Ch 147
Viewers 8k

အပိုင်း (၁၄၇) 


သရဲတစ္ဆေတစ်ရာတိတိနဲ့ သတို့သမီးကို ကြိုဆိုမယ် 

ညစာစားချိန်တွင် ကျန်းလော့ကို ထမင်းစားခန်းသို့ လာရန် ခေါ်ခဲ့သည်။ 

ထမင်းစားခန်းသို့ သူကနောက်ဆုံးမှရောက်သွားသည်။ ဟော့ပေါ့အိုးတင်ထားသော စားပွဲတွင် လူတိုင်းရောက်နေပြီဖြစ်ကာ ကံကြမ္မာယုံသူသည် လေးနက်သော အမူအယာဖြင့် ဟော့ပေါ့အိုးကိုကြည့်င တောင့်တောင့်ကြီးထိုင်နေသည်။ 

စားပွဲတွင် ဖုန်းလီဘေးမှ နေရာတစ်နေရာသာ လွတ်တော့ပြီး ကျန်းလော့သည် ထိုနေရာသို့သွား၍ ထိုင်လိုက်သည်။ ထို့နောက် တူတစ်စုံကို ကိုင်လိုက်ကာရှိသေးသည် ကျိယောင်ဇီသည် ဝိုင်ဖန်ခွက်နှင့် ရောက်လာပြီး 

“ကျုပ်တို့နဲ့ ပေါင်းမလား” 

ဆောင်းလယ်တွင် ဝိုင်တစ်ခွက်လောက်သောက်ရင်း ဟော့ပေါ့စားရတာလောက် ကောင်းတာမရှိပေ။ ကျန်းလော့သည် သူ့ရှေ့မှ ဖန်ခွက်ကိုယူ၍ စကားမပြောဘဲ လက်ဟန်ဖြင့် လက်ခံကြောင်းပြလိုက်သည်။ ကျိယောင်ဇီသည်သူ့ကို ဖန်ခွက်အပြည့် ဝိုင်များထည့်ပေးကာ သူတို့နှစ်ယောက်သာ နားလည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ 

ကျန်းလော့သည် လက်ကို မြှောက်လိုက်ပြီး ဖန်ခွက်သည် သူ့နှုတ်ခမ်းနားသို့ ရောက်တော့မည့် အချိန်တွင် သူ့ဘယ်ဘက်ဘေးတွင် ထိုင်နေသော ကောင်းကင်သခင်က အေးစက်စွာ ပြောလိုက်သည်။ 

“အဲ့ခွက်ကို ချလိုက်” 

ဆံပင်အနက်ရောင်ကောင်လေး၏ နှုတ်ခမ်းပေါ်တွင် ခပ်ယဲ့ယဲ့ အပြုံးလေးတစ်ခုပေါ်လာသည်။ ဖုန်းလီသည် သူ့လက်ထဲမှ ဖန်ခွက်ကို ဆွဲယူလိုက်ပြီး ကျိယောင်ဇီကို အေးစက်စွာကြည့်ကာ မကျေနပ်သော အသံဖြင့် ပြောလိုက်သည်။ 

“သူ့ကို ဝိုင်ထပ်မတိုက်နဲ့တော့” 

ကျိယောင်ဇီသည် စိတ်မကောင်းချင်ယောင်ဆောင်၍ 

“ကျုပ်က သူအသက်ပြည့်ပြီထင်လို့”

 “မနေ့က သူဖျားထားတယ်” 

ဖုန်းလီသည် သူ့ရှေ့မှ ခွက်ထဲကဝိုင် တစ်ငုံသောက်၍ နည်းနည်းလေးမှ မတုံ့ဆိုင်းပဲ ကျန်းလော့အတွက် ဆုံးဖြတ်ချက်ချပေးလိုက်သည်။ 

“တစ်လတိတိ ပြင်းတဲ့အရည်တွေ မသောက်ရဘူး” 

ကျိယောင်ဇီသည် ကျန်းလော့ကို ကရုဏာသက်စွာ ကြည့်လိုက်ပြီး စိတ်ပျက်စွာ ဝိုင်ပုလင်းကို သူ့နေရာသို့ ပြန်သယ်သွားသည်။ လျန်ချင်းနှင့် လျန်ပင်းသည် ကျန်းလော့ကို ကြည့်နေကြရင်း ကောင်းကင်သခင်ပြောတာကို ကြားကြသောအခါ သူတို့သည် အချင်းချင်းကြည့်ကြရင်း နှုတ်ခမ်းများတွန့်သွားကြသည်။ 

‘ကောင်းကင်သခင်က တင်းကျပ်လိုက်တာ ငါတို့ဆရာ သူ့လိုမဟုတ်လို့ တော်သေးတယ်ဟ’ 

