အပိုင်း (၈၃)
‘Angonese’ ဇိမ်ခံသင်္ဘောကြီး
ယင်ယန်လက်ကောက်သည် လုပ်ဆောင်ချက် လေးမျိုးတိတိ ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။
ပထမ *တည်နေရာရှာခြင်း
ဒုတိယ *အကောင်းအဆိုး ခွဲခြားခြင်း
တတိယ *ယင်ယန်စွမ်းအင်ရှာဖွေခြင်း
စတုတ္ထ *ဝိဉာဉ်ဖွေရှာခြင်း
အကယ်၍ ထိုနေရာမှာသာ တကယ်သာ သရဲရှိခဲ့လျှင် ယင်ယန်လက်ကောက်သည် အတည်မပြုဘဲနေမှာ မဟုတ်ပေ။ သို့သော် ဂျင်ဆင်းကလေးလေးကလည်း လိမ်နေပုံမပေါ်သောကြောင့် ဖြစ်နိုင်ချေတစ်ခုသာ ရှိတော့သည်။ သရဲမ မဟုတ်လျှင် မြေအောက်ထဲ၌ ချုပ်ထားခံရသူမှာ အမျိုးသမီးတစ်ယောက်သာ ဖြစ်နိုင်တော့သည်။
ကျန်းလော်၏ စိတ်ဝင်စားမှုသည် အလွန်ကြီးမားလာသည်။
တံခါးသော့ခတ်ထားခံရသောကြောင့် ကျန်းလော်သည် မနက်ဖြန်မှသာ ရှာတော့မည်ဟု တွေးလိုက်သည်။ ပြီးတော့လည်း သူသည် ဖုန်းလီထံတွင် အရိုက်ခံရချင်သောကြောင့် ဂျင်ဆင်းကလေးလေးကို ပိုက်ပြီး အိပ်ရာပေါ် လိမ်လိမ်မာမာ ပြန်လှဲလိုက်သည်။ ထို့နောက် ကလေးလေးကို ချော့ပြောလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ် အောက်ထဲမှာ သရဲတွေ တကယ်ရှိတာနော် မနက်ဖြန်မနက်လင်းတာနဲ့ သွားကြည့်လိုက်မယ် ဟုတ်ပြီလား”
ဂျင်ဆင်းကလေးလေးသည် နောက်ထပ် ထွက်မပြေးရဲတော့ဘဲ ကျန်းလော်ဘေးတွင် အိပ်ပျော်သွားတော့သည်။ နောက်နေ့မနက်တွင် ကျိုးဝူတုနှင့် ဝမ်ယမ်လန်တို့ ကျန်းလော်ကို လာခေါ်ကြသည်။ ကျန်းလော်သည် ဂျင်ဆင်းကလေးလေးကို ကျိုးဝူတုထံသို့ လှမ်းပေးလိုက်ပြီး
“အစ်ကိုဝူတု အခုကစပြီး ဂျင်ဆင်းကလေးလေးကို အစ်ကိုကပဲ ပျိုးထောင်ပေးပါ”
ကျိုးဝူတုမျက်လုံးများသည် ပျော်ရွှင်မှုကြောင့် ဝိုင်းစက်သွားသည်။
“တကယ်လား”
“တကယ်”
ကျန်းလော်သည် သေချာစွာ ခေါင်းညိတ်ပြလိုက်သည်။ ကလေးများကို ပျိုးထောင်ရတာ အဆင်မပြေသလို နေရာတကာ ကလေးတစ်ယောက်ခေါ်သွားရမှာလည်း မကြိုက်သောကြောင့် တစ်ခါထဲ ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်သည်။
ဂျင်ဆင်းကလေးလေးသည် ကျန်းလော်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး သူ့ခြေလက်တုတ်တုတ်လေးများကို ယက်ကန်ယက်ကန်လုပ်လိုက်ကာ
“ဘယ်လိုတောင် ကလေးလေးကို တခြားသူဆီ ပေးလိုက်နိုင်ရတာလဲ ကလေးလေးက ဂျင်ဆင်းဝိဉာဉ်နော်”
ကျိုးဝူတုသည် သွားများပေါ်အောင် ပြုံးရယ်နေပြီး
“ဟုတ်ပါတယ် ဟုတ်ပါတယ် မင်းလေးက ဂျင်ဆင်းဝိဉာဉ်လေးပါကွာ”
“မင်းက ဘိုးဘေးလေးပါနော်”
“ဝူး ဝူး ဝူး”
ဂျင်ဆင်းကလေးလေးသည် မျက်ရည်များ တစ်လှိမ့်ချင်းကျလာပြီး
“ဖေဖေ့ကိုပဲ လိုချင်တာ ဝါးး”
ဆံပင်အနက်ရောင်လူငယ်လေးသည် ထိုကောင်လေးကို လုံးလုံးလျားလျား လစ်လျူရှုထားလိုက်ကာ အိပ်ရာသိမ်းနေလိုက်သည်။ အထုပ်သိမ်းပြီးသွားနောက် သူတို့သည် မြေတိုက်သုံးသပ်ခန်းမှ ထွက်လာကြပြီး ကျန်းလော်သည် မနေ့က ဂျင်ဆင်းကလေးလေး ပြောသော သရဲကိစ္စကို သတိရသွားပြီး တစ်ယောက်ထဲ သုံးသပ်ခန်းများရှိရာ အဆောင်ဘက်သို့ ပြန်သွားလိုက်သည်။
ကော်ရစ်တာအဆုံးတွင် အလင်းမရောက်နိုင်သောကြောင့် မှုန်မှိုင်းပြီး စိုထိုင်းထိုင်းဖြစ်နေသည်။
