အပိုင်း (၉၅)
တစ်မိသားစုလုံး
လိရှားသည် ကြောက်ရွံ့နေသော ကလေးငယ်လေးသာ ဖြစ်သည်။ သူမသည် ကြောက်ရွံ့မှုထက် သူမဖခင်သည် အဘယ့်ကြောင့် ဤသို့ဖြစ်သွားရမှန်း နားမလည် ဝမ်းနည်းနေသော ကလေးလေး တစ်ယောက်သာဖြစ်သည်။
ကျန်းလော်သည် ပုံမှန်လိုပင် ကလေးမလေးကို ချော့မေးသည်။
“လိရှား ညီမလေးဖေဖေက ဘယ်တုန်းကစပြီး ဒီလိုဖြစ်လာရတာလဲ”
“အရမ်းကြာနေပြီ”
လိရှားသည် တိုးတိုးလေးပြောသည်။
“လိရှားမေမေ ရေထဲပြုတ်ကျသွားပြီးထဲက ဖေဖေက ထူးဆန်းလာတာ”
သူမသည် ခေါင်းငုံ့ပြီး သူမမျက်နှာကို ဝမ်းနည်းစွာ အုပ်ထားသည်။
“လိရှား လိရှားက သူမမေမေကိုလွမ်းတယ် ပြီးတော့လဲ သူမရဲ့ အရင်တုန်းက ဖေဖေကို လွမ်းနေတာ”
ကျန်းလော်သည် သူမနောက်ကျောကို နှစ်ချက်လောက်ပုတ်ပေးလိုက်ပြီး
“ကိုယ့်ကိုဘယ်လိုလုပ်ပြီး အဲ့ဒီကနေ ကယ်ခဲ့တာလဲ”
“သမီးက အဲ့ဒီမှာနေ့တိုင်းပုန်းနေတာ”
လိရှားသည် မဝံ့မရဲအသံလေးနှင့် ပြောသည်။
“တစ်ခါတလေဆို လူသားတွေအဲ့နေရာက ဖြတ်သွားရင် လိရှားသူတို့ကိုလည်း ကယ်ပေးဖူးတယ် သူ သူတို့က မပုန်းတတ်ဘူး ဖေဖေက ဒီလိုကြီး ကြောက်စရာပုံပြောင်းသွားတိုင်း မျက်လုံးမမြင်ရတော့ဘူး သူက သူက လိရှားအသံကိုပဲကြားရပြီး လိရှားကို လိုက်အနံ့ခံတာ၊ အဲ့တာကြောင့် လိရှားတို့ အသံမထွက်ပဲ အနံ့ဖုန်းထားရင် ဖေဖေနဲ့ တခြားသူတွေ လိရှားတို့ကို မရှာနိုင်ဘူး”
“အရင်က လူတွေအများကြီး ကယ်ပေးခဲ့ဖူးတာလား”
လိရှားအမူအရာသည် တောင့်တင်းသွားပြီး တိတ်ဆိတ်စွာခေါင်းညိတ်ပြလိုက်သည်။ ကျန်းလော်သည် ထိုလူများ၏ နောက်ဆက်တွဲအခြေအနေကို နားလည်လိုက်သည်။ သို့သော် မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
“သူတို့တွေ ဘာဖြစ်သွားလဲ”
ကောင်မလေးသည် သင်္ဘောပေါ်မှ မိစ္ဆာများထံမှ နှစ်ပေါင်းများစွာ ပုန်းကွယ်နိုင်ပြီး အသက်ရှင်ကျန်နေနိုင်သူဖြစ်သည်။ ပြီးတော့လဲ လူတွေကို ဘယ်လိုကယ်ရမလဲနှင့် ပုန်းရမည့်နေရာကိုလဲ ကောင်းကောင်းသိထားသေးသည်။
အရွယ်ရောက်သူများပင် ထိုသို့လုပ်ဖို့ မလွယ်ကူနိုင်သည်ကို ကလေးမလေးက လုပ်နိုင်နေသောကြောင့် လိရှားကို ကျန်းလော် သံသယဝင်လာသည်။
“သူတို့အားလုံး မရှိတော့ဘူး”
လိရှားသည် သူမကိုယ်သူမလက်ပိုက်လိုက်ပြီး
