Ch 74
Viewers 8k

အပိုင်း (၇၄)


 ညအချိန်မှာ ချိန်းတွေ့

ချီမိသားစုသည် အတွင်းရောအပြင်ရော ပိုက်စိပ်တိုက်ပြီး ရှာသော်လည်း ယွမ်ထျန်းကျူးသူခိုးကို လွတ်ပေးလိုက်မိမှန်း မသိသေးပေ။ ကျန်းလော်သည် အဆောင်ဆီပြန်ရောက်ပြီးနောက် ပထမဆုံးစလုပ်သော အရာမှာ အသားထဲမှ ယွမ်ထျန်းကျူးကို ခွဲထုတ်ရန်ဖြစ်သည်။ သူသည် သွေးများသုတ်ရန် သဘက်ထုတ်ထားပြီး ပတ်တီးစည်းရန် ပိတ်ကျဲစကိုလည်း တစ်ခါထဲ ဘေးမှာယူထားလိုက်သည်။ ဒဏ်ရာကို ပြန်ဖွင့်လိုက်သည့်နာကျင်မှုသည် အသားကိုဓားနဲ့ခွဲတုန်းကထက်ပိုနာသည်။ ဒဏ်ရာကိုပြန်ဖွင့်ပြီးနောက် ကျန်းလော်မျက်နှာသည် ဖြူဖျော့နေသည်။ ပတ်တီးတစ်ဝက်စည်းပြီးနောက် ကျန်းလော်သည် နဖူးမှ ချွေးများစီးကျလာပြီး သူ့ရှပ်အင်္ကျီသည် ချွေးများရွှဲနစ်နေသည်။ 

ဒဏ်ရာသည် သေးသော်လည်း နက်သည်။ ကျန်းလော်သည် အမာရွက်ကို ဖျောက်ပစ်ရန်တွေးနေပြီးမှ ယောက်ျားတစ်ယောက်ကိုယ်ပေါ်တွင် အမာရွတ်တစ်ခုပိုလာလို့ ရုပ်မဆိုးသွားဟု ပြန်တွေးလိုက်သည်။ သူသည် မှန်ကိုကျောပေး၍ ငိုင်ငိုင်ကြီးထိုင်နေကာ နာကျင်မှုကို ခံနိုင်ရည်ရှိရန် စီးကရက်သောက်နေသည်။ 

ဘေးတွင်ချထားသော ယွမ်ထျန်းကျူးကို သွေးများစင်အောင်ဆေး၍ အလင်းရောင်အောက်တွင် အပေါ်မြောက်၍ ကြည့်လိုက်သည်။ 

‘လှလိုက်တဲ့ ပုတီးစေ့လေး၊ မကောင်းဆိုးဝါးရဲ့ဝိဉာဉ်ဖြစ်နေတာ ဆိုးတာပဲ’

ကျန်းလော်သည် စုပ်သပ်လိုက်ပြီး စီးကရတ်မှ ပြာကိုခါလိုက်သည်။ စီးကရတ်သောက်နေရင်း သူသည် ပိုပိုပြီး  စိတ်ငြိမ်လာသည်။ ထို့နောက် ဖုန်းကိုထုတ်လိုက်ကာ ရုပ်လွန်အဖွဲ့အစည်း၏အတွင်းသတင်း ဖိုရမ်ထဲဝင်ကြည့်လိုက်သည်။ ချီမိသားစု၏ ယွမ်ထျန်းကျူးပျောက်သွားသော သတင်းသည် လူပြောများနေပြီး ထိုသူခိုးကိုရှာတွေ့ပါက ချီမိသားစုသည် အကြီးအကျယ်ဒုက္ခရောက်အောင် နှိပ်စက်တော့မည်ဟု ပြောနေကြသည်။ ကျန်းလော်သည် ပြုံးလိုက်ပြီး စီးကရတ်ငွေ့များ မှုတ်ထုတ်လိုက်ကာ မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။ ယွမ်ထျန်းကျူးကို ဖွက်နေသော မြင်ကွင်းကို ချီယုံက မြင်သွားသည်။ သူသည် တစ္ဆေမျက်လုံးကို သေချာမမြင်လိုက်လျှင်တောင် ချီယုံဆိုတာ သူသေချာပေါက် ပြောနိုင်သည်။ ထိုမကောင်းဆိုးဝါး၏ သူမတူသောအရှိန်အဝါ အမှောင်ချောက်ကမ်းပါးဆီဆွဲခေါ်ချသွားမည့် ကြောက်ရွံ့မှုမျိုးပေးနိုင်သည်မှာ ချီယုံတစ်ယောက်သာ ရှိသည်။ ချီယုံသည် ကျန်းလော်ထံတွင် ယွမ်ထျန်းကျူးနှစ်လုံးနှင့် နှလုံးရှိသည် ကို ကောင်းကောင်းကြီးသိထားသည်။ မကောင်းဆိုးဝါးသည် ယွမ်ထျန်းကျူးယူရန် သေချာပေါက်သူ့ဆီလာလိမ့်မည်။ 

