အပိုင်း (၇၉)
နောက်ဆုံးပွဲစဉ်
ကျန်းလော်သည် ပါးရိုက်လိုက်ရန် မတွေဝေခဲ့ပေ။
အတွင်းထဲမှာ ကျိတ်ရယ်နေပြီး အများအမြင်တွင် ဝမ်းနည်းအားငယ်နေသော မျက်နှာလေးနှင့် မယုံနိုင်သဖွယ် မျက်ရည်များဝဲနေသေးသည်။ ဘဝဇာတ်ခုံဆိုသော စကားအတိုင်းကျန်းလော်သည် ဇာတ်ညွှန်းကိုင်ထားပြီး သရုပ်ဆောင်တော့သည်။ သူသည် မယုံနိုင်လောက်အောင် အသည်းကွဲသွားရသလိုပြောလိုက်သည်။
“မင်း အရင်က ဒီလိုမဟုတ်ခဲ့ပါဘူး ချီယုံရာ”
“မင်းဘယ်တုန်းက ဒီလိုစကားမျိုးပြောထွက်ဖူးလို့လဲလို့............”
သူ့အရင်ချစ်သူရဲ့ ပြောင်းလဲသွားသည့် ပုံစံကို မကြည့်ရက်နိုင်စွာ ခေါင်းစောင်းလိုက်ပြီး တည်ငြိမ်အောင် မနည်းကြိုးစားနေကာ
“ငါမင်းကို အခုမတွေ့ချင်သေးဘူး စိတ်ငြိမ်ဖို့ တစ်ယောက်ထဲနေချင်တယ် ထွက်သွားပေးပါ”
အခန်းတစ်ခုလုံး အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားသည်။ လူတိုင်းသည် အသက်ပင် ရဲရဲမရှူဝံ့ပေ။ လွန်ခဲ့သော တစ်စက္ကန့်ကလောက်ပင် ဒေါကြီးမောကြီး ဖြစ်နေသော ချီရယ်သည် ယခုအချိန်တွင် အောင်နိုင်သူကြီးလို မိန့်မိန့်ကြီးထိုင်နေပြီး ဒေါသထွက်ကာ မနာလိုနေသော နှလုံးသားကို ပျားရည်လောင်းပေးလိုက်သလို ချိုမြသွားသည်။
‘ကျန်းလော်က ငါ့အတွက်ချီယုံနဲ့ ရန်ဖြစ်ပေးတယ်.................’
ချီရယ့်နှလုံးသားလေးသည် ငြိမ့်ငြိမ့်လေးခုန်နေကာ စောနက ချီယုံ့စကားများကို ချက်ချင်းမေ့သွားသည်။ ဝမ်ယမ်လန်နှင့် ကျိုးကျုံးချိုးသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ကျိုးကျုံးချိုးသည် နောက်ဆုံးတော့ ကျန်းလော်အသိတရားရသွားပြီ ဆိုပြီး စိတ်သက်သာသွားကာ မသိမသာ ခေါင်းညိတ်လိုက်သည်။
ဤအချိန်လေးအတွင်းတွင် မကောင်းဆိုးဝါးဖြစ်သွားသော ချီယုံနှင့် သူအသက်ရှင်စဉ်က ချီယုံတို့ ကွာခြားသွားပြီဖြစ်ကြောင်း တွေ့ရှိသွားကြသည်။ ကျန်းလော်သာ ဒီအချက်ကို မြင်နိုင်လျှင် မကောင်းဆိုးဝါးနှင့် လူသားကြားက ခံစားချက်ကို ဖြတ်တောက်နိုင်မှာ ဖြစ်သည်။
ဒီလိုဖြစ်သွားတာမြင်တော့ အားလုံးသည် ဒီညကို ညကောင်းလေးအဖြစ်သတ်မှတ်လိုက်ကြသည်။ သူတို့ သူငယ်ချင်း အမြင်မှန်ရသွားပြီလေ။
သို့သော် မကောင်းဆိုးဝါးများ၏ စိတ်အခြေအနေသည် အမြဲတမ်း မကောင်းတတ်ပေ။ အနောက်တိုင်းဝတ်စုံဝတ်ထားသော ဗီလိန်သည် ကျော့ရှင်း ချောမောနေသည်။ သူသည် အားလုံးအထက်တွင် ထိုင်၍ ထိန်းချူပ်အမိန့်ပေးသော ကြီးမြတ်သူဖြစ်သည်။ ပါးရိုက်ခံရမည့် လူမဟုတ်ချေ။
ချီယုံသည် သူ့မျက်နှာတစ်ဖက်ကို ပွတ်နေပြီး ကျန်းလော်ကို ခံစားချက်များရောပြွန်းနေသော အကြည့်နှင့် ကြည့်နေသည်။
မည်သူမျှ သူစိတ်ဆိုးနေလား ဝမ်းနည်းနေလား မပြောနိုင်ပေ။ လူတိုင်းသည် သူ့လှုပ်ရှားမှုတိုင်းကို သတိအနေအထားနှင့် လိုက်ကြည့်နေသည်။
သို့သော် မကောင်းဆိုးဝါးသည် ရုတ်တရက်ပြုံးလိုက်ပြီး
“တော်တယ်”
“ကိုယ်ဘယ်လိုပြောင်းလဲသွားလဲ........”
