Ch 71
Viewers 8k

အပိုင်း (၇၁) 


စန္ဒယားတီးခြင်း

နေ့လည်ခင်းတွင် ဆေးရုံသို့ ဝမ်ယမ်လန်နှင့် ခွမ်ကျိန်းတို့ ရောက်လာသည်။ ရုပ်လွန်ပညာလေ့လာနေသော ကျောင်းသားများ၏ခန္ဓာကိုယ်ထဲတွင် ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ခုရှိပုံရပြီး သူတို့သည် သာမန်လူများထက် ကျန်းမာရေးပိုကောင်းကြသည်။ လုယုံရိခေါင်းမှ ဒဏ်ရာသည် စတင်ပြီး သက်သာလာနေပြီဖြစ်ပြီး တစ်ရက်နားပြီးလျှင် ဆေးရုံဆင်းပြီး အိမ်မှာပဲအနားယူပြီးနေလို့ရပြီဖြစ်သည်။ 

ဒဏ်ရာသည် အသေးအဖွဲလေးသာဖြစ်ပြီး လုယုံရိဆံပင်ကသာ ကိစ္စအကြီးကြီးဖြစ်သည်။ ဒဏ်ရာချုပ်ရန် ဆရာဝန်သည် ဒဏ်ရာတစ်ဝိုက်ရှိ ဆံပင်များကို အကုန်ရိတ်ပစ်လိုက်သည်။ လုယုံရိသည် ဆရာဝန်မှ သူ့ကို ခေါင်းတုံးတုံးပေးလိုက်သောကြောင့် အလွန်စိတ်ဓာတ်ကျနေသည်။ ဝမ်ယမ်လန်သည် လုယုံရိအတွက် အင်မတန် ကရုဏာထားပြီး ဦးထုပ်နှစ်လုံးဝယ်လာသည်။ ရိုးရိုးရှင်းရှင်း လျှာထိုးဦးထုပ်တစ်လုံးနှင့် ဆံပင်တုပါသော ဦးထုပ်ဝိုင်းတစ်လုံးဖြစ်သည်။ 

“မင်းကြိုက်တာဆောင်း”

ဝမ်ယမ်လန်သည် ပွင့်လင်းစွာဖြင့် လုယုံရိ၏ဘဲဥကဲ့သို့ ဖြူဖွေးပြောင်ချောနေသော ခေါင်းကိုကြည့်ကာ

“ခေါင်းတုံးစစ်ဆေးမှုကို ကျော်ဖြတ်နိုင်တဲ့သူက မှ တကယ်ချောတာတဲ့ လုယုံရိရား မင်းမှာတကယ်ကို ဝိုင်းစက်နေတဲ့ ခေါင်းရှိတာပဲနော်”

လုယုံရိသည် ညည်းညည်းညူညူ ပြန်ပြောသည်။ 

“မင်းရဲ့ရယ်သံကြီးဖျောက်ပြီးပြောနိုင်ရင် ယုံပေးမယ်”

ကျန်းလော်သည် ဝမ်ယမ်လန်ဆံပင်ဆေးဆိုးသည့် ပစ္စည်းများကိုင်ပြီး သူ့ကိုတကြည့်ကြည့်လုပ်နေသည်ကို မြင်သောအခါ မထိန်းနိုင်တော့ပဲ မေးခွန်းထုတ်သလိုကြည့်လိုက်သည်။ ဝမ်ယမ်လန်ကပြောသည်။ 

“မင်းခဲရောင်ဆံပင်ကို အမည်းပြန်ဆိုးမလို့လား”

“.............”

ကျန်းလော် သူ့နားသွားထိုင်လိုက်ပြီး

“ငါမေ့တော့မလို့်”

သူသည် ဆံပင်ဆေးဆိုးရန်ပစ္စည်းများကို ဆရာကျကျရောနှောကိုင်တွယ်နေသော ဝမ်ယမ်လန်ရှေ့သို့ ဝင်ထိုင်လိုက်သည်။ 

“စိတ်မပူနဲ့ သဘာဝကျကျလေးထွက်လာစေရမယ်”

ကျန်းလော်သည် သူ့နားနောက်မှဆံပင်ဖြူအချောင်းလိုက်ကို ကိုင်ကြည့်ကာ

“ကြည့်လိုက်တော့လဲ ဆိုးဖို့မလိုတော့သလိုပဲ”

ဝမ်ယမ်လန်သည် မယုတ်မလွန်မျက်လုံးလှန်ကြည့်လိုက်ပြီး ကျန်းလော်သည် သူ့ဆံပင်ဖြူသွားရသည့် အကြောင်းအရင်းကို ဘယ်သူ့ကိုမှမပြောခဲ့ဖူးပေ။

“ဒါပေမဲ့ ဒီဆံပင်ဖြူက တကယ်ကြီး မိုက်တယ်လို့တောင် ထင်လာသလိုပဲ”

သူသည်ထိုဆံပင်ဖြူကို ကျန်းလော်ဆီမှယူကြည့်လိုက်ရာ ပိုးသားကဲ့သို့တောက်ပြောင်ပြီး ချောမွတ်နေသည်မှာ လုံးဝပြန်မလွတ်ချင်စရာပင်။ ဝမ်ယမ်လန်သည် ချစ်ဖို့ကောင်းစွာပြောလိုက်သည်။ 

“ဒါပေမဲ့  ချီရယ်ပြောတာတော့ မင်းဒီဆံပင်ကို တအားသဘောမကျဖြစ်နေတာဆို”

ကျန်းလော်သည် ခွေးခြေခုံမှာတင်ထားသော ခြေထောက်ကိုဖယ်လိုက်ပြီး ခြေချိတ်ထိုင်လိုက်ကာ တွေးကြည့်လိုက်သည်။ 

“ငါအဲ့လိုပြောခဲ့တယ်ထင်တယ်”

ဝမ်ယမ်လန်သည် ပြုံးလိုက်ပြီး ကျန်းလော်ဆံပင်ကို ဘီးဖီးပေးလိုက်ကာ မြင်ရတဲ့အတိုင်းမေးချလိုက်သည်။

“မင်းပါးစပ်ကဘာဖြစ်ထားတာလဲ”

ကျန်းလော်သည် သတိမထားမိဘဲ နှုတ်ခမ်းကိုကိုင်ကြည့်လိုက်ပြီး 

‘ဒီလောက်ဆေးလိမ်းထားတာတောင် အခုထိမပျောက်နိုင်သေးဘူး’

သူသည် စိတ်တိုကြမ်းတမ်းနေသော ပုံကို ပြမိတော့မလို့ပင်။ ဝမ်ယမ်လန်ကြည့်နေသည်ကို သတိထားမိပြီး မျက်နှာထားကို ချက်ချင်းပြင်လိုက်သည်။ 

“မှန်းကြည့်”

ဝမ်ယမ်လန်သည် လုယုံရိနှင့် ရယ်ရွှင်တို့ကဲ့သို့ ကျန်းလော်ပတ်တိုင်း ယုံမည့်သူမဟုတ်ပေ။ ထို့ကြောင့် ကျန်းလော်သည် သူ့ကိုမှန်းခိုင်းးလိုက်သည်။

“ငါမှန်းကြည့်ရရင်..........”

ဝမ်ယမ်လန်သည် အသံကိုအရှည်ကြီးဆွဲပြီးပြောလိုက်သည်။

“မင်းဝါးစားခံလာရတာလား”

‘ချီယုံ မသာကောင်.........’

