Ch 43
Viewers 8k

အခန်း-၄၃.၁ 


စက္ကူလူသားရဲ့အသိုက်


ရွေးချယ်ခံရသော မိန်းကလေးအား ထိုသို့ဆက်ဆံခြင်းက ပထမဆုံးအကြိမ် မဖြစ်နိုင်ပေ။ 


ယင်းက ရွေးချယ်ခံရခြင်းရဲ့ တကယ့်ရည်ရွယ်ချက်လား။ 


ကျန်းလော့က သူ့လက်ကို တမင်တကာ ဗလာထားလိုက်သည်။ သူက ဟန်ဆောင်ရုန်းကန်လိုက်ပြီးနောက် ရွာလူကြီးရဲ့လက်ထဲမှာ နာနာခံခံ ချည်နှောင်ခံလိုက်သည်။ 


ရွာလူကြီးက သူ့ကို မိန်းကလေးလို့ မှတ်ထင်ထားတာကြောင့် တင်းတင်းကျပ်ကျပ် မချည်နှောင်ခဲ့ပေ။ ကျန်းလော့၏ကိုယ်ကို ကြိုးများဖြင့် တုတ်နှောင်ပြီးနောက် ရွာလူကြီးက ပြောသည်။ 


“နတ်တမန်တော် ကျုပ် သူမကို ကြိုးနဲ့ချည်ပြီးပါပြီ”


နတ်တမန်တော်က ပြန်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ “ရွာလူကြီး ဒါက မင်း ကြိုးချည်ထားတဲ့ နည်းလမ်းလား”


ရွာလူကြီးက သူ့လက်များကို အချင်းချင်း ပွတ်သပ်လိုက်ပြီး ကျန်းလော့ကို ဇဝေဇဝါ ကြည့်လာပြီး ဘာများမှားနေသလဲဟု တွေးဟန်ဖြင့်.. “ဒါက ချည်နှောင်ထားတဲ့နည်းလမ်းပါပဲ”


ကျန်းလော့ နဖူးကျုံ့သွားမိသည်။ 


ချီယုံက သူ့အနောက်ကို ရောက်လာတော့မည့် ခံစားချက်မျိုးကို သူ ခံစားလိုက်ရသည်။ 


မှန်ပေ၏။ နတ်ထိန်းက သူ့ဆီကို လျှောက်လာပြီးတော့ စိုစွတ်နေတဲ့ ဝတ်ရုံက ခြောက်သွေ့သွားပြီ ဖြစ်သည်။ လျှို့ဝှက်ဆန်းကျယ်သော နတ်တမန်တော်က ကျန်းလော့ရှေ့မှာ ရပ်လာပြီး ဆံပင်အနက်နဲ့လူငယ်ကို စူးစိုက်ကြည့်လိုက်သည်။ ကျန်းလော့က သူဘာလုပ်မည်ကို အေးစက်စက် စိုက်ကြည့်နေလိုက်သည်။ 


အနက်ရောင်ဝတ်ရုံ ခြုံလွှမ်းထားတဲ့ သူ့လက်ကို မြောက်လိုက်တော့ ဝတ်ရုံအောက်က သူ့လက်က ပေါ်လာပြီးတော့ အနက်ရောင်ဝတ်ရုံကနေ လက်နှစ်လုံးစာ အဝတ်တစ်စက သူ့လက်ပေါ်ကို ဖြည်းဖြည်းချင်း ပြုတ်ကျသွားသည်။ 


နတ်တမန်တော်ရဲ့ ဖြူပြီးတော့ အစိမ်းရောင်သန်းနေသော လက်အသားအရေက ကျလာသော အဝတ်စနက်ကို သိသာထင်ရှားစေသည်။ 


သူက သူ့လက်ထဲမှာ အဝတ်စကို ကိုင်ထားပြီးတော့.. “လူကို ချည်ထားရုံက မလုံလောက်ဘူး”


နတ်တမန်တော်က လက်ကို မြှောက်လိုက်ပြီး ကျန်းလော့ရဲ့မျက်လုံးအနားကို အနက်ရောင်အဝတ်စ ရောက်လာကာ မီးတောက်နေသလို တောက်ပနေတဲ့ ဆံပင်အနက်နဲ့လူငယ်လေးရဲ့လှပသောမျက်လုံးများကို ညင်သာစွာ ဖုံးအုပ်လိုက်သည်။ 


“သူ့မျက်လုံးတွေကို ကြိုးချည်ထားရမယ်”


သေစမ်း..။ 


ကျန်းလော့က မြင့်မြတ်သောနတ်တမန်တော်၏ အသံအတွင်း ကွယ်ဝှက်ထားသော ရယ်မောသံကို သေချာပေါက် ကြားလိုက်နိုင်သည်။ (လှောင်နေတာကို သိတယ်လို့ ပြောတာပါ)


ထင်ထားသလိုပင် ခွေးကောင်ချီယုံက သူ့ကို ပြဿနာအသစ်တစ်ခု ပေးလာသည်။ 


မျက်လုံးများကို ဖုံးအုပ်လိုက်ပြီးနောက် အမြင်အာရုံက မှောင်အတိ ကျသွားသည်။ မျက်နှာမတွေ့ရသော ရန်သူနှင့် မျက်စိမမြင်ရခြင်းက ကျန်းလော့ကို အမှန်ပင် ထိတ်လန့်သွားစေသည်။ ကျန်းလော့က သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး နှုတ်ခမ်းထောင့်များကို ဖြောင့်တန်းစေလိုက်သည်။ 


မြင့်မြတ်သောနတ်တမန်တော်က အနက်ရောင်အဝတ်စကို ခေါင်းနောက်တွင် ညင်သာစွာ ချည်နှောင်နေသည်။ 


မျက်စိမမြင်ရသည့်အခါ နားသည် အလွန်အမင်း အာရုံခံနိုင်လာသည်။ ကျန်းလော့သည် သူ့အဝတ်အစားများ အသံကို နားထောင်ပြီး အနက်ရောင်ဝတ်ရုံက သူ့ပခုံးကို ထိမိသွားသည်ကိုပင် မှန်းဆနိုင်လုနီးပါးပင်။ 


သူ့နှာသီးဖျားက နတ်တမန်တော်၏ ရနံ့ကို ဖမ်းဆုပ်ထားလိုက်နိုင်၏။ 


စန္ဒကူးသားအမွှေးတိုင်နှင့် ဖယောင်းတိုင်တို့၏ မွှေးပျံ့သော ရနံ့ဖြစ်သည်။ 


နတ်တမန်တော်က တမင်တကာ နှေးကွေးစွာ လှုပ်ရှားနေသည်။ ကြည့်နေသူများအမြင်တွင် နတ်တမန်တော်၏ အနက်ရောင်ဝတ်ရုံက ဆံနက်ကောင်လေးကို သူ့လက်မောင်းတွေထဲမှာ ဖုံးအုပ်ထားသလို ဖြစ်နေစေပြီး တင်းကျပ်စွာ ပိတ်လှောင်ထားချင်သလို ဖြစ်နေသည်။ (ကျန်းလော့ကို အနောက်ကနေ ဝတ်ရုံ ဝတ်ပေးလိုက်တယ်လို့ ပြောတာပါ)


ကြည့်နေသူများအနက် ရွာလူကြီးက နတ်တမန်တော်၏ ထိုသို့သော အပြုအမူကို ယခင်က တစ်ကြိမ်မျှ မလုပ်ဖူးလို့ အံ့အားသင့်နေသည်။ 


ကျန်းလော့၏ မျက်ဝန်းများကို စည်းနှောင်ပြီးနောက် နတ်တမန်တော်က နောက်ပြန်ဆုတ်သွားကာ မျက်လုံးတွေ စည်းခံလိုက်ရသော ဆံနက်လူငယ်လေးကို တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ၏ဖြူဖျော့ဖျော့ နှုတ်ခမ်းက အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ 


“လာ.. အလှူခံဖို့ ငါနဲ့ လိုက်ခဲ့ ရွာလူကြီး..”