မတ်တပ်ထရပ်လိုက်ပြီး
“ဒီည ကိုယ်တို့နှစ်ကိုယ်ကြားဆွေးနွေးကြတာပေါ့”
ကျန်းလော်ထက် အရပ်ပိုရှည်ပြီး အနက်ရောင်ဝတ်စုံနှင့်လူသားသည် အသက်ရှူကြပ်ဖွယ်အရှိန်အဝါများ လွတ်ထုတ်နေသည်။ ချီယုံ ကျန်းလာ်နားထပ်မကပ်လာခင် ဝမ်ယမ်လန်သည် သူတို့နှစ်ယောက်ကြား ဝင်ရပ်လိုက်သည်။ အစောတုန်းကမှ ယဉ်ကျေးလေးစားစွာ ချီယုံကို လက်ခံပေးနေကြသော ကျောင်းသားများသည် ချက်ချင်းကြီး တင်းမာသွားကြသည်။
“ချီယုံ ကျန်းလော်က သူတစ်ယောက်ထဲ နေချင်တယ်လို့ ပြောနေတယ်လေ”
ချီယုံသည် သူတို့ကို ဗလာဖြစ်စွာကြည့်လိုက်သည်။ ဝိဉာဉ်များအပေါ် အလွန်အာရုံခံကောင်းသော ပါရမီနှင့် မွေးဖွားလားသော ကျိုးကျုံးချိုးသည် ရုတ်တရက် အလွန်ကြီးမားသော အန္တာရာယ်အသိကို အာရုံခံမိလိုက်သည်။ သူမဦးရေကို တစစီဆွဲဖြဲနေသလိုခံစားရပြီး နဖူးမှ ချွေးအေးများစီးကျလာကာ အနည်းငယ်ဝေဝါးဝါးဖြစ်လာသော ကျိုးကျုံးချိုးသည် ကျန်းလော်ကို လူအုပ်ကြီးနောက်သို့တွန်းပစ်လိုက်သည်။
“သွားတော့”
မကောင်းဆိုးဝါး၏နောက်တွင် အနက်ရောင်မြူထုကြီး သိပ်သည်းစွာပေါ်လာပြီး ကြမ်းပြင်တလျှောက်သို့ ပျံ့နှံ့သွားသည်။ ကျန်းလော်ရှေ့ပိတ်ရပ်နေသော လူတိုင်းကို သတ်ပစ်မည့်အတိုင်းပင် မြူများသည် တဖြည်းဖြည်း သိပ်သည်းလာသည်။
“မင်းတို့ ဒီလိုလုပ်တာ ဒီဆရာ့ကို အသည်းကွဲသွားသလို ခံစားရစေတယ် ကလေးတို့”
ချီယုံသည် ရှေ့သို့တိုးလာပြန်သည်။ ကျောင်းသားအုပ်စုလိုက်သည် ပြိုင်တူနောက်ဆုတ်လိုက်ကြသည်။ မကောင်းဆိုးဝါးသည် သက်ပြင်းချလိုက်ပြီး
“ဘယ်လိုပဲ ပြောပြော ကိုယ်တို့အရင်က သိခဲ့ရင်းနှီးခဲ့ဖူးတယ်လေကွာ”
ကျန်းလော်သည် လူအုပ်ကြီးနောက်တွင် တင်းတင်းကျပ်ကျပ် အကာကွယ်ခံထားရသည်။ သူသည် ထွက်ပြေးဖို့ ခြေထောက်လှုပ်ဖို့ပင် တွေဝေနေသည်။
စိုင်လောင်အာသည် ကျန်းလော်အခုထိ ထွက်မသွားသေးသည်ကို မြင်သောအခါ ကျန်းလော်မျက်စိရှေ့သို့ လက်ယမ်းပြလိုက်ပြီး စိတ်ပူစွာပြောလိုက်သည်။
“ကျန်း ပြေးတော့”
သူသည် အလွန်စိတ်ပူနေသောကြောင့် လျှာလိပ်သွားကာ စကားကိုမပီမသ ပြောတော့သည်။
“ဘာမှမနာနိုင်ပါဘူး ကောင်းတဲ့ဆရာ”
သူဘာပြောချင်မှန်း ကျန်းလော်နားလည်သည်။
‘ဆရာတွေက လူကောင်းတွေ ငါတို့ကိုနာကျင်အောင် လုပ်မှာမဟုတ်ဘူး’
