Ch 155
Viewers 8k

အပိုင်း (၁၅၅) 


ချီယုံအုပ်စိုးမည့် အနာဂတ်

ဖုန်းလီသည် ဘုန်းကြီး၏နောက်မှ ဂူတစ်ဂူထဲသို့ လိုက်သွားခဲ့သည်။ ရေကျသံတစ်စက်စက်ကြားနေရပြီး ထိုအသံကို နားထောင်ကြည့်ရာ ဤဂူထဲတွင် မြေအောက်မြစ်တစ်စင်း စီးဆင်းနေပုံရသည်။ ဖုန်းလီ၏မျက်နှာသည် ပေါ့ပါးနေပြီး မည်သူမှန်းမသိသော ရန်သူရှိရာသို့ လိုက်လာရသော်လည်း စိုးရိမ်ပူပန်မှု မရှိပေ။ 

ထျန်းရှိဖူ၏ အငယ်ဆုံး ကောင်းကင်သခင်တစ်ပါးအနေဖြင့် သူသည် လူအများ၏ လေးစားကြောက်ရွံ့ခြင်းကို ခံရသူတစ်ဦးဖြစ်ပြီး ကျားဂူထဲမှ အန္တာရာယ်ကင်းကင်း ပြန်ထွက်လာနိုင်မည်ဟု ယုံကြည်သည်။ ခဏလောက် လမ်းလျှောက်ဝင်သွားကြပြီးနောက် ကောဝူချန်သည် ရုတ်တရက် ခြေလှမ်းရပ်လိုက်ကာ ဖုန်းလီဘက်သို့လှည့်၍ လေးစားစွာပြောလိုက်သည်။ 

“ကောင်းကင်သခင် ကျွန်တော်တို့သခင်က ရှေ့နားလေးမှာတင်ပါပဲ ကျေးဇူးပြုပြီး ဝင်သွားပေးပါ” 

ဖုန်းလီသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးဆေးစွာ လျှောက်သွားသည်။ မကြာမီတွင် ဖုန်းလီသည် မြေအောက်မြစ်ဘေးတွင်ရပ်နေသော ရင်းနှီးနေသည့်အနက်ရောင်ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်သည်။ 

ကောင်းကင်သခင်၏ တည်ကြည်သော မျက်လုံးတို့သည် မှေးစင်းသွားကာ အဓိပ္ပာယ်ပါပါပြောလိုက်သည်။ 

“ချီယုံ...” 

မကောင်းဆိုးဝါးသည် ခေါင်းစောင်းကြည့်လိုက်ပြီး ဖြူဖျော့နေသော်လည်း ခန့်ညားဆဲမျက်နှာတွင် ဇွတ်အတင်းလုပ်ယူထားရသော အပြုံးပြုံးပြကာ မြစ်ရေများအလင်းပြန်ရာမှဖြစ်လာသော ဆန်းကြယ်သည့် အလင်းစက်တို့သည် သူ့မျက်နှာကို ရိုက်ခတ်နေသည်။ သူသည် တမင်တကာကို နှေးကွေးစွာ ပြောသည်။ 

“ကောင်းကင်သခင်ဖုန်း မတွေ့ရတာ ကြာပြီနော်” 

ဖုန်းလီသည် သူ့ကျောက်စိမ်းလက်စွပ်ကို လှည့်နေပြီး သူ၏ကြောက်မတ်ဖွယ်ကောင်းသော သတ်ဖြတ်ချင်သည့် အရှိန်အဝါသည် ရုတ်တရက် ဖိနှိပ်ထားရမှာ ထိုးထွက်လာတော့သည်။ 

“အိုး အိုး အိုး ဒီလောက်ထိ စိတ်လှုပ်ရှားသွားစရာ မလိုပါဘူးဗျာ” 

မကောင်းဆိုးဝါးသည် အားကိုးရာမဲ့သလို ပုခုံးတွန့်ပြလိုက်ပြီး 

“ကျုပ် ကောင်းကင်သခင်ကို ဒီကိုဖိတ်ခေါ်လိုက်တယ်ဆိုတာက ပူးပေါင်းချင်တဲ့အကြောင်းလေး ပြောချင်လို့ပါဗျာ” 

“ပူးပေါင်းတာလား” 

ဖုန်းလီ၏အသံသည် လှောင်ပြောင်သည့်အသံဖြစ်နေပြီး 

“ကျုပ်တပည့်ကို မင်းဆီရောင်းပြီး ပူးပေါင်းတာမျိုးကို ပြောချင်တာလား” 

မကောင်းဆိုးဝါးသည် အားပါးတရ အော်ရယ်လိုက်ပြီး သူ့ရယ်သံသည် ဂူတစ်ဝက်လောက်အထိ ပဲ့တင်ထပ်သွားကာ မှောင်မိုက်ပြီး ကြောက်စရာကောင်းသွားစေသည်။ သူသည် ခက်ခက်ခဲခဲ အရယ်ရပ်အောင် ကြိုးစားပြီး တောင်းပန်လိုက်သည်။ 

“တောင်းပန်ပါတယ်ဗျာ ကျန်းလော့ကို ခင်ဗျားအပိုင်လို သတ်မှတ်ပြီး ပြောနေတော့ အရမ်းရယ်ချင်သွားတာ မထိန်းလိုက်နိုင်ဘူး ကောင်းကင်သခင် စိတ်ထဲမထားပါနဲ့” 

ဖုန်းလီသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး စိတ်ပျက်စွာ ကြည့်လိုက်သည်။ ထို့နောက် ရင်ဘတ်ပေါ်အထိ လက်မြှောက်ကာ လက်ချောင်းများသည် စည်းတံဆိပ်တစ်ခုကို ချက်ချင်းပုံဖော်လိုက်ရာ မကောင်းဆိုးဝါးက အေးဆေးစွာပြောလိုက်သည်။ 

“ကောင်းကင်သခင်က လျှို့ဝှက်ချက်လေးတွေ မသိချင်တော့ဘူးလား” 

ဖုန်းလီ၏လက်သည် ရုတ်တရက် စည်းတံဆိပ်ဖော်ဆောင်နေရာမှ ရပ်တန့်သွားသည်။

မကောင်းဆိုးဝါးသည် မြေအောက်မြစ်ကို ကြည့်၍ 

“ဒီရေတွေက လျန်အိမ်တော် ထျန်ပိရေကန်က ရေတွေလေ ဒီရေတွေက တောင်ပေါ်က လျန်အိမ်တော်ဟောင်းရဲ့ မြင့်မြတ်တဲ့ ရေပူစမ်းကန်ထဲကို စီးဝင်သွားမှာ ဒီရေစင်တွေက ထျန်ပိရေစင်တော်လိုမျိုးပဲ တူညီတဲ့ အကျိုးသက်ရောက်မှု ရှိတာသေချာတယ် ပြီးတော့ ဒီရေတွေက တကယ်ပဲ အကျိုးသက်ရောက်မှုရှိတယ်ဗျ” 

ဖုန်းလီသည် မြေအောက်မြစ်ကိုကြည့်၍ လက်ကို အောက်ချလိုက်ကာ အနည်းငယ် လှောင်ပြောင်အထင်သေးသော လေသံဖြင့်ပြောလိုက်သည်။ 

“ကောဝူချန်ဆိုတဲ့ ဗုဒ္ဓကို ပုန်ကန်တဲ့အပြစ်သားက မင်းဆီကို ရောက်သွားတာကိုး ချီမိသားစုရဲ့ နောက်ဆုံးသောအုပ်ချုပ်သူက တကယ်ကိုလျော့တွက်လို့မရဘူးပဲ မင်းက ချီကျုံးယဲ့ထက် အများကြီး ပိုကောင်းတယ်ဆိုတာတော့ ကျုပ်ဝန်ခံရမယ်” 

ဗီလိန်သည် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပြုံးလိုက်ပြီး 

“ကျေးဇူးတင်ပါတယ်” 

ဖုန်းလီသည် ကျောက်စိမ်းလက်အစွပ်ကို လှည့်ပတ်နေရင်း 

“ကျိယောင်ဇီနဲ့ ကံကြမ္မာယုံကြည်သူနဲ့ ကျုပ်ကြားက ဆက်နွယ်မှုတွေကို မင်းဘယ်လိုသိတာလဲ” 

“အိုး ကောင်းကင်သခင်ရာ ခင်ဗျားကလွဲပြီး ဘယ်သူမှမသိဘူးထင်နေတာလားဗျ တကယ်တော့ လူတွေအများကြီးက ခင်ဗျားထက်တောင် အတွင်းကျကျသိကြသေးတယ်ဗျာ” 

မကောင်းဆိုးဝါးက ပြောသည်။ 

“ပြောရရင်...” 