“သမီးသူတို့်ကို ထွက်ပြေးကြဖို့ပြောသေးတယ် ဒါပေမဲ့ သင်္ဘောသားတွေက ရှာတွေ့သွားပြီး သူတို့ကို သော့ခတ်ထားကြတယ်..............လိရှား သူတို့ကိုကယ်ဖို့ လုပ်ပ်သေးတယ် ဒါပေမဲ့ လိရှားအဲ့ထဲကို ဝင်လို့မရဘူး”
“လိရှားလေးက လိမ္မာတဲ့ကလေးလေးပါကွာ”
ကျန်းလော်သည် နူးညံ့စွာပြောလိုက်သည်။
“ဒီသင်္ဘောပေါ်မှာ အဲ့လိုမိစ္ဆာကောင်တွေ အများကြီး ရှိနေသေးလား”
လိရှားသည် ကြောက်ရွံ့သွားသည့် ပုံဖြင့်
“အများကြီး အများကြီးပဲ သူတို့က နေ့ဘက်ဆို ပုံမှန်လူလိုတွေပဲ ညကျမှ လူပုံစံမဟုတ်တော့ဘဲ ထူးထူးဆန်းဆန်းကြီးတွေပြောင်းသွားကြပြီး လိရှားကို သွားရည်တွေကျပြီး လိုက်ရှာကြတာ”
“ဒါပေမဲ့ သူတို့လိရှားကို မစားဘူး လိရှား ဒီသင်္ဘောပေါ်မှာ တခြားကလေးလေးတွေလဲ မတွေ့ဘူး.........တစ်ယောက်ယောက် သင်္ဘောပေါ်တက်လာကြတိုင်း လိရှား အစ်ကိုအစ်မတစ်ချို့ကို သူတို့အကြောင်းပြောပြပေမဲ့ လိရှားကို ဘယ်သူမှ မယုံကြဘူး”
ကျန်းလော်သည် အတွေးနက်သွားသည်။ ပထမဆုံး သူတို့ သင်္ဘောပေါ်ရောက်တုန်းက ကောကျူလည်း သင်္ဘောပေါ်တွင် ကလေးများမပါကြောင်း တစ်ခါပြောဖူးသည်။ သင်္ဘောသားများအားလုံးသာ မိစ္ဆာသွေးငါးရှဉ့်များ ဖြစ်နေပါလျှင် ၎င်းအကြောင်းမှာဖြစ်နိုင်သည်။ သွေးငါးရှဉ့်ဥများသည် အကောင်ပေါက်ဖို့အလွန်ခက်ခဲပြီး လူသားများခန္ဓာကိုယ်ထဲတွင်သာ ရှင်သန်လာနိုင်သည်။ လူသားများကိုယ်ထဲကနေသာ သွေးငါးရှဉ့် အမများကို ထူးခြားသော စွမ်းရည်မျိုးဖြင့် မွေးဖွားလာစေနိုင်သည်လေ။ နိုပျိုလှပခြင်းနှင့် ထာဝရနီးနီး အသက်ရှည်ခြင်းတို့ကဲ့သို့သော စွမ်းရည်များကို ဆိုလိုခြင်းဖြစ်သည်။
ထိုအချက်ကြောင့် သင်္ဘောသားများနှင့် လူချမ်းသာများပူးပေါင်း၍ ရနိုင်ပြီး လူချမ်းသာများသည် သာမန်လူများကို သင်္ဘောပေါ်ခေါ်လာပေးကာ သူတို့ကို သွေးငါးရှဉ့်များ မွေးမြူရန်လုပ်ပေးခြင်းဖြစ်နိုင်သည်။ သာမန်လူများကိုယ်ထဲမှ ပေါက်ဖွားလာသော သွေးငါးရှဉ့် အမများကို လူချမ်းသာများထံရောင်းပြီး ထိုလူချမ်းသာများမှ နောက်တစ်ကြိမ် သင်္ဘောထွက်ချိန်တွင် သာမန်အောက်ခြေလူတန်းစား အမြောက်အများကို သင်္ဘောပေါ်ခေါ်ပေးကြခြင်း ဖြစ်မည်။