ကျန်းလော်သည် သူတို့လို အကောင်းမြင်ဝါဒီမဟုတ်ပေ။
ချီယုံ ဘယ်လောက်ရက်စက်ပြီးး နှလုံးသားကင်းမဲ့လဲဆိုတာ သူ့လောက် မည်သူမှ သိနိုင်မှာမဟုတ်ချေ။
သူ့တွင် လူများကဲ့သို့ အောက်ဆုံးစည်းမရှိသလို ကောင်းတာဆိုးတာနဲ့ပတ်သက်ပြီးလဲ ဂရုမစိုက်တတ်ပေ။ မိလ္လာရေထဲ နစ်ထားသလို ညစ်ပတ်ပြီး ဆိုးဝါးခြင်းသာ သူ့ဆီမှာရှိသည်။
‘ဒီလိုလူမျိုးမှာ ကြင်နာပြီး လူသားချင်းစာနာစိတ်ရှိမယ်လို့ ထင်နေကြတာလား’
သူ့သူငယ်ချင်းများမှာ မကောင်းဆိုးဝါးကို ခုခံနိုင်လောက်အောင် မသန်မာကြသော်လည်း အားလုံးပေါင်းပြီး တတ်နိုင်သလောက် ခုခံကာ သူ့ကို လွတ်မြောက်အောင် လုပ်ပေးမည်မှန်း ကျန်းလော်သိသည်။
အဆိုးဆုံးမှာ ချီယုံ့ကိုတားရင် သေချာပေါက် တစ်ယောက်ယောက် သေသွားနိုင်မည်ဖြစ်သည်။
‘ဘယ်သူဖြစ်မလဲ’
ရယ်ရွှင်လဲ ဖြစ်နိုင်သလို လုယုံရိလည်း ဖြစ်နိုင်ပြီး ခွမ်ကျိန်းလဲ ဖြစ်နိုင်သည်။ သူ့ရှေ့မှလူတိုင်းဖြစ်သွားနိုင်သည်။ အားလုံးလဲ သေသွားနိုင်သည်။ ချီယုံသာ ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ရင်တော့ တစ်ယောက်မှ ဒဏ်ရာမရသွားနိုင်ချေ။
ကျန်းလော်သည် ထိုနေရာမှ မလှုပ်ဘဲရပ်နေဆဲပင် ဖြစ်သည်။
ချီယုံ သူ့ကိုလာသတ်ချိန်တွင် ကာကွယ်ပေးစေရန် အလိမ်အညာဇာတ်ညွှန်းရေးခဲ့ပြီး သူ့ကိုလှည့်စားခဲ့ခြင်းဖြစ်သည်။
‘အခုမင်းမှန်းထားတဲ့အတိုင်းဖြစ်လာပြီလေ ဘာလို့ မပြေးတာလဲ’
‘ပြေး လှုပ်လို့် မင်းတကယ်ကြီး မကောင်းဆိုးဝါး အိပ်ရာပေါ်တက်လိုက်မလို့လား’
ကျန်းလာ်သည် မဝေခွဲနိုင်တော့ပေ။တစ်ယောက်ယောက် ထိခိုက်သွားမှာ စိတ်ပူနေသည်။
လူသားများသည် မကောင်းဆိုးဝါးများနှင့် မတူပေ။ ချီယုံလက်မောင်းကျိုးသွားတုန်းက ချက်ချင်းပြန်ကောင်းသွားသည်။ သို့သော် သူ့သူငယ်ချင်းများ လက်တွေ ခြေထောက်တွေကျိုးသွားပါက ကံမကောင်းလျှင် ဒုက္ခိတဖြစ်သွားနိုင်သည်။
သူသည် အဝေးကြီးတွေးနေမိကာ ချီယုံနှင့် တစ်ခါလောက်လိုက်သွားလျှင် ကောင်းသွားနိုင်ကြောင်းတွေးမိသည်။
‘တစ်ယောက်ယောက် အသတ်ခံရတာ နာကျင်ရတာထက်စာရင် ဒီကောင်နဲ့ တစ်ခါလောက်လိုက်သွားတာက ပိုကောင်းမှာပါ’
ရှင်းလင်းစွာပင် ကျန်းလော်စီစဉ်ထားသည်နှင့် ဆန့်ကျင်ဘက်ပင်။
ကျန်းလော်သည် ထိုတွေဝေနေသော အတွေးကြောင့် သူ့ကိုယ်သူစိတ်တိုလာသည်။
