Ch 156
Viewers 8k

အပိုင်း (၁၅၆)


 ပိတ်ဆို့နေသော မိလ္လာပိုက် 

အခုအချိန်တွင် ကျန်းလော့သည် လုံးဝခုခံနိုင်စွမ်း မရှိနေပေ။ ထို့အပြင် သာမန်လူသားတစ်ယောက်သာ ဤကဲ့သို့ ကပ်ဘေးမျိုးနှင့် ကြုံရလျှင် အခန်းအပြင်ဘက်သို့ ထွက်ပြေးကြမည်ဖြစ်သည်။ သူသည် တံခါးဘက်သို့ လှည့်ကြည့်လိုက်သည်။ တံခါးအပြင်ဘက်မှသူသည် သူ့အတွေးကို သိနေပုံရကာ တံခါးခေါက်ခြင်းကို ရပ်လိုက်ပြီး ထွက်သွားဟန်ဆောင်လာသည်။ 

သို့သော် အပြင်ဘက်မှ တိတ်ဆိတ်မှုသည် သူ့အတွက်ထောင်ထားသော ထောင်ချောက်မှန်း ကျန်းလော့သိသည်။ ထို့နောက် သူသည် သတိကြီးကြီးထားလျက် တံခါးဆီသို့ လျှောက်သွားလိုက်ပြီး ချောင်းကြည့်ပေါက်မှ ချောင်းကြည့်လိုက်ပြန်သည်။ 

အပြင်ဘက်တွင် မှောင်မည်းနေတုန်းပင် ဖြစ်သည်။ ဒီလောက်ထိ အခန်းထဲမှ ဖုန်းမြည်သံအကျယ်ကြီး ကြားနေရတာတောင် အပြင်ဘက် ကော်ရစ်တာမှ အသံတုံ့ပြန်ခြင်း မီးလုံးများ တစ်လုံးမှ ပွင့်မလာပေ။ 

‘ဒီလောက်မှောင်မနေသင့်ဘူး’ 

ကျန်းလော့သည် တံခါးနားမှ ထွက်လာပြီး တံခါးနင့် အိပ်ရာကြားတွင် ရပ်နေလိုက်သည်။ 

တံခါးအပြင်ဘက်တွင် အန္တာရာယ်ရှိနေပြီး ကုတင်အောက်တွင်လည်း အန္တာရာယ်တစ်ခု ရှိနေသေးသည်။ သို့သော် ကုတင်အောက်မှ အန္တာရာယ်သည် ကျန်းလော့ကို တံခါးဖွင့်ဖို့သာ ဖိအားပေးနေပြီး တံခါးအပြင်ဘက်မှအရာကသာ ပို၍ ကြောက်စရာကောင်းကြောင်း သိနိုင်သည်။ 

ကျန်းလော့သည် အပြင်ထွက်ဖို့ အစီအစဉ် မရှိနေပေ။ သူနံရံပေါ်မှ နာရီကို ကြည့်လိုက်သောအခါ ငါးနာရီဆယ့်သုံးမိနစ် ရှိနေပြီဖြစ်ပြီး သူ့ခင်ပွန်းဆိုသူ ပြန်လာရန် လေးဆယ့်ခုနှစ်မိနစ်သာ လိုတော့သည်။ 

သို့သော် သူ့ခင်ပွန်းသည် သရဲလား လူလား။

ကျန်းလော့သည် သန့်စင်ခန်းဘက်သို့ကြည့်၍ သန့်စင်ခန်းထဲ ခဏလောက် ဝင်ပုန်းရန် စဉ်းစားလိုက်သည်။ သို့သော် သန့်စင်ခန်းဘက်သို့ ကြည့်လိုက်ချိန်တွင် ကွဲနေသော မှန်တွင် သေးငယ်သော အနက်ရောင်အစက်လေး တစ်စက်ကို မြင်လိုက်ရသည်။ ဖျော့တော့သော အလင်းရောင်ကြောင့် မှန်ထဲပေါ်မှ အစက်အပြောက်သည် မှန်ထဲတွင် တစ်ခုခု ရှိနေသလို ထင်ရသည်။ 

ကျန်းလော့သည် သူအမြင်မှားသည်ထင်၍ မျက်လုံးမှိတ်၍ အာရုံစူးစိုက်ပြီး မှန်ကို ပြန်ကြည့်လိုက်သည်။ အနက်ရောင်အစက်သည် အနည်းငယ်ပိုကြီးလာပြီး ဒီတစ်ကြိမ်တွင် ကျန်းလော့သည် မှုန်ဝါးဝါးသာ မြင်ရတော့သည် မဟုတ်ဘဲ ထိုနေရာမှ အနက်စက်သည် လူတစ်ယောက်၏ ပုံစံလိုမျိုး ရှင်းလင်းစွာ မြင်လာရသည်။ 

ကျန်းလော့ “........” 

