အပိုင်း (၁၅၃)
သုံးချောင်းထောက် အမွှေးအိုး
ကျန်းလော့ မျက်နှာပျက်သွားသည်။
သူသတ်ချင်တဲ့သူက အတုအယောင်နတ်ဘုရားတဲ့လား။
နတ်ဘုရားနဲ့ အနီးကပ်ဆုံးသူတဲ့လား။
“...........”
အချိန်ခဏကြာပြီးနောက် သက်ပြင်းချလိုက်ပြီး ရှုံ့မဲ့နေသော မျက်နှာသည် ဖြည်းဖြည်းချင်း တည်တံ့လာသည်။
‘ဒီတိုင်း အတုအယောင်နတ်ဘုရားလေးပဲ မဟုတ်ဘူးလား’
‘ချီယုံ့လို မိစ္ဆာနတ်ဘုရား ခန္ဓာထဲမှာ ရှိနေတဲ့သူကိုတောင် ငါရင်ဆိုင်နိုင်သေးတာပဲကို ဒီတိုင်း နတ်ဘုရားအတုလေးလောက်ကတော့ ဘာလို့ကြောက်နေရမှာလဲ’
ကျိယောင်ဇီသည် မြန်မြန်ဆန်ဆန် တည်ငြိမ်သွားသော ကျန်းလော့ကို ကြည့်၍ အထင်ကြီးသွားသည်။ ကျန်းလော့သည် နားတစ်ဖက်မှာပန်ထားသော နားဆွဲကို လက်ချောင်းများဖြင့် တို့လိုက်ရင်း
“ဒီပစ္စည်းနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ သူမြင်နိုင်လား”
ကျိယောင်ဇီသည် ပြုံးလိုက်ပြီး အနည်းငယ်ဂုဏ်ယူဝံ့ကြွားစွာပြောသည်။
“ကံကြမ္မာယုံသူနဲ့ ယှဉ်နိုင်တဲ့ တစ်ခုတည်းသော အရာက လက်နက်တွေထုလုပ်တာပဲကွ”
ထိုစကားကြောင့် ကျန်းလော့သည် စိတ်ပေါ့သွားသည်။
ရေကန်ဘေးတွင် ကံကြမ္မာယုံကြည်သူနှင့် တစ်မနက်လုံး အခုမှမြင်ရသော ရိုးရာမပျက် ထန်ခေတ်ဝတ်စုံ ဝတ်ထားသည့် ဖုန်းလီလည်း ရှိနေသည်။ ကောင်းကင်သခင်၏ မျက်နှာသည် ပုံမှန်ထက်ပို၍ အေးစက်ခက်ထန်နေသည်။ သူ့မျက်လုံးများသည် ကျန်းလော့နှင့် ကျိယောင်ဇီကို စူးစူးစိုက်စိုက် ကြည့်နေပြီးနောက် အကြည့်လွှဲသွားသည်။
ကျိယောင်ဇီသည် ဖုန်းလီ၏အကြည့်ကြောင့် အနည်းငယ် ကြောင်တောင်တောင်ဖြစ်သွားသည်။
“မင်းဆရာက ဒီနေ့ စိတ်အခြေအနေကောင်းပုံ မရဘူးဟ သူ့ကိုကြည့်လိုက် မျက်နှာက ပုံမှန်ထက် ပိုတည်နေတယ်...”
