အပိုင်း (၁၈၁)
ထျန်းရှိဖူမှ ထွက်ခွာခြင်း
ညီအစ်ကို သုံးယောက်သည် ကျန်းလော့ကို နေ့လည်ခင်းထဲက လိုက်ရှာနေကြခြင်းဖြစ်ပြီး သူတို့သည် ညစာစားချိန်ရောက်သွားသည်အထိ ရှာမတွေ့သေးပေ။ သူတို့သည် ထိုအကြောင်းကို ဖုန်းလီဆီသို့ ထိုအကြောင်းသတင်းပေးကြရာတွင် အလွန်ကြောက်ရွံ့တုန်လှုပ်နေသောကြောင့် သူတို့သည် အပူပေးခံနေရသော ငုံးဥများလို ဖြစ်နေကြသည်။
ဖုန်းလီသည် သူတို့ကို ဆက်စောင့်နေရန် ပြောသောကြောင့် သူတို့သည် ကားပေါ်မှာ ပုန်း၍ ညစာစားပြီး အဆာပြေမုန့်များ ဝယ်၍ ကျန်းလော့ ပြန်ရောက်လာသည်အထိ စောင့်ခဲ့ကြသည်။ ကျန်းလော့သည် သူတို့ရောက်လာသည်ကို မအံ့ဩသွားဘဲ ဝမ်ယမ်လန်သည် စီစဉ်ထားသည့်အတိုင်း ကျန်းလော့ကို စိတ်ပူနေသော အကြည့်တို့ဖြင့် ကြည့်ပေးလိုက်ရာ ကျန်းလော့သည် သူ့ကို စိတ်မပူရန် ဖျောင်းဖျဟန်ဆောင်၍ သူ့ကို အပေါ်ထပ်သွားရန် ပြောခဲ့သည်။
ကျန်းလော့သည် သူတို့သုံးယောက်နောက်လိုက်သွားခဲ့သောအခါမှ ရှန်ရူမာ့သည် စိတ်သက်သာသွားတော့သည်။ သူတို့ထျန်းရှိဖူ ဂိတ်ဝရောက်သောအခါ ကျန်းလော့နှင့် အလွန်ဆက်ဆံရေးကောင်းသော ကျိုးဝူတုသည် နှစ်ကိုယ်ကြားကပ်၍ သတိပေးလိုက်သည်။
“ညီငယ်လေးရေ ဆရာကတော့ တအားစိတ်ဆိုးနေတာကွ”
ကျန်းလော့သည် ထိုအချက်ကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူတို့သုံးယောက်သည် ကျန်းလော့ကို စာကြည့်ခန်း တံခါးအထိ လိုက်ပို့ပေးပြီး ရှန်ရူမာ့သည် တံခါးခေါက်လိုက်ကာ
“ဆရာ လူခေါ်လာပါပြီ”
အကြာကြီးနေမှ အခန်းထဲမှ အသံထွက်လာခဲ့သည်။
“သူ့ကို ဝင်လာခိုင်းလိုက်”
သူ့ကို ဝင်လာခိုင်းခြင်းသည် သူတို့ကို ဝင်လာခိုင်းခြင်း မဟုတ်။
ရှန်ရူမာ့တို့သည် အလွန်စိတ်သက်သာသွားကြပြီး ကျန်းလော့ကို ကရုဏာသက်သော အကြည့်တို့ပေးကာ ချက်ချင်း ပြေးထွက်သွားကြသည်။ ကျန်းလော့သည် သူတို့နောက်ကျောများကိုကြည့်၍ ရွှင်မြူးစွာ တံခါးကို တွန်းဖွင့်လိုက်သည်။
စာကြည့်ခန်းသည် မှောင်မည်းနေပြီး ဖုန်းလီသည် မီးမဖွင့်ထားပေ။ သူသည် စားပွဲနောက်တွင်ထိုင်နေပြီး သူ့ပုံရိပ်သည် အခန်းအမှောင်ထုထက်ပင် မည်းမှောင်နေသေးသည်။ ကျန်းလော့သည် သူ့အမူအယာကို မမြင်နိုင်သော်လည်း ဆဌမအာရုံအရ ယခု ဖုန်းလီသည် သွားရှုပ်လို့ရမည့် အခြေအနေတွင် ရှိမနေပေ။