ရွာလူကြီးက ခပ်မြန်မြန် တုံ့ပြန်လိုက်ပြီး သူတို့နှစ်ဦး၏ခြေသံများက ဝေးကွာသွားသည်။ 


ကျန်းလော့က နောက်ထပ် စက္ကန့်(၂၀) စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ပြီး ဤနေရာမှာ ဘယ်သူမှ မရှိတော့တာ သေချာမှ သူ့လက်စွပ်ထဲက ဓားငယ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ကြိုးကို တိတိကျကျ ဖြတ်တောက်လိုက်သည်။ 


သူ့လက်လွတ်သွားသည်နှင့် ကျန်းလော့သည် အနက်ရောင်ဝတ်ရုံကို ဆွဲဖယ်လိုက်ပြီး မျက်လုံးပိတ်ထားသည်ကို ဖြည်ချလိုက်သည်။ အနက်ရောင်ဝတ်ရုံကို မြေပေါ်သို့ ပစ်ချလိုက်လိုသော်လည်း တစ်စုံတစ်ခုကို သတိရသွားပြီး သူ့ပခုံးပေါ်သို့ တင်လိုက်သည်။ 


နတ်တမန်တော်အဖြစ်လည်း သူ ဟန်ဆောာင်နိုင်သေးပေသည်။ 


နတ်တမန်တော်နှင့် ရွာလူကြီး ပြန်မလာမီတွင် နတ်ကွန်းကို လှည့်ပတ်ကြည့်ရန် သူ အချိန်ရပေသည်။ သူ ဖယောင်းတိုင်တစ်တိုင်ကို ကိုင်ပြီး ကျောက်နံရံတစ်ဖက်တစ်ချက်စီရှိ နံရံပေါ်မှ ပန်းချီများကို ကြည့်ရှုစစ်ဆေးလိုက်သည်။ 


ပန်းချီကားက မြင်ကွင်းနှစ်ခုကို ပုံဖော်ထားခြင်းသာ။ 


တစ်ခုမှာ ရွာသူရွာသားများ၏ ကိုးကွယ်နေသောပုံ ဖြစ်သည်။ ရွာသူရွာသားများသည် မြေပြင်ပေါ်တွင် တလေးတစား ဒူးထောက်ကာ ထာဝရအသက်ရှင်ရန် ဆုတောင်းနေကြပြီး ၎င်းတို့ရှေ့တွင် ပြုံးနေသည့် အဖြူအမည်း ဘုရားရုပ်တုက မျက်လုံးဖွင့် မျက်မှောင်ကြုတ်လျက် ရှိသည်။


ရုပ်တု၏ဘေးတွင် အကာအကွယ်ပေးနေပုံရသော လူနှစ်ယောက်ရှိကာ တစ်ယောက်က ဓားကြီးတစ်လက်ကို ကိုင်ထားပြီး နောက်တစ်ယောက်က အနီရောင်ဝတ်ထားသည်။ ရုပ်တု၏နောက်တွင် စီးဆင်းနေသော ရေစီးကြောင်းနှင့် စီတန်းနေသော သစ်ပင်များရှိသည်။ 


ကျန်းလော့၏အကြည့်များက ဓားကြီးကို ကိုင်ဆောင်ထားသော သူပေါ်တွင် ကျရောက်သွား၏။ 


သူက စီဝမ်ကွေးလား။ 


ဒုတိယပန်းချီကားတွင် ယဇ်ပူဇော်သည့် မိန်းကလေးများ၏ မြင်ကွင်းကို ပြသထားသည်။ မိန်းကလေးများသည် လျှို့ဝှက်လမ်းထဲသို့ဝင်ရန် တန်းစီနေပြီး နတ်ရုပ်တုကို တွေ့ရသည်။ ရုပ်တုရှေ့တွင် ဒူးထောက်ပြီး မျက်လုံးများကို မှိတ်ထားကြတယ်။


ဆိုရလျှင် ယင်းက မြင့်မြတ်ပြီး လှပဟန် ရှိသော်လည်း အနီးကပ်စစ်ဆေးလိုက်ပါက မိန်းကလေး၏ လက်ကောက်ဝတ်မှာ ဖြတ်ရှရာ ရှိနေပြီး သွေးများသည် ရုပ်ထု၏ ကိုယ်ဆီသို့ စီးဆင်းသွားကာ အရောင်မဲ့နေရာမှာ အရောင်ခြယ်လိုက်သလို ဖြစ်သွားစေသည်။ 


ရုပ်တုက သူတို့၏အသက်ကို ယူလိုက်ပြီး ကျောက်တုံးမှ အသက်ဝင်လာသည့်နှယ်။ 


ကျန်းလော့က ရုပ်တုကို ပြန်ကြည့်လိုက်သည်။ 


ရုပ်တုက ကြင်နာသောအပြုံးဖြင့် တင်ပျဉ်ခွေ ထိုင်ကာ အပေါ်က ပန်းချီကားနှင့် တူညီနေ၏။ ကျန်းလော့က ရုပ်တုအနီးသို့ ဖယောင်းတိုင်ဖြင့် ချဉ်းကပ်လာသည်။ 


ရုပ်တုသည် ခြေထောက်ကလွဲလို့ အားလုံး ဆေးခြယ်ပြီးလုနီးပါး ဖြစ်နေသည်။ 


ရုပ်တုပေါ်က အရောင်တွေက ဘာကို ကိုယ်စားပြုတာလဲ။ 


ကျန်းလော့က မျက်မှောင်ကြုတ်လိုက်ပြီး နောက်ကို နှစ်လှမ်းဆုတ်လိုက်သည်တွင် နတ်တမန်တော်နှင့် ရွာလူကြီးက ပြန်ရောက်လာသည်ကို သိလိုက်သည်။  


ကျန်းလော့က ချက်ချင်း ခုန်ဆင်းလိုက်ပြီး ရုပ်တု၏ နောက်တွင် ဝင်ပုန်းလိုက်သည်။ (ကြည့်ရတာ ကျန်းလော့က ရုပ်တုကို ကြည့်ဖို့ ပလ္လင်ပေါ်တက်သွားတယ် ထင်တယ်။ သေသေချာချာ မရေးထားဘူးရယ်။ TN Note က အခြေအနေ မပေါ်လွင်မှာစိုးလို့ ထည့်တာပါ။ မကြိုက်ဘူးဆိုရင် ပြောပေးပါနော်)


ကံကောင်းစွာဖြင့် ရုပ်တုသည် ဒူးထောက်ထိုင်နေသော ကျန်းလော့ကို ကွယ်ထားရန် လုံလောက်ပေသည်။ ကျန်းလော့ ပုန်းအောင်ပြီးသည့်အချိန်တွင် နတ်တမန်တော်နှင့် ရွာလူကြီးက နတ်ကွန်းအတွင်းသို့ ရောက်လာတော့သည်။ 


