အပိုင်း (၁၄၃)
အတွင်းစိတ် မြင်ကွင်းများ
မှောင်မည်းနေသော အခန်းကျယ်ကြီး၏ အလယ်တည့်တည့်ရှိ ကြက်သွေးရောင် အိပ်ရာအကြီးကြီးပေါ်တွင် အနောက်တိုင်းဝတ်စုံဝတ်ထားသော လူတစ်ယောက် လှဲလျောင်းနေသည်။
ထိုလူ၏ ဝတ်စုံသည် ဒီဇိုင်နာချုပ်ဖြစ်ပြီး ငေးမောသွားရလောက်အောင် ကျော့ရှင်းသည်။ လည်ပင်းမှ ဖဲပြားပုံလည်စည်းမှ စ၍ လက်ချောင်းရှည်များကို ဖုန်းအုပ်ပေးထားသော အဖြူရောင် လက်အိတ်တို့အလယ် တောက်ပြောင်နေသော အသစ်စက်စက် သားရေဖိနပ်တို့အဆုံး အရာအားလုံး ခြောက်ပစ်ကင်း ပြီးပြည့်စုံနေသည်။
အဖြူရောင်လက်အိတ်ဝတ်ထားသော လက်ထဲတွင် ပွင့်ဖတ်များပေါ်တွင် ကြည်လင်သော သလင်းကျောက်များလို နှင်းစက်များ တွဲလွဲခိုနေသည့် လှပသော နှင်းဆီပန်းတစ်ပွင့်ကို ကိုင်ထားသည်။ ထိုလူ၏ မျက်လုံးသည် မှေးမှိတ်ထားပြီး ချောမောသော မျက်နှာသည် နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်ကောင်းလှသည်။
နှုတ်ခမ်းပါးပါးတစ်စုံ၏ ထောင့်များသည် ကွေးတက်နေကာ လှပခမ်းနားသော အိပ်မက်ထဲတွင် ချိန်းတွေ့ဖို့ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည်။ အချိန်များ ကုန်လာလေပြီ။ ထိုလူ၏ ကွေးနေသော နှုတ်ခမ်းတစ်စုံသည် တဖြည်းဖြည်း ဖြောင့်တန်းလာကာ မျက်နှာသေကြီး ဖြစ်သွားပြီး မျက်လုံးမှိတ်လိုက်သည်။
မကောင်းဆိုးဝါးသည် ကျန်းလော့၏ အိပ်မက်ထဲသို့ မဝင်နိုင်တော့ပေ။ သူ၏ရန်သူလည်းဖြစ် ချစ်ရသူလည်းဖြစ်သူကို အိပ်မက်ထဲတွင် မပိုင်ဆိုင်နိုင်တော့ပေ။ ချီယုံသည် မည်းမှောင်နေသော မျက်လုံးများဖြင့် အိပ်ရာပေါ်မှ ထလိုက်ပြီး ကျက်သရေရှိစွာ ကုတင်အစွန်းတွင် မတ်မတ်ထိုင်လိုက်သည်။ လက်ထဲမှ နှင်းဆီပန်းကို လိမ်ချိုးပစ်လိုက်သည်။ နှင်းဆီပန်းသည် နွမ်းသွားပြီး လက်ချောင်းသွယ်သွယ်များထဲတွင် လုံးဝခြောက်သွေ့သွားသည်။
မကောင်းဆိုးဝါးသည် လေးတိလေးကန်နှင့် ထရပ်လိုက်ပြီး နှင်းဆီပန်းကို အိပ်ရာပေါ်သို့ ပစ်ထုတ်လိုက်သည်။ ထို့နောက် ဂရုမစိုက်သလို အပြင်ဘက်သို့ လျှောက်ထွက်သွားသည်။ အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်သောအခါ ညှီစို့စို့အနံ့ကို ရလိုက်သည်။ ကောရစ်တာတလျှောက်လုံးတွင် သွေးများဖုံးလွှမ်းနေကာ မကောင်းဆိုးဝါး၏ ပြောင်လက်နေသော သားရေဖိနပ်အသစ်နားထိ သွေးများ တစ်စက်ချင်း တိုးလာနေသည်။
