Ch 84
Viewers 8k

အပိုင်း (၈၄)


 ခန္ဓာကိုယ်စစ်ဆေး

မစ်ရှင်အကြောင်းပြောပြီးနောက် ယခင်မစ်ရှင်းတုန်းက ဖြစ်ပျက်ခဲ့သော မတော်တဆမှုအကြောင်းပြောရန် ကျန်းလော်တို့ကို ဌာနမှူးကချန်နေခိုင်းသည်။ 

ရသစုံအစီအစဉ်အပြီးတွင် ကျန်းလော် ရယ်ရွှင် နှင့် လုယုံရိတို့သည် ဖုယွင်အာကိစ္စနှင့် ချီမုန့်တွမ်ကျာ့ပုံရိပ်ယောင်အကြောင်း ဆွေးနွေးခဲ့ကြပြီး ဌာနမှူးကို ပြောပြခဲ့သည်။ ဌာနမှူးရှုသည် ထိုအကြောင်းကို စုံစမ်းခဲ့ပြီး တိကျသော အဖြေတစ်ခုရပြီး အခုမှသာ သူတို့ကိုပြောဖို့ ခေါ်ခြင်းဖြစ်သည်။ 

သူသည် တခြားကျောင်းသားများကို ပွင့်ပွင့်လင်းလင်း ပထုတ်ပြီး ကျန်းလော်တို့သုံးယောက်ကိုသာ နေခဲ့ခိုင်းကာ အရေးကြီးပုံဖြင့် မပြောခင် တံခါးကို လော့ချလိုက်သေးသည်။ 

“မင်းတို့ခန့်မှန်းတာမှန်တယ် အဲ့တာက ချီမိသားစုနဲ့ ချီ(ချီရယ်)တို့ မိသားစု အကွက်ရွှေ့ခဲ့တာ အမှန်ပဲ”

“ဖုယွင်အာအလောင်းကို ချီ(ချီယုံ)မိသားစုကလာတဲ့ ပြိုင်ပွဲဒိုင်က သိမ်းသွားတာ၊ ဖုယွင်အာ အဲ့ကလေးမက သာမန်လူပေမဲ့ ယင်ခန္ဓာကိုယ်ရှိနေတာလေ အဲ့လိုအလောင်းမျိုးထက် ရုပ်သေးကျင့်ကြံလို့ကောင်းတဲ့ အရာ မရှိဘူး နောက်ပြီးတော့ ချီ(ချီယုံ)မိသားစုမှာ အဲ့လောက်ကောင်းတဲ့ ရုပ်သေးအရေအတွက် များများမရှိနိုင်ဘူး”

ဌာနမှူးသည် လေးလေးနက်နက် ပြောလိုက်သည်။ 

“ပုံရိပ်ယောင်ကျတော့ ချီ(ချီရယ်)မိသားစုက အကြီးအကဲတွေလောက်ပဲ ဒီလိုအဆင့်ထိရောက်အောင် ဖန်တီးထိန်းချုပ်နိုင်မှာ၊ ကံမကောင်းတာက ကျုပ်ဒီကိစ္စကို အဲ့နှစ်မိသားစု လုပ်တယ်ဆိုတာ သိခဲ့ရပြီး လဝက်လောက် ထပ်အချိန်ပေးခဲ့ပေမဲ့ သက်သေတစ်ခုမှ မတွေ့ခဲ့ဘူး”

ဌာနမှူးသည် ခေါင်းခါလိုက်ပြီး ခါးသက်စွာ ရယ်မောလိုက်သည်။

“ဒီကာလကြီးမှာ ရွှမ်ရွှီလောကထဲမှာ အင်းအားစု သုံးစုပဲ ရှိတော့တယ်၊ လက်ရွေးစင်ကျောင်းတော်ကြီး ခြောက်ကျောင်းရယ် တက္ကသိုလ်ဆယ့်နှစ်ခုပဲရှိတော့တယ်။  အဲ့ဒီအင်အားနှစ်စု ဟန်ချက်ညီအောင် ကြားနေလုပ်နေတဲ့ ပြည်နယ်အစိုးရလဲ ရှိသေးတယ်၊ ဒီလိုကိစ္စမျိုးဖြစ်လာခဲ့ရင် ငါမင်းတို့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်မယ်ကွာ၊ မင်းတို့သာ မထိခိုက်ဘူးဆိုရင် သူတို့က ဝန်ခံမှာမဟုတ်သလို မင်းတခြားသွားတိုင်ရင်တောင် မင်းမှာ ဘာဆုံးရှုံးမှုမှ မရှိတဲ့အတွက် ဒီကိစ္စကို လျှော်ပစ်ကြလိမ့်မယ်၊ ဒါပေမဲ့ မင်းသာ သက်သေထုတ်ပြနိုင်ရင် ပြည်နယ်ကို လွှဲပေးလိုက်ပြီး ပြည်နယ်ကမင်းကိုယ်စား ပြောပါစေ ”

သို့သော် ထိုလုပ်နိုင်သည့် ကိစ္စတွင်လည်း ဟာကွက်များရှိနိုင်သေးသည်။ 

ဥပဒေသည် အမြဲတမ်း “သံသယရှိကြောင်း သက်သေ” ကိုကြည့်ပြီး အတည်ပြုသည်။ သို့သော် ရွှမ်းရွှီလောကသားများသည် သာမန်လူများနှင့် မတူပေ။ သူတို့တွင် ဆန်းကြယ်၍ ခန့်မှန်းမရနိုင်သော နည်းလမ်းများ ရှိတတ်ကြသည်။ 

ထိုနည်းလမ်းများကြောင့် လက်ဆုပ်လက်ကိုင် သက်သေမှာ များသောအားဖြင့် မကျန်ခဲ့ကြပေ။ 

ရယ်ရွှင်သည် မျက်မှောင်ကြုတ်သွားပြီး

“ဌာနမှူး သူတို့က ဘာလို့ကျွန်တော်တို့ကို သတ်ချင်တာလဲ”

