ်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
အစ်ကိုချောင်က ရေနွေးကြမ်းခွက်ကို ငုံ့ကြည့်လိုက်ပြီး ကျန်းလော့၏ ထိုင်ခုံရှိရာဆီ တွေဝေမှုမရှိ တွန်းပို့လိုက်သည်။
တခြားတစ်ယောက်က ဝယ်ထားပြီးတော့ တခြားတစ်ယောက်၏မွေးရက်ကို သုံးထားခဲ့သော လိုက်ဖက်ညီစေသည့် အဆောင်ကို ကျန်းလော့အပေါ် သူသုံးရင်တောင်မှပဲ အလွန်ဆုံးခံမှ တစ်ရက်ကျော်လောက်ပင်ဖြစ်သည်။
သို့သော် ချစ်သူ၏ပန်းကိုပါ ပေါင်းထည့်ထားတာကြောင့် တစ်နေ့တာ အကျိုးသက်ရောက်မှုက နှိုင်းယဉ်လို့ မရအောင်ပင်ဖြစ်သွားခဲ့သည်၊ တချို့သော စုန်းကဝေအတတ်များက လူမသေသော်လည်း သေတာထက်ပင် ပိုပြီးတော့ ခံစားရခက်အောင် လုပ်နိုင်စွမ်းရှိသည်။
ကျန်းလော့က သူ့ကိုအရမ်းချစ်ကြောင်းပြောပြီး ကြင်နာမှုတွေအများကြီးကို ပြသနေမှတော့ သူ့ကို စိတ်ပျက်သွားအောင် လုပ်လို့ဘယ်ဖြစ်ပါ့မလဲ။
ပြောထားတဲ့စကားတွေကို အမှန်ဖြစ်လာအောင် လုပ်ပေးရုံပေါ့။
အထဲမှာထည့်ထားတဲ့ အပြစ်ပေးမှုလေး နည်းနည်းအတွက်ကတော့။
သူ့ကို ဘယ်သူက ဆရာ့စကားကို အမြဲဖီဆန်ခိုင်းလို့လဲ။
အစ်ကိုချောင် သက်ပြင်းချလိုက်သည်။
သို့သော် မကောင်းဆိုးဝါး၏ ပါးစပ်ထောင့်ကတော့ အပေါ်ကို တက်သထက်တက်လာခဲ့ပြီး သိသာလွန်းသော မှုန်းတီးမှုတို့ဖြင့် စွန်းထင်းနေခဲ့သည်။
မိနစ်ဝက်လောက်ကြာပြီးချိန်မှာ ကျန်းလော့ ပြန်ရောက်လာခဲ့သည်။သူ ငွေဖြူရောင်လျှပ်စစ် စီးကရက်တစ်လိပ်ကို ယူလာခဲ့ပြီး စီးကရက်ကို ပေါ့ပေါ့ပါးပါးပင် အပေါ်ကိုမြှောက်ကာ ပြောလာခဲ့သည်။ “ပူရှိန်းအရသာတဲ့ … အစ်ကိုချောင် မကြိုက်ရင် ကျွန်တော်အပြင်ထွက်ပြီးတော့ သောက်လိုက်ပါ့မယ်”
စီနီယာအစ်ကိုချောင်က ပြုံးလိုက်ပြီး ခေါင်းယမ်းပြလာ၏။ “ ထိုင်လေ … ခဏနေရင် အစားအသောက်တွေ လာပို့တော့မှာ”
ကျန်းလော့ သူ့ဘေးနားမှာ ပေါ့ပေါ့ပါးပါးပင် ဝင်ထိုက်လိုက်ပြီး ခုံကိုမှီကာ စီးကရက်ကို သက်သောင့်သက်သာဖြင့် သောက်လိုက်သည်။
သူက အဖြုရောင်တီရှပ်နှင့် ကော်လံထောင် လည်သာအင်္ကျီကို ဝတ်ထားခဲ့သည်။ အခုချိန်က နည်းနည်း ပူလာပြီဖြစ်၍ အခန်းထဲကို ပြန်ရောက်ရောက်ချင်းမှာ အပေါ်ထပ်အင်္ကျီကို ချွတ်ပြီးတော့ ထိုင်ခုံနောက်မှီပေါ် တင်ထားလိုက်သည်။ သူ၏အနက်ရောင်ဆံပင်တို့က တီရှပ်နှင့် အပေါ်ထပ်ကြားမှာ တွန့်ခေါက်နေခဲ့ပေမယ့် သူ ဂရုမစိုက်ဘဲ ဆံပင်ကိုအနောက်ပို့လိုက်ပြီး ခါးအနည်းငယ်ကုန်းကာ ဆေးလိပ်၏ အရသာကို ခံစားလိုက်သည်။