ကျန်းလော်သည် အံကြိတ်လိုက်ပြီးခေါင်းငုံ့ကာ အတွေးလွန်သွားပြန်သည်။ သူ့ပါးများသည် နီရဲလာပြီး ချောင်းဟန့်လိုက်ကာ ရှက်ရွံ့စွာဖြင့်

“ဟမ်းး”

ဝမ်ယမ်လန်သည် လက်ချောင်းထိပ်များပင် ကျဉ်တက်လာသလို ခံစားလိုက်ရသည်။

ကျန်းလောသည် နောက်သို့လှည့်ကြည့်ပြီး အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။

“ဝမ်ယမ် လူတွေမေးရင် ကာပေးဦးနော် အထူးသဖြင့် ဆရာလုံးဝသိလို့မဖြစ်ဘူး ဆရာသာ ငါချီယုံနဲ့ ဆက်သွယ်နေသေးတာ သိသွားရင် ငါတကယ်သေလိမ့်မယ်”

‘ဒီတော့ ချီယုံပေါ့’

ဝမ်ယမ်လန်သည် အပြုံးမပျက်ဘဲ ပေါ့ပါးစွာပြောလိုက်သည်။

“စိတ်မပူနဲ့ မပြောဘူး”

အမှန်တကယ်မှာတော့ သူ့ခေါင်းထဲတွင် အချက်ပေးသံများတဒေါင်ဒေါင်မြည်နေပြီဖြစ်သည်။ သူတို့သည် ကျန်းလော်ပါးစပ်မှ ချီယုံ့နာမည်မကြားရတာ ကြာပြီဖြစ်သည်။

ဝမ်ယမ်လန်ထင်သည်မှာ ကျန်းလော်သည် သေသွားသည့်ချစ်သူနှင့်ပတ်သက်ပြီး ပြန်ကောင်းလာလောက်ပြီဟု သို့သော် ထိုသူငယ်ချင်းကောင်သည် မမေ့နိုင်သေးသည်အပြင် နမ်းပါနမ်းလာသေးသည်။ 

‘ချီယုံဘာတွေများတွေးနေတာလဲ’

‘လူသားတစ်ယောက်နဲ့ ဘဝခြား သရဲချစ်ကြိုက်မိရင် ဘာတွေဖြစ်လာမယ်မှန်း သိနေတာတောင် ကျန်းလော်ကို ဘာလို့လွတ်မပေးရတာလဲ’

‘လူတွေက ဘဝပြောင်းသွားရင် စိတ်ဓာတ်ပါပြောင်းသွားတယ်ဆိုတာ တကယ်ပဲနေမှာ’

‘ချီယုံ မင်းအသက်ရှင်နေတုန်းက ဒီလိုမဟုတ်ပါဘူး သေပြီးမှ ဘာလို့ ကျန်းလော်ကို တအားစွဲလန်းနေရတာလဲ’

‘ကျန်းလော်က သူ့ကိုယ်သူတစ်ခါသတ်သေတာရယ် ကားကို တံတားပေါ်ကနေ မြစ်ထဲမောင်းချသွားတာတစ်ခါ မင်းကျန်းလော်ကို ဘယ်လိုဖြစ်သွားတာမြင်ချင်နေတာလဲ’

ဝမ်ယမ်လန်သည် ကျိန်းသေပေါက် ဖုန်းလီကို ပြောဖို့ဆုံးဖြတ်လိုက်သည်။ သို့သော် ကျန်းလော်ကို ချီရယ်နှင့်တွဲမိအောင် အရင်အောင်သွယ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူသည်လုံးဝမျက်နှာပျက်မသွားဘဲ

“ပြောရင်းနဲ့မှပဲ ချီရယ်က မင်းတို့ မစ်ရှင်လုပ်ဖို့ ထွက်သွားထဲက ကျောင်းလုံးဝမတက်ဘူး”

ကျန်းလော်အာရုံသည် ချီရယ်ထံသို့ပြောင်းသွားသည်။ 

“အဲ့လိုကြီးလား”

ဝမ်ယမ်လန်ကပြောသည်။ 

“ဆရာက ချီရယ်တို့အိမ်ကို ဖုန်းဆက်ပြီးမေးတော့ သူတို့က လုပ်နေတဲ့ကိစ္စမပြီးသေးလို့ ချီရယ်ကျောင်းပြန်တက်ဖို့ ကြာဦးမယ်လို့်ပြောတယ် သူတို့ပုံစံကကွာ ယဉ်ယဉ်ကျေးကျေးပြောပေမဲ့ သိတယ်မလား ကျောင်းက ချီရယ်ကိုသင်ဖို့ သင်ရိုးကောင်းကောင်းမရှိတဲ့ပုံမျိုးပြောသွားတာ ချီရယ်ကို သူတို့အိမ်ကမှ ကောင်းကောင်းသင်နိုင်တဲ့စတိုင်နဲ့ စကားအသွားအလာက သိပ်မဟုတ်ချင်ဘူး”

ကျန်းလော်သည် အဓိပ္ပာယ်ရှိစွာ ပြုံးလိုက်သည်။ 

သူကတော့ ထိုသို့မထင်ပေ။ 

ချီမိသားစုသည် သူတို့ကိစ္စမပြီးမချင်း ချီရယ်ကို ထိန်းသိမ်းထားမှာသေချာသည်။ သူတို့သေသွားလျှင် ချီရယ်အမှုမပတ်အောင် သေချာရှောင်ရှားဖို့ အစထဲက စီစဉ်ထားကြတာဖြစ်မည်။ ချီရယ်သာ သူ့မိသားစု၏ သူတို့မစ်ရှင်အတွင်း လုပ်မည့်ကိစ္စကို သိထားခဲ့ပါလျှင်..................ကျန်းလော်သည် ချီရယ်၏အားနာတတ်ပုံနှင့်  သူတို့နှင့် ရင်းနှီးစွာနေတတ်ပုံများကို ပြန်တွေးမိပြီး ချီယုံမသိနိုင်မှန်းသိသွားသည်။ 

ယခုအချိန်တွင် ကျန်းလော်သည် သူတို့ရင်ဆိုင်ခဲ့ရသော ပုံရိပ်ယောင်လူသတ်ကမ္ဘာသည် ချီမိသားစုတွင် တစ်ရာရာခိုင်နှုန်း အပြည့်အဝ တာဝန်ရှိမှန်းသေချာသွားသည်။ 

ချီယုံသည်လည်း ထိုပုံရိပ်ယောင်ထဲတွင် တစ်နေရာဝင်ပြီး သူ့ကိုလာခြောက်ခဲ့သေးသည်။ သူသည် ချီမိသားစုနှင့် ချီမိသားစု(ချီရယ်)တို့ ပေါင်းပြီး ကျန်းလော်ကို အကွက်ရွှေ့ကြမှာကိုလည်း သိပုံရပြီး ပုံရိပ်ယောင်ဘယ်အချိန်စမလဲဆိုတာလဲ သိပုံရပြီး ထို့ကြောင့် ထိုပုံရိပ်ယောင်ထဲသူပါ လိုက်ဝင်ပြီး ကျန်းလော်ကို ခြောက်လှန့်ခဲ့သည်။ 

သို့သော်ထူးဆန်းသည့် အချက်မှာ ပုံရိပ်ယောင်ကို ဘယ်သူချိုးဖျက်ခဲ့တာလဲ ဆိုတာ ဖြစ်သည်။ ကျန်းလော်သည် သံသယများကိုဖိနှိပ်လိုက်ပြီး လေမှုတ်စက်ကိုယူလိုက်ကာ ခေါင်းလျှော်ရန်ရေချိုးခန်းထဲ ဝင်သွားသည်။ ကျန်းလော်ဆံပင်များသည် အလွန်နက်မှောင်ပြီး ထူသည်။ ထို့ကြောင့် အချိန်အကြာကြီး အခြောက်ခံလိုက်ရသည်၊ ဆေးဆိုးလိုက်သော ဆံပင်သည် သူ့နဂိုဆံပင်လောက်မတောက်ပသော်လည်း လုံးဝမသိသာပေ။ 

ကျန်းလော်သည် ဆံပင်ကို သေချာဖီးပြီး စည်းလိုက်သည်။ ထို့နောက် လျှာထိုးဦးထုပ်ဆောင်းကာ

“ငါဘဲလည်ပင်းသွားဝယ်လိုက်ဦးမယ်”

