Ch 152
Viewers 8k

အပိုင်း (၁၅၂) 


နတ်ဘုရားအတု 

နောက်တစ်နေ့မနက်အစောပိုင်းတွင် 

ကျိယောင်ဇီသည် ထမင်းစားခန်းသို့ မနက်စာစားရန် ရောက်သွားသောအခါ တစ်ဝက်လောက်ကုန်အောင် စားပြီးနေသော ကျန်းလော့ကို တွေ့လိုက်ရသည်။ သူသည် ပေါက်စီနှစ်လုံး ကြက်ဥနှစ်လုံးယူ၍ ကျန်းလော့နား သွားထိုင်ပြီး နှုတ်ဆက်လိုက်သည်။ 

“ဘာလို့ ဒီနေ့တအား အစောကြီး နိုးနေတာလဲ” 

ကျန်းလော့သည် သူ့ကိုကြည့်၍ 

“တစ်ညလုံး မအိပ်ရသေးတာ” 

“တစ်ညလုံးလား” 

ကျိယောင်ဇီသည် တစ်စုံတစ်ခုကို သတိရသွားပြီး ဂရုတစိုက်ပြောလိုက်သည်။ 

“မင်းနဲ့ ချီယုံ့ကိစ္စတွေ တွေးနေလို့လား” 

သူသည် ထိုသို့ပြောပြီး ကျန်းလော့ကို ကရုဏာသက်စွာ ကြည့်လိုက်သည်။ ချီယုံသည် ကျန်းလော့၏ ရည်းစားဟောင်းဖြစ်ပြီး ကောင်လေးသည် ချီယုံ့အတွက် အရမ်းကို ကြိုးစားခဲ့သည်။ သူသည် ချီယုံ့ကို လက်ပင်လက်ထပ်ချင်ကာ ချီယုံ့အတွက် လက်စားချေပေးချင်ခဲ့သည်။ သူတို့နှစ်ယောက် ဘဝခြားသွားပြီးနောက် ကျန်းလော့သည် ဦးနှောက်ဆေးခံရမလိုပင်ဖြစ်ကာ ချီယုံ့ကို သူ့လက်နှင့် သူကိုယ်တိုင်နာကျင်အောင် တိုက်ခိုက်ရမည့် အခြေအနေသို့ ရောက်သွားရသည်။ 

တွေးကြည့်လိုက်လျှင် ရှုပ်ထွေးပြီး ဝမ်းနည်းစရာကောင်းလှသည်။ 

ကျိယောင်ဇီသည် ခဏလောက် သတိလက်လွတ်တွေးမိသွားပြီး နှစ်ယောက်လုံးအတွက် စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။ ကျိယောင်ဇီ၏ အမူအယာကို ကျန်းလော့မြင်သည်နှင့် ဒီလူဘာတွေ တွေးနေမှန်း ကျန်းလော့သိလိုက်သည်။ 

သူသည် ရှင်းပြမနေတော့ပဲ နောက်ဆုံးထမင်းလုတ်ကို မျိုချလိုက်သည်။ ထို့နောက် မျက်နှာသေကြီးဖြင့် 

“လောင်ကျီ ခင်ဗျားကို မေးစရာနည်းနည်းရှိတယ်” 

ကျိယောင်ဇီက ပြောသည်။ 

“ဘာလဲ”

“ခင်ဗျားဆီမှာ ဘာလို့ ယွမ်ထျန်းကျူးတစ်လုံး ရှိနေတာလဲ” 

ကျိယောင်ဇီသည် အေးခဲသွားပြီး တွေးကြည့်၍ ပြောလိုက်သည်။ 

“မင်းဒီမေးခွန်းမေးလာတော့မယ်လို့ ငါတွေးမိပါတယ်” 

သူသည် လက်ဖက်ကြက်ဥကို စားပွဲပေါ်တွင် ခွဲလိုက်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။ 

