အပိုင်း (၁၅၄)
နှင်းဆီပန်း
ကြောက်ရွံ့မှု၊ သတ်ဖြတ်ချင်စိတ်၊ အမုန်းတရား ဤအရာများသည် လူတစ်ယောက်၏ ဆိုးယုတ်ခြင်းတို့်ကို မြင့်တင်ပေးနိုင်သည့် အဓိကအရာများဖြစ်သည်။ ကျန်းလော့သည် ကံကြမ္မာယုံသူ၏ မျက်နှာတွင် အကြောက်တရားနှင့် အမုန်းတရားတို့ မဖုံးနိုင် မဖိနိုင်ပေါ်လာမည်ကို တွေးကြည့်ပြီး အလွန်အူမြူးသွားသည်။
‘ကံကြမ္မာယုံသူက ငါ့ကို သတ်ချင်လာအောင် မုန်းလာအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ’
‘ဒါမှမဟုတ် ကြောက်သွားအောင် ခြောက်လိုက်ရမလား’
ကျန်းလော့က ရုတ်တရက် ပြောလိုက်သည်။
“ခင်ဗျား တမင်တကာ ဝိညာဉ်စုပ်ဆွဲပြားကို ထိလိုက်တာလား”
ကံကြမ္မာယုံသူသည် အပြုံးမပျက်ဖြေလိုက်သည်။
“ကျုပ်က ဒီတိုင်း မင်းကျုပ်ကို အထင်မှားနေတာ တစ်ခုခုရှိတယ် ထင်လို့လေ”
သူ့စကားများသည် ဝန်ခံချက်ပေးနေသလိုပင်။ ကံကြမ္မာယုံသူ၏ မျက်ဝန်းများသည် နူးညံ့ခြင်းတို့ကိန်းအောင်းနေဆဲ ဖြစ်ကာ ညင်သာစွာ ရှင်းပြသည်။
“မင်းက ကျုပ်ရဲ့ အစစ်အမှန်ကို မြင်ချင်နေမှတော့ ပြပေးရမှာပေါ့ ဒီအခွင့်အရေးကြောင့် မင်းကျုပ်ကို အမြင်မှားနေတာတွေ ရှင်းလင်းသွားဖို့ မျှော်လင့်ပါတယ်”
ကျန်းလော့မျက်စံသည် နောက်သို့ လည်သွားပြီး နည်းနည်းလေး စိတ်ဝင်စားလာသည်။
“ခင်ဗျားက ကျွန်တော် ဟန်ဆောင်နေတာကို သိတာလား”
ကံကြမ္မာယုံသူသည် ပြုံး၍သာနေပြီး ဘာမှပြန်မပြောပေ။
“ကံကြမ္မာယုံသူကတော့ ကံကြမ္မာယုံသူပါပဲ”
ကျန်းလော့သည် လက်မြှောက်၍ လက်ခုပ်တီးလိုက်ပြီး ရိုးရှင်းစွာပင် ဟန်ဆောင်ထားတာကို ခွာချလိုက်ကာ စိတ်ဝင်စားစွာပြောသည်။
“ဒါဆို ခင်ဗျား ဘာလို့ ကျွန်တော့်ကို မဖော်ထုတ်တာလဲ”
“ဘာလို့လဲဆိုတော့ မင်းက ချီယုံ့ကို ဒဏ်ရာရအောင် လုပ်ခဲ့လို့လေ”
ကံကြမ္မာယုံသူသည် မတုံ့ဆိုင်းပဲ ပြန်ပြောသည်။
“ပြီးတော့လဲ မင်းဘာပဲလုပ်လုပ် မင်းသူ့ကို မင်းတတ်နိုင်သလောက် ဒဏ်ရာရအောင် လုပ်ခဲ့တာပဲလေ ဒါမှမဟုတ် သူကိုယ်တိုင်ကိုက မင်းကြောင့် ဒဏ်ရာရချင်ခဲ့တာဆိုရင်တောင် ကျုပ်ကျေနပ်တယ် မင်းကြောင့် သူ့လက်မောင်းတစ်ဖက်တော့ ကျိုးသွားတယ်လေ”
“ဒီလောက်နဲ့တင် လုံလောက်နေပါပြီ”
သူကဆက်ပြောသည်။
“မင်းက ကျုပ်ထင်တာထက်တောင် ရလဒ်ကောင်းရလာသေးတယ်လေ”
ကျန်းလော့သည် နှုတ်ခမ်းစေ့လိုက်ပြီး ဝတ်ကျေတန်းကျေ ပြုံးလိုက်သည်။ ရှင်းလင်းစွာ အစစ်အမှန်ကို ဖွင့်ပြပြီးနောက် ကံကြမ္မာယုံသူက ဆက်မေးသည်။
“မင်း နတ်ဘုရားဖြစ်မလာချင်ဘူးလား”
သူ့အသံသည် နူးညံ့ပြီး အဝေးကြီးမှလာသော အသံကဲ့သို့ ဖြစ်နေကာ သူ့နားထဲမှ ဦးနှောက်ဆီသို့ တိုက်ရိုက်ရောက်သွားမည့်ပုံပေါ်သည်။ တစ်စုံတစ်ယောက်သည် သူ့စကားတို့သာ အမှန်ဖြစ်သလို ဦးနှောက်အဆေးခံရတော့မည့်အသံလိုမျိုး နတ်ဘုရားတစ်ပါး၏ အသံလိုမျိုးဖြင့်
“မင်း ယင်ယန်လက်ကောက်ကို ဖွင့်လိုက်ထဲက မင်းမှာ သေခြင်းရှင်ခြင်းကို လွန်ဆန်ချင်တဲ့ စိတ်ဆန္ဒပြင်းပြင်းပျပျ ရှိနေတယ်လို့ ဆိုလိုတာပဲ ပြီးတော့ မင်းရဲ့ အဲဒီ နတ်ဘုရားစွမ်းအားကို လိုချင်တဲ့ ဆန္ဒက မင်းဆီမှာရော ကျုပ်ဆီမှာရော ရှိနေကြတယ်လေ ကျန်းလော့ ကျုပ်တို့က တူညီတယ်”
“ထာဝရရှင်သန်မှု စွမ်းအားကြီးမယ် လူသန်းပေါင်းများစွာ အထက်မှာ ရပ်တည်ကြမယ်”
ကံကြမ္မာယုံသူသည် ကျန်းလော့ကို အကြည့်မလွှဲပဲ ဆက်ပြောလိုက်သည်။
“လက်မြှောက်လိုက်တာနဲ့ တိမ်ထူလာမယ် လက်မြှောက်လိုက်တာနဲ့ မိုးရွာလာမယ် ကမ္ဘာပေါ်က လူတိုင်းရဲ့အထက်မှာ ရပ်တည်ပြီး ကမ္ဘာကြီးထဲ လှည့်လည်သွားကြမယ်”
“မရေမတွက်နိုင်တဲ့ လူတွေက မင်းကို တောင့်တ တောင်းဆိုလာကြမယ် ပြီးတော့ မင်းရဲ့ မိုးကြိုးပဲဖြစ်ဖြစ် မိုးရေပဲဖြစ်ဖြစ် (ကောင်းတာဆိုးတာအကုန်) သူတို့ဆီရောက်သွားရင် နတ်ဘုရားဆီက လက်ဆောင်လို တန်ဖိုးထားပေးကြမှာပဲ ဒီလိုဘဝမျိုးကို မလိုချင်ဘူးလား”