မကောင်းဆိုးဝါးသည် ကော်ရစ်တာတစ်ခုလုံးပြည့်နေသော အလောင်းများကို ကြည့်ရန် မျက်လုံးပင့်လိုက်သည်။ မရေမတွက်နိုင်သော လူများ၏ ခေါင်းများ ခြေလက်များနှင့် ခန္ဓာကိုယ်များသည် ကော်ရစ်တာတွင် အပိုင်းပိုင်းပြတ်ကာ စုပုံနေသည်။ သို့သော် အလောင်းများကို ဘေးနှစ်ဖက်တွင် စုပုံ၍ အလယ်တည့်တည့်တွင် လူတစ်ယောက်သွားနိုင်သော လမ်းတစ်ခုတော့ ရှိနေသေးသည်။
လူများကို အစုလိုက်အပြုံလိုက်သတ်ထားသောကြောင့် အလောင်းများ၏အောက်တွင် သွေးများသည် ကောဇောကြီးတစ်ချပ်ခင်းထားသလို နီရဲနေကာ တချို့နေရာများတွင် သွေးများခြောက်နေပြီဖြစ်သောကြောင့် မည်းပင်မည်းနေပြီဖြစ်သည်။
ကော်ရစ်တာအဆုံးတွင် ချီ(ချီယုံ)မိသားစုဝင်များအများအပြားသည် ကြောက်လန့်နေပြီး ဖြူဆုတ်နေသော မျက်နှာများဖြင့် ကယောင်ကတမ်း ဟိုကြည့်သည်ကြည့်ဖြစ်နေကြသည်။ သူတို့အားလုံး ချီယုံ့ကို မြင်သောအခါ သူတို့မျက်လုံးများ ပြူးကျယ်သွားကာ သေလိုက်ချင်လောက်အောင် ကြောက်လန့်ပြီး ထွက်ပြေးချင်ကြသည်။
“ထပ်ဖြစ်ပြန်ပြီ ထပ်ရောက်လာပြန်ပြီ ဒီစောက်ရူးကို ထပ်ပြီး အိပ်မက်မက်ပြန်ပြီဟ”
“ငါ သူသတ်တာ မခံချင်တော့ဘူး အရမ်းနာတယ် ကျေးဇူးပြုပြီး တစ်ယောက်ယောက် ငါ့ကိုနိုးပေးကြပါ”
တချို့သော လူများသည် ကြောက်ရွံ့စွာ အော်ငိုနေကြပြီး သူတို့ခြေထောက်များသည် ပျော့ခွေနေကာ နောက်ပြန်လဲကျသွားကြသည်။
“ဘာမှားနေလို့လဲ”
ချီယုံသည် အပြစ်ကင်းရိုးသားသော အသံဖြင့် ပြောလိုက်သည်။
“ကျွန်တော့်ကိုတွေ့တာနဲ့ ဘာလို့ ပြေးနေရတာလဲဗျာ”
ပြောနေရင်း ရှေ့တိုးသွားသည်။
“ရှပ် ရှပ် ရှပ်”
သူသည် ချောမွေ့စွာရယ်မောလိုက်ပြီး
“မင်းတို့အားလုံးက ကျွန်တော့်ကို မကြိုဆိုဘူးပဲ”
ထိုခြေသံများသည် သေခြင်းတရားနီးကပ်လာသလို အသံကဲ့သို့ ချောက်ချားစရာကောင်းနေပြီး မကောင်းဆိုးဝါး၏ ချောမောဖြူလျော်သော မျက်နှာသည် ပို၍ စိတ်လှုပ်ရှားလာပုံပေါ်လာပြီး ပြုံးဖြဲဖြဲဖြစ်လာသည်။ သူသည် လက်များကို အကျယ်ကြီးဖြစ်အောင် ကားလိုက်ပြီး တောင်လိုပုံနေသော အလောင်းများကြားတွင် မျှော်လင့်တကြီး ပြောလိုက်သည်။