“တရားရုံးမှာ ကြားနာဖို့က လေးရက်ပဲ ကျန်တော့တာ ကြားနာမှုပြီးသွားရင် တောင်ပေါ်ပြန်လာမှာလား” 

ကျန်းလော့ “မှန်းကြည့်လေ”

“မင်း” 

ကျိယောင်ဇီသည် အနည်းငယ်ဒေါသထွက်သွားပြီး ရယ်ချင်လာကာ 

“ဆောရီး အကြောင်းအရာ ပြောင်းသွားဖို့ မရည်ရွယ်ပါဘူး မင်းဒီကိစ္စကို ပိုသိလေ နက်နက်ရှိုင်းရှိုင်း ဝင်ပတ်သတ်မိလေ ဖြစ်မှာဆိုးလို့ ဒီတော့ မင်း ဒီပြဿနာထဲကို တကယ်ဝင်ပါချင်တာ သေချာလား” 

ကျန်းလော့သည် ပြန်ဖြေမည့်အစား ရယ်လိုက်ပြီး 

“ကျွန်တော် ဒီပြဿနာထဲမရောက်သေးဘူးလို့ ခင်ဗျားထင်နေတာလား” 

သူသည် ကျိယောင်ဇီကို မဲ့ပြုံးဖြင့် ကြည့်လိုက်ပြီး ကျိယောင်ဇီသည် ထိုအကြည့်ထဲတွင် အေးစက်ပြီး ရူးမိုက်မှုတချို့ကို ရှင်းရှင်းကြီး မြင်လိုက်ရသည်။ လူငယ်လေး၏ စိတ်ဝိညာဉ်သည် မီးတောက်များ ဖြာထွက်နေသလို တောက်ပနေပြီး ဘာဖြစ်ဖြစ် ရှေ့ဆက်တိုးမည်ဟု ကြွေးကြော်နေသလို ခံစားမိလိုက်သည်။

“ခင်ဗျား ပြောပြပြ မပြောပြပြ ကျွန်တော်က ပြဿနာထဲ ရောက်နှင့်ပြီးပြီ ကျွန်တော်က ကျွန်တော့်ကိစ္စကို သူများတွေ ဝင်စွက်ဖက်တာမျိုး လုံးဝမကြိုက်ဘူး ဒါပေမဲ့ ဒီကိစ္စမှာတော့ ကျွန်တော် သေချာပေါက် ဖော်ထုတ်ရမဲ့ ကိစ္စတချို့ရှိနေတယ်” 

သူသည် ကိစ္စတော်တော်များများကို သိချင်ကာ အောက်ခြေမှစ၍ အကုန်တူးထုတ်ချင်သည်။ ချီယုံ၏ လျှို့ဝှက်ချက်သည် ဤကိစ္စများနှင့် အတော်လေး ဆက်စပ်မှုရှိမည်ဟုလည်း ထင်နေသည်။ 

သို့ဖြစ်ရာ ကျန်းလော့သည် ဤကိစ္စကို မည်သို့မျှ မရှောင်လွှဲနိုင်တော့ပေ။ 

ထပ်ပေါင်းထည့်ရလျှင် သူသည် ကံကြမ္မာယုံသူကို သတ်ရဦးမည် ဖြစ်သောကြောင့် ဤကိစ္စကို အတွင်းကျကျ သိထားဖို့လိုသည်။ 

ကျိယောင်ဇီသည် လက်ကို မထိန်းချုပ်နိုင်ဘဲ အားပါသွားကာ လက်ဖက်ကြက်ဥအခွံသည် ခွာရခက်အောင် ကြေမွသွားသောကြောင့် သက်ပြင်းချလိုက်ရပြန်သည်။ 

“မင်းပြောတာလဲ ဟုတ်ပါတယ်” 

“အဲဒီ ယွမ်ထျန်းကျူးက ကျုပ်ကို ကံကြမ္မာယုံသူ ပေးထားတာ” 

