Ch 78
Viewers 8k

အပိုင်း (၇၈) 


ငါမင်းကိုမသိတော့သလိုပဲ

အခန်းထဲမှ လူများသည် တံခါးပေါက်တွင်ရပ်နေသော မကောင်းဆိုးဝါးကို ထိတ်လန့်စွာကြည့်နေကြသည်။ ကောင်းမွန်သပ်ရပ်စွာ ဝတ်ဆင်ထားသော မကောင်းဆိုးဝါးသည် အခန်းထဲသို့ လျှောက်ဝင်လာပြီး လည်သာဖိနပ်ဖြင့် ကြမ်းပြင်ပေါ်လျှောက်နေသော ခြေသံသည် လူများကို အေးခဲပြီး သေသွားနိုင်လောက်သည်။ သူသည် စားပွဲနှင့် နီးသည်အထိလျှောက်လာပြီး ကျန်းလော်ကိုပဲကြည့်နေကာ 

“လူဆုံနေကြတာပဲ”

ချောမောပြီး ပြောမပြနိုင်လောက်အောင် လှပသော အရှိန်အဝါနှင့် မကောင်းဆိုးဝါးသည် သူတို့ရှေ့တွင် အရှင်လတ်လတ်ရောက်နေကာ လူကြီးလူကောင်းပီသစွာဖြင့်

“ကိုယ်ရော မင်းတို့နဲ့အတူ ဝင်ထိုင်လို့ရမလား”

သူ၏မကောင်းဆိုးဝါးအငွေ့အသက်ကို သေချာဖုံးဖိထားသော်လည်း သူအသက်ရှင်နေစဉ်ကနှင့်တော့ မတူတော့ပေ။ ‘သူက ရူးသွားတာလား ဒါမှမဟုတ် ဘယ်သူ့မှဂရုမစိုက်ပဲ ကြောက်စရာကောင်းအောင် လုပ်နေတော့မှာလား’

သူသည် အလွန်ညင်သာနေကာ အားလုံးသည် ပိုင်ဟွာတက္ကသိုလ်တွင် ချီယုံနှင့်အတူ အချိန်ဖြုန်းဖူးကြသည်ကို သတိရသွားကာ စိတ်ရှုပ်သွားကြသည်။ မကြာသေးခင်ကမှ သူတို့ကျိန်ဆဲနေကြသောသူကို ကြည့်ကာ လူအုပ်လိုက်ကြီးသည် စိတ်ရှုပ်သွားကြကာ သူတို့သည် လောကသစ်တစ်ခုကို မြင်လိုက်ရသလို ခံစားနေရသည်။

ကောကျူသည် လိုက်ကာအပြင်မှ ခုံအပိုတစ်လုံးယူပြီး စားပွဲအလယ်တည့်တည့်တွင် နေရာချပေးလိုက်သည်။

“ထိုင်ပါ”

ဖြစ်ချင်တော့ ထိုနေရာသည် ကျန်းလော်၏ဘေးကပ်လျက်တွင် ဖြစ်နေသည်။ ကျန်းလော်သည် မျက်လုံးကြီးပြူးပြီး ချီယုံကို ငေးကြည့်နေသည်။ သူ့ခေါင်းထဲတွင် မီးသတ်ကားသံလို တဝီဝီမြည်နေအောင် ကြားနေရပြီး သူဘယ်လောက်တောင် တွက်ချက်နေရသလဲဆိုတာ ဘုရားပင်သိတော့မည်။ သူသည် ချီယုံဒီလောက်တောင် လုပ်ရဲလိမ့်မည်ဟု ထင်မထားခဲ့ပေ။ 

‘ဘယ်လိုတောင် လူတွေအများကြီးရှေ့မှာ ပေါ်လာရဲတာလဲ’