သူ့ဆဌမအာရုံကို အမြဲလိုလို ယုံကြည်သူတစ်ယောက်အနေဖြင့် သူသည်စားပွဲနှင့် ဝေးရာတွင်သာ ရပ်နေလိုက်သည်။ တံခါးနှင့်နီးသောကြောင့် တစ်ခုခုဆိုလျှင် တံခါးဖွင့်ပြီး ချက်ချင်း ထွက်ပြေးလို့ ရနိုင်ရန်ဖြစ်သည်။ ဖုန်းလီသည် သူ ဒီလောက်အဝေးကြီးမှာ ရပ်နေသော်လည်း မည်သည့် ထင်မြင်ချက်မှ ပေးမလာဘဲ တိတ်ဆိတ်နေသည်။ ထို့ကြောင့် ကျန်းလော့သည် သူကပဲစ၍ ပြောလိုက်သည်။
“ဆရာ”
တစ်ဖက်လူသည် စကားတစ်ခွန်းမှ ပြောမလာပေ။
ကျန်းလော့က ဆက်ပြောလိုက်သည်။
“ဆရာ ကျွန်တော် ထျန်းရှိဖူက ထွက်သွားချင်ပါတယ်”
ဖုန်းလီကမေးသည်။
“ဘာလို့လဲ”
ကျန်းလော့သည် နူးညံ့စွာပြောသည်။
“ကျွန်တော်အရင်တစ်ခေါက်က ပြောခဲ့သလိုပဲ ကျွန်တော်က ဆရာ့ တပည့်ဖြစ်ဖို့ မထိုက်တန်လို့ပါ ပြီးတော့ ကျွန်တော်က ထျန်းရှိဖူက စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာနိုင်လို့ပါ ဆရာကသာ တစ်ခုခု တောင်းဆိုလာမယ်ဆို ကျွန်တော် ဆရာ့ရဲ့ လမ်းညွှန်သင်ကြားပေးတာတွေအတွက် ထိုက်သင့်တာ ပြန်လုပ်ပေးနိုင်သလောက် လုပ်ပေးမှာပါ”
ဖုန်းလီသည် အလေ့အကျင့်အတိုင်း လက်မကို ပွတ်လိုက်သော်လည်း လက်မတွင်ဝတ်ထားလေ့ရှိသော ကျောက်စိမ်းသည် ကျိုးပဲ့သွားခဲ့သောကြောင့် မရှိတော့ပေ။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် အလွန်အလုပ်များနေခဲ့ပြီး ကျောက်စိမ်းလက်စွပ်အသစ်တစ်ခု ပြန်ဝတ်ဖို့ အချိန်မရခဲ့ပေ။ ထို့ကြောင့် ယခုအချိန်တွင် သူလှည့်စရာ လက်စွပ်မရှိတော့ခြင်း ဖြစ်သည်။
သူသည် ကျန်းလော့ကြောင့်လား မရှိတော့သော ကျောက်စိမ်းလက်စွပ်ကြောင့်လား မသိတော့သော်လည်း ရုတ်တရက် ပြင်းထန်သော လှိုင်းကြီးတစ်ခုသည် သူ့ကိုယ်ထဲတွင် ဝင်ရောက်မွှေနှောက်လာသလို ခံစားလိုက်မိသည်။
သူသည် နေ့လည်ခင်းက ချန်ပိနှင့် ဖုန်းပြောခဲ့ကြသည်ကို သတိရသွားသည်။
ကျန်းလော့တစ်ယောက် ထျန်းရှိဖူမှ ထွက်သွားတော့မည်ကို ချန်ပိသိသွားသောအခါ သူသည် ဖုန်းလီကို တောင်းပန်ခဲ့ပြီး ကျန်းလော့ကို သူဖျောင်းဖျပေးမည့်အကြောင်း ပြောလာသည်။
သိုသော် သူက ယဉ်ကျေးစွာ ဆက်ပြောလာသည်။ အကယ်၍ ဖုန်းလီသာ ဂရုမစိုက်ပါလျှင် သူသည် နောက်ထပ် ပါရမီပါသော တပည့်တစ်ယောက်ကို ဖုန်းလီထံသို့ လွတ်ပေးမည့်အကြောင်းလဲ ပြောလာခဲ့သည်။ သို့သော် ကောင်းကင်သခင်တွင် တပည့်များ ရှားပါးမနေပေ။