ထို့နောက် ဖြစ်နိုင်ခြေနောက်တစ်ခုမှ ကလေးများ၏ ခန္ဓာကိုယ်ကို သားဥအိမ်အဖြစ် သုံးလို့မရခြင်းကြောင့် ကလေးများကို ကန့်သတ်ထားခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ကလေးခန္ဓာကိုယ်ကို အသုံးပြုလျှင့် လူကြီးများကဲ့သို့ မျိုးကောင်းမျိုးသန့် သွေးငါးရှဉ့်များ မထွက်လာနိုင်သောကြောင့်သာ လိရှားအခုချိန်ထိ အသက်ရှင်နေသေးတာ ဖြစ်မည်။
ကျန်းလော်သည် လိရှားခေါင်းကိုပွတ်ပေးလိုက်ပြီး
“ဒီကမ္ဘာကြီးရဲ့ လူသားအများစုက ရူးနေကြတာ သူတို့က သူတို့ရှေ့ကို သက်သေရောက်မလာမချင်း ဘာကိုမှ ယုံကြမှာ မဟုတ်ဘူး”
ကျန်းလော်ကဲ့သို့ပင် ဒီကမ္ဘာပေါ်တွင် လူအရေခွံခြုံထားသည့် ရေသူမိစ္ဆာများ ရှိနေကြောင်း ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။
ကျန်းလော်တွင် အသန့်ကြိုက်ရောဂါအဆင့်သေးရှိသောကြောင့် ယခုကဲ့သို့ အကျိအချွဲများထဲ လှိမ့်ထားရတာ အဆင်မပြေလှပေ။ အကယ်၍သာ အရေးပေါ်အခြေအနေမဟုတ်ခဲ့ပါလျှင် ဘယ်တော့မှ ဒီလိုလုပ်မည်မဟုတ်ပေ။ ယခုအချိန်တွင် သေရေးရှင်ရေး အခြေအနေပြီးသွားပြီ ဖြစ်သောကြောင့် ကျန်းလော်သည် အနည်းဆုံးတော့ ရေမချိုးရရင်တောင် မျက်နှာတော့ သစ်ချင်လာသည်။
“လိရှား ကိုကို မီးဖွင့်လို့ရမလား”
လိရှားသည် မတ်တပ်ရပ်လိုက်ပြီး သူ့လက်မောင်းပေါ်မှ ဖယ်ပေးလိုက်ကာ
“ဟုတ်”
ကျန်းလော်သည် မီးဖွင့်လိုက်ပြီး မီးအလင်းရောင်ကြောင့် မျက်လုံးခနမှိတ်သွားသည်။ ထို့နောက် သူသည် အခန်းအတွင်းထဲသို့ လှည့်ပတ်ကြည့်လိုက်သည်။
ကပ္ပတိန်၏ အခန်းသည် သူ့အခန်းနှင့် သိပ်မကွဲပြားဘဲ အခန်းအကျယ်ရော ပစ္စည်းများနေရာချထားသည်ပါ အကုန်တူညီသည်။ တစ်ခုထဲသော ကွဲပြားခြင်းမှာ နေရာအနှံ့ အကျိအချွဲရည်များရှိနေခြင်းပင် ဖြစ်သည်။ မျက်နှာကျက်ပေါ်၊ နံရံပေါ်နှင့် စားပွဲများ ကြမ်းပြင်များ............နေရာအနှံ့ အကျိအချွဲရည်များ ရှိနေကြခြင်း ဖြစ်ပြီး ကျန်းလော်သည် သူ့ကိုယ်သူအခန်းတစ်ခုထဲ ရောက်နေသည်ဟု မထင်တော့ဘဲ မိစ္ဆာတစ်ကောင်၏ အစာအိမ်ထဲသို့ ရောက်နေသလို ခံစားလာရသည်။
ဤသို့ ရွံစရာကောင်းသော အကျိအချွဲရည်များထဲ လူးလိမ့်ခဲ့သည့် သူ့ကိုယ်သူပင် မယုံနိုင်ဖြစ်လာသည်။
ကျန်းလော်သည် ဤအခန်းထဲတွင် သန့်ရှင်းရေးလုပ်ချင်မိသည့် အတွေးကို ချက်ချင်း စွန့်လွတ်လိုက်သည်။
သူချီထားသော လိရှားသည် အကြာကြီး တွေဝေနေပြီးမှ စကားပြောလာသည်။
“ကိုကို ကိုကိုသာ ထွက်သွားနိုင်ခဲ့ရင်လေ လိရှားကိုရော တူတူခေါ်သွားပါ့လားဟင်”