ပြောပြီး ဖုန်းလီကို ပြန်လှည့်ကြည့်လိုက်ရာ တစ်မိုးအောက် ကောင်းကင်သခင်ဖုန်း၏ မျက်နှာသည် ခုနကထက်တောင် ပိုအေးစက်နေသည်ကို မြင်လိုက်ရသည်။ ကျိယောင်ဇီ နှုတ်ခမ်းစေ့လိုက်ပြီး
‘ဒီဆရာတပည့်က ဘာဖြစ်ထားကြတာလဲကွာ’
ကျန်းလော့သည် ဖုန်းလီကို လုံးဝလှည့်မကြည့်ဘဲ ရေကန်ထဲသို့ တည့်တည့်ဆင်းသွားကာ ဝင်စိမ်လိုက်သည်။ ရေကန်ထဲဝင်စိမ်ရင်း ထိုင်ဖို့နေရာသို့ သွားနေသည့် လမ်းတစ်ဝက်တွင် ကျန်းလော့သည် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားရာမှ ပြန်ကောင်းမလာသေးဘဲ ရေကန်ထဲသို့ လမ်းလျှောက်ရန် ခြေလက်များ အားနည်းနေသလို ဟန်ဆောင်လိုက်သည်။
ရေကန်ဘေးတွင် ရှိနေသော သူများသည် သူ၏ ယခင်ကနှင့် ကွဲပြားနေမှုကို မြင်နိုင်ကြကာ ကံကြမ္မာယုံသူက ပြောသည်။
“ကောင်းကင်သခင် သူ့ကို သွားကြည့်ပေးလိုက်ပါဦး”
ဖုန်းလီ၏ မျက်လုံးများသည် ရေပူများကြောင့် ဖြစ်လာသော မြူများကို ဖြတ်၍ ကျန်းလော့ကို စက္ကန့်အနည်းငယ်လောက်ကြည့်လိုက်ပြီး ရှေ့သို့ တလှမ်းတိုးပြီးကာမှ ရုတ်တရက် ရပ်သွားသည်။ ထို့နောက် အေးစက်သော အသံဖြင့်။
“ကျုပ်က ခုနကမှ ရှောင်ချန်ရေကန်ထဲက ထွက်လာတာဆိုတော့ ချက်ချင်းပြန်ဆင်းလို့ မကောင်းဘူး”
သူ့ကိုယ်ပေါ်မှ ဝိုင်အနံ့တို့သည် ယခုအချိန်တွင် လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။
ကံကြမ္မာယုံသူသည် ကျိယောင်ဇီကို လှမ်းကြည့်လိုက်သည်။ ဖုန်းလီသည် သူ့အကြည့်လားရာကို သတိထားမိပြီး ကျိယောင်ဇီနှင့် ကျန်းလော့တို့၏ ရင်းနှီးမှုကို ပြန်သတိရသွားကာ မျက်နှာကြီး မည်းသွားပြန်သည်။
“ကျိယောင်ဇီလည်း မရဘူး”
ထိုအကြည့်အပြောတို့ကြောင့် ဤရေကန်နားတွင် ကံကြမ္မာယုံသူမှ လွဲ၍ ကျန်းလော့ကို ဆင်းသွားပြီး ကူညီနိုင်မည့်သူ မရှိတော့ပေ။ ဖုန်းလီမျက်နှာအခြေအနေကို ကြည့်၍ ထပ်ပြီးဘာမှမပြောတော့ပဲ ကံကြမ္မာယုံသူသည် ရေထဲသို့ ဆင်းသွားကာ ကျန်းလော့နားသို့ လျှောက်သွားလိုက်သည်။
ကျန်းလော့သည် နာကျင်မှုကိုတောင့်ခံနေရပုံဖြင့် မျက်ခုံးတွန့်နေကာ မျက်လုံးမှိတ်ထားပြီး သူ့မျက်နှာတွင် ရေပေါက်များသီးနေကာ ရေကန်မှရေများလား ချွေးများလား မပြောနိုင်ပေ။ ကံကြမ္မာယုံသူသည် သူ့ကို ရေထဲတွင် ချော်မလဲသွားစေရန် လက်မောင်းမှ ထိန်းကိုင်ထားပြီး နူးညံ့စွာ ခေါ်လိုက်သည်။
“ကျန်းလော့ ကျန်းလော့”
ကျန်းလော့သည် မျက်လုံးဖွင့်၍ နာကျင်နေသော မျက်လုံးများဖြင့် ကံကြမ္မာယုံသူကို ကြည့်လိုက်ကာ ခပ်ဖျော့ဖျော့ အသံဖြင့်
“ကံကြမ္မာယုံသူ”
