အပိုင်း (၁၅၈)
စကားပြောခန်း
‘ကုတင်အောက်က ပိုင်ယဲ့ဖုန်းရဲ့အလောင်းတဲ့လား’
‘ဒါဆို ရေချိုးခန်းထဲမှာ ရေချိုးနေတာက ဘယ်သူတုန်း’
..........................
ကျန်းလော့သည် နားထင်များ တဒိန်းဒိန်းမြည်အောင် ကိုက်လာပြီး စိတ်တိုလာသည်။ ထို့နောက် သက်ပြင်းချလိုက်ကာ ကုတင်အောက်မှ အလောင်းကို ကြည့်ရန် ကုန်းလိုက်သည်။ သို့သော် ထိုအချိန်တွင် ရေချိုးခန်းတံခါးပွင့်လာကာ ပိုင်ယဲ့ဖုန်းထွက်လာပြီး သိချင်စွာ မေးလိုက်သည်။
“ဟန်နီ အဲ့နားမှာ ဘာရပ်လုပ်နေတာလဲ”
ကျန်းလော့သည် သူ့ကို လှည့်ကြည့်လိုက်သည်။ ပိုင်ယဲ့ဖုန်းသည် ချီယယ်နှင့်အပြိုင် ပြည်နယ်ပြိုင်ပွဲတွင် နာမည်ကြီးခဲ့သော ပါရမီရှင်ဖြစ်သည့်အပြင် ချီယုံ့၏ နှစ်ရှည်လများကြာအောင် ရုပ်သေးအဖြစ် ပထမဆုံး ထိန်းချုပ်ခံခဲ့ရသူ ဖြစ်သည်။ ယခု သူသည် သရဲဖြစ်ဖြစ် လူဖြစ်ဖြစ် ကျန်းလော့အပေါ်တွင်တော့ ရက်စက်မည့်ပုံမရှိနေပေ။ သူက ကျန်းလော့နှင့် အတူ ငြိမ်းငြိမ်းချမ်းချမ်း နေချင်၍ အသက်ရှင်ဟန်ဆောင်နေချင်မှတော့ ကျန်းလော့သည်လည်း ဉာဏ်ရှိစွာပင် သူ့ကို ဖော်ထုတ်ဖို့ မသင့်တော့ပေ။
သို့သော် ဤနေရာသည် အိပ်မက်ကမ္ဘာဖြစ်ပြီး သေခြင်းတရားသည် တကယ့်သေခြင်း မဟုတ်ပေ။ တကယ်သေမှာ မဟုတ်သောကြောင့် ကျန်းလော့၏ အသက်ရှင်ချင်စိတ် ပြင်းပြမနေတော့ပဲ ကျန်းလော့သည် ပိုင်ယဲ့ဖုန်းကို စမ်းသပ်ချင်လာသည်။ သို့သော် ချီယုံက သူ့ကို အဘယ့်ကြောင့် ဤအိပ်မက်ထဲ ဆွဲသွင်းလာရသလဲ ဆိုသည့် အကြောင်းပြချက်ကို မသိရသေးသောကြောင့် ပိုင်ယဲ့ဖုန်းကို ဖော်ထုတ်မည့် အကြံကို လက်လျော့လိုက်ရသည်။
“ဘာမှ မလုပ်ပါဘူး”
ကျန်းလော့သည် ပြုံး၍ နောက်ထပ် သဘက်တစ်ထည်ယူ၍
“ကျွန်တော်လည်း ရေသွားချိုးတော့မယ် ဒါနဲ့ ယဲ့ဖုန်း ရေချိုးခန်းထဲမှာ ဘာမှ မရှိဘူးမို့လား”
ပိုင်ယဲ့ဖုန်းသည် သေချာစွာပြောသည်။
“အထဲမှာ ဘာမှမရှိပါဘူး စိတ်မပူပါနဲ့ တစ်ခုခုမှားနေရင် ကိုယ့်ကို အော်ခေါ်လိုက် ကိုယ်မင်းကို ချက်ချင်းလာကယ်မယ် ဟုတ်ပြီလား”
ကျန်းလော့သည် သူ့ကို ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး ရေချိုးခန်းတံခါးဖွင့်၍ အထဲမှာ ဘာမှမရှိတာ သေချာမှ ဝင်သွားသည်။ ရေချိုးခန်းထဲမှ ရေပန်းသည် ရေအားအလွန်ကောင်းပြီး အခန်းကျဉ်းလေးထဲတွင် အောက်ဆီဂျင်သည် အလွန်နည်းပါးသည်။ မှန်ကို ရေငွေ့ရိုက်နေကာ မှုန်ဝါးဝါးဖြစ်နေသည်။