ဌာနမှူးသည် သက်ပြင်းချလိုက်ပြီး လက်ကို ယမ်းလိုက်ကာ

“မင်းတို့သူတို့ကိုသာ ဘာတွေတွေးပြီး ဘာလို့လုပ်တာလဲ သွားမေးကြည့်လိုက်ကြပေါ့ကွာ”

လုယုံရိသည် ဘောက်ဆတ်ဆတ် ဝင်ပြောသည်။

“ကျွန်တော်တို့ကျောင်းက တစ်ယောက်ယောက်ကများ ပြိုင်ပွဲမှာ သူတို့ မိသားစုတွေဘက်က တစ်ယောက်ယောက်ကို ငုပ်သွားအောင်လုပ်လိုက်မိလို့ ကျွန်တော်တို့ကို လုပ်ကြံတာလား မသိဘူး”

ပြောပြီး ကျန်းလော်ပုခုံးကို သွားပုတ်ကာ 

“လော် ငါပြောတာမှန်တယ်ထင်လား”

ကျန်းလော်က နှေးကွေးစွာပြောလိုက်သည်။

“ငါတို့ပြောနေတာနဲ့ မင်းပြောနေတဲ့ အကြောင်းအရာမတူဘူးထင်တာပဲ ဘာမှကို မဆိုင်သလိုပဲ”

လုယုံရိ “...............”

ကျန်းလော်က ဖြည့်ပြောလိုက်သည်။

“တကယ်တော့လေ ဌာနမှူး ကျွန်တော် ခုနက ချီရယ် စာမေးပွဲ ဝင်မဖြေနိုင်တော့ဘူးဆိုတာကြားတော့ သူတို့ အရင်တစ်ခေါက်လို ထပ်လုပ်လိမ့်ဦးမယ်လို့ ထင်လာတယ်ဗျာ”

အဆုံးထိ ချီဖေဖေသည် သူ့ကို အပျောက်ရှင်းဖို့ သေချာပေါက် ဆုံးဖြတ်ထားလေသည်။

သို့သော် ကျန်းလော်သည် သိပ်တော့ မစိုးရိမ်မိပါလေ။

သူ့မျက်စိထဲတွင် ချီယုံ့အတောင်အောက်တွင် အကာကွယ်မခံရတော့သော ချီမိသားစုသည် အမှိုက်သာသာပင် ဖြစ်နေသောကြောင့်ဖြစ်သည်။ 

ချီ(ချီရယ်)မိသားစုအတွက်ကတော့ သူတို့အားနည်းချက်သည် အလွန်သိသာနေသည်လေ။ ဤဲ့သို့ ကြီးမားကောက်ကျစ်သော  မျိုးနွယ်သည် ချီရယ်ကဲ့သို့ ရိုးရှင်းသော သိုးပေါက်လေးကို မွေးထုတ်ထားပြီး ချီရယ်သည် သိသိသာသာ ထိုသူတို့၏ အားနည်းချက်ဖြစ်သည်။ ကျန်းလော်သည် ချီရယ်ကို မထိခိုက်ချင်ပေ သို့သော် ချီမိသားစုကို ခြိမ်းခြောက်ဖို့က သူ့ကို အသုံးချမှ ရမည်ဖြစ်သောကြောင့် လုပ်မှရပေမည်။ 

“ကျုပ်စိုးရိမ်နေတာလဲ အဲ့တာပဲ”

ဌာနမှူးသည် အသံလေးလေးဖြင့်

“ကျူပ်ရဲတွေကို မင်းတို့လုံခြုံရေးအတွက်  Angonese သင်္ဘောကြီး နောက်ခပ်လှမ်းလှမ်းက လိုက်လာဖို့ ဖုန်းခေါ်ပြီး တောင်းဆိုထားတယ်၊ မှတ်ထားကြ အသက်က ပထမ စာမေးပွဲက ဒုတိယနော် ကြားလား တစ်ခုခုဖြစ်လာရင် လုံးဝမတွေဝေကြနဲ့ သက်ကယ်လှေနဲ့ ချက်ချင်းထွက်ပြေးရမယ်” 

သူတို့သုံးယောက်သည် အချင်းချင်းကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။

နောက်နှစ်ရက်ကြာပြီးနောက် မာရီနာဆိပ်ကမ်း...

ပင်လယ်စင်ယော်များသည် နေရာအနှံ့ပျံဝဲနေကြပြီး ပင်လယ်ကြီးသည် ငြိမ်သက်နေသည်။ ပင်လယ်ကို ဖြတ်တိုက်လာသော လေညှင်းသည် ကမ်းခြေကို ဆားနံ့သင်းသွားစေသည်။ ခမ်းနားကြီးကျယ်သော ဇိမ်ခံသင်္ဘောကြီး Angonese သည် ကမ်းခြေတွင် ကျောက်ချထားသည်။

ဆိပ်ကမ်းတစ်လျှောက်တွင် နေရောင်ထဲတွင် တစ်လက်လက်တောက်ပနေသော Angoneseကို အံ့ဩတကြီး ကြည့်နေသော လူများအပြည့်ဖြစ်သည်။ ပန်းချီဆွဲထားသလို လှပခမ်းနားနေသော သင်္ဘောကြီးသည် ပင်လယ်ကြီးကို အရိပ်အကြီးကြီးမိုးနေအောင် ကြီးမားလှသည်။ ထိုအရိပ်ထဲတွင် လူတော်တော်များများရပ်နေပြီး ထိုသူများမှာ ရှိတာလေးနှင့် သပ်သပ်ရပ်ရပ် ဖြစ်အောင် ဝတ်စားထားသော အောက်ခြေလူတန်းစားများဖြစ်ကြသည်။ သို့သော် ထိုထဲတွင် သာမန် ပေါ့ပေါ့ပါးပါး ဝတ်စားထားသော သူဌေးတချို့လည်း ပါနေသည်။ 