ကျန်းလော့၏အကြည့်များသည် ဖြူဆွတ်နေသော ဆံပင်များမှ အကြည့်မလွှဲနိုင်ခဲ့ကာ ကံကြမ္မာယုံသူ၏ပုံစံသည် ဘုရားသားတော် တစ်ပါးကဲ့သို့ သူ့မျက်လုံးများသည် အလိုဆန္ဒကင်းကာ သိမ်မွေ့ညင်သာနေသော်လည်း မျက်လွှာပင့်လိုက်လျှင် နှလုံးသားကင်းမဲ့သော သူတစ်ယောက်ဖြစ်သည်ကို မြင်နိုင်ပေသည်။
ကံကြမ္မာယုံသူ၏ အေးစက်မှုနှင့် ဖုန်းလီ၏အေးစက်မှုတို့သည် ပုံစံမတူကြပေ။ တချို့သော လူများသည် ကံကြမ္မာယုံသူ၏ အေးစက်မှုကို အမှန်အတိုင်း မမြင်နိုင်ကြပဲ ကြင်နာမှုနှင့် အထင်မှားကြသည်။ တစ်ယောက်သည် အေးစက်ကျယ်ဝန်းသော လူသတ်ကွင်းကို နှင်းများဖုံးလွှမ်းနေသကဲ့သို့ အေးစက်ပြီး နောက်တစ်ယောက်မှ ချွန်ထက်သော ရေခဲချွန်ကြီးကဲ့သို့ ထက်မြအေးစက်ခြင်းမျိုး ဖြစ်ကြသည်။
ကျန်းလော့သည် ကံကြမ္မာယုံသူကို ဝိုင်းရံထားသော ရေများကို ကြည့်လိုက်သည်။ ရေများသည် သန့်ရှင်းကြည်လင်နေပြီး အညစ်အကြေး တစ်စွန်းတစ်စတောင် မရှိနေပေ။
‘ကံကြမ္မာယုံသူက အတုအယောင်နတ်ဘုရား ဖြစ်နေလို့ ဆိုးယုတ်မှုနဲ့ တဏှာလောဘ မရှိလို့လား’
သို့သော် နတ်ဘုရားများတွင် တစ်ကိုယ်ကောင်းဆန်သော အတွေးများ ရှိကြသည်။ ကံကြမ္မာယုံသူက တကယ်ပဲ ဆိုးယုတ်ခြင်းများ တကိုယ်ကောင်းဆန်သော အတွေးများမရှိဘဲ လိုအင်ဆန္ဒတို့ မရှိတာ ဖြစ်နိုင်ပါမည်လား။
ကျန်းလော့၏ မျက်လုံးများသည် မသိမသာ မှေးစင်းသွားကြသည်။ သူ့အာရုံကို သေချာစုစည်းကာ ဖြူဖျော့သော မျက်နှာဖြင့် ခေါင်းမော့လိုက်ပြီး ခြေထောက်များသည် မတည်မငြိမ်ဖြစ်သွားကာ သူ့ရှေ့ရှိ ကံကြမ္မာယုံသူကို လှမ်းဆွဲလိုက်သည်။ သူတို့ကို ကန်စပ်မှ လှမ်းကြည့်နေသော ဖုန်းလီသည် ရှေ့သို့ စိုးရိမ်တကြီး ခြေနှစ်လှမ်းတိုးသွားသည်။
ကျိယောင်ဇီသည်လည်း ဖုန်းလီနောက်သို့ လိုက်ပြီး ကြည့်လိုက်ရာ ကံကြမ္မာယုံသူက ကျန်းလော့ကို ထိန်းကိုင်ပေးထားသည်ကို တွေ့လိုက်ရသည်။
သူ့တပည့်ကို စိတ်ပူနေသော ဖုန်းလီပုခုံးကိုပုတ်၍ စနောက်တော့မလို့လုပ်နေရင်း သူ့မျက်နှာထားသည် ရုတ်တရက် အေးခဲသွားကာ ချွေးအေးများ ထွက်လာသည်။
‘ကျန်းလော့ သူ သူ ကံကြမ္မာယုံသူရဲ့ အထဲကို ဝင်ကြည့်ဖို့ လုပ်နေတာလား မဟုတ်လောက်ပါဘူး’
‘ဘုရား ဘုရား’
‘ဒီကောင်လေး ဘယ်လိုတောင်’
‘ဒီလောက်တောင် ရဲတင်းနေတာ ငါကွာ..’
ရေထဲတွင် ကျန်းလော့ ဘယ်ဖက်နားမှ နားဆွဲသည် ဘယ်ညာယိမ်းနေသည်။ ကံကြမ္မာယုံသူသည် နားဆွဲကို မြင်ပြီး အနည်းငယ်အံ့ဩသွားကာ
“ဝိညာဉ်စုပ်ဆွဲပြားလား”
ကျန်းလော့မျက်လုံးများတွင် ရှုပ်ထွေးမှုများ ပေါ်လာကာ
“ဝိညာဉ်စုပ်ဆွဲပြား...”