ဆန့်ကျင်ဘက်မှ ကျန်းလော့သည် စိတ်ထဲမထားဟန်ဖြင့် ရယ်မောလိုက်ကာ 

“ဆရာ့အမိန့်အတိုင်းပါပဲဗျာ” 

တံခါးများနှင့် ပြတင်းပေါက်များ ပိတ်ထားသောကြောင့် လူတိုင်းသည် စားသောက်နေကြရင်း နဖူးတွင် ချွေးများစို့နေကြသည်။ ဟော့ပေါ့အိုးမှ အပူငွေ့ကြောင့် ပြတင်းမှန်များကို ရေငွေ့ရိုက်နေသည်။ 

အပြင်ဘက်တွင် မှောင်မည်းနေသော်လည်း အတွင်းဘက်မှ စားပွဲဝိုင်းသည် ဆူညံပြီး အသက်ဝင်လှသည်။ တာအိုဆရာတော်ဝေ့ဟယ်နှင့် ကျိယောင်ဇီတို့သည် ဖုန်းလီကို အတင်းဆွဲထားပြီး ဝိုင်များ တစ်ခွက်ပြီးတစ်ခွက် တိုက်နေကြသည်။ သူတို့ပုံစံသည် တမင်တကာ ဖုန်းလီကို မူးအောင်တိုက်ပြီး ဆေးထိုးချင်နေကြမှန်း သိသာသည်။ 

ညစာစားခြင်းသည် ကိုးနာရီထိုးမှ ပြီးဆုံးသွားခဲ့သည်။ ကိုးနာရီကျော်သွားသည်နှင့် အပြင်ဘက်မှ လေပြင်းသည် ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ သို့သော် နောက်ထပ်အသံတစ်မျိုးသည် ဟိုးအဝေးကြီးမှလာနေသလို ထမင်းစားခန်းအထိ ရောက်လာသည်။ 

လျန်ရွှီသည် သေချာနားထောင်ကြည့်၍ တုံ့ဆိုင်းတုံဆိုင်းပြောလိုက်သည်။ 

“ဦးလေး အပြင်ဘက်က ကြားနေရတာ သီချင်းသံနဲ့တူတယ်နော်” 

လျန်ချင်းသည် ခေါင်းကို ထပ်ကာထပ်ကာ ညိတ်၍ 

“သားလဲကြားတယ် ဦးလေး” 

ဝေ့ဟယ်သည် တူကို ချ၍ အပြင်ဘက်မှ ကြားနေရသော ဝေဝေဝါးဝါး အသံကို သေချာနားထောင်ကြည့်လိုက်သည်။ 

ထိုအသံသည် တောင်ပေါ်မဟုတ်ဘဲ တော်တော်ဝေးဝေးမှ ကြားနေရသော အသံလိုမျိုးဖြစ်နေသည်။ 

‘ထူးဆန်းတယ် ဆောင်းညကြီးကို သီချင်းသံက ဘယ်ကဘယ်လို ကြားနေရတာပါလိမ့်’ 

ဝေ့ဟယ်သည် တစိမ့်စိမ့်တွေးနေပြီး 

“လာကြ အပြင်ထွက်ကြည့်ရအောင်” 

လူတိုင်းသည် ထိုင်ရာမှ ထလိုက်ကြပြီး အပြင်ထွက်သွားကြသည်။ ကျန်းလော့သည် လည်း လိုက်ကြည့်မလို့ပြင်သည် သို့သော် သူ့ဆရာဖြစ်သူ ဖုန်းလီက အခုထိ ထိုင်နေသေးသည်ကို မြင်သောအခါ ပြန်ထိုင်နေလိုက်ရသည်။ ဆရာကို လေးစားသော တပည့်တစ်ယောက်အနေဖြင့် ကျန်းလော့သည် ခဏလောက် ပြန်ထိုင်နေပြီးမှ ဂရုတစိုက်မေးလိုက်သည်။ 

“ဆရာ မသွားဘူးလားဗျ” 

ဖုန်းလီသည် နောက်ဆုံးလက်ကျန်ဝိုင်ကို အဆုံးသတ် သောက်လိုက်ပြီး ဖန်ခွက်ကို စားပွဲပေါ်သို့ ချလိုက်ကာ တစ်ရှူးတစ်ရွက်ထုတ်၍ သူ့လက်ကို အေးအေးဆေးဆေးသုတ်၍ ထရပ်လိုက်ပြီး ပြောလိုက်သည်။ 

“သွားစို့” 

