အပိုင်း (၉၄)
ရေသူမိစ္ဆာ
ကိုးနာရီထိုးပြီးနောက် ဆက်သွယ်ရေးအခန်းထဲတွင် ဖြစ်သည်။
ကျန်းလော်ရောက်သွားသောအခါ တန့်နီးအာတစ်ယောက်ထဲသာလျှင် ထိုအခန်းထဲမှာ ရှိနေသည်။ သူသည် အမှုမဲ့အမှတ်မဲ့ပင် အခန်းထဲရှိ ကိရိယာများကို စစ်ဆေးကြည့်နေပြီး နောက်မှခြေသံကြားလိုက်သောကြောင့် လှည့်ကြည့်လိုက်သည်။ ထို့နောက် အံ့ဩစွာဖြင့်
“လူကြီးမင်း ရောက်လာပြီလား”
ကျန်းလော်သည် အပေါ်ဝတ်ကို ချွတ်လိုက်ပြီး သူ့လက်မောင်းပေါ်တင်လိုက်သည်။ ထို့နောက် တန့်နီးအာထံသို့ လျှောက်သွားလိုက်ပြီး သူ့ရှေ့တွင်ဝင်ထိုင်လိုက်သည်။ သူသည်မေးထောက်လိုက်သောကြောင့် သူ့ဆံပင်ရှည်များသည် ရေများစီးဆင်းနေသကဲ့သို့ စားပွဲပေါ်ဖြာကျနေသည်။ သူ့မျက်ဝန်းများသည် ငွေရောင်လက်နေကာ လှပစွာပြုံးလိုက်ပြီး
“မင်္ဂလာ ညနေခင်းပါ”
တန့်နေးအာသည် ရှက်သွားပြီး
“မင်္ဂလာ ညနေခင်းပါ လူကြီးမင်း”
တန့်နေးအာသည် ကျန်းလော်ရှေ့တွင် နေရထိုင်ရခက်နေပုံပေါ်ကာ သူသည် ကျန်းလော်ကို ဆက်သွယ်ရေးခန်းထဲမှ ကိရိယာများအကြောင်း ရှင်းပြလိုက်သည်။ တန့်နေးအာသည် မချွင်းမချန်ရှင်းပြနေသော်လည်း သူသည် ကျန်းလော်ကိုသာ ချောင်းကြည့်နေသည်။ ကျန်းလော်သည် မသိချင်ယောင်ဆောင်ကာ ရဲကင်းကို အချက်ပြရန် အခွင့်အရေးကို စောင့်နေသည်။ သူသည် တန့်နေးအာ သူ့ပါးစပ်ကိုသုတ်လိုက်သည်ကို မြင်သွားသည်။
ကျန်းလော်သည် သူ့ကိုယ်သူကြည့်ကောင်းမှန်းသိသော်လည်း သူ့ကိုကြည့်ပြီး သွားရည်ကျလာသည်ကိုတော့ မမြင်ဖူးချေ။ သူသည် တန့်နေးအာကို ကြည့်လိုက်ပြီး
“တန့်နေးအာ တာဝန်ကျချိန်က ဘယ်အချိန်ထိလဲ”
ဖန်ကွက်ကိုင်ထားသော တန့်နေးအာသည် ခွက်ထဲမှ ရေကို ကြည့်လိုက်ပြီး
“၁၂နာရီထိပါ လူကြီးမင်း အိပ်ချင်နေပြီလား”
ကျန်းလော်သည် သူ့လက်နှင့် လည်ပင်းနားကို ပုတ်လိုက်ပြီး မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်သည်။ သူသည် အနည်းငယ်အိပ်ချင်လာသလို ခံစားရသည်။ သူလက်မြောက်လိုက်သောအခါ ကျောက်စိမ်းကဲ့သို့ ချောမွတ်နေသော လက်သည် လရောင်အောက်တွင် တောက်ပနေသည်။
တန့်နေးအာသည် တံတွေးမျိုချလိုက်ပြန်ပြီး ကျန်းလော်လက်မောင်းကို စိုက်ကြည့်နေသည်။
အလွန်ဆာလောင်နေသော မျက်လုံးများနှင့် စိုက်ကြည့်နေသည်။
သူသည် တန့်နေးအာလက်ထဲရှိခွက်ကို စိုက်ကြည့်လိုက်ကာ
“ရေဆာနေတာလား”