ထိုသို့သော ဆွဲဆောင်မှုကို မည်သူကမှ တောင့်ခံနိုင်မှာ မဟုတ်ပေ။
ထာဝရရှင်သန်ခြင်း တစ်ခုထဲကပင် လူတိုင်း၏ နှလုံးသားကို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်ပေသည်။ မည်သူကမှ သူတို့ဘယ်အချိန်ထိ အသက်ရှင်ရမည်ကို မသိကြပေ။ ကံကြမ္မာယုံသူ၏ မျက်နှာသည် အသက် နှစ်ဆယ် သုံးဆယ်ကြားက လူငယ်တစ်ယောက်လို ငယ်ရွယ်ပြီး ကြည့်ကောင်းနေသေးသည်။ မည်သူကများ ယခုအသက်အရွယ်အတိုင်း ဖြစ်နေပြီး မသေတော့မည့်အဖြစ်ကို ငြင်းဆန်နိုင်ပါမည်နည်း။
ကျန်းလော့သည် ကံကြမ္မာယုံသူက သူ့ကို ညှို့ယူခြင်း နည်းလမ်း အသုံးပြု၍ ဆွဲဆောင်နေကြောင်း သိနေသော်လည်း သူနှလုံးသားသည် အခုန်မြန်နေဆဲဖြစ်သည်။
“တကယ်လို့ မင်းကသာ ရွှမ်ရွှီလောကကြီးကို ဖျက်ဆီးမဲ့ တရားခံကို သတ်ပစ်လိုက်မယ်ဆိုရင် မင်းလည်းပဲ လူတိုင်းရဲ့ ယုံကြည်မှုတွေရလာပြီး ကျုပ်လို အတုအယောင်နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မယ်”
ကံကြမ္မာယုံသူသည် ကျန်းလော့ကို နူးညံ့စွာကြည့်သည်။
“အတုအယောင်နတ်ဘုရားနဲ့ အစစ်အမှန်နတ်ဘုရားကြားမှာ တစ်ဆင့်ပဲကွာမှာ မင်းအခုထက်ပိုပြီး မသန်မာလာချင်ဘူးလား”
“ကျွန်တော်..”
ကျန်းလော့က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။
“ခင်ဗျားက ကျွန်တော့်ကို ဖြားယောင်းနေတယ်လို့ပဲ ထင်တယ် ကံကြမ္မာယုံသူ၊ ကြားရတာတော့ လွယ်လွယ်လေးပဲနော် ကျွန်တော် လုပ်ရမှာအားလုံးက ချီယုံ့ကို သတ်ရမယ် ပြီးရင် ခင်ဗျားနဲ့ ကျွန်တော်က အတုအယောင်နတ်ဘုရား ဖြစ်လာကြမယ် အတုအယောင်နတ်ဘုရားလေးပဲဆိုရင်တောင် ဒီကမ္ဘာပေါ်မှာတော့ ကျုပ်က ထိပ်ဆုံးကို ရောက်နေမှာပေါ့ ဟုတ်လား”
သူ့လက်များသည် မြှောက်တက်လာပြီး သုံးချောင်းထောက် ဧရာမအမွှေးအိုးကြီး၏ ထောင့်တစ်ဖက်ချင်းစီကို ညွှန်ပြနေကာ
“ကျုပ် ချီယုံ့ကို တိုက်ခိုက်ရမှာကို မပြောနဲ့ဦး ကျုပ်ကို တားမြစ်နည်းလမ်းတစ်ခုပေးပြီး ချီယုံ့ကို သတ်အောင်လုပ်ခဲ့တာ ခင်ဗျားပဲ ဒါပေါ့ အဲဒါကြောင့်နဲ့ပဲ သူက ကျုပ်ကို သူသေပြီးတော့ နှိပ်စက်ပြီး လက်စားပြန်ချေချင်ခဲ့တာ ဒီမှာ ကျုပ်တို့က သေဆုံးကြရဖို့အတွက် မွေးဖွားလာတာ ကျုပ်တို့ ကြိုးစားပြီး ရှင်သန်နေထိုင်ကြဖို့ မွေးဖွားလာတာ ဘယ်သူ့မှာမှ ချွင်းချက်ဆိုတာမျိုး မရှိဘူး ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ကျုပ်နဲ့ ချီယုံ့မှာ ဆက်ဆံရေးတစ်ခုရှိခဲ့တယ်”
တခြားလူများအကြောင်းကို ဘေးမှရပ်ကြည့်သည့် ဘာမှမဆိုင်သည့် လူအတိုင်း ပြောပြနေသလို ကျန်းလော့အသံသည် တည်ငြိမ်နေသည်။ သူ စကားပြောလိုက်တိုင်း မီးတောက်ကဲ့သို့ နီရဲသော ဝိညာဉ်စုပ်ဆွဲပြားသည် ကခုန်နေသည်။
“ဒါနဲ့ပဲ ခင်ဗျားက ကျုပ်ကို ရှောင်ချန်ရေကန်ဆီရောက်အောင်ခေါ်လာခဲ့တယ် ချီယုံ့အပေါ်ထားတဲ့ ခံစားချက်တွေကို ဖျက်ပစ်ဖို့နဲ့ ဒီအခွင့်အရေးကို အပြည့်အဝယူပြီး ကျုပ်ကို ချီယုံနဲ့ပတ်သတ်တဲ့ ခံစားချက်တွေကို ဆေးကြောပစ်ချင်တာလေ ဒါကြောင့် ခင်ဗျားကျုပ်ကို ရှောင်ချန်ရေကန်ကို ခေါ်လာပြီး စိတ်ခံစားချက် မရှိတဲ့ကောင်ဖြစ်အောင် လုပ်တာလေ ခင်ဗျားပြောတဲ့ အညစ်အကြေးကို ဖယ်ထုတ်တယ်ဆိုတာ အလကားပဲ ကျုပ်ရဲ့ချီယုံအပေါ်ထားတဲ့ ခံစားချက် အားနည်းချက်တွေကို ဖယ်ထုတ်ပစ်ချင်ခဲ့တာမလား ဟုတ်တယ်မလား”
ကံကြမ္မာယုံသူသည် သူ့ကို တိတ်ဆိတ်စွာ ပြုံးကြည့်နေသည်။ သူ့အပြုံးသည် လေပြေကဲ့သို့ ပေါ့ပါးပြီး လရောင်ကဲ့သို့ ကြည်လင်နေကာ လူကြီးဆန်ဆန် အေးချမ်းနေသည်။ သူသည် ဝန်မခံသလို ငြင်းလဲမငြင်းပေ။ ကျန်းလော့ကို ဘာတွေးနေနေ သူ့အပေါ်သက်ရောက်မှု ရှိမလာနိုင်သလို ပြုံးမြဲပြုံးနေသည်။ ကျန်းလော့သည် သူ့ကို လုံးဝဂရုမစိုက်ပဲ ဆက်ပြောသည်။
“ဒီခင်ဗျားပြောတဲ့ နည်းအတိုင်းဆို ချီယုံ့ကို သတ်တာက ကျုပ်တစ်ယောက်ထဲအတွက်ပဲ အကျိုးရှိမှာ”
“ဒါပေမဲ့..”