သူ့ခြေဖဝါးများသည် စိုစွတ်နေပြီး လေထုထဲတွင် ဈေးပေါသော ခေါင်းလျှော်ရည်နံ့ကို ရလိုက်ကာ ဟိုတယ်မှပေးသော ရေချိုးခန်းသုံး ပစ္စည်းများဖြစ်ကြောင်း သိလိုက်ရသည်။ ကျန်းလော့သည် ပိုင်ယဲ့ဖုန်း၏ ဖုန်းနှင့် သူ့ကိုယ်ပိုင်ဖုန်းကို ယူလာသည်။
ထို့နောက် ပိုင်ယဲ့ဖုန်း၏ ဖုန်းဖြင့် သီချင်းဖွင့်လိုက်ကာ သူ့ဖုန်းကိုဖွင့်၍ အဖွဲ့စကားပြောခန်းကို ဖွင့်လိုက်သည်။ သူတို့ ပိုင်ဟွားတက္ကသိုလ် စကားပြောခန်းတွင် လူအနည်းငယ်လောက် စကားပြောနေကြသည်။ ကျန်းလော့သည် သူမကြည့်ရသေးသော မက်ဆေ့ချ်များကို ကြည့်၍ စကားပြောခန်းကို အပေါ်သို့ဆွဲကြည့်လိုက်သည်။ ပထမဆုံး စကားပြောထားသူမှာ ကျိုးကျုံးချိုးဖြစ်ပြီး သူမသည် အံ့ဩတကြီးရေးပြီး ပို့ထားသည်။
[ငါတို့အဖွဲ့ကို အိပ်မက်မက်မယ်လို့ တစ်ခါမှ ထင်မထားဘူး အားလုံးပဲ အရမ်းချစ်တယ်နော်]
ရေထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သလိုပင် ကျန်လူများသည်လည်း အလောတကြီး ပြောလာကြသည်။
[အိပ်မက်မက်နေတာလား ငါလည်း အိပ်မက်မက်နေတာလား ဒါကြီးက အရမ်း စစ်မှန်လွန်းနေတယ်ကွာ ငါကော်ဖီစားပွဲပေါ်မှာ အခွံခွာထားတဲ့ လိမ္မော်သီးတွေတောင် အခုထိရှိနေတုန်းပဲကွ ငါဘာလို့ ရုတ်တရက်ကြီး အိပ်ပျော်သွားရတာလဲ ]
[ မင်းတို့ အားလုံး အိပ်မက်မက်နေကြတာလား တိုက်ဆိုင်လိုက်တာ ငါလည်း အိပ်မက်မက်နေတာပဲ..]
ကျန်းလော့ မက်ဆေ့ချ်များကို အကုန်ဖတ်ပြီးသွားသောအခါ မက်ဆေ့ချ်များသည် အမှန်တရားများကို ထုတ်ဖော်ပြောပြခြင်းဆီသို့ ပြောင်းလဲသွားသည်။ ကျန်းလော့သည် ထိုမက်ဆေ့ချ်များကို အလွန်အထင်ကြီးသွားပြီး စခရင်ရှော့ ရိုက်ထားလိုက်သည်။ ဤအုပ်စုထဲမှ လူများအားလုံးသည် တိုက်ဆိုင်စွာ အိပ်ပျော်သွားကြပြီး တူညီသော အိပ်မက်ထဲသို့ ဆွဲသွင်းခံလိုက်ကြရသည့် အစစ်အမှန် လူသားများဖြစ်ကြောင်း ကျန်းလော့ သဘောပေါက်သွားသည်။
ကျန်းလော့သည် ဤသို့ ဖြစ်ရခြင်းမှာ ချီယုံ့ကြောင့်လို့သာ ထင်နေသည်။ သူသည် သူ့သူငယ်ချင်းများကိုယ်စား ချီယုံ့ကို ကျိန်ဆဲလိုက်ပြီး ဂရုထဲ ဝင်ပြောလိုက်သည်။
[ မင်းတို့အားလုံး ဟိုတယ်သေးသေးလေးမှာ နေနေကြတာလား]
ခဏလောက်ကြာအောင် စကားပြောပြီးနောက် ကျန်းလော့သည် သူတို့အားလုံး၏ အခြေအနေများကို သိလိုက်ရသည်။ လုယုံရိမှ လွဲ၍ တခြားလူများအားလုံးသည် အုပ်စုသေးသေးများ ဖွဲ့၍ တခြားနေရာများတွင် ရောက်နေကြသည်။ စိုင်လောင်အာမှလွဲ၍ လူတိုင်းသည် ကြောက်မက်ဖွယ် အရာများကို ကြုံတွေ့ခဲ့ကြသည်။