တန့်နေးအာသည် တောင်းပန်သလိုပြုံးပြလိုက်ပြီး
“ဟုတ်ပါတယ်”
ကျန်းလော်သည် အပေါ်ဝတ်ကို ယူလိုက်ကာ ဆက်သွယ်ရေးစက်ပေါ်လှမ်းတင်လိုက်ပြီး
“နောက်ကျနေပြီ၊ ကျွန်တော်နည်းနည်း အိပ်ချင်လာလို့ တန့်နေးအာ ဒီအင်္ကျီကို မင်းဆီမှာထားခဲ့လိုက်ပြီး မနက်ဖြန်မှ ပြန်လာယူတော့မယ်”
တန့်နေးအာသည် အနည်းငယ်တွန့်ဆုတ်စွာ ကြည့်လိုက်ပြီး
“လူကြီးမင်း နည်းနည်းကြာကြာနေလည်း ဖြစ်ပါတယ်”
ကျန်းလော်ပြန်ဖြေသည်ကို မစောင့်တော့ပဲ သူသည်ထရပ်လိုက်ပြီး ဝေ့လည်ကြောင်ပတ်ဖြင့်
“ကျွန်တော် ရေသွားခပ်လိုက်ပါဦးမယ်................. မစ်စတာ ကျွန်တော်ပြန်လာတဲ့အထိ စောင့်ပေးလို့ရမလား”
မိမိဗိုက်ဆာနေချိန်တွင် စားစရာရလိုက်သလိုပင် ရေကန်အသင့်ကြာအသင့် ဖြစ်သွားသည်။ ကျန်းလော်သည် မမျှော်လင့်ထားစွာပင် မျက်ခုံးပင့်လိုက်ပြီး ပြုံးလိုက်ကာ သဘောတူလိုက်သည်။ တန့်နေးအာသည် သူ့ကို ချန်ခဲ့ပြီး ခပ်သွက်သွက်ထွက်သွားသည်။ ဆက်သွယ်ရေးအခန်းထဲတွင် ဘယ်သူမှမရှိတော့သည်နှင့် ကျန်းလော်သည် ရေဒီယိုကို ဖွင့်လိုက်သည်။ သို့သော် လိုင်းမအားသေးပေ။
‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’
ကျန်းလော်သည် ရှေ့တိုးလိုက်ပြီး ရေဒီယိုကို ‘မ’ကြည့်လိုက်ရာ ဝိုင်ယာကြိုးများသည် ပလပ်ထိုးမထားပေ။ ကျန်းလော်မျက်နှာသည် မည်းမှောင်သွားပြီး သူသည် ဆက်သွယ်ရေးအခန်းထဲမှ စိတ်တိုစွာ ထွက်သွားလိုက်သည်။
ဆက်သွယ်ရေးအခန်းသည် အခန်းများအတွဲလိုက်ကြီးရှိသည့်ထဲမှ တစ်ခန်းဖြစ်ပြီး ထိုအခန်းဘေးတွင် တာဝန်ကျဝန်ထမ်းများ၏ အဆောင်ရှိသည်။ ကျန်းလော်သည် တာဝန်ကျဝန်ထမ်း၏ အဆောင်ကိုဖြတ်သွားရာ အဆောင်တံခါးသည် ပိတ်ထားသော်လည်း နည်းနည်းလေးဟနေသည်ကို တွေ့လိုက်သည်။
အထဲတွင်မှောင်မဲနေပြီး ရင်းနှီးနေသော ငါးညှီနံ့ရနေသောကြောင့် ကျန်းလော်သည် အလွန်စိတ်ဝင်စားသွားသည်။ သူသည် အဆောင်ခန်းထဲသို့ ချောင်းကြည့်လိုက်ရာ မှောင်မည်းနေပြီး ဟောက်သံသာ ကြားရသည်။ ကျန်းလော်သည် မျက်မှောင်ကြုတ်လိုက်ပြီး အဆောင်ခန်းထဲသို့ ဝင်သွားသည်။ ထိုအခန်းထဲတွင် နှစ်ထပ်ကုတင်အပေါ်ထပ်တွင် အိပ်နေသော လူတစ်ယောက်သာရှိသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် မျက်လုံးများသည် အမှောင်ထုနှင့် ကျင့်သားရလာပြီး အဆောင်ခန်းအတွင်းသို့ ကောင်းကောင်းမြင်နိုင်လာသည်။ အဆောင်ထဲတွင် ညာဘက်နံရံတွင် နှစ်ထပ်ကုတင် နှစ်လုံးရှိပြီး ဘယ်ဖက်နံရံတွင် စားပွဲနှင့်ခုံနှစ်ဆက်ကို အနည်းငယ်ခြားပြီး ထားထားသည်။ လရောင်သည် စားပွဲတစ်လုံးပေါ်သို့ ဖြာကျနေပြီး ထိုစားပွဲပေါ်တွင် နေ့စဉ်မှတ်တမ်းစာအုပ် တစ်အုပ်တင်ထားသည်။