“ကံကြမ္မာယုံသူက ခင်ဗျားရဲ့ခန္ဓာကိုယ်ကို သူ့ရဲ့သက်ကယ်အခွံ ပြောရရင် ဒုတိယခန္ဓာအဖြစ် သတ်မှတ်ထားတယ် ဆိုတာလိုမျိုးပေါ့” 

ဖုန်းလီသည် သူ့လက်ချောင်းမှ ကျောက်စိမ်းလက်အစွပ်ကို တစ်ချက်ထဲနှင့် ကြေမွသွားအောင် ခြေပစ်လိုက်သည်။ သူ့မျက်လုံးများသည် အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့် မုန်တိုင်းကြီးကဲ့သို့ ဖြစ်လာပြီး ခဏအကြာတွင် ပြန်၍ တည်ငြိမ်သွားသည်။ 

“မင်းဘာတွေ ထပ်သိထားတာရှိသေးလဲ” 

မကောင်းဆိုးဝါးသည် ဂရုမစိုက်စွာပြောလိုက်သည်။ 

“အများကြီးပဲ” 

ဖုန်းလီ တစ်ခုခုထပ်ပြောတော့မည့် အချိန်တွင် မကောင်းဆိုးဝါးသည် ရုတ်တရက် 

“အဟက်..” 

ထို့နောက် မကောင်းဆိုးဝါးသည် အပေါ်မော့ကြည့်၍ လက်ကို ဆန့်ထုတ်လိုက်သည်။ စက္ကူပြာများသည် အလုံးလိုက်လေထဲမှ ရုတ်တရက်ပေါ်လာပြီး ဖြည်းဖြည်းချင်း အစိမ်းရောင်နှင့် အဖြူရောင်ကတ်အဖြစ်သို့ ပြောင်းလဲသွားကာ မကောင်းဆိုးဝါး၏ လက်ထဲသို့ရောက်သွားသည်။ မကောင်းဆိုးဝါးသည် ထိုကတ်ကို အကြာကြီးကြည့်နေပြီး ရုတ်တရက် မြင်ရခဲသော အပြုံးမျိုးပြုံးလိုက်ပြီး ခပ်ဟဟရယ်မောလိုက်သည်။ 

“တကယ်ပါပဲ..” 

ဖုန်းလီသည် ဗီလိန်၏လက်နှစ်ချောင်းကြားတွင်ညှပ်ထားသော ကတ်ကိုကြည့်၍ မျက်မှောင်ကုတ်သွားပြီး မကောင်းဆိုးဝါး၏ အိတ်ကပ်ထဲထည့်လိုက်သည်ကိုကြည့်ရင်း အာရုံပြောင်းသွားတာကို သဘောမကျဖြစ်သွားသည်။ ထိုအချိန်တွင် မကောင်းဆိုးဝါးက ပြောလိုက်သည်။ 

“ကဲ ကျွန်တော်တို့ မြန်မြန်ဆန်ဆန်ပဲ ပြောကြရအောင်ဗျာ ကောင်းကင်သခင်” 

သူသည် ဖုန်းလီကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့်ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။ 

“ကျွန်တော် ဒီနေ့ ဒိတ်လုပ်ဖို့ ရှိသေးလို့လေ” 

ဖုန်းလီ၏ မျက်လုံးများသည် ခဏလောက်ဗလာဖြစ်သွားပြီး အာရုံမစိုက်နိုင်ဖြစ်သွားကာ နေရာတွင်ပင် တောင့်တောင့်ကြီး အတွေးလွန်သွားတော့သည်။ 

မကောင်းဆိုးဝါးသည် သက်ပြင်းချလိုက်ပြီး 

“ကောင်းကင်သခင် ခင်ဗျားကို ထိန်းချုပ်ဖို့က တကယ်ကို မလွယ်ဘူးဗျ အခုတောင်မှ ကျွန်တော် ခင်ဗျားကို သတိမထားမိအောင် မသိမသာ အမိန့်ပေးခဲ့တာတောင်မှပဲ.. အရင်က ခင်ဗျားကို ကျွန်တော့်ရုပ်သေးလုပ်ချင်ခဲ့ပေမဲ့ ဘယ်သူက ခင်ဗျားကို ကျုပ်အာရုံစိုက်နေတဲ့ ခင်ဗျားတပည့်လေးကို ကျုပ်နဲ့မတွေ့ရအောင် လုပ်ခိုင်းလို့လဲ အဲဒါက ခင်ဗျားကို အသုံးချချင်စိတ် လုံးဝပျောက်သွားစေတယ်ဗျာ” 

“တကယ်တော့ ကျုပ်ခင်ဗျားကို ဒီလို စောစောစီးစီးတွေ့ဖို့ စီစဉ်ထားတာမဟုတ်ဘူး” 

မကောင်းဆိုးဝါးသည် ထပ်၍ သက်ပြင်းချလိုက်ပြီး 

“ဒါပေမဲ့ မင်းနဲ့ကျန်းလော့က အရမ်းကို နီးစပ်လွန်းနေတယ်” 

“ကျွန်တော် တကယ်ပဲ စိတ်ဆိုးမိတယ်ဗျ” 

................ 

“မင်း စိတ်ဝိညာဉ်ပညာကို ကောင်းကောင်းသင်ယူချင်ရင် မင်းရဲ့ခန္ဓာကိုယ်က ကလေးခန္ဓာဖြစ်နေတာက အကောင်းဆုံးပဲ” 

ကျိယောင်ဇီသည် ကျန်းလော့ကို အထူးတလည်ကြည့်လိုက်ပြီး 

“ဘာလို့လဲဆိုတော့ ကလေးခန္ဓာကိုယ်က အသန့်စင်ဆုံးနဲ့ ယန်ဓာတ်အများဆုံးမို့လို့ပဲ ပြီးတော့ အဲဒီခန္ဓာကိုယ်မျိုးက သန့်စင်တဲ့ စိတ်ဝိညာဉ်စွမ်းအားကို အကောင်းဆုံးစုစည်းပေးနိုင်တယ် ဒါပေမဲ့ မင်းမှာ ဒီလိုခန္ဓာမျိုးမရှိတော့လို့ စိတ်ညစ်စရာမလိုဘူး မင်းလုပ်နိုင်တာ အများကြီးရှိသေးတာမို့လို့် အကောင်းဆုံးကြိုးစာရင်ရပြီ” 

ကျန်းလော့သည် ခေါင်းညိတ်လိုက်ပြီး 

“လောင်ကျီ စိတ်ဝိဇ္ဇာပညာဆိုတာ တိတိကျကျ ဘာလဲဆိုတာ ရှင်းပြပေးလို့ရမလား” 

“အရာရာတိုင်းမှာ စိတ်ဝိညာဉ်ရှိတယ်” 