ရွာလူကြီး၏ ထိတ်လန့်တုန်လှုပ်နေသောအသံက ထွက်ပေါ်လာတော့သည်။ 


“လူတွေ ဘယ်မှာလဲ။ ဘယ်သွားလိုက်ကြတာလဲ”


နတ်တမန်တော်က တိတ်ဆိတ်နေ၏။ 


ရွာလူကြီး၏အသံက အကြောက်တရားတို့ဖြင့် ကျယ်လောင်လာသည်။ 


“နတ်တမန်တော်.. ဘယ်လိုလုပ်ကြမလဲ”


ကျန်းလော့က သူတို့၏စကားများကို နားစွင့်ပြီး နားထောင်နေသည်။ 


နတ်တမန်တော်က အကြောင်းပြချက်အချို့ကြောင့် တိတ်နေပြီး အတန်ကြာမှာ ဆိုလာသည်။ “မြေအောက်က ဝင်္ကပါလိုပဲ သူ ဝေးဝေး မရောက်နိုင်ဘူး”


“ဟုတ်တယ် သူမ ဝေး‌ဝေး မပြေးနိုင်ဘူး” ရွာလူကြီးက ပစ်ချထားသော ကြိုးကို ကြည့်လိုက်ပြီးနောက်။ 


“နတ်တမန်တော်.. အပြင်ထွက်ပြီး မြန်မြန် လိုက်ရအောင်”


ကျန်းလော့သည် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း နတ်တမန်တော်၏ အဖြေကို စောင့်ဆိုင်းရင်း လက်မှ ချွေးစေးများပင် ထွက်လာသည်။ 


“ဒါဆို သွားစို့”


လူနှစ်ဦးက တဖြည်းဖြည်း ဝေးကွာသွားသည်။ 


သို့သော်လည်း ကျန်းလော့က အလျင်စလို မလုပ်ဘဲ ရုပ်တု၏ နောက်ကျောကို စိုက်ကြည့်ရင်း သူ့စိတ်အတွင်း တစ်မိနစ်စာကို ရေတွက်လိုက်သည်။ 


ဘယ်သူမှ ပြန်မလာမှ သူတို့နှစ်ယောက် သွားပြီဟု စိတ်ချလိုက်သည်။ 


ကျန်းလော့က အိပ်ဆောင်ဓားကို ဖယ်လိုက်ပြီး မဆင်းသေးဘဲ ရုပ်တုကို အနီးကပ်ကြည့်ရန်သာ လုပ်ဆောင်လိုက်သည်။ 


ကျန်းလော့က သတိကြီးကြီးဖြင့် ပထမဦးစွာ ဆဌမနှစ်မြွေကို သူ့ကိုယ်ပေါ်တွင် ရစ်ပတ်စေလိုက်ပြီး ရုပ်တုကို မထိတွေ့မီ သူ့လက်တွင် နတ်တမန်တော် ထားခဲ့သည့် အနက်ရောင်ဝတ်ရုံကို သူ့ညာလက်တွင် ရစ်ပတ်လိုက်သည်။ 


အံ့ဩဖို့ကောင်းသည်မှာ ရုပ်တု၏အသွင်အပြင်က ကျန်းလော့ စိတ်ကူးထားသည်ထက် များစွာ နူးညံ့ပေသည်။ 


ကျန်းလော့၏ မျက်ခုံးများက မြင့်တက်သွားပြီး လူသေကောင်၏အရေပြားကို ထိမိလိုက်သလို ခံစားလိုက်ရသည်။ 


နူးညံ့ အေးမြပြီး ကျောက်တုံး၏ အထိအတွေ့နှင့် လုံးဝ မတူညီချေ။ 


သူ့လက်က ရုပ်တု၏ လည်ပင်းဆီသို့ ဖြည်းညင်းစွာ တိုးသွားပြီး အသက်ရှိမရှိကို စမ်းသပ်ရန် ကြိုးစားလိုက်သည်။ 


ကျန်းလော့၏လက်က ရုပ်တု၏လည်ပင်းဆီသို့ ရောက်လုဆဲဆဲတွင် ကျောက်လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ 


ကျန်းလော့က အသက်ရှုမှားသွားပြီး ချက်ချင်း ကြည့်လိုက်မိသည်။ 


ရုပ်တု၏ ဦးခေါင်းက ကိုးဆယ်ဒီကရီလိမ်သွားပြီး သူ့ကို ကြင်နာသော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။ 


မြွေသည် မကောင်းဆိုးဝါး အငွေ့အသက်ကို ရရှိသွားပြီး ရုပ်တုကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ရုပ်တု၏ အပြုံးက မပြောင်းလဲသွားဘဲ ကျန်းလော့၏ခြေသလုံးကို သူ့ကျောက်တုံးလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကျောက်လက်ချောင်းဖြင့် အသားထဲသို့ ထိုးဖောက်လိုက်ကာ လက်ငါးချောင်းရာ ကျန်ရစ်စေခဲ့သည်။ 


ကျန်းလော့သည် အော်ဟစ်လိုက်မိပြီး ရုပ်တု၏လက်ကို အဝေးသို့ ကန်ထုတ်လိုက်၏။ မြွေသည် ရုပ်တုကို ထပ်မံ ဆောင့်ဆွဲခါလိုက်ပြီး ထိုအားနှစ်ခုကို မခံနိုင်သဖြင့် နတ်စင်မြင့်သည် ရုတ်တရက် ပြိုကျသွားပြီး အပေါက်ကြီး ဖြစ်သွားတော့သည်။ 


ကျန်းလော့သည် ခြေလွတ်လက်လွတ်ဖြင့် မြေတွင်းထဲသို့ ပြုတ်ကျသွားတော့သည်။ မြွေက သူ့ကို လိုက်ဖမ်းရန် သူ့နောက်သို့ လိုက်လာပြီး ရုပ်တုသည်လည်း ပြုံးလျက်ဖြင့် ရှေ့သို့ လိမ့်ကာ တွင်းထဲသို့ ခုန်ဆင်းလာသည်။


မြေတွင်းက အလွန်ရှည်သည်။ 


လေသည် ကျန်းလော့၏နားရွက်ကို ဖြတ်တိုက်သွားပြီး သူ့ခြေထောက်ရှိ ဒဏ်ရာမှ စီးကျနေသော သွေးအများအပြားကလည်း လေဖြင့် အနောက်သို့ လွင့်စင်နေသည်။ ဒါက သူ့ရဲ့ကံကြမ္မာဆိုးပဲလား။ ကျန်းလော့ တွေးတောလိုက်မိသည်။ 


သို့သော် သူ့မျက်ဝန်းများမှ အကြည့်များက တဖြည်းဖြည်း တည်ငြိမ်လာပြီး စိတ်ထိန်းနိုင်သွားသည်။ ယခင်က ဆယ့်ရှစ်ကြိမ် သေခဲ့ဖူးပြီးနောက် ဤဒဏ်ရာသည် သူ့အား သူ့ကံတရားမှာ အရှုံးပေးပြီး နှုတ်ထွက်စေရန် မလုံလောက်ပေ။ 