ကုတင်အပေါ်ထပ်တွင် အိပ်နေသောသူသည် ဂွမ်းကပ်စောင်ကို ခေါင်းမူးခြုံထားပြီး ကျယ်လောင်စွာဟောက်ပြီး အိပ်မောကျနေသည်။ ကျန်းလော်သည် စားပွဲနားသို့ ခပ်ဖွဖွကပ်သွားလိုက်ပြီး နေ့စဉ်မှတ်တမ်းကို လှန်လိုက်သည်။
နေ့စဉ်မှတ်တမ်း၏ ပထမတစ်ရွက်တွင် ဒီအတိုင်းပုံမှန် ရွက်လွှင့်သော နေ့များကို ရေးထားပြီး ကျန်းလော်သည် နောက်ပိုင်းများကို ဆက်လှန်ကြည့်လိုက်ရာ စာမျက်နှာ အနည်းငယ်ကျော်သွားပြီးနောက် ကျန်းလော်သည် မျက်နှာပျက်သွားသည်။ သူသည် ထိုစာမျက်နှာကို ခနကြည့်နေပြီး နောက်ထပ်စာမျက်နှာများကို ဆက်လှန်ကြည့်လိုက်ရာ တူညီသော စကားလုံးကိုသာ ရေးထားသည်။
“ဗိုက်တအားဆာတယ် ဗိုက်တအားဆာတယ် ဗိုက်အရမ်းဆာတယ်..............”
‘ဘာကိုဆိုလိုတာလဲ’
‘ဘာလို့ နေ့စဉ်မှတ်တမ်းရဲ့ ပထမတစ်ဝက်က ပုံမှန်ဖြစ်ပြီး နောက်တစ်ဝက်ကျမှ ဗိုက်ဆာတာနဲ့ ပြည့်နေရတာလဲ’
ကျန်းလော်သည် ဆက်ဖက်ကြည့်ရန်ပြင်လိုက်သော်လည်း ရုတ်တရပ်တောင့်ခနဲဖြစ်ကာ ရပ်သွားသည်။ သူသည် ရုတ်တရက် မူမမှန်တော့ကြောင်း သိလိုက်သည်။ ဟောက်သံမကြားရတော့ပေ။
ကျန်းလော်သည် အသက်ပြင်းပြင်းမရှူရဲဘဲ နောက်လှည့်ကြည့်လိုက်ရာ စောနကမှ အိပ်နေသေးသော လူသည် ထထိုင်နေသည်။ ထိုသူသည် သူ့မျက်နှာကို စောင်နှင့်အုပ်ထားဆဲဖြစ်ပြီး ကျန်းလော်ဘက်သို့ မျက်နှာမူပြီး ထိုင်နေသည်။ ကျန်းလော်သည် နှလုံးခုန်မြန်လာပြီး အခန်းပြင်ထွက်ရန်ပြင်လိုက်သည်။ ကံဆိုးစွာပင် အခန်းအပြင်မှ ခြေသံတစ်ခုကြားလိုက်ရသည်။ ကျန်းလော်သည် သူ့ကံဆိုးမှုကို ကျိန်ဆဲလိုက်ပြီး အခန်းကိုဝေ့ကြည့်လိုက်ပြီး ပုန်းရန်နေရာရှာလိုက်သည်။ နောက်ဆုံးတွင် သူသည် ကြမ်းပြင်ပေါ်သို့ လှဲကာ ကုတင်အောက်သို့ လှိမ့်ဝင်သွားလိုက်သည်။
သူပုန်းပြီးသွားသည့်အချိန်တွင် ကျန်းလော်သည် အဆောင်ခန်းအတွင်းဝင်လာသော ခြေထောက်တစ်စုံကို တွေ့လိုက်သည်။ ဝန်ထမ်းများ၏ ဝတ်စုံများသည် အတူတူသာဖြစ်သော်လည်း ကျန်းလော်သည် ထိုဖိနပ်များသည် တန့်နေးအာ၏ဖိနပ်များမှန်း မှတ်မိလိုက်သည်။ ထိုဖိနပ်များတွင် ဆီအနည်းငယ်ပေနေသည်။ တန့်နေးအာသူ့ကို ဆက်သွယ်ရေးစက်များအကြောင်းရှင်းပြရာတွင် ပေသွားသောကြောင့် မှတ်မိနေခြင်းဖြစ်သည်။