ကျန်းလော်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး လူအုပ်ကို ကျော်ကာ ချီယုံကိုကြည့်လိုက်သည်။
ကျန်းလော်သည် တင်းကျပ်သွားပြီး ချီယုံ့ထံမှ စိတ်မရှည်တော့ဘဲ လူတိုင်းကို ဒုက္ခပေးတော့မည့် အရိပ်အယောင်ကို ခံစားမိသွားသည်။
သန့်စင်သော လူသတ်အရှိန်အဝါကို ကျန်းလော်ကို ဦးတည်ပြီး ဖြန့်ကျတ်ထားသည်။ ချီယုံနှင့် ကျန်းလော်သည် မျက်လုံးချင်းဆုံနေကြသည်။ ထိုခဏတွင် ကျန်းလော်သည် ချီယုံ့အတွေးတချို့ကို နားလည်သွားသည်။ ချီယုံသည် သူ့ကို အလွန်စိတ်ဝင်စားနေသောကြောင့် သူ့ကိုသတ်မှာမဟုတ်ပေ။
တခြားသူများကိုဆိုရင်တော့..........................အာမမခံနိုင်ပေ။
ကျန်းလော်သည် လက်သီးဆုပ်လိုက်ပြီး အချိန်အတော်ကြာအောင် တွေဝေနေကာ စိတ်ဆုံးဖြတ်ပြီးသည့် ပုံဖြင့် တံခါးဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူသည် ဘေးတိုက်လှည့်ကြည့်လိုက်ကာ ချီယုံကိုစောင်းကြည့်လိုက်ပြီး မသိမသာ လက်ညှိုးကို ချီယုံ့ဘက်သို့ ကွေးပြလိုက်သည်။ ဆံပင်အနက်ရောင် ကောင်လေးသည် တံခါးနောက်သို့ ပျောက်ကွယ်သွားတော့သည်၊
မကောင်းဆိုးဝါးသည် သူ့နောက်ကျောကိုလိုက်ကြည့်နေပြီး လူအုပ်ကြီးဘက်ပြန်လှည့်ကာ ကျက်သရေရှိစွာခေါင်းညိတ်ပြလိုက်သည်။
“ဒီညကတော့ တကယ်ပဲ ပျော်ခဲ့ရပါတယ်”
“အားလုံးပဲ နှုတ်ဆက်ပါတယ်”
ထိုသို့ပြောပြီးနောက် ချီရယ်ကို သေချာစိုက်ကြည့်လိုက်သည်။
ချီရယ်သည် ပုတ်သိုးနေသော အမှိုက်တစ်စကဲ့သို့ အထင်အမြင်သေးစွာ စိုက်ကြည့်နေခြင်းဖြစ်သည်။ သူအချိန်မရွေးနင်းခြေနိုင်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သိမ်ငယ်သွားအောင် ကြည့်နေသည်။၊ မကောင်းဆိုးဝါးသည် နူးညံ့စွာရယ်လိုက်သည်။
“ဒီညအိမ်ပြန်ရင် သတိထားနော်”
သူသည် ထိုစကားလုံးများကို အဓိပ္ပာယ်အပြည့်နှင့်ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူ့ကို အမည်းရောင်မြူနက်များ လွှမ်းခြုံသွားကာ သူတို့ရှေ့မှ ပျောက်ကွယ်သွားသည်။
ချီယုံသည် လူသတ်စက်လို့ပင်ပြောရမလားမသိအောင် လူသတ်ရမည်ဆိုလျှင်ကို တက်ကြွနေတော့သည်။
ကျန်းလော်သည် သူမျှော်မှန်းထားသည့်အတိုင်း ဖြစ်လာမလားဆိုတာကို လက်ဝါးချင်းပွတ်၍ စောင့်ကြည့်နေသည်။