သင်္ဘောသားများသည် လှေကားကြီးချလိုက်ပြီး အော်ပြောသည်။

“အဆင်သင့်ဖြစ်ပြီဟေ့”

Angonese သင်္ဘောကြီးတွင် ဂိတ်နှစ်ခုရှိပြီး တစ်ခုမှာ သာမန်အောက်ခြေလူတန်းစားများအတွက် သင်္ဘောအောက်သို့ဆက်သွယ်ထားပြီး အပေါ်ထပ်သို့ ဆက်သွယ်ထားသော ဂိတ်ဝမှာ လူချမ်းသာများအတွက်ဖြစ်သည်။ ဂိတ်ဝနှစ်ခုလုံးကို သင်္ဘောသားများမှ တင်းတင်းကျပ်ကျပ်စောင့်ကြပ်နေကြသည်။ လူချမ်းသာများ ဂိတ်ဝတွင် ကပ္ပတိန်သည် နွေးထွေးသော အပြုံးတစ်ခုတပ်ထားပြီး ရပ်စောင့်နေသည်။ 

Angonese သင်္ဘောကြီးစီးရန် လက်မှတ်ဖြတ်ရသော်လည်း လက်မှတ်စစ်သည့်အပြင် သင်္ဘောပေါ်လိုက်ပါမည့်သူများကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးသေးသည်။ ဧည့်သည်များသယ်လာသော ပစ္စည်းများထဲတွင် လျှပ်စစ်ပစ္စည်းများပါမပါ ပြင်ပနှင့်ဆက်သွယ်ရန်ပစ္စည်းများ မပါလာစေရန် တင်းတင်းကျပ်ကျပ် စစ်ဆေးကြသည်။

ဟုတ်ပါသည်။ Angonese သည် နည်းပညာဖြင့် တိုးတက် ပြုလုပ်ထားသော လျှပ်စစ်ပစ္စည်းဘယ်အရာကိုမှ သယ်ဆောင်ခွင့် မပြုပေ။ 

ဤကဲ့သို့ ထူးဆန်းသော စည်းမျဉ်းမျိုးသည် လက်ခံနိုင်စရာ မရှိပေ။ အလွန်ချမ်းသာပြီး ကြီးကျယ်သော လူချမ်းသာများဖြစ်သော်လည်း ဘယ်သူကမှ မငြင်းဆိုသည်မှာ အလွန်ထူးဆန်းသည်။ ချမ်းသာသူများသည် နှစ်ယောက်ချင်း သုံးယောက်ချင်းတန်းစီနေကြပြီး သင်္ဘောအောက်တွင် လက်မှတ်များကိုစစ်ကြပြီး ဧည့်သည်များ၏ ခရီးဆောင်အိတ်များယူ စစ်ဆေးကြပြီး သက်ဆိုင်ရာအခန်းအသီးသီးသို့ ပို့ပေးလိုက်ကြသည်။ 

လက်မှတ်စစ်ပြီးသော လူချမ်းသာများသည် သင်္ဘောပေါ်သို့ တက်သွားကြပြီး ခန္ဓာကိုယ်ပေါ်တွင် လျှပ်စစ်ပစ္စည်းနှင့် သယ်ယူခွင့်မရှိသော ပစ္စည်းများ ပါမပါ စစ်ကြည့်ကြသည်။ လူချမ်းသာများဘက်ခြမ်း စစ်ဆေးမှုသည် အလွန်ကောင်းမွန်ပြီး စနစ်ကျသည်။

နောက်တစ်ဖက်နှင့် နှိုင်းယှဉ်ရလျှင် ပထမထပ်သည် အလွန်လူများပြီးး ဆူညံနေသည်။ အောက်ခြေလူတန်းစားများသည် ပြွတ်သိပ်ထည့်ထားခံရပြီး လူတိုင်းသည် ကျပ်ညပ်နေသော နေရာတွင် ခြေထောက်များအထိ ချွေးများစီးကျနေသည်။ ထိုထဲမှ အနောက်တိုင်းဝတ်စုံဝတ်ထားသော အမျိုးသားများနှင့် ဒေါက်ဖိနပ်စီးထားသော အမျိုးသမီးများသည် ကျိန်ဆဲကုန်ကြသည်၊။

“အရမ်းပူတာပဲ”

ကျိုးကျုံးချိုးသည် ပြောရင်း သူမဦးထုပ်ကို ချွတ်ပြီး ယပ်ခပ်လိုက်သည်။ 

“ဒီလောက်လူရာချီကြီးကို ပြွတ်သိပ်ထားပြီး သေချာက စစ်ဆေးနေသေးတယ် ပူလို့သေတော့မယ်”

“ဟုတ်တယ်”

လုယုံရိသည် ပင်ပန်းစွာပြောလိုက်သည်။

“ငါရေဆာလွန်းလို့ လည်ချောင်းထဲမှာ မီးတောက်နေပြီ”

ဝမ်ယမ်လန်သည် ရယ်ကျဲကျဲဖြင့် ရေဘူးလှမ်းပေးရင်း

“မင်းတို့ကတော့ ချွေးထွက်လွန်းလို့ ခြောက်ကပ်နေပေမဲ့ ခွမ့်ကျိန်းကတော့ ချွေးတစ်စက်မှမထွက်ဖူးကွ”

“တူမလားကွ”

လုယုံရိသည် ရေဘူးတစ်ဝက်လောက်ကို တစ်ခါထဲသောက်ပြီး ပါးစပ်သုတ်လိုက်ကာ ခွမ်ကျိန်းကို မနာလိုအားကျစွာ ကြည့်လိုက်သည်။ 

“ခွမ်ကျိန်းက နေ့တိုင်းလိုလို မီးဖိုနားမှာပဲ အချိန်ကုန်နေတာ ဒီအပူချိန်လောက်ကို ဘယ်မှုမလဲ ဒါပေမဲ့ ငါအားအကျဆုံးက .........................ခွမ်ကျိန်းနဲ့ယှဉ်ရင် ..................”