“ကျွန်တော်တို့ အိပ်မက်ထဲမှာ ပြန်တွေ့ရတာ ပျော်ရဲ့လား”
မပြေးနိုင်တာကိုတောင် ဇွတ်ရုန်းကန်၍ ပြေးချင်နေသော ကြောက်လန့်နေသော လူများကို ကြည့်၍ မကောင်းဆိုးဝါး၏ မျက်လုံးများသည် ပျော်ရွှင်ကျေနပ်မှုကြောင့် မှိတ်ကျသွားကာ သူ့ကိုယ်သူပြောလိုက်သည်။
“ဘယ်သူကများ ငါ့ရဲ့ဖူးရန်လေးကို ဒီညလာမတွေ့နိုင်အောင် လုပ်လိုက်တာလဲကွာ”
“ဒီတော့ ကျုပ် မင်းတို့နဲ့ပဲ လာကစားရတော့တာပေါ့”
ချီယုံသည် စိတ်အခြေအနေဆိုးလာတိုင်း၊ စိတ်အခြေအနေအလွန်ကောင်းနေတိုင်း၊ စိတ်အခြေအနေကောင်းတာလဲမဟုတ် ဆိုးတာလဲ မဟုတ် ဖြစ်နေတိုင်း ချီ(ချီယုံ)မိသားစုကို အိပ်မက်ထဲ ဆွဲသွင်းမည်သာ ဖြစ်သည်။
ဤအိပ်မက်ကမ္ဘာထဲတွင် ထပ်ကာထပ်ကာ သတ်ထားသော ချီ(ချီယုံ)မိသားစု၏ အလောင်းများနှင့် ပြည့်ကျပ်စုပုံနေသည်။ ဤနေရာသည် ချီယုံ ထိုသူများကို စီရင်သည့် ဧဒင်ဥယျာဉ်ဖြစ်သည်။
ချီ(ချီယုံ)မိသားစုဝင်တိုင်းသည် သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အလောင်းပုံထဲတွင် တစ်ခုမက တွေ့မြင်နေရသည်။
ဟုတ်တာပေါ့.. ချီယုံသည် ကစားပွဲကို ပို၍ စိတ်ဝင်စားစရာကောင်းအောင် ချီ(ချီယုံ)မိသားစုနှင့် တစ်ကြိမ်ဆော့ကစားပြီးတိုင်း အိပ်မက်ထဲမှ မှတ်ဉာဏ်များကို နိုးလာလျှင် မမှတ်မိအောင် သေချာစီမံထားသည်။ သို့သော် ချီ(ချီယုံ)မိသားစုဝင်တိုင်းသည် သူတို့အလွန်ကြောက်ဖို့ကောင်းသော အိပ်မက်မက်ခဲ့သည်ကိုသာ သတိရကြပြီး အိပ်မက်ဆိုး၏ အကြောင်းအရာများကိုတော့ မမှတ်မိကြပေ။ ထို့ကြောင့် သူတို့သည် မအိပ်ဘဲနေဖို့ မစဉ်းစားမိကြပေ။ အချိန်တန်လျှင် အိပ်ပျော်သွားကြကာ အိပ်မက်ထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရသည်။ အိပ်မက်ထဲရောက်ပြီး ချီယုံသူတို့ကို အိပ်မက်ဆိုးများထဲသွင်း၍ ဆော့ကစားနေသည်ကို သတိရပြီး ဖြစ်သွားသော မျက်နှာများကို ချီယုံက အရသာခံပြီး တစိမ့်စိမ့်ကြည့်တတ်သည်။
အိပ်မက်ဆိုး တစ်ခုချင်းစီတိုင်းသည် ကြောင်နှင့်ကြွက်ကစားနည်းကဲ့သို့ အလွယ်လေး ကြွက်ဖမ်းနေရသလိုပင်။ ချီကျုံးယဲ့သည် ကြွက်တွေထဲမှ တစ်ကောင်ဖြစ်သည်။