ကျိယောင်ဇီက ပြောသည်။ 

“လူတွေမှာ စိတ်ဝိညာဉ်ရှိတယ် သရဲတစ္ဆေတွေမှာလဲ စိတ်ဝိညာဉ်ရှိတယ် ပြီးတော့ တိရစ္ဆာန်တွေနဲ့ အပင်တွေမှာတောင် စိတ်ဝိညာဉ်ရှိကြတယ် မင်းအရင်က နားလည်သင်ယူထားဖူးတဲ့ စိတ်ဝိညာဉ်ပညာရပ်တွေက အရမ်းအားနည်းလွန်းတယ် မင်းအဲဒီပညာရပ်ကိုပဲ သီးသန့်သုံးပြီး တစ္ဆေတွေကို တစ်ယောက်ထဲ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး ဒါပေမဲ့ စိတ်ဝိဇ္ဇာပညာရပ်တွေက အရမ်းကြီး သန်မာလာစေမှာမျိုးလဲ မဟုတ်ပြန်ဘူး အရာအားလုံးများ စိတ်ဝိညာဉ်ရှိတယ်ဆိုပေမဲ့လည်း မင်းအနေနဲ့ တစ်ခုထဲကိုပဲ တစိုက်မက်မက် ရွေးချယ်ပြီးသင်ယူသင့်တယ် ပြီးတော့လဲ မင်းစိတ်ဝိဇ္ဇာအတတ်ကို လေ့ကျင့်တာ ဘယ်လောက်ထိလေ့ကျင့်နိုင်မလဲဆိုတာက မင်းခန္ဓာကိုယ်က ဘယ်လောက်ထိ ဒီပညာရပ်စွမ်းအားကို လက်ခံနိုင်လဲဆိုတာနဲ့လည်း သက်ဆိုင်သေးတယ်” 

ကျိယောင်ဇီသည် လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့အင်္ကျီလက်ထဲမှ ချွန်ထက်သော အပ်သေးသေးတစ်ချောင်း ရုတ်တရက် ပျံထွက်လာကာ သစ်ပင်တစ်ပင်မှ သစ်ရွက်များကို ဖြတ်ဖောက်သွားပြီး သူ့ဆီသို့ ပြန်လှည့်လာသည်။ ထို့နောက် သူတို့နှစ်ယောက်ရှေ့တည့်တည့်တွင် ရပ်သွားသည်။ 

“အရာအားလုံးရဲ့ စိတ်ဝိညာဉ်တွေမှာလည်း သူတို့ကိုယ်ပိုင် စိတ်ဆန္ဒရှိကြတယ် ပြီးတော့် သူတို့က မင်းကို ပြန်ရွေးချယ်မှာ ကျုပ်က လက်နက်ပန်းပဲပညာကို သဘောကျတယ် ကျုပ်ရဲ့အချိန်အများစုကို လက်နက်လုပ်ရင်း ကုန်ဆုံးတယ် ကံကောင်းစွာနဲ့ပဲ လက်နက်ဝိညာဉ်တွေက ကျုပ်ကို သဘောကျကြတယ် ကျုပ်တို့မှာ အတွေးတူနေကြတော့ တစ်ဝက်လောက်အားထုတ်ရုံလေးနဲ့တင် စိတ်ဝိဇ္ဇာအတတ်ပညာမှာ ထွန်းပေါက်သွားပြီး လွယ်လွယ်ကူကူ သင်ယူနိုင်ခဲ့တယ် ဒီတော့ မင်းကလည်း မင်းနဲ့သင့်တော်မဲ့ စိတ်ဝိညာဉ်တစ်ခုကို ရွေးထုတ်ပြီး သေချာလေ့လာသင့်တယ်” 

ကျိယောင်ဇီသည် ချွန်ထက်သော အပ်ကလေးကို ဖယ်ထုတ်လိုက်ကာ 

“တချို့လူတွေက ကျုပ်လက်ကို တော်ဝင်လက်နက်လို့တောင် ခေါ်ကြတယ် ပြီးတော့ အဲဒါက တကယ်မှန်တယ်လို့ ကျုပ်ထင်တယ်” 

ကျန်းလော့၏ အမှန်အကန် အာရုံစိုက်ပြီး နားထောင်နေပုံသည် ခန့်ညားလှသည်။ 

“ဒီတော့ မင်းကသာ လက်နက်ဝိညာဉ်ဖြစ်လာရင် တခြားလူတွေက ဒီလက်နက်ပညာကို လိုက်စားဖို့ မဖြစ်နိုင်တော့ဘူး” 

“ဒါမှမဟုတ် သူတို့ လုပ်ချင်လဲ လုပ်နိုင်ပါတယ်” 

ကျိယောင်ဇီသည် မသိမသာ ရင်ကော့လိုက်ပြီး 

“ဒါပေမဲ့ သူတို့ကသာ ကျုပ်လောက် ပါရမီမပါဘူးဆိုရင် သူတို့တွေက အမြဲတမ်း ဒုတိယနေရာမှာပဲ ရှိနေမှာ ပြီးတော့ သူတို့တွေ ကျုပ်ကို ဘယ်တော့မှ ကျော်နိုင်မှာ မဟုတ်ဘူး” 

‘အမြဲတမ်း ဒုတိယနေရာမှာပဲ ရှိနေမှာတဲ့လား အမြဲဖိနှိပ်ခံနေရမှာပေါ့ မွန်းကြပ်စရာကောင်းလိုက်တာ’ 

ကျိယောင်ဇီက ပြောသည်။ 

“ဘယ်စိတ်ဝိဇ္ဇာပညာရပ်ကို မင်းအားသန်ပြီး လေ့လာချင်လဲ” 

ကျန်းလော့သည် နှိမ့်ချစွာ မေးလိုက်သည်။ 

“ခင်ဗျား တစ်ခုခုအကြံပေးချင်တာ ရှိလား” 

ကျိယောင်ဇီသည် ခဏလောက်တွေးနေပြီး လက်နောက်ပစ်၍ သေချာစဉ်းစားပြီး ပြောလိုက်သည်။ 

“စိတ်ဝိဇ္ဇာအတတ်ပညာဆိုတာ အရာအားလုံးကို ခြုံငုံကြည့်လို့ရတယ် လေ၊ ရေ၊ မုန်တိုင်း၊ မိုးကြိုး ဒါမှမဟုတ် သတ္ထု၊ သစ်သား၊ ရေ၊ မီး၊ မြေ အဲဒါတွေထဲက ဘာပဲဖြစ်ဖြစ် မင်းသာ ကောင်းကောင်း လေ့ကျင့်မယ်ဆိုရင် မင်းလေ့ကျင့်တဲ့တစ်ခုချင်းစီက အရမ်းအားကောင်းလာမှာ ဖြစ်ပြီး မင်းရှေ့မှာ ရှိနေတဲ့ အဲဒီပစ္စည်းတွေဓာတ်တွေကို မင်းခံစားမိလာလိမ့်မယ် ပြီးရင် မင်းခံစားမိတဲ့ ပစ္စည်းမှာ စိတ်ဝိညာဉ်ရှိမရှိကိုပါ မြင်နိုင်လာမှာ” 

ကျန်းလော့သည် နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ 

“ကျွန်တော် သေချာစဉ်းစားကြည့်ပါ့မယ်” 

‘ဘယ်စိတ်ဝိညာဉ်ကများ အဆင်သင့်ယူလို့ရမလဲမသိဘူး တိုက်ပွဲထဲမှ သုံးနိုင်ပြီး အမျိုးမျိုးပြောင်းသုံးလို့ရမှာလေး သေချာရှာရမယ်’ 