သူ့နောက်မှ မြွေက သူ့ကို ရစ်ပတ်လိုက်ပြီး မြေကြီးပေါ်သို့ ညင်သာစွာ သယ်ဆောင်သွားသည်။ သို့သော် ကျန်းလော့သည် သူ အောက်သို့ ရောက်သည်နှင့် မြွေအား ယင်ယန်လက်စွပ်အတွင်းသို့ ထည့်သိမ်းလိုက်တော့သည်။ 


ရွှေရောင်ပုံရိပ်များ ပျောက်ကွယ်သွားပြီးနောက် ဘာမှမမြင်ရသော အမှောင်ထုအတွင်းသို့ ဂူတစ်ခုလုံး ကျရောက်သွားတော့သည်။ ကျန်းလော့သည် ထောင့်တစ်ခုတွင် နေရာယူလိုက်ပြီး ဒဏ်ရာရနေသော ခြေသလုံးကို ဆန့်လိုက်ကာ ဖူလူကို အသုံးပြု၍ သွေးတိတ်စေလိုက်ပြီး သွေးများကို သုတ်ရန် ဝတ်ထားသည့် အင်္ကျီကို ဆုတ်ဖြဲပြီးနောက် ပစ်ချထားလိုက်သည်။ မကြာမီတွင် ကျယ်လောင်သော ပေါက်ကွဲသံဖြင့် ရုပ်တုက မြေတွင်းထဲသို့ ကျလာတော့သည်။ 


ကျန်းလော့သည် မျက်နှာထား မပြောင်းလဲသွားဘဲ ခေါင်းလှည့်ကာ အမှောင်ထဲသို့ စိုက်ကြည့်လိုက်သည်။ 


သူ ပြုတ်ကျခဲ့စဉ်က တစ်ခုခုကို တွေးမိခဲ့သည်။ 


မြေပြင်ပေါ်ရှိနတ်ဘုရားပုံနှင့် မြေညီထပ်သို့ ဆင်းသည့် ကျောက်လှေကားတွင် မီးမထွန်းထားဘဲ စင်မြင့်ပေါ်တွင်သာ မီးထွန်းထားသည်။ 


ရုပ်တုသည် အမှောင်ထဲတွင် မမြင်နိုင်ဟု သူ ခန့်မှန်းလိုက်သည်။ 


ယင်းက တစ်စုံတစ်ယောက်သည် ရုပ်တုကို မြေပြင်မှ ထွက်ခွာပြီး အပေါ်သို့ မရောက်သွားစေရန် ဤနည်းဖြင့် ထိန်းသိမ်းထားဟန် ရှိသည်။ 


မှန်၏။ ယင်းက မှန်းဆချက်သာ ဖြစ်ပြီး ကျန်းလော့အား မှန်သည်ဟု သက်သေပြရန် အထောက်အထားမရှိသော်လည်း သူက အလောင်းအစားတစ်ခု လုပ်လိုသည်။ 


သူသည် အသက်ကို ဖြည်းညင်းစွာ ရှုလိုက်ပြီး မလှမ်းမကမ်းမှ လှုပ်ရှားမှုကို နားထောင်လိုက်သည်။ 


အမှောင်အတွင်း ရုပ်တုက ရပ်သွားသည်။ သူသည် ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ခြေလှမ်းတိုင်း၌ အင်အားအပြည့် ပါသည်။ သူ့အပြုံးမျက်နှာက အမှောင်ထုအတွင်း လှည့်ကြည့်နေသော်လည်း ယဇ်ပူဇော်ထားသည့် အရိပ်အယောင်ကိုတော့ မတွေ့ရပေ။


ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုပ်တုသည် ခပ်အုပ်အုပ် ထပ်မံ ရွေ့လျားတော့သည်။ 


ကျန်းလော့ရှိရာသို့ ဦးတည်လိုက်၏။ 


ကျန်းလော့က နံရံကို ကိုင်လိုက်ပြီး မည်သည့်လှုပ်ရှားမှုမှ မဖြစ်စေဘဲ ဖြည်းညှင်းစွာ ရွေ့လျားသွားလိုက်သည်။ 


ယင်းအစား ရုပ်တုသည် ယခင်က သွေးစွန်းအဝတ်များ ရှိရာတွင် ရပ်တန့်သွား၏။ 


သွေးများကို အနံ့ခံနိုင်သည်။ 


ကျန်းလော့ အေးဆေးစွာ ကောက်ချက်ချလိုက်သည်။ 


ရုပ်တုက အဝတ်အစားများကို တိုက်ခိုက်လိုက်သည်။ ကျန်းလော့သည် ကျောက်တုံးနံရံများ ကွဲအက်သံကို ကြားလိုက်ရပြီး အဝတ်အစားများတွင် မည်သူမျှ မရှိသည်ကို သတိပြုမိပြီးနောက် ရုပ်တုက လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ 


အမှောင်ထဲမှာ မမြင်ရသည်က အမှန်သာ။ 


ကျန်းလော့ ကံဆိုးပေမဲ့ အဆုံးထိ ကံမဆိုးဟု ခံစားလိုက်ရသည်။ သူသည် ယင်ယန်လက်စွပ်ကို ဖြည်းညှင်းစွာ ပွတ်သပ်လိုက်သည်။ 


ရွှေရောင်အဆောင်လက်ဖွဲ့သည် ကြွက်တစ်ကောင် ဖြစ်သွားပြီး အလင်းတစ်ချက်နှင့်အတူ ဆန့်ကျင်ဘက်သို့ ပြေးသွားတော့သည်။ ရုပ်တုသည် ရွှေရောင်ကြွက်နောက်သို့ ပြင်းပြင်းထန်ထန် ပြေးလိုက်သွားသည်။


မြေပြင်သည် တစ်ခဏ တုန်ခါပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။ 


ကျန်းလော့သည် နံရံနှင့်ကပ်လျက် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ့ခေါင်းမှ ချွေးစေးများ ထွက်လာသည့်တိုင် သတိရှိနေသေး၏။ ကျန်းလော့က တစ်ခဏမျှ အနားယူပြီးနောက် ဒဏ်ရာကို ချည်နှောင်ရန် အထည်တစ်စကို ဆုတ်ဖြဲကာ သူ့ဘယ်ခြေသလုံးမှ ဒဏ်ရာ သက်သာလာဖို့ စောင့်ဆိုင်းလိုက်သည်။ 


ဒဏ်ရာက အသားကို ထိခိုက်သွားသော်လည်း ကံကောင်းလှစွာဖြင့် အရိုးနှင့်အရွတ်ကို မထိခိုက်စေခဲ့ဘဲ။ ယခုတွင် ကျန်းလော့က စက္ကန့်ပိုင်းအတွင်း ကုသနိုင်တဲ့ စီဝမ်ကွေး၏ စွမ်းရည်ကို အမှန်ပင် မနာလိုဖြစ်မိရသည်။ 


သူက ရွှေရောင်ပုံရိပ်ကို ဆင့်ခေါ်ကာ ရွှေရောင်အလင်း၏ အကူအညီဖြင့် နေရာကို ကြည့်လိုက်သည်။ ဂူက အောက်က လိုဏ်ဂူတစ်ခု ဖြစ်ပြီး ကျန်းလော့သည် မြေပြင်မှ မီတာ၅၀ သို့တိုင် ရောက်ရှိနေပြီဟု သံသယ ဖြစ်မိသွားသည်။ 