သူသည် အိပ်မက်ဆိုးမှ နိုးလာသည့် အချိန်တိုင်း တဆတ်ဆတ်တုန်နေသော ရင်ဘတ်ကိုဖိကာ သေခြင်းတရားမှ သီသီလေး လွတ်လာသလို ကြောက်ရွံ့သည့် ခံစားချက်ကို မှတ်မိနေတတ်သည်။ သို့သော် ဘာအိပ်မက်မက်ခဲ့သည်ကိုတော့ မမှတ်မိပေ။ အိပ်မက်ထဲ သွင်းခံလိုက်ရမှ ယခင်အိပ်မက်များကို ပြန်သတိရသောအခါ သူ့ဝိညာဉ်ပင် ပြိုကွဲလုဖြစ်အောင် ကြောက်ရွံ့သွားတော့သည်။
ချီကျုံးယဲ့ သည် တုန်ယင်နေကာ သူ့မျက်လုံးများသည် ကြောက်ရွံ့မှုကြောင့် ထိတ်ပြာနေပြီး သူ့ဘေးမှ သူ့ဇနီးသည် ကြောက်လန့်ပြီး အော်ဟစ်နေသည်။
“ကျုံးယဲ့ ကျွန်မတို့ ဘာလုပ်ကြမလဲ ကျွန်မတို့ အိပ်မက်ဆိုးမက်ပြန်ပြီ ရှင်က အိမ်တော်အကြီးအကဲလေ တစ်ခုခုလုပ်ပါဦး..”
“ငါက ဘာလုပ်နိုင်မှာတုန်း”
ချီကျုံးယဲ့သည် သူတို့နားကပ်လာသော ချီယုံ့ကို မြင်သည်နှင့် အသံတုန်တုန်ဖြင့် အော်ပစ်လိုက်သည်။
လူဆိုးကောင်သည် ဒီနေ့ညတွင် အပြစ်ပြောစရာမရှိအောင်ကို ဝတ်စားပြင်ဆင်ထားသည်။ သူ့ပုံစံသည် ပါတီပွဲ အကြီးကြီးတက်မည့်ပုံပေါ်နေကာ သူ့ခြေထောက်အောက်မှ အလောင်းပုံကြီးသာ မရှိလျှင် သူ့နောက်သို့ လူဘယ်လောက်များ လိုက်နေမည်လဲ မတွေးနိုင်ပေ။
သို့သော် ချီကျုံးယဲ့သည် ကြောက်လန့်တကြား နောက်ဆုတ်သွားပြီး သူ့နှလုံးသားသည် ပေါက်ထွက်မထွက် မတအားခုန်လှုပ်နေသည်။
မကောင်းဆိုးဝါးသည် သာယာမှုကို မျှော်လင့်နေသော အသံဖြင့် ပြောလိုက်သည်။
“ကစားပွဲ... စပြီ”
................
ကျန်းလော့နိုးလာသည်နှင့် ပထမဆုံးလုပ်ခဲ့သည့်အရာမှာ သူ့ခေါင်းအုံးအောက်မှ ဖူလုကို ကြည့်ခြင်းဖြစ်သည်။ အဆောင်ခုနှစ်ခုရှစ်ခုလောက် ပြာကျနေတာမြင်သောအခါ ကျန်းလော့သည် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
‘ချီယုံ ချီယုံ ဒီတစ်ခေါက်က မင်းသူများအိပ်မက်ထဲဝင်ဖို့ ကျရှုံးတာ ပထမဆုံးအကြိမ် ဟုတ်တယ်မလား’
‘ဒါတောင် မင်းက ထပ်ခါထပ်ခါ ဝင်ရဲသေးတယ်’
သူ့ဘေးမှ အိပ်ပျော်နေသော ဂျင်ဆင်းကလေးလေးသည် လူးလွန့်လာကာ သူ့ရယ်သံကြောင့် နိုးလာပြီး အိပ်ချင်မူးတူးမျက်လုံးများ ဖွင့်လိုက်ကာ
“ဖေ.. ဖေ...”