ကျန်းလော်သာ ချီယုံဆိုလျှင် သူ့ရန်သူလက်ထဲသို့ သူ့ဝိဉာဉ်ရောက်နေသည်ကို သည်းခံနိုင်မည်မဟုတ်ပေ။ မူလက ကျောင်း၏အကာအကွယ်စည်းနှင့်ဆိုလျှင် မကောင်းဆိုးဝါးဝိဉာဉ်များနှင့် မိစ္ဆာကောင်များ ဝင်မလာနိုင်ပေ။ သို့သော် ချီယုံသည် နတ်ဘုရားခန္ဓာကိုယ်ကိုအသုံးပြုနေသောကြောင့် အကာအကွယ်စည်းသည် ချီယုံကို မတားဆီးနိုင်ပေ။ သို့သော် ချီယုံသာ သရဲတစ်ကောင်လို ခန္ဓာမပါပဲ လာခဲ့မည်ဆိုလျှင် သေချာပေါက် ဝင်လို့ရမည်မဟုတ်ပေ။ အကာအကွယ်စည်းသည် ရုပ်သေးများကိုလည်း မတားနိုင်ပေ။ ချီမိသားစိအိမ်တော်ကို ဖောက်ဝင်ရန် ချီယုံအတွက် မလွယ်ပေ။ သို့သော် ချီမိသားစုစံအိမ်သည် ပင်မအိမ်တော်နှင့် ရေမြေအနေအထားမတူသည့်အပြင် အကာအကွယ်လည်းအားနည်းရာ ချီယုံ့ကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားသည်။ 

ကျန်းလော်သည် စီးကရက်ကို ရှိုက်လိုက်ပြီး ဒီတစ်ခါတော့ သူသည် ယာဉ်မောင်းနေရာတွင် ထိုင်နိုင်နေပြီး ချီယုံထက် လက်တစ်ဖဝါးသာသွားပြီး ချီယုံကို အခွင့်ကောင်းယူနိုင်တော့မည်ဟု တွေးနေသည်။ ကျန်းလော်သည် သူ့တံခါးရှေ့သို့ ကိုယ်တိုင်လာအရိုက်ခံမည့် အချိန်ကို မျှော်နေသည်။ သူသည် စိတ်ကြည်သွားပြီး အိပ်ရာဝင်လိုက်သည်။ သို့သော် ချီယုံသည် နှစ်ရက်ကြာသည်အထိ ပေါ်မလာခဲ့ပေ။ 

‘ဒါကြီးက မဖြစ်နိုင်ဘူးလေ’