အကယ်၍ ချီယုံသာ သေဆုံးသွားပါလျှင် ကျန်းလော့အတွက် ဤလောကကြီးသည် မှုန်မှိုင်းပြီး ပျော်စရာတစ်စက်မှ ရှိတော့မှာမဟုတ်ပေ။ အသက်ရှည်ကြီးနေခြင်းသည် မိုက်မဲသော ခေါင်းမာသော မဆင်မခြင်အပြုအမူ အတွေးအခေါ်များကိုသာ ရှည်ကြာနေစေပြီး ဘယ်နေရာမှ အသုံးဝင်မှာ မဟုတ်ပေ။
မကောင်းဆိုးဝါးအတွေးများ သူ့စိတ်ထဲဝင်လာပြီး စိတ်ဝိညာဉ်ကို သက်ရောက်သွားတာကမှ ပိုကောင်းဦးမည်။
မကောင်းဆိုးဝါးကို သတ်ရုံနဲ့ ဘယ်လုံလောက်မှာလဲ မကောင်းဆိုးဝါးကို ထိန်းသိမ်းထားပြီး တစ်ယောက်တစ်ပြန် သတ်ကြတာကမှ ပျော်စရာကောင်းမှာ။
ချီယုံ့ကို သတ်ရမည်ဟူသော စကားကြောင့် ကျန်းလော့သည် ကံကြမ္မာယုံသူ၏ သောက်သုံးမကျသော ညှို့ယူခြင်း နည်းလမ်းသုံးထားသည့် စကားများမှ ထွက်လာနိုင်ခြင်း ဖြစ်သည်။
ကျန်းလော့စိတ်ထဲမှ ချီယုံ့နေရာကို ဘာနှင့်မှ အစားထိုးနိုင်မှာ မဟုတ်ပေ။
(T/N: ဒါကို ကိုကြီးကျန်းက ဇွတ်မကြိုက်ဘူး မုန်းတယ်ပဲ လုပ်နေတုန်း)
သူ အသတ်ချင်ဆုံးသူမှာ ကံကြမ္မာယုံကြည်သူမဟုတ်သလို အလွန်မုန်းသော ဖုန်းလီလည်း မဟုတ်ပေ။
ချီယုံသာလျှင် ဖြစ်သည်။ ချီယုံသည် ကျန်းလော့၏သားကောင်ဖြစ်သည်။ ကံကြမ္မာယုံသူပင်လျှင် ချီယုံ့ကို ထိခွင့်မရှိပေ။
“ခင်ဗျား ခုနပဲပြောလိုက်တာ နတ်ဘုရားတွေက လူသားတွေကို မသတ်ဘူး ဟုတ်တယ်မလား ဒါဆို ခင်ဗျား ကျုပ်ကို သတ်လို့မရဘူးပဲ..”
ဆံပင်အနက်ရောင်ကောင်လေး၏ နှုတ်ခမ်းများသည် ဖြည်းညင်းစွာ ကွေးတက်လာပြီး ထူးဆန်းသော အပြုံးတစ်ခု ဖြစ်တည်လာကာ ကံကြမ္မာယုံသူနားသို့ ခြေတစ်လှမ်းတိုး၍ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ
“ကံကြမ္မာယုံသူ ဒါဆို ကျုပ်ကပဲ စမုံတုန်းပေးလိုက်ပါ့မယ် ခင်.. ဗျား.. ကို”
သူသည် အရောင်မဲ့လုလု မျက်ဝန်းများထဲသို့ တိုက်ရိုက်စိုက်ကြည့်လိုက်ပြီး
“အခုက စပြီး ကျုပ်ရဲ့ တစ်ခုထဲသော ရည်မှန်းချက်က ခင်ဗျားကို နတ်ဘုရား မဖြစ်လာအောင် တားဆီးဖို့ပဲ ဒီတော့ ကျုပ်က ခင်ဗျားကို အခွင့်အရေးတစ်ခုပေးမယ် ခင်ဗျား ကျုပ်ကို သတ်လိုက်”
သူသည် လည်ပင်းကို လစ်ဟပြလိုက်ပြီး သူ၏ ရှည်သွယ်သော လည်ပင်းသည် ကံကြမ္မာယုံသူ၏ မျက်လုံးတည့်တည့်တွင် လှစ်ဟပြနေကာ အသက်သွေးကြောသည် အကာအကွယ်မရှိစွာ ထင်ထင်ရှားရှား မြင်နေရသည်။
“ခင်ဗျား ကျုပ်ကို မသတ်ရင် ကျုပ် ခင်ဗျားကို သတ်မဲ့အချိန်ကို စောင့်နေလိုက်တော့”
ထိုစကားကြားပြီးနောက်ဆုံးတွင် ကံကြမ္မာယုံသူ၏ မျက်ဝန်းထဲတွင် အရိပ်အယောင်တချို့ပေါ်လာတော့သည်။
“မင်း ကျုပ်ကို သတ်လို့မရပါဘူး”
ကျန်းလော့သည် ရယ်မောလိုက်ပြီး
“ခင်ဗျား ကျုပ်ကို မသတ်တာ ခင်ဗျားအလုပ် ကျုပ်ခင်ဗျားကို သတ်နိုင်နိုင် မနိုင်နိုင် အဲဒါက ကျုပ်ကိစ္စ ကြည့်ထားလိုက် ကျုပ်က ခင်ဗျားကို အသေသတ်ဖို့ ကျုပ်လုပ်နိုင်တာ အကုန်လုပ်မှာ ခင်ဗျား နတ်ဘုရား မဖြစ်လာအောင် နည်းမျိုးစုံနဲ့ တားပြမယ်”
ကံကြမ္မာယုံသူသည် ကြောင့်ကြမှုတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ ကျန်းလော့၏ မထင်မှတ်ထားသော လှုပ်ရှားမှုသည် သူ့ကို သေခြင်းချောက်ကမ်းပါးစွန်းသို့ တွန်းပို့နေသည်။ ကံကြမ္မာယုံသူက ကျန်းလော့ကို မသတ်သော်လည်း ကျန်းလော့ကတော့ သူ နတ်ဘုရားဖြစ်လာခြင်းကို အစွမ်းကုန်တားဆီးမှာ ဖြစ်သည်။ ကံကြမ္မာယုံသူက သူ့ကို သတ်လိုက်လျှင်လည်း ကျန်းလော့သေသွားပြီး သူသည်လည်း နတ်ဘုရားတစ်ပါး ဖြစ်လာမှာ မဟုတ်တော့ပေ။ ဟောကိန်းသည်လည်း သူ့အလိုလို ပျောက်ပျက်သွားမှာပဲ ဖြစ်သည်။
ဝိညာဉ်နယ်မြေထဲတွင် သုံးမိနစ်ကျော်နေပြီးပြီ ဖြစ်သော်လည်း ကျန်းလော့ကတော့ အပြင် ပြန်မရောက်သွားသေးပေ။
အကြာကြီး ကြာအောင် စဉ်းစားပြီးနောက် ကံကြမ္မာယုံသူက ပြုံးလိုက်သည်။
“ကျုပ်မင်းကို လျော့တွက်မိသွားတယ်”
ကျန်းလော့မျက်လုံးများသည် မီးတောက်သလို တောက်လာသည်။
“ကျုပ်ကို မသတ်ဘူးလား”
“ကျုပ်မင်းကို သတ်မှာမဟုတ်ဘူး”
ကံကြမ္မာယုံသူသည် ယောင်ယောင်လေး ပြုံး၍
“နတ်ဘုရားကို မင်းဘယ်လိုသတ်နိုင်မလဲ”
ထိုစကားကို ကြားပြီးသည်နှင့် ရင်းနှီးနေသော မူးဝေမှုကို ခံစားလိုက်ရာကာ ကံကြမ္မာယုံသူ၏ ဝိညာဉ်နယ်မြေထဲမှ အပြင်သို့ ရောက်သွားသည်။
ကျန်းလော့သည် မထွက်ခွာမှီ သုံးချောင်းထောက် အမွှေးအိုးကြီးကို ကြည့်ခဲ့သည်။ အမွှေးအိုးကြီး၏ အရှေ့ဘက်တွင် “ဗုဒ္ဓ”ဆိုသော စာလုံးဖြင့် စည်းပိတ်ထားသည်။
‘ဗုဒ္ဓ...’