ကျန်းလော်သည် သတင်းထဲမှာရော လူမှုကွန်ယက်မှာပါ နာမည်ကြီးထားသောကြောင့် ကျန်းလော်သည် ဦးထုပ်အပြင် မက်စ်ပါတက်လိုက်သည်။ ထို့နောက်ဆေးရုံထဲမှ ဟိုကြည့်သည်ကြည့်ထွက်သွားလိုက်သည်။ 

ကျန်းလော်သည် တက်စီငှားပြီး ရသစုံအစီအစဉ်၏ ရိုက်ကူးရေးအဆောက်အဦးဆီသို့ သွားပြီး ဒါရိုက်တာကြီးကို ဆက်သွယ်လိုက်ကာ မနေ့ညက အဆောင်အတွင်း စီစီတီဗီကို ကြည့်ရန်တောင်းဆိုလိုက်သည်။ 

မြေညီထပ်မှငါးလွှာအထိလျှပ်စစ်လိုင်းများသည် ရယ်ရွှင်ထံမှ ဖြက်တောက်ခံရပြီး ဖြစ်ပြီး ခြောက်လွှာတွင်သာ မီးထိန်ထိန်လင်းနေသည်။ ကျန်းလော်သည် ထိုဗီဒီယိုများကို သေချာကြည့်နေသည်။ 

ပုံရိပ်ယောင်သည် သာမန်လူများကို မမြင်နိုင်အောင် ကန့်သတ်နိုင်သော်လည်း ကင်မရာကိုတော့ မလှည့်စားနိုင်ပေ။ ခြောက်လွှာသည် သင်တန်းသားများတက်လာလေ့မရှိသော နေရာြဖစ်သောကြောင့် စီစီတီဗီကို ဘယ်ဘက်တစ်ခု ညာဘက်တစ်ခုသာတပ်ထားသည်။ နှစ်ခုသာရှိသော စီစီတီဗီကို ကျန်းလော်သည် အကြိမ်ကြိမ်ကြည့်လိုက်သည်။ နောက်ဆုံးတစ်ခေါက်တွင် ဗီဒီယိုတစ်ခုထဲမှ မြင်ကွင်းသည် တစ်ခုခုမှားနေကြောင်း တွေ့လိုက်သည်။ 

သူသည် ဗီဒီယိုကို ရပ်လိုက်ပြီး အနီးကပ်ဆွဲကြည့်လိုက်သည်။ ထောင့်နားရှိလှေကားအလယ်တည့်တည့်တွင် လက်သန်းလောက်ရှိသော ဓားအောက်ဖျားလက်ကိုင်နားကို မြင်လိုက်ရသည်။ 

‘ဒီဓားက စီကွေးရဲ့ဓားပဲ’

ကျန်းလော်သည် မတ်တပ်ရပ်လိုက်ပြီး အမူအယာမဲ့စွာ ကုန်းကြည့်လိုက်သည်။ 

‘ဘာကိစ္စ စီကွေးက အပေါ်ထပ်ခြောက်လွှာထိ တက်လာရတာလဲ’

သူတို့ဘယ်သူမှ ခြောက်လွှာမှာမရှိတော့ဘဲ ဘာလို့စီကွေးက အဲ့အထိတက်သွားရတာလဲ။

ဒါရိုက်တာသည် သိချင်စွာမေးလိုက်သည်။

“ဆရာ တစ်ခုခုများတွေ့လို့လား”

“မတွေ့ဘူး”

“ဒါရိုက်တာကြီး ကျွန်တော့်ကို ဒီဗီဒီယိုကို ကူးပေးလိုက်ပါ ပြီးရင် ဒီဗီဒီယိုအားလုံးကို ဖျက်ပစ်လိုက်ဖို့ မမေ့ပါနဲ့”

ကျန်းလော်သည် သူ့ပစ္စည်းများကိုယူလိုက်ပြီး ထိုနေရာမှ ထွက်လာသည်။ ထို့နောက် ကားရပ်ခိုင်းကာ ဝက်သားများနှင့် ဘဲလည်ပင်းနှင့် ကြက်တောင်ပံတစ်ချို့ဝယ်ပြီး အသီးဆိုင်ဝင်ကာ ဖရဲသီးတစ်လုံးဝယ်ပြီး ဆေးရုံသို့ ပြန်သွားသည်။ 

ကျန်းလော်ပြန်ရောက်တော့ သူ့လက်ထဲမှ အထုတ်များလာယူသောကြောင့် ပေးလိုက်ကာ ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး ဦးထုပ်နှင့် မက်စ်ကို ချွတ်လိုက်သည်။ 

“စီကွေး မစားဘူးလား”

ထန်ပိသည် တွေဝေသွားပြီး ဖရဲသီးတစ်စိတ်ကောက်ကိုင်ကာ တမြုံ့မြုံ့ဝါးကြည့်သည်။ ဖရဲသီးသည် ပါးစပ်ထဲတွင် ချိုအေးနေသောကြောင့် ဖရဲသီးစိတ်ကြီးကို နှစ်လုတ်ထဲနှင့် ကုန်အောင်စားလိုက်သည်။ ကျန်းလော်က မေးသည်။

“ဘယ်လိုလဲ”

‘အရမ်း အရသာရှိတယ်’

ထန်ပိသည် ရိုးရှင်းစွာပြောလိုက်သည်။

“မဆိုးပါဘူး”

ကျန်းလော်သည် မေးခွန်းများမမေးနေတော့ဘဲ ဆိုဖာပေါ်သို့ လှဲချလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ နောက်နေ့ နေ့လည်ခင်းတွင် လုယုံရိသည် ဆေးရုံမှဆင်းလာသည်။ သူတို့သည် အောက်ထပ်သို့ အတူတူသွားလိုက်ပြီး တက်ဆီငှားလိုက်ကာ စီကွေးသည် သွားစရာမရှိသောကြောင့် သူတို့နဲ့အတူ ကျောင်းသို့ ခေါ်လာလိုက်ကြသည်။ 

လုယုံရိသည် သက်ပြင်းချလိုက်ပြီး

“နောက်ဆုံးတစ်ခေါက်က ငါတို့ ခေါင်းပြတ်သရဲခေါ်သွားတာ မှတ်မိလား”

“ကိုကြီးခေါင်းပြတ်က အခုတော့ တော်တော်အဆင်ပြေနေပြီကွ”

ဝမ်ယမ်လန်သည် ပုခုံးတွန့်လိုက်ပြီး

“ပြီးတော့လဲ ဌာနမှူးနဲ့ သူ့ခေါင်းက ဆံပင်ကို ဘယ်လိုထိန်းသိမ်းတယ်ဆိုတဲ့အကြောင်း နေ့တိုင်း ဆွေးနွေးနေတာ”

ကျန်းလော်သည် သူနားကြားမှားသည် ထင်သွားကာ

“ဌာနမှူးမှာ ဆံပင်ရှိလို့လား”

တစ်ပတ်ကြာပြီးနောက်မှာတော့ ကျန်းလော် ကျောင်းသို့ ပြန်လာနိုင်ခဲ့ပြီ ဖြစ်သည်။ သူသည် အခန်းသို့ပြန်ပြီး အားရပါးရ စိတ်လွတ်လက်လွတ်ရေချိုးပစ်လိုက်သည်။ 

သူ့ဆရာဆီမှ ညနေခြောက်နာရီလောက်တွင် ဖိတ်စာတစ်စောင်မရသေးခင်တွင် အေးအေးဆေးဆေး သီချင်းတညည်းညည်းနှင့် ဟင်းခတ်အမွှေးအကြိုင်များ သွားဝယ်ပြီး ပျော်ရွှင်နေသေးသည်။ 

ကျန်းလော်သည် ဖိတ်စာကို ယူကြည့်လိုက်ပြီး 

“ဘာကြီးလဲ”

ဆရာကပြန်ပြောသည်

“ချီ(ချီရယ်)မိသားစုပါတီဖိတ်စာ”

ကျန်းလော်သည် စိတ်ဝင်စားသွားပြီး လှောင်ပြုံးပြုံးလိုက်ကာ

“လူတိုင်းကို ဖိတ်တာလား”