ကံကြမ္မာယုံသူသည် ခေါင်းယမ်းလိုက်ပြီး သူ့လက်ကို မြှောက်လိုက်ကာ နားဆွဲကို ထိကိုင်လိုက်သည်။
“ကျုပ် ဒီလောက်ထိ သေသပ်ပြီး ခေတ်ဆန်တဲ့ ဝိညာဉ်စုပ်ဆွဲပြားမျိုး မမြင်ရတာ ကြာပြီ”
‘အောင်မြင်ပြီ’
ကျန်းလော့နှုတ်ခမ်းထောင့်များသည် မသိမသာ ကော့တက်သွားကာ နောက်တခဏတွင် မျက်ဖြူလှန်သွားပြီး လေပေါ်ပျံနေသလို ပေါ့ပါးသွားကာ ခဏလောက်ကြာပြီးနောက် မြေပြင်ပေါ်ပြန်ရောက်သွားသည်။
ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးနေကာ ရင်းနှီးနေသော ဝိညာဉ်လွင့်မျောခြင်း အခြေအနေသို့ ရောက်နေကြောင်း သိလိုက်သည်။ ကျန်းလော့သည် ခေါင်းမော့၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဘုရားကျောင်းတစ်ခုရှေ့သို့ ရောက်နေကြောင်း သိလိုက်ရသည်။
‘ဒါက ကံကြမ္မာယုံသူရဲ့ ဝိညာဉ်နယ်မြေလား’
‘ကံကြမ္မာယုံသူမှာ ဘာလျှို့ဝှက်ချက်တွေ ရှိမလဲ ကြည့်ကြတာပေါ့’
ဘုရားကျောင်း မျက်နှာစာတွင် ခြင်္သေ့ရုပ်ကြီး နှစ်ကောင်ရှိနေကြပြီး နံရံကို ထင်းခနဲမြင်ရစေမည့် ဂုဏ်သိက္ခာကို ကိုယ်စားပြုသော အနီရောင်ဆေးသုတ်ထားပြီး ဂိတ်ဝအပေါ်ပိုင်းတွင် နာမည်ကမ္ဓည်းတင်ထားသော ဆိုင်းဘုတ်ပြားကြီး တစ်ခုရှိသည်။
“ပိုင်လု ဘုရားကျောင်း”
ကျန်းလော့သည် အဝင်စနားတွင် ကြာကန်တစ်ခုရှိသော ပိုင်လုဘုရားကျောင်းထဲသို့ ဝင်သွားသည်။ သစ်ရွက်များသည် စိမ်းစိုနေကာ နှင်းစက်များသည် သစ်ရွက်ပေါ်တွင် ဖေးတင်နေကြသည်။
ပန်းရောင်နှင့် အဖြူရောင် ကြာပန်းများသည် ရေကန်ထဲတွင် ပြည့်နှက်နေပြီး ကြာရွက်များပေါ်တွင် စွားစွားဝင့်ဝင့် ပွင့်လန်းနေကြသည်။
ကျန်းလော့မျက်လုံးများသည် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူတည်ရှိရာ ခန်းမအပြင်ဘက်တွင်ရှိသော ကြီးမားသော သုံးချောင်းထောက် အမွှေးအိုးကြီးဆီသို့ အကြည့်ရောက်သွားသည်။ ကျန်းလော့သည် ကြာကန်ကြီးကို ကွေ့ပတ်၍ အမွှေးအိုးနားသို့သွားကြည့်လိုက်သည်။ ထို့နောက် အောက်ငုံ့ကြည့်လိုက်ရာ အမွှေးအိုးအောက်ခြေ ပတ်ပတ်လည်တွင် အမွှေးနံ့သာပြာများကို တွေ့ရသည်။
အမွှေးတိုင်များသည် အရောင်မျိုးစုံရှိပြီး အတိုအရှည်လဲ မညီကြပေ။ တချို့မှာ တစ်ဝက်လောက် လောင်ကျွမ်းပြီးနေပြီဖြစ်ကာ တချို့မှာတော့ ယခုမှစတင်လောင်ကျွမ်းနေတုန်း ဖြစ်သည်။ ကျန်းလော့သည် အတွေးများသွားသည်။ သူသည် အမွှေးအိုးထဲမှ အမွှေးတိုင်နှစ်ချောင်းကို ဆွဲနှုတ်လိုက်သည်။ သူ့လက်ထဲရောက်လာသော အမွှေးတိုင်နှစ်ချောင်းသည် ချက်ချင်း ပျောက်ကွယ်သွားသည်။
ကျန်းလော့သည် အချိန်ရတုန်း ဘုရားကျောင်းထဲသို့ လျှောက်ပတ်ကြည့်ပြီး များစွာသော ဟောခန်းကျယ်များကို လျင်မြန်စွာ ရှာဖွေတော့သည်။
ဘုရားကျောင်းတစ်ခုလုံးသည် ပုံမှန်ဘုရားကျောင်းများကဲ့သို့ပင် ဘာမှထူးဆန်း ထူးခြားနေတာမျိုးမှ မရှိပေ။ ကံကြမ္မာယုံသူ၏ ဝိညာဉ်နယ်မြေထဲမှ ထူးခြားစွာ ဆွဲဆောင်နေသော အရာမှာ ကြာကန်နောက်မှ သုံးချောင်းထောက် အမွှေးအိုးကြီးတစ်ခုသာ ရှိပြီး ကျန်းလော့သ်ည ထိုအမွှေးအိုးကြီးနား ပြန်သွားပြီး ကျိယောင်ဇီ၏ စကားများကို ပြန်တွေးကြည့်သည်။
‘ပူဇော်ခံပစ္စည်းတွေ... ပူဇော်ခံပစ္စည်း...’
