အပိုင်း (၁၅၁)
မျက်လုံးများ
ကျန်းလော့သည် တစ်ခါလှမ်းလျှင် ခြေလှမ်းသေးသေးသာ လှမ်းနေပြီး ကံကြမ္မာယုံသူထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ သူ့မျက်နှာကို အောက်သို့ တွင်တွင်ငုံ့ထားပြီး ဗိုက်ကို ကွယ်ထားသည်။ သူ့မျက်နှာသည် လေအေးတို့ကြောင့် ဖြူဖျော့နေကာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသောကြောင့် နာကျင်မှုကို မထိန်းချုပ်နိုင်သော မျက်နှာမျိုးဖြင့်
“ကံကြမ္မာယုံသူ တာအိုဆရာတော် ဝေ့ဟယ်”
ညအမှောင်သည် ပြင်းပြင်းပြပြ နက်ဆွေးနေသောကြောင့် ကျန်းလော့မည်မျှ ဒဏ်ရာရထားသည်ကို မည်သူကမှ မမြင်နိုင်ပေ။ သို့သော် သူတို့သည် ကျန်းလော့ မျက်နှာနှင့် ခန္ဓာကိုယ်မှ သွေးများကိုတော့ မြင်နိုင်ပေသည်။
ထို့အပြင် ချီယုံ့လက်တစ်ဖက်ပင် ကျိုးသွားရာ ကျန်းလော့ဆိုလျှင် မည်မျှ ဒဏ်ရာပြင်းမည်မှန်း တွေးကြည့်စရာပင် မလိုချေ။
‘ပြန်ရောက်လာတာပဲ တော်သေးတယ်’
တာအိုဆရာတော်ဝေ့ဟယ်သည် ကျန်းလော့ကိုမြင်ပြီး စိတ်အေးသွားကာ
“မြန်မြန် မြန်မြန် ကောင်းကင်သခင် ကျိယောင်ဇီ သူ့ကို ခေါ်သွားကြ ငါလိုက်ကြည့်ပေးမယ်”
“စိတ်ပူစရာမလိုပါဘူးဗျာ”
ကျန်းလော့သည် အားနည်းစွာ ပြုံးလိုက်ပြီး သူ့အသံသည် အသက်မရှူနိုင်ပဲ အမောဖောက်နေသော အသံနှင့်တူနေကာ
“ဒီဒဏ်ရာတွေက မသေနိုင်လောက်ပါဘူးဗျာ အားလုံးအပေါ်ယံတွေပဲ ဂျင်ဆင်းဝိညာဉ်သုံးပြီး ကုလိုက်လို့ရပါတယ်”
အသုဘပစ္စည်း အရောင်းဆိုင်ပိုင်ရှင်သည် ကြောင်သွားပြီးမှ နည်းနည်း စိတ်သက်သာသွားသည်။
“မင်းဆီမှာ ဂျင်ဆင်းဝိညာဉ်ရှိတာ မေ့တော့မလို့ ဆရာတော် ဝေ့ဟယ် အဲဒီဝိညာဉ်က နှစ်ငါးရာသက်တမ်းရှိနေပြီ သူသာ အဲဒါစားလိုက်ရင် ကျန်းလော့က ဆရာတော့်ကို အနောက်အယှက်ပေးစရာမလိုတော့ဘူး
“နှစ်ငါးရာသက်တမ်းရှိ ဂျင်ဆင်းဝိညာဉ်လား ဖြစ်နိုင်တယ် ဖြစ်နိုင်တယ် သေချာပေါက် ကျုပ်စိတ်ပူစရာမလိုတော့ဘူး”
တာအိုဆရာတော် ဝေ့ဟယ်သည် စိတ်ချစွာ သက်ပြင်းချလိုက်ပြီး
“အိုက်ယား နှေးတုံ့နှေးတုံ့လုပ်မနေနဲ့ ပြန်ကြစို့ အဲဒီလမ်းဖြတ်ကူးမဲ့ သရဲအကောင်တစ်ရာလည်း မရှိတော့ဘူး ကျန်းလော့ ဒဏ်ရာတွေကုဖို့ အထဲမြန်မြန်သွားရအောင် လာ လာ”
ကျန်းလော့သည် ကံကြမ္မာယုံသူကို ထပ်ကြည့်လိုက်ပြီး နူးညံ့စွာ သက်ပြင်းချလိုက်သည်။
“ကံကြမ္မာယုံသူ ကျွန်တော် သူ့ကို အနိုင်မယူနိုင်ခဲ့ဘူး”
“မင်းလုပ်တာကောင်းတယ်”
ကံကြမ္မာယုံသူသည် သူ့ကိုသေချာကြည့်၍ ကြင်နာစွာ ပြုံးပြကာ
“မင်းထက် ဘယ်သူမှ ပိုကောင်းအောင် လုပ်နိုင်မှာ မဟုတ်ဘူး”