“နိုင်ငံအဆင့်ပြိုင်ပွဲရဲ့ တတိယအဆင့်ထိရောက်နိုင်တဲ့သူတွေကိုပဲ ဖိတ်တာ ဆိုတော့ မင်းက ဒီပွဲရဲ့ အဓိကဇာတ်ဆောင်ပဲ၊ လွန်ခဲ့တဲ့နှစ်တွေကတော့ အိမ်တော်ကြီး ခြောက်ခုက အလှည့်ကျတာဝန်ယူပြီး ပွဲလုပ်ပေးတာ ဒီနှစ်ကတော့ ချီမိသားစုအလှည့်ပေါ့ကွာ၊ အဲ့ဒီမှာ ရုပ်လွန်လောကရဲ့ အတော်ဆုံးဆိုတဲ့ လူငယ်လေးတွေချည်း စုနေကြမှာ ပြောရရင် ကြင်ဖက်တွေ့ဖို့ လုပ်ပေးတဲ့ပွဲဆိုပါတော့ကွာ”

ဆရာက နောက်ပြောင်ပြောလိုက်သည်။ 

“ကျန်းလော် မင်းသူများကျောင်းတွေရဲ့ ဆွဲဆောင်မှုမှာ မြောမသွားရဘူးနော်”

ကျန်းလော်သည် မျက်ခုံးပင့်လိုက်ပြီး

“ဆရာ ဒီဖိတ်စာက ဘယ်တုန်းကရောက်လာတာလဲ”

“လွန်ခဲ့တဲ့ တစ်နာရီလောက်ကလေ”

ဆရာက ပြောသည်။

“မင်းပြန်ရောက်တာနဲ့ ဖိတ်စာရောက်လာတာကွ မတိုက်ဆိုင်လွန်းဘူးလား ချီမိသားစုကတော့ သေချာစီစဉ်ထားတာပဲ ”

ကျန်းလော်သည် ဆရာ၏ ’ချီမိသားစုကသေချာစီစဉ်ထားတာပဲ’ ဆိုသည့် စကားကိုကြားသောအခါ နှစ်ခေါက်လောက်ရယ်လိုက်ပြီး ဆရာ့ကို နှုတ်ဆက်လိုက်သည်။ 

သူတစ်ယောက်ထဲ ကျန်ခဲ့သည်နှင့် ကျန်းလော်သည် ဖိတ်စာကို ဂရုတစိုက် ဖွင့်ဖတ်လိုက်သည်။ ပါတီပွဲသည် လာမည့်နှစ်ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကျန်းလော်သည် ထိုအချိန်လောက်တွင် သူ့နှုတ်ခမ်းမှအနာများ အရှင်းပျောက်သွားနိုင်လောက်သောကြောင့် စိတ်အဆင်ပြေသွားသည်။ 

ဖိတ်စာမှကျန်သည့်အကြောင်းအရာများမှာ တခြားပုံမှန်ဖိတ်စာများကဲ့သို့ပင် ဘာမှ မထူးခြားပေ။ ကျန်းလော်သည် ဗီဒိုကို ဖွင့်ကြည့်လိုက်သည်၊ အထဲတွင် ပွဲတက်ဝတ်စုံအမြောက်အများရှိနေပြီး ထိုထဲမှတစ်စုံရွေးလိုက်ကာ ဝတ်ကြည့်လိုက်သည်။ အနက်ရောင်ပွဲတက်ဝတ်စုံသည် သပ်ရပ်ပြီး ခန္ဓာကိုယ်နှင့်တစ်ထပ်ထဲကျနေကာ ကျန်းလော်၏ ပိန်ပါးကျစ်လစ်သောခန္ဓာကိုယ်နှင့် သွယ်လျသော ခြေတံရှည်များကို ကောင်းကောင်းကြီး ပံ့ပိုးထားသည်။ 

ကျန်းလော်သည် သူ့ထံတွင် သုံးလို့ဝတ်လို့ရသေးတာ ရှိနေသေးသ၍ အသစ်တစ်ခုအတွက် ဘယ်တော့မှ ပိုက်ဆံမသုံးတတ်ပေ။ နှစ်ရက်ကုန်သွားပြီးနောက် ကျန်းလော်သည် စိုင်လောင်အာမှလွဲ၍ အခြားအတန်းဖော်များနှင့် ဆုံပြီးပြီဖြစ်သည်။

နှစ်ရက်ပြီး မနက်ခင်းတွင် ကျန်းလော်မနက်ခင်းပြေးရာမှ ပြန်လာသောလမ်းတွင် ငေးတိငိုင်တိုင်နှင့် ခြေပျော့လက်ပျော့ဖြစ်နေသော မည်းနက်နေသော မျက်ကွင်းကြီးနှင့် ဖြူဖျော့သော နှုတ်ခမ်းကိုဆူထားသော စိုင်လောင်အာသည် အဆောင်ထဲသို့ ဝင်ဖို့လုပ်နေသည်။ 

ကျောက်ကက်ကို အနားမပေးဘဲ အလွန်စိတ်အလိုလိုက်ပျော်ပါးတတ်သူ၏ ပံစံအတိုင်းတစ်ထပ်ထဲပင် စိုင်လောင်အာသည် ခေါင်းယမ်းပြီး

“ပလက်သေးသေးလေး..........အာ...မင်းက လည်း ဘာ..လို့...........”

စိုင်လောင်အာသည် အိပ်ငိုက်နေသော မျက်လုံးကို အားယူပြီး ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေကာ သနားစရာကောင်းနေသည်။

“ဟာ”

ကျန်းလော်သည် ရွှေအိုရောင်ဆံပင်ကောက်ကောက်နဲ့ကောင်လေးကို မမှတ်မိနိုင်စွာ မေးလိုက်သည်။

“စိုင် လောင်အာ”

စိုင်လောင်အာသည် အိပ်ချင်မူးတူးကြည့်လိုက်ပြီး အကြာကြီးသေချာကြည့်ပြီးကာမှ

“ကျန်းလော် မင်းပြန်လာပြီလား”

“ငါပြန်ရောက်တာ နှစ်ရက်ရှိပြီကွ.......”

“ငါမင်းကို ဘာလို့ နှစ်ရက်လုံးလုံး မတွေ့ရသေးတာလဲ”

“အား နှစ်ရက်တောင်ရှိသွားပြီလား ငါအိပ်နေတာနေမယ်”

စိုင်လောင်အာသည် သမ်းဝေလိုက်ပြီး အိပ်ငိုက်နေသေးသောလည်း အနည်းငယ်အားပြန်ဖြည့်လာသလိုပြောလိုက်သည်။

“ငါ အရမ်းကိုမှအိပ်ချင်တာပဲကွာ”

ကျန်းလော်ကမေးသည်။

“ဒီညတွေ တစ်ညမှ မနားရဘူးလား”

စိုင်လောင်အာသည် ခနမျှတွေးကြည့်လိုက်ပြီး မသေချာစွာပြောသည်။

“ငါနားခဲ့တယ်ထင်တယ် ဆိုပေမဲ့လည်း နည်းနည်းမှ မနားရသေးသလိုလို...............အကြောင်းတစ်ချို့ကြောင့် ညရောက်ခါနီးရင်ကို ငါကြောက်လာသလိုပဲ ငါနေ့ခင်းတွေမှာလည်း အိပ်ပဲအိပ်မနေချင်.........”