ကျန်းလော်သည် အချိန်မဖြုန်းဘဲ မြေကြီးပေါ်သို့ ရှာဖွေတော့သည်။ ကြည့်ရုံနှင့် ဘာမှမတွေ့သောကြောင့် ကျန်းလော်သည် ဂျင်ဆင်းကလေးလေး၏ အရွယ်အစားကို ခန့်မှန်းကြည့်ကာ ထိုကောင်လေး ဝင်နိုင်လောက်သည့် နေရာကို စိတ်ရှည်ရှည်ထားပြီး ရှာနေသည်။ သို့သော် ကော်ရစ်တာထောင့်နားတွင် အပေါက်သေးသေးလေး ပေါ်နေသည်မှလွဲ၍ ဘာမှကို မတွေ့ပေ။
ပိုက်လိုင်းပေါက်ဝသည် ဂျင်ဆင်းကလေးလေး တစ်ကိုယ်စာ အေးအေဆေးဆေး ဝင်နိုင်လောက်အောင် ထူပြီး ကျယ်ကျယ်ဝန်းဝန်းရှိသည်။
ကျန်းလော်သည် အပေါက်ထဲကို ငုံ့ကြည့်လိုက်ရာ သာမန် ပိုက်လိုင်းတစ်ခုသာ ဖြစ်နေသည်။ ကလေးလေးအတွက် ပိုက်လိုင်းထဲသို့ တွယ်ဆင်းရန် မလွယ်သော်လည်း ဆင်းလို့မရနိုင်တာမျိုးတော့ မဟုတ်ချေ။
ကျန်းလော်သည် ထိုပိုက်လိုင်း အဝကျယ်ကို ဆွဲဖြုတ်ရန်အလုပ် နောက်မှတစ်ယောက်ယောက် လှမ်းခေါ်လာသည်။
“ကျန်းလော် မြန်မြန်လာပါဟ”
ကျန်းလော်သည် လက်လျော့လိုက်ပြီး အထဲသို့ စိတ်မပြတ်နိုင်စွာ ဓာတ်မီးနှင့် ထိုးကြည့်လိုက်သည်။ ထိုပိုက်လိုင်းလိုင်းထဲတွင် ဂျင်ဆင်းရည်ဝါဝါများ တစ်စက်နှစ်စက် ကပ်ညှိကျန်ခဲ့တာကို တွေ့ရသည်။ ဂျင်ဆင်းကလေးလေးသည် အမှန်တကယ်ကို ဤနေရာမှ ထွက်ပြေးဖို့ လုပ်ခဲ့သည်၊
ထိုပိုက်နှင့်ဆက်သွယ်ထားသော နေရာတွင် အမှန်တကယ်ပဲ လူများကို ချုပ်နှောင်ထားသော မြေအောက်အကျဉ်းထောင်တစ်ခု တကယ်ရှိနေခဲ့သည်လို့ ပြောရပေမည်။
ကျန်းလော်သည် အူမြူးစွာ လေချွန်လိုက်သည်။
ဖုန်းလီသည် တည်ကြည်ပြီး သီးသန့်ဆန်ကာ ကောင်းကင်သခင်အိုကြီးသည် ကြင်နာပြီး စာနာတတ်သည်။
‘ထျန်းရှိဖူမှာ လူသိမခံနိုင်လောက်အောင် ဘာတွေများ လျှို့ဝှက်ထားတာလဲ’
ဖုန်းလီသည် စွဲလန်းနေသည့်အရာတစ်ခုကို ခိုးကြောင်ခိုးဝှက်ဖွက်ထားမည့်သူမဟုတ်ပေ။ ထိုလူသည် ခံစားချက်တင်မကပဲ တဏှာကင်းသူလဲ ဖြစ်နေသေးသည်။
သူသည် ထရပ်လိုက်ပြီး ဖုန်ခါလိုက်ကာ အောက်ထဲမှာ ဖုံးထားတာကို သိချင်ပြီး သူ့နှလုံးသားလေးသည် ကလိကလိဖြစ်လာသည်။
ယနေ့သည် ထျန်းရှိဖူတွင် သင်ခန်းစာပို့ချမည့်နေ့ဖြစ်သည်။
ထို့ကြောင့် မနက်စောစောထဲက ထျန်းရှိဖူသို့ လူအများကြီး ဝင်လာကြသည်။
သင်ခန်းစာပို့ချရန် လေ့ကျင့်ရေးခန်းမကို သုံးမည်ဖြစ်သည်။ ကျိုးဝူတုသည် ကျန်းလော် သင်ခန်းစာလွတ်မသွားရစေရန် မနက်အစောကြီး လာခေါ်ပေးခြင်းဖြစ်သည်။
လမ်းတွင် ကျိုးဝူတုက ရှင်းပြသည်။
“နှစ်တိုင်းဒီလိုပဲကွ ထျန်းရှိဖူမှာ တစ်နှစ် နှစ်ကြိမ် သုံးကြိမ် သင်ခန်းစာပို့ချခြင်း အခမ်းအနားလုပ်လေ့ရှိတယ် ကောင်းကင်သခင်ကြီးနဲ့ ကောင်းကင်သခင်ကြီးရဲ့ တပည့်ရင်းတွေက သင်ခန်းစာပို့ချပေးကြတာလေ၊ ငါတို့ဆရာကတော့ တစ်ခါမှ မပို့ချပေးဖူးဘူး၊ နောက်ဆုံးတစ်ခေါက် သင်ခန်းစာပို့ချသွားတာ ဆရာ့ရဲ့ စီနီယာအစ်ကို ငါတို့ရဲ့ ဒုတိယဆရာဦးလေးပေါ့”
“ဒီနေ့က ဘယ်သူပို့ချမှာလဲ”
ကျန်းလော်က မေးသည်။
“ကောင်းကင်သခင်ဆရာကြီဖြစ်လောက်တယ်”
ကျိုးဝူတုသည် ဟိုဟိုသည်သည် ကြည့်လိုက်ပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်။
“ကောင်းကင်သခင်ဆရာကြီးက ဆရာလုပ်ရတာကို စွဲလန်းနေတာလေ”