စင်္ကြာမုနိ ဗုဒ္ဓမြတ်စွာဘုရားသည် ကိုယ့်အသားကိုယ် လှီးဖြတ်၍ လင်းယုန်ငှက်ကို အစာကျွေးခဲ့ပြီး ထိုနေရာတွင်ပင် ဗုဒ္ဓဘုရား ဖြစ်လာရန် တရားထိုင်ခဲ့သည်။ ကိုယ့်အသားကိုယ် ဖြတ်လှီးး၍ ကျားစာကျွေးခဲ့ဖူးသော ဗုဒ္ဓဘုရားလောင်း မင်းသားသိဒ္ဓတ္ထအကြောင်းသည်လည်း အလွန်နာမည်ကြီးသော ဇာတ်နိပါတ်တော်တစ်ပုဒ် ဖြစ်ပြီး ကျန်းလော့သည် ထိုဇာတ်တော်များကို ကံကြမ္မာယုံသူကြောင့် သတိရသွားသည်။
‘ဒါက ကံကြမ္မာယုံသူ အတုယူတဲ့ ကောင်းတဲ့အချက်လား’
‘ကောင်းတာတွေ အများကြီး မရေမတွက်နိုင်အောင် လုပ်ရင် နတ်ဘုရားဖြစ်လာမယ်လို့ ထင်နေတာလားဟ’
ကျန်းလော့သည် အတွေးမများတော့ပဲ မျက်လုံးဖွင့်လိုက်သောအခါ ရှောင်ချန်ကန်ထဲ ပြန်ရောက်နေပြီဖြစ်သည်။ ရေပူများသည် ပလုံစီနေပြီး ကံကြမ္မာယုံသူသည် သူ့လက်မောင်းကို ထိန်းကိုင်ထားပေးတုန်း ဖြစ်သည်။ သူတို့ အကြည့်ခြင်းဆုံသွားသောအခါ ကျန်းလော့သည် နွေးထွေးစွာပြုံးပြလိုက်ကာ ကံကြမ္မာယုံသူကို ပြောလိုက်သည်။
”ကံကြမ္မာယုံသူ ခင်ဗျား ကျွန်တော့်ကို မသတ်ရင် နောင်တရလိမ့်မယ်နော်”
ကံကြမ္မာယုံသူသည် သူ့ကို ကလေးဆိုးတစ်ယောက်လိုကြည့်ကာ စိတ်ရှည်စွာပြောသည်။
“မင်း စိတ်ပြောင်းသွားပါလိမ့်မယ်”
သူသည် နောက်ဆုတ်၍ ကျန်းလော့ကို ရှောင်ချန်ရေကန်ထဲမှ ထုတ်ပေးလိုက်ကာ
“ရေပူစမ်းက မင်းအပေါ် သက်ရောက်မှုမရှိဘူးဆိုမှတော့ ဒီမှာ ထပ်စိမ်စရာမလိုတော့ဘူး ကျိယောင်ဇီကိုပဲ မင်းကို ပိုပြီးသန်မာလာစေမဲ့ ပညာရပ်တွေ သင်ပေးခိုင်းရတော့မှာပဲ”
ကျန်းလော့သည် တိတ်ဆိတ်စွာ နားထောင်နေရင်း ထပ်မေးလိုက်ပြန်သည်။
“တကယ်လို့ ကျွန်တော် စိတ်မပြောင်းသွားဘူး ဆိုရင်ရော”
“ကျုပ်က လူတွေကို ဖိအားမပေးတတ်ဘူး”
ကံကြမ္မာယုံသူသည် ဘာလုပ်ရမှန်းမသိသလို နှစ်ခါလောက်ရယ်လိုက်ပြီး ကျန်းလော့ကို ပြန်ကြည့်ကာ သိမ်မွေ့စွာပြောလိုက်သည်။
“ကြားနာမှုပြီးသွားလို့ မင်းဘက်ကသာ တောင်ပေါ်ပြန်တက်လာဖို့ ဆန္ဒရှိမယ်ဆိုရင် ရွှမ်ရွှီလောကကြီးကို မင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်လိုက်တာလို့ ယူဆမယ် မင်းပြန်မလာချင်ဘူးဆိုလဲ ကျုပ်မင်းကို ခက်ခဲအောင် လုပ်မှာ မဟုတ်ဘူး”
သူသည် သက်ပြင်းချလိုက်ပြီး
“မင်းသူငယ်ချင်းတွေ ကပ်ဘေးထဲမှာ သေသွားကြမှာကတော့ စိတ်မကောင်းစရာဖြစ်သွားမှာပေါ့”
ကျန်းလော့ အပြုံးသည် လျော့တိလျော့ရဲဖြစ်သွားကာ သူ့မျက်နှာသည် တဖြည်းဖြည်း အမူအယာမဲ့ အေးစက်လာသည်။
ကျန်းလော့နှင့် ကံကြမ္မာယုံသူတို့ ရှောင်ချန်ရေကန်ထဲမှ ထွက်လာသည်နှင့် ဖုန်းလီ၏ ဒေါသတကြီး စကားများကို ကြားလိုက်ရသည်။
“မင်းနေမကောင်းသေးတာကို ဘာလို့ ရေကန်ထဲကို ဇွတ်ဆင်းသွားရတာတုန်း”
ကျန်းလော့သည် အေးစက်စွာဖြင့် မျက်နှာလွှဲနေပြီး တိတ်ဆိတ်နေလိုက်သည်။ ဖုန်းလီကလည်း သူ့အဖြေကို လိုအပ်မနေသောကြောင့် သူ့အကြည့်သည် ကျန်းလော့လက်ကောက်ဝတ်ကို ကိုင်ထားသော ကံကြမ္မာယုံသူ၏ လက်ဆီသို့ရောက်သွားသည်။
သူ့အကြည့်တို့သည် ခက်ထန်သွားကာ ကံကြမ္မာယုံသူ၏လက်ကို ရေခဲတုံးအဖြစ်ပြောင်းပစ်လိုက်ချင်သည့်နှယ်။
ကံကြမ္မာယုံသူသည် တစ်စုံတစ်ခုကို ခံစားမိကာ ဖုန်းလီကို အတွေးများစွာကြည့်၍ ရုတ်တရက်ပြောလိုက်သည်။
“ကောင်းကင်သခင် မင်း တောင်အောက်ဆင်းသွားဖို့ အချိန်ကျလာပြီ”