သူသည် ယင်ယန်လက်စွပ်ကို မြောက်အရပ်သို့ ဝှေ့ယမ်းလိုက်သည်။ ကျန်းလော့က နက်ရှိုင်းသော အောက်ခြေမရှိသော မြောက်ဘက်ကို စိုက်ကြည့်လိုက်ပြီးနောက် ခက်ခက်ခဲခဲ အသက်ရှုထုတ်လိုက်ပြီး ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလိုက်သည်။ 



အခန်း ၄၃.၂


မြေပြင်ပေါ်တွင် ဝမ်ယမ်လန်က ဗိမ္မာန်အတွင်းသို့ ဝင်လာသည်နှင့် ကျန်းလော့၏ တည်နေရာအခြေအနေကို သိရှိစေရန် ဗေဒင်အတတ်ကို အသုံးပြုလိုက်၏။ 


သူတို့သည် မြေပြင်မှ ပိုပိုဝေးကွာလာပြီး တောင်များဆီသို့ ရောက်သည်နှင့် ဝမ်ယမ်လန်၏ သံလိုက်အိမ်မြှောင်က ချို့ယွင်းလာကာ ဗေဒင်ဟောရာ၌ ပို၍ သတိထားကာ နှေးကွေးလာတော့သည်။ 


သို့သော် စီဝမ်ကွေးသည် ထိုနေရာနှင့် ပတ်သတ်သည့် ရင်းနှီးမှုကို ခံစားလိုက်ရသည်။ 


မည်သို့ ရင်းနှီးနေသည်ကို သူ မသိသော်လည်း အလိုအလျောက် ဧရာမသစ်ပင်ရှိရာသို့ လျှောက်သွားလိုက်၏။ သူက ဓားကြီးဖြင့် စွမ်းအားရှိသမျှ မြေကြီးထဲသို့ ထိုးသွင်းလိုက်ရာ ထိုနေရာမှ မြေပြင်သည် အပေါက်ကြီးတစ်ခု ဖြစ်လာပြီး တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။ 


အသံကြောင့် ထိတ်လန့်သွားသော လုယုံယိနှင့် ဝမ်ယမ်လန်တို့သည် တွင်းနက်အား ထိတ်လန့်စွာ ကြည့်လိုက်ကာ။ “ဒါက ဘာလဲ”


စီဝမ်ကွေးက ရိုးရှင်းစွာ ဆိုလာသည်။ “မသိဘူး”


သူက ခဏရပ်လိုက်ပြီးနောက်၊ “ဒါပေမဲ့ ကျန်းလော့ အဲဒီမှာ ဖြစ်သင့်တယ်”


ယင်းကို စီဝမ်ကွေးက ခံစားမိပုံရသည်။ 


ဝမ်ယမ်လန်က ဗေဒင်တွက်လိုက်ပြီးနောက် လေးနက်စွာ ပြော၏။ “စီဝမ်ကွေး မှန်တယ်၊ ဒီနေရာပဲ”


သို့သော် စီဝမ်ကွေးက ဝမ်ယမ်လန်ကို ထပ်ပြောသည်။ “မင်း အောက်ဆင်းသွားလို့ မရဘူး”


ဝမ်ယမ်လန်၏ မျက်နှာသည် အေးခဲသွားပြီး အစဉ်မြဲ ညင်သာစွာ ရှိနေခဲ့သော မျက်ဝန်းများက ကျဉ်းမြောင်းသွားလျက် အချိန်အတော်ကြာ တွေ့ရခဲသော သူ၏အမျိုးသားဆန်မှုက ပေါ်ထွက်လာသည်။ “ဘာလို့လဲ”


စီဝမ်ကွေးက ပြော၏။ “မင်းရဲ့ မွေးနေ့က ယင်”


ဝမ်ယမ်လန်က တုံ့ဆိုင်းသွားပြီး သူ မည်သည်ကို ဆိုလိုမှန်း နားလည်သွား၏။ 


နတ်ကွန်းဗိမ္မာန်သည် ယင်ဓာတ်ပါဝင်သော ယဇ်ပူဇော်မှုကို လိုအပ်ပြီး အကယ်သူ သူသာ ဆင်းသွားပါက သူသည် ဆွဲငင်ခံရခြင်း သို့မဟုတ် တစ်စုံတစ်ခုအား ပိုအားကောင်းစေလာနိုင်ခြင်းသာ ဖြစ်စေလိမ့်မည်။ 


ဝမ်ယမ်လန်က ခပ်တိုးတိုး ကျိန်ဆဲလိုက်ပြီး လမ်းမှ ဖယ်လိုက်ကာ လုယုံယိနှင့် စီဝမ်ကွေးအား၊ “ဒါဆို ငါ မင်းတို့ကို အားကိုးမယ်”


လုယုံယိက အလေးအနက် ခေါင်းညိတ်လိုက်ပြီး အောက်သို့ ဆင်းခါနီးတွင် ဝမ်ယမ်လန်က ရုတ်တရက် ပြောလာသည်။ “လုယုံယိ”


လုယုံယိက သူ့ကို ပြန်ကြည့်လိုက်သည်။ 


ဝမ်ယမ်လန်က သူ့နှုတ်ခမ်းကို ဖွင့်လိုက် ပိတ်လိုက် လုပ်ပြီးနောက် သူ့ခန္ဓာကိုယ်မှ စီးကရက်ထုတ်ကို ပစ်ပေးလိုက်ပြီး တီးတိုး ပြော၏။ “သူနဲ့အတူ အသက်ရှင်လျက် ပြန်လာပါ”


လုယုံရိက စီးကရက်ကို ဖမ်းလိုက်ပြီးနောက်၊ “ဒါကို စိတ်မပူပါနဲ”


လုယုံရိနှင့် စီဝမ်ကွေးက တွင်းနက်ထဲသို့ ခုန်ဆင်းလိုက်ကြသည်။ 


ပျောက်ကွယ်သွားသော ပုံရိပ်များကို ကြည့်နေရင်း ဝမ်ယမ်လန်၏ ဘယ်မျက်ခွံက အကြိမ်များစွာ တုန်ယင်နေခဲ့၏။


လုယုံရိ၏ စွမ်းရည်ကို သူ မယုံကြည်နိုင်ပေ။ စီဝမ်ကွေး ဆိုလျှင် ပိုလို့ပင် မယုံနိုင်ပေ။ 


ထိုသေဆုံးပြီး ရှင်သန်နေသော လူသားသည် သူတို့နှင့် သိရှိခဲ့သည်မှာ တစ်ရက်တာမျှသာ ရှိသေးပြီး ထိုသူသည် အန္တရာယ်ကင်းဟန် ပေါ်သည့်တိုင် ရန်သူဖြစ်မည် မိတ်ဆွေဖြစ်မည်ကို အတပ်မဆိုနိုင်ပေ။ 


ထိုသေဆုံးပြီးသူသာ လမ်းတစ်ဝက်တွင် နောက်ကျောဓားထိုးချင်ပါက လုယုံရိ၏ အယုံလွယ်သော စရိုက် အမှန်ပင် အန္တရာယ်များပေလိမ့်မည်။ 


ဝမ်ယမ်လန်၏ နှလုံးသားက ပူပန်မှုများ ဖြစ်နေပြီး သူ့လက်များအတွင်းမှာ အဆောင်စာရွက် အဝါရောင်စက္ကူကြိုးကြာများကို ထုတ်ယူလိုက်ပြီး ‘မြန်မြန်လာပါ’ ‘ဆက်လုပ်’ ဟူသည့် စာများကို ဘောပင်ဖြင့် ရေးသားအသက်သွင်းလိုက်၏။ 


