အပိုင်း (၁၈၆)
ဒဏ်ရာအပြင်းအထန်ရသွားသော ကံကြမ္မာယုံသူ
ကံကြမ္မာယုံသူ၏ စွမ်းအားများသည် ကျန်းလော့ကိုယ်ထဲသို့ အရူးအမူး စီးဝင်နေကြသည်။ ကျန်းလော့ကိုယ်ထဲမှ ချီစွမ်းအင်များသည် ကြောက်စရာကောင်းလောက်အောင် မြန်သော အရှိန်ဖြင့် ကုန်ဆုံးနေကြသည်။
စာရွက်ပေါ်တွင် ကျန်းလော့ရေးထားသော စကားလုံးသုံးလုံးမှာ “ကျွန်ုပ်ကို ကိုးကွယ်ပါ” ဖြစ်သည်။ သူသည် ကံကြမ္မာယုံသူ မည်သို့ ထိုပူဇော်ရာမှ စွမ်းအားများ ရနေမှန်း မသိသောကြောင့် အတုအယောင်နတ်ဘုရားကို သူ့ကိုယ်သူ ပြန်ကိုးကွယ်စေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စကားလုံး စိတ်ဝိညာဉ်သည် အလွန်စွမ်းအားကြီးမားပြီး ကံကြမ္မာယုံသူမှ ဤစကားလုံးသုံးလုံးကို မြင်သွားသည်နှင့် စွမ်းအားတို့ စတင်အလုပ်လုပ်လာပြီး ကံကြမ္မာယုံသူသည် သူ့ကိုယ်သူ အလွန်ထိန်းချုပ်နေရပြီး သူ့ထံမှ ကိုးကွယ်ဆည်းကပ်ခံရာမှ ရလာသော စွမ်းအားများသည် ကျန်းလော့ကိုယ်ထဲသို့ ဆက်တိုက်အရှိန်အဟုန်ဖြင့် စီးဝင်လာသည်။
သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တစ်ခုချင်းစီတိုင်းနှင့် မရီဒန်များထဲသို့ အမွှေးနံ့သာပူဇော်ခြင်း စွမ်းအားများ တပြိုင်ထဲ အလွန်များပြားစွာ ဝင်လာသောအခါ ကျန်းလော့သည် အံတင်းတင်းကြိတ်ပြီး သည်းခံနေရသည်။
အလွန်နာကျင်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အရိုးတိုင်းအရိုးတိုင်း ကြေမွသွားပြီး ပြန်လည် ဆက်ပေးခြင်း ခံနေရသလို ခံစားနေရသည်။ လူသားတစ်ယောက်၏ ခန္ဓာကို်သည် လူသားတစ်ယောက်မပိုင်ဆိုင်သင့်သော စွမ်းအားကို အတင်းထိုးသိပ်ထည့်ခံနေရသောအခါ ထိုစွမ်းအားများသည် လူသားခန္ဓာမှ သူတို့ကို လက်ခံနိုင်လာအောင် အလွန်အမင်း သန်မာသော စွမ်းအားကြီးသော ခန္ဓာတစ်ခုအဖြစ် အလိုလျောက် ပြောင်းလဲပစ်နေသည်။
ပီယအဆောင်ပြာရေသောက်ပြီး ဆယ့်ငါးမိနစ်ကြာသွားပြီးသော်လည်း ကံကြမ္မာယုံသူသည် ထိုရေစင်၏ ထိန်းချုပ်မှုနှင့် စကားလုံးဝိညာဉ်တို့၏ ထိန်းချုပ်မှုမှ မလွှတ်မြောက်နိုင်သေးပဲ ကျန်းလော့ကို ဆက်တိုက် ပူဇော်ခံစွမ်းအားများကို လွှဲပြောင်းပေးနေသေးသည်၊
ကံကြမ္မာယုံသူသည် အလွန်ဖြူဖျော့လာပြီး သူ့ဦးနှောက်များပင် နာကျင်လာသည်။ သူသည် ကျန်းလော့ကို မကိုးကွယ်ကြောင်း သူ့ကိုယ်သူ သေချာနေပါသော်လည်း သူ့လျှာအောက်တွင် နာခံတတ်သော တခြားသော စိတ်ဝိညာဉ်များကို ထုတ်မသုံးနိုင်ပဲ ကံကြမ္မာယုံသူသည် အားကိုးရာမဲ့နေခဲ့သည်။
သူ့စိတ်ခံစားချက်များသည်ပင် ကျန်းလော့စကားလုံးများ၏ လွှမ်းမိုးမှုကို ခံနေရပြီး သူသည် ကျန်းလော့ကို အလွန်စိတ်ရှုပ်ထွေးနေပြီး လွမ်းဆွတ်တမ်းတသော အကြည့်များဖြင့် ကြည့်မိနေသည်။ သို့သော် ထိုစိတ်ခံစားချက်များကို ခုခံနေပြီး နာကျင်မှုတို့သည် သူ့အကြည့်ထဲတွင် ထင်ထင်ရှားရှား မြင်နေရသည်။