ကျန်းလော့သည် ဖုန်းလီမည်သို့ ဖြစ်သွားမည်ကို သိချင်လှသည်။ ဖုန်းလီ၏ မျက်နှာထားသည် လုံးဝမပြောင်းလဲသလို သူ့ခြေလှမ်းများကလည်း မှန်နေသေးကာ မျက်လုံးများကလည်း ရှင်းလင်းတည်ကြည်နေသည်။ 

‘ဒါဆို သူကမမူးဘူးပေါ့’ 

သူတို့သည် နောက်ဆုံးမှ ရောက်သွားကြပြီး ဖုန်းလီနောက်နားမှ လိုက်ကာ လူများစုဝေးနေသော “ဝူရှညန်” ဂိတ်ဝရှေ့သို့သွားလိုက်သည်။ 

တစ်စုံတစ်ယောက်သည် မယုံနိုင်သလို မျက်လုံးပွတ်လိုက်ပြီးပြောသည်။ 

“ဘာကြီးလဲဟ” 

ကျန်းလော့သည် လူအုပ်ထဲတိုး၍ ကျိယောင်ဇီနှင့် အကြီးအကဲများ သူ့ရှေ့နားတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ အံ့ဩစရာကောင်းစွာပင် ကံကြမ္မာယုံသူလည်း ထိုနေရာတွင် ရှေ့ဆုံးက ရပ်ကြည့်နေသည်။ 

ကျန်းလော့၏နှလုံးသားသည် သိချင်စိတ်ဖြင့် လေးလံလာပြီး ကျိယောင်ဇီနားသို့ သွား၍ ကြည့်လိုက်သည်။ တောင်ခြေမှ အနီရောင်မီးပုံးများ ကိုင်ထားကြသော လူတန်းကြိးသည် အိုးစည်ဗုံမောင်းများ တီး၍ တဖြည်းဖြည်း တောင်ပေါ်တက်လာကြပြီး တောင်လယ်နားသို့ပင် ရောက်နေကြပြီဖြစ်သည်။ 

အနီရောင်မီးရောင်သည် တောက်ပလွန်းသောကြောင့် နှင်းဖြူဖြူများပင် နီရဲနေသလို ရောင်ပြန်ဟပ်နေသည်။ လူတန်းကြီး၏ အလယ်တွင် ကြီးမားသော အနီရောင်ဝေါယာဉ်တစ်ခုကို တွေ့လိုက်ရသည်။ 

ဝေ့ဟယ်သည် အံ့ဩတကြီးပြောလိုက်သည်။ 

“ဒါကြီးက တစ္ဆေမင်္ဂလာပွဲ စီတန်းလှည့်လည်တာပဲ” 

လူတန်းကြီး၏ ပထမဆုံးအတန်းတွင် ပိန်ပါးသော ကြောင်တစ္ဆေ(ကြောင်မိစ္ဆာ)များ ရှိနေကြပြီး အမည်းရောင်ကြောင်များသည် နှင်းပြင်ပေါ်တွင် ကျက်သရရှိစွာ လျှောက်လာကြသည်။ သူတို့၏ အမွှေးများသည် ညအမှောင်နှင့် ရောယှက်နေကာ သူတို့၏ ထိတ်လန့်ချောက်ချားဖွယ်ကောင်းသော အစိမ်းရောင်မျက်လုံးတောက်တောက်တို့ကိုသာ မြင်ရလေသည်။ 

မြွေမိစ္ဆာများသည်လည်း ထိုအုပ်စုထဲတွင် ပါဝင်နေကြပြီး သူတို့၏ တရွှီးရွှီးအသံသည် လူများကို ကြက်သီးမွှေးညှင်းများထလာစေသည်။ သူတို့်သည် နှင်းများထဲတွင် လျောတိုက်၍ လိုက်ပါလာကြသည်။ ငှက်မိစ္ဆာများသည် ကြောက်စရာကောင်းလောက်အောင် ဆိုးရွားသော အသံများဖြင့် အော်မြည်နေပြီး လေထဲမှ လိုက်ပါလာကြသည်။ 

အိုးစည်ဗုံမောင်းများသည် ပျော်ရွှင်ဟန် ဆူညံနေကြပြီး တည်ငြိမ်အေးချမ်းသော တောင်ကို ဆူညံအောင် ဖန်တီးနေသည့်အပြင် စီတန်းလှည့်လည်လာသော လူတန်းကြီးသည် အငြိမ်မနေစွာ ကခုန်ပြီးတက်လာကြသည်။ သူတို့သည် ကခုန်ရင်းသီချင်းမျာလည်း ဆိုနေကြသေးကာ ဝူရှညန်အိမ်တော်နှင့် နီးသည်ထက်နီးလာကြသည်။ 