လက်ဖမိုးပေါ်မှာရှိသော အနီရောင်မှည့်လေးက ငွေဖြူရောင်လျှပ်စစ် စီးကရက်ပေါ်မှာ ထင်ဟပ်နေခဲ့ပြီး ရွှံ့နွံထဲမှာ ပွင့်လန်းနေသော အနီရင့်ရင့် ပန်းလေးတစ်ပွင့်အလားပင်။
အစ်ကိုချောင်၏အကြည့်က သူ့လက်ဖမိုးထက်မှာရှိသော အနီရောင်မှည့်လေးကနေ သူ့နှုတ်ခမ်းဆီ မသိမသာလေးရောက်သွားခဲ့ပြီး ကျန်းလော့ အဖြူရောင်ဆေးလိပ်ငွေ့ကို ရှိုက်ထုတ်ပြီးသည်အထိစောင့်ကာ ပြောလိုက်သည်။ “ ညီလေး… ဆေးလိပ်သောက်ပြီးသွားရင် ရေနွေးကြမ်းလေး သောက်ဖို့မမေ့နဲ့ဦးနော်… အစာမစားခင် နှုတ်ခမ်းကို စိုအောင်လို့ပေါ့”
တော်လျှောက်တောင့်တင်းနေခဲ့သော ကျန်းလော့၏အာရုံကြောများက “ရေနွေးကြမ်း” ဆိုသည့်စကားလုံးကို အထူးတလည် သတိထားလိုက်မိသည်။
သူ ဘာမှမဖြစ်သလို ခေါင်းငြိမ့်ပြလိုက်ပြီး သူ့အရှေ့ရှိနေသောခွက်ကို ငုံ့ကြည့်လိုက်သည်။
ခွက်ထဲကို စေတနာဖြင့် ရေနွေးကြမ်း ဖြည့်ထားပေးခဲ့သည်၊ ဘာလီလက်ဖက်ရည်က ကြည်လင်သော အဝါရောင်သန်းနေခဲ့ပြီး လက်ဖက်ရည်ခွက်က ခြောက်သွေ့ကာ သန့်ရှင်းနေခဲ့၏၊ သာမန်ရေနွေးကြမ်းခွက် တစ်ခွက်လိုပင်။
သို့သော် သူမနက်က ပိုင်ချူး၏အိမ်မှာလုပ်ခဲ့သော ရှေ့ဖြစ်ဟောကို သွားသတိရလိုက်မိသည်။
လှည့်စားခြင်း၏ ကွား။
လုံးဝကိုအကျိုးအကြောင်း မသင့်တဲ့ မမျှော်လင့်ထားတဲ့ ပြဿနာ။
ကျန်းလော့၏မျက်ခုံးတွေ ပင့်တက်သွားခဲ့၏၊ သူ့ကို သံသယဖြစ်လွန်းတယ်ပဲပြောပြော သတိအရမ်းထားလွန်းတယ်ပဲပြောပြော၊ သူဒီခွက်ထဲက ရေနွေးကြမ်းကို မသောက်ချင်ပေ။
သို့သော် ချီယုံ၏ကြိုးဆွဲရုပ်ကိုလည်း သူအခုချက်ချင်း မဖော်ထုတ်ချင်သေးပေ။
ကျန်းလော့ နှုတ်ခမ်းစေ့လိုက်ပြီး စီနီယာအစ်ကိုချောင်၏ ရှေ့မှာရှိနေသော ရေနွေးကြမ်းခွက်ကို အကြည့်ရောက်သွားခဲ့သည် ထို့နောက် မျက်လုံးထဲမှာ အရောင်လက်သွားပြီး အကြံတစ်ခုရလိုက်၏။
သူ၏စီးကရက်ကို ဖြည်းဖြည်းချင်း အောက်ချလိုက်ပြီး ခွက်ကိုမလိုက်သည်။ ရေနွေးကြမ်းခွက်နှင့် သူ့နှုတ်ခမ်း ထိတော့မည့်ဆဲဆဲမှာပဲ ကျန်းလော့ မျက်မှောင်ကြုတ်ကာ ခွက်ကိုအောက်ပြန်ချလိုက်ပြီး လျှောကျလာသောဆံပင်ကို လက်ဖြင့် စိတ်မရှည်သလို သိမ်းလိုက်၏။ “အစ်ကိုချောင် … ကျွန်တော့်ဆံပင်တွေကို အကုန်သေချာ စည်းထားမိလားဆိုတာ ကြည့်ပေးပါဦး”