သူမသည် တုန်ယင်စွာပြောသည်။
“လိရှားက ဆရာဝန်သွားရှာချင်လို့ပါ ဖေဖေ့ကို ကုပေးချင်လို့ အရင်က ဖေဖေပြောဖူးတယ် ကုန်းပေါ်မှာ အရမ်းတော်တဲ့ ဆရာဝန်တွေအများကြီး ရှိတယ်တဲ့”
“ခေါ်သွားမှာပေါ့”
ကျန်းလော်က ပြောသည်။
“ကိုကိုသာ ထွက်သွားနိုင်ခဲ့ရင်ပေါ့ကွာ”
လိရှားမျက်နှာလေးသည် အခုမှ နည်းနည်းပျော်လာပုံပေါက်သွဦးပြီး ကလေးမလေး၏မျက်နှာတွင် အပူအပင်ကင်းသည့် ကလေးတစ်ယောက်၏ အပြုံးပေါ်လာကာ ကျန်းလော်လက်ချောင်းများကို ဆုပ်ကိုင်ထားသည်။ ထို့နောက် သူမသည် သေချာစွာပြောသည်။
“ကိုကို ကိုကိုက သေချာပေါက် လိရှားကို ဒီနေရာက ခေါ်သွားနိုင်မှာ”
ကျန်းျေလာ်သည် မျက်လုံးပင့်လိုက်ပြီး လိရှားကို အောက်ချကာ သူလဲ ဆောင့်ကြောင့်ထိုင်လိုက်ပြီး
“ဘာကများ မင်းလေးကို ဒီလောက်တောင် သေသေချာချာ ပြောနိုင်အောင် လုပ်ပေးလိုက်တာလဲ ဟင်”
လိရှားသည် တည်တည်တံ့တံ့လေး ပြောသည်။
“ဘာလို့လဲဆိုတော့ ကိုကိုက လိရှားမြင်ဖူးသမျှထဲ အပြေးအမြန်ဆုံးမို့လို့လေ”
သူ့ခြေထောက်များကို မိုင်ကုန်တင်ပြီး ပြေးခဲ့သော ကျန်းလော် “.................”
“အမ်း............ချီးကျူးလို့ ကျေးဇူး”
ကျန်းလော်သည် မတ်တပ်ရပ်လိုက်ပြီး
“လိရှား ဒီည ဘယ်မှာအိပ်မှာလဲ ကိုကို ပြန်လိုက်ပို့ပေးမယ်”
လိရှားသည် ကပ္ပတိန်နှင့် တစ်ခန်းထဲ ရှိနေလျှင် အသက်ရှင်နိုင်မှာ မဟုတ်ပေ။ သူမသည် အန္တာရာယ်မကျရောက်ရန်သာ သူမအဖေ အခန်းထဲလာပြီး အကျိအချွဲရည်များ လာလိမ်းပုံရသည်။ ကျန်းလော်သည် သူမကို အခန်းထဲမှ ခေါ်ထုတ်လိုက်ပြီး လိရှားကို သူမပြောသည့် တံခါးရှေ့မှာ ချပေးပြီးမှ သတိရသွားသည်။
“လိရှား ညီမလေးက ငါးစွပ်ပြုတ်မသောက်သင့်ဘူးဆိုတာ ဘယ်လိုသိတာလဲ”
လိရှားသည် ရိုးသားစွာဖြေလိုက်သည်။
“သင်္ဘောသား ဦးလေးဆီမှာ ကြားခဲ့တာ”
သူမသည် သင်္ဘောသားများ၏ စကားကို နားလည်ရန် ငယ်ရွယ်လွန်းနေသည်။ ထို့ကြောင့် ကျန်းလော်ကို ကောင်းကောင်း ပြန်မပြောပြတတ်ပေ။
“သူတို့ပြောတာ ငါးစွပ်ပြုတ်စားလိုက်တဲ့ သူတွေရဲ့ အစာအိမ်ထဲမှာ ငါးတွေပေါက်လာလိမ့်မယ်တဲ့၊ ဒီသင်္ဘောပေါ်က ငါးတွေအကုန်လုံးက အထီးတွေမို့လို့ နှစ်တိုင်း အမတွေမွေးလာအောင် ကြိုးစားပြီး ကုန်ကြမ်းရှာရမှာတဲ့၊ ပြီးတော့လဲ သူတို့ပြောသေးတယ် သူတို့က ငါးအမတွေနဲ့ နှစ်တိုင်း သားဖောက်ပြီး နောက်နှစ်ဆောင်းဦးရောက်ရင် သူတို့ကို ပင်လယ်နက်ကြီးထဲမှာ ဖမ်းရမှာဆိုလားပဲ”