ထောင်ချီသော စက္ကူကြိုးကြာများသည် တုန်ရီနေလျက်က တောင်ကုန်းအောက်ခြေသို့ ပျံသန်းသွားကြတော့၏။ 



လုယုံရိနှင့် စီဝမ်ကွေးတို့သည် အမှောင်ထုအတွင်း ပြုတ်ကျလာသည်။ 


လုယုံရိသည် တင်ပါးဖြင့် ပြုတ်ကျသွားခြင်း ဖြစ်ပြီး၊ “ဟစ်.. ဒါက ဘယ်နေရာလဲ”


စီဝမ်ကွေးက သူ့ပါးစပ်ကို အုပ်လိုက်ပြီး အေးစက်စက် မျက်လုံးများဖြင့် အမှောင်ထုအတွင်း ကြည့်လိုက်ကာ “အသံမထွက်နဲ့”


သူတို့သည် စီဝမ်ကွေး၏ ဦးဆောင်မှုဖြင့် စမ်းတဝါးဝါးဖြင့် ရှေ့သို့ လျှောက်သွားကြသည်။ အမှောင်ထုအတွင်း အကြိမ်အတော်များများ ခလုတ်တိုက်ပြီး မည်မျှကြာအောင် လျှောက်ခဲ့ပြီမှန်း မသိနိုင်သည့် အချိန်တွင် အလင်းဖျော့ဖျော့ကို တွေ့လိုက်ရသည်။ 


အလင်းရောင်ဖြင့် ကြီးမားသော အမိုးခုံးကြီးတစ်ခု ရှိနေသည်။ 


မြေပြင်ပေါ်တွင် ပုံရိပ်များ ထူထပ်စွာ တည်ရှိနေသော်လည်း အနီးကပ်ကြည့်လိုက်သောအခါ ၎င်းတို့သည် အသက်ဝင်နေသော စက္ကူရုပ်များ ဖြစ်ကြောင်း ရှင်းလင်းပေသည်။ ထိုစက္ကူပုံရိပ်များသည် မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေကြပြီး ဆံပင်များပါ ရှိနေ၏။ လုယုံရိသည် ဦးရေပြားများပင် တုန်ယင်လုမတတ်ဖြင့်.. “ဒါက..”


လက်တစ်ဖက်က ရုတ်တရက် ထွက်ပေါ်လာပြီး သူနှင့် စီဝမ်ကွေးကို ဖုံးကွယ်ထားသော ဂူအတွင်းသို့ ဆွဲသွင်းလိုက်၏။ 


လုယုံရိ ထခုန်မတတ် ဖြစ်သွားပြီး ရုန်းကန်လုဆဲဆဲတွင် ရင်းနှီးနေသောအသံကို ကြားလိုက်ရသည်။ “ငါပါ..”


ယင်းက ကျန်းလော့။ 


လုယုံရိက သက်ပြင်းရှည်ကြီး ချလိုက်သလို စီဝမ်ကွေးကလည်း ဓားကြီးကို သိမ်းလိုက်ပြီး ကျန်းလော့က အနောက်မှ လိုက်၍ ပုန်းကွယ်လိုက်သည်။ 


ကျန်းလော့သည် ကြောက်မက်ဖွယ်ရာ အခြေအနေမှာ ရှိနေပြီး မျက်နှာပေါ်တွင် ညစ်ပတ်နေပြီး နံရံကို မှီထားသည်။ သူ့ဆံပင်က ချွေးများဖြင့် စေးကပ်နေပြီး သူ့ဆံကျစ်မြီးက ပြုတ်ကျတော့မတတ်ဖြင့် ဘယ်ဘက်ပခုံးပေါ်တွင် ရှိနေသည်။ စကတ်နှင့်တူသော သူ့ဝတ်ရုံကလည်း နေရာနှစ်ခုမှာ စုတ်ပြဲနေပြီး သူ့ခြေသလုံးတွင် ကြောက်မက်ဖွယ်ရာ လက်ငါးချောင်းရာက ရှိနေသည်။ 


သို့သော် ကျန်းလော့၏ အမူအရာက အေးဆေးလွန်းတာကြောင့် ဒုက္ခမရောက်ခဲ့သည့်အလားဖြစ်နေသော်ငြား ထူးထူးခြားခြား လှုပ်ရှားနေသည်။ 


သို့ငြား လုယုံရိက သူအသံကို လျော့လိုက်ပြီး ငိုလုမတတ် မေးလိုက်သည်။ “ကျန်းလော့ မင်း အဆင်ပြေရဲ့လား”


ကျန်းလော့ ခေါင်းယမ်းလိုက်ပြီး စီဝမ်ကွေးကို ကြည့်နေရင်း၊ “မင်းတို့ ဘာလို့ ဒီကို ရောက်နေတာလဲ”


စီဝမ်ကွေးက ပြောသည်။ “မင်းက ငါ့သူငယ်ချင်း ဒီတော့ ငါ မင်းကို သေချာပေါက် လာကယ်ရမှာပေါ့”


ကျန်းလော့က သူ့စကားကို နားမလည်နိုင်စွာ ပြုံးလိုက်ပြီး မေးသည်။ “ဒီနေရာကို ရင်းနှီးနေသလို ရှိလား”


စီဝမ်ကွေးက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ 


မည်သို့ သိနေသည်ကို မသိသည့်တိုင် သူသည် ရင်းနှီးနေသလို ခံစားခဲ့ရသည်။ 


ကျန်းလော့က သူ့ကို ပြောလိုက်သည်။ “အဲဒါပဲ”


စီဝမ်ကွေးသည် အမှန်တကယ်ပင် ရုပ်တုအနားတွင် ရှိသော အစောင့်အရှောက်တစ်ဦး ဖြစ်ပေသည်။ 


သူ(ကျန်းလော့)နှင့် လုယုံရိသည် သင်္ချိုင်းတူးရန် သွားခဲ့သည့်ညသန်းခေါင်ယံ အချိန်က သူ့(စီဝမ်ကွေး)အား ခေါင်းကို ထိခိုက်အောင် လုပ်မိခဲ့သည်က ကျိုးကြောင်းဆီလျှော်ပုံရပေသည်။ 


ရုပ်တုသည် ယဇ်ပူဇော်ဖို့ လိုနေသည့် အမှန်တရားကြောင့် သူတို့ကို တခြားသူများ မတွေ့ရှိခဲ့ခြင်းသာ။ 


ကျန်းလော့သည် ဤအဆင့်မှ အခက်အခဲသည် ဒိုင်လူကြီးများ၊ တခြားသော သဘာပတိများ၏ ဆုံးဖြတ်ချက်ထက် ကျော်လွန်နေပုံရပြီး ရုပ်တု၊ အသက်ဝင်နေသော အရုပ်များသည် ဘွဲ့မရသေးသော ကျောင်းသားများအတွက် ခက်ခဲလွန်းနေသည်ဟု ခံစားခဲ့ရသည်။ 


သို့သော် ကျန်းလော့သည် အခြားအနေဖြင့် ချီယုံ၊ ချီယုံနှင့် ပတ်သတ်သော နတ်ဘုရား၊ လူများနှင့် ခွေးများအကြောင်း တွေးရသည်ကိုပင် မနှစ်သက်ချေ။ 