လေ့ကျင့်ရေးကွင်းသို့ ရောက်သောအခါ ခန်းမတစ်ခုလုံး လူအပြည့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ တစ်ယောက်ချင်းစီတိုင်းသည် တစ်ယောက်ထိုင်ဖျာလေးပေါ်တွင် တင်ပြင်ခွေထိုင်နေကြပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ထျန်းရှိဖူမှ တပည့်များသည် အဝေးမှလာရသော ဧည့်သည်များကို နေရာပေးကာ ကွင်းပတ်ပတ်လည်တွင် မတ်တပ်နေရာယူထားကြသည်။
ရပ်နေသူများထဲတွင် အိမ်တော်ခြောက်ခုမှ ဝန်ထမ်းများလဲ ပါသည်။
ခနကြာပြီးနောက် ဝမ်ဆန်းထန်နှင့်အတူ ဖုန်းလီရောက်လာသည်။ ကျန်းလော်သည် သူ့သူငယ်ချင်းများကို နှုူတ်ဆက်ပြီး ကျိုးဝူတုနှင့်အတူ ဖုန်းလီကို သွားရောက်နှုတ်ဆက်လိုက်သည်။ ဖုန်းလီသည် ခေါင်းညိတ်ပြပြီး ကွင်းထဲကိုလိုက်ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
“ကောင်းကင်သခင်ကြီး မရောက်လာသေးဘူးလား”
တပည့်များသည် အချင်းချင်းကြည့်လိုက်ပြီး အသံတစ်ချက်မှ မထွက်ရဲပေ။
“ကောင်းကင်သခင်ကြီးတင်မဟုတ်ဘဲ မင်းတို့ဆရာဦးလေးတွေလဲ မရောက်သေးဘူးပဲ”
ဖုန်းလီသည် အနည်းငယ်စိတ်ဆိုးနေသည့် အသံဖြင့်
“ကောင်းကင်သခင်ကြီးနှင့် ဧည့်သည်တော်တွေကို သွားပင့်ချေ”
ညီအစ်ကိုသုံးယောက်သည် ကောင်းကင်သခင်ကြီး၏ ခြံဝန်းသို့ သုတ်ခြေတင်ကြတော့သည်။ သူတို့ အပေါက်စရောက်သောအခါ ဝမ်ဆန်းထန်က ပြောလိုက်သည်။
“ကောင်းကင်သခင်ကြီးဆီကို ငါသွားလိုက်မယ် မင်းတို့ဧည့်သည်တော်တွေ သွားဖိတ်လိုက်ကြ၊ ဆရာက နောက်ကျတာ လုံးဝမကြိုက်ဘူး မြန်မြန်လုပ်ကြနော်”
ကျန်းလော်နှင့် ကျိုးဝူတုတို့သည် ဧည့်သည်တော်များနေထိုင်ရာသို့ သွားလိုက်ကြပြီး လမ်းတွင် ကျန်းလော်က မေးသည်။
“အစ်ကိုဝူတု ဆရာနဲ့ ကောင်းကင်သခင်အိုကြီးက သားအဖတွေလား”
“မဟုတ်ပါဘူး”
ကျိုးဝူတုသည် ခေါင်းယမ်း၍ ဖြေလိုက်သည်။
“ဒါပေမဲ့ ကောင်းကင်သခင်အိုကြီးနဲ့ အမျိုးစပ်ကြည့်မယ်ဆိုရင် ဆရာ့ကို ကောင်းကင်သခင်ကြီးရဲ့ ညီမအရင်းကမွေးထားတာဆိုတော့ တူတော်မှာပေါ့”
‘အိုး တူတော်တာလား’
ကျန်းလော်သည် မျက်လုံးမှေးလိုက်ပြီး
“အဲ့တာဆို အမေကရော ကျွန်တော် ဒီရောက်ထဲက ဆရာ့မိဘတွေကို မမြင်ဖူးသေးဘူး”
ကျိုးဝူတုသည် မျက်နှာပျက်သွားပြီး သူ့ပါးစပ်ကို လာပိတ်သည်။ သူသည် ပတ်ဝန်းကျင်ကို ကျီးကြည့်ကြောင်ကြည့် ကြည့်ကာ ဘယ်သူမှမရှိတာသေချာမှ နဖူးမှချွေးများသုတ်ကာ သက်ပြင်းချလိုက်သည်။
“ကျန်းလော် တခြားသူတွေရှေ့မှာ အဲ့စကားထပ်မပြောနဲ့နော်၊ ဆရာနဲ့ ကောင်းကင်သခင်အိုကြီးက ဆရာ့မိဘတွေအကြောင်းကို တားမြစ်ထားတယ်ကွ၊ ငါတို့လည်း အဲ့အကြောင်းမသိဘူး ထျန်းရှိဖူရဲ့ တားမြစ်အကြောင်းအရာထဲက တစ်ခုဆိုပါတော့ကွာ”
ထိုအကြောင်းပြောပြီးသည်နှင့် သူ့တစ်ကိုယ်လုံးတုန်ခါနေသည်မှာ သေလောက်အောင် ကြောက်နေမှန်း သိသာသည်။
ကျန်းလော်သည် ပြုံးလိုက်ပြီး
“ကျွန်တော်သိပါပြီ သတိပေးလို့ ကျေးဇူးတင်ပါတယ်”
ဧည့်သည်များနေထိုင်သည့်နေရာသည် နှစ်နေရာခွဲထားသည်။ ထို့ကြောင့် ကျန်းလော်နှင့် ကျိုးဝူတုတို့သည် လူခွဲသွားလိုက်ကြသည်။ ကျန်းလော်သည် အနောက်ဘက်ခြံဝန်းသို့လျှောက်သွားလိုက်သည်။ လမ်းတွင် သူနှင့်တည့်တည့်လျှောက်လာသော လူတစ်ယောက်ကိုတွေ့လိုက်သည်။
ကျန်းလော်သည် မြန်မြန်လျှောက်သွားလိုက်ရာ သူနှင့်နီးလာလေလေ ထိုလူသည် ကောင်းကင်သခင်အိုကြီးနှင့် ထိုနေ့က လက်ဖက်ရည်ထိုင်သောက်နိင်သော ဧည့်သည်တော်ဖြစ်နေသည်။