တန့်နေးအာ၏ အသံသည် တိတ်ဆိတ်နေသော အဆောင်ခန်းထဲတွင် ဟိန်းထွက်လာသည်။
“ဆွန်းကျာ့ အခန်းရှေ့က တစ်ယောက်ယောက်ဖြတ်သွားတာ မြင်မိလား”
ကုတင်ပေါ်မှ အသံတစ်သံကြားလိုက်ရသည်။
“မပြောတတ်ဘူးကွ ငါလည်းတအားအိပ်ပျော်သွားတော့မမြင်လိုက်ဘူး ဒါပေမဲ့ လတ်ဆတ်တဲ့ အနံ့တစ်ခုတော့ရနေတယ်”
ထိုအသံသည် ချွဲများကပ်နေသလို တခွီးခွီးမြည်သံပေါက်နေကာ အလွန်ထူးဆန်းသည်။ တန့်နေးအာ၏ခြေထောက်သည် တံခါးနားမှ စားပွဲဆီသို့ရောက်သွားသည်။ သူသည် အဝတ်မလဲဘဲ
“ထတော့ မင်းအလုပ်လုပ်ရမဲ့ အချိန်ရောက်ပြီ”
ဆွန်းကျာ့က ပြောလိုက်သည်။
“သိပါတယ်ကွာ”
ကျန်းလော်အပေါ်ရှိ ကုတင်သည် လှုပ်ရမ်းသွားသည်။ အိပ်ရာပေါ်မှလူသည် အောက်ဆင်းလာသည်၊ အိပ်ရာသည် ဤမျှခါရမ်းသွားသည် ကို ကြည့်လျှင် ကုတင်ပေါ်မှလူသည် မည်မျှသန်မာကြောင်းသိနိုင်သည်။ တန့်နေးအာသည် အဝတ်မလဲဘဲ ကုတင်ပေါ်သို့ ဝင်ထိုင်လိုက်သည်။ ကျန်းလော်သည် အသံမထွက်စေဘဲ အသက်ဖြေးဖြေးလေးရှူလိုက်သည်။
ထိုအချိန်တွင် တန့်နေးအာသည် မလှုပ်ရှားတော့ဘဲ ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် လေထုထဲတွင် အနံ့ခံလိုက်ပြီး
“အဆောင်ထဲမှာ သူစိမ်းတစ်ယောက်ရဲ့ အနံ့ရနေတယ်”
ဆွန်းကျာ့ကပြောလိုက်သည်။
“ငါလည်းရလိုက်တယ် ငါထင်တာငါကမှားပြီး အနံ့ရတယ်ထင်နေတာ”
ကျန်းလော်သည် မျက်ခမ်းများလှုပ်ခတ်သွားသည်။ ထိုစကားစုများကို ကြားပြီးနောက် ထိုသူနှစ်ယောက်သည် လူသားများမဟုတ်ကြောင်း ကျန်းလော်အတွက် သေချာသွားသည်။ ကျန်းလော်သည် လက်သီးဆုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။ မမျှော်လင့်ထားသည့် အချက်အလက်ကို လက်ခံနိုင်ရန် မနည်းကြိုးစားနေရသည်။
သူသည် အိပ်ရာအပြင်ဘက်သို့ ကြည့်လိုက်သည်။ ထိုအချိန်တွင် သူသည် အဖြူရောင် ငါးမျက်လုံးတစ်စုံကို မြင်လိုက်ရသည်။ မိစ္ဆာဆန်သော လူသားသည် ငါးခေါင်းနှင့် ကုတင်အောက်သို့ကုန်းကြည့်လိုက်သည်။ အကျိအချွဲများသည် သူ့ခေါင်းပေါ်မှ ကြမ်းပြင်ဆီသို့ စီးကျလာသည်။ ထိုသူသည် ကျန်းလော်ကို တည့်တည့်ကြီး စိုက်ကြည့်နေသည်။
ကျန်းလော် “.................”