သူသည် အကြာကြီး တွေးတောနေပြီးမှ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

“လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ကံကြမ္မာယုံသူက ရွှမ်ရွှီလောကကြီးအတွက် နတ်ဘုရားပင့်ဖိတ်ပြီး အနာဂတ်ကို မေးခဲ့တယ် ဒီလို နတ်ဘုရားတွေကို အနာဂတ်တစ်ခုလုံးကြည့်ဖို့ ပင့်ဖိတ်ရင် ကြီးကြီးမားမား တန်ဖိုးတစ်ခုပေးဖို့လိုတယ် ကောင်းကင်က လျှို့ဝှက်ထားတဲ့သတင်းစကားက ထုတ်ပြောလို့မရတဲ့အရာပဲကွ ကောင်းကင်သတင်းစကားကို သေးသေးလေးပဲဖြစ်ဖြစ် သိရဖို့ ကြိုးစားခဲ့မယ်ဆိုရင် နတ်ဘုရားပင့်ဖိတ်တဲ့ အသက်ရှည်ပြီး ကျန်းမာသန်စွမ်းတဲ့ ပင့်ဖိတ်ဆင့်ခေါ်သူက ပြောရရင် နတ်ကတော်ပေါ့ကွာ အဲ သူက ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးသွားမယ် ဒါမှမဟုတ်ရင် သေသွားနိုင်တယ် ကံကြမ္မာယုံသူကလွဲရင် တစ်လောကလုံးက ဘယ်သူကမှ ရွှမ်ရွှီလောကကြီးတစ်ခုလုံးတွက် အနာဂတ်ဟောကိန်းထုတ်ဖို့ စဉ်းစားမိမှာမဟုတ်ဘူး ရွှမ်ရွှီလောကအဖွဲ့အစည်းက တခြားအဖွဲ့အစည်းတွေနဲ့မတူဘူး သေးငယ်ပေမဲ့ အထဲမှာတော့ အရမ်းကိုနက်နက်ရှိုင်းရှိုင်း ပုန်းကွယ်ထားတာတွေ အများကြီး ရှိတယ် ဖုန်းရွှေပညာမှာဆိုရင် အသက်ရှင်ဖို့အတွက် သူ့ကိုနေရာတကာမှာ သုံးဖို့လိုတယ်ကွာ အဲ့လိုမျိုး မသိမသာ နက်နက်ရှိုင်းရှိုင်း လူနေမှုဘဝတွေနဲ့ဆက်နွယ်နေတာမျိုးပေါ့ ထားပါ အဲဒီနတ်ဘုရားတွေပင့်ဖိတ်ပြီး ရှေ့ဖြစ်ဟောတာက သာမန်လူတွေကို ဟောပေးရတာထက် ကျုပ်တို့လိုလူတွေကို အနာဂတ်ကြည့်ပေးဖို့က အဆပေါင်းများစွာ ပိုခက်တယ်ကွ ပြီးတော့ အဲဒီမှာပဲ ကံကြမ္မာယုံသူက ရွှမ်ရွှီလောကတစ်ခုလုံးအတွက် အနာဂတ်ကြည့်ဖို့ နတ်ဘုရားပင့်လိုက်ရော အဲ့ကျမှ အားလုံးက ကံကြမ္မာယုံသူ ဘယ်လောက်တောင် သန်မာအားကောင်းနေလဲဆိုတာ မျက်မြင်တွေ့လိုက်ရတာ” 

“တကယ်လို့ တခြားသူသာ အဲ့လို နတ်ဘုရားပင့်ဖိတ်ခြင်း အခမ်းအနားလုပ်မယ်ဆိုရင် မင်းရဲ့ဆရာ ဖုန်းလီဆိုရင်တောင် ဒီလိုပင့်ဖိတ်ပူဇော်ပွဲလုပ်ဖို့ လူတစ်ဒါဇင်လောက် ပူးပေါင်းပြီးမှ လုပ်နိုင်မှာ ဒါတောင် အောင်မြင်ဖို့ မသေချာသေးဘူး နောက်ပြီးတော့ ပင့်ဖိတ်ပူဇော်ဖို့ ပြင်ဆင်ပြီးရင်လည်း သက်တမ်းတစ်ဝက်သုံးရတယ်” 