ဖုန်းလီသည် ထိုင်ခုံကို မှီချလိုက်ပြီး တစ်နေ့လုံး လုပ်ခဲ့သည်များကို ဗုဒ္ဓလက်ဖဝါးပေါ်မှ ကြာဖူးသဏ္ဍာန် အမွှေးအိုးကို ကြည့်၍ စဉ်းစားကြည့်နေသည်။ သူ ချန်ပိကို ပြန်ပြောခဲ့သည်မှာ။
“ကလေးက နည်းနည်းဆိုးနေရုံပဲ မကြာမကြာ သင်ခန်းစာ အချို့ပေးလိုက်ရင် ရပြီ”
၎င်းသည် သူ၏ ကျောက်စိမ်းလက်စွပ်ကို လှည့်တတ်သည့် အလေ့အထတစ်ခုကဲ့သို့ပင် ကျန်းလော့တစ်ယောက် သူ့တပည့်ဖြစ်နေသည်ကို သူတကယ် အသားကျနေပြီဖြစ်သည်။
ကျန်းလော့က ပြောသည်။
“ဆရာ”
ဖုန်းလီသည် ရုတ်တရက် အံ့ဩစရာကောင်းသွားအောင် ထရယ်ပစ်လိုက်သည်။ ရယ်သံသည် အေးစက်နေသော်လည်း ဖုန်းလီသည် ချက်ချင်း ထိန်းလိုက်နိုင်သည်။ မသိလျှင် ထင်ယောင်ထင်မှားဖြစ်ပြီး အကြားမှားသွားသည် ထင်ရအောင် မြန်ဆန်စွာ ထိန်းနိုင်ခဲ့သည်။ ကျန်းလော့သည် လန့်သွားပြီး ချက်ချင်း နောက်တစ်လှမ်းဆုတ်သွားသည်။
“ဆရာ ဒီတပည့်က ကျင့်ဝတ်မသိတတ်ပါဘူး ဒီတပည့်ကို ထွက်ခွာခွင့်ပေးပါ ”
ဖုန်းလီကပြောသည်။
“သွား လက်ဖက်ရည်တစ်ခွက်လောက် သွားယူလာခဲ့”
ကျန်းလော့သည် ဖုန်းလီက ရုတ်တရက် ထိုသို့ ပြောလိုက်သောအခါ အနည်းငယ် အံ့ဩသွားသည်။ မည်သို့ပင်ဖြစ်စေ ကျန်းလော့သည် ထိုတောင်းဆိုချက်ကို အလုပ်သဘောအရဖြစ်စေ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တို့ကြောင့် ဖြစ်စေ ငြင်းဆန်၍ မရချေ။
သူသည် ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပြီး ဖုန်းလီအတွက် လက်ဖက်ရည်လုပ်ပေးရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မီးဖိုခန်းထဲတွင် အမြဲတမ်း လက်ဖက်ခြောက်များ ရှိတတ်ပြီး လက်ဖက်ရည်ကို အပေါ်ထပ်သို့ ယူသွားရန် လှည့်ကြည့်လိုက်ချိန်တွင် ဖုန်းလီသည် သူနောက်သို့ လိုက်၍ အောက်ဆင်းလာသည်ကို မြင်လိုက်ရသည်။ ဖုန်းလီသည် လှေကားပေါ်တွင် မတ်တပ်ရပ်နေကာ အရိပ်အောက်တွင် သူ့ကို ကြည့်နေခဲ့သည်။
ကျန်းလော့၏ စိတ်ထဲတွင် သံသယဝင်လာသော်လည်း မြန်မြန်ဆန်ဆန် စိတ်ငြိမ်သွားပြီး ပြုံးပြလိုက်ကာ
“ဆရာ လက်ဖက်ရည် အဆင်သင့် ဖြစ်ပါပြီ”
ဖုန်းလီသည် သာမန်ကာလျှံကာ ပြောလိုက်သည်။
“စာကြည့်ခန်းထဲသွားပို့လိုက်”