ချီယုံသည် ယွမ်ထျန်းကျူးကိုရရန် ဒုက္ခမျိုးစုံခံပြီး ပိုင်ယဲ့ဖုန်းကို ရုပ်သေးလုပ်ပြီးတောင် ပြိုင်ပွဲပထမနေရာယူရန် လုပ်ခဲ့သေးသည်။ ကျန်းလော်သည် သူတစ်ခုခုများ လွတ်သွားသေးလားဟု သံသယဝင်လာသည်။ မကောင်းဆိုးဝါးသည် ဘယ်တုန်းကမှ လွယ်ကူသော ပြိုင်ဘက် မဟုတ်ခဲ့ပေ။ သူသည် ခန့်မှန်းမရသော ပုံမှန်မဟုတ်သော ပြိုင်ဘက်မျိုးဖြစ်ပြီး ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့တန်တန်သဘောထားမည်မဟုတ်ပေ။ ကျန်းလော်သည် ချီယုံကို ရင်ဆိုင်ရန် အသင့်ပြင်ထားသော်လည်း တစ်ခုခုတော့ ပုံမှန်မဟုတ်သလို ခံစားနေရသည်။ ကျန်းလော်သည် စိတ်ရှည်စွာ နောက်တစ်ရက်ထပ်စောင့်သည်။ ထိုအချိန်အတွင်းတွင် သူသည် ရယ်ရွှင်ဈေးဝယ်ထွက်သည်ကို လိုက်သွားပြီးသူသည် ရယ်ရွှင်၏ အရွေးခက်သော ရောဂါကြောင့် သေချင်စိတ်ပေါက်သွားသည်။ တစ်နေကုန်သွားသော်လည်း မကောင်းဆိုးဝါးပေါ်မလာခဲ့ပေ။ ကျန်းလော်သည် သေချာပေါက် တစ်ခုခုမှားနေပြီဟု ထင်နေလေပြီ။ 

သူ့ခေါင်းပေါ်တွင် ဓားစက်ရောက်နေသလို အန္တာရယ်သည် လက်တစ်ကမ်းမှာရှိနေသလို ခံစားရကာ ကျန်းလော်သည် စိတ်မကြည်တော့ပေ။ သူ၏ စိတ်အခြေအနေသည် ယခုအချိန်တွင် မှိုင်းညို့နေပြီး မချင့်မရဲဖြစ်နေကာ စိတ်တိုလာသည်။ ညသန်းခေါင်တွင် ကျန်းလော်သည် စီးကရတ်အပုံလိုက်ကြီး သောက်ပြီးသွားသေည်လည်း စိတ်အခြေအနေကောင်းမလာဘဲ ချီယုံကို ဘယ်လိုဆွဲထုတ်ရမလဲ စဉ်းစားနေသည်။ 

ကျန်းလော်သည် မကောင်းဆိုးဝါးထွက်လာအောင်လုပ်ရာတွင် အလွန်တော်ကြောင်း သူ့ကိုသူသိသည်။ သူသည် ချီယုံသူ့ကို အိပ်မက်ဆိုးထဲ ဆွဲနှစ်တုန်းက အချိန်ကို ပြတ်ပြတ်သားသားမှတ်မိသည်။ အိပ်မက်ထဲတွင် ချီယုံသည် သူ့ကိုဆယ့်ရှစ်ခါသတ်ခဲ့သည်။ ချီယုံ့အခန်းထဲတွင်ရှိနေစဉ်တွင် ချီယုံ့ပစ္စည်းများသုံးလိုက်၍ ရန်စသည့်စကားများပြောလိုက်လျှင် ချီယုံထွက်လာပေလိမ့်မည်။ 

ထိုကဲ့သို့ ချီယုံကို သူ့အခန်းထဲတွင် လူပါးဝစွာရန်စရန်သည် ကျန်းလော် အကျွမ်းကျင်ဆုံးအလုပ် ဖြစ်သည်။ နောက်နေ့မနက်တွင် ကျန်းလော်သည် အဆောင်ကိုပြန်၍ နေ့လည်စောစောအချိန်တွင် ပစ္စည်းများကို အဆင်သင့်လုပ်ကာ ချီယုံ့အဆောင်ခန်းသို့ သွားလိုက်သည်။ သူ့ထံတွင် ချီယုံ့ အခန်းသော့ရှိသည်။ ကျန်းလော် ချီယုံအခန်းသို့ ဝင်လိုက်သောအခါ မီးကျွမ်းနေသော အနံ့ကို အရင်ရလိုက်သည်။ ထိုအနံ့သည် ကျန်းလော် ချီယုံ့အခန်းကို မီးရှို့လိုက်တုန်းက ကျန်ခဲ့သော အနံ့ဖြစ်သည်။ ယခုတွင်မူ ချီယုံ့အခန်းသည် မူလအတိုင်း ပြန်ဖွဲ့စည်းထားပြီးဖြစ်သည်။ မီးလောင်သွားသော ကော်ဇောကိုအသစ်လဲထားပြီဂ မဲတူးသွားသော နံရံကို ဆေးပြန်သုတ်ထားသည်။ ဖျက်ဆီးခံလိုက်ရသော ပစ္စည်းအားလုံးကို သူ့နေရာနှင့်သူ ပြန်ထားထားပြီး အခန်းသည် မီးကျွမ်းနံ့ရနေသည်မှ လွဲလျှင် ကျန်းလော်ပထမဆုံးမြင်ခဲ့တုန်းကနှင့် တပုံစံထဲပင်ဖြစ်နေသည်။ 