ကျိယောင်ဇီ၏ အသံသည် အနည်းငယ် မြင့်လာကာ သူ့မျက်နှာတွင် ကြောက်ရွံ့လေးစားမှုတို့ပေါ်လာကာ 

“ဒါပေမဲ့ ကံကြမ္မာယုံသူကတော့ တစ်ခေါင်းလုံးဖြူဖွေးသွားတာကလွဲရင် ဘာမှ ပြောင်းလဲမသွားခဲ့ဘူး” 

ကျန်းလော့မျက်ခုံးများသည် မကျေနပ်သလို တွန့်ကုပ်သွားသည်။ 

“နတ်ဘုရားပင့်ဖိတ်ခြင်းမှာ အဖြေက အရမ်းမကောင်းခဲ့ဘူး ကံကြမ္မာယုံသူကပြောခဲ့တယ် နှစ်သုံးဆယ်အတွင်းမှာ ရွှမ်ရွှီလောကကြီးတစ်ခုလုံးကြီးမားတဲ့ပျက်ဆီးဆုံးရှုံးမှုကြီး တစ်ခုနဲ့ကြုံရပြီး ပျက်ဆီးသွားမယ်တဲ့ အဲဒီနောက်မှာတော့ အိမ်တော်ကြီးခြောက်ခုနဲ့ ကျောင်းတော်ဆယ်နှစ်ခုတို့က လူတစ်ယောက်ရဲ့ လက်ထဲမှာ လုံးဝပြန်ခေါင်းထောင်မလာနိုင်အောင် ပျက်စီးသွားမယ်တဲ့” 

ကျိယောင်ဇီကပြောသည်။ 

“ဒါဆို အဲဒီလူက ဘယ်သူလဲလို့ မေးစရာရှိတယ် လွန်ခဲ့တဲ့ နှစ်ဆယ့်ခုနှစ်နှစ် မတိုင်ခင်ကထိ ငါတို့အဲ့လူကို မသိခဲ့ဘူး အဲဒီနောက်မှာ ကံကြမ္မာယုံသူက ချန်ပိုင်တောင်ပေါ်က ဆင်းလာတော့မှပဲ အဲဒီဟောကိန်းထဲက လူက ချီယုံဆိုတာ သိကြရတာ” 

“ဒါပေမဲ့ ဟောကိန်းအကြောင်းကို သိတဲ့သူတွေက အရင်မျိုးဆက်တွေက အကြီးအကဲတွေလောက်ပဲ သိကြတာ သိတဲ့သူက ဆယ်ယောက်တောင်မရှိဘူး” 

ကျန်းလော့သည် စိတ်ဝင်စားစရာကောင်းသလို ခံစားမိကာ 

“ဒါဆို ချီယုံမွေးထဲက ဘာလို့ တစ်ခါထဲမသတ်လိုက်ရတာလဲ” 

ကျိယောင်ဇီသည် အားကိုးရာမဲ့သလိုပြုံးလိုက်ပြီး 

“ကျန်းလော့ မင်းရှေ့ဖြစ်ဟောတာအကြောင်း ဘယ်လောက်ထိ သိထားလဲ” 

ကျန်းလော့သည် မျက်ခုံးပင့်လိုက်ပြီး သူ့ကိုဆက်ပြောရန် ကြည့်လိုက်သည်။ ကျိယောင်ဇီက ဆက်ပြောသည်။ 