ကံကြမ္မာလက်ခံသူသည် သူ့ကိုမြင်သွားသည်။
ခပ်ဝေးဝေးမှပင် ကံကြမ္မာလက်ခံသူ၏ပုခုံးပေါ်တွင် နှင်းများဖုန်းလွှမ်းနေသလို ဆံပင်ဖြူများကို တွေ့ရသည်။ သူ့မျက်ခုံးနှင့် မျက်တောင်များသည်ပင် နှင်းကဲ့သို့ ဖြူဆွတ်နေသည်။ သို့သော် ထိုကဲ့သို့ဖြူဆွတ်နေသည်မှာ ကံကြမ္မာလက်ခံသူ၏ဆံပင်များသာဖြစ်ပြီး သူ့နောက်မှမြင်ကွင်းသည် စိမ်းစိုနေသည်။ ဖြစ်နေသည်မှာ ကံကြမ္မာလက်ခံသူကိုယ်တိုင်ကပင် နှင်းတောင်ကြီးကဲ့သို့ ဆွတ်ဆွတ်ဖြူနေခြင်းပင်ဖြစ်သည်။ မွေးရာပါအမွှေးအမျှင်များဖြူသည့် မျိုးစိတ်လိုလို ဘာလိုလိုနှင့် မြင်ရတာ အနည်းငယ်ထူးဆန်းသလို ဖြစ်နေသည်။
ကျန်းလော်သည် ကံကြမ္မာလက်ခံသူမှာ သူ့ဘက်သို့ဦ်းတည်ပြီး လျှောက်လာနေသောကြောင့် ခြေလှမ်းကို နှေးလိုက်သည်။ အသက်တစ်ရာကျော်လောက် ရှည်နေပြီထင်ရသော မျက်လုံးဖြင့် ကျန်းလော်ကို ကြည့်ကာ သိမ်မွေ့စွာပြောလိုက်သည်။
“မိတ်ဆွေလေး ဒီမှာဘာလုပ်နေတာလဲ”
ငယ်ရွယ်သောပုံစံပေါ်လွင်နေသောလဲ အသက်အများကြီး ကြီးသော အကြီးအကဲ ကဲ့သို့ ပြောလာသည်မှာ နားထောင်ရခက်လှသည်။ ကျန်းလော်သည် ပြုံးလိုက်ပြီး
“ဆရာက ကောင်းကင်သခင်ဆရာကြီးရဲ့ ဧည့်သည်တော်တွေကို သင်ခန်းစာနားဆင်ဖို့ ဖိတ်ကြားခိုင်းလိုက်လို့ပါ ခင်ဗျ”
ကံကြမ္မာလက်ခံသူသည် ခေါင်းညိတ်လိုက်ပြီး
“ဒါဆိုလဲ သွားစို့လေ”
ကျန်းလော်က ပြောသည်။
“ကျွန်တော် တခြားဧည့်သည်တော်တွေကို သွားဖိတ်ရဦးမယ်ဗျ”
ကံကြမ္မာလက်ခံသူသည် ရယ်မောလိုက်ပြီး
“ဒီဘက်ခြံဝန်းမှာ ကျုပ်တစ်ယောက်ဘဲ နေတာ”
ကျန်းလော်သည် တောင့်ခနဲဖြစ်သွားပြီး ကံကြမ္မာလက်ခံသူနောက်မှ လိုက်လာသည်။
လမ်းတစ်ဝက်တွင် ငှက်တစ်ကောင်သည် သစ်ပင်အနီးနားလေးတွင် ပြုတ်ကျနေသည်။ ကံကြမ္မာလက်ခံသူသည် ခြေလှမ်းရပ်လိုက်ပြီး ထိုသစ်ပင်ဆီသို့ လျှောက်သွားကာ ငှက်ကလေးကို ကောက်ယူလိုက်သည်။ ထိုငှက်ကလေးသည် အတောင်ကျိုးနေခြင်းပင် ဖြစ်သည်။
ကံကြမ္မာလက်ခံသူသည် အတောင်ကျိုးနေသော ငှက်ကို စိတ်ရှည်လက်ရှည်ချော့မော့ကာ အတောင်ကို ဖူလုတစ်ခုနှင့် ပတ်ပေးနေသည်။ သို့သော် ငှက်ကလေးသည် ပူဆွေးစွာ အော်မြည်နေသည်မှာ လုံးဝမရပ်တန့်ပေ။ ကံကြမ္မာလက်ခံသူသည် သစ်ပင်ကိုကြည့်လိုက်ရာ သွေးစက်တချို့တွေ့လိုက်သည်၊ သွေးစက်များနောက် လိုက်သွားရာ သစ်ပင်နောက်တွင် ငှက်ငယ်လေးတစ်ကောင် ပြုတ်ကျသေဆုံးနေလေသည်။
“ကလေးသေသွားလို့ အမေဖြစ်သူ အသည်းကွဲသွားပုံပဲ”
ကံကြမ္မာလက်ခံသူသည် ကရုဏာသက်စွာ ငှက်ကလေးကို လက်ချောင်းလေးနှင့် ပွတ်သပ်ပေးရင်း
“သနားစရာကောင်းလိုက်တာ”
ကျန်းလော်သည် လူကဲခတ်တော်သည်ဟု သူ့ကိုယ်သူမှတ်ယူထားသူဖြစ်ပြီး ကံကြမ္မာလက်ခံသူကို ကြည့်နေသည့် အခိုက်အတန့်လေးတွင် ဒီလူသည် ငှက်ကလေးအတွက် အမှန်တကယ်ပင် ပူဆွေးနေခြင်းဖြစ်ကြောင်း ယုံကြည်သွားသည်။
သူသည် မျိုးနွယ်အားလုံးပေါ် ကရုဏာတရားနှင့် ဆက်ဆံတတ်သူဖြစ်ပြီး မုသားဆိုမည့်သူမျိုး မဟုတ်နိုင်ချေ။
ကျန်းလော်သည် သက်ပြင်းချလိုက်ပြီး ကြောင်သူတော်ကောင် ချီယုံနှင့် မယှဉ်ကြည့်ဘဲ မနေနိုင်တော့ချေ။