သူတို့အားလုံးသည် ပွဲတော်ရက်ကဲ့သို့ အနီရောင်တောက်တောက် အဝတ်အစားများ ဝတ်ဆင်ထားကြကာ အဝတ်၏ ရင်ဘတ်ပေါ်တွင် “ပျော်ရွှင်မှုနှစ်ဆ” ဟူသော စကားလုံးကို ပန်းထိုးထားသေးသည်။ သူတို့နှုတ်ခမ်းများသည် ထိတ်လန့်ဖွယ် အနီရောင်ဆေးများ ခြယ်ထားကြသေးသည်။ 

ကျိယောင်ဇီ၏ မျက်နှာသည် လေးနက်သွားပြီး 

“.. ‘တစ္ဆေတစ်ရာတိတိနဲ့ သတို့သမီးကို ကြိုဆိုမယ်’ ဘယ်သူကများ ဒီလို ကိစ္စကြီး လုပ်နိုင်ရတာလဲ” 

ကျန်းလော့သည် တစ္ဆေသရဲများနှင့် မိစ္ဆာများကို စောင်းကြည့်လိုက်ရင်း 

“တစ္ဆေတစ်ရာလား” 

“တစီသရဲ၊ ကြိုးဆွဲချသရဲ၊ ရေသရဲ၊ ကလေးသရဲ၊ အုတ်ဂူထမ်းတဲ့သရဲ၊ ခေါင်းပြတ်သရဲ..” (T/N: တစီသရဲဆိုတာက အဝတ်ဖြူဖြူကြီး ခြုံထားသလိုမျိုးသရဲလေကွာ မျက်လုံးနှစ်ပေါက်ပဲ ပါတဲ့ဟာ)

ကျိယောင်ဇီသည်သူတို့ကို တစ်ခုချင်းဆီ လက်ညှိုးထိုးပြပြီး မှုန်မှိုင်းနေသည်။ 

“ဓားကိုင်ထားတဲ့ ကိုယ်ဝန်ဆောင်သရဲမတောင် ပါလိုက်သေးတယ် ငါ့နှယ့် ယုံတောင်မယုံနိုင်ဘူး” 

ကျန်းလော့သည် အံ့ဩသွားပြီး 

“ဓားဝိညာဉ်လိုဟာတွေက လင်ချွမ်းကတောင်တွေပေါ်မှာပဲ ရှာလို့ရတာဆို ကျန်းရှီဟုတ်တယ် မလား” 

“ငါလည်း အဲ့လိုပဲ သိထားတာပဲ” 

ကျိယောင်ဇီက ပြောသည်။ 

“ဒါပေမဲ့ ငါထင်တာ မှန်နေတာပဲ ဒီနေ့ လေပြင်းမုန်တိုင်း ရုတ်တရက်ကြီးတိုက်လာတယ် ပြီးတော့ ဒီဟာတွေ ရောက်ချလာတော့တာပဲ” 

“ဒီလောက် သရဲအများကြီး ဘယ်ကရောက်လာကြတာလဲဟ”

ဝေ့ဟယ်သည် ထိတ်လန့်ပြီး ဒေါသထွက်နေကာ 

“ဘယ်လိုသရဲမျိုးကများ ကျုပ်တောင်ကို မင်္ဂလာဆောင်ဖို့ ဖြတ်သွားမှာတုန်း” 

ဖုန်းလီသည် လက်ကို နောက်ပစ်၍ ဂရုမစိုက်စွာ ပြောလိုက်သည်။ 

“သူတို့ ရောက်လာတာကိုပဲ စောင့်ကြည့်ရအောင် သူတို့ ဖြတ်သွားဖို့ လုပ်မယ်ဆိုရင်တော့ လမ်းလွှဲပေးလိုက်ကြမယ်” 

အကယ်၍ သူတို့ကို လမ်းကြောင်းသစ်တစ်ခု ရှာပေးလို့ရရင် ရှာပေးလိုက်သင့်သည်။ မဟုတ်ပါက ဤမျှ သရဲအများကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လျှင် ကိုယ့်ကိုယ်ကိုပဲ ထိခိုက်အောင် လုပ်မိနိုင်သည်။ 

သို့သော် ထိုသရဲများမှ ဇွတ်အတင်း ဖြတ်သွားမည်ဆိုပါက သူတို့ကို တားဖို့ အစွယ်ထုတ်ပြရမည်။ 

ထိုမြင်ကွင်းကို ကြည့်နေကြသော တပည့်များသည် ချက်ချင်း သူတို့အိမ်ခန်းများဆီသို့ ပြန်သွားကြပြီး သူတို့သည် ယခင်က ဤသို့သော မြင်ကွင်းများ မမြင်ဖူးခဲ့သောကြောင့် သုံးခေါက်လောက် ပြန်လာကြည့်လိုက် အိမ်ပြန်ပြေးလိုက် လုပ်နေကြကာ သူတို့မျက်နှာများသည် ထိတ်လန့်သလိုလို ပျော်မြူးနေသလိုလို ရူးကြောင်ကြောင် ဖြစ်နေကြသည်။ 