“အမွှေးနံ့သာမီးရှို့တာ အမွှေးနံ့သာက ကြားထဲက ဆက်နွယ်ပေးတဲ့ ပစ္စည်း အမွှေးနံ့သာ အမွှေးနံ့သာပြာ ပြီးတော့ အမွှေးနံ့သာမီးရှို့တဲ့အိုး ဒါတွေအားလုံးက နတ်ဘုရားတွေနဲ့ ဆက်သွယ်တဲ့ပစ္စည်းတွေပဲ”
သူသည် သူ့ကိုယ်သူပြောလိုက်သည်။
“ဒီအမွှေးနံ့သာတွေက ကံကြမ္မာစာင့်ရှောက်သူတွေကို ယုံကြည်ပြီး ပူဇော်ကြတဲ့ပစ္စည်းတွေများ ဖြစ်နေမလား”
“ဟုတ်တယ်”
ရုတ်တရက် ကျန်းလော့နောက်နားမှ အသံတစ်သံထွက်လာသည်။ ကျန်းလော့၏ ဆံပင်ရှည်များသည် လှုပ်ခတ်သွားပြီး ချွေးများထွက်လာသည်။ ချက်ချင်းလှည့်ကြည့်လိုက်ရာ ကြာကန်ရှေ့တွင် ရပ်နေသော ကံကြမ္မာယုံသူကို တွေ့လိုက်ရသည်။ သူ့ကိုတွေ့လိုက်ရသည်နှင့် ကျန်းလော့၏ ဦးရေပြားများပင် စပ်ဖျင်းဖျင်းဖြစ်လာကာ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
ကံကြမ္မာယုံသူ၏ နှုတ်ခမ်းတို့သည် ကြင်နာသိမ်မွေ့စွာ ကွေးသွားပြီး
“ဒီဟာက ကျုပ်ရဲ့ စွမ်းအားအရင်းအမြစ်ပဲ”
“လူတစ်ယောက်က ယုံကြည်မှုတွေ အများကြီး လက်ခံရလာမယ်ဆိုရင် သူက နတ်ဘုရားဖြစ်လာလိမ့်မယ်”
ကံကြမ္မာယုံသူသည် ခြေထောက်ကိုမ၍ ကြာကန်ပေါ်သို့ရောက်သွားကာ ကြာရွက်များပေါ်မှ ကျန်းလော့နားသို့ လျှောက်လာသည်။
“အရှေ့ဘက်က တာအိုနတ်ဘုရားတွေနဲ့ ထာဝရရှင်သန်သူတွေ ပြီးတော့ အနောက်အရပ်က ဗုဒ္ဓဘုရားလောင်းတွေ အားလုံးကို ဘုရားကျောင်းတည်ပြီး ကိုးကွယ်ခဲ့ကြတယ် သူတို့က အဲဒီကနေ ယုံကြည်မှုတွေကို စုဆောင်းနိုင်ပြီး စွမ်းအားကြီးမားလာကြတာ ဒါပေမဲ့ ဒီလောကြီးမှာ နတ်ဘုရားတွေက တကယ်ရှိကြလို့လား”
သူသည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး
“ကျုပ်အပါအဝင် ဘယ်သူမှ နတ်ဘုရားတွေကို မမြင်ဖူးကြဘူး”
ကျန်းလော့သည် သတိရှိစွာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
“ကျုပ်တို့ ဂါထာမန္တာန်တွေရေးဖို့အတွက် နတ်ဘုရားတွေကို ပင့်ဖိတ်ကြရတယ် ကျုပ်တို့ လေ့ကျင့်ဖို့လည်း နတ်ဘုရားတွေကို ပင့်ဖိတ်ရတယ် ပြီးတော့ နတ်ဆရာမျိုးနွယ်စုကတော့ သူတို့ကိုယ်ထဲကို နတ်ဘုရားတွေ ဆင့်ခေါပင့်ဖိတ်နေကြတုန်းပဲ ဒါပေမဲ့ မင်းသူတို့ကို ဒီကမ္ဘာပေါ်မှာ နတ်ဘုရားတွေ တကယ်ရှိမရှိ သွားမေးရင်တော့ သူတို့အများစုက တကယ်မရှိဘူးလို့ပဲ ပြန်ဖြေကြလိမ့်မယ်”