သူ့တစ်ကိုယ်လုံးသည် တုန်ခါနေသည်။

စိုင်လောင်အာ ညဘက်တွင်ဝိဉာဉ်လိုက်နှုတ်ခြင်းကို မမှတ်မိမှန်း ကျန်းလော်သတိရသွားသည်။ စိုင်လောင်အာပုခုံးပေါ်သို့ ဝန်ထုပ်ဝန်ပိုးအကြီးကြီးတင်ပေးခဲ့သူမှာ သူဖြစ်သော်လည်း စိုင်လောင်အာကို ဒီလိုမြင်ရသောအခါ သူရုတ်တရက်သေသွားမည်ကို တွေးပြီးကြောက်လာသည်။ 

ညတိုင်း လုပ်အားခမရဘဲ အလုပ်လုပ်ထလုပ်ရသော စိုင်လောင်အာကိုကြည့်ပြီး မမှတ်မိတာတောင် မသိစိတ်က မှောင်လာမှာကို ကြောက်နေသည်ကို ကြည့်ကာ ကျန်းလော်သည် ကြောက်လဲကြောက် စိတ်လဲပူလာသည်။ 

ကျန်းလော်သည် သူ ဟေးဝူချန်နှင့် စကားပြောသင့်သည်ဟု တွေးလိုက်သည်။ 

စိုင်လောင်အာကို နှုတ်ဆက်လိုက်ပြီး ကျန်းလော်သည် အခန်းပြန်ပြီး ရေချိုးလိုက်သည်။ 

ဆယ်နာရီထိုးတော့ သူတို့သည် ချီအိမ်တော်သို့ ထွက်ခွာမည်ဖြစ်သည်။, ထိုအိမ်တွင် တစ်နေကုန်လောက်သည်ဟု မှန်းထားကြသည်။ 

ကျန်းလော်သည် ရေကို သေချာချိုးပြီး ရေချိုးခန်းဝတ်စုံဝတ်ကာ ဆံပင်ကို အခြောက်ခံလိုက်ကာ ပြင်ဆင်ထားသော ဝတ်စုံကိုဝတ်လိုက်သည်။ 

ကျန်းလော် ရှပ်အင်္ကျီကြယ်သီးတပ်နေချိန်တွင် သေချာခေါက်ထားသော ကုတ်အင်္ကျီပေါ်မှ ဝတ်စုံအဆက်လိုက်ကို မြင်လိုက်ရသည်။ 

ပတ္တမြားလက်ကြယ်သီးတစ်စုံ၊ ပတ္တမြားနှင်းဆီ နက်ခ်တိုင်ကလစ်နှင့် ပတ္တမြားနားကပ်တစ်စုံဖြစ်သည်။ 

ကျန်းလော်သည် ထိုပစ္စည်းများကို ကြည့်လိုက်ပြီး ထိုပစ္စည်းများကို ကုန်းကောက်လိုက်သည်။ ထိုပစ္စည်းများကို အလွန်ရင်းရင်းနှီးနှီးမြင်ဖူးနေပြီး သေချာစဉ်းစားကြည့်လိုက်သောအခါ ချီယုံမကြာခနဝတ်ဆင်တတ်သော အဆင်တန်ဆာများဖြစ်သည်။ 

ကျန်းလော်သည် အေးစက်စွာ နှုတ်ခမ်းကို ဆန့်လိုက်သည်။ သူအပြင်ထွက်ပြေးတာ တစ်နာရီသာကြာပြီး သူသွားသည့်အချိန်တွင် တံခါးကို သေချာသော့ခတ်ခဲ့သောကြောင့် ဘယ်သူမှ ဝင်မလာနိုင်ပေ။

‘အိုး လူတွေမဝင်နိုင်ပေမဲ့ သရဲတွေတော့ ဝင်နိုင်တာပဲ’

‘ချီယုံငါ့ကို ဒီပစ္စည်းပို့လိုက်တာက ဘာကိုပြောချင်တာလဲ’

ကျန်းလော်သည် လက်ထဲရှိ ပစ္စည်းများကို ကြည့်ပြီး မတုံ့ဆိုင်းပဲ အမှိုက်ပုံးထဲသို့ တိုက်ရိုက်ပစ်လိုက်သည်။ 

လုံးဝကို မတုံ့မဆိုင်း လွင့်ပစ်လိုက်ခြင်းဖြစ်သည်။

“ပစ္စည်းကောင်းလေးတွေပဲ စိတ်မကောင်းစရာက..............”

နှုတ်ခမ်းပါးကို တင်းတင်းစေ့၍ ဘုရင်တစ်ပါးကဲ့သို့ မော်ချီနေပြီး ဂရုမစိုက်စွာပြောလိုက်သည်။

“ငါက သူများဝတ်ပြီးသား မဝတ်တတ်တာပဲ”

ကျန်းလော်သည် ကုတ်အင်္ကျီကိုယူပြီး အခန်းထဲမှ ထွက်ခဲ့သည်။ သူငယ်ချင်းများအားလုံး အဆင်သင့်ဖြစ်နေကြပြီဖြစ်ပြီး အားလုံးသည် နန်းဆန်စွာ ကြွရွပြီး မြင့်မြတ်သည့်ပုံပေါက်နေကြသည်။ ဝမ်ယမ်လန်သည်ပင် ဝတ်နေကျဂါဝန်ရှည်ကြီးများကို ဘေးဖယ်ကာ အနောက်တိုင်းဝတ်စုံဖြင့် သပ်ရပ်ချောမောနေသည်။ ဝမ်ယမ်လန်သည် ခွမ်ကျိန်းဆီသို့ လျှောက်လာသည်။ 

လုယုံရိသည် ဒီလိုပွဲမျိုးတွင် ဦးထုပ်ဆောင်းထားလို့ မဖြစ်သောကြောင့် ဆံပင်တုသာာတပ်ထားရသည်။ လူစုံသည်ကို မြင်သည်နှင့် လုယုံရိကပြောသည်။

“ငါ့မိဘတွေဆီက ကားတွေငှားလာတယ် သွားစို့”

လုယုံရိကားလား သေချာပေါက် ဇိမ်ခံကားအကောင်းစားကြီးပင်။

ကျန်းလော်သည် သူအရင်ဦးအောင် ယာဉ်မောင်းနေရာယူလိုက်သည်။ ဤကဲ့သို့ ဈေးကြီးသောကားမျိုး မမောင်းခဲ့ဖူးသောကြောင့် ရသည့်အခွင့်အရေးကို အပြည့်အဝအသုံးချတော့သည်။ ဌာနမှူးသည် သူတို့နှင့်လိုက်လာသည်။ သေချာတာကတော့ သူ့ကျောင်းသားများ၏ ပြဿနာရှာနှုန်းကို သိနေသောကြောင့် အကြီးတစ်ယောက်အနေနှင့် ထိန်းသိမ်းရန် လိုက်သွားခြင်း ဖြစ်မည်။ 

ချီမိသားစုသည် ပါတီပွဲကို တောင်ပေါ်ရှိ သူတို့ပိုင် စံအိမ်တွင် ကျင်းပခဲ့ပြီး ကျန်းလော်တို့သည် ဇိမ်ခံကားကို ဗွီအိုင်ပီပါကင်တွင် စံနစ်တကျ ရပ်ခဲ့ပြီး အတန်းလိုက် ဝင်သွားကြသည်။ ရုပ်လွန်လောကတွင် လူသိများသူများသည် ပိုက်ဆံမရှိဘူးဆိုတာ မရှိပေ။ ချီမိသားစုပါတီကျင်းပရာ စံအိမ်ကိုကြည့်လိုက်လျှင်ပင်သိနိုင်သည်။ တောင်ကုန်းတစ်ခုလုံးနီးပါးး ငုံ၍ ဆောက်ထားသည်လေ၊။

သူတို့ကားထဲမှထွက်သည်နှင့် ချီမိသားစုမှ တစ်ယောက်ယောက်သည် အပြေးထွက်ကြိုသည်။ ဂိတ်ဝတွင် အထူးပြုလုပ်ထားသော ဓာတ်မီးဖြင့် ဖိတ်စာကို စစ်ဆေးကြည့်နေသည်။

သူတို့အထဲဝင်လိုက်သည်နှင့် မနီးမဝေးများ ဧည့်သည်များနှင့် စကားပြောနေသော ချီရယ်သည် အေးခဲတောင့်တင်းသွားကာ ဧည့်သည်များကို တောင်းပန်ပြီး သူတို့ဆီသို့ အပြေးလေးရောက်လာသည်။ သူသည် ခေါင်းငုံ့၍ ဌာနမှူးကို နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ဌာနမှူးရှု”