သူသည် ကျန်းလော်ကို အိပ်ရာပေါ်ဆွဲခေါ်ရန်လာတာကလွဲရင် တခြားကိစ္စမရှိပေ။ 

အဆိုးဆုံးမှာ ကျန်းလော်သည် ထိုမကောင်းဆိုးဝါးနှင့် သူငယ်ချင်းများရှေ့တွင် အရူးအမူးချစ်နေသလို မခွဲနိုင်မခွာရက်ကြသော ချစ်သူများလို ဟန်ဆောင်နေရဦ်းမည်။ စိတ်တိုနေသော ကျန်းလော်သည် အလိမ်အညာတွေထပ်ပြောပြီး မကောင်းဆိုးဝါးကို အဆုံးထိရောက်အောင်တွန်းပို့ရန် အကြိမ်တစ်ရာလောက် တွေးပြီးနေလေပြီ။

‘ချီယုံက ငါလုပ်တာခံချင်လို့ ဒီလိုတွေထိတောင် လုပ်နေတာလား’

ဒီလိုဘာမှမပြောနိုင်ပဲ စိတ်ဆိုးရမည့်အလှည့်ရောက်သွားသော ကျန်းလော်သည် အလွန်ထူးဆန်းသော ပုံစံဖြင့် စိတ်ဆိုးလာသည်။ သူသည် သူ့ဟာသူရှာထားသော ပြဿနာနှင့် မထွေးနိုင်မအန်နိုင်ဖြစ်နေသည်။ သူသည် အံ့ဩဝမ်းသာနေဟန်ဆောင်လိုက်ပြီး

“ကျွန်တော့ကို လာကြိုတာ....ဘယ်လိုလုပ်ပြီး.............”

မကောင်းဆိုးဝါးသည် ကောကျူကို ကျေးဇူးတင်လိုက်ပြီး ညင်သာစွာထိုင်လိုက်ကာ ကျန်းလော်ကို အပြုံးလေးနှင့် ကြည့်လိုက်သည်။ သူ့မျက်ဆံသည် နက်မှောင်နေကာ အရင်ကထက် ပိုနက်နေသလိုခံစားရပြီး ထိုမျက်လုံးများတွင် နတ်ဆိုးတစ်ကောင်ဝင်နေသလို ထင်ရသည်။ ကျန်းလော်သည် ကြက်သီးများထလာပြီး ချီယုံသည် သူ့ကို အရည်ရွှမ်းပြီး အရသာရှိသော အသားတုံးလို ကြည့်နေသည်။ 

“ကိုယ်မင်းလေးကို တွေ့ဖို့လာတာလေ၊ အိုး သေချာပေါက် မနေ့ကပြောတဲ့ ကိစ္စလေးအတွက်လဲ ပါတာပေါ့”

ချီယုံသည် အခန်းထဲသို့ ဝင်လိုက်ပြီးနောက် စိတ်လှုပ်ရှားနေပြီး ကျန်းလော်ကိုသာ ရန်စနေသည်။ သူ့အာရုံများသည် ကျန်းလော်ထံတွင်သာ ရှိနေပြီး ရူးသွပ်စွားစိတ်လှုပ်ရှားနေသော်လည်း အပြင်ပန်းတွင် သူသည် အလွန်တည်ငြီမ်နေသည်။ ချီယုံသည် သူ့ဒဏ်ရာများ ပြန်သက်သာလာစေရန် တစ်နေ့လုံးကျင့်ကြံခဲ့ရသည်။ သူ့အားနည်းချက်ကို နည်းနည်းမှမပေါ်စေပဲ သူ့ပုံမှန်စွမ်းအားပြန်ရလာသည်အထိ သေချာကုသခဲ့သည်။ ပုံမှန်ဆိုလျှင် ချီယုံသည် ဘယ်သူမှမသိသော နေရာတွင် အပြည့်အဝပြန်ကောင်းရန် ကုသနေသင့်သည်။ သို့သော် သူသည် ရူးမိုက်စွာပင် ဤနေရာတွင် ပေါ်လာရဲသည်။ ဆံပင်အနက်ရောင်ကောင်လေးသည် ဘယ်သူမှမသိအောင်  ခြိမ်းခြောက်ခံနေရသည်။ မကောင်းဆိုးဝါးသည် သူ့စကားကို ဖြတ်ဖြတ်ပြောနေသောကြောင့် သူသည် စကားဆုံးအောင် မပြောနိုင်တော့ပေ။ 