ကျန်းလော့ကို ချီးကျူးပြီး မိစ္ဆာတစ်ရာဝိုင်းရံနေသော ချီယုံ့ကိုလှည့်ကြည့်လိုက်သည်။ ချီယုံ့၏ လက်ကျိုးနေသော ပုံရိပ်သည် မိစ္ဆာများကြားတွင် ထင်းနေပြီး မကောင်းဆိုးဝါးသည် သေလုမျောပါး ဒဏ်ရာရနေပုံမျိုး မပေါက်သော်လည်း ကံကြမ္မာယုံသူ၏ မျက်လုံးများသည် တောက်ပသွားတော့သည်။
“မင်းသူ့လက်တစ်ဖက်ကိုတောင် ချိုးပစ်နိုင်တယ်ဆိုတော့ တကယ့်ကို အံ့ဩစရာဖြစ်ရပ်ပဲကွ”
ကျန်းလော့သည် အခုမှ တိုးတက်လာဆဲ ကျောင်းသားတစ်ဦးသာ ဖြစ်တာတောင် ဤမှလောက် စွမ်းဆောင်နိုင်ခဲ့သည်။ သူသည် နာရီဝက်အတွင်း ဒီလိုအခြေအနေမျိုးရောက်အောင် လုပ်နိုင်ခဲ့သည်။ အကယ်၍ ကျန်းလော့သာ ဒီထက်ပိုတိုးတက်လာပြီး သန်မာသည်ထက် သန်မာလာပါလျှင် ချီယုံ့ကိုသတ်ဖို့က ပြဿနာအကြီးကြီး မဟုတ်တော့ပါချေ။
မည်သူမှ မလုပ်နိုင်တာကို ကျန်းလော့က လုပ်နိုင်ခဲ့သည်။ သူသည် လက်မြှောက်လိုက်ပြီးူ ကျန်းလော့ ပါးပေါ်မှ သွေးများကို ညင်သာစွာ သုတ်ပေးလိုက်သည်။ ထို့နောက် သူ့အသံသည် ရေသေကဲ့သို့ တည်ငြိမ်ပြီး ပိုးသားကဲ့သို့ နူးညံ့နေကာ။
“မင်း ဒီနေ့ကောင်းကောင်းလုပ်ခဲ့ပါတယ် ပြန်နားလိုက်တော့”
လူအုပ်ကြီးသည် ဖြည်းဖြည်းချင်းပြန်သွားကြသည်။ အကြီးအကဲများသည် ခြေလှမ်းကို နှေးနိုင်သမျှနှေးနှေးလျှောက်ကာ ကျန်းလော့ကို အဖော်ပြုပေးကြသည်။ ခြံဝန်းထဲရောက်ပြီးနောက် တာအိုဆရာတော် ဝေ့ဟယ်သည် ကျန်းလော့သူ့ကို မလိုတာ သေချာမှ ပြန်ထွက်သွားခဲ့သည်။
အခန်းထဲတွင် ဂျင်ဆင်းကလေးလေးသည် အိပ်ရာပေါ်တွင် လှဲ၍ သူ့ခြေထောက်ကို မိုးပေါ်ထောင်ကာ ဆော့နေသည်။ သူတို့ဝင်လာတာ မြင်သောအခါ မော့ကြည့်၍
“ဖေဖေ ပြန်လာပြီ”
“ဒါလေးက ဂျင်ဆင်းဝိညာဉ်လား”
ကျိယောင်ဇီသည် ဂျင်ဆင်းကလေးလေးကို စပ်စုစွာ ကြည့်၍
“သေသေချာချာ ထိန်းသိမ်းထားတာပဲ ဖြူဖွေးပြီး ဝကစ်ကစ်လေးကွ”
ဂျင်ဆင်းကလေးလေးသည် သူမမြင်ဖူးသော သူစိမ်းမှ စိုက်ကြည့်ခံရသောကြောင့် ကြောက်လန့်သွားပြီး ချက်ချင်း နောက်ဆုတ်၍ စောင်ထဲဝင်ပုန်းကာ တုန်ယင်နေသည်။
ကျိယောင်ဇီက ပြောသည်။
“အိုး ကျန်းလော့ ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာတောင် မင်းက အခုထိ ပုန်းနေတုန်းလား မင်းက တကယ့်ကို လိမ္မာတာပဲနော် ”
‘ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာတဲ့လား’
ဂျင်ဆင်းကလေးလေးသည် စောင်အောက်မှ ခေါင်းလေးထွက်ပြီး ချောင်းကြည့်လိုက်သည်။ ထို့နောက် ကျန်းလော့တစ်ကိုယ်လုံးကို သေချာ စိုက်ကြည့်၍ သူ့မျက်လုံးထဲတွင် အနည်းငယ်ရှုပ်ထွေးသွားသည်။
‘ကျန်းလော့ ဒဏ်ရာရထားတယ်ဆို ဘာလို့ ဒဏ်ရာမတွေ့ရတာလဲ’ (ဘီကော့စ် ဒယ်ဒီချီယုံက သူ့သွေးတွေနဲ့ပဲ သုတ်ပေးလိုက်လို့လေကွယ်)