ကျန်းလော့သည် ဖုန်းလီ လက်ဟန်ပြသည့်အတိုင်း ခေါင်းညိတ်ပြလိုက်ကာ အပေါ်ထပ်သို့ တက်သွားရန် လုပ်လိုက်သည်။ ဖုန်းလီသည် လှေကားအဆင်းနားတွင် မတ်တပ်ရပ်နေတုန်းဖြစ်ပြီး သူ့တပည့်ဖြစ်သူကို ရှုပ်ထွေးစွာ ကြည့်နေသည်။
ထျန်းရှိဖူမှ လှေကားများသည် သစ်သားလှေကားများ ဖြစ်ကြပြီး ပုံမှန်အားဖြင့် မချော်တတ်ပေ။ သို့သော် ကျန်းလော့တစ်ယောက် လှေကားငါးထစ်ရောက်သောအခါ ခြေချလိုက်သည်နှင့် ရုတ်တရက် လေးထစ်မြောက်တွင် သူ၏ တည်ငြိမ်နေသော ဒူးခေါင်းတစ်ဖက်ကို တွန်းပစ်လိုက်သည်ကို ခံစားလိုက်ရသည်။
လှေကားအောက်ဆုံးတွင်ရပ်နေသော ဖုန်းလီသည် ပြုတ်ကျလာသော ကျန်းလော့ကို လက်မောင်းထဲသို့ ဆွဲသွင်း၍ ဖမ်းလိုက်ပြီး လက်ဖက်ရည်ခွက်သည် ကြမ်းပြင်ပေါ်သို့ ကျကွဲသွားတော့သည်။ သို့သော် သူ့ညာဘက်ဒူးခေါင်းသည် သေလောက်အောင် စူးရှနာကျင်နေပြီး သေချာပေါက် လည်ထွက်သွားမှန်း သိသာနေသည်။ ကျန်းလော့၏ နဖူးတွင် ချွေးသီးချွေးပေါက်များ သီးလာကာ သူသည် မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ညာဘက် ခြေထောက်သည် တော်တော် အားနည်းပြီး ခြေထောက်ထောက်မရတော့ပေ။
သူသည် လှေကားကို မယုံနိုင်စွာ ကြည့်လိုက်ရာ လက်ဖဝါးတစ်ဝက်စာလောက်သေးသော စက္ကူလူရုပ်လေးသည် လှေကားပေါ်တွင် ထောင်ထောင် ထောင်ထောင်နှင့် ရပ်နေလေသည်။
‘ဒါက ဖုန်းလီရဲ့ စက္ကူလူလား’
‘ဘာလို့ ငါ့ကို လှေကားပေါ်က တွန်းချတာလဲ’
“ဆရာ”
“ဘာလို့...”
ဖုန်းလီသည် သူ့ကို လက်မောင်းမှ ဆွဲထူ၍ သူ့ကို အပေါ်ထပ်ထိ ပြန်ခေါ်သွားသည်။ သူ့ထန်ခေတ် ဝတ်စုံအဖျားတို့သည် ကြမ်းပြင်ပေါ်မှ လက်ဖက်ရည်များနှင့် တိုက်မိပြီး ပေသွားသော်လည်း ဖုန်းလီသည် ဂရုမစိုက်ခဲ့ပေ။ သူသည် လှေကားပေါ်မှ စက္ကူလူရုပ်ကိုပင် မဖယ်ရှားခဲ့ပေ။ ထို့အပြင် သူသည် ဖြေရှင်းသည့် စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း ထိုအပြုအမူသည် သူ့သဘောထားကို ရှင်းရှင်းလင်းလင်း မီးထွန်းပြနေသလို ထင်ရှားစေသည်။
ကျန်းလော့သည် လက်သီးတင်းတင်းဆုပ်ထားပြီး ဖုန်းလီသည် သူရှင်းရှင်းလင်းလင်း မမြင်ရသေးသော လူတစ်ယောက်ဖြစ်ကြောင်း တွေးမိသွားသည်။
ဖုန်းလီသည် ကျန်းလော့ကို သူနေနေကျ အခန်းသို့ ပြန်ပို့လိုက်သည်။ (ကျန်းလော့အခန်းကို ပြောတာပါ)