ပြောနေရင်း သူသည် လူအုပ်ကြီးကိုကျော်၍ လူချမ်းသာများဘက်ကိုကြည့်လိုက်ကာ

“အွင်န်း စိတ်တိုလိုက်တာ အားကျလို့သေတော့မယ်”

ရယ်ရွှင်သည် နဖူးမှချွေးများကို ရှောင်ဖန်နှင့်သုတ်လိုက်သည်။ ထို့နောက် သူဘေးပတ်ပတ်လည်ရှိ လူများကို ကြည့်လိုက်ကာ 

“တစ်ခုခုတော့ လုံးဝကြီး မှားနေပြီ”

“သူတို့အားလုံးကို ကြည့်ရတာ တအားကို ဆင်းရဲကြပုံပဲ”

လူတစ်ယောက်သည် နှာခေါင်းနှိုက်လိုက်ပြီး ထိုလက်ကို ဘောင်းဘီကို သုတ်လိုက်သည်ကို ကြည့်၍ 

“မဆင်းရဲဘူးဆိုရင်တောင် ဒီလောက်ဈေးကြီးတဲ့ လက်မှတ်ဝယ်ပြီးရင် ငွေပိုမရှိနိုင်တော့ဘူးကွာ”

ပုံမှန်သင်္ဘောလက်မှတ်တစ်စောင်သည် ဂဏန်းလေးလုံးကုန်ကျသည်။ 

ဝမ်ယမ်လန်သည် တိုးတိုးပြောလိုက်သည်။

“အဲ့တာဟုတ်တယ် ဒီသင်္ဘောပေါ်လိုက်လာတဲ့ သာမန်လူတွေက လူချမ်းသာပမာဏထပ် အများကြီးများတယ် ဒီလောက်ဈေးကြီးတာတောင် ဝယ်လိုအားများနေတာက ပုံမှန်မဟုတ်ဘူး တစ်ခုခုတော့ ရှိရမယ်”

သင်္ဘောလက်မှတ်ကို ဤမျှဈေးကြီး ပေးဝယ်၍ သင်္ဘောလိုက်စီးကြရန် သင်္ဘောမှ တစ်ခုခုမက်လုံးအကြီးကြီး ပေးထားပုံရသည်။ 

လူချမ်းသာများအဝင်ဂိတ်တွင်- 

အမျိုးသားများသည် သေသပ်စွာ ဝတ်ဆင်ထားပြီး အမျိုးသမီးများသည် ကြည့်ကောင်းနေရန် အချိန်ပေးပြင်ဆင်ထားကြသည်။ လူတိုင်းသည် အလွန်တောက်ပကာ မျက်စိအာရုံကို ဖမ်းစားနိုင်သော လက်ဝတ်ရတနာများ ဝတ်ဆင်ထားကြသည်။ သို့ဆိုလျှင်တောင် ထိုသူများနှင့် မတူကွဲထွက်နေသည့် လူအချို့တော့ရှိနေသေးသည်။ 

သင်္ဘောသားတစ်ယောက်သည် အောက်ဆင်းလာပြီး ဧည့်သည်ဆီသွားကာ ရိုသေစွာ ဦးညွတ်လိုက်ပြီး 

“ဧည့်သည်တော် ကျွန်တော့်ကို ဧည့်သည်ရဲ့ ခရီးဆောင်အိတ်လေး ပေးပါခင်ဗျ”

နေကာမျက်မှန်တပ်ထားသော ဆံပင်အနက်ရောင်နှင့် လူငယ်လေးသည် လက်မှတ်နှင့် ခရီးဆောင်အိတ်ကို လက်လွှဲပေးလိုက်ပြီး

“ဂရုစိုက်ပြီးသယ်”

ဆံပင်အနက်ရောင်နှင့် လူငယ်သည် သာမန်ထသွားထလာပုံစံ ဝတ်စားထားပြီး တောက်ပသောအနက်ရောင် ဆံနွယ်များသည် ပုခုံးပေါ်သို့ ရေတံခွန်ကဲ့သို့ စင်းကျနေသည်။ နေကာမျက်မှန်သည် မျက်ခုံးတို့ကိုပါ ဖုန်းကွယ်ထားသော်လည်း ယောက်ျားပီသသော မေးရိုးကို မြင်သည်နှင့်ပင် မြင့်မြတ်နေပုံရကာ ကြာကြာမကြည့်ရဲနိုင်ပေ။ နှင်းဆီရောင် နှုတ်ခမ်းသည် ကျော့ရှင်းနေပြီး နှုတ်ခမ်းစွန်းလေးသည် ချော့မြူဟန် ယောင်ယောင်လေး ကော့တတ်နေသည်။ 

ယခု သင်္ဘောပေါ်တက်ရန် အလှည့်ကျသူမှာ သူဖြစ်နေပြီး သူ့နောက်မှကောကျူသည် လူချမ်းသာပုံပေါက်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေရရှာသည်။ 

သူတို့နှစ်ယောက်သည် လှေကားမှ အေးအေးဆေးဆေး တက်သွားသည်။ ကောကျူက တိုးတိုးလေးကပ်ပြောလိုက်သည်၊

“ကျန်းလော် မင်းကတကယ်ကြီး လူချမ်းသာနဲ့ တူလိုက်တာကွာ”

သင်္ဘောပေါ်မတက်ခင် နှစ်ရက်အလိုက ကောကျူသည် လုယုံရီဆီသွားက လူချမ်းသာများ၏ နေပုံထိုင်ပုံသွားသင်သည်။ သို့သော် လုယုံရိသည် ထိုကဲ့သို့ ကိန်းကြီးခမ်းကြီး မနေတတ်သောကြောင့် တီဗီဇာတ်လမ်းတွဲများကိုသာ ကြည့်ပြီး သင်ယူခဲ့ရတော့သည်။ 