ကြောက်လွန်းလို့ တုန်ကြပြီဖြစ်သော လျန်ရွှီတို့သုံးယောက်သည် ဆက်တောင့်မခံနိုင်တော့ပဲ အခန်းဆီသို့ ပြေးကြတော့သည်။ ကျန်းလော့သည် နောက်နားလေးတွင် ရပ်နေကာ ကျိယောင်ဇီကို ပြောလိုက်သည်။ 

“ကျွန်တော်အရင်တုန်းက အဖြူအနီမင်္ဂလာပွဲကို တွေ့ဖူးတယ် သီချင်းသံက မတူဘူးရော ”

“ဘယ်တူမလဲကွ” 

ကျိယောင်ဇီက ပြောသည်။ 

“ဖြူနီမင်္ဂလာဆောင်က ကပ်ဘေးလိုပဲ ပြီးတော့ မြေအောက်ကမ္ဘာက မင်္ဂလာပွဲလေ မြေအောက်ကမ္ဘာက ပွဲဆိုပေမဲ့ နည်းနည်းပဲ ပျော်စရာကောင်းတဲ့ ပွဲမျိုးကွာ” 

သူတို့ပြောနေရင်း တောင်တစ်ဝက်ရောက်နေပြီဖြစ်သော တစ္ဆေအတန်းလိုက်ကြီးသည် တောင်ထိပ်ဆီသို့ အားကြိုးမာန်တက် ချီတက်လာကြသည်။ 

တောင်ထိပ်မှ အောက်ငုံ့ကြည့်သောအခါ လက်ဖျားခါလောက်အောင် ခမ်းနားလှသည်။ တစ္ဆေအတန်းလိုက်ကြီး၏ ရှေ့ဆုံးသည် တောင်ထိပ်နားရောက်နေပြီဖြစ်သော်လည်း နောက်ဆုံးနားသည် တောင်ခြေနှင့်ပင် ဝေးကွာနေဆဲဖြစ်သည်။ ကျိယောင်ဇီပြောတာမှန်သည်။ ဤမြင်ကွင်းသည် အလွန်ကြီးကျယ်လှသည်။ 

ကျန်းလော့သည် အံအားသင့်စွာ သက်ပြင်းချလိုက်ပြီး သူသာ သရဲဖြစ်လာလျှင် လက်ထပ်ပွဲလုပ်ဖို့ကို လူဖြစ်တုန်းကထက် ပို၍ ဂရုတစိုက် စီစဉ်ရမည်ဟု တိတ်တဆိတ် တွေးမိလိုက်သည်။ 

ဝေ့ဟယ်သည် ထိုတစ္ဆေတန်းကြီးကို လမ်းကြောင်းပြောင်းသွားဖို့ မျှော်လင့်နေသော်လည်း တစ္ဆေတန်းကြီးသည် နေ့ခင်းဘက်က ဖျက်ဆီးခံလိုက်ရသော အပြင်ဘက်အစီအရင်ရှေ့တွင် တညီတညာထဲ ရပ်သွားကြသည်။ ထို့နောက် သူတို့သည် တောင်ထိပ်တစ်ခုလုံးကို ဝိုင်းထားလိုက်ကြသည်။ 

အိုးစည်ဗုံမောင်းသံများသည် ရုတ်ချည်း ရပ်တန့်သွားပြီး တောင်ထိပ်တစ်ခုလုံးကို သေစေနိုင်လောက်သော တိတ်ဆိတ်မှုတစ်ခု ကြီးစိုးသွားသည်။ ဝေ့ဟယ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ချောင်းဟန့်လိုက်ကာ ဟိန်းနေအောင် ကျယ်သော အသံဖြင့် 

“တောင်ထိပ်က တာအိုဘုန်းတော်ကြီးရဲ့ နေထိုင်ရာဖြစ်တယ် မင်းတို့ ဒီနေရာကို လှည့်ပြီး ကျော်သွားပါ ဒီနေရာမှ ရပ်မနေကြပါနဲ့ လမ်းဖယ်ပေးကြပါ” 

သူထိုစကားများပြောပြီးနောက် ဆန့်ကျင်ဘက်မှ တစ္ဆေများသည် တကယ်ပဲ ရွေ့သွားကြသည်။ လူသားအရေပြားဖြင့် လုပ်ထားသော ဗုံများကို သယ်ထားကြသော မှင်စာကလေးများသည် ကြပ်ကြပ်သိပ်သိပ် ရှေ့တက်လာကြပြီး သူတို့ရှိသမျှ အားကုန်အော်ပြောလိုက်ကြသည်။ 