“သားဖောက်တယ်ဆိုတာဘာလဲ ကိုကို”
ကလေးငယ်လေးသည် သန့်ရှင်းသော မျက်လုံးတို့ဖြင့် ကြည့်ကာမေးလာသောကြောင့် ကျန်းလော်သည် ကြောင်သွားပြီး အရိုးရှင်းဆုံး မရိုင်းစိုင်းသော စကားကို အမြန်စဉ်းစားလိုက်ရသည်။
“သူတို့ဆိုလိုတာ သူတို့အဖေ ဖြစ်တော့မှာတဲ့”
လိရှားသည် နားလည်သွားပုံရကာ
“ဒါဆို ဦးလေးတွေက နှစ်ရက်အတွင်း အဖေဖြစ်တော့မှာပေါ့နော်”
‘ဖာ့ခ် ငါးထီးနဲ့ငါးမတွေက နောက်နှစ်ရက်အတွင်း မိတ်လိုက်ကြတော့မှာလားဟ’
ကျန်းလော်သည် မျက်နှာပျက်သွားပြီး လိရှားကို နှုတ်ဆက်ကာ ခပ်လောလော ထွက်သွားတော့သည်။
‘သူတို့သားဖောက်ဖို့ လူသားတွေကိုသုံးတယ် သားဖောက်ပြီးရင် အဲ့လူသားတွေကို စားတယ်။ ဒီလိုဆိုးဝါးတဲ့ သတ္တဝါတွေကို ဘယ်လိုမှ သားဖောက်ခွင့် ပြုလို့မဖြစ်ဘူး’
‘သွေးငါးရှဉ့် အမတွေကိုလည်း ဗိုက်ထဲ ဥအပြည့်နဲ့ ပင်လယ်ထဲ လွတ်လိုက်လို့ လုံးဝမဖြစ်ဘူး’
သွေးငါးရှဉ့် အမ တစ်ကောင်သည် သင်္ဘောဝမ်းထဲမှ လူပေါင်းမြောက်များစွာ၏ အသက်ကို သုံး၍ ပေါက်ဖွားလာခြင်းဖြစ်ပြီး ငါးဥအမြောက်အများသည် လူတစ်ယောက်၏ ဗိုက်ထဲတွင် မတရားသဖြင့် သားပေါက်ဖို့ ကြံစည်ပြီး လူတိုင်းကို ရှင်ရက်ငရဲကျအောင် လုပ်နိုင်သည်။ သွေးငါးရှဉ့် အမတစ်ကောင် ပင်လယ်ထဲသို့ လွတ်သွားလျှင် ဖြစ်လာမည့် အကျိုးဆက်မှာ တွေးကြည့်လို့်ပင် မရနိုင်လောက်အောင် ဆိုးဝါးနိုင်သည်။
ကျန်းလော်သည် အခန်းသို့မပြန်သေးဘဲ သင်္ဘောတစ်ခုလုံး နေရာအနံ့ပတ်ရှာသည်။
သင်္ဘောဦးပိုင်းကုန်းပတ်ပေါ်တွင် ပေါင်ငါးရာလောက်ရှိမည့် သွေးငါးရှဉ့် အမတစ်ကောင်ကို မြင်လိုက်သည်။ ငါးမည်းမည်းကြီးသည် ကြမ်းပြင်ပေါ်တွင် ကပ်နေကာ ပါးစပ်မှ ထူးဆန်းသော အသံတိုးတိုး ထွက်နေကာ ငါးထီးများထက် ပို၍ မိန်းမဆန်ပြီး နူးညံ့သော အသံဖြစ်ဖြစ်သည်။ ထိုသွေးငါးရှဉ့်သည် ယခင်နေ့က ဖမ်းမိခဲ့သော အကောင်ဖြစ်ပုံရကာ ဖမ်းမိတုန်းကနှင့် လုံးဝမတူတော့အောင် ပြောင်းလဲသွားသည်။
ငါးခေါင်းမှာ လေလျော့သွားသော ပူဖောင်းကဲ့သို့ ပြားကပ်နေပြီး ဖမ်းမိစတုန်းက ကဲ့သို့ ဖောင်းကားမနေတော့ပေ။ ကြည့်ရသည်မှာ ထိုနေရာတွင် ငါးဥများသယ်လာပုံရပြီး အခုမှ အထုတ်ခံလိုက်ရပုံပေါ်သည်။