ချီယုံက

“သနားတာကွာ”

သို့သော်သူ့ပုံစံသည် ဘယ်သူ့ကိုမှ သနားသည့်ပုံမပေါ်ပဲ စိတ်လှုပ်ရှားနေမှန်းမြင်နေရသည်။ ကျန်းလော်သည် မကောင်းဆိုးဝါး သူ့ကိုကြည့်နေသည့် အကြည့်ကြောင့် တောင့်တင်းအေးစက်သွားသည်။ မကောင်းဆိုးဝါး လက်ချောင်းတစ်ချက်လုပ်လိုက်တိုင်း သူသည် အရိုးများပင် ခဲသွားမတတ် ထိတ်လန့်လာသည်။ 

‘မကောင်းတော့ဘူး’

ဘယ်လိုမကောင်းတော့မှန် သူ့မပြောတတ်ချေ။ လူဆယ်ယောက်ထိုင်နေသော စားပွဲဝိုင်းသည် မကောင်းဆိုးဝါးတစ်ကောင်တိုးလာပြီးနောက် အနည်းငယ်ကျပ်သွားသည်။ ချီယုံသည် စားပွဲအောက်တွင် သူ့လည်သာဖိနပ်နှင့် ကျန်းလော်ခြေထောက်ကို သွားထိသည်။ ကျန်းလော်သည် အခွင့်အရေးကို အပြည့်အဝယူကာ အားရှိသလောက် ဖိနပ်ရာထင်သည်အထိ ထိုသူ၏ခြေထောက်ကို အသေတက်နင်းထားလိုက်သည်။ 

ထို့နောက် ကျန်းလော်က ပြောလိုက်သည်။

“ဘာကိစ္စဖြစ်ဖြစ် ကျွန်တော်တို့ နောက်မှပြောကြမယ်လေ နော်”

ဝမ်ယမ်လန်သည် အကြာကြီး တိတ်ဆိတ်နေပြီး

“ချီယုံ ကျွန်တော်တို့ ခများနှင့် ကျန်းလော်အကြောင်း နည်းနည်းလောက် ဆွေးနွေးကြည့်ရအောင်လား”

“ကိုယ်တို့အကြောင်းလား”

ချီယုံသည် ရယ်လိုက်ပြီး လက်ပိုက်လိုက်ကာ

“ပြောကြည့်လေ”

“ချီယုံ”

ချီရယ်သည် နောက်ဆုံးတွင် မထိန်းနိုင်တော့ပဲ မျက်မှောင်ကြုတ်လိုက်ပြီး ချီယုံကို ရန်လိုစွာ

“မင်းနဲ့ ကျန်းလော်က ဘယ်လိုပတ်သက်နေလို့လဲ”

သူသည် ချီယုံကို ဘယ်တုန်းကမှ မမြင်ဖုးပေ။ သို့သော် သူသည် ချီယုံအကြောင်းကြားဖူးသည်။ သူ့အဖေသည် အရင်က ချီအိမ်တော်သို့ မကြာခဏသွားခဲ့ဖူးသော်လည်း သူ့ကိုဘယ်တုန်းကမှ ခေါ်မသွားခဲ့ပေ။ ချီရယ်သည် ချီအိမ်တော်နှင့် လုံးဝစိမ်းသက်သော်လည်း ချီယုံဆုံးသွားသည့် အကြောင်းတော့ ကြားဖူးသည်။ 