ဘယ်လောက်ပဲ လေ့လာခဲ့ပါစေ ကောကျူသည် သင်္ဘောအကြီးကြီးကို မြင်သောအခါ ရှက်သလိုလို ကြောက်သလိုလို ဖြစ်လာသည်။ ကျန်းလော်သည် နောက်လှည့်၍ နေကာမျက်မှန်ကို နှာခေါင်းအလယ်လောက်ထိဆွဲချပြီး ကောကျူကိုကြည့်၍ တိုးတိုးပြောလိုက်သည်။

“ဒီစကားလုံးလေးလုံးပဲ အသေမှတ်ထားကွာ ဘယ်သူနဲ့မှ အကြည့်ချင်း မဆုံနဲ့ အိုကေ”

ကောကျူသည် ချောင်းဟန့်လိုက်ပြီး အသံသေးသေးလေးနှင့်

“ငါကြိုးစားပါ့မယ်ကွာ”

တကယ်တမ်းတွင် ကျန်းလော်သည်လည်း လူချမ်းသာတစ်ယောက်မဖြစ်ဘူးပေ။ သို့သော်ငြားလည်း သူသည် ချီယုံ့ကိုကောင်းကောင်းသိလေသည်။ ချီယုံ့ပုံစံအတိုင်း လိုက်လံတုပပြီး လူကြီးလူကောင်းပုံစံနှင့် ခန့်ညားသော်လည်း အေးစက်ပြီး မာနကြီးဟန်နေလိုက်သည်။ ထိုပုံစံ ထိုမျက်နှာထားကြောင့် ဘယ်သူကမှ သူ့မူလကို သံသယမဝင်ရဲကြတော့ပေ။

သင်္ဘောပေါ်တွင် ကပ္ပတိန်သည် ကျန်းလော်ကို လက်ဆွဲနှုတ်ဆက်ကာ ပြုံးပြလိုက်သည်။ ပင်လယ်ထဲတွင် နှစ်အကြာကြီး နေလာရသောကြောင့် ပင်လယ်အနံ့အသက်များ ထိုသူ့ဆီမှရနေသည်။

“ကျုပ်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော် Angonese မှ ကြိုဆိုပါတယ်ဗျာ”

ကပ္ပတိန်သည် ကောကျူကိုလည်း လက်ဆွဲနှုတ်ဆက်ပြီး

“မင်္ဂလာနံနက်ခင်းပါ မစ်စတာကျုံးဝေ့နဲ့ မစ်စတာလုချီ”

ကျန်းလော်သည် စိတ်ကောင်းဝင်နေသောကြောင့် ပြန်ပြုံးပြလိုက်ကာ

“မင်္ဂလာပါ ကပ္ပတိန်”

ကပ္ပတိန်သည် သူ့လက်ကို ညာဘက်သို့ ညွှန်ပြကာ

“ကျေးဇူးပြုပြီး နောက်ဆုံးစစ်ဆေးခြင်းအဆင့်ကို သွားပေးပါ အဆင့်မြင့်မြင့် ပျော်ရွှင်ဖွယ် ခရီးစဉ်လေးဖြစ်ဖို့ ဆုတောင်းပေးပါတယ်”

ကျန်းလော်နှင့် ကောကျူတို့သည် ညာဘက်သို့လျှောက်သွားလိုက်ပြီး ကောင်းမွန်လှပစွာ အလှဆင်ထားသော အခန်းထဲသို့ ဝင်လိုက်ကြသည်။ သင်္ဘောသား နှစ်ယောက်သည် အခန်းထဲတွင် စောင့်နေကြကာ လက်အိတ်ကိုယ်စီစွပ်လိုက်ပြီး ကျန်းလော်တို့ဘက်သို့ လျှောက်လာသည်။ 

“လူကြီးမင်း ကျွန်တော်နောက်ဆုံး ခန္ဓာကိုယ်စစ်ဆေးခြင်း လုပ်ဆောင်ပေးမှာဖြစ်ပါတယ် ကျေးဇူးပြုပြီး ပူးပေါင်းပေးပါခင်မျာ”

ကျန်းလော်သည် ခေါင်းညိတ်လိုက်ပြီး သင်္ဘောသားကို လက်ကမ်းပေးလိုက်သည်။ သင်္ဘောသားမှ လက်ကို မထိမိခင် ထိုသူသည် တံခါးဖက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်ပြီး

“ဒုကပ္ပတိန်”

ကျန်းလော်သည်နောက်လှည့်ကြည့်လိုက်ရာ ပျင်းတိပျင်းရွဲ လျှောက်ဝင်လာသော အရပ်ရှည်ရှည်နှင့် သူကို တွေ့လိုက်ရသည်။ ထိုသူသည် တရုတ်နှင့် အနောက်တိုင်းသား ကပြားတစ်ယောက် ဖြစ်ဟန်တူပြီး အရပ်ရှည်ကာ ရွှေညိုရောင်ဆံပင်များသည် လေတိုက်နေသောကြောင့် ဝဲခါနေသည်။ ထိုသူ၏ မျက်လုံးများသည် ပင်လယ်ပြာရောင်တောက်ပနေသည်။ သင်္ဘောသားသည် ထိုလူဘက်သို့ သွားလိုက်ပြီး

“ဒုကပ္ပတိန် ကျွန်တော် ဘာလုပ်ပေးရမလဲဗျ”

“ဒီဧည့်သည်လူကြီးမင်းကို ငါကိုယ်တိုင် စစ်ဆေးပေးလိုက်မယ်”

ဒုကပ္ပတိန်သည် အသံကိုမြင့်ပြောလိုက်သည်။

“မင်းက တခြားဧည့်သည်တော်တွေကို သွားစစ်ဆေးပေးလိုက်”