အစ်ကိုချောင်က သူ၏ရှုပ်ထွေးနေသော ဆံပင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ မစည်းထားဘူး”
ကျန်းလော့ သားရေကွင်းကို ပေါ့ပေါ့ပါးပါးပင် ဖြုတ်လိုက်ပြီး လက်တစ်ဖက်ဖြင့် မေးကိုထောက်ရင်း အစ်ကိုချောင်ကို ကြည့်လာခဲ့သည်။ “အဲတာဆိုရင် ကျွန်တော့်ကို ဆံပင်ပြန်စည်းပေးဖို့ အစ်ကိုချောင်ကိုပဲ အကူအညီတောင်းရတော့မှာပေါ့ “
သူက အမွှေးရှင်းပေးဖို့ရာအတွက် စောင့်ဆိုင်းနေသော ကြောင်အကြီးစားတစ်ကောင်နှင့် တူနေခဲ့သည်၊ သူ့မျက်ခုံးမွှေးတို့က အောက်ဘက်ကို ပျင်းတိပျင်းရွဲ့ဖြင့် ငိုက်ကျနေခဲ့ပြီး အဖြူရောင်ဆံပင်တစ်မျှင်ကလည်း နှင်းဆီရောင်သန်းသော နှုတ်ခမ်းအနားမှာ ကျဆင်းနေခဲ့သေးသည်။ သူ အသက်ရှုထုတ်လိုက်တိုင်းမှာ ဖျော့တော့တော့လေးရသော ပူရှိန်းအနံ့လေးကလည်း ရှိနေပြန်သည်၊ မည်သူမှ ငြင်းဆန်ဖို့မဖြစ်နိုင်သော တောင်းဆိုမှုပင်ဖြစ်၏။
စီနီယာအစ်ကိုချောင်က သူ့ကို စက္ကန့်အနည်းငယ်လောက် စူးစိုက်ကြည့်လာခဲ့ပြီးနောက်မှာ ပြုံး၍ ပြောလိုက်သည်။ “စည်းပေးမယ်လေ’
အစ်ကိုချောင်အနားကို ကျန်းလော့ တိုးကပ်သွားလိုက်ပြီး သူ၏ပိုးသားကဲ့သို့ အနက်ရောင်ဆံနွယ်တွေကို အစ်ကိုချောင်၏ မျက်စိရှေ့မှာ ဖြန့်ချလိုက်သည်။ အစ်ကိုချောင်က တည်တည်ငြိမ်ငြိမ်ပင် သူ့ဆံပင်ကို စည်းပေးလာခဲ့ပြီး သူ၏အေးစက်စက် လက်ချောင်းတို့က ကျန်းလော့၏ ဦးရေပြားကို ဆံပင်ကြားကနေ အကြိမ်ရေတချို့လောက် ထိလာခဲ့၏။
ကျန်းလော့ မတ်မတ်ထိုင်လိုက်ပြီး အစ်ကိုချောင်၏မြင်ကွင်းကို လုံးလုံးပိတ်ဆို့ပစ်လိုက်သည်။
ဆံပင်ကို ရှင်းပြီးနောက်မှာ အစ်ကိုချောင် ပြန်ချည်၍ ကျန်းလော့၏ပခုံးထက်မှာ လျော့လျော့ကလေး ထားပေးကာ ကျန်းလော့၏ပုံစံကို နူးညံ့မှုလေး အနည်းငယ် ပေါင်းထည့်ပေးလိုက်သည်။
ကျန်းလော့ မတ်တပ်ထရပ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်က အပြုံးကို ကွယ်ဝှက်လိုက်သည်။ “ကျေးဇူးတင်ပါတယ် … အစ်ကိုချောင်”
သူ့ထိုင်ခုံဆီ ပြန်သွားလိုက်ပြီး ရေနွေးကြမ်းခွက်ကို ကောက်ယူကာ တစ်ငုံသောက်သလို ဟန်ဆောင်လိုက်သည်။ သူ သောက်နေချိန်မှာ ရေနွေးကြမ်းခွက်၏ အကွယ်ကနေ ကျန်းလော့၏မျက်လုံးတို့ အနည်းငယ်ကွေးညွတ်သွားခဲ့သည်။
သူနှင့်ချီယုံ၏ ရေနွေးကြမ်းခွက်ကို သူလဲလိုက်တာဖြစ်သည်။