“ရွှမ်ရွှီလောကထဲမှာ သံသရာလည်နေတဲ့ ဆိုရိုးနှစ်ခုရှိတယ် တစ်ခုက ကျုပ်ခုနကပြောတဲ့ ကောင်းကင်သတင်းစကားတွေကို ထုတ်ပြောလို့မရဘူးဆိုတာရယ် နောက်တစ်ခုက ပုရောဟိတ်တွေက သူတို့အတွက်သူတို့ အနာဂတ်ကြည့်လို့မရဘူး ဆိုတာရယ်ပဲ အနာဂတ်ကို ဟောပြောနိုင်တဲ့သူတိုင်းက ပုရောဟိတ်မှ မဟုတ်ဘူးနော် ရှေ့ဖြစ်ဟောတဲ့သူအားလုံးက ဒီရှေ့ဖြစ်ဟောရတဲ့ ကိစ္စဘယ်လောက်နက်နဲပြီး ဆန်းကြယ်လဲ နားလည်ကြတယ် တစ်ခါတစ်ရံကြတော့လဲ ရှေ့ဖြစ်ဟောလိုက်တဲ့ ကိစ္စတွေက ကျုပ်တို့သိထားပြီးသား ကိစ္စတွေဖြစ်နိုင်တယ် ဒါကြောင့် ရှေ့ဖြစ်ဟောတဲ့ ဟောကိန်းတွေကို လူတွေက ယုံကြည်ကြတာပဲ” 

ကျန်းလော့သည် မထိန်းနိုင်စွာ သူတစ်ခါတုန်းက အန္တာရာယ်တချို့ကို ရှောင်ရှားချင်၍ လုပ်ခဲ့သော “ဝူရှုကွား” ပင့်ဖိတ်ခြင်းကို လုပ်ခဲ့သည်ကို သတိရသွားသည်။ သူထိုသို့ မေးမြန်းတုန်းက မမျှော်လင့်ထားစွာ အောင်မြင်သွားခဲ့သည်။ 

“အဲဒါကြောင့် ငါတို့အားလုံး မိုက်မိုက်ကန်းကန်း မလုပ်ရဲခဲ့ကြဘူး” 

ကျိယောင်ဇီက ပြောသည်။ 

“ငါနဲ့ ဌာနမှူးရှုတို့ အပါအဝင် အိမ်တော်ခြောက်ခုက အကြီးအကဲတွေက ဟောကိန်းအကြောင်း သေချာနားမလည်ကြတော့ ချီယုံ့ကို တစ်ခုခုလုပ်လိုက်ရင် ရွမ်ရွှီလောကကြီး ပျက်စီးသွားစေမဲ့ အကျိုးဆက်တစ်ခုဖြစ်လာမှာ ကြောက်ခဲ့တယ် ဒါမှမဟုတ် ချီယုံကိုက မကောင်းဆိုးဝါး ဖြစ်နေမှာလားဆိုတဲ့ အတွေးတွေနဲ့ အားလုံးရှုပ်ထွေးကုန်ကြတယ်” 