‘ဪ မှန်ထဲမှာ ပုန်းနေတဲ့ဟာ တစ်ခုလဲ ရှိနေသေးတာကိုး’ 

‘အဲဒီဟာက တဖြည်းဖြည်း မှန်နဲ့ နီးကပ်လာပြီး ကြီးလာအောင် စောင့်နေတာလား မသိဘူး ကြီးလာရင် မှန်ထဲကနေ ကားယားကြီး ထွက်လာမှာလား’ 

‘ကောင်းပြီ သန့်စင်ခန်းကလဲ မဝင်ရမဲ့နေရာဖြစ်သွားပြီ ငါဘယ်သွားနေရမတုန်း’ 

ကျန်းလော့သည် မြန်မြန် ရှေ့သို့တိုးသွားလိုက်ပြီး သန့်စင်ခန်းတံခါးကို ကြမ်းတမ်းစွာ ပိတ်လိုက်ကာ သော့ခတ်ပစ်ခဲ့ကာ ထိုနေရာရှေ့မှ မြန်မြန်ထွက်လာခဲ့သည်။ 

ထိုသို့ လုပ်ပြီးနောက် သူကိုင်ထားသော ဖုန်းသည် ထပ်၍ တုန်ခါလာပြန်သည်။ ကျန်းလော့ဖွင့်ကြည့်လိုက်ရာ နောက်ထပ် မဖတ်ရသေးသော မက်ဆေ့ချ်တစ်စောင်ကို တွေ့လိုက်ရပြန်သည်။ ဓာတ်ပုံသည် သူ့ပုံသာဖြစ်နေပြန်ကာ သူ သန့်စင်ခန်းတံခါးပိတ်နေသော ပုံဖြစ်ပြီး ဒီတစ်ကြိမ်တွင် ကျန်းလော့နှင့် အနီးကပ်မှ ရိုက်ယူထားသော ပုံလိုမျိုးဖြစ်နေသည်။ ပုံအောက်မှ စကားလုံးများကတော့ တူတူပဲ ဖြစ်သည်။ 

“တံခါးဖွင့် တံခါးဖွင့်” 

ကျန်းလော့သည် ဧည့်ကြိုကောင်တာကို ဖုန်းခေါ်လိုက်မိတာကိုပဲ နောင်တရနေတော့သည်။ သက်ပြင်းချလိုက်ပြီး မက်ဆေ့ချ်များထဲမှ ထွက်ကာ ဖုန်းမှ ကင်မရာကိုရှာ၍ ဖလက်ရှ်မီးဖွင့်ကာ ဂရုတစိုက်ဖြင့် တံခါးအောက်သို့ ဖုန်းခေါင်းလေး ထိုးထည့်လိုက်သည်။ 

ဓာတ်ပုံတစ်ပုံမြန်မြန်ရိုက်ပြီးနောက် ဖုန်းကို အမြန်ပြန်ဆွဲယူလိုက်သည်။ ထို့နောက် အနည်းငယ်ပူနေသော ဖုန်းဖြင့် ဓာတ်ပုံပြခန်းကို ဖွင့်လိုက်ပြီး အခုရိုက်လိုက်သော ပုံကြည့်ဖို့ရန် နှစ်စက္ကန့်လောက်စောင့်လိုက်ရလေသည်။ ပုံထဲတွင် ကျန်းလော့အခန်းရှေ့ ထိန်လင်းနေသော ကော်ရစ်တာတွင် ရပ်နေသော လူတစ်ယောက်ပုံကို ရိုက်မိထားသည်။ 