ဖုန်းလီသည် မျက်လုံးပင့်လိုက်ပြီး ကံကြမ္မာယုံသူနှင့်အကြည့်ချင်းဆုံ၍ အေးစက်စွာပြောသည်။
“ကံကြမ္မာယုံသူက ခင်ဗျား ဘာပြောချင်တာလဲ”
“ကောင်းကင်သခင်ကြီးက အသက်ကြီးလှပြီ သူ့မှာ အသက်ရှင်ဖို့အချိန်သိပ်မကျန်တော့ဘူး”
ကံကြမ္မာယုံသူသည် အေးဆေးစွာ နားချနေသည်။
“ဒီမှာ ကျုပ်နဲ့ အချိန်လာဖြုန်းနေမဲ့အစား မင်း ပြန်သွားပြီး သခင်ကြီးကို အဖော်ပြုပေးသင့်တယ်”
ဖုန်းလီ၏ မျက်နှာသေသည် နည်းနည်းမှ မပြောင်းသွားပဲ သူ့လက်မှ ကျောက်စိမ်းလက်စွပ်ကို လှည့်နေကာ
“ကောင်းပြီ”
“ဒါပေမဲ့ ကံကြမ္မာယုံသူအနေနဲ့ ဒီလောက် ဒုက္ခခံပေးဖို့မလိုပါဘူး”
သူသည် တောင့်တင်းလေးနက်စွာပြောလိုက်သည်။
“ကျုပ်လဲသွားမယ် ကျုပ်တပည့်ကလည်း ဒီမှာနေခဲ့စရာ အကြောင်းမရှိဘူး သူ့ကိုပါ တစ်ခါထဲ ခေါ်သွားမယ်”
ကံကြမ္မာယုံသူက ပြောသည်။
“သူတောင်ပေါ်မှာပဲ နေခဲ့လိမ့်မယ်”
ဖုန်းလီသည် နှာမှုတ်လိုက်ပြီး သူ့ဓားသွားထိပ်ဖျားသည်ကံကြမ္မာယုံသူကို ချိန်ရွယ်ထားပြီး မရေမရာပြောလိုက်သည်။
“ကံကြမ္မာယုံသူ ကျန်းလော့က ကျုပ်တပည့်ပါ”
“ကောင်းကင်သခင်”
ကံကြမ္မာယုံသူက ပြောသည်။
“ကျုပ်က မင်းရဲ့ဘာလဲ”
ဖုန်းလီသည် အနည်းငယ် မွန်းကျပ်သွားပြီး သူ့မျက်နှာသည် ခက်ထန်သွားတော့သည်။ သူသည် ကံကြမ္မာယုံသူကို မသတ်မိစေရန် ဒေါသကိုထိန်း၍ သူ့ကိုယ်သူ မနည်းထိန်းချုပ်နေရပုံဖြစ်နေသော်လည်း ဘာမှတော့မပြောလာပေ။
“ကောင်းကင်သခင်ကြီးကို ဘာဖြစ်သွားလဲဆိုတာ ငါကိုယ်တိုင် ရှင်းပြလိုက်မယ်”
ကံကြမ္မာယုံသူက ဆက်ပြောသည်။
“ပြီးတော့ မင်း မင်းကတော့ ကိုယ့်ခြေထောက်နဲ့ကိုယ် တောင်အောက်ဆင်းသွားတော့”
ဖုန်းလီသည် လျင်မြန်စွာ တည်ငြိမ်လာပြီး
“ကျုပ်မသွားခင် ကျန်းလော့ကို ရှင်းပြစရာ တချို့ ကျန်နေသေးတယ် ကံကြမ္မာယုံသူ ခင်ဗျားလက်ကိုလွတ်လိုက်ပါ”
ကံကြမ္မာယုံသူသည် လက်ကိုလွတ်ပေးလိုက်ပြီး ကျန်းလော့သည် ဖုန်းလီဆီသို့ လျှောက်သွားလိုက်သည်။ ဖုန်းလီ၏ မျက်နှာသည် မည်းမှောင်နေပြီး ကျန်းလော့ကို အပြင်သို့ ခေါ်သွားသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူသည် အလွန်လေးနက်သော အသံဖြင့်ပြောသည်။
“အဲဒီရေတွေက အများကြီး စိမ်လို့မကောင်းဘူး ပြောရရင် မင်းအတွက် မကောင်းဘူး”
ကျန်းလော့သည် အလွန်ပျင်းရိနေကာ
“ကျွန်တော် အဲဒီရေကန်နဲ့ ဘာလုပ်လို့ရမှာလဲ”
ဖုန်းလီ၏ မျက်ခုံးများသည် အနည်းငယ်တွန့်သွားပြီး
“မင်းကိုယ်မင်း မပိုင်တော့ဘူး ဆိုရင်ရော မင်းဘာတွေများ ကြီးကြီးကျယ်ကျယ် လုပ်လို့ရမှာလဲ ”
ကျန်းလော့သည် ဖုန်းလီ သူ့ကို ငြိတွယ်နေသည့် စိတ်ဆန္ဒကို မည်သို့ ထိန်းချုပ်ထားလဲ သိချင်လှသည်။ သူ့မျက်စိထဲတွင် ဖုန်းလီသည် ရယ်စရာကောင်းနေသည်။ သူသည် သူ့အသံကို တပည့်ဆိုးတစ်ယောက်လို ပြောင်းလဲ၍
“ဟုတ်”
ထို့နောက်တွင်တော့ သူတို့နှစ်ယောက်လုံး စကားမပြောကြတော့ပေ။ ဖုန်းလီ၏ စိတ်အခြေအနေသည် အနုတ်ပြနေပြီဖြစ်ပြီး သူ့မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် တည်တံ့နေသည်။ ကျန်းလော့သည် ဖုန်းလီ၏ ဤမျက်နှာထားသာရှိလျှင် သရဲနှင်ဖို့ ဂါထာမလိုတော့ဘူးဟု တွေးမိသည်။ ကျန်းလော့သည် ဘာမှကို မပြောချင်နေသောကြောင့် ဒီတိုင်း လမ်းလျှောက်လိုက်နေကာ ခဏကြာအောင် လျှောက်ပြီးကြပြီးနောက် ဖုန်းလီက စကားဆက်ပြောလာသည်။
“မင်း...”