ကျန်းလော်သည် ပစ္စည်းများကိုကြမ်းပြင်ပေါ်ချလိုက်ပြီး ရွံရှာသောမျက်နှာထားကို မဖုံးပဲ ခပ်တည်တည်ပဲ အခန်းထဲသို့ ဝင်ချသွားသည်။ ဒီအခန်းသည် သူ့အိပ်မက်ဆိုးများစတင်ရာ နေရာဖြစ်သည်။ ကျန်းလော်သည် သူခနခနသေခဲ့ရသော အခန်းထောင့်တိုင်းကို သေချာလိုက်ကြည့်နေသည်။ ကျန်းလော်သည် သူသေခဲ့ရသော တစ်ချိန်ကို ပြန်မြင်လိုက်ပြီး သူသည် ထိုအချိန်ကနာကျင်ခဲ့ရသော ခံစားမှုကို ပြန်တွေးမိပြီး ခေါင်းကိုက်လာသည်။ သူသည် အိပ်ရာကိုမြင်သောအခါ သူသည် ထိုအိပ်ရာနှင့် တွဲ၍ ချုပ်နှောင်ခံရပြီး အရှင်လတ်လတ်မီးရှို့ခံရသောအချိန်ကို ပြန်သတိရသွားသည်။ ကျန်းလော်သည် အခန်းတစ်ခုလုံးကို အေးအေးဆေးဆေးကြည့်၍ 

‘ငါလည်း ချီယုံကို ဆယ့်ရှစ်ခါ ပြန်သတ်မယ်’

အခန်းသန့်ရှင်းရေး အဒေါ်ကြီးနှင့် ချီယုံသည် အလွန်ရင်းနှီးပုံရသည်။ ချီယုံသေဆုံးပြီးသွားပြီးနောက်တွင်ပင် ချီယုံ့အခန်းကို အချိန်မှန်သန့်ရှင်းရေး လာလုပ်ထားပုံရသည်။ ကျန်းလော်သည် အခန်းကို သာမန်ကာလျှံကာ သန့်ရှင်းရေးလုပ်လိုက်ပြီး ချွေးများရွှဲနေပြီး ရေချိူးခန်းထဲသို့ ဝင်သွားလိုက်သည်။ သူသည် ဒဏ်ရာကို ပလက်စတစ်ဖြင့် ပတ်လိုက်ပြီး သူတွေ့သမျှချီယုံ့ ပစ္စည်းအကုန်သုံးပစ်နေသည်။ ချီယုံ့ ရေချိုးဆပ်ပြာရည်၊ ချီယုံသုံးသော ခေါင်းလျှော်ရည်တို့ကို သုံးပြီး မျက်လုံးမှိတ်လိုက်ကာ အမြုပ်များကို ဆေးချလိုက်သည်။ ကျန်းလော်သည် သူ့နောက်တွင် ချီယုံရောက်နေသည် ဟုပင်ထင်နေသည်။သူသည် မျက်မှောင်ကြုတ်လိုက်ပြီး

‘ဒီခံစားချက်ကြီး မကြိုုက်ဘူး’

ကျန်းလော်သည် သဘက်ပတ်ထားပြီး ရေချိုးခန်းထဲမှထွက်လာကာ သူယူလာသော ဖူလုနှင့် ရုပ်ထုနှလုံးကိုထုတ်လိုက်သည်။ ရုပ်ထုနှလုံးကိုကြည့်နေရသည်မှာ ကျန်းလော်သည် ဖျော်ဖြေမှုတစ်ခုကြည့်နေရသလိုပင်။ ထို့နောက်သူသည် ယင်ယန်လက်ကောက်မှ ဖန်ဆင်းထားသော ဓားမြှောင်ကိုကိုင်ထားပြီး ဆိုဖာပေါ်မှာာ ထိုင်လိုက်သည်။ ရွှေဓားမြှောင်ထိပ်နှင့် နှလုံးကို သတိမထားပဲ ဓားထောက်ထားသည်။ ချီယုံသူ့ကို ရန်စရသည်မှာ ဒီအရာကြောင့်ပင်၊ ဒီနှလုံးကြောင့်သူ့ကို ဖုန်းတုတစ္ဆေမြို့တော်ကိုပင် ဆွဲချသွားသေးသည်။ ကျန်းလော်သည် ပြုံးပြီးပြောလိုက်သည်။ 