သို့သော် နောက်တစ်စက္ကန့်လေးတွင် ကံကြမ္မာလက်ခံသူသည် ငှက်ကလေးကို လည်ပင်းလိမ်ချိုးလိုက်သည်။ ငှက်ကလေးသည် ထိုသူ့လက်ထဲတွင် ခနမျှ ဆန့်ငင်ဆန့်ငင်ဖြစ်နေပြီး ငြိမ်ကျသွားသည်။ ကျန်းလော်သည် ကံကြမ္မာလက်ခံသူကို ထိတ်လန့်စွာကြည့်လိုက်သည်။
ကံကြမ္မာလက်ခံသူသည် သူ့အကြည့်ကို မြင်ပြီး ကျန်းလော်ကို ရှုပ်ထွေးစွာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
ကျန်းလော်က မေးလိုက်သည်။
“ဘာလို့ ဘာလို့ သတ်လိုက်တာလဲ”
ကံကြမ္မာလက်ခံသူက ပြန်ဖြေသည်။
“ဒါသတ်လိုက်တာမဟုတ်ဘူး”
သူ့မျက်လုံးများတွင် သန့်ရှင်းစင်ကြယ်သော ကြင်နာမှုများကိန်းအောင်းနေပြီး အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
“သူအရမ်းနာကျင်နေရလို့ ကျုပ်က နာကျင်မှုကနေ လွတ်မြောက်ခွင့်ပေးလိုက်တာ”
သူသည်ဖြောင့်မတ်မှန်ကန်သလိုပြောလိုက်ပြီး ကျန်းလော်သည် ထိုစကားမှ ဆွံ့အသွားသည်။
သို့သော် ကံကြမ္မာလက်ခံသူသည် ကျန်းလော်အဖြေကိုစောင့်မနေဘဲ ငှက်သားအမိကို သစ်ပင်ခြေရင်းတွင် မြေမြုပ်ပေးလိုက်သည်။ ထို့နောက် သူသည် ဖုန်ခါလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ
“သွားကြစို့”
ကျန်းလော်သည် သူ့ရှေ့မှလူကို ကြည့်ကာ အနည်းငယ်ကြောက်ရွံ့လာသောကြောင့် တုန်ခါနေပြီး ဘာမှပြန်မပြောနိုင်ပေ။ ကံကြမ္မာလက်ခံသူကပင် ကျန်းလော်ကို စကားစပြောလိုက်သည်။
“မင်းဆရာက မင်းကို မြင့်မြင့်မားမား မျှော်မှန်းထားတယ်”
“ဟုတ်လားဗျ”
ကျန်းလော်သည် အပြုံးတုတစ်ခု အမြန်ပြုံးလိုက်ပြီး
“ကျွန်တော့်ကို ဂရုစိုက်လို့ ဆရာ့ကို ကျေးဇူးတင်ပါတယ်”
“လိမ္မာနာခံတဲ့ကောင်လေးပဲ”
ကံကြမ္မာလက်ခံသူသည် ကျန်းလော်ကို ထူးဆန်းစွာကြည့်ပြီး တိုးတိုးပြောလိုက်သည်။
“တစ်နေ့မှာ မင်းနာမည်ကို သမိုင်းမှာရေးနိုင်လာလိမ့်မယ်”
ကျန်းလော်သည် သူ့ကိုမော့ကြည့်လိုက်ပြီးး ငှက်ငယ်သားအမိကို အမှတ်ရသွားကာ ခေါင်းပြန်ငုံ့လိုက်သည်။
‘ဒီလူက တကယ်ပဲ ဘယ်လိုကြီးလဲဟ’
‘အသက်တစ်ချောင်းကို မျက်တောင်တချက်မခတ်ပဲ လွယ်လွယ်နှုတ်ပစ်နိုင်တယ်’
အကြာကြီး စဉ်းစားနေပြီး ကျန်းလော်သည် နှုတ်ခမ်းကိုကွေးလိုက်ကာ
“လူကြီးမင်းကတော့ မြောက်လွန်းနေပါပြီဗျာ”
ကောင်းကင်သခင်အိုကြီး သင်ခန်းစာပို့ချနေချိန်တွင် ထျန်းရှိဖူ စာကြည့်ဆောင်ထဲတွင် လူသုံးယောက်ထိုင်နေကြသည်။
ဖုန်းလီသည် ပုံမှန်အတိုင်း ခံစားချက်မဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။
“ဒီတော့ ခင်များတို့က ကျုပ်တပည့်ကို မကောင်းဆိုးဝါးပူးနေတယ်လို့ ပြောချင်တာလား”
ချီကျုံးယဲ့၏နောက်ကျောတွင် ချွေးများရွှဲနစ်သွားပြီး အမြန်ဖြေရှင်းလိုက်သည်။
“ကျူပ်ပြောတာမဟုတ်ပါဘူး ချီရုံပြောတာပါဗျာ”
ချီရယ်အဖေချီရုံသည် ခါးသီးစွာရယ်မောလိုက်ပြီး
“ဒါက ကျုပ်ဒီတိုင်းခန့်မှန်းကြည့်တာပါဗျာ ဒါပေမဲ့ ချီလောင်ပြောသလိုပဲ ကောင်းကင်သခင်ဖုန်းနှာဖျားအောက်မှာ ကျန်းလော်က အမြဲရှိနေတာ မကောင်းဆိုးဝါးဝင်ပူးခံရဖို့က မဖြစ်နိုင်ပါဘူးလေ၊ ဆိုပေမဲ့လည်း ကျုပ်အိမ်မှာ ယွမ်ထျန်းကျူးပျောက်သွားပြီး ကျုပ်သား ချီရယ်ကလည်း မနေ့ညက ကားအက်ဆီးဒင့် ဖြစ်သွားတယ်...............”