ကျန်းလော့သည် တိတ်ဆိတ်စွာ နားထောင်နေသည်။ ဖုန်းလီသည် မျက်လုံးမှိတ်လိုက်ပြီးပြန်ဖွင့်လိုက်ကာ အလွန်တည်ကြည်လေးနက်စွာပြောသည်။
“မင်း ကျိယောင်ဇီနောက်လိုက်ပြီး စိတ်ဝိညာဉ် ပညာရပ်တွေကို ကောင်းကောင်း သင်ယူလာခဲ့”
ကျန်းလော့သည် ခေါင်းညိတ်လိုက်ပြီး
“တပည့် နားလည်ပါပြီ”
ဖုန်းလီက ပြောသည်။
“ငါတောင်အောက် ဆင်းတော့မယ် မေးစရာရှိသေးလား”
“ဆရာ တကယ်တော့ ကျွန်တော် အရမ်းသိချင်နေတာ တစ်ခုရှိပါတယ်”
ကျန်းလော့ကပြောလိုက်သည်။
“ဟမ်”
ကျန်းလော့သည် ပြုံးလိုက်ပြီး
“တကယ်လို့ ဆရာက အရမ်းကို အာဃာတပြင်းထန်နေတဲ့ တစ္ဆေတစ်ကောင်နဲ့ကြုံရမယ်ဆိုရင် ပြီးတော့ အဲဒီတစ္ဆေက ဆရာ့အကူအညီကို လိုနေတယ်ဆိုရင် ဆရာ သူ့ကို ကူညီပြီးရင် သူကနောက်ပိုင်းမှာ အရမ်းကိုစွမ်းအားကြီးတဲ့ တစ္ဆေတစ်ကောင် ဖြစ်လာလိမ့်မယ် အဲ့ကျရင် ဆရာဘာလုပ်မလဲ”
“ကျုပ်သူ့ကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဆရာ့အတွက် သေချာမွေးထားမယ် ပြီးရင် ဆရာ့ရဲ့ ကိုယ်ပိုင်နတ်ဘုရားအဖြစ် ပြောင်းပစ်လိုက်မယ်”
ဖုန်းလီသည် တုံ့ဆိုင်းခြင်း မရှိဘဲပြောလိုက်သည်။
“အဲ့လိုမဟုတ်ရင်တော့ ဆရာသတ်နိုင်တဲ့ အခွင့်အရေးရတာနဲ့ သူ့ကို သတ်ပစ်လိုက်မှာပဲ”
ကျန်းလော့က ပြောသည်။
“သူ့ကို နတ်ဘုရားတစ်ပါးအဖြစ် ဘယ်လို ပြောင်းလိုက်မှာလဲ”
ဖုန်းလီသည် သူ့ကိုကြည့်လိုက်ပြီး
“မင်းပြောသလိုမျိုး အာဃာတအရမ်းပြင်းထန်နေရင် မင်းသူ့ကို အတင်းယဉ်ပါးလာအောင် လုပ်လို့မရဘူး မဟုတ်ရင် သခင်ကို ဝါးမြိုလိုက်တဲ့အဖြစ်ထိ အန္တာရာယ်အကြီးကြီး ဖြစ်လာနိုင်တယ် သူ့ကို အရင်ချဉ်းကပ် အာဃာတ အရမ်းပြင်းထန်နေတယ်ဆိုထဲက သူ့မှာ လက်စားချေချင်တဲ့ တစ်စုံတစ်ယောက်ရှိလိမ့်မယ် သူ့အစား လက်စားချေပေးလိုက် ပြီးရင် သူ့ယုံကြည်မှုကို ရအောင်ယူပြီး ယဉ်ပါးအောင်လုပ် ပြီးရင် နတ်ဘုရားအဖြစ် သူ့ဝိညာဉ်ကို သန့်စင်ပစ်လိုက်”
(T/n: ဒီနေရာမှာ သူတို့ပြောတဲ့ နတ်ဘုရားဆိုတာ လက်နက်ဝိညာဉ်ကို ပြောတာဖြစ်နိုင်ပါတယ် အင်္ဂလိပ် ဘာသာပြန်မှာ god လို့ သုံးထားလို့ နတ်ဘုရား လို့ပဲ ပြန်လိုက်ပါတယ် နတ်ဝိညာဉ်လို့လဲ ရေးလို့ရပါတယ်)
“ဒါက ဒီလိုလုပ်ရတာကိုး”
ကျန်းလော့သည် သဘောပေါက်သွားသည်။
“ကျေးဇူးတင်ပါတယ်ဆရာ ကျွန်တော် နားလည်သွားပါပြီ”
မူရင်းဝတ္ထုထဲတွင် ချီယုံသည် ဖုန်းလီ၏ သတိကိုလျော့ချရန် အားနည်းချင်ယောင်ဆောင်ခဲ့သည်။ ထို့နောက် သူ့ကို ထိန်းချုပ်လို့ရနိုင်သလိုမျိုး နေပေးခဲ့သည်။ ဖုန်းလီ၏ ချီယုံ့ကို ချည်းကပ်မှုသည် အစတုန်းက ချီယုံ့ကို နတ်ဝိညာဉ်အဖြစ် ပြောင်းလဲပစ်ဖို့ ဖြစ်နိုင်သည်။
အစတုန်းက ချီယုံ့ကို ဖုန်းမိသားစုမှ တစ်ယောက်က သေလောက်အောင် နှိပ်စက်ခဲ့သည်ကို အေးစက်စွာ ကြည့်နေနိုင်တာ မထူးဆန်းတော့ပေ။ ချီယုံသည် မူရင်းဝတ္ထုထဲကထက်ပင် ပို၍ နှိပ်စက်ခံရသင့်သည်လေ။
ကျန်းလော့သည် နှုတ်ခမ်းများ ကွေးသွားအောင် ပြုံးလိုက်သည်။
ဖုန်းလီနှင့် အချိန်အများကြီး ကုန်ဆုံးပြီးနောက် ရုတ်တရက် သူ့သူငယ်ချင်းသေးသေးလေးကို သတိရလာသည်။
‘အသေးလေး..’