“ကျုပ်တို့အားလုံး အဖွဲ့ကွဲကုန်ကြတယ် ကျုပ်တို့တစ်ဖွဲ့က ချီယုံ့ကို လူကောင်းလေးဖြစ်လာအောင် သင်ကြားပေးချင်ကြတယ် ဒါပေမဲ့ နောက်တစ်ဖွဲ့က ချီယုံ့ကို တစ်ခါထဲ ငယ်တုန်းထဲက သတ်လိုက်ချင်တာ ဒါပေမဲ့ နောက်ဆုံးမှာ တစ်ဖက်အုပ်စုကို မနည်းဖြောင်းဖျပြီးတဲ့နောက်မှာ ချီယုံအသက်ရှင်နိုင်ခဲ့တယ် နောက်ပိုင်းမှာတော့ ချီယုံက အရမ်းကို ကောင်းကောင်းကြီးပြင်းလာတဲ့အပြင်ကို သိမ်မွေ့ပြီး ကြင်နာတတ်လာတယ် ပါရမီပါပေမဲ့ အရမ်းကို နှိမ့်ချပြီးနေတတ်တယ် သူ့ကိုမကြိုက်တဲ့သူ မရှိခဲ့ဘူး ဌာနမှူးရှုတောင် ချီယုံနဲ့ မိတ်ဆွေဖြစ်လာခဲ့တာ သူက ဘယ်တုန်းကမှ ချီယုံက ဟောကိန်းထဲက ရွှမ်ရွှီလောကကို ဖျက်ဆီးမဲ့သူဆိုတာ မယုံခဲ့ဘူး ပြီးတော့လဲ ချီယုံ့နောက်လိုက်တဲ့သူတွေ အများကြီးပေါ်လာပြီး သူတို့အားလုံးက ချီယုံ့ကို သဘောကျတဲ့စိတ်ကို မတွန်းလှန်နိုင်ကြဘူး အရာအားလုံးက အဆင်ပြေနေတဲ့ပုံပေါ်နေခဲ့ပေမဲ့ နှစ်သုံးဆယ်ဆိုတဲ့ အချိန်နီးကပ်လာတဲ့ အချိန်မှာ ချီယုံက စောစောစီးစီးသေသွားခဲ့တယ်” 

“ဌာနမှူးရှုက ချီယုံရဲ့သေဆုံးမှုက ရိုးရိုးရှင်းရှင်းမဟုတ်ဘဲ ဟောကိန်းကို သိထားတဲ့သူတွေ လုပ်ကြံခဲ့လို့ဆိုတာကို သိပြီးတဲ့နောက်မှာ အရမ်းကို တုန်လှုပ်သွားခဲ့တယ် ဒီလူတွေက တော်ရုံတွန်းလှန်လို့ရမဲ့သူတွေ မဟုတ်တော့ မင်းလည်း ချီယုံ့လို လူမသိသူမသိ သူတို့လုပ်ကြံတာခံရပြီး သေဆုံးသွားမှာကို ဌာနမှူးက အရမ်းစိတ်ပူနေတာ ဒါကြောင့် ဌာနမှူးနဲ့ ကျုပ်က မင်းကို ချီယုံ့အတွက် လက်စားမချေစေချင်ဘူး ပြီးတော့ မင်းနဲ့ချီယုံ့ဆက်ဆံရေးကို အဆုံးထိ လျှို့ဝှက်ထားစေချင်ခဲ့တာ” 

ကျိယောင်ဇီသည် ကြင်နာစွာပြောသည်။ 

“ချီယုံက သေပြီးသွားပြီးပြီ ပြီးတော့ ကျုပ်တို့အားလုံး ဟောကိန်းက အဆုံးသတ်ပြောင်းသွားပြီဆိုပြီး သဘောတူညှိနှိုင်းခဲ့ကြတယ် ရွှမ်ရွှီလောကကြီး ဟောကိန်းထဲကအတိုင်း မပျက်ဆီးတော့ဘူးဆိုပြီး ဝမ်းသာခဲ့ကြတယ် ဒါပေမဲ့ ချီယုံသေပြီဆိုတာလဲကြားရော ကံကြမ္မာစောင့်ရှောက်သူတွေက ချန်ပိုင်တောင်ပေါ်က ဆင်းလာကြတယ်” 

တိတ်ဆိတ်စွာ နားထောင်နေသော ကျန်းလော့က ရုတ်တရက်မေးလိုက်သည်။ 

“ခဏ ကံကြမ္မာယုံသူက ချီယုံမွေးထဲက သေတဲ့အထိ ချန်ပိုင်တောင်ပေါ်မှာ ပုန်းနေခဲ့တာလို့ ပြောချင်တာလား” 