“ကျုပ်တို့သခင်က ထျန်းရှိဖူက တပည့် ကျန်းလော့ကို တွေ့ချင်နေပါတယ်။ ကျေးဇူးပြုပြီး သခင်လေးကျန်း ထွက်လာပေးပါ ဒီလိုလှပတဲ့ညလေးမှာ ကျုပ်တို့ရဲ့ ခမ်းနားလှတဲ့ ဝေါယာဉ်နီပေါ်တက် တက်လာပေးပါ” 

ခဏနားလိုက်ပြီးနောက် သူက ထပ်အော်ပြောပြန်သည်။ 

“ကျုပ်တို့ ဝေါယာဉ်ကို တစ္ဆေအရိုး ကိုးဆယ့်ကိုးခု မင်္ဂလာပွဲတစ္ဆေရဲ့ ပိုးချည်မျှင် ကိုးဆယ့်ကိုးမျှင်နဲ့ အထဲက ထိုင်ဖုံကိုလည်း လူသေရဲ့ အရေပြားကို ကိုးထပ်တိတိသုံးပြီး ချုပ်ထားပါတယ် ဒီထိုင်ဖုံတွေဟာဆိုရင်ဖြင့် အရမ်းကို နူးညံ့ပြီး သက်တောင့်သက်သာရှိတဲ့အပြင်ကို နည်းနည်းမှ ဖင်မကြိမ်းဖို့ အာမခံပါတယ် ပြီးတော့လဲ အရမ်းကိုလှပပြီး အထူးကောင်းမွန်တဲ့ အရေအသွေးမြင့် ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်ဗျာ..” 

အလွတ်ကျက်ထားသလို အသက်မရှူတမ်းရွတ်သွားပြီးနောက် ရှေ့မှ လူသားအုပ်စုသည် ကြောင်အအကြီး ရပ်နေကာ ဘာမှ မတုံ့ပြန်ကြပေ။ 

ကောဝူချန်သည် ချီယုံ့ဘေးသို့သွား၍ ပြောလိုက်သည်။ 

“သခင် သခင်ကျန်းက အခုထိ ပြန်မဖြေသေးဘူးနော် ကျွန်တော်ကြည့်လိုက်တာ အဲဒီတောင်ထိပ်မှာ ဖုန်းလီနဲ့ ကျိယောင်ဇီလည်း ရှိနေတယ် ပြီးတော့ ကံကြမ္မာယုံသူဘိုးတော်လည်း တွေ့ခဲ့တယ်ဗျ ကျွန်တော်တို့ ဆက်လုပ်ဦးမှာလား” 

ချီယုံသည် နှုတ်ခမ်းကို ကွေးလိုက်ပြီး ပျင်းရိစွာ ပြောလိုက်သည်။ 

“ငါတွေ့ချင်တဲ့တစ်ယောက် ထွက်မလာမချင်း ဆက်လုပ်” 

ကောဝူချန် “ဟုတ်ကဲ့” 

သူ့သခင်ဆီမှ အမိန့်ကို လက်ခံပြီးနောက် ကောဝူချန်သည် ဗုံတီးသည့် မှင်စာများနား သွား၍ သူတို့ကို အဆင်သင့်ရေးလာသော ရည်းစားစာများကို လှမ်းပေးလိုက်ကာ သူတို့ကို ရွတ်ပြခိုင်းလိုက်သည်။ 

ထို့နောက် သူသည် လေထုကို ပိုတက်ကြွလာစေရန် သီချင်းတီးသည့် သူများထံသို့သွား၍ အိုးစည်များ၊ မောင်းများ တီးရန် ပြောလိုက်သည်။ 

ဟွာပိသည် သူ့ဆီသို့ မည်းမှောင်နေသော မျက်နှာဖြင့် ရောက်လာပြီး အထင်သေးစွာ ပြောလိုက်သည်။ 

“ကောဝူချန် ဒီနှစ်ရက်လုံးလုံး မင်းက သခင့်ကို ကျန်းလော့ကို လူပျိုလှည့်ဖို့ မြှောက်ပေးနေတာ မတော်သေးဘူးလား ဒီတစ္ဆေမင်္ဂလာပွဲကိုတောင် မင်းက စီစဉ်ပေးလိုက်သေးတယ် မင်းဘာလုပ်ချင်နေတာလဲကွ” 

ကောဝူချန်သည် ယောင်ယောင်လေး ပြုံးလိုက်ပြီး ဗုဒ္ဓပုတီးကို တစ်လုံးချင်းချလိုက်ကာ 

“အော်မီတော်ဖော ဗုဒ္ဓအရှင်” 