လိရှားပြောခဲ့သော အချက်အလက်များနှင့် ဆက်စပ်တွေးကြည့်လိုက်သောအခါ သွေးငါးရှဉ့် အမသည် မိတ်လိုက်ရန် ငါးထီးများကို ဆွဲဆောင်နေခြင်းဖြစ်ကြောင်း ကျန်းလော်သိသွားသည်။ ထို့အပြင် သင်္ဘောတစ်ခုလုံးတွင် ငါးထီးများနှင့် ပြည့်နှက်နေကာ ကျန်းလော်သည် နောက်ဆက်တွဲ အဖြစ်အပျက်ကို လွယ်လွယ်လေးတွေးမိသွားသည်။
ငါးထီးများသည် ရူးသွပ်ကုန်ပြီး ငါးအမတစ်ကောင်အတွက် တိုက်ခိုက်ကြမည်မှာ မလွဲနိုင်ပေ။
ငါးထီးများကြား ခေါင်းဆောင်ရှိနိုင်ပြီး ထိုခေါင်းဆောင်မှ ငါးအမနှင့် မိတ်လိုက်ရမည့်သူကို သတ်မှတ်ပေးလောက်သည်။ ဘယ်လိုပဲဖြစ်ပါစေ နောက်နှစ်ညသည် ဤသင်္ဘောပေါ်တွင် ငရဲကဲ့သို့ ပွက်ပွက်ညံနေတော့မှာပဲ ဖြစ်သည်။
ကျန်းလော်သည် မတ်တပ်ရပ်လိုက်ပြီး ခနစောင့်သည်။ ကျေးဇူးကြီးစွာပင် ဤညသည် မိတ်လိုက်ရန် အစပျိုးသောညသာ ဖြစ်ဟန်တူပြီး ငါးအမသည် ခနမျှအော်နေပြီး မကြာခင်တွင် ရပ်သွားသည်။ မည်သည့်ငါးထီးမှ ကုန်းပတ်ပေါ်တက်မလာပေ။
ကျန်းလော်သည် ဘာမှမသိသလို အခန်းဆီသို့ တောက်လျှောက်ပြန်သွားသည်။ လုယုံရိတို့သည် သူနှင့်ကောကျူအခန်းတွင် ပုန်းနေကြသည်။ သူတို့သည် တစ်နေ့လုံး လူချမ်းသာများနေရာတွင် ပုန်းနေကြသော်လည်း ဘယ်သူမှ သူတို့မရှိတော့ကြောင်း သတိမထားမိပေ။ ဖြစ်နိုင်သည်မှာ နေ့တိုင်းလိုလို လူနှစ်ဒါဇင်လောက် ပျောက်နေရာ သူတို့လို လူနည်းစုမရှိတော့သည်ကို သင်္ဘောသားများ သတိမထားမိသည်မှာ မထူးဆန်းပေ။
ဤအရာသည် ကျန်းလော်၏ ခန့်မှန်းချက်သာဖြစ်သည်။
တစ်ယောက်ယောက်သာ သိ၍ လွတ်မြောက်ချင်သည်ဆိုလျှင် သူတို့မှာ ပြေးစရာမြေမရှိပေ။ သမုဒ္ဒရာထဲတွင် လက်တလော Angonese သင်္ဘောကြီး တစ်စင်းသာ ရှိသည်။ ထို့အပြင် လုံခြုံရေးကြောင့် လူတစ်ယောက် နှစ်ယောက်တောင် ထွက်ပြေးဖို့ မလွယ်ပေ။
ထို့ကြောင့် သင်္ဘောသားများသည် အောက်ခြေလူတန်းစားများကို အမြဲအထင်သေးပြီး နှိမ့်ချသလိုကြည့်ကာ ကောင်းမွန်စွာ မဆက်ဆံကြခြင်းဖြစ်သည်။
ကျန်းလော်ပြန်ရောက်သည်နှင့် အခန်းထဲမှ လူတိုင်းသည် သူ့ကို ထူးဆန်းစွာကြည့်နေကြသည်။ ကျန်းလော်သည် တစ်ကိုယ်လုံးငါးညှီနံ့ထွက်နေကာ သူ့အနံ့သူပင် သည်းမခံနိုင်တော့ပေ။ အပြင်မှာတုန်းက ဒီလောက်မဟုတ်သော်လည်း ပုံမှန်သန့်ရှင်းသောအခန်းထဲရောက်သောအခါ သူ့ခန္ဓာကိုယ်မှ အနံ့ကြောင့် မျက်နှာသည် စိမ်းသွားကာ အန်ချင်ပုံပေါ်နေသည်။