ကျန်းလော့သည် အိပ်ရာပေါ်သို့ ချထားခံလိုက်ရပြီး ဖုန်းလီသည် သူ့ကိုယ်ကို ကိုင်း၍ ကျန်းလော့၏ ညာဘက် ခြေထောက် အခြေအနေကို ကြည့်လိုက်သည်။
ဖုန်းလီမှ လျှပ်တပြတ် မထင်ထားစွာ လှည့်ပစ်လိုက်သောကြောင့် သူ့ဒူးခေါင်းသည် နီရဲနေပြီး ချက်ချင်း ယောင်ကိုင်းလာသည်။ နာကျင်မှုသည် အလွန် သိသာထင်ရှားသည်။
သို့သော် သူ့ဒူးခေါင်းကို ကိုင်ထားသော ဖုန်းလီ၏ လက်ချောင်း အထိအတွေ့က ပို၍ ထင်ရှားသည်။ သူသည် ကျန်းလော့ ဒဏ်ရာကို ကိုင်ကြည့်ပြီး ဖွဖွလေးထိသည်ကပင် အလွန်နာကျင်ကာ သူသည် ကြမ်းတမ်းစွာ ဖိချပစ်နေသည်။
ကျန်းလော့သည် နာကျင်မှုကြောင့် တစ်ကျစ်ကျစ် ညည်းညူနေခြင်းကိုတော့ မခုခံနိုင်ပေ။ ဖုန်းလီ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ကျန်းလော့ခြေထောက်ကို အောက်ချလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
“အဆစ်လည်သွားတာ ဒါကြောင့် နောက်ထပ် ရက်နည်းနည်းလောက်ကတော့ မင်းခြေထောက် လှုပ်ရှားလို့ ရမှာ မဟုတ်ဘူး”
သူသည် လက်ကိုင်ပုဝါတစ်ထည် ထုတ်လိုက်ပြီး လက်သုတ်လိုက်ကာ အံ့ဩစရာကောင်းလောက်အောင် ပြုံးလိုက်ပြီး
“မင်း ထျန်းရှိဖူကနေ အပြင်ရောက်အောင် ခြေထောက်ထောက်နိုင်ရင် ငါ့ဆီလာပြောလှည့်”
ထိုသို့ပြောလိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။ ထိုစကားသည် ခွင့်ပြုချက်နှင့် ညီမျှသော စကားဖြစ်ပြီး
“ငါမင်းကို တမင်တကာ ဒဏ်ရာရအောင် လုပ်လိုက်တာ”
ကျန်းလော့သည် တစ်ခဏလောက် မျက်နှာ အမူအယာ ကင်းမဲ့သွားသည်။
မကြာမီတွင် ဖုန်းလီသည် အတွင်းကြေဒဏ်ရာများအတွက် ဆေးနှင့် အဆစ်လွဲသွားခြင်းအတွက် ရေခဲတုံးများနှင့် ပြန်ရောက်လာသည်။ ကောင်းကင်သခင်မှ သူ့ဖိနပ်ချွတ်ပေးပြီး တပည့် ခြေထောက်အဆစ်လွဲတာကို ကိုယ်တိုင်ကိုယ်ကျ ကုသပေးခြင်းဟူသည်မှာ သူများကို ပြောပြလျှင် ကြောက်လွန်းလို့ လန့်သေသွားနိုင်သည်။ သို့သော် ဖုန်းလီကတော့ တုံ့ဆိုင်းခြင်း မရှိ လုပ်လိုက်လေသည်။ ထို့အပြင် သူသည် သူလုပ်ချင်တာ လုပ်လိုက်ရသော ပုံဖြင့် ကျေနပ်စွာ လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
မသိလျှင် ရည်မှန်းချက် ပြည့်ဝသွားသောကြောင့် သာယာ ကျေနပ်နေသော လူငယ်လေးနှင့်ပင် တူနေသေးသည်။ ကျန်းလော့က အေးစက်စွာ ပြောလိုက်သည်။