ချီယုံသည် ကျန်းလော်ကို မသေစေချင်သော်လည်း သူ ကြည့်နေသော မြင်ကွင်းလေးကို ကာထားသော တခြားသူများကိုတော့ အသေသတ်ပစ်ချင်လာသည်။
ကျန်းလော်သူ့ဘက်သို့ ကွေးပြသော လက်ချောင်းလေးသည် သူ့အာရုံများကို အကုန်စုပြုံယူသွားခဲ့သည်။
ဆိုင်အပြင်ဘက်တွင် ညနက်နေပြီဖြစ်သောကြောင့် မီးများလင်းထိန်နေအောင် ထွန်းထားသည်။
ဈေးတန်းသည် ယခုအချိန်ထိတိုင်အောင် စည်ကားနေသေးသည်။ ကျန်းလော်သည် လူအုပ်ကြီးထဲ တိုးခွေ့ပြီး အမြန်ပြေးနေသည်။ မြန်လွန်းပုံမှာ သူ့ကို ပထမဆုံးမြင်လိုက်သူသည် သူ့အရိပ်ကိုပင် ဖြတ်ခနဲသာမြင်လိုက်ရတော့သည်။ သူသည် လေထဲတွင် ပျံနေသလိုပြေးနေသည်။
ရုပ်လွန်လောကမှလူများသည် ကောင်းမွန်သောတည်ဆောက်ပုံများရှိတတ်ပြီး ကျန်းလော်သည် အလွန်အပြေးမြန်သည်။ သူသည် အမြဲတမ်းအပြေးလေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်တတ်ပြီး အံ့ဩဖို့ကောင်းလောက်အောင် မြန်သောအပြေးသမားဖြစ်သည်။
ကျန်းလော်သည် ပြေးနေရင်းအနောက်သို့လှည့်ကြည့်လိုက်သည်။ သူအပြေးမြန်လွန်းသည်မှာ လမ်းမီးရောင်များပင် ရိပ်ကနဲရိပ်ကနဲသာ မြင်ရသည်။
သာမန်လူများမမြင်နိုင်သော မြူနက်များသည် လူအုပ်ကြီးကို ကျော်ဖြတ်ပြီး သူ့ဆီတည့်တည့်ပြေးလာသည်။ သေချာသည််မှာ သူ့နောက်လိုက်လာကြခြင်းဖြစ်သည်။
ကျန်းလော်သည် နှုတ်ခမ်းကိုကွေးလိုက်ပြီး လူအများဆုံးနေရာသို့ ပြေးဝင်သွားတော့သည်။ ယန်စွမ်းအင်များလေ ချီယုံ့အရှိန်ကို လျော့ချနိုင်လေဖြစ်သည်။ သာမန်ငြိမ်းချမ်းသောညလေးတွင် လူတစ်ယောက်နှင့် သရဲတစ်ကောင်သည် ပြေးတမ်းလိုက်တမ်းဆော့နေကြသည်။
သူတို့နှစ်ယောက်စလုံးသည် ဖမ်းမိလျှင် ဖြစ်လာနိုင်သော အကျိုးဆက်ကို သိကြပြီး ပြေးသည့်သူကလည်း မှုန်နေအောင်ပြေးကာ လိုက်သည့်သူကလည်း အသားကုန်လိုက်သည်။ ထို့အပြင် ဒီတစ်ခေါက်သည် နောက်ဆုံးပွဲစဉ်လို့ သတ်မှတ်နိုင်ပြီး ဖမ်းမိသွားလျှင် အားလုံးပြီးသွားပြီဖြစ်သည်။
ကျန်းလော်သည် ပြေးနေရင်းကျိတ်ရယ်လိုက်သည်။
သေချာပေါက်သူကသာ ချီယုံ့ကို အရင်ဆွဲဆောင်ခဲ့သော်လည်း သူကပင် စိတ်ဆိုးနေမိသည်။
‘ချီယုံက ခွေးလား’