တစ်ရက်ထဲမှာပင် ဖုန်းလီသည် တောင်ပေါ်မှ ဆင်းသွားသည်။ ကျန်းလော့သည် ဖုန်းလီတောင်ပေါ်မှ ဆင်းသွားသည်ကို လိုက်ပို့ပြီး သူ့အခန်းဆီသို့ စိတ်အခြေအနေကောင်းစွာ ပြန်သွားလိုက်သည်။
သူ့အခန်းသို့ ပြန်ရောက်သောအခါ စားပွဲပေါ်မှ ပန်းအိုးထဲတွင် ဖူးငုံနေသော နှင်းဆီပန်းတစ်ပွင့်ကို တွေ့လိုက်ရသည်။
ဆောင်းတွင်းကြီး ဖြစ်သော်လည်း ဤနှင်းဆီပန်းသည် တော်တော်လေး လှပစွာ ဖူးပွင့်နေသည်။ သလင်းကျောက်ကဲ့သို့ကြည်လင်သော နှင်းစက်များပင် ပွင့်ဖက်များပေါ်သို့ ဖေးတင်နေကြသေးသည်။ အခန်းတစ်ခုလုံးပင် နှင်းဆီနံ့ဖျော့ဖျော့လေးရနေသေးသည်။
ကျန်းလော့သည် မျက်လုံးများ မှေးစင်းသွားပြီး သူ့နှုတ်ခမ်းထောင့်များသည် ကျေနပ်သလို ကွေးတက်သွားသည်။ သူသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် စားပွဲဆီသို့ လျှောက်သွားလိုက်ကာ ပန်းအိုးထဲမှ နှင်းဆီပန်းကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ့နှာခေါင်းအောက်သို့ နှင်းဆီပန်းကို ယူတေ့လိုက်ပြီး သိမ်မွေ့စွာ ပန်းနံ့ကို တစ်ဝကြီး ရှူရှိုက်လိုက်သည်။
နွေးထွေးစူးရှသော ခပ်ရှရှအနံ့သည် နှာခေါင်းထဲသို့ ပြင်းပြစွာ ဝင်ရောက်သွားသည်။ နှင်းဆီပွင့်ဖတ်များသည် ဆံပင်အနက်ရောင်လူငယ်လေး၏ အပြုံးကို ဖုံးကွယ်ထားပေးကာ ဇာမဏီမျက်လုံးတစ်စုံသည် စားပွဲပေါ်သို့ အကြည့်ရောက်သွားသည်။ ပန်းအိုးအောက်တွင် အဖြူရောင်ကတ်တစ်ကတ်ကို တွေ့သည်။
ကျန်းလော့သည် လက်ကို မြှောက်လိုက်ပြီး ကတ်ကိုဆွဲထုတ်လိုက်သည်။ ထို့နောက် ကတ်ကို နှစ်ခေါက်လောက် လှည့်ဆော့၍ ဖွင့်ကြည့်လိုက်သည်။
[ဒီနေ့ကစပြီး ကိုယ်က မင်းနောက်ကို အရူးအမူးလိုက်မဲ့ ငန်းရိုင်းလေး ဖြစ်သွားပြီ ဒီညတွေ့ကြမယ် - -
ချီယုံ]
“အရူးအမူး လိုက်တာတဲ့လား”
ကျန်းလော့သည် မျက်ခုံးပင့်လိုက်ပြီး သူ့ကိုယ်သူပြောလိုက်သည်။
“ဘယ်လို လိုက်တာမို့လို့များ အရူးအမူးလို့ပြောရတာလဲ ငါ့ကို မသေစေလောက်တာတော သေချာတယ်”
သူသည် ပွစိပွစိပြောလိုက်ပြီး နှင်းဆီပန်းကို သဘာဝကျကျပင် အိပ်ရာပေါ်သို့ ပစ်တင်လိုက်ကာ မီးခြစ်ယူ၍ ကတ်ကို မီးရှို့လိုက်သည်။
“ဘာလို့များ ငါရှို့လိုက်သမျှ မင်းဆီရောက်သွားရတာလဲ မသိဘူး ဘယ်လို ဆက်စပ်မှုမျိုး ရှိနေတာလဲ”
သူသည် စုတ်သပ်လိုက်ပြီး
“ဒါပေမဲ့ မင်းက တော်တော်လေး လှတယ်ဆိုတော့ ဒီမီးရှို့ပြီးရင် မင်းရဲ့ ပိုင်ရှင်ဆီပြန်ရောက်သွားမယ်မလား ဟွန်”
“ငါမမြင်ရတာ ရှက်စရာပဲ”
ကတ်သည် ပြာဖြစ်သွားအောင် မီးရှို့ခံလိုက်ရပြီး ကျန်းလော့သည် ပြာများကို မှုတ်ထုတ်လိုက်သည်။ ပြာမှုန့်များသည် စားပွဲပေါ်မှ ကြမ်းပြင်ပေါ်သို့ကျသွားကာ သူ့လက်ကိုပင် အနည်းငယ်ပေသွားခဲ့သည်။ သူသည် ကျေနပ်စွာဖြင့် လက်ကိုသုတ်လိုက်ပြီး စားပွဲပေါ်မှ နှင်းဆီပွင့်ကိုကြည့်၍ မေးခွန်းတစ်ခုပေါ်လာသည်။
‘ချီယုံက ဘယ်လိုလုပ်ပြီး အခန်းထဲကို နှင်းဆီပွင့်လာထားသွားရတာလဲ’
ဤအိမ်တော်သည် တာအိုဆရာတော်ဝေ့ဟယ်၏အိမ်တော်ဖြစ်ပြီး ကောင်းကင်သခင်ရော ကံကြမ္မာယုံသူတို့ပါ ရှိနေရာ မည်သူမှ သတိမထားမိအောင် အိမ်တော်ထဲသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။ အခန်းတံခါးနားမှ ဆွဲဆွဲငင်ငင် ငိုကြွေးလိုက်သံကို မကြားမချင်း သူသည် အလွန်ရှုပ်ထွေးစွာ စဉ်းစားနေခဲ့သည်။ ကျန်းလော့သည် အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ ပေပွနေသော ဂျင်ဆင်းကလေးလေးကိုတွေ့လိုက်ရသည်။ အသေးလေးသည် အခန်းထဲသို့ ဖြည်းဖြည်းချင်းလျှောက်ဝင်လာနေပြီး ဝမ်းပန်းတနည်း ငိုကြွေးနေသည်။
ကျန်းလော့သည် ဂျင်ဆင်းကလေးလေး အိမ်ထဲမှာ မရှိတာကို အခုမှ သဘောပေါက်သွားပြီး သိချင်စွာ မေးလိုက်သည်။
“ဘယ်တွေသွားနေတာလဲ”
“ဖေဖေ ကလေးလေး ကလေးလေး ဝင်ပူးခံလိုက်ရတယ်”
ဂျင်ဆင်းကလေးလေးသည် သူ့ကို သနားစရာကောင်းစွာကြည့်နေပြီး တစ်ကြိမ်လှမ်းလိုက်တိုင်း ကြမ်းပြင်ပေါ်သို့ ရွှံ့ဗွက်ရာများ ထင်သွားသည်။
“ကလေးလေးက ဒီတိုင်း အိမ်ထဲမှာပဲ ဆော့နေတာ ပြီးတော့ ဘာလို့လဲမသိဘူး အပြင်အရမ်းထွက်ချင်လာရော အဲဒါနဲ့ ကလေးလေး အပြင်ထွက်ကြည့်လိုက်တာ တံခါးရှေ့လဲရောက်ရော နှင်းဆီပန်းတစ်ပွင့်ကို အဲဒီနှင်းဆီပွင့် အဲဒါကို တွေ့လိုက်ရော ပြီးတော့ ကလေးလေးကိုယ် ကလေးလေး ဘာတွေတွေးနေမှန်း မသိတော့ဘူး ဒါပေမဲ့ ကလေးလေးကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူး ကလေးလေးကလေ လူကြီးတစ်ယောက်လိုမျိုး နှင်းဆီပန်းကို ပုလင်းကြီးကြီးထဲ သွားထည့်နေတာ ကလေးလေးက ကလေးလေးကိုယ်ကို ဆွဲဆိတ်ပြီး အတင်းထိန်းချုပ်ဖို့လုပ်တာ နှင်းဆီပန်းပေါ် ငိုချပစ်လိုက်တာ ကြည့် ဖေဖေ ကလေးလေး ကိုယ့်ကိုယ်ကို ဆွဲဆိတ်ထားတာတွေ”
ကျန်းလော့သည် ဂျင်ဆင်းကလေးလေးပြသည့် နေရာသို့ကြည့်လိုက်သော်လည်း ဂျင်ဆင်းလေး၏ ဖြူဖွေးဝတုတ်နေသော ကိုယ်ပေါ်တွင် အမာရွတ်လေးတောင် မရှိပေ။ သူသည် နှာခေါင်းကိုထိပြီး ရှက်ရွံ့စွာ ချောင်းဆိုးလိုက်သော်လည်း ဂျင်ဆင်းကလေးလေး ပြောနေတာကို နားလည်သည်။
“သောက်ခွေး..”