ကျိယောင်ဇီသည် ရယ်မောလိုက်ပြီး 

“ဒီပုန်းတယ် ဆိုတဲ့စကားက အရမ်းမှန်မနေဘူးဟ ကံကြမ္မာယုံသူက အမြဲတမ်း သီးသန့်နေပြီး လူ့လောက အရေးအခင်းတွေကို ဘယ်တုန်းကမှ ဝင်ပါလေ့မရှိဘူး ” 

ကျန်းလော့သည် သေချာသော အဖြေတစ်ခုကို ရပြီးနောက် ကျိယောင်ဇီ၏ မှတ်ချက်ကို လျစ်လျူရှုလိုက်သည်။ 

‘ဘာလို့လဲ’ 

နှစ်ဆယ့်ခုနှစ်နှစ်လုံးလုံးပုန်းနေခဲ့သော ကံကြမ္မာယုံသူအကြောင်းကို အရမ်းသိချင်လာသည်။ 

‘ချီယုံ ကောင်းကောင်းမွန်မွန် အသက်ရှင်နေလို့ တောင်ပေါ်ကနေ ဆင်းမလာရဲတာလား’ 

‘ဘာကို အဲ့လောက်ကြောက်နေရတာလဲ’ 

ဟောကိန်းက နောက်နှစ်သုံးဆယ်ပြည့်ရင် ချီယုံက ရွှမ်ရွှီလောကကြီးကို ဖျက်ဆီးပစ်မည်ဟု ဆိုခဲ့သည်။ သို့ဆိုလျှင် ကံကြမ္မာယုံသူအနေနှင့် နှစ်သုံးဆယ်လုံး ပုန်းအောင်းနေဖို့ မလိုအပ်ပါချေ။ 

‘ဖြစ်နိုင်တာ သူက ချီယုံ့ကို ကြောက်နေတာများလား’ 

‘ချီယုံ သူ့ကိုလုပ်မဲ့ကိစ္စတစ်ခုခုကိုများ ကြောက်နေတာလား’ 

ကျန်းလော့သည် ဟာကွက်များကို ပိုတွေးမိလေလေ ပို၍ သိချင်လာလေဖြစ်ပြီး ဟောကိန်းသည် တိတိကျကျ ထွက်လာတာ မဟုတ်ဘဲ ထိန်ချန်ထားသည့် အချက်များ ရှိဦးမည်ကို အလိုလို သိနေသည်။ 

“ဒါပေမဲ့ မင်းနဲ့ ကံကြမ္မာယုံသူတို့က ချီယုံသေသွားပေမဲ့ အရမ်း သန်မာပြီး စွမ်းအားကြီးတဲ့ မကောင်းဆိုးဝါး ဖြစ်လာတာကို သိခဲ့ရတယ်လေ ဟုတ်တယ်မလား” 

ကျိယောင်ဇီသည် ပုခုံးတွန့်လိုက်ပြီး ခါးသီးစွာ ရယ်လိုက်သည်။ 

“ဒါပေမဲ့ ခင်ဗျားက သူ မကောင်းဆိုးဝါးဖြစ်လာရင်တောင် ရွှမ်ရွှီလောကကြီးကို သူဖျက်ဆီးမယ်ဆိုတာ မယုံဘူးမလား” 

ကျန်းလော့သည် သူ့ကိုယ်သူပြောလိုက်သည်။ 

“ပြီးတော့ ကျွန်တော့ကို ကူညီနေတယ်ဆိုပေမဲ့ ခင်ဗျားက သူ့ကို ကူညီနေတာ ပိုများတယ်မလား” 

ကျိယောင်ဇိသည သတိမထားမိစွာ တောင့်ခနဲဖြစ်သွားသည်။ ကျန်းလော့သည် သူထင်တာထက်ပိုပြီး အကင်းပါးနေသည်။ 

ကံကောင်းစွာပင် ကျန်းလော့သည် သူ့ကို အတင်းမမေးပေ။ ထိုအစား တခြားတစ်ခုကို မေးခဲ့သည်။ 

“တကယ်လို့ ကံကြမ္မာယုံသူကသာ အရမ်းစွမ်းအားကြီးနေရင် ဘာလို့ မနေ့ညက ချီယုံ့ကို တစ်ခါထဲ မသတ်ပစ်လိုက်တာလဲ” 