ကျန်းလော့သည် အိုးထဲထည့်စိုက်ထားသော ဘွန်ဆိုင်းပင်လေးများနှင့် စိမ်းလန်းစိုပြေသော အပင်လေးများကို သဘောကျသည်။ သို့သော် အပင်စိုက်ပျိုးဖို့အတွက်ဆိုလျှင် ပတ်ဝန်းကျင်ကောင်းကောင်း လိုအပ်သည်။ ဆောင်းရာသီအေးခဲနေသည့်အချိန်မှာဖြစ်ဖြစ် ပင်လယ်နက်ကြီးထဲမှာ ဖြစ်ဖြစ် သစ်ပင်ပန်းမန်များ မရှင်သန်နိုင်သည့် စွန့်ပစ်နယ်မြေများတွင် ဖြစ်နေလျှင် သူက အပင်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားပြီး စိုက်ပျိုးရေးသခင်တစ်ပါး ဖြစ်နေရင်တောင် ထိုနေရာများရောက်လျှင် သူ့စွမ်းအားသည် လုံးဝ အသုံးမဝင်နိုင်ပေ။ 

“ရွေးဖို့အရမ်းခက်တာပဲကွာ ဒီမှာ စိတ်ဝိညာဉ်တွေက အများကြီး ရှိနေတာဆိုတော့ ဘယ်တစ်ခုက အသင့်တော်ဆုံး အကောင်းဆုံးလဲ ဘယ်လိုလုပ်သိနိုင်မှာလဲ” 

ကျိယောင်ဇီသည် ကြင်နာစွာ ပြောလိုက်သည်။ 

“အခန်းပြန်ပြီး စာအုပ်ကို သေချာဖတ်လိုက်ပါ ပြီးရင် မင်းမပြန်သေးခင် လေ့ကျင့်မဲ့ တစ်ခုခုကို ရွေးနိုင်ဖို့ ကြိုးစားကြည့်” 

ကျန်းလော့သည် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက်ပြောလိုက်သည်။ 

“စေတလုံး စိတ်ဝိညာဉ်ကို ရွေးချင်လို့ရမလား” 

ကျိယောင်ဇီသည် ခဏလောက် စိုက်ကြည့်နေပြီးနောက် သူ့မျက်နှာသည် အနည်းငယ် စိတ်ပျက်သလိုဖြစ်သွားပြီး 

“စေတလုံး စိတ်ဝိညာဉ်ကို တစ်စုံတစ်ယောက်က ရွေးပြီးသွားပြီကွ ပြီးတော့ တစ်ယောက်ယောက် ရွေးပြီးသွားတဲ့ဟာကို မင်းမရွေးတာအကောင်းဆုံးပဲ” 

ကျန်းလော့သည် အတွေးများသွားပြီး ကျိယောင်ဇီကို ကျေးဇူးတင်လိုက်ကာ သူ့အခန်းသို့ပြန်သွားပြီး စာအုပ်ဆက်ဖက်တော့သည်။ 

သို့သော် စာအုပ်ဖတ်ပြီးသော်လည်း ကျန်းလော့သည် ဘာရွေးရမှန်း မသိသေးပေ။ ဒြပ်စင်ငါးမျိုးသည်လည်း တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြရာ တစ်ခုကို လေ့ကျင့်လိုက်လျှင် အဲ့တစ်ခုကို ချိုးဖြတ်ဖို့ နောက်တစ်မျိုးတွင် နည်းလမ်းရှိနေပြီးသား ဖြစ်နေသည်။ ထို့အပြင် ကျန်းလော့သည် အလွန်လောဘကြီးသော သူဖြစ်ပြီး သူသည် တစ်ခုထဲကိုသာ မသင်ယူချင်ပေ။ 

သူသည် မကောင်းဆိုးဝါးများကို သုတ်သင်ချင်ပြီး သူကာကွယ်လိုသည့် အရာများ လူများ အားလုံးကို ကာကွယ်ချင်သည်။ ထို့ကြောင့် ရွေးချယ်မှုကို အလျင်စလို မလုပ်ဘဲ အေးအေးဆေးဆေး သေချာချင့်ချိန်ပြီး ရွေးရမည်ဖြစ်ပြီး ကျန်းလော့၏ သဘောသဘာဝသည် အလွန် သတိကြီးသောကြောင့် ရွေးချယ်ဖို့ ခက်ခဲနေသည်။ 

သူစာအုပ်မှ အကြည့်ခွာလိုက်သော အချိန်တွင် အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်သည်။ 

ဂျင်ဆင်းကလေးလေးသည် စားပွဲပေါ်မှ နှင်းဆီပန်းကို ဂရုတစိုက်ဖွင့် ထို့နောက် မျက်ရည်များ ညှစ်ထုတ်ပြီး ပန်းအိုးထဲသို့ သေချာထည့်နေသည်။ နှစ်ငါးရာဂျင်ဆင်းဝိညာဉ်၏ အဆီအနှစ်များကြောင့် ညဘက်ကြီးဖြစ်နေတာတောင် နှင်းဆီပန်းသည် ခမ်းနားစွာ ပွင့်လန်းနေခဲ့သည်။ ကျန်းလော့က ပြောသည်။ 

“မင်း ဘာတွေလုပ်နေတာလဲ” 

ဂျင်ဆင်းကလေးလေးသည် သူ့အသံကြားပြီး တုန်သွားကာ ခေါင်းကုတ်၍ ရိုးသားစွာ ပြောလိုက်သည်။ 

“ပန်းကို ရေလောင်းနေတာပါ” 

ကျန်းလော့သည် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်၍ 

“မလောင်းနဲ့တော့ ညနက်နေပြီလေ” 

ဂျင်ဆင်းကလေးလေးသည် ပျင်းတိပျင်းရွဲပုံစံဖြင့် တုံ့ပြန်လိုက်ပြီး အိပ်ရာဆီသို့ နှေးကွေးစွာ လျှောက်သွာသည်။ ထို့နောက် ကျန်းလော့ခေါင်းပေါ် တက်အိပ်သွားသည်။ ကျန်းလော့သည် ကိုယ်လက်သန့်စင်ပြီး အိပ်ရာပေါ်သို့ လှဲလိုက်သည်။ သူ့နှာခေါင်းထဲတွင် ပူရှိန်းရှိန်း သွားတိုက်ဆေးနံ့ရနေသည်။ သူသည် မျက်နှာကျတ်ကို ကြည့်နေပြီး ဖူလုတစ်စောင်ကို လက်ချောင်းများကြားတွင် ညှပ်၍ သုံးရန်လုပ်ပြီးမှ မသုံးတော့ရန်ဆုံးဖြတ်ပြီး ပြန်သိမ်းလိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ပြီး ငြိမ်သက်စွာ လှဲနေတော့သည်။ 

တောင်ထိပ်ပေါ်ရောက်ထဲက ချီယုံ့ကို အိပ်မက်ထဲတွင် တစ်ခါသာ တွေ့ရသေးသည်။ 

မကောင်းဆိုးဝါးက သူ့ကို “တကောက်ကောက်လိုက်နေတဲ့ အရူးလေး” လို့တစ်ခါက ခေါ်ခဲ့ဖူးသည်ကို ကျန်းလော့သည် အခုထက်ထိ မှတ်မိနေကာ စိတ်ဆိုးနေဆဲဖြစ်သည်။ 

‘ဒီတစ်ခေါက် မကောင်းဆိုးဝါးကောင်ကို တွေ့ရင် ငါသူ့ကို နည်းနည်းပါးပါး စွန့်ကြဲလိုက်သင့်လား’ 

................... 