သူသည် သူ့နောက်လိုက်ဖို့ ကလေးတစ်ယောက်ကို ဝင်ပူးခြိမ်းခြောက်ပြီး နှင်းဆီပန်းထားသွားသည့် တစ်စုံတစ်ယောက်ကို ကျိန်ဆဲလိုက်သည်။
ဖုန်းလီသည် တောင်ခြေသို့မရောက်သေးခင်မှာပင် လှပကြည့်ကောင်းသော အသွင်ရှိသည့် ဘုန်းတော်ကြီးတစ်ပါး၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ဘုန်းတော်ကြီးသည် သူ့ရင်ဘတ်ရှေ့သို့ လက်နှစ်ဖက်လုံး တင်ထားကာ လက်တစ်ဖက်တွင် ဗုဒ္ဓပုတီးကုံးကို ကိုင်ထားပြီး ယဉ်ကျေးစွာပြောလိုက်သည်။
“ကောင်းကင်သခင် ကျွန်တော်တို့ သခင်က ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်”
ဖုန်းလီ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး
“ကောဝူချန်”
ဘုန်းကြီးသည် ယောင်ယောင်လေးပြုံး၍ ဟုတ်သည်လည်း မပြော မဟုတ်ဘူးလဲ မပြောပေ။ သို့သော် ရှေ့တိုးသွားပြီး တောင်ဘက်သို့ လက်ညှိုးထိုးပြကာ ထပ်ပြောသည်။
“ကောင်းကင်သခင် ကျုပ်တို့သခင်က ခင်ဗျားကို တွေ့ဆုံဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်”
ဖုန်းလီသည် တည်ကြည်စွာမေးလိုက်သည်။
“မင်းသခင်က ဘယ်သူလဲ”
ကောဝူချန်သည် ပြုံးနေပြီး ဘာမှပြန်မပြောပေ။ မည်သူလဲဆိုတာတောင် မပြောချင်ခြင်းသည် မရိုးသားတာဖြစ်ပြီး ဖုန်းလီသည် သူတို့ကြောင့် အချိန်ကုန်မခံချင်ပေ။ သူသည် ကောဝူချန်ကို ကျော်သွားတော့မည့် အချိန်တွင် ကောဝူချန်က ပြုံး၍
“ကောင်းကင်သခင်ဖုန်း မင်းအဖေနဲ့ ကံကြမ္မာယုံသူရဲ့ လျှို့ဝှက်ချက် တချို့ကို မသိချင်ဘူးလား”
“ဒါမှမဟုတ် ကောင်းကင်သခင်ကြီးက ခင်ဗျားကို မပြောပြတဲ့ တစ်ခုခုကိုရော လူအိုကြီးတွေက တချို့ကိစ္စတွေကို နှလုံးသားထဲမှာပဲ သိမ်းထားပြီး အခေါင်းထဲထိ ယူသွားချင်ကြတယ်ဗျ”
ဘုန်းတော်ကြီးသည် အလျင်မလိုသော အသံဖြင့်ပြောလိုက်သည်။ ဖုန်းလီ စိတ်ဝင်စားသွားမှာ သေချာသည်ဆိုသော ယုံကြည်ချက်အပြည့်ဖြင့်
“မင်းရဲ့ သွေးတစ်ဝက်နှောတဲ့ အစ်ကိုကျိယောင်ဇီ သိထားတဲ့ တစ်ခုခုအကြောင်းပေါ့ ကျိယောင်ဇီက အားလုံးသိထားပေမဲ့ ခင်ဗျား ကောင်းကင်သခင်ကတော့ ဘာမှမသိဘူးလေ။ ဥပမာပြောရရင်ဗျာ ဘာလို့ ခင်ဗျားအဖေက ခင်ဗျားရဲ့ စိတ်ခံစားချက်ခုနှစ်မျိုးနဲ့ စိတ်ဆန္ဒအာရုံခြောက်ပါးကို ဆေးကြောပစ်ချင်ရတာလဲဆိုတာတို့ ကျိယောင်ဇီကို ဘာလို့ ယွမ်ထျန်းကျူးပေးရတာလဲတို့.. ဒါမှမဟုတ် ခင်ဗျားတပည့်ကျန်းလော့ကိုမှ မျက်စိကျပြီး ခေါ်ထားချင်ရတာလဲတို့ အဲ့အကြောင်းလေးတွေပေါ့”
“တကယ်လို့ ကောင်းကင်သခင်သာ ဒီအကြောင်းအရာတွေအကြောင်း စိတ်ဝင်စားရင် တချို့ကိစ္စလေးတွေကို နောက်ချန်ထားပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါလားဗျာ”
ဖုန်းလီသည် တောင့်တောင့်ကြီး ရပ်သွားသည်။ ခဏလောက်ကြာပြီးနောက် သူသည် နောက်ပြန်လှည့်လိုက်ပြီး သူ့မျက်လုံးများသည် နားလည်ရန်ခက်ခဲသော လျှို့ဝှက်မှုတို့ ပြည့်နှက်နေသည်။ ဖိနှိပ်ချုပ်ချယ်လိုခြင်းတို့ ကြီးစိုးနေသော အသံဖြင့်
“ရှေ့ကသွား”
#####