ထိုလူအခန်းထဲ ဝင်လာထဲက ချီရယ်သည် သူ့နှလုံးသားထဲမှပင် ကြောက်ရွံသွားရသလို ခံစားရသည်။ အခန်းထဲရှိအပူချိန်သည် ထိုသူဝင်လာထဲက ထိုးကျသွားပြီး လူတိုင်းသည် ခြေပျော့လက်ပျော့ဖြစ်သွားလောက်အောင် အေးခဲသွားသလို ခံစားကြရသည်။ ထိုသို့သော အကြောင်းပြချက်တို့နှင့် ချီရယ်သည် သူ့ရှေ့မှလူကို ရန်လိုနေပြီး ချက်ချင်းသိချင်တာကို မေးချလိုက်သည်။ 

အထူးသဖြင့် ထိုလူနှင့် သူယခုဝတ်ပုံတူနေသောကြောင့် ပိုဆိုးသည်။ သို့သော်ထိုလူသည် အမြဲဒီပုံစံအတိုင်းဝတ်နေကျကဲ့သို့ပင် ချီရယ်ကသာ ထိုသူလို လိုက်ပြီး ဝတ်စားထားသော အတုအယောင်နှင့်တူနေသလို ဖြစ်နေပြီး ချီရယ်သည် သူ့ကိုယ်သူ သိမ်ငယ်လာသလို ခံစားရသည်။ ချီရယ်သည် စိတ်ဆိုးနေပြီး ထိုစိတ်ဆိုးမှုသည် သူ့လေသံကို မြင့်လာစေသည်။ ကျန်းလော်၏အပြုံးသည် ဝမ်ယမ်လန်မှ စီးကရတ်ဘူးတစ်ခုထုတ်လာသည်ကို မြင်သောအခါ တုံ့ဆိုင်သွားရသည်။ ထိုဘူးထဲမှ စီးကရတ်များသည် ပုံမှန်မဟုတ်ပေ။ တစ္ဆေစီးကရတ်များဖြစ်ပြီး အမည်းရောင်အမွှေးနံ့သာနှင့် လိပ်ထားပြီး ထိုအရာကို သေသူများကို ပူဇော်ရန်သုံးသည်။ သူသည် ချီယုံကို ထိုစီးကရတ်တစ်လိပ် လှမ်းပေးလိုက်သည်။ ထို့နောက် ဝမ်ယမ်လန်သည် ချီရယ်လက်ကို ဆွဲ၍ မသိမသာ ခေါင်းညိတ်ပြလိုက်သည်။ ချီယုံသည် တခြားသော သာမန်မကောင်းဆိုးဝါးများနှင့် လုံးဝမတူပေ။ သူသည် အသက်ရှင်စဉ်က လူတစ်သန်းတွင်တစ်ယောက်သာပါသော ပါရမီရှင် နတ်ဆရာတစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် အတတ်နိုင်ဆုံး သူနှင့် မတိုက်ခိုက်ရအောင် နေမှဖြစ်ပေမည်။

“သူက ကျွန်တော်တို့ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသားလေ ချီရယ်တဲ့”

ဝမ်ယမ်လန်သည် ပြုံးပြုံးလေး ပြောလိုက်ပြီး 

“ဆရာချီ သူ့အကြောင်းကို အရင်ကကြားဖူးမယ်ထင်တယ်”

မကောင်းဆိုးဝါးသည် အစိမ်းရောင်အငွေ့များမှုတ်ထုတ်လိုက်ပြီး 

“ကြားဖူးတယ်ထင်တာပဲ”

ချီရယ်သည် အေးခဲသွားပြီး အလွန်ဒေါသထွက်လာသည်။ ထို့နောက်သူသည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး

“ကျန်းလော် မင်းသူနဲ့အတိအကျ ဘယ်လို ပတ်သက်နေတာလဲ”

ကျန်းလော် ပြန်ဖြေတော့မလို့ပင် သို့သော်ချီယုံသည် သူထက်ဦးအောင် ရယ်မောလိုက်ပြီး

“အမ်းး ပုံမှန်ထက် ထူးဆန်းနေတဲ့ ဆက်ဆံရေးလေးပေါ့ကွာ”