‘သွေးနည်းနည်းထွက်နေတာကလွဲရင် အားလုံးကျန်းမာနေပါသေးတယ်’
သူစကားပြောတော့မလို့ ရှိသေးသည် ကျန်းလော့က သူ့ကို စောင်ပုံထဲမှ ဖြတ်ခနဲ ဆွဲထုတ်လိုက်သည်။ ဂျင်ဆင်းကလေးလေးသည် လေပွေထဲပါသွားသလို ခံစားလိုက်ရကာ ဘာမှမပြောနိုင်လိုက်ခင် နှုတ်ခမ်းမွှေး တစ်မွှေးဆွဲဖြုတ်ခံလိုက်ရလေသည်။ ဂျင်ဆင်းကလေးလေးသည် ပြောမည့်စကားကို မေ့သွားကာ မျက်ရည်ဥကြီးများ တစ်လှိမ့်ချင်း ကျလာတော့သည်။ ကျန်းလော့သည် ဂျင်ဆင်းနှုတ်ခမ်းမွှေးကို ပါးစပ်ထဲထည့်ပြီး ဝါးစားလိုက်သည်။
သူ့မျက်နှာသည် မြင်နိုင်လောက်အောင်ပင် နီရဲသွားပြီး သူ့တစ်ကိုယ်လုံးမှ ချွေးများထွက်လာသည်။ သူသည် ဆေးကိုအလွန်အကျွံစားလိုက်သလို ဖြစ်သွားသည်။
ကျန်းလော့သည် လက်လွန်ကြက်သွန် ဖြစ်သွားကြောင်း ချက်ချင်း သဘောပေါက်သွားသော်လည်း သည်းခံနေရုံသာ တတ်နိုင်ပြီး မညည်းညူရဲပေ။ သူသည် ခန္ဓာကိုယ်ထဲမှ တလှိမ့်လှိမ့်တက်လာသော အပူကိုတောင့်ခံရင်း ဂျင်ဆင်းကလေးလေး၏ မျက်ရည်များကို သွားရည်ခံကိုပင့်ပေးထားပြီး သေချာဖမ်းထားသည်။
‘ဂျင်ဆင်းအဆီအနှစ်တွေ တစ်စက်လေးမှ အလေအလွင့်ဖြစ်လို့ မဖြစ်ဘူး’
သူ့မျက်နှာပေါ်မှ အကြည့်ကိုကြည့်၍ ကျိယောင်ဇီသည် သူ နေကောင်းနေကြောင်း သိသွားကာ ဘာမှထပ်မမေးတော့ပေ။ နောက်ကျနေပြီ ဖြစ်သောကြောင့် ကျိယောင်ဇီသည် သမ်းဝေလိုက်ပြီး
“အခု မင်းအဆင်ပြေနေတယ်ဆိုတော့ ကျုပ်ပြန်အိပ်တော့မယ် မနက်ဖြန်မှတွေ့မယ်”
ကျန်းလော့သည် သူ့ကိုယဉ်ကျေးစွာ ကျေးဇူးတင်စကားပြောလိုက်ပြီဂ
“ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ”
ကျိယောင်ဇီသည် ပျင်းပျင်းရိရိ လက်ယမ်းပြလိုက်ပြီး တံခါးဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။ သူထွက်သွားသည်ကို ကြည့်နေရင်း ကျန်းလော့သည် ဖုန်းလီဆီသို့ အကြည့်ရောက်သွားသည်။
‘သူက ဘာလို့ မသွားသေးတာတုန်း’
ဖုန်းလီသည် မထွက်သွားပဲ အခန်းထဲရှိ စားပွဲဘက်သို့ လျှောက်သွားကာ ထိုင်လိုက်သည်။ သူ့ကျောကို မတ်နေအောင် ဆန့်ထားပြီး ခန့်ညားသော မျက်နှာတစ်ဝက်သည် အရိပ်ထဲတွင် နှစ်မြုပ်နေသည်။
“ဒီကိုလာထိုင်”
ကျန်းလော့သည် သံသယလွန်ကဲစွာ ဖုန်းလီနားသို့ လျှောက်သွားလိုက်သည်။ အိမ်ထဲမှ မီးသီးများသည် နှစ်နှစ်ဆယ်နီးပါး ကြာပြီဖြစ်သောကြောင့် ဝါကျင့်ကျင့်အရောင်များ ဖြစ်နေကာ မီးရောင်သည် အလွန်မှိန်ပြီး ရှေးတုန်းက ဓာတ်ပုံများ ကဲ့သို့ အခန်းထဲကို ဝါကျင်ကျင်ကြီး ဖြာကျနေသည်။
ဖုန်းလီထံမှ အရက်နံ့ပြင်းပြင်း ရနေသေးသည်။
“ဆရာ”
ကျန်းလော့က စပြောလိုက်သည်။
“ဆရာ ပြန်မနားသေးဘူးလားဗျ”