သင်္ဘောသားသည် နာခံစွာ လက်ခံလိုက်ပြီး အခန်းထဲမှ ထွက်သွားသည်။ သူ့ဘေးမှ ကောကျူသည် ခန္ဓာကိုယ်တစ်ခုလုံးနှင့် အိတ်များကိုပါ စစ်ဆေးခံရပြီး ခေါင်းမငုံ့လိုက်ခင် ကတိုက်ကရိုက်ဖြစ်နေသည်။ ဒုကပ္ပတိန်သည် သူ့ကို သိချင်စိတ်ဖြင့် ကြည့်နေသော ကျန်းလော်ဆီသို့ လျှောက်လာသည်။ 

သူ့ပါးစပ်သည် အပြုံးတစ်ခုကို ပုံဖော်လိုက်ပြီး ဘူးထဲမှ လက်အိတ်တစ်စုံထုတ်ကာ သူ့လက်ကို ညင်သာစွာ စွပ်လိုက်သည်။ အဖြူရောင်ဆေးရုံသုံးလက်အိတ်သည် ရှည်လျားသွယ်လျသော လက်ချောင်းများနှင့် အံဝင်ခွင်ကျဖြစ်နေကာ ဒုကပ္ပတိန်မှ လက်ငါးချောင်းကို ဆုတ်ချည်ဖြန့်ချည် လုပ်လိုက်ရာ ပိုမိုအဆင်ပြေသွားတော့သည်။ 

အပြုံးတစ်ပွင့်နှင့် ခေါင်းမော့လိုက်ပြီး ကျန်းလော်နားသို့ ကပ်သွားလိုက်ကာ

“ဧည့်သည်တော် ကျွန်တော် စတင်စစ်ဆေးပါတော့မယ်”

ချိုသာသောအသံဖြင့် တောက်လျှောက်ပြောနေသည်။

“အရင်ဆုံး ပါးစပ်လေးဟပေးပါ”

ဒုကပ္ပတိန်၏ သန်မာနေသောပုံစံ အမူအယာသည် အလွန်ရင်းနှီးနေသည်။ ခနခန မျက်လုံးလှန်ကြည့်ပြီးနောက် ကျန်းလော်သည် ချီယုံမှန်း သိသွားရသည်။ ဒီလူသည် ဟန်ဆောင်နေရုံပင်မဟုတ်ပေ။ ကျန်းလော်သည် မျက်ခုံးပင့်သွားပြီး မျက်မှောင်ကြုတ်၍ ပါးစပ်ဟပေးလိုက်သည်။ 

အဖြူရောင်လက်အိတ်စွပ်ထားသော လက်ညိုးသည် ကျန်းလော်၏နှုတ်ခမ်းထဲဝင်လာကာ ကျန်းလော်သွားများကို လိုက်လံပွတ်သပ်ကြည့်နေသည်။ သွားတစ်ချောင်းချင်းစီကို တမင်တကာ ဖြေးဖြေးချင်းပွတ်သပ်ကြည့်ပြီး ကျေနပ်အောင် မွှေနေသည်။ 

အချိန်အနည်းငယ်ကြာလာသောအခါ ကျန်းလော်သည် ပါးစပ်ညောင်းလာသည်။ ထို့ကြောင့် နောက်ဆုတ်လိုက်ပြီး ပါးစပ်ပိတ်ဖို့ လုပ်သည်။ 

“မဖြစ်ဘူး မပိတ်လိုက်ပါနဲ့ လူကြီးမင်း”

ကျန်းလော်၏ အောက်သွားများကို အသေဆွဲထားပြီး ကျန်းလော်ပါးစပ်ကို ဇွတ်ပြန်ဆွဲဖွင့်ကာ

“ကျွန်တော် စစ်လို့ မပြီးသေးဘူးဗျ”

ကျန်းလော်၏ မျက်လုံးများသည် မီးတောက်လာပြီး ဒုကပ္ပတိန်ကို စူးစိုက်ကြည့်ပစ်လိုက်သည်။ 

အချိန်အကြာကြီးဟထားသောကြောင့် သွားရည်များ ပါးစပ်ထောင့်မှ စီးကျလာသောအခါ ကျန်းလော်သည် စိတ်ထဲမှ အသားကုန် ကျိန်ဆဲတော့သည်။ ကျန်းလော်သည် အလွန်သက်တောင့်သက်သာမဖြစ်ဘဲ ဒုကပ္ပတိန်ကို ဆွဲဖြဲပစ်တော့မလို ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ 

ဒုကပ္ပတိန်သည် ကျန်းလော်ပါးစပ်ကို အချိန်အကြာကြီးဆွဲပြီး စစ်ဆေးနေသည်။ သူ့လက်ချောင်းကို ကျန်းလော်ပါးစပ်ထဲမှ မထုတ်ချင်ထုတ်ချင်ပြန်ထုတ်ကာ ကျန်းလော်ကို မြောက်ပင့်လိုက်သည်။

“လူကြီးမင်းရဲ့သွားတွေက သန့်ရှင်းပြီး ညီညာနေတာပဲ အရမ်းလှတယ်”

“ကျေးဇူး”

ကျန်းလော်သည် နှာမှုတ်လိုက်ပြီး ရေယူသောက်လိုက်ကာ ပြုံးလိုက်ပြီး

“ကျွန်တော်လည်းကျွန်တော့သွားတွေကို လှတယ်ထင်ပါတယ်”

ဒုကပ္ပတိန်သည် ရင်ဘက်ထဲမှ လက်ကိုင်ပဝါထုတ်ကာ သူ့လက်ချောင်းမှ သွားရည်များကို သုတ်ပစ်လိုက်သည်။ သူသည် လက်ကိုင်ပုဝါကို နှမြောစွာကြည့်နေသည်။ 

အမြင်မမှားနိုင်စွာပင် ထိုမျက်နှာထားမှာ ဂျင်ဆင်းကလေးလေးသည် သူ့ချိုးရေများကို ကျန်းလော်သွန်ပစ်လိုက်စဉ်က ကြည့်လာသည့် အကြည့်နှင့် တစ်ထပ်ထဲပင်။ 