ကံကြမ္မာယုံသူသည် ကြာကန်အလယ်တည့်တည့်ထိ လျှောက်လာပြီးရပ်လိုက်သည်။ ကြာကန်ထဲမှ ကြာရွက်များသည် လူတစ်ယောက် အလေးချိန်ကို မခံနိုင်လောက်အောင် အားနည်းသည်မှာ သေချာသော်လည်း ကံကြမ္မာယုံသူ၏ ခြေထောက်အောက်ရှိ ကြာရွက်ကတော့ ခိုင်ခံ့မာကျောနေသလို ထင်ရသည်။
“ဒီကမ္ဘာပေါ်မှာ ထာဝရရှင်သန်သူတစ်ယောက်ဖြစ်လာစေမဲ့ ပစ္စည်းတွေအများကြီးရှိသေးတယ်”
“ဟူလိချူကျူ့၊ ဟွမ်စဲ့ချူကျူ့ ပြီးတော့ ဖြူကောင်၊ မြွေနဲ့ ကြွက် အဲဒီဟာတွေက ကျုပ်တို့ခေါ်ကြတဲ့ ကြီးမြတ်တဲ့ မသေမျိုးငါးပါးပဲ”
ကံကြမ္မာယုံသူကပြောသည်။
“တောင်နတ်ဘုရားတွေ ကုန်းမြေတွေ တင်းရှင်းမိန်းမပျို၊ ဟေးပိုင်ဝူချန်.. ကျုပ်တို့က နတ်ဘုရားငယ်တချို့ကို မြင်ဖူးကြတယ်”
သူသည် ကြာကန်ထဲမှ ထွက်လာပြီး
“ဒါပေမဲ့ နတ်ဘုရားစစ်စစ်တွေကိုတော့ တကယ်ရှိမရှိတောင် ဘယ်သူကမှ မသိကြဘူးလေ”
ကျန်းလော့သည် သူ့နောက်မှ အမွှေးအိုးကြီးနားထိ နောက်ဆုတ်သွားသည်။ ကံကြမ္မာယုံသူကို နှုတ်ခမ်းတင်းတင်းစေ့ပြီး ကြည့်နေသည်။
“ဒါကြောင့် ကျုပ်က နတ်ဘုရားအသစ်တစ်ပါး ဖြစ်လာနိုင်မလား သိချင်နေတာ”
ကံကြမ္မာယုံသူသည် ပြုံး၍ အမွှေးအိုးနားထိလျှောက်လာကာ ကောက်ကောက်ကွေ့ကွေ့ အမွှေးတိုင်ငွေ့များကို ကြည့်ကာ
“ကျန်းလော့ မင်း နတ်ဘုရားတစ်ပါး ဖြစ်လာချင်လား”
ကျန်းလော့သည် နှုတ်ခမ်းစေ့လိုက်ပြီး လိုအင်ဆန္ဒမရှိ တည်ငြိမ်သည့် ပုံရိပ်ကောင်းတစ်ခုအဖြစ် ဟန်ဆောင်နေကာ
“ဒီဟာ အိပ်မက်ထဲမှာလား ကံကြမ္မာယုံသူ ကျွန်တော် သင်ဘာပြောနေလဲ တစ်ခုမှ နားမလည်ဘူးဗျာ”
ကံကြမ္မာယုံသူသည် ကျန်းလော့ကို ပုန်ကန်ချင်နေသော ဆယ်ကျော်သက်ကလေးငယ်ကို ကြည့်သလို ကြင်နာ စိတ်ရှည်စွာ ကြည့်လိုက်ပြီး
“မင်းနားလည်ပါတယ်”
ကျန်းလော့သည် တစ်ချက်လေးမှ ဘာမှားနေမှန်းမသိသော ရိုးသားသည့် အကြည့်ဖြင့်သာ ကြည့်နေလိုက်သည်။ ကံကြမ္မာယုံသူသည် သူ့ကိုကြည့်ပြီး အေးဆေးစွာပြုံးလိုက်သည်။ ကောင်းကင်ပေါ်မှ နှင်းများကျလာကာ ကျန်းလော့ကို နှင်းထုထဲ နှစ်မြုပ်ပစ်တော့မည့် အလား။
ကံကြမ္မာယုံသူ၏ နှင်းများဖုံးနေသလို မျက်ဝန်းများထဲတွင် ပင်လယ်သေကဲ့သို့ တည်ငြိမ်နေကာ ကျန်းလော့ကို ရေများဝန်းရံထားသော်လည်း နှစ်မြုပ်ပစ်ချင်ပုံတော့မရပေ။