“ဆရာ ကျွန်တော် ဂျင်ဆင်းဝိညာဉ်ကို သုံးလို့ရပါတယ်”
ကောင်းကင်သခင်သည် ဆေးထည့်ပေးနေရင်း သူပြောသမျှကို မကြားချင်ယောင်ဆောင်နေပြီး ကျန်းလော့ခြေထောက်ကို ကုတင်ပေါ်သို့ တင်ပေးလိုက်ကာ ပြောသည်။
“အဲဒါကို သုံးစရာမလိုဘူး”
ကျန်းလော့သည် သူ၏ အေးစက်နေသော အပြုံးကို မဖုံးကွယ်နိုင်တော့ပေ။
“ဆရာ ခင်ဗျားက ခင်ဗျား တပည့်ကို မြန်မြန် ပြန်မကောင်းစေချင်ဘူးလား”
ကောင်းကင်သခင်သည် ထရပ်လိုက်ပြီး ကျန်းလော့လက်နားသို့ တိုးသွားသည်။ သူသည်ကျန်းလော့ကို ငုံ့ကြည့်ပြီးနောက် ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်သည်။ စန္ဒကူးနံ့သင်းနေသော ခေတ်ဟောင်း အဝတ်အစားဝတ်ထားသော သူ၏ လက်တစ်ဖက်သည် ကျန်းလော့မျက်နှာနားထိ တိုးကပ်သွားသော်လည်း ကျန်းလော့ မျက်နှာကို မထိမိရန် နောက်သို့ ချက်ချင်း ပြန်ဆုတ်သွားခဲ့သည်။ ထို့နောက် ကျန်းလော့ ဆံပင်တို့ကို ညင်သာစွာ ထိတွေ့လိုက်ပြီး သူ့လှုပ်ရှားမှုများသည် ညင်သာလွန်းပြီး အားနည်းသည့် တစ်စုံတစ်ခုကို ထိတွေ့နေသလိုမျိုး ထိတွေ့နေခဲ့သည်။ သို့သော် သူ့ပါးစပ်မှ ထွက်လာသော စကားလုံးများသည် အကြင်နာကင်းမဲ့ပြီး အေးစက်လွန်းနေသည်။
“မင်း ထွက်သွားမချင်တော့တဲ့ အချိန်ကျရင် ဒဏ်ရာတွေ ပျောက်သွားလိမ့်မယ်”
“ကျွန်တော်က ဆက်တိုက်ထွက်သွားဖို့ပဲ ကြိုးစားနေမယ်ဆိုရင်ရော”
ဖုန်းလီသည် သူ့ကို အေးစက်စွာကြည့်လိုက်ပြီး
“မင်း ကြိုးစားကြည့်နိုင်ပါတယ်”
သူ့လက်ကို ရုတ်လိုက်ပြီး ကျန်းလော့ကို နှစ်ခေါက်လောက် စစ်ဆေးသလို ပြန်ကြည့်ကာ ထွက်သွားခဲ့သည်။ တံခါးကို ဒီတိုင်း ညင်သာစွာ ပိတ်လိုက်သော်လည်း ကျန်းလော့သည် အပြင်မှ လော့ချသွားမှန်း သိနေသည်။
ကျန်းလော့သည် ဖုန်းလီ၏ အခန်းနှင့် တဖြည်းဖြည်း ဝေးသွားသော ခြေသံကို နားထောင်ရင်း မျက်လုံး မှိတ်လိုက်သည်။ သူသည် အိပ်ရာပေါ်တွင် ခြေထောက်နှစ်ဖက်ယှက်၍ လှဲလျောင်းနေရင်း ယောင်ကိုင်းနေသော ခြေထောက်ကို ကြည့်ကာ ပျင်းရိစွာ တီးတိုးပြောလိုက်သည်။
“ဒါက ငါတို့ရဲ့ဆရာ အကောင်းစားကြီးပဲလေ”
ဖုန်းလီနှင့် တွေ့ပြီးနောက် ထွက်သွားရန် အလွန်ခက်ခဲမည်မှန်း ခန့်မှန်းထားသော်လည်း ဖုန်းလီ ဤသို့သော နည်းလမ်းကို သုံးမည်ဆိုတာတော့ မထင်ထားမိပေ။ ဖုန်းလီ သူ့ကို အရင်တုန်းက ခြိမ်းခြောက်ထားသည့်အတိုင်း သူသာ ဆက်၍ ထွက်သွားဖို့လုပ်နေလျှင် ဖုန်းလီက သူ့ကို တကယ်ကြီး ခြေထောက်ချိုးပစ်မည်ကို ကြောက်ရွံ့လာသည်။