သို့သော် ထိုလူ၏ခေါင်းသည် အောက်စိုက်နေကာ ကျန်းလော့ဖုန်းကို စပ်စုစွာ ကြည့်နေသည်။ သူ့ခေါင်းသည် ကြောက်စရာကောင်းလောက်အောင် လည်ပင်းမှ ရှည်ထွက်လာကာ လည်ပင်းရှည်ကြီးကို ကွေး၍ ကြမ်းပြင်ပေါ်မှ ဖုန်းကို ကြည့်သည်။ သူ့မျက်နှာကို နှစ်ချက်သုံးချက်လောက် ရိုက်မိထားကာ သူ့မျက်လုံးများသည် ကင်မရာကိုဖြတ်၍ ကျန်းလော့ကို မြင်နိုင်သလို ကင်မရာကို စိုက်ကြည့်နေသည်။ ထိုလူ၏ မျက်လုံးများမှ မျက်ဆံများသည် အဖြူရောင် တစ်စက်လေးမှ မမြင်ရဘဲ မည်းနက်နေသည်။ 

ကျန်းလော့သည် သူချောင်းကြည့်ပေါက်မှ ကြည့်တုန်းက မြင်ရတာသည် မှောင်မည်းနေသော ကော်ရစ်တာမဟုတ်ဘဲ ဤလူ၏ မျက်လုံးဖြစ်သည်ကို ချက်ချင်းသဘောပေါက်သွားသည်။ ကြက်သီးများထလာကာ မီးညှောင့်ရိုးမှ ဦးရေပြားများအထိ ကျင်စက်နှင့်တို့လိုက်သလို တစ်ကိုယ်လုံး ကျင်တက်သွားသည်။ ကျန်းလော့သည် တစ်ကိုယ်လုံးတုန်ကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ 

“ဒါကြီးက စိတ်လှုပ်ရှားစရာကောင်းတယ်” 

သူသည် နာရီကို နောက်တစ်ခေါက်ထပ်ကြည့်လိုက်ရာ ငါးနာရီခွဲပြီးသွားပြီ ဖြစ်သည်။ အပြင်ထွက်လို့ မဖြစ်သောအခါ အခန်းထဲမှာပဲ နေနေရုံသာ တတ်နိုင်တော့သည်။ ဤနည်းလမ်းသည်လည်း သေခြင်းတရားဆီသို့ တွန်းပို့နေသော နည်းဖြစ်ပြီး နည်းနည်းလောက်သာ အချိန်ဆွဲနိုင်မှာ ဖြစ်သည်။ 

သူ၏ အမည်မသိ ခင်ပွန်းသည်လည်း သူ့ကို ကူညီမလား အန္တာရာယ်ထဲ တွန်းပို့မည်လား ကျန်းလော့မသိသော်လည်း သူ့ကို ဒီနေရာမှ လွတ်မြောက်အောင် ကူညီပေးရင်ကောင်းမည်ဟု တွေးမိသည်။ 

‘အမည်မသိ ခင်ပွန်းရေ မင်းကိုပဲ အားကိုးရတော့မှာကွ’ 

ကျန်းလော့တွင် လုပ်စရာတစ်ခုသာ ရှိသည်။ ဖုန်းနဲ့ပဲ အလုပ်လုပ်နိုင်တော့မည်ဖြစ်သောကြောင့် ကျောင်းဂရုချက်ထဲသို့ ဝင်လိုက်ကာ လူအများကြီးကြားမှ မဟုတ်တာ အကုန်ထွက် အဲ.. ပရိယာယ်အကောင်းဆုံးသော လုယုံရိကို ရွေးလိုက်ပြီး ဗီဒီယိုကောလ် ခေါ်လိုက်သည်။ 

‘ဒီနေရာက လုယုံရိအတုက တကယ့်ကမ္ဘာက လုယုံရိလောက်ကောင်းရင် ကောင်းမှာ’ 

လုယုံရိ၏ အံ့ဩနေသော မျက်နှာသည် ဖုန်းမျက်နှာပြင်တွင် ပေါ်လာကာ သူဘာလုပ်နေလဲ မသိရသော်လည်း ရေများ တစ်စက်စက်ကျနေတာကိုတော့ မြင်နေရသည်။ 

“ဒီအိပ်မက်ကြီးက တကယ်အစစ်အမှန်ကြီးလိုပဲကွ” 

အပြင်ကနှင့် ဘယ်နေရာမှ ကွာခြားမနေကာ သူ့မျက်နှာထားသည်လည်း လုံးဝကို မမှားနိုင်စွာ လုယုံရိမှ လုယုံရိဖြစ်သည်။ ကျန်းလော့သည် သူ့မျက်နှာအမူအယာကို သေချာဂရုစိုက်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ 

“မင်းဘာတွေ လုပ်နေတာလဲ” 