ဘာပြဿနာမှမရှိရင်တော့ အကောင်းဆုံးပေါ့၊ ပြဿနာရှိခဲ့လျှင်လည်း ချီယုံ သူများမကောင်းကြံလို့ သူပြန်ခံရတာပဲ။
သူရေနွေးကြမ်းကို သောက်တာတွေ့ချိန်မှာ အစ်ကိုချောင်လည်း ပြုံးပြီး ရေနွေးကြမ်းကို သောက်လိုက်သည်။ နှစ်ယောက်စလုံးက ဟန်ဆောင်နေကြသော်လည်း အပေါ်ယံမှာတော့ လိုက်ဖက်ညီနေကြသည်။ အစားအသောက်ရောက်လာချိန်မှာ ကျန်းလော့ နှစ်လုပ်မျှသာစားရသေးသည်၊ သူ့ဘေးနားမှာထိုင်နေသော အစ်ကိုချောင်က တဖြည်းဖြည်းနှင့် တူကို လှုပ်တယ်ဆိုရုံလေး လှုပ်နေကြောင်း သတိထားမိလာ၏။
ကျန်းလော့ ထူးဆန်းသလို ခံစားလာရသည်။
အကြောင်းရင်းကတော့ သူ့ကို စိုက်ကြည့်နေသော စီနီယာအစ်ကိုချောင်၏ အကြည့်ကြောင့်ပင်ဖြစ်၏။
ထိုအကြည့်က အလွန်ပင်ပျစ်ချွဲနေခဲ့ပြီး အသားကိုဆွဲနုတ်ကာ အရိုးကိုခြစ်နေသကဲ့သို့ ကြောချမ်းစရာကောင်းပြီး ကျန်းလော့ တစ်ကိုယ်လုံးကို ကြက်သီးမွေးညင်းထလာစေခဲ့သည်။ သူ မကောင်းသည့်ခံစားချက်ကို အလိုလိုခံစားလိုက်မိပြီး တွေဝေမနေဘဲ မဆိုင်းမတွပင် ထရပ်ကာ တောင်းပန်စကားဆိုလိုက်သည်။
“ အားတော့နာပါတယ် အစ်ကိုချောင် … ကျွန်တော် သန့်စင်ခန်းကို နောက်တစ်ခေါက်ထပ်သွားလိုက်ဦးမယ်”
အစ်ကိုချောင်က သဘောကောင်းသည့် အပြုံးကိုပြုံးပြလာခဲ့ပြီး အမူအရာက ပုံမှန်အတိုင်းပင်။ “ သွားလေ”
ကျန်းလော့ ချက်ချင်းထထွက်သွားလိုက်၏။
သူ သန့်စင်ခန်းကိုမသွားခဲ့ပေ ထိုအစား စားသောက်ဆိုင်၏ဝင်ပေါက်ဆီ တန်းသွားလိုက်ပြီး တက်စီငှားကာ ကျောင်းကိုတန်းပြန်ဖို့ ရည်ရွယ်လိုက်သည်။
အလိုလိုသိစိတ်က သူ့ကိုပြောနေခဲ့သည်၊ သူ သည်နေရာကနေထွက်မသွားလျှင် မမျှော်လင့်ထားသော ပြဿနာက သူ့ဆီရောက်လာတော့မည်ဆိုပြီး။
ကျန်းလော့၏ နားထင်တို့ ထိုးကိုက်လာခဲ့သည် သို့သော် သူ လွတ်နေသောအခန်းရှေ့ကို ဖြတ်အသွားမှာပဲ အနက်ရောင်မြူထုက သီးသန့်ခန်းထဲကနေ ရုတ်တရက် ထွက်လာခဲ့ပြီး သူ့ကို ချက်ချင်းဆိုသလို ရစ်ပတ်ကာ သီးသန့်ခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
ဝုန်း။
သီးသန့်အခန်း၏တံခါးက ဆောင့်ပိတ်သွားခဲ့သည်။
အစားအသောက်လာပို့သောဝန်ထမ်းက ထိုအသံကိုကြား၍ ရောက်လာခဲ့သည် သို့သော် ဘာမှမတွေ့ရ၍ အံ့ဩကာ ပြန်ထွက်သွားခဲ့သည်။
စင်္ကြန်လမ်းက တိတ်ဆိတ်မှုထဲကို သက်ဆင်းသွားခဲ့သည်။
---------