သူသည် ကျန်းလော်ဂုတ်ကို အသာအယာပွတ်ပေးလိုက်ပြီး ဆိုးဝါးစွာပြုံးလိုက်ကာ

“ကိုယ်မင်းကိုအကြာကြီး ကြိုက်ခဲ့တာ ပြီးတော့ မင်းဘက်ကလည်း ကိုယ့်ကို ချစ်တယ်လေ ဟုတ်တယ်မလား ကျန်းလော်လေး”

ကျန်းလော်သည် သူ့ကိုစိတ်တိုစွာကြည့်လိုက်ပြီး ဂုတ်ပေါ်မှလက်ကို ရိုက်ချလိုက်ကာ

“တော်တော့လို့”

ရိုက်ချလိုက်သော အသံသည် အတော်ကျယ်သွားပြီး လုယုံရိသည် ထိုအသံကိုကြားသောအခါ သူ့ဘေးမှ အေးခဲပြီးမလှုပ်သော စီဝမ်ကွေးကို တိုးတိုးလေးကပ်ပြောလိုက်သည်၊

“ကျန်းလော်က ချီယုံကို တော်တော်နိုင်တယ်ထင်တယ်နော် ဒါလူတွေပြောပြောနေတဲ့ ဖလစ်တယ်ဆိုတာထင်တယ်ကွ”

စီကွေး “............”

သူသည် ဘာမှမပြောရဲသလို လှုပ်ပင်မလှုပ်ရဲပေ။

လူတိုင်းသည် ကျန်းလော်နှင့် ချီယုံ့အကြောင်းသိထားကြပြီး သူတို့အမူအယာသည် တစ်စက်လေးမှ အံ့ဩသွားပုံမပေါ်သောအခါ ချီရယ်သည် မယုံနိုင်ဟန် အူတူတူလေး ထိုင်ခုံပေါ်ဖင်ထိုင်ရက်ကျသွားသည်။ ချီရယ်မျက်နှာသည် ဖြူဖျော့သွားပြီး 

“မဖြစ်နိုင်တာ.......”

မကောင်းဆိုးဝါးသည် အသံအနည်းငယ်မြင့်လိုက်ပြီး 

“အိုး ကြည့်ရတာ အခုထိမယုံသေးတဲ့ပုံပဲ”

သူသည် ရုတ်တရက် ကျန်းလော်ခေါင်းကို ဖိချလိုက်ပြီး ကျန်းလော်ဘာမှမတုံ့ပြန်နိုင်ပဲ ကြောင်နေချိန်တွင် မကောင်းဆိုးဝါးသည် ကျန်းလော်နှုတ်ခမ်းကို နမ်းလိုက်လေသည်။ အပြန်အလှန် ကိုက်ဖြဲပြီး လူမသိအောင် သွားချင်းခုတ်ခြင်းနှင့် သူငယ်ချင်းများရှေ့တွင် ကစ်ဆင်ဆွဲနေရသည် ခံစားချက်သည် လုံးဝကြီး ခြားနားသည်။ မကောင်းဆိုးဝါး၏ အနမ်းသည် အသက်ရှူကြပ်ပြီး သေသွားစေနိုင်လောက်အောင် ကြမ်းတမ်းသည်။ 

မကောင်းဆိုးဝါးသည် ရူးသွပ်နေကြောင်း ကျန်းလော်နဖူးသည် မကောင်းဆိုးဝါးဖိထား၍ စုတ်ပြဲသွားတော့လိုဖြစ်နေကာ သူ့လက်များဖြင့် မကောင်းဆိုးဝါး၏ အင်္ကျီကော်လာကို ဆွဲကိုင်ထားရသည်ကို ကြည့်ပြီး သိနိုင်သည်။ ကျန်းလော်၏ ဆံပင်နက်နက်များသည် ရှုပ်ပွလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးအဖိခံထားရသည်။ မကောင်းဆိုးဝါးသည် သူ့ကိုယ်သူ လုံးဝမထိန်းချုပ်နိုင်သလို အရူးအမူးနမ်းနေသည်။ သူများအမြင်တွင်တော့ နှစ်သက်ကြည်နူးဖွယ်အနမ်းခန်းလေးဖြစ်နေသော်လည်း တကယ်တမ်းတွင် ကျန်းလော်နှင့် ချီယုံသည် တိုက်ပွဲဖြစ်နေကြသည်။ တစ်ဖက်သည် မနှစ်မြို့ပဲဒေါသထွက်နေကာ တစ်ဖက်သည် လောဘတကြီး နမ်းနေသည်။ 