ဂရုထဲမှ လူတိုင်းသည် စိုင်လောင်အာ၏ ကံကောင်းမှုကြီးကို ဝိုင်းစနေကြပြီး စိုင်လောင်အာကိုယ်တိုင်ပင် သူ့ကိုယ်သူ အနည်းငယ် ရှုပ်ထွေးနေသည်။ သို့သော် ကျန်းလော့ကတော့ သိသည်။ သူတစ်ယောက်ထဲကသာ စိုင်လောင်အာက ပိုင်ဝူချန်မှန်း သိနေကာ သာမန်သရဲများသည် စိုင်လောင်အာကို သွားရှုပ်ရဲကြမှာ မဟုတ်ပေ။ သို့သော် ထိုအချင်းအရာကပင် ထူးဆန်းနေသည်။
ထျန်းရှိဖူနှင့် အိမ်တော်ကြီးခြောက်ခု ကျောင်းတော် တစ်ဆယ့်နှစ်ခုတို့ ပျောက်ကွယ်သွားကြလျှင်ပင် ဟေးပိုင်ဝူချန်တို့ ရှိနေသေးတာတောင် ငါးနှစ်အတွင်း တစ္ဆေများ အဘယ့်ကြောင့် ဤမျှ များပြားလာရပါသနည်း။ ဟေးပိုင်ဝူချန်ဆိုသည် လူနှစ်ယောက် တစ်နည်း နတ်ဘုရားနှစ်ပါးကို ရည်ညွှန်းတာ မဟုတ်ဘဲ အလုပ်အကိုင်ကို ရည်ညွှန်းတာ ဖြစ်သည်။ တစ်ကမ္ဘာလုံး အနှံ့အပြားတွင် ဟေးပိုင်ဝူချန် အမြောက်အများရှိကာ သူတို့အားလုံးသည် တစ်နိုင်ငံလုံးကို နယ်မြေပိုင်းခြားပြီး ဝိညာဉ်ရိတ်သိမ်းမည့် တာဝန်ရှိကြသည်။ အချို့သော ဝိညာဉ်ဆိုးများကသာ ရိတ်သိမ်းခံရန် ငြင်းဆန်ပြီး မကောင်းဆိုးဝါးတစ်ပိုင်း ဖြစ်လာတတ်ကြသည်။ ဤသို့ တစ္ဆေတွေကြီး တစ်နိုင်ငံလုံး ပြည့်သွားရအောင်တော့ မများပြားလာသင့်ပေ။
သူသည် ဤခန့်မှန်းချက်ကို ဂရုထဲသို့ ပို့လိုက်သော်လည်း မည်သူကမှ ဂရုမစိုက်ကြပေ။ ကျိုးကျုံးချိုးသည်ပင်လျှင် သူ့ကို အကြံပေးလာသေးသည်။
[ဒါက အိပ်မက်လေဟာ အပြင်က ငါတို့သိထားသမျှ လော့ဂျစ်တွေက ဒီမှာ အကျုံးမဝင်ဘူးဟ]
ကျန်းလော့သည် တစိမ့်စိမ့်တွေးကြည့်ပြီး စာပြန်ပို့လိုက်သည်။
[နင်ပြောတာ ဖြစ်နိုင်တယ်]
ပိုင်ယဲ့ဖုန်းသည် အပြင်ဘက်မှ သူ့ကိုအော်ပြောလာသည်။
“ဟန်နီ ကိုယ့်ဖုန်းတွေ့မိသေးလား”
ကျန်းလော့သည်အသံမြှင့်၍ အော်ပြောလိုက်သည်။
“ကျွန်တော် မင်းဖုန်းယူထားတာ သီချင်းနားထောင်ချင်လို့”
“အိုကေ”
ပိုင်ယဲ့ဖုန်းက ပြောလိုက်သည်။
“ဒါပေမဲ့ တခြားဘာမှ နှိပ်မကြည့်နဲ့နော် မက်ဆေ့ချ်တစ်ခုခု ဝင်လာရင်လည်း ပြန်မဖြေလိုက်နဲ့”
ကျန်းလော့သည် နောက်ဆုံးစကားကို ကြားပြီး မျက်လုံးများ မှေးသွားသည်။
“အွန်း”
သူသည် မျက်တောင်မခတ် လိမ်လိုက်ပြီး ချက်ချင်း ပိုင်ယဲ့ဖုန်း၏ ဖုန်းကို ဂရုတစိုက် စတင်စစ်ဆေးတော့သည်။ ထိုအချိန်မှာပင် တိုက်တိုက်ဆိုင်ဆိုင် ပိုင်ယဲ့ဖုန်း၏ WeChat ထဲသို့ မက်ဆေ့ချ်တစ်စောင် ဝင်လာသည်။
[ . ရှိနေလား]
ကျန်းလော့သည် ပြန်မပို့ဘဲ “.” ဆိုသူနှင့် ပိုင်ယဲ့ဖုန်းတို့၏ တစ်နေ့လုံး အကြိမ်အနည်းငယ် စကားပြောထားသော စကားပြောခန်း ထိပ်ဆုံးထိ တွန်းကြည့်သွားသည်။