ဆယ်မိနစ်ကြာအောင်ပြေးနေပြီးနောက် ကျန်းလော်၏ အသက်ရှူနှုန်းသည် လေးလာတော့သည်။ ထိုအချိန်တွင် လမ်းတစ်ဖက်မှ အိုးစည်ဗုံမောင်းသံများကြားလိုက်ရသည်။ ကျန်းလော်သည် ရုတ်တရက် ဝမ်ယမ်လန်ပြောတာကို သတိရသွားသည်။ ဒီနှစ်ရက်တွင် သရဲကြီးများပွဲတော်ရှိပြီး လူပေါင်းများစွာသည် သရဲတစ်ကောင်လို ဝတ်စားပြီး ပွဲတော်တွင် ဆင်နွှဲကြမည်ကို မှတ်မိလိုက်သည်။
မတွေဝေဘဲ ကျန်းလော်သည် ထောင့်ကိုပတ်သွားလိုက်ကာ လမ်းတစ်ဖက်သို့ ကူးသွားလိုက်သည်။ တစ်ဖက်လမ်းတစ်လမ်းလုံးသည် သရဲဝတ်စုံဝတ်ထားသော လူငယ်လေးများနှင့် ပြည့်နေသည်။ ဂျပန်သရဲ တရုတ်သရဲ နိုင်ငံခြားသရဲများအပြင် ဇွန်ဘီများ သွေးစုပ်ဖုတ်ကောင်များသည် အတူတူရပ်နေပြီး ဓာတ်ပုံရိုက်နေကြသည်။ တစ်ချက်ကြည့်လိုက်သည်နှင့်ပင် လမ်းပေါ်တွင် သရဲများသား မြင်ရတော့သည်။
လမ်းတစ်ဖက်တစ်ချက်တွင် ပွဲတော်ကို လူတိုင်းဆင်နွှဲနိုင်ရန် သရဲဝတ်စုံများ အလကားထားပေးထားသည်။ ပိုက်ဆံမပေးရသောကြောင့် လူဆယ်ယောက်တွင် ခြောက်ယောက်လောက်သည် ပွဲတော်ဝတ်စုံများဝတ်ပြီး ဝင်ပျော်ကြသည်။
ကျန်းလော်သည် သရဲဝတ်စုံတစ်စုံကို ကိုင်လိုက်ပြီး အမြန်ဝတ်လိုက်ပြီး သရဲကြီးပွဲတော်ကို ခပ်တည်တည်ဝင်ချသွားသည်။ သူ၏ ဈေးပေါပေါသရဲဝတ်စုံ အနက်ရောင်ကို ဝတ်ပြီး အဖြုရောင် ကြောက်မက်ဖွယ်သရဲ မျက်နှာဖုံးကို ဝတ်လိုက်ပြီးး လူအုပ်ကြားထဲ ရောလိုက်သောအခါ သူသည် ထိုလူများထဲမှ တစ်ယောက်ဖြစ်သွားသည်။
သူသည်လူအုပ်ကြီးနှင့်အတူ လမ်းလျှောက်လိုက်သွားသည်။ သူ့ဘေးမှ မှင်စာပုံစံဝတ်စားထားသော ကောင်မလေးတစ်ယောက်က အော်ပြောလိုက်သည်။
“အစ်ကိုကြီးချောချောတစ်ယောက်ဝင်လာတယ်ဟေ့”
ကျန်းလော်သည် သူမပြောသောနေရာကို ကြည့်လိုက်ရာ အလျင်မလိုဘဲ လမ်းထဲသို့ ဖြည်းဖြည်းချင်းလျှောက်ဝင်လာသော ချီယုံကို တွေ့လိုက်သည်။ လူအုပ်ကြီးရှေ့တွင် မတ်တပ်ရပ်နေကာ သူတို့ကို သေချာကြည့်နေသည်။
လူတိုင်း၏အနံ့များသည် နေရာတိုင်းတွင် ရောနှောနေကာ သန်မာသောအရှိန်အဝါများ နေရာတကာ ပျံ့နှ့့နေသော လူအုပ်ကြားထဲဝင်ရန် မကောင်းဆိုးဝါးသည် မသတီလှပေ။
“ခက်ခဲလိုက်တာကွာ”
သူသည် ပွစိပွစိပြောလိုက်သည်။
“ယုံတောင်မယုံနိုင်ဘူး ဒီထဲများဝင်ပုန်းရတယ်တဲ့ ဟမ့်”
တစ်ချက်ကြည့်ရုံလောက်နဲ့တွင် ကျန်းလော်ဘယ်သူလဲ မပြောနိုင်ပေ။
###########################