“သခင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံပါဗျာ သခင်ကျန်းလော့ကို ဒီတစ်ခေါက် သေချာပေါက် အထင်ကြီးသွားရအောင် ကျွန်တော် လုပ်ပေးပါ့မယ်ဗျာ” 

ကောဝူချန်၏ အသံသည် အလျင်စလိုဖြစ်မနေဘဲ ယုံကြည်ချက်ပြည့်ဝနေသော အသံဖြင့် 

“သခင်လုပ်ရမှာက သခင်ဘယ်လောက် သန်မာကြောင်း ကြွယ်ဝကြောင်းနဲ့ သခင့်ရည်မှန်းချက်ကို သခင်ကျန်းကို မြင်အောင်ပြလိုက်တာနဲ့ သခင်ကျန်းက သခင့်ကို လုံးဝအထင်ကြီးပြီး ကြွေသွားမှာ” 

မည်သူကမှ ချီယုံ့လောက် လူတွေကို သူတို့ကိုယ်သူတို့ အကောင်းဆုံးလို့ ခံစားမိအောင် ညှို့ယူနိုင်ကြမှာမဟုတ်ပေ။ ချီယုံ့လက်အောက်တွင် အောက်လက်ငယ်သားတိုင်းသည် သူတို့ကိုယ်စီ၏ အားသာချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် ကျန်းလော့ကို လူပျိုလှည့်ဖို့ကတော့ ချီယုံ့အတွင် ပထမဆုံးလုပ်တာ ဖြစ်သောကြောင့် အနည်းငယ် ခက်ခဲနေသည်။ 

ထို့အပြင် သူသည် ကျန်းလော့ကို ယခင်တုန်းက ပုံစံအတိုင်း မဆက်ဆံချင်တော့ပေ။ အမှန်တကယ်တွင် ချီယုံသည် သူ ကျန်းလော့ကို ကြိုက်နေကြောင်း သိပြီးသွားတာတောင် ကျန်းလော့ကို သတ်ချင်နေတုန်း ဖြစ်သည်။ 

ကျန်းလော့ သေဆုံးသွားမှသာ သူသည် ယခင်ကကဲ့သို့ သွေးအေးပြီးရက်စက်သည့် သူ့ကိုယ်သူပြန်ရမည်ဟု ထင်နေသည်။ သို့သော် ကောဝူချန်ဆီမှ ဤအကြံကို ရလိုက်သောအခါ သူသည် ကျန်းလော့ကို သတ်မှရမည်ဆိုသည့် အတွေးကို လက်လွတ်လိုက်နိုင်ခဲ့သည်။ 

ထို့အပြင် ကျန်းလော့ သေသွားမည်ဆိုလျှင်လဲ ချီယုံ့ခံစားချက်များကို ယခင်အတိုင်း ပြန်ဖြစ်နိုင် မဖြစ်နိုင်မှာ မသေချာသော ကိစ္စဖြစ်သောကြောင့် လက်လွတ်ဖို့ ဆုံးဖြတ်လိုက်ပုံရသည်။ 

ချီယုံသည် ကောဝူချန်၏ စကားများကို လက်ခံသွားသည်။ အခုအချိန်တွင် ယခုကျန်းလော့သည် အရင်တုန်းက ကျန်းလော့လည်း မဟုတ်တော့သောကြောင့် ဖြစ်သည့်အပြင် ချီယုံ့အတွက် ကျန်းလော့သေဆုံးသွားပြီးလျှင် ဤလောကထဲမှ ဝိညာဉ်တစ်စပင်မကျန်အောင် ပျောက်ကွယ်သွားနိုင်သည်လည်း ဖြစ်နိုင်ကြောင်း သိထားသောကြောင့် ကျန်းလော့ကို သတ်ပြီး ဝိညာဉ်ကို အနားခေါ်ထားမည့် အကြံကို တွေဝေနေခဲ့ခြင်းလည်း ဖြစ်သည်။ 

အိပ်ရာပေါ်တွင် ချီယုံ့မျက်လုံးများသည် ပျင်းရိစွာ မှိတ်သွားပြီး ဖြူဖျောသော ခေါင်းအုံးအရောင်သည် သူ၏ခပ်ဖျော့ဖျော့ မျက်နှာကို ပို၍ ဖြူဆုတ်သွားစေသည်။ စိတ်လှုပ်ရှားနေသော အပြုံးတစ်ချက်သည် သူ့နှုတ်ခမ်းထက်တွင် ယောင်ဝါးဝါး ထင်ဟပ်လာပြီး ကြီးမား သပ်ရပ်သော အိပ်ရာကြီးတွင် ခန့်ညားသော အနောက်တိုင်းဝတ်စုံကို ဝတ်၍ အိပ်ပျော်သွားသည်။ 

“စွမ်းအား ရည်မှန်းချက်တဲ့လား” 

သူသည် အသံတချို့ပြုလိုက်ပြီး 

“ကောဝူချန် မင်းဘာလုပ်ချင်နေတာလဲ” 

“ကျွန်တော်က သခင့်ရဲ့ အနာဂတ်မှာ အုပ်စိုးနေမဲ့ပုံစံကို သခင်ကျန်းရဲ့ အိပ်မက်ထဲမှာ ပြစေချင်တာပါ သခင်ဘယ်လောက်တောင် စွမ်းအားကြီးလဲဆိုတာ သခင်ကျန်း သိသွားရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ” 

ကောဝူချန်သည် အပြုံးမပျက်ဘဲ 

“အဲဒါထက်ကို ကျွန်တော် ထန်ပိကို သခင်ကျန်းရဲ့ သူငယ်ချင်းတွေကို သခင်ကျန်းရဲ့ အိပ်မက်ထဲခေါ်ခဲ့ဖို့လည်း သတင်းပို့ထားပါသေးတယ် အိပ်မက်ထဲမှာ သခင်နဲ့ သခင်ကျန်းရဲ့ ဆက်ဆံရေးကို လူသားတွေကို ပွင့်ပွင့်လင်းလင်း ချပြလိုက်လို့လဲ ရသွားအောင်လို့ပါ” 

ချီယုံသည် ဟော့ပေါ့ဆိုင်တွင် သူ၏ကျန်းလော့နားသို့ ချည်းကပ်သွားသည့်အချိန်တွင် ဝမ်ယမ်လန်တို့ အုပ်စု၏ မနှစ်မြို့စရာကောင်းသော တုံ့ပြန်ပုံကို သတိရသွားပြီး သူ့နှုတ်ခမ်းထောင့်များသည် အမှတ်မထင် ကွေးတက်သွားသည်။ 

“အကြံကောင်းသားပဲ” 

ကောဝူချန်သည် ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီးနောက် စိုးရိမ်စွာ ပြောလိုက်သည်။ 

“သခင် ဒါပေမဲ့ ဒီလိုမျိုး အိပ်မက်ကမ္ဘာက အရမ်းအန္တာရာယ်များပါတယ်” 

“အန္တာရာယ်များလေး ကောင်းလေပဲ” 

ချီယုံသည် စိတ်မပါလက်မပါ ပြောလိုက်သည်။ 

“သူက အဲ့လိုမျိုးတွေကို သဘောကျတယ်” 

သူသည် ဗိုက်ပေါ်သို့လက်ချောင်းများနှင့် တစ်ဖက်ဖက် ထိပြီး ဆော့နေကာ 

“ပြီးရင် ငါက သူရဲကောင်းလုပ်ပြီး ဝင်ကယ်လိုက်မယ် ငါတို့ချိန်းတွေ့တဲ့နေ့လေး အမှတ်တရဖြစ်သွားတာပေါ့” 

ကောဝူချန်သည် ခေါင်းညိတ်လိုက်ပြီး 

“ဒါဆို ကျွန်တော် နောက်ပိုင်းကိစ္စတွေကို သခင့်ကိုပဲ အပ်ခဲ့လိုက်ပါတော့မယ်” 