“ဒီတော့ နောက်တစ်ခုက ဆံပင်ကို စစ်ဆေးတော့မှာပါ”

ဒုကပ္ပတိန်သည် ကျန်းလော်ရှေ့မှ ခုံကိုဖယ်လိုက်ပြီး စိတ်အားထက်သန်စွာပြောသည်၊


“ကျေးဇူးပြုပြီး ထိုင်ပေးပါ”

ကျန်းလော်သည် ထိုင်ချလိုက်ပြီး အပြုံးတပ်ထာသော်လည်း လေသံမာနေကာ

“မင်းမြန်မြန်လုပ်မယ်လို့ မျှော်လင့်တယ်”

“ဟုတ်ကဲ့ပါ”

ဒုကပ္ပတိန်သည် ကုန်းလိုက်ပြီး

“လူကြီးမင်း၏ အကြံပြုချက်ကို မှတ်သားထားပါ့မယ်”

အေးစက်သော လက်အိတ်မှ အထိအတွေ့သည် ကျန်းလော်ဦးရေပြားကြား ဖြတ်ပြေးသွားသည်။ ဒုကပ္ပတိန်သည် စတင် စကားများလာကာ

“လူကြီးမင်းက ဘယ်ကလဲဗျ”

“မင်းလေ့ကျင့်ရေးမှာ ဧည့်သည်တွေရဲ့ ကိုယ်ရေးကိုယ်တာကို မေးခွင့်မရှိဘူးလို့ မပါဘူးလား”

ဒုကပ္ပတိန်သည် ချောမွေ့စွာ ရယ်လိုက်ပြီး 

“တောင်းပန်ပါတယ်ဗျာ”

ကျန်းလော်ဆံပင်များထဲသို့ လက်ချောင်းများဖွလိုက်ပြီး ဆက်ပြောလိုက်သည်

“လူကြီးမင်းရဲ့ မျိုးရိုးနာမည်က ကျုံး နော်၊ ရှားပါးတဲ့ မျိုးရိုးပဲ”

“မင်းကိုက လူဝင်မဆံ့လို့ မကြားဖူးတာနေမှာ”

ကျန်းလော်သည် စိတ်မရှည်စွာ မေးလိုက်သည်။ 

“မင်းနာမည်က ဘာလဲ”

“ဝင်စတန်”

“ကောင်းသားပဲ ဝင်စတန် ငါမှတ်ထားလိုက်မယ်”

ကျန်းလော်သည် သူ့ကို အထင်သေးစွာကြည့်လိုက်ပြီး

“ဆက်လုပ်”

ဆံပင်ကို စစ်ဆေးသည်မှာသိပ်မကြာလိုက်ပေ။ ထို့နောက် ကျန်းလော်သည် မတ်တပ်ပြန်ရပ်လိုက်ကာ လက်မောင်းများ ဆန့်တန်းပေးလိုက်သည်။ ဒုကပ္ပတိန်သည် သူ့လက်မောင်းအောက်မှ ခါးကို နှစ်ဖက်လုံး သေချာကိုင်တွယ် စစ်ဆေးပြီး တဖြည်းဖြည်း လက်က အောက်နားထိ ဆင်းသွားသည်။ လက်အိတ်ဖြူစွပ်ထားသော လက်ချောင်းများသည် အောက်သို့ ဆင်းလာပြီး ဧည့်သည်၏ လက်ချောင်းများကြားသို့ တစ်ချောင်းချင်းလျောဝင်သွားသည်။

ဆံပင်အနက်နှင့် လူငယ်လေးသည် မဲ့ပြုံးပြုံးလိုက်ပြီး နှုတ်ခမ်းကြားမှ ပူလောင်သော လေသည် ဒုကပ္ပတိန်၏ မေးစေ့ကို ဖြတ်ခနဲရောက်သွားပြီး 

“ဒုကပ္ပတိန် မင်းက ငါ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားနေသလိုပဲ”

ဒုကပ္ပတိန်သည် သူ့ကို အံ့ဩစွာကြည့်လိုက်ပြီး 

“ဧည့်သည်တော် ဘာလို့အဲ့လိုထင်ရတာလဲဗျ”

သူသည် ကျန်းလော်ထက် အရပ်ပိုရှည်ပြီး သူ့လက်မောင်းသည် ကျန်းလော်ကိုယ်ပေါ်တွင် မရှိတော့ပေ။ ကျန်းလော်လက်ချောင်းကြားထဲဝင်နေသော လက်အိတ်စွပ်ထားသော လက်ချောင်းများသည် ကျန်းလော် လက်ချောင်းထိပ်များကို ထိသွားအောင် ပွတ်ဆွဲသွားပြီး လက်သည်းခွံများပေါ်သို့ စက်ဝိုင်းပုံပွတ်လိုက်သည်။ ထို့နောက် အလွန်လျင်မြန်စွာ လက်ကိုရုတ်လိုက်သည်။

“ကျွန်တော် ဒီနေ့တွေ့ရတဲ့ ဧည့်သည်တော်တွေထဲမှာ လူကြီးမင်းက အလှဆုံးပဲဗျာ”

ကျန်းလော်သည် လက်ကိုအောက်ချလိုက်ပြီး ဒုကပ္ပတိန်၏ လက်ဖမိုးကို သွေးထွက်အောင် လက်သည်းနှင့် ခြစ်လိုက်ကာ ပြောလိုက်သည်။

“ဒီလိုစကားတွေကြားရတာရိုးနေပြီမို့လို့ မင်းကို ကျေးဇူးမတင်တော့ဘူး”

“ဒီလိုကိုး”

ဒုကပ္ပတိန်သည် ဝမ်းနည်းစွာ သက်ပြင်းချလိုက်ပြီး 

“ဒါဆို ကျွန်တော် ကောင်းကောင်းချီးမွန်းနိုင်ဖို့ ဝတ္ထုများများ ဖတ်ရနေတာ့မှာပဲ”