“ရေဆိုးမြောင်းနှိုက်နေတာ” 

ဖုန်းမှ မြင်ကွင်းပြောင်းသွားပြီး ကင်မရာသည် အိမ်သာရေပိုက်ဘက်လှည့်သွားသည်။ လုယုံရိ၏ စိတ်ဓာတ်ကျနေသော အသံသည် ကင်မရာထဲမှ ထွက်လာကာ 

“ငါနိုးလာတော့ ဟိုတယ်တစ်ခုထဲရောက်နေတာကွာ ငါမသိလိုက်ခင်လေးမှာပဲ တစ်အိမ်လုံး ရေတွေပြည့်နေပြီကွ ရေတွေက ငါ့ခြေထောက်တောင် မြုပ်တော့မှာ အနံ့အသက်ကကွာ အိုက်ယား တော်ပြီ မပြောချင်တော့ဘူး နံလွန်းလို့ အနံ့နဲ့တင် ငါ့ကို ကောင်းကင်ပေါ်ပို့တော့မလိုပဲကွာ” 

သူသည် နောက်ကင်မရာပြောင်းကာ တစ်အိမ်လုံး လှည့်ပတ်ပြသည်။ တစ်အိမ်လုံး အညစ်အကြေးရေများ ဖုံးလွှမ်းနေကာ ရေပေါ်တွင် ဆံပင်ခြည်များ ပေါလောပေါနေသည်။ 

ကျန်းလော့က မေးလိုက်သည်။ 

“ဘယ်လိုလုပ်ပြီး မင်းနေရာမှာ ဆံပင်အရှည်တွေ ရှိနေရတာလဲ” 

“ပထမဆုံး ငါနိုးလာတုန်းက ငါ့အိပ်ရာဘေးက စားပွဲပေါ်မှာ စာရွက်ပိုင်းလေးတစ်ခုတွေ့တာကွာ အဲ့မှာရေးထားတာက ငါသာ မိလ္လာပိုက်ကို မပြင်ဘူးဆိုရင် ကြောက်စရာကောင်းတာ တစ်ခုခုဖြစ်လာမယ်တဲ့ သေချာပေါက် ငါက အဲ့လိုမျိုး လာခြိမ်းခြောက်တာလောက်နဲ့ ကြောက်သွားတာမဟုတ်ပေမဲ့ မင်းသိလား... အဟမ်း ငါက အမှောင်ကြောက်တယ်လေ ပြီးတော့ အခန်းထဲမှာ မီးအားထိုးကျသွားပြီး မီးပျက်သွားရင် ငါသေမှာကွ ဒါကြောင့် ငါ ရေဆိုးပိုက်ကို ဖွင့်လိုက်တာ ပိုကောင်းတယ်မလား” 

 သူသည် စကားပြောမရပ်နိုင်ဘဲ ရုတ်တရက် သက်ပြင်းချလိုက်ကာ 

“အား ငါဘာလို့များ မင်းလို အိပ်မက်ထဲက လူကို စကားပြောနေရတာလဲ ဘာပြောပြော မင်းနားလည်မှာ မဟုတ်ပါဘူး ဒါပေမဲ့ ဘာဖြစ်ဖြစ်ပါလေ စကားပြောရလို့တော့ ဝမ်းသာသား.. အာ ခေါင်းစဉ်ပြောင်းတော့မလို့ ငါ့ရေဆိုးပိုက် ပိတ်နေရတဲ့ အကြောင်းအရင်းကို ရှာတွေ့ပြီးပြီ ဘာလို့လဲဆိုတော့ အဲဒီအပေါ်ထပ်က ခေါင်းလျှော်ပြီး ဆံပင်တွေကို ရေပိုက်ထဲဆေးချလို့လေ ငါ့ရေပိုက်ထဲကို အဲ့ဆံပင်တွေ လာပိတ်နေတာ မင်းတွေ့တဲ့ ဆံပင်တွေနဲ့ တူတူပဲ ကြည့်” 

လုယုံရိသည် သူ့ညာဘက်လက်တွင် ကိုင်ထားသော အဝတ်အစားများကို ကင်မရာရှေ့သို့ ယူပြလိုက်ပြီး ရေဆိုးမြောင်းထဲမှ ရသော ဆံပင်များကိုလည်း ကိုင်ထားသေးသည်။ 