သူသည် အခန်းထဲက ထွက်သွားပြီး တံခါးပြန်ပိတ်လိုက်သည်။ ထို့နောက် တစ်နေရာတွင် စက္ကန့်အနည်းငယ်လောက် ကြာအောင် ရပ်နေကာ ကောဝူချန်သည် ဟွာပိကို သွားရှာခဲ့သည်။ ဟွာပိကိုတွေ့သောအခါ ထန်ပိကို သတင်းစကားပါးပေးရန် ပြောလိုက်သည်။ ယခုအချိန်သည် ကိစ္စအကြီးကြီး တစ်ခုလုပ်ရတော့မည့် အချိန်ဖြစ်သည်။ 

ထန်ပိက ပြောသည်။ 

“ဟုတ်ပြီ” 

ဟွာပိ၏ အသံကိုမကြားရတော့သောအခါ ထန်ပိသည် အခန်းထဲတွင် လှဲလျောင်းနေကြသော လူများကို ကြည့်၍ နှုတ်ခမ်းစေ့လိုက်သည်။ 

ညစာစားချိန်တွင် သူသည် ညစာမှာလိုက်ပြီး လူတိုင်းကို နှိုးလိုက်သည်။ ကြားနာမှုနီး ကပ်လာသည်ကိုပဲ ကျေးဇူးတင်ရမည် လူတိုင်းသည် လုယုံရိ၏ တိုက်ခန်းတွင်သာ စုဝေးနေကြသည်။ နိုင်ငံခြားမှ ပြန်ရောက်လာသော စိုင်လောင်အာသည်ပင် ပိုက်ဆံပြတ်နေတာမဟုတ်ဘဲ လုယုံရိတိုက်ခန်းသို့ ရောက်နေသည်။ 

ထန်ပိသည် နေ့လည်က ကောဝူချန်ပြောခဲ့သည့် စကားများကို သတိရသွားသည်။ 

“ညကျရင် သခင့်အိပ်မက်ကမ္ဘာထဲကို ကျန်းလော့နဲ့ ဒီလူတွေကို ခေါ်ခဲ့ရမယ်” 

ကောဝူချန်က ပြောသည်။ 

“ပြီးရင် သခင့်ကို အနာဂတ်မှာသခင်အုပ်ချုပ်မဲ့ ရွှမ်ရွှီလောကကြီးကို ပြဖို့ ငါဖြောင်းဖျလိုက်မယ် ဒီနည်းလမ်းကပဲ ကျန်းလော့နဲ့တခြားသူတွေက ရွှမ်ရွှီလောကကြီးကို သခင်အုပ်စိုးရင် ဘယ်လောက် ကြောက်စရာကောင်းမှာလဲ သိလာနိုင်ကြမှာ နောက်ပိုင်းကျရင် ကျန်းလော့ကသာ သခင့်ကို တားဆီးနိုင်မှာ” 

သူက ထပ်ပြောသည်။ 

“ဒီကမ္ဘာပေါ်မှာ ကျန်းလော့ တစ်ယောက်ထဲကပဲ သခင့်ဆုံးဖြတ်ချက်တွေကို နောက်ဆုတ်သွားစေမှာ သူကပဲ သခင့်ရဲ့ ကြောက်စရာကောင်းတဲ့ စိတ်ကူးတွေကို လက်လျော့သွားးအောင် လုပ်နိုင်မှာ” 

“ထန်ပိ မင်းလဲသူတို့ကို မသေချင်ဘူးမလား ” 

ကောဝူချန်သည် အဆုံးသတ်ပြောလိုက်သည်။ 

ထန်ပိသည် သက်ပြင်းချလိုက်ပြီး လက်ရှိဆီသို့ စိတ်ပြန်လည်လာသည်။ 

“ငါသိပြီ” 

သူသည် အပ်တစ်ချောင်းကို ထုတ်လိုက်ကာ လုယုံရိဆီသို့ သွား၍ ဒူးထောက်ထိုင်လိုက်ပြီး လုယုံရိ၏ လက်ချောင်းထိပ်ကို ဖောက်လိုက်ကာ သွေးစက်တစ်စက်ကို ယူလိုက်ပြီး လုယုံရိမျက်ခုံးပေါ်သို့ တင်ပေးလိုက်သည်။ သတိမရှိနေသော လုယုံရိ၏ မျက်ခုံးအစုံသည် တွန့်ကွေးသွားပြီး သူ့လက်ချောင်းများသည် အနည်းငယ် ရုန်းကန်လာသောကြောင့် ထန်ပိသည် လက်ကို ချုပ်ထားလိုက်ကာ ဂွမ်းဖြင့် သူ့လက်ချောင်းပေါ်မှ အပ်ပေါက်ရာကို ဖိပေးလိုက်သည်။ ထို့နောက် လုယုံရိ၏မျက်နှာကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ 

“နောက်ပိုင်းကျရင် ငါ့နာမည်က ထန်ပိ ဆိုတာ မင်းသိလာဖို့မျှော်လင့်ပါတယ်...” 

ထို့နောက် သူကထပ်ပြောလိုက်သည်။ 

“ပြီးတော့ မင်းရဲ့ နှစ်သစ်ကူးညစာစားပွဲမှာ ငါ့ကို ဖိတ်စေချင်တယ် ငါ့သူငယ်ချင်း” 

............. 

ကျန်းလော့သည် မျက်လုံးဖွင့်လိုက်သောအခါ မျက်နှာကျက်မှာ စူးရှရှအလင်းရောင်ကြောင့် မျက်စိနာသွားသည်။ သူသည် အလင်းကာရန် လက်ထုတ်လိုက်ပြီး အိပ်ရာပေါ်သို့ လှိမ့်လိုက်ရာ ဟိုတယ်တစ်ခုထဲသို့ ရောက်နေကြောင်း သိလိုက်သည်။ 

အခန်းသည် အလွန်ညစ်ပတ်ကာ တစ်ညဒေါ်လာငါးဆယ်တန် ဟိုတယ်အသေးလေးလိုမျိုး ဖြစ်ပုံပေါ်သည်။ အိပ်ရာပေါ်မှ အိပ်ရာခင်းပေါ်တွင် ဘီယာများ မှောက်ကျထားကာ စီးကရက်မီးပေါက်ရာများလည်း ရှိနေသည်။ 

မျက်နှာကျက်နှင့် နံရံများကို သတင်းစာများနှင့် အပေါက်ဖာထားပြီး တချို့သည် တစ်ဝက်တစ်ပြတ် ကွာကျနေကြသည်။ နံရံများသည် ရွှံများ ဖုန်များစိုရွှဲနေကာ တစ်ခွန်းထဲပြောရလျှင် စုတ်ပြတ်သပ် ညစ်ပတ်နေလေသည်။ 

ဤတစ်ကြိမ် အိပ်မက်သည် အနည်းငယ် ကွာခြားနေသည်။ ကျန်းလော့သည် စောင်ကို ဖယ်လိုက်ပြီး စားပွဲနားသို့ လျှောက်သွားလိုက်သည်။ စားပွဲသည် နံရံတွင် ကပ်ထားပြီး အလွန်အစစ်အမှန် ဆန်နေသောကြောင့် အိပ်မက်မှ ဟုတ်ရဲ့လားတောင် ပြန်တွေးယူရသည်။ သူသည် စားပွဲနားသို့သွား၍ ထိုင်လိုက်ကာ စားပွဲပေါ်တွင် ကျန်းလော့လက်ရးဖြင့် ရေးထားသော မှတ်စုစာအုပ်တစ်အုပ်ကို ထူးခြားစွာ မြင်လိုက်ရသည်။ 