သူသည် သူ့ခြေထောက်ရှိ ဒဏ်ရာကို ထိုရုပ်တုအား ပြန်ပေးလိုသည်။ 


သူ မေးလိုက်သည်။ “ဒီနေရာက ဘယ်မှာလဲ သိလား”


စီဝမ်ကွေးက ပြန်ဖြေသည်။ “မြေအောက်မှာ”


ကျန်းလော့ “…”


ငါမေ့တော့မလို့ ဒီကောင်က လက်ရှိမှာ အတိတ်မေ့နေတဲ့သူပဲ။ 


ကျန်းလော့သည် ကူကယ်ရာမဲ့စွာ အကြည့်လွဲလိုက်သည်တွင် လုယုံရိ လက်ထဲမှ ဆေးလိပ်ကို မျက်လုံးမှ ဖမ်းမိသွား၏။ သူက မပြုံးဘဲ မနေနိုင်ဘဲ။ “လုယုံရိ မင်း ဆင်းလာတုန်းက ဆေးလိပ် ယူလာတယ် မဟုတ်လား”


ကျန်းလော့က ထပ်မံ ပြုံးလိုက်ပြီး စီးကရက်ကို ကျွမ်းကျင်စွာ မီးညှိလိုက်ပြီး မျက်လုံးကို မှေးလျက် သူ့အာရုံကြောကို ဖြေလျော့လိုက်သည်။ 


လုယုံရိက တီးတိုးမေးလိုက်သည်။ “ကျန်းလော့ အပြင်က ဘာတွေလဲ”


“စက္ကူလူသားတွေ” ကျန်းလော့က ပြောသည်။ “သူတို့က သေပြီးသား ဒါပေမဲ့ အသက်ရှိနေတာ။ အသံနည်းနည်း ထွက်တာနဲ့ မင်းကို ဝိုင်းအုံလာလိမ့်မယ်”


လုယုံရိသည် ကြားလိုက်သည်တွင် ထိတ်လန့်သွားပြီး၊ “စက္ကူလူသားတွေက အသက်ရှိနေတာလား”


ကျန်းလော့က အေးစက်စက် ရယ်မောလိုက်သည်။ “ဒီအရုပ်တွေက အကျိုးနည်း အသက်ရှိနေတာ”


ကျန်းလော့က စီးကရက်တစ်လိပ် ကုန်သွားပြီးနောက် အဆောင်စာရွက်ကို သူ့ကိုယ်ထဲမှ ထုတ်ယူလိုက်သည်။ “မင်းမှာ မီးစာအဆောင် ဘယ်လောက် ကျန်သေးလဲ”


(ဒီမှာ နည်းနည်း ရှင်းပြပါမယ်နော်။ သူတို့က ဘာနေနေ အဆောင်စာရွက်တွေ သုံးနေတာပါ။ သွေးတိတ်အဆောင်၊ မီးအဆောင် စသဖြင့်..)


လုယုံရိက ရေတွက်လိုက်ပြီး “ငါးစောင်”


“ငါးခုလား ဒါဆို လောက်ပြီ” ကျန်းလော့က အင်္ကျီကြယ်သီးကို ဖြုတ်လိုက်ပြီး အပေါ်ဝတ်ကို ချွတ်လိုက်ကာ လက်တိုတစ်ထည်သာ ချန်ထားခဲ့၏။ "စက္ကူလူသားတွေကို လောင်ကျွမ်းစေဖို့ လုံလောက်ပြီ”


လုယုံရိနှင့် စီဝမ်ကွေးသည်လည်း ထိုနည်းအတိုင်း သူတို့၏ အဝတ်များကို ချွတ်လိုက်သည်။ သူတို့လက်များကို ဆန့်တန်းလိုက်ပြီးနောက် ကျန်းလော့က မေးသည်။ “မင်းတို့ စက္ကူလူသားတွေကို သေချာကြည့်မိလား”


လုယုံရိသည် အေးခဲသွားပြီးနောက် ဂူအပြင်သို့ တိတ်ဆိတ်စွာ ကြည့်လိုက်မိသည်။ 


ထိုစက္ကူလူသားများသည် အနီနှင့်အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်နှာပေါ်တွင် တောင်ကုန်းသဏ္ဌာန် အနီရောင်ဆေးခြယ်ထားသည်။ တောက်ပနေသော အရောင်သည် စက္ကူလူသားကို ဝေခွဲမရစေသော်လည်း ပိုမိုအေးစက် ကြောက်မက်ဖွယ် ကောင်းစေသည်။ 


လုယုံရိသည် တစ်ချက် ကြည့်လိုက်ပြီးနောက် မည်သည့်အမှားအယွင်းမှ မတွေ့သော်လည်း ထူးဆန်းသော အကြည့်တစ်ချက်တွင် သူသည် ဖျော့တော့သွားပြီး ဂူအတွင်းသို့ ပြန်လှည့်လာတော့၏။ 


ကျန်းလော့က သူ့ကို မော့ကြည့်လိုက်ပြီး၊ “မင်း ရှာမတွေ့ဘူးလား”


“အဲဒီစက္ကူလူသားက..” လုယုံရိ၏ သွားများက တုန်ခိုက်နေပြီး “တူ.. တူတယ် ဟယ်ကျီနဲ့..”


ဟယ်ကျီက ဗီးနပ်စ်တက္ကသိုလ်က ဖြစ်ပြီး ရှန်တုချွင်ကို ပထမဆုံး ရောက်လာသူ ဖြစ်သည်။ 


သူတို့သည် ရှန်တုချွင်ကို ရောက်ကတည်းက ဟယ်ကျီကို မတွေ့ခဲ့ရသေးပေ။ 


ဤနေရာတွင် ဟယ်ကျီနှင့် တူညီသော စက္ကူလူသား အဘယ်ကြောင့် ရှိနေပါသနည်း။ 


ကျန်းလော့.. “အဲဒါက ဟယ်ကျီ မဟုတ်ဘူး ရွာထဲက လူတွေအများစုနဲ့ တူနဲ့အရုပ်တွေကို ဒီမှာ ရှာတွေ့နိုင်တယ်"


လုယုံရိက တံထွေးမျိုချလိုက်ပြီးနောက် “ဒါက ဘာကို ဆိုလိုတာလဲ”


“ဒါက မြေပြင်ပေါ်က လူသားတွေကို စက္ကူလူသားတွေနဲ့ အစားထိုးခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုလိုတာပါ” ကျန်းလော့က အသံတစ်ချက်မှ မတုန်သွားဘဲ မိုးကြိုးကဲ့သို့သောအရာကို ပြောချလိုက်သည်။ “ပြီးတော့ ဒီစက္ကူလူသားတွေက သူတို့ရဲ့ အခြေအနေ အစစ်အမှန်ကို ကိုယ်စားပြုတယ်။ ဒီရွာက လူတွေက ထာဝရအသက်ရှင်ချင်တယ်။ ဒါကြောင့် သူတို့က နတ်ဘုရားဆီမှာ ခွင့်တောင်းတယ်။ နတ်ဘုရားက သူတို့ကို ကြိုးဆွဲချ ဒါမှမဟုတ် ရေနစ်ရင် သူတို့က ထာဝရအသက်ကို ရမယ်လို့ ပြောတယ်။ သူတို့က ယုံကြည်ပြီးတော့ ရေထဲနစ် ကြိုးဆွဲချ တွေ လုပ်တယ် ဒီတော့ သူတို့က ငယ်ရွယ် ကျန်းမာမှုကို ပြန်ရမယ်”