ဖုန်းလီသည် ခေါင်းမော့ကြည့်လိုက်ပြီး အရိပ်ထဲမှ သူ့မျက်နှာကို သေချာမြင်လိုက်ရသည်။ မျက်နှာထားသည် သလင်းကျောက်ကဲ့သို့ မာထန်နေပြီး အေးစက်နေသည်။
“အဲဒါကို အိပ်ရာပေါ်သွားချလိုက်”
ဂျင်ဆင်းက်လေးလေးသည် မွန်းကြပ်ဖွယ်အခြေအနေကို ကြည့်နေပြီး မျက်ရည်များကို အထဲပြန်သွင်းဖို့ကြိုးစားကာ အသက်အောင့်ထားသည်။ ထို့နောက် ရှိုက်နေပြီး ဂျင်ဆင်းအသေလေးလို ဟန်ဆောင်နေလိုက်သည်။
ကျန်းလော့သည် နာခံစွာဖြင့် ဂျင်ဆင်းကလေးလေးကို အိပ်ရာပေါ်ချပေးလိုက်ကာ ဖုန်းလီဆီ ပြန်သွားလိုက်သည်။ ဖုန်းလီက အေးစက်စွာ ပြောလိုက်သည်။
“မင်း ဒီနေ့ အမှားတစ်ခုလုပ်ခဲ့တယ် ဘာအမှားလုပ်ခဲ့လဲ သိလား”
ကျန်းလော့၏ အပြုံးသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ခေါင်းငုံ့လိုက်သည်။
“ကျွန်တော် နားမလည်ပါဘူး”
ဖုန်းလီသည် အခန်းထဲကို ဖြည်းညင်းစွာ လိုက်ကြည့်ပြီး စားပွဲပေါ်တင်ထားသော ပန်းအိုးထဲမှ သစ်ကိုင်းခြောက်တစ်ခုကို ဆွဲထုတ်လိုက်သ်ည။ သူ့အသံသည် မာကျောနေကာ
“မင်း ဒီညကိစ္စမှာ အရင်စပြီး အဲဒီကို မသွားခဲ့သင့်ဘူး ပြီးတော့လဲ တစ္ဆေတစ်ရာ မင်္ဂလာပွဲကြိုဆိုနေတဲ့ဆီကို သွားဖို့ ကံကြမ္မာယုံသူတစ်ယောက်ထဲကို မင်းကသွားခွင့်တောင်းခဲ့တယ်”
“မင်းရဲ့ဆရာက ငါ အဲဒီကံကြမ္မာယုံသူ မဟုတ်ဘူး”
ဤစကားသည် အတော်လေး စိတ်ဝင်စားစရာကောင်းသော စကားဖြစ်သည်။
ဖုန်းလီကပြောသည်။
“မင်း လက်ကိုထုတ်ခဲ့”
သူသည် ကျန်းလော့၏ လက်ဖဝါးကို ရိုက်ဖို့ရည်ရွယ်ပြီး သစ်ကိုင်းခြောက်ကို ကိုင်လိုက်သည်။ ကျန်းလော့ နှလုံးသားသည် မပျော်ရွှင်စွာ သည်းခံနိုင်စိတ်ကုန်ဆုံးသွားပြီး တိုးတိုးလေး ပြောလိုက်သည်။
“ဆရာ ကျွန်တော် ...”
“လက်ကိုထုတ်”
ဖုန်းလီက ပြောသည်။ သူ့လက်ထဲမှ သစ်ကိုင်းခြောက်သည် ကျန်းလော့လက်ဖဝါးကို ရိုက်ဖို့ချိန်ရွယ်ထားပြီးဖြစ်ကာ ဖုန်းလီသည် စကားအပိုတစ်ခွန်းမှ ထပ်မပြောပေ။ သို့သော် သူ့အပြုအမူသည် ရှင်းလင်းလွန်းသည် ။ ကျန်းလော့သာ စကားနားမထောင်ဘဲ ကလန်ကဆန်လုပ်နေလျှင် ဒီထက်ဆိုးမည်ဟု ခြိမ်းခြောက်နေသလို မျက်နှာတည်ကြီးနှင့်သာ စိုက်ကြည့်နေသည်။
ကျန်းလော့သည် ခဏလောက်ကြာအောင် တိတ်ဆိတ်နေသော်လည်း နောက်ဆုံးတွင် လက်ကို ရှေ့သို့ ဆန့်ထုတ်ပေးလိုက်သည်။
“မင်းအစ်ကိုတွေ အပြစ်လုပ်တိုင်း ငါသူတို့ကို ဆယ်ချက်ရိုက်တယ် မင်းကတော့ ပထမဆုံးအမှားလုပ်တာဆိုတော့ မင်းကို ငါးချက်ပဲ ရိုက်မယ်”
ဖုန်းလီသည် တစ်စက်လေးမှ သနားသည့်ပုံမပြဘဲ ကျန်းလော့လက်ဖဝါးကို သစ်ကိုင်းခြောက်နှင့် ရိုက်လိုက်သည်။ ကျန်းလော့သည် လက်ဖဝါးပေါ်မှ အနီရောင်အရှိုးရာကို ကြည့်ပြီး နာကျင်မှုက ဘာမှမဟုတ်ဘူး ဟုတွေးနေသည်။ သို့သော် ထိုသို့တွေးနေသော်လည်း သူ့လက်ဖဝါးကို ဟန်မဆောင်နိုင်စွာ ကွေးလိုက်မသည်။ ထို့နောက် ဇွတ်အတင်းပြန်ဆွဲဖြန့် ခံလိုက်ရလေသည်။