ငှက်ငယ်လေးကို သတ်လိုက်စဉ်ကကဲ့သို့ တစ်လောကလုံးကို ကြင်နာပေးချင်နေသော အကြည့်များကို ကျန်းလော့ကောင်းကောင်းမှတ်မိသည်။ ယခု ဤလူသည် သူ့ကို ထိုသို့သော အကြည့်မျိုးနှင့် လာကြည့်နေသည်။
ကျန်းလော့သည် ရုတ်တရက် အကြံတစ်ခုရလိုက်ကာ ကံကြမ္မာယုံသူကို သေလူလိုစိုက်ကြည့်၍ အမွှေးအိုးထဲမှ အမွှေးတိုင်အချို့ကို ဆွဲနှုတ်ပစ်လိုက်သည်။ ထို့နောက်
“ကျွန်တော် ဒီလိုလုပ်လိုက်ရင် ခင်ဗျား စိတ်ဆိုးသွားမှာလား”
ကံကြမ္မာယုံသူသည် ကျန်းလော့ကို သားကိုမနိုင်သည့် အမေကဲ့သို့ ပြုံးလိုက်ပြီး
“မဆိုးဘူး”
ကျန်းလော့က ဆက်ပြောသည်။
“ကျွန်တော့်ကို သတ်မှာလား”
ကံကြမ္မာယုံသူက ပြောသည်။
“သေချာပေါက် မသတ်ဘူး”
ကျန်းလော့သည် ပြုံးလိုက်ပြီး သူ့နှုတ်ခမ်းသည် လှပစွာ ကွေးတက်သွားသည်။ အကယ်၍ မကောင်းဆိုးဝါးများသာ ဤနေရာတွင် ရှိနေလျှင် ဆံပင်အနက်နှင့်လူငယ်လေး၏ အပြုံးသည် သူတို့ထက်ပင် ဆိုးသွမ်းရက်စက်ပြီး လူတိုင်းကို အမှောင်ထုထဲဆွဲချသွားမည့် အပြုံးဟု မှတ်ချက်ချမှာသေချာသည်။
“နတ်ဘုရားတွေက လူတွေကိုသတ်သလား”
ကံကြမ္မာယုံသူသည် သူ့ကို ခဏလောက် ကြည့်နေကာ နှေးကွေးစွာ ဖြေလိုက်သည်။
“မသတ်ဘူး”
နတ်ဘုရားများ၏ မျက်လုံးထဲတွင် ကမ္ဘာပေါ်မှ အရာအားလုံးသည် အတူတူပဲဖြစ်သည်။ သူတို့တွင် လူသားများကို ချစ်သည့်စိတ်ရှိကြပြီး လူသားတိုင်းအပေါ်ထားသည့် နတ်ဘုရားများ၏ ချစ်ခြင်းမေတ္တာသည် အားလုံးကို တန်းတူချစ်ခြင်းဖြစ်သည်။ ထို့ကြောင့်သူတို့မျက်လုံးထဲတွင် လူသားများသည် အတူတူပင်ဖြစ်နေကာ ဤသည်ကပင် နတ်ဘုရားများ၏ အကြင်နာမဲ့မှုကို ဖော်ပြနေခြင်းဖြစ်သည်။
နတ်ဘုရားများ၏ စိတ်ထဲတွင် လူသားများ၏ သေဆုံးခြင်းသည် သစ်ပင်မြက်ပင်များ ပိုးကောင်များ သေဆုံးခြင်းရှင်သန်ခြင်းတို့နှင့် ဘာမှမကွာပေ။ သူတို့သည် ကမ္ဘာကြီး၏ ပြောင်းလဲမှုကို အမြင့်တစ်နေရာမှ ကြည့်နေကြကာ မည်သူကမှ သူတို့အမြင်တွင် ထူးခြားမနေပေ။
သူတို့သည် လူသားများကို လွယ်ကူစွာ သတ်ပစ်နိုင်သော်လည်း လူသားများသည် သူတို့ခြေထောက်အောက်ရှိ ကမ္ဘာကြီး၏ မြစ်တစ်စင်းထဲမှ ရေတစ်ပေါက်လောက်သာ ဖြစ်သောကြောင့် နတ်ဘုရားများသည် လူသားများကို သတ်ဖို့ စိတ်မဝင်စားချေ။