“ဘယ်သူကမှ သေပြီးတဲ့သူတွေက စက္ကူလူသားတွေဆိုတာ မသိခဲ့ဘကြဘူး။ ဒါပေမဲ့ အနီရောင်နဲ့ ကလေးမလေးက တစ်ခုခု မှားနေတာကို ရှာတွေ့ခဲ့တယ်” ကျန်းလော့က ပြုံးလိုက်သည်။ “ကြိုးဆွဲချ၊ ရေနစ်တဲ့ လူတွေက ပြန်ဝင်စားလို့ မရတော့ဘူး သူတို့ ဝိညာဉ်တွေက နတ်ဘုရားရဲ့စားသုံးခြင်းကို ခံရပြီးတော့ သူတို့က စွမ်းအားကြီးလာဖို့အတွက် အသုံးချခံလေးတွေ သက်သက်ပဲ”


လုယုံရိ အေးခဲသွား၏။ 


ကျန်းလော့က ဆက်ပြောသည်။ “ငါ ရှန်တုချွင်ကို ရောက်ရောက်ချင်းမှာ ‘ရွာမှာ သေပြီးတဲ့သူတိုင်းအတွက် ဘဝအသစ်ရှိတယ်’ လို့ ပြောကြတယ်။ ‘သေပြီးတဲ့သူတိုင်းအတွက် အသက်အသစ်’ လူတစ်ယောက်စီအတွက်.. မဖြစ်နိုင်ဘူးလေ လူတွေက သေဖို့လွယ်ပေမဲ့ တစ်ချိန်တည်းမှာ အသက်တစ်ခုကတော့ ခက်ခဲတယ် ဒါက ထူးဆန်းတဲ့ စာကြောင်းပဲလို့ ငါ တွေးမိခဲ့တယ်”


“ပြောင်းရွေ့လာခဲ့တဲ့ ရဲတွေက ‘အသက်အသစ်’ ဆိုတာကို မရှင်းလင်းဘဲနဲ့ ရှန်တုချွင်ကလူတွေက သူတို့ကို မပြောပြချင်ကြဘူးလို့ ထင်နေကြတယ်။ သူတို့က ရွာထဲက လူတစ်ယောက် သေပြီးတိုင်းမှာ နံပါတ်တွေကိုပဲ ရေတွက်ခဲ့ကြတယ် ဒီလိုနဲ့ ၃၁၁ ဆိုတဲ့ကိန်းက ဖြစ်လာတယ်”


ကျန်းလော့က သူ့စကားများကို အဆုံးသတ်လိုက်သည်။ “ဒါက ငါ့အတွေး သက်သက်ပါပဲ ငါတို့ ပြန်ရောက်ရင် သေချာရှင်းပြမယ်။ အခုတော့ ငါတို့ ဒီကနေ မထွက်ခင် စက္ကူလူသားတွေကို မီးရှို့မှ ဖြစ်မယ် မဟုတ်ရင် ငါတို့ သူတို့ကို ဖြတ်တဲ့အချိန် အသံထွက်တာနဲ့ ငါတို့နောက်ကို လိုက်ဖမ်းလိမ့်မယ်”


လုယုံရိက မူးဝေသွားပြီး သေချာမတွေးနိုင်တော့ပေ။ “ဒါပေမဲ့ သူတို့အားလုံးကို အတူတူ မီးလောင်အောင် ဘယ်လို လုပ်မလဲ သူတို့က အတူတူမှ ရှိမနေတာ”


“သူတို့အားလုံးကို အတူတူ ဖြစ်အောင် လုပ်ရမယ်” ကျန်းလော့က မီးစာအဆောင်ကို ထုတ်လိုက်သည်။ “မင်း ဟိုဘက်ကို ကူးသွားပြီးရင် အသံတစ်ခု ပေးလိုက် ပြီးတာနဲ့ တစ်ခုမကျန် မီးရှို့လိုက်တော့”


စီဝမ်ကွေးရော လုယုံရိပါ မကန့်ကွက်ခဲ့ပေ။ ကျန်းလော့သည် သူတို့နှစ်ဦးသည် ခေါင်းမညိတ်ခင်တွင် ဖြစ်နိုင်ချေရှိမရှိကို တွေးမှတွေးရဲ့လားဟု သံသယဝင်မိသွားသေး၏။ 


ကျန်းလော့ သက်ပြင်းချလိုက်ပြီး သူတို့ကို ဦးဆောင်ပြီးနောက် ဂူအတွင်းမှ ထွက်လိုက်သည်။ 


သုံးယောက်သား အဆင့်သင့်ဖြစ်သည်နှင့် စက္ကူလူသားအသိုက်ထဲမှ ဖြတ်သန်းသွားလိုက်ကြသည်။ 


စက္ကူလူသားများ စုပုံထားသည့်အထဲမှ ဖြတ်သန်းသွားခြင်းက အနည်းငယ် ခက်ခဲသည်။ ကံကောင်းစွာဖြင့် သူတို့သည် ကြီးမားသော အမိုးခုံးပေါ်မှ ခြေလှမ်းတိုင်းကို သတိထားလျက် ဂရုတစိုက် ဖြတ်သန်းသွားလိုက်ကြပြီး တခြားဖက်သို့ ရောက်ရှိသွား၏။ 


ကျန်းလော့က မြေကြီးပေါ်မှ ကျောက်တုံးတစ်တုံးကို ကောက်လိုက်ပြီး အမြင့်မှ ပစ်ချလိုက်သည်။ 


ထင်ရှားပြတ်သားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အသက်မဲ့နေသော စက္ကူရုပ်များသည် အသက်ဝင်လာပြီး အသံလာရာသို့ ပြေးသွားကြတော့၏။ 


ကျန်းလော့သည် မီးစာအဆောင်သုံးခုကို ၎င်းတို့ထံသို့ ပစ်ချလိုက်ပြီး မီးတောက်များ ဖြစ်ပေါ်လာပြီး အချင်းချင်း ကူးစက်သွားကာ မီးလျှံများ ပြည့်နှက်သွားတော့၏။ 


မီးတောက်က ဂူဝသို့ ရောက်သည်နှင့် သုံးယောက်သားက ထိုနေရာမှ ထွက်ခွာလာကြတော့သည်။ 


ထိုအချိန်တွင် ကျန်းလော့က နောက်လှည့် ကြည့်လိုက်မိပြီး ရုတ်တရက် မေးခွန်းတစ်ခုကို တွေးလိုက်မိသည်။ 


ချီယုံ မင်းက ဘာလို့ ဒီမှာ နတ်တမန်တော်လို ဟန်ဆောင်နေတာလဲ။ 


ချီယုံက ပျင်း၍ လာဆော့နေခြင်းဟု ကျန်းလော့ မယုံနိုင်ချေ။ ပြိုင်ပွဲဝင်တစ်ဦးကို ပထမရရန် အထောက်အပံ့ပေးပြီး ယွမ်ထျန်းကျူးကို ရဖို့ ပြိုင်ပွဲဝင်စေတာက အဓိပ္ပာယ်ရှိသော်လည်း ရွာတွင် နတ်တမန်တော် လုပ်ခြင်းက သူ မည်သည်ကို အလိုရှိပါသနည်း။ 


….