ဌာနမှူးသည် ပြုံးရွှင်စွာ ပြန်နှုတ်ဆက်လိုက်သည်။

“ချီရယ်ရ မတွေ့ရတာ တစ်ပတ်တောင်ရှိသွားပြီနော်”

ချီယုံသည် နှုတ်ခမ်းစေ့လိုက်ပြီး 

“တနင်္လာနေ့ကျရင် ကျောင်းပြန်တက်တော့မှာပါဗျာ”

ဌာနမှူးသည် ခေါင်းညိတ်လိုက်ပြီး ကျန်းလော်တို့အုပ်စုကို ချီရယ်နှင့်ထားခဲ့ကာ သူ့မိတ်ဆွေလူအိုကြီးများဆီ ထွက်သွားသည်။ ချီရယ်သည် ကျန်းလော်ကိုကြည့်လိုက်ပြီး

“မင်းတို့သုံးယောက် အဆင်ပြေရဲ့လား”

ကျန်းလော်သည် ဟန်လုပ်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ

“ငါတို့ကဘာဖြစ်ရမှာလဲ”

“မင်းအဆင်ပြေနေရင်အကောင်းဆုံးပဲ”

ချီရယ်သည် ပုခုံးတွန့်လိုက်ပြီး

“ငါမပါတာနဲ့ ဒဏ်ရာရလာရင် မင်းဒီတစ်ခါတကယ်ရှုံးတာနော်”

ချီရယ်၏စကားထဲမှာပင် ချီမိသားစုမှ လုပ်သမျှ သူဘာမှမသိကြောင်းပေါ်လာသည်။ ကျန်းလော်သည်ရယ်လိုက်ပြီး 

“ဒီတစ်ပတ်လုံး အိမ်ထဲအောင်းနေတာလား”

ချီရယ်သည် ခေါင်းညိတ်လိုက်ပြီး စိတ်ပျက်သလို မျက်ခုံးတွန့်လိုက်ကာ

“သူတို့ငါ့ကို အိမ်အပြင်ကို ထွက်ခွင့်မပြုတာကွာ”

စကားတပြောပြောဖြင့် အုပ်စုလိုက်ကြီး ပွဲထဲဝင်သွားကြသည်။ တတိယအဆင့်အထိရောက်နိုင်သော ပြိုင်ပွဲဝင်များလည်းရှိနေကြသည်။ ထိုသူများသည် တတိယအဆင့်ထိရောက်ခဲ့သော်လည်း ဘာမှမရခဲ့ပေ။ ထိုအထဲတွင် အိမ်တော်ကြီးခြောက်ခုမှ တပည့်ကြီးများလဲ ပါသည်။ ဖုန်းလီသည် ထိုသို့လူငယ်များစုဝေးသည့် ပွဲသို့လာမည်မဟုတ်ပေ။ ထိုလူများသည် မသိမသာ ကျန်းလော်ကိုချောင်းကြည့်နေကြသည်။ 

ရန်လိုအားကျသောအကြည့်ဖြင့် ကျန်းလော်ကို လိုက်ကြည့်နေကြသည်။

“မင်းက ယွမ်ထျန်းကျူးယူသွားတဲ့ ကျန်းလော်ဆိုတာလား”

ကျန်းလော်သည် သူ့သူငယ်ချင်းများဝိုင်းရံနေပြီး လုယုံရိသည် ရှေ့ထွက်လာပြီး

“ဘာလဲ ဘာတွေလာရောင်းနေတာလဲ”

ထိုမေးလိုက်သောလူသည် လူအုပ်တစ်အုပ်ကို ဦးဆောင်လာကာ မျက်နှာတွင် ကျောက်ပေါက်မာများရှိနေသည်။ ထိုသူသည် ရန်လိုစွာဖြင့်

“ငါတို့ မင်းပထမနေရာရတာ လက်မခံနိုင်ဘူး မင်းပြိုင်ပွဲဗီဒီယိုကို ကြည့်ပြီးပြီ၊ မင်းပထမနှစ်ဆင့်ကို ပြိုင်သွားတာကောင်းတာမှန်ပေမဲ့ တတိယအဆင့်မှာ မင်းပြိုင်ပွဲကို ဘယ်လိုနိုင်ခဲ့လဲ ရှင်းရှင်းလင်းလင်း မသိရဘူး၊ ငါ့မိတ်ဆွေတစ်ချို့က မင်းကိုမြင်လိုက်တာနဲ့ ခံပြင်းလာတယ်ကွာ မင်းနဲ့ ပြန်ပြိုင်ကြည့်ဖို့ တအားထက်သန်နေကြတယ်ကွ”

သူတို့သည် ရန်လိုနေကြသော်လည်း ပွင့်လင်းရိုးသားစွာပင် စိတ်ထဲရှိတာကို ထုတ်ပြောလာသည်။ ကျန်းလော်သည် စိတ်ဆိုးမသွားဘဲ

“ဘယ်လိုပြိုင်ချင်တာလဲ”

ကျောက်ပေါက်မာနှင့် တစ်ယောက်သည် မျက်လုံးလှိမ့်လိုက်ပြီး  သူတို့အုပ်စုသည် ကုပ်ကုပ်လေးသွားစုပြီး တိုးတိုးတိုးတိုးနှင့် တိုင်ပင်နေကြသည်။  နောက်ဆုံးတော့ သဘောတူညီမှုရသွားပုံပေါ်ကာ

“ဒီနေ့က ပျော်ပွဲရွှင်ပွဲဆိုတော့ သေနတ်အစစ်သုံးလို့မရဘူး ဒါပေမဲ့ ချီမိသားစုက ငါတို့ဆော့ဖို့ အများကြီးပြင်ပေးထားတယ်ကွ ဒါကြောင့် ဒီနေ့ ငါတို့ ခန္ဓာကိုယ်ကျင့်ကြံခြင်းသိုင်းပညာနဲ့ ကံကြမ္မာကြည့်တာ ပြိုင်ရအောင်”

ကျန်းလော်သည် မျက်ခွံလှုပ်သွားပြီး 

“ကံကိုကြည့် ဘာကြီး”

သူသည် စာရေးပန်းချီဆွဲစသည့်အနုပညာလေးရပ်နှင့် သမ္မာကျမ်းစာနှင့် ပိဋိကတ်သုံးပုံတို့ကဲ့သို့ ကျမ်းစာများကို အလွတ်ရွတ်ပြခြင်းနှင့် ဂါထာမန္တာန်ရေးဖွဲ့ခြင်းအတတ်များလို ခန္ဓာနှင့် ဝိဉာဉ်ကျင့်ကြံခြင်းကို သိသော်လည်း ကံကိုကြည့်သည်ဆိုတာတော့ မသိပေ။ ကျင့်ကြံခြင်းတွင် ချိုးခြံတောင့်ခံခြင်းနည်းလမ်းနှင့် ဂီတကိုကြားခံပြု၍ စိတ်ဝိဉာဉ်ငြိမ်းချမ်းစေသော နည်းလမ်းတို့ကိုပင် သိထားပါသော်လည်း သူပြောသည့် နောက်တစ်ခုကတော့................