ကျန်းလော့၏ နှလုံးသားသည် ထိုအချိန်တွင် အနည်းငယ်ပင် ငြိမ်းချမ်းသာလို ခံစားနေရပြန်သည်။ သူသည် ဖုန်းလီပြောသော စကားနှစ်ခွန်းနှင့် ပတ်သတ်၍ အတွေးများနေသည်။ ထိုစကားများအရ ဖုန်းလီနှင့် ကံကြမ္မာယုံသူတို့သည် ပြဒါးတစ်လမ်း သံတစ်လမ်း လုံးဝ မသင့်မြတ်ကြသည်မှာ သေချာသွားသည်။ ဖုန်းလီသည် ကံကြမ္မာယုံသူကို လုံးဝသဘောမကျပေ။ ထို့ကြောင့် ကျန်းလော့သည် ထိုနှစ်ယောက် တိုက်ခိုက်အောင် ကြားထဲမှ ခလောက်ဆန်ပေးဖို့ တိတ်တိတ်လေး ဆုံးဖြတ်လိုက်သည်။
တစ်ချက် နှစ်ချက် သုံးချက် ဖုန်းလီသည် သူ့လက်ဖဝါးကို သုံးချက် ရိုက်ပြီးပြီဖြစ်သည်။ ကျန်းလော့သည် အချက်ရေတိုင်းကို သေချာလိုက်ရေထားသောကြောင့် သူ့လက်ကို သုံးချက်အရိုက်ခံရပြီးနောက် သူ့လက်သည် လုံးဝ ရိုက်လို့မဖြစ်တော့အောင် နီရဲလာသည်။ ဖုန်းလီသည် မျက်မှောင်ကြုတ်၍ အရိုက်ရပ်သွားပြီး
“မင်း အင်္ကျီလက်ကို မတင်လိုက်”
ကျန်းလော့သည် တုံ့ဆိုင်းသွားပြီး မလှုပ်တော့ပေ။ မကောင်းဆိုးဝါး ချန်ခဲ့သော အရာများသည် သူ့ကိုယ်ပေါ်တွင် ရစရာမရှိအောင် ပွထနေပြီး သူ့တကိုယ်လုံးကို အဝတ်နှင့်လုံအောင်ထုတ်ထားရသည်။ သူသာ အင်္ကျီလက် မတင်လိုက်လျှင် ဖုန်းလီတစ်ယောက် သေချာပေါက် သိသွားနိုင်သည်။
သူသည် အကြာကြီး ငြင်းဆန်လိုပုံဖြင့် ဒီတိုင်းထိုင်နေသည်။
‘ဖုန်းလီရာ.. ဘာလို့ဒီလောက် စိတ်ပျက်စရာကောင်းနေရတာလဲ’
ဖုန်းလီသည် သူ့တပည့်၏ မလှုပ်မယှက် ဖြစ်နေပုံကို မြင်သောအခါ သူ့ကိုကြောက်သွားသည်ဟု ထင်သွားသည်။ ထို့နောက် စိတ်ရှည်လက်ရှည်ဖြင့် သူကိုယ်တိုင် လက်ဆွဲ၍ အင်္ကျီကိုမပေးလိုက်သည်။ ဆောင်းတွင်းဖြစ်သောကြောင့် အဝတ်သုံးထပ်လောက် ဝတ်ထားသော ကျန်းလော့ကို စိတ်ရှည်စွာပင် အပေါ်အနွေးထည်မှ အောက်ဆုံးရှပ်အင်္ကျီအထိ လက်တံတောင်ထိ လိပ်တင်ပေးလိုက်သည်။
ကျန်းလော့၏ လက်ဖျံပေါ်သွားပြီး သစ်ကိုင်းခြောက်ကို ပြန်ကောက်ကိုင်လိုက်သည်။
ကျန်းလော့သည် သူ့လက်ကို ငုံ့ကြည့်လိုက်ရာ အံ့ဩလောက်အောင်ပင် အနမ်းရာများ တစ်ခုမှ မရှိတော့ပေ။ လုံးဝမရှိတော့တာမဟုတ်ပဲ သေချာကြည့်လျှင်တော့ ခပ်ရေးရေးမြင်ရသေးသည်။ ဂျင်ဆင်းကလေးလေး၏ နှုတ်ခမ်းမွှေး၏ အစွမ်းဖြစ်သည့်အပြင် အခန်းထဲမှ ဝါကျင့်ကျင့် မီးမှိန်မှိန်ကြောင့် ဖုန်းလီသည် သတိမထားမိခဲ့ပေ။ ကျန်းလော့သည် အလွန်ပူလောင်လာကာ အဝတ်ထူထူကြီး၏ အောက်ထဲတွင် ချွေးများနစ်နေပြီး တစ်ကိုယ်လုံး စေးကပ်စေးကပ်ဖြစ်နေသည်။