ကျန်းလော်တကိုယ်လုံးသည် တောင့်တင်းသွားကာ ကုတင်အောက်မှ လိမ့်ထွက်ရန်လုပ်လိုက်သည်။ သို့သော် ထိုတစ်ခဏတွင် ကျန်းလော်သည် ထိုငါးမျက်လုံးများသည် ဘာမှမမြင်ရသည်ကို သိလိုက်သည်။ မိစ္ဆာသည် နှာခေါင်းတရှုံ့နှင့် အနံ့ခံနေသည်။
“ကုတင်အောက်မှာ အနံ့တအားပြင်းနေတယ်”
ထိုအသံသည် တန့်နေးအာ၏အသံဖြစ်ကာ ယခုအချိန်တွင် သူ့အသံသည်ခုနက ထိုလူကဲ့သို့ပင် ထူးဆန်းလာသည်။ သူသည်လည်း လည်ချောင်းထဲတွင် ချွဲများတစ်နေသလို အသံသည် တုန်ခါနေကာ စကားပြောလိုက်တိုင်း ခေါင်းမှအကျိအချွဲများပိုပိုကျလာသည်။ သူသည် ကုတင်အောက်ထဲသို့ လက်သွင်းပြီး စမ်းကြည့်လိုက်သည်။ သူ့လက်များသည် အခုထိလူလက်များသာဖြစ်နေသေးသည်။ ကျန်းလော်သည် အိပ်ရာအောက်သို့ ပိုပိုတိုးလိုက်ပြီး တန့်နေးအာ၏လက်ကို ရှောင်နေသည်။
တန့်နေးအာသည် ဘာမှမထိမိသောအခါ သူ၏ထူးဆန်းသော ငါးမျက်နှာသည် ရှုပ်ထွေးသွားပုံရပြီးနောက် သူနှင့်တစ်ခန်းထဲနေသော တခြားမိစ္ဆာသည် မကျေမနပ်ဖြစ်သွားပြီး
“ငါစမ်းကြည့်လိုက်မယ်”
သူတို့ပြောနေစဉ်တွင် ကျန်းလော်သည် နောက်ကုတင်တစ်လုံးအောက်သို့ တွားသွားလိုက်သည်။ သူသည် ကုတင်အောက်မှာပုန်းနေမည့်အစား ထိုအောက်မှတွားထွက်လိုက်ပြီး အသံမထွက်မိအောင် တိတ်ဆိတ်နိုင်သမျှ တိတ်ဆိတ်စွာ လှုပ်ရှားလိုက်သည်။
လရောင်သည် ကုတင်အောက်သို့ ကားယားကြီး မှောက်ကြည့်နေသော မိစ္ဆာနှစ်ကောင်ပေါ် ဖြာကျနေသည်။ တစ်ကောင်သည် ခြေလက်အရှည်ကြီးရှိသော မည်းနက်နေသော ငါးနှင့်တူသည်။ တစ်ကိုယ်လုံးသည် ချောမွတ်နေကာ မျက်လုံးသည် အပြင်သို့ထွက်ကျမတက်ပြူးနေပြီး ခေါင်းတစ်ဖက်တစ်ချက်စီတွင် ရှိနေသည်။ ထိုအရာသည် ငါးနှင့်လူသားမျိုးစပ်ထားသကဲ့သို့ပင် သူ့ခန္ဓာကိုယ်မှ အကျိအချွဲများ တတောက်တောက်ကျနေကာ အလွန်စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ဆိုးရွားပြီး ရွံစရာကောင်းသည်။