သူ့အသံသည် အက်ရှနေကာ
“သက်ကယ်အဆောင်သာ မကယ်နိုင်ခဲ့ဖူးဆို ကျုပ်သားအခုဆို သေလောက်ပြီဗျ၊ ချီရယ်ကျုပ်ကိုပြောပြတယ် မနေ့ညက အရမ်းအားကောင်းတဲ့ မကောင်းဆိုးဝါးအဖြစ်နဲ့ ချီယုံ့ကို တွေ့ခဲ့တယ်တဲ့၊ ပြီးတော့ ချီယုံက သူ့ကို ခြိမ်းခြောက်ခဲ့သေးတယ် အဲ့တာကြောင့် ကျုပ်သား ကားမတော်တဆမှု ဖြစ်သွားရတာ”
ဖုန်းလီသည် လက်ချောင်းမှ ကျောက်စိမ်းလက်စွပ်ကို လှည့်ပတ်ဆော့ကစားနေပြီး တမင်တကာစမ်းပြောလိုက်သည်။
“ချီယုံက ဘာလို့ ချီ(ချီရယ်)မိသားစုကို အကြောင်းမရှိတိုက်ခိုက်ရတာလဲ”
ချီဖေဖေနှင် ချီကျုံးယဲ့သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ထျန်းရှိဖူသည် ချီယုံ့သေဆုံးမှုတွင် မပါဝင်ပေ။ ထို့အပြင် ကောင်းကင်သခင်ကြီးသည် ဖုန်းလီကို ထိုအဖြစ်အပျက်အကြောင်း လုံးဝပြောပြမထားပေ။ ထို့ကြောင့် သူတို့ကလည်း ပြောပြလိုက်လို့ မဖြစ်ပေ။
ချီကျုံးယဲ့သည် အသံကိုလျော့လိုက်ပြီး
“ကောင်းကင်သခင်များ ချီယုံ့ဝိဉာဉ်ကို တွေ့ပြီးပြီလားလို့ အတင့်ရဲပြီး မေးပါရစေ”
“ကျုပ်တွေ့ပြီးပါပြီ”
ဖုန်းလီက ထပ်ဖြည့်ပြောလိုက်သည်။
“ဒီလူက လွယ်လွယ်ကူကူ နှိမ်နင်းလို့တော့ ရမှာမဟုတ်ဘူး”
ချီယုံရယ်သည် ပိုမိုတိုးတိတ်သော အသံဖြင့်
“ဒါဆို ချီယုံ့မှာ အာဃာတတအားများတာကိုလဲ မြင်ပြီးပြီပေါ့”
ဖုန်းလီသည် မျက်လုံးမှေးပြီး သူတို့ကို တစ်ယောက်ချင်းစီ ကြည့်လိုက်သည်။
တကယ်ပဲ ချီယုံ့အာဃာတကို သူမြင်ခဲ့ရသည်။
ချီယုံ့ကို ပထမဆုံးမြင်လိုက်ထဲကပင် ဖုန်းလီသည် ထိုသူ၏ အာဃာတသည် ချိုးဖြတ်မရအောင် ကြီးမားပြီး ထိုသူကို အဆုံးထိ ဆွဲချသွားပြီးပြီဖြစ်ကြောင်း မြင်နိုင်ခဲ့သည်။
“တကယ်လို့ ဒီလိုမကောင်းဆိုးဝါးကိုသာ သန့်စင်လိုက်ရင် အဲ့ဒီကရလာတဲ့ စွမ်းအားက ကန့်သတ်ချက်တွေကိုတော်င ကျော်လွှားသွားနိုင်လိမ့်မယ်”
ချီကျုံးယဲ့ကပြောလိုက်သည်။
“လူတွေက ချီ(ချီယုံ)မိသားစုက ရုပ်သေးထိန်းချုပ်ခြင်းအတတ်ကို ကျင့်ကြံတယ်ပြောပေမဲ့ ကျုပ်တို့အကျွမ်းကျင်ဆုံးက ဝိဉာဉ်သန့်စင်ခြင်းအတတ်ပဲ၊ နောက်ဆုံး သေသူတွေရဲ့ ဝိဉာဉ်ကိုသာ သန့်စင်နိုင်ခဲ့ရင်.................ဟမ်း တကယ်လို့ သခင်ဖုန်းသာ ကျုပ်တို့နဲ့ ပူးပေါင်းဖို့ သဘောတူမယ်ဆိုရင် ကျုပ်တို့မိသားစုက ချီယုံရဲ့ ဝိဉာဉ်ကိုသန့်စင်ပြီး သခင်ဖုန်းရဲ့ ဝိဉာဉ်ကိုအားဖြည့်ဖို့ ဒါမှမဟုတ် သခင်ဖုန်းလက်နက်ကို အဆင့်မြှင့်ဖို့ ပေးပါ့မယ်”
ဖုန်းလီ နှင့်သာ ကောင်းကောင်းညှိနိုင်ခဲ့ရင် သူတို့အတွက် အကျိုးအများကြီး ရှိမှာဖြစ်သည်။
ဖုန်းလီက မေးသည်။
“ခင်များတို့ လိုချင်တာက....”
ချီကျုံးယဲ့သည် အမြန်ပြေလိုက်သည်။
“ကျူပ်တို့ သခင်ဖုန်းဆီက ဘာမှမလိုပါဘူး၊ သခင်ဖုန်းအနေနဲ ကောင်းကင်သခင့်တပည့်ကျန်းလော်ကို ချီယုံနဲ့ ခွဲထားပြီးပေမဲ့လည်း ချီယုံက အခုထိကျန်းလော်ကို ဆက်နှောက်ယှက်နေသေးတယ်လေ...............တစ်နိုင်ငံလုံးက တက္ကသိုလ်ကြီး ဆယ့်နှစ်ခုရဲ့ ပထမနှစ်ဝက်စာမေးပွဲကလည်း လာတော့မှာဆိုတော့ ကျုပ်တို့ ကျန်းလော်ကို ငါးစာလုပ်ပြီး ချီယုံ့ကို ဖမ်းမလို့ပါ ပိုင်ဟွားတက္ကသိုလ် ပထမနှစ်ဝက်စာမေးပွဲထဲမှာလေ......သခင်ဖုန်းဘယ်လိုထင်လဲ”
ဖေဖေချီက ဖြည့်ပြောလိုက်သည်။
“သခင်ဖုန်းတပည့်ကို လုံးဝမထိခိုက်စေရဖို့ အာမခံပါတယ် စိတ်မပူပါနဲ့”
ဖုန်းလီသည် အတွေးလွန်သွားသည်။
ထိုနောကဖုန်းလီသည် ခေါင်းညိတ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကိုင်ကာ နှုတ်ဆက်စကားပြောလိုက်သည်။