ကျန်းလော့သည် မျက်ခုံးပင့်လိုက်ပြီး ချီယုံ့အိပ်မက် အကြောင်းအရာကို စိတ်ဝင်စားသွားသည်။ သူ့ဒိုင်ယာရီကို ဖွင့်လိုက်ရာ စာတစ်မျက်နှာသာ ရေးထားလေသည်။ တစ်မျက်နှာရဲ့တစ်ဝက်သာ ရှည်သောစာတွင် ကျန်းလော့သည် ဤအိပ်မက်ကမ္ဘာထဲမှ သူ့ဇာတ်ကောင်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ သူ့နာမည်သည် ကျန်းလော့သာ ဖြစ်နေဆဲ ဖြစ်သော်လည်း သူ့ဦးနှောက်ကတော့ အချစ်ရူးရူးနေကာ ကောလိပ်မှ ဘွဲ့မရခင် ဘယ်ကမှန်းမသိသော လူတစ်ယောက်နှင့် တွေ့ပြီး လင်နောက်လိုက်သွားသော ကောင်လေးတစ်ယောက် ဖြစ်နေသည်။ 

ယခုသူသည် သူ၏ခင်ပွန်းနှင့် ဟော်တယ်အသေးလေးဆီသို့ ခိုးရာလိုက်ပြေးလာခြင်းဖြစ်ပြီး ပါသမျှ ပိုက်ဆံအကုန်သုံးပြီးသွားပြီ ဖြစ်သည်။ ထို့အပြင် သူသည် ဒီမှာပဲဆက်နေပြီး ရှေ့ဆက်ရမည့် အချိန်အတွက် ပိုက်ဆံရှာဖို့ ဆုံးဖြတ်ထားသည်။ ထို့အပြင် သူ့ခင်ပွန်းသည် အပြင်ထွက် အလုပ်လုပ်ပြီး ခြောက်နာရီမှ အလုပ်ကနေပြန်ရောက်မည်ဖြစ်သည်။ 

ကျန်းလော့သည် နံရံပေါ်မှ နာရီကိုကြည့်လိုက်ရာ ၅နာရီထိုးနေပြီဖြစ်ပြီး သူ့ခင်ပွန်းဆိုသူသည် တစ်နာရီအတွင်း ပြန်လာတော့မည် ဖြစ်သည်။ 

အိပ်မက်သည် အလွန်စိတ်ဝင်စားစရာကောင်းပြီး ကျန်းလော့သည် အခန်းထဲသို့ ပတ်ကြည့်လိုက်သည်။ 

သူသည် ခေါင်းအုံးဘေးတွင် ဖုန်းတစ်လုံးတွေ့လိုက်ပြီး ဖုန်းနံပါတ်စာရင်းတွင် “ခင်ပွန်း”ဆိုသည့် နံပါတ်တစ်ခုပဲရှိသည်။ ဖုန်းထဲတွင် QQ နှင့် Wechat တို့ကိုလည်း တွေ့ရသောကြောင့် ကျန်းလော့သည် QQကို နှိပ်ကြည့်လိုက်သည်။ QQထဲတွင် ပိုင်ဟွာတက္ကသိုလ် သဘာဝသိပ္ပံအခန်းတစ်မှ “တစ်ခုခုမလုပ်ခင် အရင်အမွှေးတိုင်ထွန်း” ဆိုသည့် စကားပြောခန်းတစ်ခုကို တွေ့လိုက်ရသည်။ 

စကားပြောခန်းထဲ အက်မင်သည် လုယုံရိဖြစ်ပြီး သူတို့အတန်းမှ အားလုံးသည် လိုင်းပေါ်မှာ ရှိနေကြသည်။ သို့သော် ကျန်းလော့၏ လက်ချောင်းများသည် သူတို့ပုံများပေါ်တွင် ခဏလောက် ရွေ့လျားနေသော်လည်း မနှိပ်ကြည့်လိုက်တော့ပေ။ 

‘လုယုံရိတို့က ဘယ်လိုလုပ်ပြီး အိပ်မက်ထဲရောက်နေတာလဲ သူတို့ပါပါလာတာဆိုတော့ အရင်တစ်ခေါက်ကလို ဆရာကျောင်းသားလုပ်တိုင်း ဆော့မလို့လား’ 

ကျန်းလော့သည် စိတ်ထဲမထားတော့ဘဲ ဖုန်းကို အောက်ချလိုက်ကာ အခန်းထဲကို လိုက်စစ်ကြည့်လိုက်သည်။ ဆင်းရဲပြီး ပိတ်ရခါနီးသော ဟိုတယ်မှန်း မြင်သာနေကာ ကျန်းလော့သည် သန့်စင်ခန်းထဲသို့ ဝင်သွားကြည်လိုက်ရာ သန့်စင်ခန်းထဲမှ မှန်သည် အစိတ်စိတ်အမွှာမွှာကွဲထွက်နေကာ မှန်ကြည့်နေသော ကျန်းလော့မျက်နှာသည်လည်း ကြောက်စရာကောင်းအောင် မှန်ထဲတွင် ကွဲထွက်နေသည်။ သန့်စင်ခန်းထဲမှ မှန်ကွဲနေခြင်းသည် ကောင်းသည့်လက္ခဏာ မဟုတ်ပေ။ 

ကျန်းလော့သည် ချက်ချင်း သန့်စင်ခန်းထဲမှ လှည့်ထွက်လိုက်ကာ အိပ်ရာဘက်သို့ ပြန်လျှောက်သွားပြီး ဟိုတယ် ဧည့်ကြိုကောင်တာသို့ ဖုန်းခေါ်လိုက်သည်။ 

“တီ တီ တီ” 

ဖုန်းကိုင်ဖို့ အချိန်ခဏကြာပြီးနောက် တစ်ဖက်မှ အမျိုးသားတစ်ယောက်၏ အသံထွက်လာကာ 

“မင်္ဂလာပါ ၂၀၃မှ ဧည့်သည်” 

‘၂၀၃’လား ကျန်းလော့သည် အခန်းနံပါတ်ကို ချရေးထားလိုက်သည်။ 

“ကျွန်တော့်အခန်းထဲက သန့်စင်ခန်းက မှန်ကွဲနေလို့ ပြင်ဖို့တစ်ယောက်ယောက်လွှတ်ပေးပါဦး” 

ထူးဆန်းစွာပင် ဤဟိုတယ်၏ ဝန်ဆောင်မှုသည် ထင်ထားသည်ထက် ပိုကောင်းနေကာ 

“ဟုတ်ကဲ့ပါ ဧည့်သည် ကျွန်တော်တို့ ပြင်ဖို့ တစ်ယောက်ယောက်လွှတ်လိုက်ပါ့မယ် ကျေးဇူးပြုပြီး တစ်မိနစ်လောက် စောင့်ပေးပါ” 

ဖုန်းပြောသူသည် ချက်ချင်း ကျန်းလော့ ပြန်ပြောတာကို မစောင့်ဘဲ ဖုန်းချသွားသည်။ ကျန်းလော့သည် တစ်ခုခု ထူးဆန်းနေသည်ဟု ထင်နေသည်။ သူနာရီကို မော့ကြည့်လိုက်သောအခါ စက္ကန့်လက်တံသည် လျင်မြန်စွာ လည်ပတ်နေပြီး တစ်မိနစ်ကြာသောအခါ အခန်းတံခါးခေါက်သံကို ကြားလိုက်ရသည်။ 

တံခါးဆီမှ ပုံသေခေါက်သံတစ်ခု ကြားလိုက်ရကာ ဆက်တိုက် သုံးကြိမ်တိတိ တံခါးခေါက်နေခဲ့သည်။ ကျန်းလော့သည် တံခါးဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး မျက်မှောင်ကုတ်သွားသည်။ 

‘ထူးဆန်းတယ် ဒီလိုဟိုတယ်သေးသေးလေးက အသံလုံစနစ်က ဒီလောက်ကောင်းနေမှာမဟုတ်ဘူး ဘာလို့ စက္ကန့်ခြောက်ဆယ်ထဲနဲ့ တံခါးရှေ့ထိရောက်လာတာ ခြေသံတစ်ချက်မှ မကြားလိုက်ရတာလဲ’