သူ့စိတ်သည် အလွန်ရှင်းလင်းနေပြီး ထိုအခိုက်အတန့်တွင် ကျန်းလော့သည် နတ်ဘုရားတစ်ပါး သို့မဟုတ် ဗုဒ္ဓ၏ ယုံကြည်ကိုးကွယ်သူတစ်ယောက်အဖြစ် သူမြင်လာမိသည်။
သူ့စိတ်သည် အပိုင်းနှစ်ပိုင်း ကွဲသွားခဲ့ပြီး တစ်ဖက်တွင် စကားလုံးစိတ်ဝိညာဉ်၏ စွမ်းအားတို့မှ လွတ်မြောက်ရန် ရုန်းကန်နေခဲ့ပြီး နောက်တစ်ဖက်တွင် ကျန်းလော့ကို သူ့ကိုယ်သူ စွန့်လွှတ်ပေးဆပ်ရန်ထိ စိတ်ပါလက်ပါ ကိုးကွယ်လိုနေသော တစ်ခြမ်းဖြစ်နေသည်။
ကံကြမ္မာယုံသူ၏ စွမ်းအားများသည် အဆက်မပြတ် ထုတ်ယူခံနေရပြီး စမ်းရည်အိုင်ကို မြောင်းဖောက်ပြီး အပြင်သို့ ရေများ ထွက်စေသကဲ့သို့ အဆက်မပြတ် အားကုန် စီးထွက်ကုန်နေသည်၊
ကံကြမ္မာယုံသူသည် အလွန်စွမ်းအားကြီးသောကြောင့် စကားလုံးစိတ်ဝိညာဉ်၏ ထိန်းချုပ်မှုမှ လွတ်မြောက်ဖို့ ကြိုးစားလေ စကားလုံးစိတ်ဝိညာဉ်သည် သူ့ကို ထိန်းချုပ်ရန် ချီစွမ်းအားတို့ လိုအပ်လေ ဖြစ်သည်။
ကျန်းလော့သည် နာကျင်မှုနှစ်မျိုးကို ထပ်တလဲလဲ ခံစားနေရပြီး သူခန္ဓာကိုယ်နာကျင်မှုသည် ပူဇော်ခံစွမ်းအားများကို အတင်းထိုးသိပ်ထည့်နေရသောကြောင့် ဖြစ်ပြီး နောက်ထပ် နာကျင်မှုသည် ဆက်တိုက် ချီစွမ်းအင်များ ထွက်သွားကုန်ဆုံးလာသောကြောင့် ဓားနှင့် ထိုးနေသလို နာကျင်နေခြင်း ဖြစ်သည်၊
သူသည် ကမ္ဘာတုန်လောက်သော ပြောင်းလဲမှုကြီးတစ်ခုကို ဖြတ်သန်းနေရပြီ ဖြစ်ကြောင်းသိနေပြီး လက်ရှိအခြေအနေကို အောင်နိုင်ဖို့ ကြိုးစားရုံကလွဲပြီး တခြားနည်းလမ်း မရှိတော့ကြောင်း သိနေသည်။
နံ့သာတိုင်သုံးတိုင်နှင့် နောက်ထပ် နံ့သာသုံးတိုင်တို့သည် အမွှေးအိုးထဲတွင် ထိုးစိုက်ခံထားရပြီး တစ်ခန်းလုံးကို မီးခိုးငွေ့များဖြင့် မှုန်ဝါးနေစေသည်။ ကံကြမ္မာယုံသူ၏ လက်တို့သည် အမွှေးနံ့သာတိုင်များကို ကိုင်ထားရင်း အနည်းငယ် တုန်ရီနေသည်။ သူ့နှလုံးသားသည် အဆက်မပြတ် ခုန်လှုပ်နေပြီး သူ၏ အတုအယောင်နတ်ဘုရား တစ်ပါး ဖြစ်လာပြီးထဲက ထိုသို့သော အန္တာရာယ်အသိကို တစ်ခါလေးမှ မကြုံတွေ့ခဲ့ဖူးပါပေ။
ကျန်းလော့၏ စိတ်ဝိဇ္ဇာပညာသည် စကားလုံးစိတ်ဝိညာဉ်နှင့် အလွန်တူနေသည်။
ထိုအရာသည် ကံကြမ္မာယုံသူ တစ်ချိန်လုံး တွေးမိနေသော အရာဖြစ်သည်။
ကျန်းလော့သည် ချွေးများ ရေချိုးထားသလို ရွှဲနစ်လာပြီး စားပွဲကို မြဲမြံစွာကိုင်၍ သူ့ကိုယ်သူ အားတင်းထားရသည်။ သူသည် ကံကြမ္မာယုံသူကို မသတ်ခင် အသက်တစ်ရှိုက်စာအတွင်း စွမ်းအားကြီးသူအဖြစ်မှ ဘာမှမတတ်နိုင်သည့် အဖြစ်သို့ ဆွဲချသွားချင်ခဲ့သည်။ သို့သော် ကံကြမ္မာယုံသူ၏ အနှစ်နှစ်ရာ စွမ်းအားများကို အသက်တရှိုက်စာအတွင်း သူက မည်သို့ စုပ်ယူနိုင်သွားရပါသနည်း။