ကျန်းလော့သည် ခဏလောက် အရယ်ရပ်သွားသည်။ အိပ်ရာပေါ်မှထကာ အဝတ်အစားလဲပြီး ခြံဝန်းထဲတွင် ခဏလောက် ပတ်ပြေးလိုက်သည်။ မနက်စောစောတွင် အားကစားလုပ်ရင်း နေပူဆာလှုံနေသည်။ တစ်နာရီကြာပြီးနောက် ချွေးပြန်နေသော ပုံစံဖြင့် အခန်းသို့ ပြန်သွားလိုက်သည်။
ရေချိုးပြီးနောက် မနက်စာစားရန် လန်းဆန်းစွာ ထွက်သွားခဲ့သည်။ အသုဘပစ္စည်း အရောင်းဆိုင်ပိုင်ရှင်သည်လည်း မနက်စာစားနေတာဖြစ်ပြီး ကျန်းလော့သည် ပူနွေးသော ခေါက်ဆွဲပန်းကန်ကိုယူ၍ လောင်ကျီဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် မေးလိုက်သည်။
“မနေ့က ခင်ဗျားပြောတဲ့ ဝိညာဉ်စုပ်ဆွဲပြားရဲ့စွမ်းအားက တစ်စုံတစ်ယောက်ရဲ့ ဝိညာဉ်ထဲကို ဖောက်ဝင်နိုင်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ”
“လုံးစေ့ပတ်စေ့ သေချာပြောရရင်ကွာ”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ခဏလောက်တွေးပြီး ပြောလိုက်သည်။
“လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ ပေါ်လာတတ်တဲ့ တစ်ဘဝစာ မှတ်ဉာဏ်တွေအကြောင်း ကြားဖူးလား ပြီးတော့ တချို့မှတ်ဉာဏ်တွေက နက်ရှိုင်းလွန်းလို့ ဝိညာဉ်ထဲမှာတောင် မှတ်ထားသလိုမျိုး ဖြစ်နေတာ ငါပြောတဲ့ ဝိညာဉ်နယ်မြေဆိုတာ စိတ်ဝိညာဉ်အတွင်းစိတ်ကို ပြောချင်တာကာ ပြောရရင် အတွင်းစိတ်ပေါ့ ငါတို့ဘဝထဲမှာ အများဆုံးထိတွေ့ရတာမျိုး ဒါမှမဟုတ်ရင် တစ်ဘဝစာလုံးအတွက် အရေးကြီးတာမျိုး ကျုပ်တစ်ဘဝလုံး လက်နက်လုပ်တဲ့ ပန်းပဲပညာနဲ့ အချိန်ကုန်ခဲ့တယ်ကွာ ဒီတော့ ကျုပ်အကြောင်းပြောမယ်ဆိုပါစို့ ကျုပ်ဝိညာဉ်နယ်မြေထဲက မြင်ကွင်းက လက်နက်လုပ်တဲ့ ပစ္စည်းတွေဖြစ်မယ် အဲဒါအပြင် ကျုပ်က ငါးတွေကို သဘောကျသေးတယ်ဆိုရင် ကျုပ်အတွင်းပိုင်း မြင်ကွင်းထဲမှာ ငါးတွေပျံနေတာလဲ မြင်ချင်မြင်ရနိုင်တယ် ဒါမျိုးကို ပြောတာ”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ချောင်းဟန့်လိုက်ပြီး
“မင်းအဲဒါကို မယုံနိုင်မဖြစ်နဲ့ နေ့ရက်တိုင်းက အိပ်မက်လိုပဲကွ အိပ်မက်ဆိုတာက တကယ့်ကို သဘာဝလွန်ပုံစံမျိုးပဲ အဲဒီဝိညာဉ်နယ်မြေထဲက မြင်ကွင်းက တကယ့်ကို အိပ်မက်လိုပဲ”
ကျန်းလော့သည် အတွေးများသွားပြီး
“ဒီလိုကိုး နားလည်ပါပြီ”
“အဲဒါကို သုံးဖို့နည်းလမ်းအတွက်က”
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် သူ့ပန်းကန်ဘေးတွင် တူကို ချလိုက်ပြီး အသံကိုနှိမ့်၍ ပြောလိုက်သည်။