“သခင်က တစ်စုံတစ်ယောက်ကို ကြိုက်နေမှတော့ လက်အောက်ငယ်သားဖြစ်တဲ့ ငါက သေချာပေါက် သခင့်အတွက် အထောက်အပံ့ဖြစ်ဖို့ နည်းလမ်းရှာပေးရမှာပေါ့ သခင့်ဆန္ဒပြည့်ဝအောင် လုပ်ပေးရမဲ့ တာဝန်ကို အပြည့်အဝ ယူလိုက်တာပါကွာ” 

ဟွာပိသည် သူ့ကို အေးစက်စွာ ကြည့်၍ ချာခနဲ လှည့်ထွက်သွားသည်။ မှင်စာငယ်လေးများသည် ကောဝူချန်ပေးခဲ့သော ရည်းစားစာကို သံပြိုင်အော်ဖတ်ကြကာ သူတို့အသံများသည် တောင်တစ်ခုလုံး ဟိန်းနေတော့သည်။ သူတို့ထင်သည်မှာ သူတို့သာ အသားကုန် ကြိုးကြိုးစားစား ညီညီညာညာ အော်ဖတ်လျှင် ကျန်းလော့က သူတို့သခင်ကို “လက်ခံတယ်” ဟူသော အဖြေပြန်ပေးမည်ဟု ထင်နေကြရှာသည်။ ထို့ကြောင့် သူတို့သည် သေချာအားစိုက်၍ ခံစားချက်ပါအောင် ဖတ်ပြကြသည်။ 

ထိုစာများကို လူသားအရေပြားပေါ်တွင် ရေးထားခြင်းဖြစ်ပြီး ကျန်းလော့သည် ထိုရည်းစားစာကို မျက်နှာသေကြီးဖြင့် တောင့်တောင့်ကြီး နားထောင်နေသည်။ 

“သူတို့က ဘာပြောချင်နေကြတာလဲ” 

ဝေ့ဟယ်သည် ရင်ဘတ်ကြီး မြှောက်တက်လာအောင် ဒေါသထွက်နေကာ သူသည် ထိတ်လန့်စိတ်တိုနေသော အသံဖြင့် အော်ချလိုက်သည်။ 

“မင်းတို့ရဲ့သခင်ဆိုတာ ဘယ်သူလဲ အဲ့ကောင်ကို ကျုပ်ရှေ့ထွက်ခဲ့ဖို့ပြောလိုက်” 

ထိုစကားများပြောနေချိန်တွင် ဗုံတီးနေသော ဝိညာဉ်များ မြှောက်တက်သွားပြီး သူတို့သည် အကြိမ်တစ်ရာလောက် လေ့ကျင့်ထားသလို တပြိုင်ထဲ အော်ပြောလိုက်သည်။ 

“ကျုပ်တို့သခင်က ချီယုံ ချီမိသားစုရဲ့ အငယ်ဆုံးဆက်ခံသူသခင်လေး ရွှမ်ရွှီလောကရဲ့ အတော်ဆုံးနဲ့ အငယ်ဆုံးပါရမီရှင် သခင့်က စွမ်းအားကြီးလွန်းလို့ ဘယ်သူကမှ သခင့်ကို မနိုင်နိုင်ဘူး မူးမေ့သွားလောက်အောင် ချောပြီးတော့ သိမ်မွေ့ပြီး ကြင်နာတတ်တယ် သန့်စင်ပြီး ကျော့ရှင်းရည်မွန်တယ် ဒီလိုပြီးပြည့်စုံတဲ့ ကျုပ်တို့သခင်က သခင်ကျန်းနဲ့ နတ်ဖက်တဲ့စုံတွဲဖြစ်ဖို့ ကောင်းကင်က စီစဉ်ပေးထားတာ” 

ကြောင်မိစ္ဆာများနှင့် ငှက်မိစ္ဆာတို့သည် ပြိုင်တူ ပါးစပ်ဟလိုက်ပြီး မှင်စာများ ပြောသော စကားများကို တသွေမတိမ်း သံပြိုင် ထပ်ရွတ်ပြကြသည်။ ဝေ့ဟယ်သည် အလွန်ဒေါသထွက်နေကာ လက်များပင် တဆတ်ဆတ်တုန်နေပြီး 

“ချီယုံ ချီယုံ ဒီကောင် ဘယ်လိုတောင် အတင့်ရဲရတာလဲ” 

ဖုန်းလီ၏ မျက်နှာသည် အေးစက်ပြီး ခက်ထန်နေကာ သူ့မျက်လုံးများသည် ဝူးဝူးဝါးဝါး အတင့်ရဲအော်နေကြသော တစ္ဆေများကို ကြည့်၍ မျက်လုံးများသည် မည်းမှောင်နက်ဆွေးနေကြသည်။ 