သူကပြောသည်။ 

“နောက်လှည့်ပေးပါ လူကြီးမင်း”

ကျန်းလော်သည် နောက်လှည့်ပေးလိုက်သည်။ ဘေးမှကောကျူသည် နောက်ဆုံးအဆင့်ထိရောက်နေပြီဖြစ်ပြီး ကျန်းလော်ဘက်လှည့်ကြည့်လိုက်ရာ မယုံနိုင်စွာ ပြောလိုက်သည်။

“ကျန်း ..................ကျုံးဝေ့ ဘာလို့ တအားနှေးနေတာလဲ”

ကျန်းလော်က ပြန်ပြောသည်။

“ငါ့ကို စစ်ဆေးနေတဲ့သူက နူနေလို့နေမှာ”

သူ့အသံသည် လုံးဝကို စိတ်မရှည်တော့သည့်အသံဖြစ်ကာ အလွန်စိတ်တိုနေပြီး လူချမ်းသာတစ်ယောက်၏ မောက်မာခြင်းကို အပြည့်အဝ ဖော်ပြနေသည်၊ 

ထိုသို့ မောက်မာဝံ့ကြွားနေမှုသည် သူ့ကိုစစ်ဆေးနေသူမှာ တကယ့်သင်္ဘောသားအစစ်ဆိုပါက ကြောက်လွန်းလို့ တုန်ရီနေမည်ဖြစ်သည်၊ 

သို့သော် ဒုကပ္ပတိန်၏ လက်သည် တကယ်ကြီး တည်ငြိမ်လွန်းနေပြီး သာမန်ထက်ပိုမိုစေ့စပ်လွန်းနေကာ စစ်ဆေးရန် တစ်နေရာလေးမှ အလွတ်မခံခဲ့ပေ။ သွားများမှစ၍ ခြေချောင်းလေးများအထိ တစ်နေရာမှ မလွတ်တမ်းစစ်ဆေးခဲ့သည်။ 

ကျန်းလော်စေ့စပ်စွာ စစ်ဆေးခံနေရချိန်တွင် ကောကျူသည် သူ့ကို ဘေးမှာထိုင်စောင့်ရင်း ငိုက်လာသည်။ 

ဒုကပ္ပတိန်သည် ကျန်းလော်ဂျက်ကတ်ကို ယူပေးလိုက်ကာ ပြုံးပြ၍ 

“စစ်ဆေးခြင်းပြီးသွားပြီဗျ ပူးပေါင်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီကထွက်ပြီး ညာဘက်ကိုသွားလိုက်ရင် လူကြီးမင်းရဲ့ အခန်းကိုရောက်ပါလိမ့်မယ်”

ကျန်းလော်သည် ဂျက်ကတ်ကိုယူဝတ်လိုက်ပြီး ဂရုမစိုက်သလို အကြည့်တစ်ချက်ပေးလိုက်ကာ ကောကျူနှင့်အတူ ထွက်သွားသည်။ ကောကျူသည် ညာဘက်သို့သွားတော့မည့်အချိန် ကျန်းလော် ဘယ်ဘက်ကို ထွက်သွားတာမြင်သောကြောင့် သုတ်တီးသုတ်ပြာလိုက်သွားသည်။ ကြောင်တောင်တောင်နှင့် ကျန်းလော်နောက် လိုက်ရင်း မေးလိုက်သည်။ 

“ဘာလို့ ဒီဘက်လာတာလဲ”

ကျန်းလော်က ပြောသည်။

“ကပ္ပတိန်ကိုသွားရှာမလို့”

ကပ္ပတိန်သည် ဝင်ပေါက်နားတွင်မတ်တပ်ရပ်နေပြီး ကျန်းလော်နှင့် ကောကျူလာနေတာကို မြင်သောအခါ သူ့မျက်လုံးသည် အံ့ဩသည့်ပုံစံပေါ်လာပြီး ချက်ချင်းပင် ဖော်ရွေသဘောကောင်းဟန် ပြောင်းလိုက်ပြီး ရှေ့တိုး၍ မေးလိုက်သည်။

“ဒီကလူကြီးမင်းနှစ်ယောက် ကျွန်တော် ဘာကူညီပေးရမလဲဗျ”

“တစ်ခုပြောစရာရှိတယ်”

ကျန်းလော်က ပြောသည်။

“ကပ္ပတိန် ကျုပ်မင်းရဲ့ သင်္ဘောသားတစ်ယောက်အကြောင်း တိုင်တန်းချင်တယ်”

ကပ္ပတိန်သည် ခုနကထက်ပင် အံ့ဩသွားပြီး ပါးစပ်ခလုတ်တိုက်မတတ်ပြောလိုက်သည်။

“ဟုတ်ကဲ့ ပြောပါဗျာ”

“ဝင်စတန်လို့ခေါ်တဲ့  ဒီသင်္ဘောပေါ်က ဒုကပ္ပတိန်လေ”

ကျန်းလော်သည် ဘာကိစ္စမှမရှိသလို ပြုံးလိုက်ပြီး 

“ကျူပ် အဲ့လူကို ကျုပ်အပေါ်လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ တိုင်ချင်တယ် ၊ ကျုပ်ကို ကပ္ပတိန်က မျှတမှုပေးမယ်လို့် မျှော်လင့်ပါတယ် ကျုပ်တောင်းဆိုချင်တာက တစ်ခုထဲပဲ အဲ့ဒီ သောက်ကောင် ဝင်စတန်ကိုပြောထား သူ့ဖင်ကိုချီးထဲမြှုပ်ထားပြီး ကျူပ်ရှေ့လုံးဝပေါ်မလာဖို့ ပြောထားလိုက်…………….”

ကပ္ပတိန် : “...................ဒါ ဒါက.......”

################################