ဆေးလိပ်နံ့သည် အလွန်ပြင်းပြီး မကောင်းဆိုးဝါးသည် ပိုင်ဆိုင်လိုစိတ်ကြီးစိုးသွားကာ မဟားတရားကြမ်းတမ်းလာသောကြောင့် ကျန်းလော်သည် ချီယုံ့နှုတ်ခမ်းကို ဖမ်းကိုက်ပစ်လိုက်တော့သည်။ ထိုသို့ အားပြင်းပြင်းနှင့် ကိုက်လိုက်သောအခါ ကျန်းလော်သည် သူ့သွားများတစ်စစီကျိုးသွားသလို နာကျင်သွားသည်။ 

‘မအေဘေးနှယ် မင်းဒီလို အနိုင်ကျင့်လို့ရလားကွ’

ကျန်းလော်သည် သူနှင့်ချီယုံနမ်းနေသည်ကို အခြားပုံစံတစ်ခုအဖြစ် ပြောင်းမြင်ကြည့်လိုက်သည်။ ဒီအနမ်းသည် အချစ်မပါ သံယောဇဉ်မပါ အပြန်အလှန်မချစ်ကြ မလိုချင်ကြပါဘဲ အနိုင်ရရန် အားပြိုင်နေခြင်းသာ ဖြစ်သည်။ ကျန်းလော်သည် ထပ်မတွေးနိုင်တော့ပေ။ 

သူသည် ဝတ်ကျေတမ်းကျေပြန်တုံ့ပြန်လိုက်ပြီး ချီယုံနှင့်သူ့အကြောင်းပြောထားသည့်ဇာတ်လမ်းကို ပြောင်းပြန်လှန်ပစ်လိုက်ချင်နေသည်။ ထိုအလိမ်အညာ ဇာတ်လမ်းသည် သူ့ကို ဤကမ္ဘာတွင်နေလို့ အဆင်ပြေပြီး သူ့ဇာတ်ကောင်ကို တရားမျှတသော ဇာတ်ကောင်အဖြစ်ပြောင်းလဲနိုင်ခဲ့ကာ သူ့တွင် မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများ အများကြီးရလာသည်။ 

သို့သော် ယခုတွင် မကောင်းဆိုးဝါးသည် ထိုအလိမ်အညာဖြင့် သူ့အပေါ်အခွင့်အရေးယူပြီး သူ့ကို ခက်ခဲအောင်လုပ်နေသည်။ ကျန်းလော်သည်ထိုဇာတ်လမ်းသည် ဒီလောက်တောင် ထိရောက်သွားရလားဟု တွေးမိသွားသည်။ ကျန်းလော်နှင့် ချီယုံ၏တိုက်ပွဲသေးသေးလေးသည် အချိန်သိပ်မကြာခဲ့ပေ။ ထိုသို့ရုတ်တရက်ဆန်ဆန် ဖြစ်ပျက်သွားပြီးနောက် အားလုံးသည် သူတို့ကိုကြောင်ကြည့်နေကြသည်။ သူတို့အသိပြန်ဝင်လာချိန်တွင် မကောင်းဆိုးဝါးသည် ကျန်းလော်ကို လွတ်လိုက်ပြီးဖြစ်သည်။ ချီယုံသည် ထိုအကြည့်များကို မြင်ပြီး စိတ်အခြေအနေအရမ်းကောင်းသွားကာ ပြုံးလိုက်သည်။ 