“ငါဒီနေ့တစ်နေ့လုံး ဆွဲထုတ်နေတာ ဆံပင်တွေကြီးပဲကွာ ဆံပင်မည်းမည်းတွေမှ အများကြီးပဲ မင်းငါ့ကို ဖုန်းမခေါ်ခင်တုန်းကဆို ငါသည်းမခံနိုင်တော့လို့ အပေါ်ထပ်က အခန်းကို သွားပြီး ရေပိုက်ထဲကို ညစ်ပတ်တာတွေ မချဖို့ သွားပြောခဲ့တာ သူတို့က သိပ်တော့ စိတ်ထားမဆိုးကြပါဘူး ခေါင်းညိတ်ပြီး ချက်ချင်း သဘောတူပေးကြတယ်ရယ်” 

အိပ်မက်လို့ပြောရအောင် လုယုံရိသည် အလွန်စစ်မှန်နေသောအခါ ကျန်းလော့သည် လုယုံရိအစစ်လား အိပ်မက်ကမ္ဘာက ဖန်တီးထားတဲ့ အတုအယောင်လား မပြောတတ်တော့ပေ။ 

သူ့မျက်ခုံးသည် တွန့်သွားပြီး ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ 

“လုယုံရိ ယယ်ရွှင်နဲ့ပတ်သတ်ပြီး မင်းအကြောက်ဆုံးအရာက ဘာလဲ” 

လုယုံရိသည် တုန်ခါလာပြီး။ 

“ငါ့အိပ်မက်ထဲမှာတောင် ဒီကြောက်စရာကိစ္စကြီးကနေ မလွတ်မြောက် နိုင်သေးပါလား... သူနဲ့ ရှော့ပင်းထွက်ရမှာ အကြောက်ဆုံးပဲဟေ့” 

“ဒီရွေးရခက်.. ယယ်ရွှင်” 

သူသည် နာကျင်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။ 

“သူနဲ့ ရှော့ပင်းထွက်ရတာ တကယ့်ကို ခက်ခဲတဲ့ တိုက်ပွဲ ထွက်တိုက်ရသလိုပဲ” 

‘ဒီလုယုံရိ ကြည့်ရတာ တကယ့်လူအစစ်ပဲ’ 

ကျန်းလော့သည် နည်းနည်းလောက် တုံ့ဆိုင်းနေပြီး ကင်မရာထဲတွင် မြင်နေရသော တစ်ခုခု မူမမှန်သော ဆံပင်ခြည် အထွေးလိုက်ကြီးကို ကြည့်၍ 

“ခဏ အဲဒီဆံပင်ခြည်ထဲမှာ တစ်ခုခုရှိနေတယ် ကြည့်ကြည့်လိုက်” 

“ဘာကြီးလဲ ငါဘာတွေ တန်ဖိုးကြီးတာများ ရတော့မှာလဲ မသိဘူး ဟီးဟီး” 

လုယုံရိသည် သူ့အင်္ကျီနှင့် ကိုင်ထားသော ဆံပင်အထွေးလိုက်ကြီးကို ဟိုလိုလို သည်လိုလို မွှေနှောက်နေပြီး ထိုဆံပင်ခြည်များထဲမှာ လက်သည်းတစ်ခု ထွက်လာသည်။ 

“ဒါကြီးက ဘာလို့ ဒီထဲရောက်နေရာတာလဲ” 

သူထပ်ပြီး မွှေနှောက်ခါယမ်းကြည့်သောအခါ ဆံပင်ခြည်ထဲမှာ သွယ်လျသော အမျိုးသမီးလက်ချောင်းတစ်ချောင်း ထွက်လာလေသည်။ 

လုယုံရိ “.............” 

သူသည် အေးခဲသွားပြီး တောင့်တင်းသွားကာ 

“ချီး” 

ကျန်းလော့သည် သူကတော့ ခက်ခဲတဲ့ အခြေအနေထဲ ပိတ်မိနေသလို ခံစားလိုက်ရပြီး 

“မင်းပြောတာ အဲဒီဆံပင်တွေက အပေါ်ထပ်က ဆေးချလိုက်တာနော် ပြီးတော့ မင်းသူတို့ကို အထူးတလည်သွားတွေ့လိုက်သေးတယ် ဟုတ်လား” 

“အွန်း” 

လုယုံရိသည် အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်လာပြီး ဒူးများ ချောင်လာသလို ခံစားရကာ 

“သူတို့က သက်လတ်ပိုင်း စုံတွဲကွ” 