ချီကျုံးယဲ့နှင့် ချီဖေဖေသည် စိတ်ခံစားချက်ကောင်းပြီး ပြန်ထွက်လာကြသည်။ ထျန်းရှိဖူနှင့် ဝေးသွားချိန်မှ ချီကျုံးယဲ့က မေးလိုက်သည်၊
“ချီယုံ့ကိုဖမ်းဖို့ ကျန်းလော်ကို ဘယ်လိုစီစဉ်မှာလဲ”
ချီဖေဖေ၏မျက်နှာသည် အေးစက်သွားပြီး
“မင်းက ကျန်းလော်ကို အသက်ရှင်ရက် ပြန်လာစေချင်တာလား၊ ချီယုံအတွက်လက်စားချေမယ်လို့ အဲ့ကောင်လေးပြောတာကို မေ့သွားတာလား”
ဖုန်းလီကို ကြောက်နေသော ချီကျုံးယဲ့သည် သောကရောက်စွာပြောလိုက်သည်။
“ဒါပေမဲ့ ကျန်းလော်က ချီယုံနဲ့ ခွဲခံထားရပြီလေ”
“တကယ်ဟုတ်မဟုတ် သိရလို့လား”
ချီဖေဖေသည် သူ့တစ်ယောက်ထဲကွက်ပြီး တိမ်မဲများဖုံးနေသလို မည်းမှောင်နေသော မျက်နှာဖြင့်
“ငါတို့အတွက်အလုံခြုံဆုံးက ဒီနှစ်ဝက်စာမေးပွဲမှာ သူတို့အတူတူသေသွားတာပဲ”
“ကံကြမ္မာလက်ခံသူကို ဘယ်လိုလုပ်မှာလဲ”
“ကံကြမ္မာလက်ခံသူက နှစ်ဆယ့်ခုနှစ်နှစ်လုံး တောင်ပေါ်က တစ်ခါမှဆင်းမလာဘူးလေ”
ချီဖေဖေသည် တစ်ခုခုကို နှောက်ယှက်မိမှာကြောက်သလို တိုးတိုးပြောလိုက်သည်။
“ချန်ပိုင်တောင်ပေါ်ကနေဆင်းမလာတာ ချီယုံမွေးပြီးထဲကပဲလေ ချီယုံသေမှဆင်းလာတာဆိုတော့ အခုမှလနည်းနည်းလောက်ပဲ ရှိဦးမှာ”
“ရုပ်လွန်လောကအဖွဲ့အစည်းအတွက် လူနည်းနည်းလောက် စတေးလိုက်တာပဲ ငါတို့ကို ကံကြမ္မာက နားလည်ပေးမှာပါ”
သင်ခန်းစာပို့ချခြင်း အခမ်းအနားပြီးသွားပြီးနောက် ကျန်းလော်နှင့် သူငယ်ချင်းများသည် ထျန်းရှိဖူမှာ တစ်ညအိပ်ပြီး နောက်ရက်တွင် ကျောင်းသို့ပြန်သွားကြသည်။
ကျောင်းပြန်ရောက်ပြီး ကျန်းလော်ပထမဆုံးလုပ်သည်မှာ သူထောင်ခဲ့သော ထောင်ချောကို သွားကြည့်ခြင်းဖြစ်သည်။ သို့သော် ကော်ဖီစားပွဲပေါ်မှ ကျောက်နှလုံးနှင့် ပတ္တမြားနှင်းဆီကလစ်ကိုသာ မြင်ခဲ့ရသည်။
ကျောက်နှလုံးပေါ်တွင် မီးကျွမ်းရာအချို့ကိုတွေ့ရပြီး ချီယုံ့လက်သည် ထောင်ချောက်စာတော့ မိသွားခဲ့ကြောင်း သိနိုင်ခဲ့သည်။ နှင်းဆီကလစ်အတွက်ကတော့ ကျန်းလော်ထိုဟာကို မြင်တိုင်း နောက်ဖေးလမ်းကြားထဲမှ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည်ကို မြင်ယောင်လာကာ မပျော်တော့ပေ။ ထို့ကြောင့် ကျန်းလော်သည် ထိုကလစ်ကို ရေကန်ထဲသို့ ပစ်ထုတ်လိုက်သည်။
ချီယုံသာ ထိုကလစ်ကို တကယ်ကြီး ပြန်ယူနိုင်ရင် အသိအမှတ်ပြုပေးလိုက်မည်ဟု တွေးထားသည်။
ထို့နောက်များတွင်တော့ ကျန်းလော်သည် နှစ်ပတ်တိတိကောင်းကောင်းကြီး ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့သည်။
နှစ်ပတ်လွန်သော် နှစ်ဝက်စာမေးပွဲသို့ ရောက်လာလေပြီ။
နှစ်ဝက်စာမေးပွဲကို တစ်နိုင်ငံလုံးမှ တက္ကသိုလ်ဆယ့်နှစ်ခုသည် တပြိုင်ထဲ လုပ်ကြခြင်းဖြစ်သည်။ သို့သော် နေရာကွာပြီး ခက်ခဲမှုအဆင့်လဲ မတူပေ။
ဌာနမှူးရှုသည် သူတို့ကို ခေါ်ပြီး နှစ်ဝက်စာမေးပွဲအတွက် အချက်အလက်များကို ရှင်းပြသည်။ ကျန်းလော်သည် စာမေးပွဲတည်နေရာမှာ ပင်လယ်ထဲမှ ဇိမ်ခံအပျော်စီးသင်္ဘောပေါ်တွင် ဖြစ်ကြောင်း မြင်လိုက်သောအခါ မှင်တက်သွားသည်။ ထိုသင်္ဘောကြီးကို ‘Angonese’ဟု ခေါ်ပြီး သင်္ဘောပုံကို အချက်အလက်အောက်ဆုံးတွင် ထည့်ပေးထားသည်။
သင်္ဘောသည် လှပပြီး ခမ်းနားကာ ကြည့်လိုက်လျှင် မြင့်မြတ်လှပသော တော်ဝင်မျိုးနွယ် မိန်းမပျိုလေးကို မြင်လိုက်ရသလိုပင် ခမ်းနားလှပသည်။
“Angonese သင်္ဘောကြီးပေါ်တက်နိုင်တဲ့သူက သုံးမျိုးဘဲရှိတယ်”
ဌာနမှူးရှုသည် မှုတ်ဆိတ်ကြီးကိုသပ်ပြီး ပြောပြသည်။