ထွက်သွားတုန်းကတော့ လှပမွှေးကြိုင်နေသည့်မင်းသားချောလေးဖြစ်ပြီး ပြန်လာသောအခါ အမှိုက်ပုံထဲမှ ထလာသော သူတောင်းစားနှင့် တူနေသည်။
ကျန်းလော်သည် ဘယ်သူအပြောကိုမှ နားမထောင်နိုင်တော့ပြ ရေချိုးခန်းထဲသို့ ရေများထွက်ပြေးမှာကြောက်နေသလို အလောတကြီး ဝင်သွားသည်။
အပြင်ဘက်မှလူများသည် မယုံနိုင်စွာ အချင်းချင်းကြည့်နေကြသည်။
လုယုံရိသည် လေသံလေးဖြင့်
“ငါးကန်ထဲမှာသွားအိပ်လာတာလားမသိဘူး”
ကျန်းလော်သည် သူ့ဘဝတစ်လျှောက်လုံးတွင် အကြာဆုံးစံချိန်တင်ရလောက်အောင် ရေအကြာကြီးချိုးခဲ့သည်။ ချီယုံသူ့ကိုကိုင်ခဲ့ နမ်းခဲ့တုန်းကထက်ပင် အပုံကြီးပိုကြာစွာချိုးသည်။ သူ့အရေခွံများ ပဲကြီးရေတွန့်ဖြစ်လာသောအခါ မျက်မှောင်ကြုတ်သွားပြီး ရေချိုးရပ်လိုက်တော့သည်။
စိတ်ကြောင့်လားမသိ ကျန်းလော်သည် သူ့ကိုယ်မှ ငါးညှီနံ့ရနေသေးသလို ခံစားမိကာ မလုပ်စဖူး ငါးညှီနံ့ဖုံးရန် ရေချိုးခန်းထဲတွင် ထားပေးထားသော ရေမွှေးပုလင်းကို ယူကာ ခေါင်းမှ ခြေထောက်အထိ တရွှီးရွှီး ဖြန်းလိုက်သည်။ စိတ်တိုင်းမကျမချင်း ဖြန်းပြီးနောက် ဘဝင်ကျစွာ ပြုံးသွားသည်။
“ငါးစော်မနံတော့ဘူး”
ကျန်းလော်သည် သူနှင့်အတူ မွှေးရနံ့သယ်ဆောင်ကာ ထွက်လာသည်။ သူ့ကို လူတိုင်းသည် ထူးဆန်းသလိုဝိုင်းကြည့်နေကြသည်။ ထို့နောက် သူတို့သည် စိုးရိမ်တကြီးမေးလိုက်သည်။
“မင်းထိခိုက်လာတာလား”
“ဘာဖြစ်လို့လဲ”
ကျန်းလော်သည် တစ်ခုခုပြောမလို့ရှိသေးသည် သူ့အိပ်ရာပေါ်တွင် သော့တွဲတစ်တွဲ နှင့် ဓာတ်ပုံအယ်လ်ဘန်တစ်အုပ်တွေ့လိုက်သည်။ သူသည် ထိုထဲမှ တစ်ခုကိုကိုင်လိုက်ပြီး အံ့ဩနေကာ
“ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ”
ဝမ်ယမ်လန်သည် ပြုံးလိုက်ပြီး
“ငါတို့က မင်းကို တစ်ယောက်ထဲ တာဝန်အကြီးကြီး မပေးနိုင်ဘူးလေကွာ အဲ့ဒါနဲ့ မင်းဆက်သွယ်ရေးခန်းထဲသွားတုန်း ကျုံးချိုးနဲ့ငါနဲ့ သော့တွဲသွားခိုးပြီး ငါတို့လိုမယ်ထင်တာတွေ အကုန်ခိုးလာခဲ့တာ၊ ရယ်ရွှင်နဲ့ လုယုံရိနဲ့က ဓာတ်ပုံအယ်လ်ဘန်တစ်အုပ်ရှာတွေ့ခဲ့သေးတယ် အဲ့အယ်လ်ဘန်ထဲမှာ စိတ်ဝင်စားစရာပုံတွေ အများကြီးပဲ ကဲ ပြောနေတာကြာတယ် ဖွင့်သာကြည့်လိုက်တော့ကွာ”