စကားပြောခန်းသည် စကားပြောထားတာ အလွန်နည်းသည်။ ကျန်းလော့လက်ချောင်းသည် စကားပြောခန်းထိပ်ဆုံးသို့ ရောက်ရန် တစ်ချက်သာ တွန်းလိုက်ရသည်။ အရင်စပြီး မက်ဆေ့ချ်ပို့သူမှာ “.” ဆိုသူဖြစ်သည်၊၊
[. : ငါမင်းဆီကို ညစာအတွက် လာတွေမယ် ]
[ ပိုင်ယဲ့ဖုန်း : ငါအခုထိ ဗိုက်ဆာနေတုန်းပဲ]
[ . : မင်းဒီနေ့ နည်းနည်းပဲစားထားတာ ညကျရင် စားနိုင်ပါ့မလား]
[ ပိုင်ယဲ့ဖုန်း : ဟားဟားဟားဟား ငါ့ကိုလာနောက်နေတာလားကွာ]
အခန်းထဲမှ မြူများသည် တဖြည်းဖြည်းလျော့ပါးလာပြီး ကျန်းလော့သည် မှန်ကို ကြည့်၍ အောက်ပြန်ငုံ့လိုက်သည်။
[. : ဒီနေ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အသတ်ခံလိုက်ရတာ သူ့ဦးနှောက်တစ်ဝက်က ဖောက်စားခံလိုက်ရတယ် ဘော့စ်က သူ့ကို စည်းချပစ်လိုက်တာ မင်း ဝမ်းနည်းမသွားဖို့ မျှော်လင့်ပါတယ်]
[ပိုင်ယဲ့ဖုန်း : ငါသူ့နဲ့ အရမ်းကြီး မရင်းနှီးဘူး သူအစားခံလိုက်ရရင်တောင် စိတ်မတိုပါဘူးကွာ]
[. : မင်းရဲ့ဇနီးနဲ့ရော ဆက်ဆံရေး ကောင်းရဲ့လား]
[ပိုင်ယဲ့ဖုန်း : ကောင်းပါတယ် ငါ့ဇနီးက ငယ်ရွယ်ပြီးလှပတယ် သူက အရွယ်ကောင်းလေးပဲရှိသေးတာ သူ့မျက်နှာကို ကြည့်လိုက်တိုင်း ငါထမင်းနှစ်ပန်းကန်လောက် ပိုစားနိုင်လာတယ်ကွ]
‘ငါ့အကြောင်းက ဘာလို့ပါလာတာလဲ’
ကျန်းလော့သည် မျက်ခုံးပင့်လိုက်သည်။
[. : ဒီနေ့ အသားချက်လား]
[ပိုင်ယဲ့ဖုန်း : ဟမ်း]
[. : ဒီည သုံးနာရီတွေ့ကြမယ်]
ကျန်းလော့သည် စကားပြောခန်းကို သုံးကြိမ်တိုင်တိုင် ဖတ်ကြည့်လိုက်ပြီး
“ပိုင်ယဲ့ဖုန်းက ဒီညသုံးနာရီမှာ တစ်စုံတစ်ယောက်နဲ့ တွေ့ဖို့ ရှိနေတာလား”
ဤမက်ဆေ့ချ်များမှ လွဲလျှင် တခြားဘာမှ ရှိမနေပေ။ ကျန်းလော့သည် မတ်တပ်ရပ်လိုက်ပြီး ရေချိုးလိုက်သည်။ ထို့နောက် မိနစ်အနည်းငယ်ကြပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာသည်။ ထို့နောက် အမျှော်အမြင်ရှိစွာ ရေချိုးခန်းတံခါးကို သေချာပိတ်လိုက်ပြီး အိပ်ရာဆီသို့ လျှောက်သွားသည်။
ပိုင်ယဲ့ဖုန်းသည် အိပ်ရာခေါင်းရင်းကို မှီ၍ သတင်းစာဖတ်နေပြီး သည်။ ကျန်းလော့သည် မသိချင်ယောင်ဆောင်၍ ခေါင်းသုတ်နေကာ သူ့ကို ဖုန်းလှမ်းပေးလိုက်သည်။
“လူတစ်ယောက် မင်းကို အခုပဲ မက်ဆေ့ချ်ပို့လာတယ် ဒါပေမဲ့ ကျွန်တော် ဖတ်မကြည့်လိုက်ဘူး”
ပိုင်ယဲ့ဖုန်းသည် တောင့်ခနဲဖြစ်သွားပြီး သူဘာမှကြည့်မထားဘူးဆိုတာကြားမှ စိတ်သက်သာသွားကာ