ကျန်းလော့သည် သူ့ကိုယ်သူ တိတ်တိတ်လေး ဆုံးမလိုက်သည်။ အနာဂတ်တွင် ဂျင်ဆင်းကို အများကြီးစားလို့ မဖြစ်ကြောင်းနှင့် ဆေးလွန်လျှင် ဘေးဖြစ်မည်ဟူ၍ ဆက်တိုက် ရွတ်နေသည်။
နောက်ဆုံးနှစ်ချက် ရိုက်ပြီးနောက် ကျန်းလော့၏ လက်ဖျံသည် နီရဲသွားတော့သည်။ အနီရောင်အရှိုးရာ နှစ်ကြောင်းသည် ဖြူဖွေးနေသော လက်ဖျံပေါ်တွင် ထင်းနေသည်။ အနီရောင် အရှိုးရာ ဘေးဘက်မှ အသားများသည် အနည်းငယ်ကြွတက်လာကာ လက်ဖျံတစ်ခုလုံး ယောင်ယမ်းလာသလို ဖြစ်သွားသည်။
ဖုန်းလီသည် ထိုသည်ကို မြင်ပြီး မျက်ခုံးတို့တွန့်သွားကာ သူ့တပည့်ငယ်လေး၏ မျက်နှာကို ကြည့်လိုက်သည်။
ကျန်းလော့သည် နာကျင်ပြီး ကြောက်ရွံ့နေပုံပေါ်ကာ သူ့နဖူးတွင် ချွေးသီးချွေးပေါက်များပါ ထွက်နေရှာသည်။ သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး သူ့မျက်ခမ်းများသည် တိုက်ပွဲထဲမှ ပြန်လာတုန်းကကဲ့သို့ ရဲရဲနီနေပြန်သည်။
လက်ဖျံတွင် အနည်းငယ် ယောင်ယမ်းနေသော ဒဏ်ရာနှစ်ခုသည် ဖုန်းလီကို အလှလေးကို နှိပ်စက်သော မကောင်းသည့်လူဟု သူ့ကို သမုတ်နေသလို ဖုန်းလီခံစားလိုက်ရသည်။ ပိုပြီး သနားစရာကောင်းနေသည်မှာ ကျန်းလော့၏ လက်ဖဝါးဖြစ်ပြီး တစ်ဖက်လက်ဖဝါးနှင့် ယှဉ်လျှင် ယောင်ယမ်းနေတာ အလွန်သိသာလှသည်။
ဖုန်းလီ၏နှုတ်ခမ်းထောင့်များသည် နှုတ်ခမ်းတင်းတင်းစေ့လိုက်သောကြောင့် တဖြောင့်ထဲ ဖြစ်သွားသည်။
တကယ်တမ်းတွင် ယခင်တပည့်များကို ရိုက်နက်အပြစ်ပေးသည့် စည်းမျဉ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ့တပည့်များသည် ဖုန်းလီရှေ့တွင် ဘယ်သောအခါမှ အမှားမလုပ်ရဲသောကြောင့်ဖြစ်သည်။ ထို့အပြင် ဖုန်းလီသည် သူတို့ကို ကောင်းကောင်းမလေ့လာလျှင် သုံးသပ်ခန်းထဲသို့ ပိတ်ထားရုံသာ အပြစ်ပေးသော်လည်း တပည့်များကတော့ တစ်ခါအပြစ်ပေးရပြီးတိုင်း ဖုန်းလီကို တုန်နေအောင် ကြောက်သွားလေ့ရှိသည်။
သို့သော် လိမ်ညာပြီး ဖုန်းလီသည် ကျန်းလော့ကို ငါးချက်ကြီးများတောင် ရိုက်ပစ်ခဲ့သည်။ သူ့အကြည့်များကို သတိပြုမိပုံပေါ်ကာ ကျန်းလော့သည် ဖုန်းလီကို မျက်လုံးရွှဲကြီးဖြင့် ကြည့်လိုက်ပြီး
“ဆရာ”
ပြတင်းပေါက်အပြင်ဘက်တွင် လေထန်နေပြီး ကောင်းကင်ကြီးသည် မှောင်မဲနေသည်။ ဖုန်းလီကိုယ်ပေါ်မှ ဝိုင်အနံ့ကို ပြင်းပြင်းပြပြရနေကာ လေတိုက်တိုင်း ထိုအနံ့သည် ကျန်းလော့ကို အိပ်ချင်လာသလို မူးဝေလာစေသလို ဖြစ်စေသည်။ အခန်းထဲမှ မီးသီးသည် လေတိုက်တိုင်း ယိမ်းသွားပြီး အရိပ်များသည်လည်း ရွေ့လျားနေကာ အခန်းသည် အနည်းငယ် မီးခိုးရောင်မှိုင်းမှိုင်း လောက်သာ လင်းတော့သည်။