ကျန်းလော့သည် ခဏလောက် တိတ်ဆိတ်သွားပြီး 

“ကြည့်ရတာ သူတို့က အလောင်းတွေကို တောက်တောက်စင်းပြီး ပစ်ချနေပုံရတယ် ဒါပေမဲ့ အခုမင်းက သူတို့လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်မိသွားပြီ” 

လုယုံရိ၏ ဦးရေပြားသည် တင်းကျပ်လာပြီး စပ်ဖျင်းဖျင်း ဖြစ်လာကာ သန့်စင်ခန်းထဲတွင် ဆက်မနေရဲတော့ပဲ ထရပ်ပြီး အပြင်သို့ပြေးထွက်လိုက်သည်။ 

“ရှပ် ရှပ် ရှပ် ရှပ် အီး ငါတို့ဘာလုပ်ကြမလဲ သူတို့ ငါ့ကို လာသတ်ကြတော့မှာတော့ မဟုတ်ဘူးမလား” 

သူထိုစကားများ ပြောထွက်လိုက်ကာ ရှိသေးသည် အခန်းရှေ့မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။ 

ကျန်းလော့သာ သတိမပေးခဲ့လျှင် ထတောင် ခုန်မိတော့မှာ ဖြစ်သည်။ 

“မင်းအသံကိုလျော့ တခါးနားသွားစစ်ကြည့် တံခါးလုံးဝ မဖွင့်လိုက်နဲ့နော်” 

လုယုံရိသည် တံတွေးမျိုချပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူသွားရှာခဲ့သော အပေါ်ထပ်မှ သက်လတ်ပိုင်း လင်မယားသည် တံခါးရှေ့တွင် ရပ်နေကြသည်။ သူတို့မျက်နှာပေါ်တွင် အရိပ်ကျနေသောကြောင့် အမှောင်ရိပ်သမ်းနေကြသည်။ ထိုလင်မယားသည် နွေးထွေးစွာ ပြုံးနေသော်လည်း သူတို့လက်များကိုတော့ နောက်ပစ်ထားကြသည်။ တစ်ခုခု ကိုင်လာကြလား မသိရပေ။ 

“ညီလေး” 

ယောက်ျားက ပြောသည်။ 

“တံခါးဖွင့်ပေးပါဦး အစ်ကိုတို့ တောင်းပန်မလို့ပါ” 

အမျိုးသမီးသည် ကြင်နာစွာ ပြုံး၍ 

“ဟုတ်ပါတယ်ကွယ် မင်းအတွက် သန့်ရှင်းရေးလုပ်ပေးမလို့ပါ” 

လုယုံရိသည် သူတို့နှစ်ယောက်လုံး မီးဖိုချောင်သုံး ဓားများကိုင်ထားပြီး နောက်တွင် ဖွက်ထားသည်ဟုသာ ခံစားမိနေသည်။ ထိုလင်မယားသည် သူ့ကိုလည်း နုတ်နုတ်စင်းဖို့ လာတာပဲ ဖြစ်နိုင်သည်ဟု ခံစားမိသည်။ 

သူသည် အသက်အောင့်လိုက်ပြီး အိပ်ရာနားထိရောက်အောင် နောက်ဆုတ်သွားလိုက်ကာ ကျန်းလော့ကို တိုးတိုးလေး ပြောလိုက်သည်။ 

“တကယ်ပဲ အဲဒီလင်မယားပဲ ချီး ငါသေတော့မယ် အိပ်မက်ထဲမှာ သေရင် နာမှာလား ချီး ဒီအိပ်မက်က ကြောက်စရာကောင်းလိုက်တာကွာ” 

ကျန်းလော့သည် အခန်းထဲကို ဝေ့ကြည့်လိုက်ရာ သူ့အခန်းတွင်လည်း နောက်ထပ် တံခါးလာခေါက်သည့် အသံကိုကြားလိုက်ရသည်။ 

“ဒေါက် ဒေါက် ဒေါက်” 

သေစေနိုင်လောက်သော တစ်ထပ်ထဲ တူညီနေသည့် တံခါးခေါက်သံဖြစ်သည်။ သူသည် သက်ပြင်းချလိုက်ပြီဂ လုယုံရိကို ပြောလိုက်သည်။ 

“ဟင်း ငါတို့က တကယ့်ကို ခက်ခဲတဲ့ ညီအစ်ကိုတွေပါလားကွာ” 

#####