“ငါက ဒီနေ့ သူ့ကို သတ်ဖို့ပြောနေတာ အခု သူက ဒီရောက်လာတယ်ပေါ့” ဖုန်းလီ၏အသံသည် ရေခဲတုံးကဲ့သို့ အေးစက်နေကာ သူ့လက်မှ ကျောက်စိမ်းလက်မစွပ်ကို သွေးအေးအေးဖြင့် လှည့်နေသည်။ 

“သူနဲ့သွားတွေ့လိုက်မယ်” 

ကျန်းလော့သည် ရုတ်တရက် ခေါ်လိုက်သည်။ 

“ဆရာ ခဏ” 

ဖုန်းလီသည် ရပ်သွားသည်။ ကျန်းလော့သည် ကံကြမ္မာယုံသူဆီသို့ လျှောက်သွားလိုက်ပြီး ဦးညွှတ်လိုက်ကာ ကံကြမ္မာယုံကြည်သူနှင့် အလွန်ရင်းနှီးနေသောပုံစံဖြင့်ပြောလိုက်သည်။ 

“ကံကြမ္မာယုံသူ သင်ပြောတာ အရမ်းမှန်ပါတယ်” 

သူသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ကံကြမ္မာယုံသူကို တည်ငြိမ်စွာကြည့်၍ သူ့မျက်လုံးထဲတွင် ယုံကြည်မှု အပြည့်ရှိပုံဖြင့် 

“ရွှမ်ရွှီလောကအတွက် ကျွန်တော်တို့ လုပ်နိုင်တာ အကုန်လုပ်ရမယ်ဆိုတာ တကယ်မှန်ပါတယ်။ ချီယုံနဲ့ ကျွန်တော်က အပြစ်တစ်ခုနဲ့ ချည်နှောင်ထားမိတယ် ကျွန်တော့်လက်နဲ့ သူ့ကို ဖြေရှင်းခွင့်ပေးပါ ရွှမ်ရွှီလောကကြီးကနေ မကောင်းဆိုးဝါးတစ်ကောင်ကို ထပ်ရှင်းပစ်ဖို့ အခွင့်အရေးပေးပါ” 

သူသည် ကံကြမ္မာယုံကြည်သူ အကြားချင်ဆုံးစကားကို တိုးတိုးပြောလိုက်သည်။ 

“ကျွန်တော် သူ့ကိုသတ်ပစ်မယ်” 

ကံကြမ္မာယုံကြည်သူ၏ မျက်လုံးထဲတွင် အလင်းတစ်ချက်လက်လာပြီး အေးဆေးစွာ ပြုံးလိုက်သည်။ 

“သွားလုပ်လေ” 

သူပြောပြီးသွားသောအခါ ကျန်းလော့ကို ကြည့်၍ သိမ်မွေ့ကြင်နာစွာ ကျန်းလော့၏ဆံပင်နှင့်နဖူးကို ထိ၍ အိပ်မွေ့ချနေသလို ညှို့ယူနေသလို ပြောသည်။ 

“သူ့ကိုသွားသတ်လိုက်” 

ချီယုံသည် တစ်ရာသော တစ္ဆေများကြားတွင် တိတ်ဆိတ်စွာ ရပ်နေပြီး ကျန်းလော့နှင့် ထိုအကုသိုလ်တုံး၏ အပြန်အလှန် ပြောဆိုနေကြတာကို ကြည့်နေသည်။ သူသည် မျက်လုံးမှေးကျဉ်းပြီး အပြုံးအကြီးကြီးပြုံးလိုက်ကာ အနီရောင်မီးပုံးမှ မီးရောင်သည် သူ့နှုတ်ခမ်းကို ရောင်ပြန်ဟပ်နေကာ မွန်းကြပ်စရာကောင်းသော အပြုံးကို အားဖြည့်ပေးနေသည်။ 

‘မနက်တုန်းကလည်း တွေ့ပြီးပြီကို ညရောက်တာတောင် အကုသိုလ်တုံးနဲ့ စကားပြောလို့ မပြီးနိုင်သေးဘူးလား’ 

‘ကျန်းလော့က ငါ့စကားကို ဖင်ကြားတောင် မညှပ်ဖူးဘဲ’ 

‘အပြင်ဘက်မှာက အေးစက်ပြီး ရိုးသားပြနေတာ အထဲမှက မာယာအပြည့်နဲ့ တစ်ချိန်လုံး ဆွဲဆောင်ဖို့ ကြံစည်နေတာ’ 

‘ဒီကလေးကို ကောင်းကောင်း သင်ခန်းစာပေးမှ ဖြစ်တော့မယ်’ 

######