တန့်နေးအာ၏သွင်ပြင်သည်လည်း အလွန်ကြောက်စရာကောင်းသည်။ သူ့ခန္ဓာကိုယ်သည် ပုံမှန်လူသားများကဲ့သို့ ဖြစ်သော်လည်း ခေါင်းသည် လုံးဝငါးခေါင်းဖြစ်နေသည်။ ကျန်းလော်ရနေသော ငါးညှီနံ့သည် သူတို့ထံမှ ဖြစ်ပြီး ကျန်းလော်သည် အန်ထွက်မိတော့မလိုဖြစ်သွားပြီး ကုတင်ကို ထိန်းကိုင်ထားရသည်။ သို့သော် သူကုတင်ကို ကိုင်လိုက်သောအခါ အကျိအချွဲများ လက်နှင့်အပြည့်ကိုင်မိလိုက်သည်။
သူသည် ဘေးဘီကိုကြည့်လိုက်ရာ အိပ်ရာများအားလုံးသည် ထိုကဲ့သို့ အကျိအချွဲများနှင့် ဖုံးနေသည်။ ဤအခန်းသည် လူသားမဟုတ်သော သင်္ဘောသားများနေသော အခန်းဖြစ်သည်။
“တန့်နေးအာ အိပ်ရာအောက်မှာ ဘာမှရှိမနေဘူး”
ထိုမိစ္ဆာကပင်
“လူအနံ့က မင်းပြန်လာတော့ မင်းကိုယ်ပေါ်က ပါလာတာနေမှာ”
“ငါတစ်ယောက်ကိုမှ မစားရသေးဘူးကွ”
တန့်နေးအာသည် ခြေဆောင့်လိုက်ပြီး ဒေါသထွက်စွာ
“ငါပြန်ရောက်တော့ လူကမရှိတော့ဘူး”
“စိတ်လျော့ပါကွာ”
ဆွန်းကျာ့ကပြောလိုက်သည်။
“ငါတို့အလုပ်က ဒီလောက်ပင်ပန်းပြီး ပျော်စရာမှမကောင်းတာ ပြီးတော့လဲ အသားစားဖို့က ငါတို့အလှည့်မရောက်သေးဘူးလေ၊ ငါးအသေးလေးတွေပေါက်လာလို့ အမတွေများများပေါက်ခဲ့ရင် အဲ့ဒီငါးသားဖောက်ဖို့ သွေးကြောထည့်ထားတဲ့ လူသားတွေက အသုံးမဝင်တော့ဘူးလေ။ အဲ့ကျရင် ငါတို့အဲ့လူတွေကို အကုန်စားပစ်လိုက်လို့ရပြီ၊ ငါတို့တွေ ဒီနှစ်တော့ ငါးပေါက်အမလေးတွေ ပိုများများသားဖောက်နိုင်ဖို့ မျှော်လင့်တယ် ၊ ငါတို့ဥတွေက အသက်ရှင်ဖို့အရမ်းကို ခက်ခဲတယ်၊ လူတွေရဲ့အစာအိမ်ထဲမှာပဲ ကြီးလာအောင် မွေးမြူရမှာပဲ”
“သားပေါက်တစ်ရာမှာတောင် သွေးငါးရှဉ့်တစ်ကောင် အဖတ်တင်ဖို့ မလွယ်တာ သွေးငါးရှဉ့်အကောင်တစ်ရာမှာ တစ်ကောင်ပဲ အမ ကျန်တာအထီးကြီးပဲ၊ သာမန်လူတွေက သူတို့ကို လုံလုံလောက်လောက် အာဟာရမပေးနိုင်ကြဘူး၊ ပြီးကျရင်လည်း သူတို့ပြောသလို သားလောင်းမဖြစ်ခင် ဥဘဝထဲကသေသွားတာလဲ အဲ့ဒီလူသားတွေ ကောင်းကောင်းမကျန်းမာလို့ပဲ သောက်သုံးမကျတဲ့ လူတွေ”