ကျန်းလော့ မျက်လုံးများသည် စိုးရိမ်ကြောက်ရွံ့လာပြီး နှာမှုတ်လိုက်ကာ မျက်လုံးများကို မှိတ်၍ အိပ်ဖို့သာ ကြိုးစားလိုက်သည်။
နောက်ထပ် ငါးရက် ခြောက်ရက်ကို ကျန်းလော့သည် ဤနေ့အတိုင်း တစ်ပုံစံထဲ ကုန်ဆုံးခဲ့ရသည်။ သူသည် ထျန်းရှိဖူတွင် ဖုန်းလီထံမှ လုံးဝ အကျယ်ချုပ်ကျနေခဲ့ပြီး တစ်စုံတစ်ယောက်ကို မြင်ရခြင်းသည် သူ့ကို ထမင်းသုံးနပ်လာပို့သူသာ ဖြစ်ပြီး ထပ်ပေါင်းအနေနှင့် သူ့ကို အချိန်မှန် ညတိုင်း ဆေးလာထည့်ပေးသော ဖုန်းလီကိုလည်း ထည့်တွက်လို့ ရသည်။
ဆေးလာထည့်ပေးသော ဖုန်းလီနှင့် သူ ဆုံတိုင်း လေထုသည် မုန်တိုင်းထန်နေသလို ကြောက်စရာကောင်းအောင် ခက်ထန်နေတတ်ပြီး တစ်ယောက်နှင့်တစ်ယောက် လုံးဝ မကြည့်ကြပေ။ ဖုန်းလီသည် အချိန်မှန် ရောက်လာတတ်ပြီး ထွက်သွားလျှင်လည်း အချိန်ဆွဲမနေဘဲ ချက်ချင်း ထွက်သွားခဲ့သည်။ သို့သော် အချိန်ကြာလာလေ လေထုသည် ပို၍ မွန်းကြပ်စရာကောင်းလာလေ ဖြစ်နေသည်။
ကျန်းလော့၏ မိုဘိုင်းလ်ဖုန်းသည် ဖုန်းလီ၏ သိမ်းသွားခြင်း ခံရပြီး သူ့နေ့ရက်များသည် နေ့တိုင်း ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ရင်းကုန်ဆုံးခဲ့ရသည်။ သန့်စင်ခန်းဝင်ရန် ညလယ်ကြီးတွင် တရေးနိုးလာသောအခါ အိပ်ရာခြေရင်းတွင် တစ္ဆေတစ်ကောင်ကဲ့သို့ တောင့်တောင့်ကြီး ရပ်၍ သူ့ကို ကြည့်နေသော ဖုန်းလီကို မြင်လိုက်ရသည်။
ကျန်းလော့၏ နှလုံးသားသာ နေရာမှန်တွင် ရှိမနေ၍ သူ၏ စိတ်စွမ်းအားတို့သာ အသက်ကယ်နိုင်လောက်အောင် ကောင်းမနေဘူးဆိုလျှင် ဤသို့ အပိတ်ခံထားရလို့ ရူးမသွားခင်တွင် ဖုန်းလီကြောင့် အရင် ရူးသွားလောက်သည်။
သို့သော် ချီယုံ့အကြောင်းများ တွေးနေရင်းနှင့် သူ၏ စိတ်ခံစားချက်များသည် ငြီးငွေ့မှုနှင့် စိတ်မချမ်းမသာ ဖြစ်နေမှုမျာကို တစ်ဝက်လောက် လျော့ကျသွားစေပြီး သူ့စိတ်ကို ဘဲလန့်စ် ညီမျှနေစေခဲ့သည်။
သူဆက်ပြီး သည်းမခံနိုင်တော့ချိန်တိုင်း ကျန်းလော့သည် သူ့ကိုယ်သူ ပြောလေ့ ရှိသည်။
“အချိန်ရောက်တော့မှာပါ ချီယုံ ငါ့ကို လာခေါ်ဖို့ အချိန်ရောက်တော့မှာပါ”
#####