“မင်းမကြည့်တာ ကောင်းတယ် ဖုန်းထဲကနေ လူသတ်တဲ့ သရဲတွေ အများကြီးရှိတယ် ကိုယ်သာ အပြင်ထွက်အလုပ် မလုပ်ရရင် appတွေ အများကြီး ထည့်ထားမှာ မဟုတ်ဘူး ”
ကျန်းလော့သည် သူ့ကို သေချာကြည့်လိုက်ပြီး နောက်ထပ်စောင်တစ်ထည်ယူပြီး ကုတင်ပေါ်တက်သွားသည်။ ပိုင်ယဲ့ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထိခိုက်သလို ပြောသည်။
“ဟန်နီ ဘာလို့ စောင်အပိုကို ထုတ်လာတာလဲ”
ကျန်းလော့သည် နှစ်ကြိမ်လောက် ချောင်းဆိုးလိုက်ပြီး ယဉ်ကျေးစွာဖြင့် သူ့မျက်လုံးထောင့်စွန်းများသည် နီရဲနေကာ သူ့ကိုကြည့်၍
“ကျွန်တော် ဒီနေ့အအေးမိနေလို့် ခင်ဗျားဆီ အဖျားကူးသွာမှာစိုးလို့လေ ဒီညတော့ စောင်တစ်ထည်စီနဲ့ အိပ်ကြရအောင်”
ကျန်းလော့ ဘာမှ အလေးအနက် ဖြစ်မနေဘူးဆိုမှ ပိုင်ယဲ့ဖုန်းသည် သက်ပြင်းချလိုက်ပြီး
“မင်းအဆင်ပြေလို့ တော်သေးတယ်”
သူသည် အလွန်စိတ်လှုပ်ရှားနေသောကြောင့် နဖူးမှ ချွေးများထွက်လာပြီး သူ့ပုံစံသည် အနည်းငယ် ကြောက်စရာကောင်းနေသည်။ အိပ်မက်ထဲတွင် ပိုင်ယဲ့ဖုန်းသည် ဇနီးကို ချစ်မြတ်နိုးသော လူကောင်းတစ်ယောက် ဖြစ်ပုံပေါ်သည်။
သို့သော် သူ့ထံမှ ဇနီးလို့ အခေါ်ခံရသော ကျန်းလော့သည် သူ့ပါးစပ်ကြီးကို ပိတ်သွားအောင် လုပ်ချင်သည်မှာ လက်ကိုယားနေလေပြီ။
ကျန်းလော့သည် သူ့ကိုပြုံးပြလိုက်ရင်း ပိုင်ယဲ့ဖုန်းနှင့်ဝေးဝေးတွင် နေရာယူလိုက်ပြီး စောင်ခြုံလိုက်သည်။ ကုတင်အောက်မှ အလောင်းနှင့် သူ့ဘေးမှ သရဲလား လူလား မသိသော သူတို့ကြောင့် ကျန်းလော့သည် တစ်ညလုံး မအိပ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူ့မျက်ခွံများသည် လေးလံလာပြီး ပိုင်ယဲ့ဖုန်း အိပ်ရာပေါ်မှ အသာလေး ထသွားတာကို ခံစားမိလိုက်သည်။ ထို့နောက် ပိုင်ယဲ့ဖုန်းသည် မီးပိတ်၍ အိပ်ရာပေါ် ပြန်ရောက်လာသည်။ ကျန်းလော့သည် မှေးခနဲ ဖြစ်လာချိန်တွင် ရုတ်တရက် ပိုင်ယဲ့ဖုန်းနှင့် “.” ဆိုသူပြောထားသော စကားများကို ပြန်သတိရသွားသည်။
ထိုစကားဝိုင်းတွင် တစ်ခုခုမှားနေသလို ခံစားချက်မျိုး ရနေပြီး အဆုံးထိဖတ်ပြီးသော်လည်း သူသည် ထိုစကားဝိုင်းကို နားမလည်ခဲ့ပေ။ သူတို့နှစ်ယောက်၏ စကားဝိုင်းသည် အလွန်မွန်းကြပ်ဖွယ်ကောင်းကာ ပြောစရာစကားမရှိသလို ရှာကြံပြောနေကြသလို ခံစားရသည်။ ကျန်းလော့သည် ထိုစကားဝိုင်းကို အထပ်ထပ်အခါခါ ပြန်တွေးကြည့်ပြီး ရုတ်တရက် ဦးရေပြားများ စပ်ဖြင်းဖြင်းဖြစ်လာကာ သူ့အရိုးအဆစ်များသည် တောင့်တင်းသွားပြီး မှေးခနဲအိပ်ပျော်ရာမှ လုံးဝ နိုးကြားသွားတော့သည်။