ရိုးရာဒဏ္ဍာရီများအရ မည်သည့်နတ်ဘုရားကမှ အပြစ်တို့ကို ဖော်ထုတ်ရန် ကမ္ဘာမြေပြင်ပေါ်သို့ ဆင်းမလာကြပေ။ သို့သော် လူသားများနှင့် နတ်ဘုရားတို့ကြားက စည်းသည် ပုံပြင်များထဲကလို ရိုးရှင်းနေတာတော့ မဟုတ်ပေ။ နတ်ဘုရားများတွင်လည်း ခံစားချက်ရှိကာ မနာလိုဝန်တိုခြင်းနှင့် ချစ်ခြင်းမေတ္တာကို ခံစားနိုင်ကြသည်။ ကျန်းလော့သည် သတ္တိကြောင်သော မိန်းမပျိုများကို ပူဇော်ခံကပစ္စည်းအဖြစ် လက်ခံသော နတ်ဘုရားများအကြောင်းလည်း ကြားဖူးသည်။ ကောင်းကျိုးအတွက် ကိုယ့်ကိုယ်ကို စတေးသွားကြသော နတ်ဘုရားများ၏ ခမ်းနားသော ပုံပြင်များကိုလည်း ကြားဖူးကြလေသည်။
သို့သော် အတုအယောင်နတ်သာ ကံကြမ္မာယုံသူသည် ထိုသို့ ခမ်းနားကြီးမြတ်သော နတ်ဘုရားများနှင့် ဘာမှကို မဆိုင်အောင် ကွာခြားလှသည်။
သူ့တွင် လိုအင်ဆန္ဒနှင့် ခံစားချက်ခုနှစ်မျိုးလည်း မရှိသလို ဆိုးယုတ်သော စိတ်ထားအတွေးအခေါ်များလည်း မရှိပေ။ သူ့တွင် အရာရာတိုင်းအတွက် ကောင်းမွန်သော ရည်ရွယ်ချက်များသာရှိပြီး ကျန်းလော့ကို တမင်တကာ နေမကောင်းဖြစ်အောင် လုပ်နေခြင်းနှင့် ကွာခြားလှသည်။
ကံကြမ္မာယုံသူသာ အတုအယောင်နတ်ဘုရားဖြစ်လာပြီးနောက် အစစ်အမှန်နတ်ဘုရားအဖြစ်ကူးပြောင်းသွားပြီး သူကဲ့သို့သော သူနောက်တစ်ယောက် ချန်ခဲ့ချင်တာမျိုးလား မသိပေ။
သို့သော် ကံကြမ္မာယုံသူသာ လိုအင်ဆန္ဒများ ရှိလာရန် မကောင်းသည့် အတွေးအခေါ်များ ရိုက်သွင်းခြင်း ခံရမည်ဆိုပါလျှင်...
ကံကြမ္မာယုံသူသည် ကျန်းလော့ကို သူကဲ့သို့ နှလုံးသားမရှိ စိတ်ဆန္ဒကင်းမဲ့သောသူ ဖြစ်လာရန် ဆွဲဆောင်နေသည်။ ကျန်းလော့ကရော ကံကြမ္မာယုံသူကို သူလုပ်တာနှင့် ပြောင်းပြန် ဆိုးယုတ်သော စိတ်ဆန္ဒတို့ ပြန်ထည့်ပေးနိုင်ပါမည်လား။
သူ့ကို စိတ်တိုလာအောင်လုပ်၊ သူများကို သတ်ချင်လာအောင် လောဘကြီးလာအောင်၊ တဏှာကို တပ်မက်လာအောင် လုပ်လိုက် မယ်ဆိုရင်...
‘နတ်ဘုရားတစ်ပါးဖြစ်ချင်တာကလည်း စိတ်ဆန္ဒတစ်မျိုးပဲလေ..’
ကျန်းလော့၏ မျက်လုံးများသည် ကြယ်ပွင့်များကဲ့သို့ တဖျက်ဖျက်လက်လာသည်။
‘တကယ်လို့ ကံကြမ္မာယုံသူက သူများကို ဒုက္ခပေးချင်စိတ်တွေ လိုချင်တာတွေ များလာရင် အတုအယောင်နတ်ဘုရားအဖြစ်ကနေ လူသားအဖြစ် ပြန်လျောကျသွားနိုင်မလား’
#####