ကျိယောင်ဇီသည်လည်း ဘာလို့မှန်း မသိပေ သို့သော် သူ့ကိုယ်ပိုင် အမြင်ဖြင့် ပြောလိုက်သည်။ 

“ကံကြမ္မာစောင့်ရှောက်သူလို့ခေါ်ထဲက ကံကြမ္မာဆိုတဲ့ စကားက အလကားပါတာ မဟုတ်လို့နေမှာပေါ့ကွာ သူဝင်ပါလိုက်ရင် အလုပ်ဖြစ်မှာမဟုတ်ဘဲ ဆန့်ကျင်ဘက်တွေ ဖြစ်လာမှာစိုးလို့ ကံကြမ္မာကို မဆန့်ကျင်နိုင်လို့ ဖြစ်နိုင်တယ်” 

ကံကြမ္မာကြောင့် ဟုတ်ဟုတ် မဟုတ် ကျန်းလော့သည် ဤကိစ္စကြီးကို မျက်စိမှိတ်ပြီး မယုံပေ။ သူသည် နှာမှုတ်လိုက်ပြီး 

“ကျွန်တော်က ခင်ဗျား ကံကြမ္မာစောင့်ရှောက်သူတွေက အရမ်းကြင်နာတတ်လို့ သူများအသက်ကို မယူရက်ကြဘူးလို့ ပြောမယ်ထင်နေတာ” 

ကျိယောင်ဇီသည် နှုတ်ခမ်းစေ့လိုက်ပြီး 

“ဒါလည်း ဖြစ်နိုင်ပါတယ် ဒါပေမဲ့ ဘယ်သူကများ ဒီလူအကြောင်း သေချာသိကြလို့လဲ” 

သူတို့နှစ်ယောက်သည် စားသောက်ပြီးသည်နှင့ ရှောင်ချန်ရေကန်ဆီသို့ ထွက်လာကြသည်။ သစ်တောထဲတွင် ကံကြမ္မာယုံသူ၏ ပုံရိပ်ကို လှမ်းတွေ့ပြီး ကျန်းလော့သည် တစ်ခုခုကို သတိရသွားကာ 

“နောက်ဆုံးမေးခွန်း ကံကြမ္မာယုံသူက ဘယ်လောက်ထိ အားကောင်းလဲ” 

ကျိယောင်ဇီသည် ခဏလောက် ငြိမ်သက်သွားပြီး သူ့ခြေထောက်အောက်မှ မြေဆီလွှာတွင် ပေါက်နေသော ဆောင်းရာသီမြက်များကို ရန်သူလို ကြည့်၍ 

“သူက နတ်ဘုရားပဲ” 

ကျန်းလော့၏ ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့အမူအယာသည် ကြောင်အအဖြစ်သွားသည်။ 

‘ဘာကြီး’ 

ကျိယောင်ဇီသည်လည်း ရပ်လိုက်ပြီး ကံကြမ္မာယုံသူထံမှ အကြည့်လွှဲလိုက်ကာ သူ့အသံသည် လေထုထဲတွင် အချိန်မရွေးပျောက်ကွယ်သွားတော့မလို နူးညံ့နေပြီး အရိုးထဲစြွနေသော ကြောက်ရွံ့ခြင်းတို့ကို တွန်းကန်၍ 

“သူက ကျုပ်တို့ပူဇော်တဲ့ပစ္စည်းတွေကို လက်ခံတယ် ပြီးတော့ သူက ဒီလောကကြီးမှာ နတ်ဘုရားနဲ့ အနီးစပ်ဆုံး သူပဲ” 

“သူက အတုအယောင်နတ်ဘုရားပဲ” 

#####