‘အဲဒီ စကားဝိုင်း မက်ဆေ့ချ်တွေက ပြောင်းပြန်ဖတ်ရတာလား’
‘နောက်ဆုံးမက်ဆေ့ချ်ကနေ ထိပ်ဆုံးအထိကမှ အဓိပ္ပာယ်ရှိမှာကိုး’
ညနက်သုံးနာရီထိုးရင် “.” ဆိုတဲ့တစ်ယောက်က ပိုင်ယဲ့ဖုန်းဆီကို ညစာစားဖို့လာမှာ ပြီးတော့ ပိုင်ယဲ့ဖုန်းက သူ့ကို အသားချက်ပြီးစောင့်နေမည်ဟု ပြောခဲ့သည်။ ထိုအသားသည် ကျန်းလော့မှ လွဲ၍ မည်သူမျှ မဖြစ်နိုင်ပေ။
ကျန်းလော့မျက်လုံးသည် ဖြတ်ခနဲ ပွင့်လာသည်။ အခန်းတစ်ခုလုံး အလွန်မှောင်မဲနေသည်။ ကျန်းလော့သည် စိတ်သက်သာရာရစွာ သက်ပြင်းမချလိုက်နိုင်သေးခင် အမှောင်ထက် ပိုမည်းနက်နေသော အရိပ်တစ်ခုကို မြင်လိုက်သည်။ ထိုအရိပ်ကျရာသည် သူ့အိပ်ရာဘေးဘက်တွင်ရပ်၍ သူ့ကို စူးစူးစိုက်စိုက်ကြည့်နေသည်။
ထိုအရိပ်သည် ပိုင်ယဲ့ဖုန်း ဖြစ်သည်။
ပိုင်ယဲ့ဖုန်းသည် အချိန်ဘယ်လောက်ကြာပြီမှန်း မသိအောင် သူ့အိပ်ရာဘေးတွင် ရပ်ကြည့်နေပြီး သူ့ခန္ဓာကိုယ်သည် တောင့်တင်းနေကာ မျက်လုံးများသည် လောဘအရိပ်အယောင်များ ပြည့်နေပြီး ကြောက်စရာကောင်းနေသည်။ ထို့နောက် ကျန်းလော့ကို သေလူလို စိုက်ကြည့်နေသည်။
ကျန်းလော့နှလုံးသားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခံရသလို ခံစားနေရပြီး တစ်ခုခုမှားနေပြီ ဖြစ်ကြောင်း သဘောပေါက်သွားသည်။
သူသည် ပိုင်ယဲ့ဖုန်းကို စိုက်ကြည့်၍ အိပ်ရာပေါ်မှ ဖြည်းဖြည်းချင်းထွက်လိုက်သည်။ ပိုင်ယဲ့ဖုန်း၏ မျက်လုံးသည် သူရွေ့လျားသွားသည့်အတိုင်း လိုက်ကြည့်နေသော်လည်း သူ့ခန္ဓာကိုယ်သည် သတိလစ်နေသလို တောင့်တင်းနေပြီး မလှုပ်ပေ။ ကျန်းလော့သည် မြန်မြန် ဖိနပ်စီးလိုက်ပြီး သူ့ကိုထပ်မကြည့်ရဲတော့စွာ နံရံပေါ်မှ နာရီကို ကြည့်လိုက်သည်။
၂နာရီ ၅၇မိနစ်
‘သုံးနာရီထိုးဖို့ သုံးမိနစ်လိုသေးတယ်’
ကျန်းလော့သည် အသံမထွက်ပဲ ကျိန်ဆဲလိုက်ပြီး ကျေးဇူးတင်စွာ ပြောသည်။
“အနည်းဆုံးတော့ သုံးမိနစ်ကျန်ပါသေးတယ်”
ထိုအချိန်တွင် ပိုင်ယဲ့ဖုန်း၏ အိပ်ရာဘေးတွင် ရုတ်တရက် တုန်ခါသွားပြီး လင်းလာကာ အဖြူရောင်ခေါင်းအုံးကို အလင်းဖျော့ဖျော့ ရိုက်ခတ်သွားသည်။ ကျန်းလော့သည် ယခုအချိန်တွင် သူပြေးသင့်ပြီဆိုတာ သိသော်လည်း သိချင်စိတ်ကို ထိန်းမရနေတာ့ပေ။ ထို့ကြောင့် ပိုင်ယဲ့ဖုန်းဘက်သို့ လျှောက်သွားပြီး သူ့ဖုန်းကို ယူ၍ ဖွင့်ကြည့်လိုက်သည်။ “.” ဆီမှ မက်ဆေ့ချ်ရောက်လာခြင်း ဖြစ်သည်။