စိတ်ကိုထိန်းချုပ်နိုင်ရန် အိမ်တော်ခြောက်ခုသည် သူတို့ခန္ဓာကိုယ်ကို ကျင့်ကြံသော အတန်းကို တစ်ရက်တစ်ချိန်တော့ ထည့်သွင်းတတ်ကြသည်။ ဖုန်းလီ၏ကျန်းလော်ကို လေ့ကျင့်ပေးသော နည်းလမ်းမှာ ဖူလုများဆက်တိုက်ဆွဲခိုင်းခြင်းပင်ဖြစ်သည်။

ဒါပေမဲ့ ကံကိုကြည့်တာတဲ့လား။

အလွန်ကံဆိုးတတ်သော ကျန်းလော်တစ်ယောက် တကယ်ကြီး ကျဉ်းထဲကျပ်ထဲ ရောက်သွားလေပြီ။

သူ့ဘေးမှ သူငယ်ချင်းများသည် ကျန်းလော်၏ အရည်အချင်းကို ကောင်းကောင်းသိကြပြီး စိတ်ဆင်းရဲသော မျက်နှာထား ဖြစ်သွားကြသည်။

‘သွားပြီ သွားပြီ သေပြီပဲ’

တခြားဟာများဆို သူတို့ကြောက်မှာမဟုတ်သော်လည်း ကံကြည့်ပြီး ရှေ့ဖြစ်ဟော......................အိပ်နေတာကို ရေအေးဖြင့် ပတ်လိုက်သလိုပင်။

ချီရယ်သည် စုတ်သပ်လိုက်ပြီး ရျင်းပြလိုုက်သည်။

“ပျော်ပွဲရွှင်ပွဲက ညနေမှစမှာကွ  ဒီလောက်အစောကြီးလာပြီး အရင် ရင်းနှီးအောင်စကားပြောကြပါဦးကွာ ငါတို့အိမ်မှာ ပျော်စရာတွေ အများကြီး စီစဉ်ထားတယ် တောင်ပေါ်မှာအပြေးပြိုင်တာတွေ အာ မြင်းပြိုင်ပွဲလဲရှိတယ်၊အံစာပစ်တာ၊ .တခြားဟာတွေရောအများကြီးပဲ ကံကောင်းတာပြိုင်ကြလေကွာ ဒါအကောင်းဆုံးပဲ ဘာလို့ ခက်ခက်ခဲခဲတွေ ပြိုင်နေကြမှာလဲ”

ကျောက်ပေါက်မာမျက်နှာသည် လစ်လျူရှုလိုက်ပြီး

“ဘယ်လိုလုပ်ပြီး လောင်းကစားလုပ်နိုင်မှာလဲ အဲ့ဒီမြင်းပြိုင်ပွဲဆိုတာက မင်းမြင်တတ်ရင် ဘယ်ကောင်နိုင်မလဲ အသိသာကြီး မင်းအရည်အချင်းကို ဘာမှမပြပေးနိုင်ဘူးကွ၊ မင်းကံကောင်းရင်တော့ အမြင်မကောင်းလဲ နိုင်ချင်နိုင်သွားမှာပဲ”

ချီရယ်သည်နှာမှုတ်လိုက်ပြီး ကျန်းလော်နားကပ်သွားကာ

“သူ့နာမည်က လိချန် ဒီကောင်က တကယ့်ကစားသမားကွ မင်းသူနဲ့တကယ်ပြိုင်ချင်တာလား”

ကျောက်ပေါက်မာမျက်နှာသည် ဘာတွေပြောနေမှန်းမသိသလို အဆက်အစပ်မရှိပြောလိုက်သည်။

“အဲ့တာကပိုကောင်းသင့်တယ်လေ မဟုတ်ရင် ဖင်နာနေလိုက်တော့”

ကျန်းလော်၏ ဘေးမှပြောလိုက်သည်။

“ထားလိုက်တော့ ထားလိုက်တော့ ဟုတ်ပြီ မင်းနိုင်တယ်”

ထိုသို့ပြောလိုက်သောအခါ ပြဿနာလာရှာသော လူစုကို လောင်စာထည့်လိုက်သလိုဖြစ်သွားသည်။ ထိုအုပ်စုထဲမှ အရပ်ရှည်ရှည်နှင့် တစ်ယောက်သည် ငိုမဲ့မဲ့နှင့်ထွက်လာပြီး နီရဲနေသော မျက်လုံးများဖြင့် သူတို့ကိုကြည့်ကာ

“မင်းဘာကိုပြောချင်တာလဲ ငါတို့ကို အထင်သေးတာလားကွ ဟမ်”

ကျန်းလော်သည် ခေါင်းကိုက်လာပြီး သက်ပြင်းချလိုက်ကာ

“............ဒါဆိုလဲ”

ရေလိုက်ငါးလိုက်မေးလိုက်သည်။

“ပထမတစ်ခု ဘာပြိုင်ကြမလဲ”

“စန္ဒယားတီးကြမယ် ခလုတ်တွေပေါ်မှာ ဖန်ပုတီးတွေတင်ထားမယ် ပြီးသွားရင် ပုတီးအများဆုံးကျန်တဲ့သူက နိုင်မှာပဲ”

ကျန်းလော်သည် စန္ဒယားမတီးတတ်သောကြောင့် ငြင်းလိုက်ချင်သည်။ သူမငြင်းနိုင်ခင် ချီရယ့်အဖေသည် အားပါးတရအော်ရယ်ပြီး ရောက်လာကာ

“ကောင်းလိုက်တဲ့ အကြံ ဦးလေးလဲ ကြည့်ချင်တယ် ဦးလေးမင်းတို့ကို ဒိုင်လုပ်ပေးမယ်ကွာ”

ချီရယ်သည် မျက်မှောင်ကြုတ်လိုက်ပြီး

“ဖေဖေ အ......”

ချီဖေဖေသည် သူ့သားပုခုံးကို ပုတ်လိုက်ပြီး

“ဒီနေ့လို ရှားပါးပြီးပျော်စရာကောင်းတဲ့နေ့မှာ အတွေးမများနေစမ်းပါနဲ့ကွာ သူငယ်ချင်းများများလုပ်ရမှာပေါ့”

သူ့သားကိုပြောပြီး ကျန်းလော်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်ကာ

“ကျန်းလော် ဦးလေး မင်းအရင်ဆရာ ချန်ပိဆီကနေ မင်းငယ်ငယ်တုန်းက စန္ဒယားကောင်းကောင်းတီးတတ်တယ်လို့ ကြားထားတယ်၊ မင်းစိတ်ကိုလေ့ကျင့်ဖို့လည်း ဒီနည်းသုံးခဲ့တယ်တဲ့ ချန်ပိက ဒီရက်ပိုင်း မင်းအကြောင်းတွေ အများကြီး ပြောပြနေတာလေ”

ကျန်းလော်သည် နှေးကွေးစွာပြုံးလိုက်ပြီး

“ကျွန်တော်ငယ်ငယ်တုန်းက လုပ်ခဲ့တာတွေပါဗျာ”

မူလကိုယ်၏မှတ်ဉာဏ်ထဲတွင် စန္ဒယားနှင့် တကယ်ပဲလေ့ကျင့်ခဲ့ဖူးသည်။ သို့သော် လူတိုင်းလေ့ကျင့်ချိန်တွင် သူသည်လည်း ရောယောင်ကာ စန္ဒယားတီးခဲ့ခြင်းဖြစ်ပြီး သေချာကျွမ်းကျင်စွာ လေ့ကျင့်ခဲ့ခြင်းမျိုးတော့ မဟုတ်ပေ။ ထိုသို့သော အသေးအဖွဲကိစ္စမျိုးကို မူလကိုယ်သည် မေ့တောင်မေ့နေလောက်ပြီ ဖြစ်သည်။ ဒါဆိုလျှင့် ချန်ပိက ဘာလို့ မှတ်မိနိုင်မည်နည်း။ 

ချီမိသားစုသည် သူ့အကြောင်းကို စုံစမ်းထားချေပြီ။ ကံကောင်းသည်မှာ မူလကျန်းလော်သည် အလွန်သာမန်ကျပြီး တိတ်ဆိတ်သောကြောင့် ချီယုံ့ကို မနာလိုလျှင်တောင် သူ့မှာပြောပြစရာ မိတ်ဆွေမရှိပေ။ အင်တာနက်ကိုသာ အချိန်ပြည့်ကြည့်နေတတ်ပြီး ချီယုံ့ကို သတိလက်လွတ်ကျိန်ဆဲနေသည်ကိုသာ လုယုံရိမကြားခဲ့လျှင် မူလကျန်းလော် ချီယုံ့ကို သတ်လိုက်သည်ဟု သံသယဝင်သူ ရှိလာမှာမဟုတ်ပေ။ 