ဤအလင်းရောင်အောက်တွင် ရုပ်ဆိုးသူတွေကိုတောင် ချစ်စရာကောင်းသည်ဟု မြင်လာနိုင်သည်။ အလင်းရောင်သည် ဘာကိုမှ သဲသဲကွဲကွဲမမြင်ရအောင် မှေးမှိန်နေသည်။
ကျန်းလော့၏ ပေါ့ပါးသော အကြည့်သည် ဝါကျင်ကျင် မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် မသဲကွဲစွာ ကြောက်ရွံ့နေသလို ဖြစ်နေသည်။
ဖုန်းလီသည် သူ့ကိုကြည့်နေပြီး မျက်လုံးများသည် ရုတ်တရက် မှောင်မိုက်သွားကာ ချက်ချင်းထရပ်လိုက်ပြီး သစ်ကိုင်းခြောက်ကို ပစ်ချလိုက်ပြီး ကျန်းလော့ကို စကားပြောရင်း အခန်းထဲက အလျင်စလို ထွက်သွားသည်။
“နောက်ကို ဒီလိုမျိုး မဖြစ်စေနဲ့”
ကျန်းလော့သည် ထိုအကြည့်ကြောင့် ရှုပ်ထွေးသွားပြီး ဖုန်းလီတံခါးပိတ်ခဲ့သည်ကို ကြည့်၍ မျက်မှောင်ကြုတ်သွားသည်။
“ဒီတစ်ယောက်က ချက်ချင်းကြီး ဘာဖြစ်သွားတာလဲဟ”
ဒါကြီးက အရမ်းကို သူ့ပုံစံမဟုတ်နေဘူး..
ခဏလောက်တွေးနေပြီးနောက် ကျန်းလော့သည် ရှေ့တိုးသွားပြီး တံခါးကို လော့ချလိုက်ကာ ပြတင်းပေါက်ကို ပိတ်လိုက်ပြီး အခန်းထဲသို့ လေအေးများ တစ်စက်မှမဝင်အောင် သေချာစစ်ဆေးလိုက်သည်။ သူသည် သံဘေစင်ထဲသို့ မီးအဆောင်တစ်ခုကို ပစ်ထည့်လိုက်ပြီး အိပ်ရာဘေးတွင်ရပ်၍ အဝတ်များ ချွတ်လိုက်သည်။
စောင်သည် အေးစက်နေသော်လည်း ကံကောင်းစွာပင် အိပ်ရာခင်းသည် ထူပြီး နူးညှံနေသောကြောင့် နွေးထွေးစေသည်။ ကျန်းလော့သည် အစထဲက အလွန်ပူလောင်နေပြီးဖြစ်ကာ စောင်အောက်ထဲတွင် ပို၍ ပူလာသောကြောင့် စောင်ဖယ်၍ လက်များနှင့် ယပ်ခပ်နေသည်။
နောက်ဆုံးတွင် ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ အိပ်ရာပေါ်မှ ထလိုက်ကာ ရေနွေးအိုးထဲမှ ရေတစ်ဝက်လောက် ဇလုံထဲထည့်၍ သဘက်တစ်ထည်ကို ရေထဲနှစ်ကာ သူ့ကိုယ်သူ ရေပတ်တိုက်လိုက်သည်။ ဂျင်ဆင်းကလေးလေးသည် အိပ်ရာဘေးတွင် သနားစရာကောင်းစွာ ရပ်နေကာ သူ့သွားရည်ခံလေးပေါ်မှ မျက်ရည်များကို ရေနွေးထည့်ထားသော အနီရောင်ဇလုံကြီးထဲသို့ ဂရုတစိုက် ညှစ်ထည့်ပေးနေပြီး ငို၍ပြောသည်။
“ဖေဖေ ခုနက ကလေးလေးကို နှုတ်ခမ်းမွှေးဆွဲနှုတ်သွားတဲ့သူကို ကလေးလေး မမြင်လိုက်ရဘူး အဲဒါဘယ်သူလဲဆိုတာ ကလေးလေးကို ပြောပြပါ့လားဟင်”
ကျန်းလော့သည် ဂရုမစိုက်စွာ ပြောလိုက်သည်။
“ကောင်းကင်သခင်ဖုန်း (ဖုန်းထျန်းရှိ) လုပ်တာ ငါ့မျက်လုံးနှစ်လုံးနဲ့ သေချာကို မြင်လိုက်တယ်”
“တကယ်ကြီး သူလုပ်တာပေါ့”
ဂျင်ဆင်းကလေးလေးသည် စိတ်ဆိုးသွားပြီး သူ့ဗိုက်လုံးလုံးလေးကို ပွတ်သပ်ကာ
“ဖေဖေ ဖေဖေ့ကို ကလေးလေးကိုယ်စား ကောင်းကင်သခင်ဖုန်းကို ကလေးလေး နှုတ်ခမ်းမွှေးတွေအစား မျက်ရည်တွေကို သုံးပေးဖို့ ပြောပေးဖို့ တောင်းဆိုထားတာလေ ဖေဖေ သူ့ကိုပြောပြလိုက်သေးလားဟင်”