ထို့နောက်သူသည် ကျန်းလော်နှုတ်ခမ်းကို တစ်ချက်ဖိနမ်းလိုက်ပြီး 

“မင်းလေးက အခုထိတောင် ရှက်နေတုန်းပဲလားကွာ”

ကျန်းလော်သည် လှပစွာပြုံးလိုက်ပြီး ရှက်ရွံ့ဟန်ခေါင်းငုံလိုက်ကာ ချီယုံတစ်ယောက်ဘဲ ကြားရမည့်အသံဖြင့်

“ဖာ့ခ်ယူ”

မကောင်းဆိုးဝါးသည် မျက်ခုံးပင့်လိုက်ပြီး ကျန်းလော်ကို လွတ်ပေးလိုက်သည်။ သူ့မျက်နှာတွင် အပြုံးအကြီးကြီး ချိတ်ဆွဲထားပြီး သီချင်းညည်းလိုက်ကာ တူတစ်စုံဖောက်လိုက်ပြီး ရေခဲသေတ္တာထဲမှ အသားတစ်ပန်းကန်သွားထုတ်လိုက်သည်၊ အသားသည် လတ်ဆက်နေပြီး သွေးတစက်စက်ကျနေသည်။ မကောင်းဆိုးဝါးစိတ်ပျော်သွားသည် နှင့် အခန်းအပူချိန်သည် ပုံမှန်အတိုင်းဖြစ်သွားကာ လူအားလုံးသက်ပြင်းကိုယ်စီ တိတ်တိတ်လေးချလိုက်သည်။ လူတိုင်းသည် မက်တပ်ရပ်နေကြပြီး တွေဝေစွာ ပြန်ထိုင်လိုက်ကြသည်။

ကျန်းလော်နှင့် ချီယုံသည် လုံးဝပုံမှန်ချစ်သူများကဲ့သို့ ကဲကဲသဲသဲလုပ်သွားကြရာ သူတို့သည် ထိုနှစ်ယောက်ကို တားဖို့ ရှက်သွားပြီး မမြင်သလိုဟန်ဆောင်လိုက်ကြသည်။ ဝမ်ယမ်လန်သည် ထိုအနမ်းကို လုံးဝမမြင်ခဲ့သလို ပြုံးလိုက်ပြီး 

“ချီယုံ မင်းက သေပြီးသွားပြီလေ၊ မင်းကျန်းလော်ကို ချစ်နေသေးရင် သူကောင်းဖို့အတွက် စဉ်းစားပေးရမှာပေါ့ ဘာလို့သူ့ကို ဒီလိုတွယ်ကပ်နေရတာလဲ”

ကောကျူကပြောလိုက်သည်။

“မင်းဒီလိုလုပ်နေတာ သူ့ကိုနာကျင်စေလိမ့်မယ်”

ကျိုးကျုံးချိုးနှင့် တခြားသူများသည် နားရွက်များထောင်နေအောင်ပင် ချီယုံ့အဖြေကို နားစွင့်နေကြသည်။ မကောင်းဆိုးဝါးသည် ထိုင်ခုံကို သက်တောင့်သက်သာ မှီလိုက်ကာ သူ့ဆံပင်များသည် စောစောတုန်းက အနမ်းကြောင့် ဘိုသီဘတ်သီဖြစ်နေပြီး ဆံပင်များသည် မျက်ခုံးအထိဖြာကျနေသည်။ သူသည် နတ်ဆိုးဆန်ဆန်ပြုံးလိုက်ပြီး အစိမ်းရောင်မီးခိုးများထွက်သည် အထိစီးကရတ်ကို ရှိုက်လိုက်ကာ

“မင်းတို့တွေက ကိုယ်နဲ့မဆိုင်တာကို ဝင်ရှုပ်နေကြတာပဲ”