အစက ချီ(ချီယုံ)မိသားစု သူ့ကို လက်စဖျောက်ချင်သည်မှာ ချီယုံ့ကို သူသတ်မှန်း သိသွားလို့လို့ ထင်ခဲ့သည်။ သို့သော် ချီယုံနှင့် ချီမိသားစုသည် ရှင်းလင်းစွာမတည့်ကြကြောင်း ပေါ်နေပြီဖြစ်ကာ ကျန်းလော်ဆက်မတွေးတော့ပဲ ထိုကိစ္စကို ခေါင်းထဲက ထုတ်လိုက်သည်။ 

သို့သော် သူတွေးမိသည်နှင့် မရပ်နိုင်တော့ပေ။ ချီမိသားစုနှစ်စုပေါင်းပြီး ချီယုံ့ကို တားမြစ်နည်းလမ်းအသုံးပြုပြီး အပြတ်ရှင်းလိုက်သည် ထင်သည်။

ချီမိသားစုသည် ချီယုံ့ကိစ္စကို တိုးတိုးတိတ်တိတ် စုံစမ်းမည်ဆိုကာ ဘာမှမစုံစမ်းသလိုပင် မည်သည့် သတင်းမှမကြားခဲ့ပေ။ ယခုကျန်းလော်ဘက်လှည့်လာလေပြီ။

‘ကျန်းလော်က အရင်က သာမန်ပါပဲ ဘာလို့အခုမှတအားကြီး တော်လာရတာလဲ’

ပြောင်းလဲသွားသော အကျင့်စရိုက်၊ နောက်ဆုံးပြိုင်ပွဲအထိ ပထမနေရာမှ မဆင်းဘဲတတ်လာနိုင်သူ ရုတ်တရက်ပေါ်ထွက်လာသော ပါရမီတို့သည် ချစ်သူသေဆုံးသွားသော မခံစားနိုင်တော့သည့် လူငယ်လေးသည် စိတ်ရောကိုယ်ပါ ပြောင်းလဲသွားသည်ဟု ရှင်းပြနိုင်သည့် ကိစ္စများဖြစ်သည်။ ဒါပေမဲ့ စန္ဒယားမတီးတတ်တော့ခြင်းကိုတော့ မည်သို့မျှ ရှင်းပြလို့်ရမည်မဟုတ်ပေ။ 

ကျန်းလော်သည် မူလကိုယ်ရောက်လာလျှင်ပင် စန္ဒယားကို ကီးဖြောင့်အောင် တီးနိုင်လိမ့်မည်မဟုတ်ဟု ခံစားမိနေသည်။ ဘယ်လိုရှင်းပြပြ ချီဖေဖေသည် လုံးဝယုံမှာမဟုတ်ပေ။ ချီဖေဖေက ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး ဒါက စိတ်ရောကိုယ်ရော သန်မာအောင် လေ့ကျင့်တာပဲကို နှလုံးသားကသာ တည်ငြိမ်နေရင် သေချာပေါက် ကောင်းကောင်းပြီးသွားလိမ့်မယ်”

ကျန်းလော်သည် ပြုံးလိုက်ပြီး သူငယ်ငယ်တုန်းက ကျောင်းမှသင်ခဲ့ဖူးသည် စန္ဒယားလက်ကွက်များနှင့် သူ့ရမှတ်များကို သေချာပြန်စဉ်းစားကြည့်နေသည်။ 

“ငါ့ကိုယ်ငါ အရူးလုပ်ရတော့မှာပါလား”

ကျန်းလော်သည် စိတ်ကို ထိန်းလိုက်ပြီး သူ့ကိုယ်သူ ဦးနှောက်ဆေးရန်ပြင်လိုက်သည်။ သို့သော် မူလကိုယ်သည် တရားထိုင်ဖို့ပင် စိတ်မဝင်စားသောကြောင့် သူ့စိတ်သူထိန်းရန်ပင် အတော်ကြိုးစားလိုက်ရသည်။ စိတ်ထိန်းပြီး နောက်တစ်ဆင့်တက်မလို့ရှိသေးသည် သူသည် စန္ဒယားရှေ့သို့ ရောက်နေပြီ ဖြစ်သည်။

ထို့ကြောင့် ကျန်းလော်သည် မထူးစိတ်ပိုက်ကာ စန္ဒယားခုံတွင် ဝင်ထိုင်လိုက်သည်။ စတင်တီးခတ်ရန် မြင်ဖူးခဲ့သည့်အတိုင်း သေချာပြင်ဆင်လိုက်သည်။ 

သူ့လက်ချောင်းများကို စန္ဒယားခလုတ်များပေါ် အသာအယာတင်လိုက် ပြန်ရုတ်လိုက်လုပ်မိနေပြီး သူ့ကိုယ်သူ လူရွေးပွဲဝင်ပြိုင်နေသလို ခံစားနေရသည်။ 

ပင်လယ်အောက်ခြေမှ တိုးထွက်လာသကဲ့သို့ အဖျားခတ်တုန်ခါနေသော စန္ဒယားသံခပ်တိုးတိုးထွက်လာသည်။ စားပွဲထိုးတစ်ယောက်သည် ဖန်ပုတီးများဖြည့်ထားသော ပုလင်းတစ်လုံးကိုင်လာပြီး ခလုတ်များပေါ်သို့ သွန်ချလိုက်သည်။ 

ပုတီးစေ့များသည် ကျလာသည်နှင့် ခလုတ်များပေါ်လှိမ့်နေကာ ကျန်းလော်မထိရသေးခင်မှာပင် တစ်လုံး နှစ်လုံး ပြုတ်ကျတော့မလိုဖြစ်သွားသည်။ 

ကျန်းလော်က တွေးလိုက်သည်။

‘ဒီသောက်ကျိူးနည်းဟာတွေကို ငါဘယ်လိုတီးရမှာလဲလို့’

‘တစ်ယောက်ယောက်ကများ ဒီသောက်ပုတီးစေ့တွေ ပြုတ်မကျအောင် တကယ်တီးနိုင်တာလား’

သူသည် လည်ချောင်းယားလာကာ ချောင်းဆိုးလိုက်ပြီး စကားပြောမိတော့မည့်အချိန်တွင် စန္ဒယားခလုတ်ပေါ်တင်ထားသော လက်ပေါ်သို့ နောက်လက်တစ်စုံက လာရောက်အုပ်ကိုင်လိုက်သည်။ 

ထိုတခြားလက်သည် မမြင်ရပေ။ လူအုပ်ကြီး မျက်စိအောက်မှာပင် ကျန်းလော်လက်ပေါ်သို့ ပြောင်ချောချောမြွေတစ်ကောင်လို တွားတက်လာသည်။ လက်သည် သေလောက်အောင်အေးစက်နေပြီး ရှည်လျားသွယ်ပျောင်းသော လက်ချောင်းများသည် ကျန်းလော်လက်ဖမိုးပေါ်သို့ ဖြည်းဖြည်းချင်း အုပ်ကိုင်လာသည်။ 

ကျန်းလော်လက်ထဲသို့ ထိုအေးစက်စက်လက်များ တစ်ထပ်ထဲ ဝင်ရောက်လာသောကြောင့် ကျန်းလော်သည် ကြက်သီးထလာပြီး အမွှေးများထောင်နေသည်။

ကျန်းလော်နောက်ကျောသည်လည်း တစ်စုံတစ်ယောက်မှသိုင်းဖက်ခံထားရသလို အေးစက်နေပြီး အနည်းငယ်ကြက်သီးထနေသည်။ 

တစ်စုံတစ်ယောက်သည် သူ့နားနားကပ်ပြီး တိုးဖွဖွရယ်လိုက်ကာ နားထဲလေမှုတ်သွင်းလိုက်သည်။ 

နောက်တစ်ခနအကြာတွင် ကျန်းလော်လက်ထဲဝင်ထားသော သရဲလက်များသည် ကျန်းလော်လက်ကို အသာအယာလှုပ်ရှားရင်း  စန္ဒယားခလုတ်များပေါ် စတင် ကခုန်တော့သည်။ 

#################################