ကျန်းလော့သည် ထိုကိစ္စကို လုံးဝမေ့လျော့နေကာ လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
“ငါပြောလိုက်တယ် ဒါပေမဲ့ ကောင်းကင်သခင်က ငါ့ကို မယုံဘူး”
ဂျင်ဆင်းကလေးလေးသည် အငိုတိတ်သွားပြီး ဒေါသထွက်လာကာ
“သူ သူဘယ်လိုတောင် ဒီလိုလုပ်နိုင်ရတာလဲ”
ကျန်းလော့နှင့် ဂျင်ဆင်းကလေးလေးတို့သည် နှစ်ယောက်ပေါင်းပြီး တစ်ယောက်တစ်လှည့်စီ ဖုန်းလီကို ကျိန်ဆဲနေကြပြီး ဆယ်မိနစ်ကြာမှ မော၍ ရပ်သွားကြသည်။ ဂျင်ဆင်းအဆီအနှစ်များပါသော ရေနှင့် တစ်ကိုယ်လုံးကို ရေပတ်တိုက်ပြီးနောက် ကျန်းလော့ကိုယ်ပေါ်မှ ကျန်ရှိနေသေးသော အမာရွတ်များ လုံးဝပျောက်ကွယ် သွားတော့သည်။ အမာရွတ်များသာမကပဲ အခြားသော ဓားရှရာ ပြတ်ရာများသည်လည်း ပျောက်ကွယ်သွားသည်။
ကျန်းလော့သည် သူ့ကိုယ်သူ အခွံခွာထားသော ကြက်ဥပြုတ်လို နူးညံ့သန့်ရှင်းသွားသလို ခံစားလိုက်ရသည်။
‘အကြိမ်ပေါင်းများစွာ ရေချိုးတာထက်တောင် သန့်ရှင်းသွားသေးတယ်’
ကျန်းလော့သည် သူ့ဗိုက်ကို ငုံ့ကြည့်ပြီး ကံမကောင်းစွာ ပြောလိုက်သည်။
“မင်းရဲ့မျက်ရည်တွေက ဆံပင်တွေ ပိုသန်လာအောင်လုပ်ပေးတယ် နောက်ထပ် အေဘီအက်စ် နစ်ခုလောက် ထွက်လာအောင်ရော လုပ်မပေးနိုင်ဘူးလား”
ဂျင်ဆင်းကလေးလေးသည် မျက်လုံးလှိမ့်လိုက်ပြီး
“အိပ်မက်သာမက်နေလိုက်ပါတော့ ဖေဖေရေ”
ကျန်းလော့သည် သန့်ရှင်းသွားသော ကိုယ်ဖြင့် စောင်ပုံထဲပြန်တိုးဝင်လိုက်သည်။ ဤတစ်ကြိမ်တွင် ခုနကလောက် ပူမနေတော့ပေ။ သို့သော် တနေကုန်ပင်ပန်းထားရသော ကိစ္စများကို ပြန်တွေးမိပြီး လုံးဝအိပ်မရပေ။ ကျန်းလော့သည် မျက်စိကြောင်နေပြီး မျက်နှာကျက်ကို ငေးမောနေကာ သူ့ဘေးမှ ဂျင်ဆင်းကလေးလေးသည် ပါးစပ်ထဲမှ ပူစီဖောင်းများ မှုတ်ထုတ်နေကာ ဟောက်သံပိစိများတောင်ထွက်ပြီး အိပ်ပျော်နေလေပြီ။
သူသည် အတွေးများပြီး အိပ်ချင်စိတ် ပျောက်သွားတော့သည်။
ကျန်းလော့သည် ညဘက်မှာဖြစ်ခဲ့သည့် ကိစ္စများကို ပြန်တွေးကြည့်ရင်း ဖုန်းလီ၏ သူ့ကိုကြည့်သော ထူးဆန်းသော အကြည့်ကို သတိရသွားသည်။ ထိုအကြည့်သည် သူ့ကို တစ်ချိန်လုံး တစ်ခုခုမှားနေသလို ခံစားချက်များ ပေးစွမ်းနေသည်။
သူသည် ထိုအကြောင်းကို အကြာကြီးတွေးနေရင်း အိပ်ပျော်တော့မလိုလို ဖြစ်သွားသည့်အချိန်တွင် ရုတ်တရက် သူ့ဦးနှောက်သည် နှိုးကြွလာပြီး တစ်ခုခုကို ရုတ်တရက်ဆန်စွာ သဘောပေါက်သွားသည်။ ဖုန်းလီ သူ့ကိုကြည့်သော အကြည့်သည့် ဆရာတစ်ယောက်က တပည့်တစ်ယောက်ကို ကြည့်သော အကြည့်မျိုး မဟုတ်ပေ။
ယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်ကို ကြည့်သော အကြည့်နှင့် ပိုတူသည်။
######