ကျန်းလော်သည် တိတ်ဆိတ်စွာ နားထောင်နေသည်။ သူသိလိုက်ရသော အချက်အလက်များကြောင့် သူ့ဦးနှောက်သည် အလွန်နာကျင်နေကာ သူသည် စိတ်ထိန်းနိုင်ရန် ခပ်ဖွဖွလေး အသက်ရှူလိုက်သည်။ ထိုအချိန်တွင် ကံမကောင်းစွာ ပြတင်းပေါက်မှ လေဝင်လာသည်။
မိစ္ဆာနှစ်ကောင်သည် ခေါင်းမော့လိုက်ပြီး ကျန်းလော်ရှိရာဘက်သို့ လှည့်ကာအနံ့ခံလိုက်သည်။
“ထူးဆန်းလိုက်တာ ဒီနားကနေပဲ အနံ့ထပ်ရပြန်ပြီ”
“ဟုတ်ပကွာ”
တန့်နေးအာသည် သွားရည်များကို သုတ်လိုက်ပြီး တံတွေးမြိုချလိုက်ကာ ဆာလောင်စွာဖြင့်
“လူသားအနံ့ကွ”
ကျန်းလော်သည် မကောင်းတော့သလို ခံစားရကာ နောက်ခနလေးတွင် မိစ္ဆာနှစ်ကောင်သည် သူ့နားသို့ လျှောက်လာကြသည်။
ကျန်းလော်သည် သူ့အပေါ်ဝတ်မှ ဇစ်ကိုဖြုတ်လိုက်ပြီး ထောင့်တစ်ထောင့်ဆီ လွှင့်ပစ်လိုက်သည်။ ဇစ်သည် ထောင့်ဆီသို့ အသံကျယ်ကျယ်ကျသွားပြီး ရေသူမိစ္ဆာနှစ်ကောင်သည် ထောင့်နားဆီသို့ ပြေးသွားကြသည်။ ထိုနေရာတွင် ဘာမှမရှိသောအခါ သူတို့သည် အလွန်ဒေါသထွက်လာပြီး အံတကြိတ်ကြိတ်ဖြစ်သွားကြသည်။
ကျန်းလော်သည် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ သူတို့နောက်မှ ဖြတ်၍ တံခါးဆွဲဖွင့်လိုက်ကာ အမြန်ပြေးထွက်သွားတော့သည်။ မိစ္ဆာသည် တံခါးဘက်သို့ လှည့်ကြည့်လိုက်ရာကာ နှုတ်သီးမှကျလာသော သွားရည်များကို သုတ်လိုက်ပြီး
“လူသားက ထွက်ပြေးသွားပြီ”
သူတို့သည် အနံ့ခံ၍ အခန်းထဲမှ ထွက်ပြီးအမြန်ပြေးလိုက်ကြသည်။ ကျန်းလော်သည် အလွန်လျင်မြန်စွာပြေးနေသည်။ ညနက်သန်းခေါင်အချိန်ဖြစ်နေသောကြောင့် ကုန်းပတ်ပေါ်တွင် အလင်းရောင်တစ်စက်မှ မရှိသလို လူလည်းတစ်ယောက်မှ မရှိပေ။ လရောင်သည် ပင်လယ်ထဲရှိ လှိုင်းများကို ရောင်ပြန်ဟပ်နေသည်။ လူသားမျိုးစပ် မိစ္ဆာနှစ်ကောင်သည် အလွန်ထူးဆန်းသော အမြန်နှုန်းနှင့် သူ့နောက်မှလိုက်နေသည်။ သူတို့ ကျန်းလော်ကို မှီခါနီးလာလျှင် ကျန်းလော်သည် နဖူးမှချွေးများစီးကျလာကာ ထောင့်ချိုးတစ်ခုသို့ပြေးဝင်လိုက်ချိန်တွင် လက်သေးသေးလေးတစ်ဖက်သည် ရုတ်တရက်ထွက်လာပြီး ကျန်းလော်အင်္ကျီကို လှမ်းဆွဲလိုက်သည်။