“မင်းသခင်ပေါ်မလာခင် မင်းကို ဘာလုပ်လိုက်ရင် ကောင်းမလဲ”

ဓားမြှောင်၏ခြိမ်းခြောက်မှုအောက်တွင် ရုပ်ထုနှလုံးသည် တစ်ဖတ်ဖတ်အသံမြည်အောင် ခုန်နေသည်။ 

ကျန်းလော်သည် ဓားမြှောင်နှင့် ထောက်ထားပြီး

“ငါ့နာမည်ထွင်းလိုက်ရင်ကောင်းမလား”

“ငါ့အပိုင်လိုမျိုး အဓိပ္ပာယ်ကောင်းကောင်းလေး ရှိသွားမှာနော်”

သူသည် ထိုသို့တွေးလိုက်ပြီး ကျန်းလော်သည် တွေးလေတွေးလေ ထိုအကြံသည် ပို၍ သင့်တော်သည်ဟု တွေးမိလာလေဖြစ်သည်။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပင် ရုပ်ထုနှလုံးသားပေါ်တွင် သူ့နာမည်ထွင်းလိုက်သည်။ တစ်ချက်ထွင်းလိုက်တိုင်း ရုပ်ထုနှလုံးသားသည် ကျစ်ကျစ်သွားပြီး ‘ကျန်း’ဆိုသည့် စာလုံးပြီးသည့်အချိန်တွင် အပြင်ဘက်မှာ မှောင်နေပြီဖြစ်သည်။ ကျန်းလော်သည် ဂရုမစိုက်ပဲ ဆက်လက်ထွင်းထုနေကာ ‘ကျန်းလော်’ ကို ရုပ်ထုနှလုံးအလယ်တည့်တည့်တွင် သေသပ်စွာထွင်းထု၍ ပြီးသွားသည်။ 

ကျန်းလော်သည် ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ရုပ်ထုနှလုံးမှထွက်လာသော ကျောက်မှုန်များကို ရှင်းလင်းလိုက်သည်၊ သူပြီးသွားချိန်တွင် အလင်းရောင်လုံးဝမရှိတော့ပေ။ နေဝင်ပြီး အလင်းရောင်မှိန်မှိန်လေးသာ ကျန်ခဲ့သောပြီး ကောင်းကင်နှင့် မြေကြီးကြားမှ အမှောင်ထုသာကျန်ခဲ့သည်။ ကျန်းလော်သည် မီးဖွင့်ရန် အသွား သူ့နောက်မှ စနောက်ဟန်လှောင်ရယ်သံတစ်ခုကြားလိုက်သည်။

“ဒီလိုလှတဲ့ ညလေးမှာ ဘာလို့ မီးဖွင့်နေမှာလဲကွာ”

မီးခလုတ်ပေါ်တင်ထားသော ကျန်းလော်လက်သည် ရပ်သွားပြီး လှည့်ကြည့်လိုက်ရာ ချီယုံသည် တစ်ယောက်ထိုင်ဆိုဖာပေါ်တွင် ထိုင်နေသည်။ ချီယုံသည် ခြေချိတ်ထိုင်နေပြီး မေးကိုလက်ထောက်၍ လက်ကို ဆိုဖာလက်ရန်းပေါ်တင်ပြီး သူ့ကိုကြည့်နေသည်။ ငွေလရောင်သည် ပြတင်းပေါက်မှတဆင့်  သူ့ကိုယ်ပေါ်သို့ ဖြာကျနေသည်။ သူ့ဖိနပ်သည် လရောင်နှင့်ရောင်ပြန်ဟပ်နေပြီး ချီယုံ့မေးရိုးသည် ခိုင်ကြည်နေကာ သူ့ကောက်ကြောင်းများသည် ထင်းထွက်နေပြီး နှုတ်ခမ်းကို ကွေးထားသည်မှာ လှပပြီး ခန့်ညားသော်လည်း နှုတ်ခမ်းအရောင်သည် ဘာကြောင့်မှန်းမသိ လွန်စွာဖျော့တော့နေသည်။ ကျန်းလော်သည် စစ်ဆေးသည့်မျက်လုံးနှင့် သူ့ကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ

“ဆိုတော့ ကျွန်တော်တို့ရဲ့ မစ်စတာချီရောက်လာတာပေါ့”

“မင်းပဲကိုယ့်ကို လာစေချင်နေတာ မဟုတ်ဘူးလား”

ချီယုံ့အသံသည် ထီမထင်ဟန်အပြည့်ဖြစ်နေပြီး

“အဲ့တာကြောင့်ကိုယ်ကချိန်းထားတဲ့အချိန်ရောက်လာတာကို”

ကျန်းလော်သည် မီးခလုတ်မှ လက်ရုတ်လိုက်ပြီး ချီယုံဆီသို့ လျှောက်သွားသည်။ ချီယုံသည် ထိုင်နေဆဲဖြစ်ပြီး မောက်မာစွာရယ်လိုက်တာ

“အား ကြည့်ရတာ အန္တာရယ်များတဲ့ ချိန်းတွေ့တဲ့ညလေး ဖြစ်တော့မဲ့ပုံပဲကွ နော်”

“ချိန်းတွေ့တယ် ဟုတ်လား ဘာမှ မချိန်းတွေ့ဘူး”

ကျန်းလော်သည် ချီယုံထံ လျှောက်သွားလိုက်ပြီး ဆိုဖာလက်ရန်းနှစ်ဖက်သို့ လက်ထောက်ပြီး ကိုယ်ကိုကိုင်း၍ ချီယုံကိုကြည့်လိုက်သည်။ သူ့ဆံပင်ရှည်နက်နက်များသည် ချီယုံ့ပေါ်ပုခုံးပေါ်ကျလာကာ ကောင်လေးသည် ခက်ထန်စွာပြောလိုက်သည်။

“ချီယုံ ကြည့်ရတာ မင်းကလွတ်သွားတာလား”

သူသည် ခုံပေါ်ထိုင်နေသော မကောင်းဆိုးဝါးကို ရန်စသည့်ပုံဖြင့် မကောင်းဆိုးဝါးမျက်နှာကို လေနှင့်မှုတ်လိုက်သည်။ 

မရေရာသော စိတ်ခံစားမှုနှင့်အတူ မကောင်းဆိုးဝါး၏မျက်လုံးထဲတွင် အမှောင်ထုထဲ၌ပင် တောက်ပနေသော နတ်သားလိုကောင်လေးသည် ပြုံးနေပြီး

“အာ ဒီမှာ အထင်မှားနေတာ တစ်ခုရှိတယ်ထင်တယ်”

ဆံပင်အနက်နှင့်ကောင်လေးသည် မတ်မတ်ပြန်ရပ်လိုက်ပြီး ချီယုံ့ကိုကျောပေးလိုက်ပြီး ဝေးဝေးလျှောက်သွားလိုက်သည်။ ရင်းနှီးနေသော ရေချိုးဆပ်ပြာအနံ့သည် အခန်းထဲပျံ့လွင့်နေသည်။ မကောင်းဆိုးဝါးသည် ပျင်းရိစွာခေါင်းထောင်ကြည့်လိုက်ပြီး 

“ဟမ်......”

သူ့အသံသည် အံ့အားသင့်နေပုံရပြီး ခပ်ဖန့်ဖန့်ပြုံးလိုက်သည်။ ကျန်းလော်သည် ချီယုံ့ဘက်ပြန်လှည့်လိုက်ပြီး ကိုယ်ကိုကိုင်းကာ နားနာကပ်၍ 

“အို့ပ်စ် ငါတို့ရဲ့ မစ်စတာ မကောင်းဆိုးဝါးရေ”

သူသည် မထိန်းနိုင်စွာ ရယ်မောလိုက်ပြီး 

“ဘာလို့ ဒီလောက်တောင် အားနည်းသွားရတာလဲ”

#####################################