“ဒါက နည်းနည်းတော့ အဆင်မပြေဖြစ်လိမ့်မယ် တစ်စုံတစ်ယောက်ရဲ့ အတွင်းပိုင်းကို မြင်ချင်ရင် မင်းမြင်ချင်တဲ့လူက ဆွဲပြားကို ထိလိုက်မှ မင်းမြင်ရမှာ”
‘ဒါကတကယ်ကြီး အဆင်မပြေဘူးပဲ’
ကျန်းလော့သည် ခေါင်းညိတ်လိုက်ပြီး အစားဆက်စားနေလိုက်သည်။
‘ဒါပေမဲ့ အဲ့လောက်ကြီးခက်ခဲနေတာမျိုးလဲ မဟုတ်ပါဘူး’
ကျန်းလော့သည် ဆယ်နာရီထိုးလျှင် ရေစိမ်မည်ဖြစ်ပြီး ထိုအချိန်သည် ကံကြမ္မာယုံသူရောက်လာမည့် အချိန်ဖြစ်သည်။ ကျန်းလော့သည် အလွန်အတင့်ရဲပြီး ကံကြမ္မာယုံသူကို သတ်ချင်နေသည်။ ထိုသို့ သတ်ရန်လည်း ကံကြမ္မာယုံသူ မည်မျှ သန်မာသည်ကို သိရန် လိုအပ်ပြီး ကံကြမ္မာယုံသူ၏အားနည်းချက်များကိုလည်း သိမှဖြစ်ပေမည်။
ကျန်းလော့သည် သေခြင်းရှင်ခြင်းကြား စွန့်စားရသည်ကို ကြိုက်နှစ်သက်ပြီး ယနေ့တွင် သူသည် ကံကြမ္မာယုံသူ၏ အတွင်းပိုင်းကို ကြည့်ရန် စီစဉ်ထားသည်။
ကျန်းလော့သည် လက်သီးဆုပ်၍ ကံကြမ္မာယုံသူကို သူ့နားဆွဲကို ထိစေရန် အစီအစဉ်ဆွဲနေသည်။ အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် ကျန်းလော့ကို ဒီနေ့ မည်သူ့စိတ်ထဲဝင်ကြည့်မည်လဲဟု မေးမလို့လုပ်နေတုန်းတွင် ရုတ်တရက် မတ်ခနဲဖြစ်သွားကာ
“ကောင်းကင်သခင်”
ဖုန်းလီသည် ဖြည်းညင်းစွာ လျှောက်လာကာ သူတို့ဘေးဝင်ထိုင်လိုက်သည်။
ကျန်းလော့သည် ဖုန်းလီဘက်လှည့်၍ ပြုံးပြလိုက်ကာ
“ဆရာ”
ထို့နောက် သူသည် အနည်းငယ် တွေဝေရှုပ်ထွေးစွာ မျက်ခုံးတွန့်၍ အစားဆက်စားနေသည်။
အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်သည် သူ့ကို ခဏခဏလှည့်ကြည့်ပြီးနောက် ကျန်းလော့၏ သရုပ်ဆောင်စွမ်းရည်ကို ရင်ထဲအသည်းထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားမိသွားသည်။ ဖုန်းလီသည်လည်း ကျန်းလော့ကို ကြည့်နေသည်။ ကောင်လေး၏ ဆံပင်သည် ငုံ့လိုက်တိုင်း နားနောက်မှ လျောလျောကျနေသည်။
ဆံပင်ကို နားနောက်သို့ မည်သို့ပြန်သပ်သပ် ဆံပင်ချည်တချို့သည် သူ့မျက်နှာပေါ်သို့ ပြန်ကျလာနေဆဲဖြစ်သည်။
ဖုန်းလီသည် ထိုအရာကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်ကာ
“မင်းစားလို့ပြီးရင် ကတ်ကြေးတစ်လက်ယူလာခဲ့ ဆရာ မင်းဆံပင်ကိုညှပ်ပေးမယ်”
ကျန်းလော့၏ မျက်လုံးများသည် တောက်ပသွားပြီး ဖုန်းလီဘက်သို့ လှည့်ပြုံးပြလိုက်ကာ
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာ”
#####