ပုံတစ်ပုံဖြစ်ပြီး ဟိုတယ်အငယ်လေး၏ပုံဖြစ်ကာ မှောင်မည်းနေသော လမ်းပေါ်မှ အနီရောင်မီးများထွန်းထားသော ဟော်တယ်ဆိုင်းဘုတ်ကို အဓိကရိုက်ယူထားသည်။ “သေးငယ်လှသော ပျော်ရွှင်မှု” ဆိုသည့် ဟော်တယ်ဆိုင်းဘုတ်အပြင် မှန်တံခါးအတွင်းဘက်တွင် ထိုင်နေသော ဧည့်ကြိုကောင်တာမှ ဟိုတယ်ပိုင်ရှင်၏ ပုံပါ ပါနေသည်။ ဟိုတယ်ပိုင်ရှင်၏ မျက်လုံးများသည် ဖားပြုတ်တစ်ကောင်ကဲ့သို့ ရွံ့စရာကောင်းနေပြီး သူ့နောက်တွင် ကျဉ်းမြောင်းသော လှေကားတစ်ခု ရှိပြီး မှောင်မည်းနေသည်။
[. : ငါဟိုတယ် အပြင်ဘက်ရောက်နေပြီ]
‘“.” ဆိုတဲ့တစ်ယောက်က ရောက်တောင် ရောက်နေပြီလား’
ကျန်းလော့နှင့် ပိုင်ယဲ့ဖုန်းတို့သည် အခန်း ၂၀၃ တွင် နေကြပြီး ထိုသူလာမည်ဆိုလျှင် နှစ်လွှာအထိ တက်လာရမည်ဖြစ်သည်။ အသံတချို့ကြားလာရကာ ဟိုတယ်ပိုင်ရှင်နှင့် “.” တို့၏ စကားသံများဖြစ်နိုင်သည်။ ဟိုတယ်ပိုင်ရှင်၏ စကားသံသည် မဖော်ရွေစွာ တုံးတိဖြစ်နေပြီး
“ဧည့်သည် အခန်းငှားမှာလား”
ကျန်းလော့သည် သူ့ခြေထောက်အောက်နားမှ သရဲကိုလည်း သတိထားနေသေးသည်။ သူတံခါးဖွင့်လိုက်သည်နှင့် ပိုင်ယဲ့ဖုန်း၏ ဖုန်းသည် ထပ်၍ အသံမြည်လာပြန်သည်။ ထပ်၍ ပုံတစ်ပုံနှင့် စာတစ်ကြောင်းပင် ဖြစ်ပြီး
[. : ငါမြေညီထပ်မှာ]
ပုံသည် ရှည်လျားပြီး မှောင်မိုက်နေသော သစ်သားလှေကားပုံကို ရိုက်ပြထားခြင်း ဖြစ်သည်။ ကျန်းလော့သည် ပိုင်ယဲ့ဖုန်း၏ ဖုန်းကို အထဲသို့ ပစ်ထည့်လိုက်ကာ သူ့ဖုန်းကို ကိုင်၍ အပေါ်ထပ်သို့ ပြေးတက်သွားသည်။
နေရာတိုင်း အန္တာရာယ်ရှိနေသော လောကထဲတွင် သရဲတစ်ကောင်၏ ဖုန်းကိုကိုင်ထားခြင်းသည် မိမိ၏ တည်နေရာကို ဖော်ပြနေခြင်းဖြစ်ပြီး ကျန်းလော့သည် စကားသံ တစ်ချက်မှ မထွက်ဘဲ အမှောင်ထဲသို့ ဖြောင့်ဖြောင့်တန်းတန်း ပြေးသွားသည်။
သူသုံးလွှာသို့ ပြေးတက်ကာ ရောက်သွားသည်နှင့် အောက်ထပ်မှ တံခါးခေါက်သံကြားလိုက်ရသည်။ အများကြီးတွေးနေစရာမလိုဘဲ အခန်း ၂၀၃သို့ သွား၍ တံခါးခေါက်သူမှာ “.” ဖြစ်ကြောင်း ကျန်းလော့သိသည်။ ကျန်းလော့သည် ခြေလှမ်းကို ဖွပြီးလျှောက်နေသောကြောင့် ခြေသံမကြားရသလောက် တိုးလေသည်။ ကံကောင်းစွာပင် သူသည် လုယုံရိ၏ အခန်းကိုမှတ်မိနေသောကြောင့် ဂရုထဲမှ လူတိုင်းသည် ကြုံတွေ့ခဲ့ရသော အခြေအနေများကြောင့် အားလုံးနီးပါး နိုးကြားနေကြသည်။