တံခါးတွင် ချောင်းကြည့်ပေါက်တစ်ခု ရှိကာ ကျန်းလော့သည် ထိုနေရာနားထိ တိုးကပ်သွားပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။ ကော်ရစ်တာသည် မှောင်မဲနေပြီးလုံးဝဘာမှ မမြင်ရပေ။ 

‘အပြင်ဘက်မှာ ဘယ်သူမှမှ မရှိတာ ဘယ်လိုလုပ်ပြီး တံခါးခေါက်သံ ပေါ်လာတာလဲ’ 

ကျန်းလော့သည် ချောင်းကြည့်ပေါက်နားမှ မခွာသေးဘဲ ပို၍ နီးကပ်သွားအောင် လုပ်ပြီး ကြည့်လိုက်သည်။ သို့သော် အလွန်မှောင်မည်းနေသောကြောင့် ကော်ရစ်တာကို လုံးဝမမြင်နိုင်တော့ပေ။ ကျန်းလော့ တံခါးနားမှ ထွက်တော့မည့်အချိန်တွင် နောက်ထပ် တံခါးခေါက်သံ သုံးခေါက်ကြားလိုက်ရသည်။ 

‘ဘာလဲကွာ’ 

ကျန်းလော့သည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး တံခါးနှင့် ဝေးဝေးသို့ သွားလိုက်သည်။ 

‘တစ်ခုခုတော့ မဟုတ်တော့ဘူး’ 

ကိုယ်ပေါ်တွင် ယင်ယန်လက်ကောက်နှင့် ဖူလုများကို ဆောင်ထားသော ကျန်းလော့သည် ဖူလုတစ်စောင်ထုတ်၍ တံခါးကို ကပ်ရန်လုပ်လိုက်သော်လည်း အသုံးမဝင်ပေ။ ကြည့်ရသည်မှာ ချီယုံသည် ဒီတစ်ခေါက်တွင် ကစားပွဲအကြီးကြီး တစ်ခု စီစဉ်ထားပုံရသည်။ 

ကျန်းလော့သည် အေးစက်စွာရယ်မောလိုက်သည်။ 


‘မကောင်းဆိုးဝါးကောင်က ဒီည ရူးသွပ်စွာ ရှာဖွေခြင်းဆိုတာ လုပ်ပြီး သူ့ကိုသေအောင် လုပ်ချင်တာပေါ့ ဟုတ်လား’ 

အိပ်ရာဘေးမှ ဟိုတယ်ဖုန်းသည် ရုတ်တရက် အသံမြည်လာပြန်သည်။ 

ကျန်းလော့သည် ကုတင်နားသို့လျှောက်သွားပြီး ဖုန်းကိုင်လိုက်ရာ ဟိုတယ်ပိုင်ရှင်၏ စိတ်မရှည်တော့သော အသံကိုကြားလိုက်ရသည်။ 

“ဧည့်သည် ကျွန်တော်တို့လူက ခင်ဗျားအခန်းရှေ့မှာ ရောက်နေပါပြီ ဘာလို့ သူ့ကိုတံခါးမဖွင့်ပေးရတာလဲ” 

ကျန်းလော့သည် မျက်နှာမပျက်ဘဲ လိမ်ပြောလိုက်သည်။ 

“ဟုတ်လို့လား ကျွန်တော်တော့ မကြားမိပါဘူး အခန်းများ မှားခေါက်မိလား” 

ပိုင်ရှင်သည် သေချာစွာပြောသည်။ 

“အခန်းမှားမခေါက်မိပါဘူး သူအခု ၂၀၃ရှေ့မှာ စောင့်နေပါသေးတယ် သူ့အတွက် တံခါးဖွင့်ပေးလိုက်ပါ” 

သူ့အသံသည် တဖြည်းဖြည်း မှောင်မိုက်လာကာ 

“မဟုတ်လို့ကတော့ ဧည့်သည် ခင်ဗျား ဒဏ်ကြေးအပိုပေးရပါလိမ့်မယ်” 

ကျန်းလော့သည် ချက်ချင်း ဖုန်းချပစ်လိုက်သည်။ နောက်တစ်ခဏတွင် ဖုန်းသည် ထပ်၍ အသံမြည်လာကာ အရူးအမူး အသံကျယ်လာသလိုမျိုး ဆက်တိုက်မြည်နေပြီး စားပွဲတစ်ခုလုံးပါ တုန်ခါနေသည်။ တစ်ချိန်ထဲမှာပင် အခန်းအပြင်ဘက်မှ တံခါးခေါက်သံထပ်၍ ထွက်လာသည်။ ကျန်းလော့သည် ဖုန်းဘေးနားတွင် ရပ်နေရင်း မျက်လုံးများသည် အေးစက်လာကာ မည်မျှကြာအောင် ရပ်နေမိသည်မသိ ဖုန်းသံသည် ရပ်တန့်သွားပြီး တံခါးခေါက်သံသည်လည်း ရပ်တန့်သွားသည်။ 

ကျန်းလော့ စိတ်သက်သာရာရစွာ သက်ပြင်းမချလိုက်နိုင်ခင် သူ့လက်ကိုင်ဖုန်းသည် တုန်ခါလာပြန်သည်။ ကျန်းလော့သည် မျက်မှောင်ကြုတ်၍ ဖုန်းကိုကောက်ကိုင်လိုက်ရာ မေးလ်ထဲတွင် မဖတ်ရသေးသော မက်စေ့ချ်တစ်စောင် ရောက်နေသည်ကို သိလိုက်ရသည်။ 

သူသည် ထိုမက်ဆေ့ချ်ပေါ်သို့ နှိပ်ကြည့်လိုက်ကာ ခိုးရိုက်ထားသော ပုံတစ်ပုံကို တွေ့လိုက်ရသည်။ ခိုးရိုက်ထားသော ဓာတ်ပုံထဲမှသူသည် သူဖြစ်နေသည်။ 

အိပ်ရာဘေးစားပွဲဘေးနားတွင် ရပ်ပြီး ခေါင်းငုံ့၍ ဖုန်းစစ်ကြည့်နေသော ဆံပင်အနက်ရောင်ကောင်လေးသည် ဆံပင်များ နဖူးပေါ်ဝဲကျနေပြီး အပြာရောင် မှိုင်းမှိုင်း မီးရောင်သည် သူ့မျက်နှာပေါ်သို့ ဖြာကျနေသည်။ 

ပုံအောက်နားတွင် ခြိမ်းခြောက်စာတစ်စောင်လဲ ကပ်ပါနေသေးသည်။ 

[အခုချက်ချင်း တံခါးဖွင့်..]

ကျန်းလော့၏ နောက်ကျောတစ်လျှောက်လုံး အေးစိမ့်လာကာ ကျန်းလော့သည် သက်ပြင်းမောကြီးချ၍ သူ့ကိုခိုးရိုက်ထားသော ပုံမှ ရှုထောင့်ကို လိုက်ရာလိုက်သည်။ 

နှစ်မီတာအကွာမှ အောက်ကနေအပေါ်ကို ပင့်ရိုက်ထားသော ဓာတ်ပုံဖြစ်သည်။

သူ့မျက်လုံးများသည် အိပ်ရာအောက်ဘက်သို့ အကြည့်ရောက်သွားသည်။ အိပ်ရာအောက်မှ အကျယ်အဝန်းသည် သုံးဆယ်စင်တီမီတာ ကျယ်ဝန်းပြီး ဤဓာတ်ပုံရိုက်ရာ ရှုထောင့်မှဆိုလျှင် အမှောင်ထဲတွင် ဘာမှ မမြင်ရနိုင်ပေ။ 

‘အခန်းထဲမှာ လူတစ်ယောက်ပုန်းနေတာများလား’ 

‘…ဒါမှမဟုတ် သရဲတစ်ကောင်လား’ 

######