“တစ်မျိုုးက သင်္ဘောသား၊ နောက်နှစ်မျိုးက အောက်ခြေလူတန်းစားတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ ဩဇာရှိတဲ့ အထက်တန်းလွှာလူတန်းစားတွေ၊ မင်းတို့က သာမန်ရော လူချမ်းသာရော နှစ်မျိုးလုံးရဲ့ အသွင်ယူရလိမ့်မယ်၊ ဒီစစ်ဆင်ရေးမှာ အသွင်ယူပြီး သင်္ဘောပေါ်လိုက်သွားပြီး သံသယရှိတဲ့ဟာကို စစ်ဆေးခဲ့ရမှာ၊ ဒီမစ်ရှင်မှာ အဓိကစုံစမ်းရမှာ သွေးငါးရှဉ့်ဆိုတဲ့ ထူးထူးဆန်းဆန်း ငါးအကြောင်းပဲ”
“ထူးဆန်းတဲ့ငါးလား”
ဌာနမှူးက ပြောသည်။
“ဟုတ်တယ် သွေးငါးရှဉ့်ဆိုတဲ့ ထူးဆန်းတဲ့ငါး”
“စုံစမ်းကြည့်တော့ ဇိမ်ခံသင်္ဘောက ကာရေဘီယံပင်လယ်ထဲကို နှစ်တိုင်းဒီလိုအချိန်လောက်ဆို ရွက်လွင့်တတ်တယ် ငါးမျှားတဲ့နေရာကိုကျော်ပြီး မိုင်နည်းနည်းလောက် ရွက်လွင့်လိုက်ရင် ပင်လယ်နက်ထဲကို ရောက်သွားမှ ကျောက်ချတာ၊ လူတွေအများကြီး သင်္ဘောပေါ်မှာသေဆုံးလာတာ နှစ်တိုင်းပဲ ဒါပေမဲ့ သင်္ဘောပေါ်မှာဖြစ်ပျက်ခဲ့တာ ဘယ်သူမှ မသိဘူး၊ ဒါပေမဲ့ အဲ့လိုဖြစ်နေတာတောင် မရေမတွက်နိုင်လောက်အောင်လူတော်တော်များများ သင်္ဘောပေါ်လိုက်ရဖို့ အသည်းအသန်ပြေးသွားနေတုန်းပဲ ”
“အထူးဆန်းဆုံးက သင်္ဘောပေါ်က အသက်ရှင်ရက်ပြန်လာတဲ့သူတွေက ခရီးအကြောင်းကို လုံးဝထုတ်မပြောဘဲ ပါးစပ်ပိတ်နေတာပဲ၊ ဒါကြောင့်ပဲ ကျုပ်တို့ သွေးငါးရှဉ့်ကို စုံစမ်းဖို့ လိုလာတာ”
ဌာနမှူးသည် မည်းမှောင်နေသော မျက်နှာြဖင့် ပြောလိုက်သည်။
“ချီရယ်က ဒဏ်ရာရထားလို့ ဒီတစ်ခေါက်စာမေးပွဲ ဝင်မဖြေနိုင်တော့ဘူးတဲ့ ဆရာတို့ လက်မှတ် ရှစ်စောင်ရခဲ့တယ် ဒီတော့ ဆရာပြောချင်တာက မင်းတို့ဒီမစ်ရှင်ကို အောင်အောင်မြင်မြင်လုပ်ပြီး ဘေးကင်းကင်း ပြန်လာဖို့ပဲ”
“အိုး လက်မှတ်တွေကို တခြားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ သုံးပြီး ဝယ်ထားတာ၊ ဒီတော့ မင်းတို့က ဒီတစ်ယောက်ယောက်တို့ရဲ့ ကိုယ်ရေးအချက်အလက်အတိုင်း အသွင်ယူပြီး သင်္ဘောပေါ်သွားရမှာ၊ ဒီလက်မှတ်ရှစ်စောင်ထဲမှာမှ လူချမ်းသာလက်မှတ်က နှစ်စောင်ပဲပါတယ်၊ ခြောက်စောင်က သာမန်လူတန်းစားလက်မှတ်တွေ မင်းတို့ ရွေးလို့ရပြီ”
ကျန်းလော်သည် ကျပန်းတစ်စောင် ဆွဲလိုက်သည်။ လက်မှတ်ကို လှန်ကြည့်လိုက်သောအခါ လူချမ်းသာလက်မှတ် ဖြစ်နေသည်။
သူအသွင်ယူရမည့်သူမှာ “ကျုံးဝေ့” ဟုခေါ်သည်။ ကျန်းလော်သည် ထိုကျုံးဝေ့၏ မှတ်တမ်းကို ဖတ်ကြည့်ပြီး မျက်ခုံးပင့်သွားသည်။
ကျုံးဝေ့သည် သုံးနိုင်ဖြုန်းနိုင် အမ်းနိုင်သော ပွေရှုပ်သော လူချမ်းသာကောင်လေးဖြစ်သည်။ ကြည့်ကောင်းသည့်အပြင် စကားပြောကောင်းပြီး ခက်ထန်သော သူလည်း ဖြစ်သည်။
ဒီလိုပုံစံမျိုးသည် ကျန်းလော်နှင့် ကွက်တိပင်။
နောက်ထပ် လူချမ်းသာလက်မှတ်ကို ဆွဲမိသောသူမှာ ဆင်းရဲသား ဘဝသမားလေး ကောကျူဖြစ်သည်။ ကောကျူသည် လူချမ်းသာလက်မှတ်ကို ကိုင်ထားသည့် လက်များပင်တုန်ရီနေကာ အံ့ဩမှုကြောင့် မျက်ရည်တောက်တောက်ကျတော့မလိုအသံဖြင့်
“ငါ့အတွက် ဒီလိုနေ့မျိုးရှိလာလိမ့်မယ် ထင်မထားဘူး”
ဌာနမှူးရှုသည် သူ့ကျောင်းသားများ၏ ရွှတ်နောက်နောက်ပုံစံများကို ကြည့်၍ အားရပါးရရယ်လိုက်ပြီး လက်ခုပ်တီးလိုက်ကာ
“ဟုတ်ပါပြီ ဟုတ်ပါပြီ ကဲဒီကိုလဲ အတန်းရှင်းပေးကြပါဦးဗျာ၊ Angonese သင်္ဘောပေါ်တက်ရဖို့က အရမ်းတင်းကျပ်တယ်၊ ဧည့်သည်အားလုံး ဆံပင်ကနေစပြီး သွားတွေထိပါ စစ်ဆေးခံရတယ်၊ ဒီတော့ မင်းတို့ ဖော်ထုတ်မခံရအောင် အတတ်နိုင်ဆုံး သေချာအောင် ပြင်ဆင်ထားကြ”
“အရေးအကြီးဆုံးက”
ဌာနမှူးရှုသည် ရယ်လိုက်ပြီး
“အန္တာရာယ်ကင်းပြီး မထိခိုက်လာရဘူး”
အားလုံးသည် ပြုံးပြလိုက်ကြပြီး ပြိုင်တူအော်ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဌာနမှူး”
###################