လုယုံရိတံခါးရှေ့သို့ ရောက်သောအခါ ကျန်းလော့သည် တံခါးမခေါက်ဝံ့ဘဲ ဂရုထဲတွင် လုယုံရိရှိမရှိကြည့်၍ မက်ဆေ့ချ်ပို့လိုက်သည်။ ကံကောင်းစွာပင် လုယုံရိသည် တစ်ချိန်လုံး ဖုန်းကြည့်နေသောကြောင့် စက္ကန့်အနည်းငယ်အတွင်း တံခါးလာဖွင့်ပေးသည်။ လုယုံရိသည် အလွန်အံ့ဩနေပြီး
“ကျန်း--”
ကျန်းလော့သည် ရုတ်ချည်း သူ့ပါးစပ်ကို လက်နှင့် သွားအုပ်လိုက်ကာ လုယုံရိအခန်းထဲသို့ အမြန်ပြေးဝင်၍ တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ ထို့နောက် ချက်ချင်း မီးများပိတ်လိုက်ကာ လုယုံရိကို တိတ်တိတ်နေရန် လက်ဟန်ခြေဟန် ပြလိုက်သည်။ လုယုံရိသည် ပါးစပ်ကို အုပ်ထားလိုက်ပြီး သူနှင့်အတူရပ်၍ နှစ်ယောက်သား တံခါးနားတွင် ဘယ်တစ်ယောက်ညာတစ်ယောက် နားကပ်၍ အပြင်ကို နားထောင်နေသည်။
တစ်မိနစ်ကြာပြီးနောက် အပြင်ဘက်တွင် ပထမထပ်မှ တက်လာသော ခြေသံများကို ကြားလိုက်ရသည်။ ပိုင်ယဲ့ဖုန်းသည် စိတ်သောကရောက်နေသော အသံဖြင့် ခေါ်သည်။
“ရှင်မ ဟန်နီ”
ကျန်းလော့သည် ဤမျှလောက် စိတ်လှုပ်ရှားစရာကောင်းသော အခိုက်အတန့်ကို မကြုံဖူးပေ။ သူသည် အပြင်မှ အသံများကို နားထောင်ရင်း သူ့ရင်ဘတ်သည် မောဟိုက်ကာ မြင့်မြင့် တက်လာသည်။ ပိုင်ယဲ့ဖုန်းသည် သုံးလွှာကို လှည့်ပတ်နေကာ သူ့ခြေသံများသည် တဖြည်းဖြည်း တုံ့ဆိုင်းတုံ့ဆိုင်း ခြစ်လာသည်။ ရှာမတွေ့သောအခါ သူသည် သုံးလွှာမှ ထွက်သွားတော့သည်။ ခြေသံများ ပျောက်ကွယ်သွားသည်။
ဘာဖြစ်သွားမှန်း မသိသော လုယုံရိသည် အသံမကြားရတော့ခါမှ စိတ်သက်သာသွားကာ ကျန်းလော့ကို ဘာဖြစ်နေလဲဆိုတာ မေးကြည့်မလို့ရှိသေးသည် ကျန်းလော့ထံမှ တိတ်တိတ်နေရန် အချက်ပြနေသော အကြည့်ကို မြင်လိုက်ရသည်။
--စကားမပြောနဲ့
လုယုံရိ နှလုံးသားသည် တင်းကျပ်သွားပြီး သူ့ပါးစပ်ကို လျင်မြန်စွာ ပိတ်ထားလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့အခန်း တံခါး အပြင်ဘက်မှ သက်ပြင်းချသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
“ဒီမှာ တကယ်မရှိဘူး...”
အသံသည် သူတို့နှင့် အလွန်နီးကပ်နေပြီး နီးကပ်လွန်းသောကြောင့် သူတို့နားများကို တံခါးတွင်ကပ်၍ နားထောင်ဖို့ပင် မလိုတော့ပေ။ သူတို့သည် ကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး အပြင်ဘက်မှ စကားသံကို နားထောင်နေသည်။
လုယုံရိ၏ နဖူးပေါ်မှ ချွေးအေးများ စီးကျလာသည်။ ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ အသံသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။
######