ကျန်းလော်သည် အောက်သို့ငုံ့ကြည့်လိုက်ရာ ကပ္ပတိန်၏ သမီးလေး လိရှားကို တွေ့လိုက်သည်။ လိရှားသည် သူ့လက်ကိုဆွဲ၍ ဆန့်ကျင်ဘက်သို့ ပြေးသွားသည်။ မကြာခင်တွင် လိရှားသည် သူ့ကို တံခါးပိတ်ထားသော အခန်းတစ်ခုသို့ ခေါ်လာပြီး ကျန်းလော်နှင့် လိရှားသည် တံခါးဖွင့်၍ ဝင်လိုက်သည်။ သူအခန်းထဲသို့ ဝင်လိုက်ချိန်တွင် ကျန်းလော်သည် စေးကပ်နေသော အရည်တမျိုးကို တက်နင်းလိုက်မိသလို ခံစးလိုက်ရသည်။
သူသည် လန့်သွားပြီး လိရှားသည် သူ့ကို ဆွဲလိုက်ကာ
“ကိုကို စကားမပြောနဲ့ အောက်ကိုလှဲချလိုက်ပြီး ကြမ်းပြင်ပေါ်လှိမ့်လိုက် ကိုကို့ တစ်ကိုယ်လုံး ဒီအရည်တွေပေသွားရင် သူတို့ထပ်ပြီး အနံ့ရတော့မှာ မဟုတ်ဘူး”
ကျန်းလော်သည် ကလေးမလေးပြောသည့်အတိုင်းလိုက်လုပ်လိုက်သည်။ ထို့နောက်သူသည် လိရှားကို ချီပြီး တံခါးနားတွင်ရပ်နေကာ ချောင်းကြည့်ပေါက်မှ အပြင်ကိုကြည့်လိုက်သည်။
လိရှားသည် သူ့ပုခုံးကို တိတ်တိတ်လေးမှီထားလိုက်ပြီး ဘာတစ်ခွန်းမှ မပြောပေ။ တံခါးအပြင်ဘက်တွင် အရေပြားမရှိသော ရေသူမိစ္ဆာနှစ်ကောင်သည် တံခါးနားထိရောက်လာပြီး အနံခံကြည့်လိုက်ရာ ဘာအနံ့မှ မရသောကြောင့် ခနမျှရပ်နေကြပြီး ပြန်သွားကြသည်။
ကျန်းလော်သည် သက်ပြင်းမောကြီးချလိုက်ပြီး တံခါးကိုမှီပြီးထိုင်လိုက်သည်။ ထို့နောက်သူသည် အသံတိုးတိုးဖြင့်
“လိရှား ဒီဟာက ဘယ်နေရာလဲ၊ ဒီမိစ္ဆာတွေဆီက ပုန်းဖို့ အကျိအချွဲတွေနဲ့ ဖုံးရမယ်ဆိုတာ ညီမလေးက ဘယ်လိုလုပ်သိလဲ”
လိရှားသည် လက်နှစ်ဖက်ကို ဆုပ်ထားပြီး အကြာကြီး တိတ်ဆိတ်နေရာမှ
“ကိုကို ဒါက ဖေဖေ့အခန်း”
သူမလေးသည် ခေါင်းမော့လိုက်ပြီး ကျန်းလော်ကိုကြည့်လိုက်ကာ ကြောက်ရွံ့စွာဖြင့်
“ဖေဖေကလေ အကြောင်းတစ်ခုခုကြောင့် အရမ်းအရမ်းကြောက်စရာကောင်းတဲ့ ပုံစံကြီးပြောင်းသွားတာ အဲ့ဒီလိုဖြစ်သွားပြီး တစ်ခါတစ်လေကျရင် မီးမီးကို သွားရည်တွေကျပြီးကြည့်နေရော၊ မီးမီးဒီနေရာမှာ ပုန်းနေမှပဲ ဖေဖေက သမီးကို ရှာမတွေ့တော့တာ”
#######################################