လေထုသည် ချက်ချင်းအေးခဲသွားသည်။ မကောင်းဆိုးဝါး၏နောက်တွင် မြူနက်များချက်ချင်းပေါ်လာသည်။ ထိုမြူနက်များသည် မကောင်းဆိုးဝါး၏ လက်များကဲ့သို့ကျန်းလော်နောက်တွင် ဝိုင်းထားသည်။ ကျန်းလော်သည် မသက်သာသလိုခံစားရသောကြောင့် နောက်လှည့်ကြည့်လိုက်ရာ အမှောင်ထုကြီးကိုသာ မြင်လိုက်ရသည်။ ကျန်းလော်သည် ချက်ချင်းနေရာပြောင်းလိုက်ရာ ချီရယ်ဘေးရောက်သွားသည်။ 

ချီရယ်က

“ချီယုံ မင်းဘာတွေလုပ်နေတာလဲ”

မကောင်းဆိုးဝါးသည် မျက်မှောင်ကုတ်သွားပြီး သူ့မေးခွန်းကို အံ့ဩသွားပြီးဆွဲဆောင်မှုရှိစွာ ပြန်မေးလိုက်သည်။

“မင်းက ငါ့ကို မေးခွန်းလာထုတ်နေတာလား ကောင်လေး”

ကျန်းလော်သည် ချီယုံက တကယ်ကို မယုံနိုင်လောက်အောင် ရူးနေပြီလို့ ထင်သွားသည်။ သူသည် သက်ပြင်းချလိုက်သောအခါ ချီရယ်သည် သူ့ပုခုံးကိုကိုင်ပေးထားလိုက်သည်။ ချီယုံသည် ထိုမြင်ကွင်းကို ကြည့်ပြီး သူ့မျက်နှာရှိအပြုံးသည် ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် အနက်ရောင်မြုများဖြင့်  ချီရယ့်လက်ထဲမှ  ကျန်းလော်ကိုသူ့ဘက်ဆွဲယူလိုက်ပြီး ကျန်းလော်ခါးကို ပိုင်ဆိုင်လိုစိတ်ကြီးစွာ ဖက်ထားလိုက်သည်။ ကျန်းလော်တစ်ကိုယ်လုံးကို မြူနက်များဖြင့်ချုပ်ထားလိုက်သေးသည်။ ချီယုံသည် သူ့လက်ကို ကျန်းလော်ပုခုံးပေါ်ပြောင်းတင်၍ စူးစူးရှရှအသံနှင့် ပြောလိုက်သည်။

“အဲ့ဒီနားမသွားနဲ့ ညစ်ပတ်တယ်”

ကျန်းလော်မျက်လုံးသည် ချက်ချင်းဆိုသလိုတောက်ပသွားသည်။ ထို့နောက်သူသည် ချီယုံကို ပါးရိုက်လိုက်သည်။ ချီယုံ့မျက်နှာသည် လည်ထွက်သွားပြီး ခနအကြာတွင် သူသည် ကျန်းလော်ကို သေချာပြန်စိုက်ကြည့်လိုက်သည်။ 

ပါးရိုက်လိုက်သော ကျန်းလော်သည် သူကပဲမတရားခံလိုက်ရသလို ချီယုံကို ကြည့်လိုက်သည်။ သူသည် သူကရိုက်ပြီး သူ့လက်ပဲပြန်နာသွားကာ တုန်ယင်နေသော လက်ကို လက်သီးဆုပ်ထားလိုက်ပြီး စိတ်ပျက်စွာဖြင့်

“ချီယုံ ခများဘာလို့ ဘာလို့ဒီလိုမျိုးပြောထွက်နိုင်ရတာလဲ”

သူသည် သူ့ချစ်သူကို ပြောရန်မဝံ့ရဲသကဲ့သို့ မျက်နှာလေးငယ်လိုက်ပြီး မယုံကြည်နိုင်ဟန်နှင့်

“မင်း မင်းက အရမ်းပြောင်းလဲသွားပြီ..........”

“ပြောင်းလဲသွားတာမှ ငါမင်းကို ဘယ်တုန်းကမှ မသိခဲ့ဘူးသလိုပဲ...........”

#################################################################################