ကျန်းလော်သည် သူတို့ကို လက်မထောင်ပြလိုက်ပြီး တစ်ဝက်လောက်စိတ်သက်သာသွားသည်။ အယ်လ်ဘန်ကို ဖွင့်ကြည့်ပြီး ပထမဆုံးဓာတ်ပုံမှာ သူတို့ရင်းနှီးနေသော သင်္ဘောသားတစ်ယောက်ပုံဖြစ်သည်။ သေချာစဉ်းစားကြည့်လိုက်ပြီး
“ဒါက ချန်လိရဲ့ အယ်လ်ဘန်လား”
လုယုံရိသည် ခေါင်းညိတ်လိုက်ပြီး
“အွန်း ငါနဲ့ ရယ်ရွှင် ဒီအယ်လ်ဘန်ကို သူ့အခန်းထဲက ရှာတွေ့ခဲ့တာ”
ဤပုံများရိုက်ပေးခဲ့သောသူမှာ ချန်လိနှင့် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ရှိရပေမည်။ အလုပ်နေရာတွင်ရော လုပ်ငန်းပြင်ပ ကိုယ်ပိုင်ဘဝဓာတ်ပုံများမှာပါ ချန်လိသည် ပျော်ရွှင်တက်ကြွစွာ ကင်မရာကို ကြည့်နေပြီး သူတို့မြင်ဖူးသော ရန်လိုကာရိုင်းစိုင်းသော ချန်လိလုံးမဟုတ်ပေ။ ပုံထဲမှ ချန်လိသည် သိမ်မွေ့ပြီး သဘောကောင်းကာ ကြင်နာတတ်ပုံပေါ်နေသည်။
ပထမစာမျက်နှာရှိပုံမှာ ချန်လိဖြစ်ပြီး နောက်တစ်မျက်နှာတွင် ချန်လိမျက်ခုံးမွှေးကို တံဆိပ်တုံးယူထုထားသလို မျက်ခုံးနှင့် ကလေးမလေးတစ်ယောက် ပုံဖြစ်သည်။ သေချာပေါက် ထိုကလေးလေးသည် ချန်လိသမီး ဖြစ်ရမည်။
ချန်လိသမီး၏ ပုံကနေစပြီး နောက်ပိုင်းတွင် မိသားစုဓာတ်ပုံများကို ဆက်တွေ့ရတော့သည်။ မိသားစုဓာတ်ပုံများ၏ ဓာတ်ပုံရိုက်ဟန်သည် အစောပိုင်းက ဓာတ်ပုံများနှင့် လုံးဝမှမတူတော့ပေ။ တခြားဓာတ်ပုံဆရာတစ်ယောက်မှ ရိုက်ပေးထားသလိုပင်။
ထိုပုံထဲတွင် မိသားစုတစ်စုသည် တူတူမတ်တပ်ရပ်နေပြီး ချန်လိနှင့် သူ့သမီးအပြင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ပါ ပြုံးရွှင်နေကြသည်။ တစ်မိသားစုလုံးသည် ကမ်းခြေတွင် Angonese သင်္ဘောကြီးကို နောက်ခံထား၍ ပြုံးရွှင်စွာ ဓာတ်ပုံရိုက်နေကြသည်။
ဓာတ်ပုံထဲမှ Angonese သင်္ဘောကြီးသည် အစိမ်းရောင်ဖျော့ဖျော့သမ်းနေရာ ယခုမှ ကမ်းကပ်လာသည်ထင်သည်။ ကျန်းလော်သည် ထိုပုံထဲတွင် ကပ္ပတိန်သည် ကုန်းပတ်လက်ရန်းတွင် ရပ်၍ ထိုမိသားစုကို ငေးကြည့်နေသည်ကိုလည်း မြင်ရသည်။
ကျန်းလော်သည် သေချာအနီးကပ်ကြည့်လိုက်ရာ ကပ္ပတိန်သည် သူ့သမီးငယ်လိရှားကို ချီထားပြီး သူ့လက်မောင်းထဲမှ လိရှားသည် မျက်ရည်များသုတ်နေသည်။ သူမလေး၏ လက်မောင်းများတွင် ရိုက်နက်ခံထားရသော အညိုအမဲများ မြင်မကောင်းအောင် ဖုံးအုပ်နေသေးသည်။
############################