သူလုပ်နိုင်လျှင်ပင် ကျန်းလော့သည် ထိုစွမ်းအားများကို သူအကုန်စုပ်ယူလို့ မဖြစ်နိုင်ကြောင်းနားလည်သည်။ သူသည် ထိုစွမ်းအားများသာ အကုန်စုပ်ယူလိုက်ပါလျှင် နေရာမှာပင် ပေါက်ကွဲသွားနိုင်သည်။ ကျန်းလော့နှင့် ကံကြမ္မာယုံသူတို့သည် နှစ်ယောက်လုံး အပြိုင်အဆိုင် ဖြူဖျော့နေကြကာ မည်သူက ပိုသနားစရာကောင်းနေမှန်းတောင် မပြောနိုင်တော့ပေ။
ကျန်းလော့သည် လူသားတစ်ယောက်သာ ဖြစ်သောကြောင့် အတုအယောင်နတ်ဘုရားတစ်ပါး၏ စွမ်းအားများကို ထိုမျှလောက် အများကြီး လက်မခံနိုင်ပေ။
သူသည် စိတ်ထဲတွင် သေချာသိနေသည်။ သူသာ ထိုစွမ်းအားများကို ဆက်ပြီးစုပ်ယူနေမည်ဆိုပါက စွမ်းအားလွန်ကဲပြီး သေရတော့မည် ဖြစ်သည်။
သူ၏ ချီစွမ်းအားများသည်လည်း ကုန်ခါနီးနေပြီဖြစ်သည်။
ကျန်းလော့၏ မျက်လုံးများသ်ည နက်မှောင်လာပြီး ခနအတွင်းမှာပင် စွမ်းအားများသည် လူသားတစ်ယောက် လက်ခံနိုင်သော ပမာဏကို ကျော်လွန်သွားပြီဖြစ်ကြောင်း ခံစားမိလိုက်ပြီး တစ်ချိန်ထဲမှာပင် ယခုအချိန်တွင် သူ့ကို သုံးနှစ်အရွယ်ကလေးတစ်ယောက်ကပင် လာသတ်နိုင်ကြောင်း နားလည်လိုက်သည်။
သူ့ခန္ဓာကိုယ်သည် အရေးပေါ်အခြေအနေကို ရောက်နေပြီဖြစ်သော်လည်း သူ့အသိစိတ်တို့ကတော့ နာကျင်မှုကြောင့် ရှင်းလင်းနေသည်။ ကံကြမ္မာယုံသူထံမှ စွမ်းအား ဘယ်လောက်တောင် လုယူလိုက်ပြီမှန်းလည်း သိနိုင်နေကာ သူ့အတွက် ထိုအချက်က ဘာကို ဆိုလိုမှန်းလဲ နားလည်သည်။ ကျန်းလော့သည် ကံကြမ္မာယုံသူ၏ စွမ်းအင်မျှင်များ သူ့ကိုယ်ထဲ ဝင်လာကတည်းက ထိုစွမ်းအားများကို မည်သို့ လက်ခံရမည်ကို အလိုလျောက် နားလည်သွားခဲ့သည်၊
၎င်းသည် ထွက်ပေါက်မရှိသော တောင်တစ်လုံးနှင့် တူညီသည်။ ထို့အပြင် အစလေး ပျိုးပေးလိုက်သည်နှင့် နောက်ကျန်သည်များ အလိုလျောက်လုပ်နိုင်သွားသည့် ဖြစ်စဉ်နှင့်လည်း တူညီနေသည်။ ချီစွမ်းအင်များ မကုန်ဆုံးသွားခင် ကျန်းလော့သည် လက်ကောက်ဝတ်မှ ယင်ယန်လက်ကောက်ကို အားပြင်းစွာ လှုပ်ယမ်းပစ်လိုက်သည်။
လှုပ်ရှားမှုလေးခုသည် မြေအောက်ကမ္ဘာကို ဦးတည်သွားမည်ဖြစ်ကာ ကျန်းလော့သည် ဒီတစ်ကြိမ်တွင် လေးချက်ဆက်တိုက် လှုပ်ယမ်းပစ်ခဲ့သည်၊ ယင်ယန်လက်ကောက်ကို လှုပ်ယမ်းပြီးသည်နှင့် ကျန်းလော့ကိုယ်ထဲမှ ချီစွမ်းအင်များလည်း ကုန်သွားကြတော့သည်။ ကျန်းလော့သည် ကံကြမ္မာယုံသူကို တစ်ချက်လေးမှ မကြည့်တော့ဘဲ စီစဉ်ထားသည့်အတိုင်း အခန်းထဲမှ ဒယိမ်းဒယိုင် ထွက်ပြေးတော့သည်။
ကံကြမ္မာယုံသူသည် ခုံတစ်လုံးပေါ်သို့ အရှိန်ပြင်းပြင်း လဲကျသွားတော့သည်။ သူ့နှုတ်ခမ်းတစ်စုံသည် သွေးဆုတ်နေပြီး လက်ချောင်းများသည် ပြာနှမ်းနေကာ တစ်ကိုယ်လုံး ပင်ပန်းပြီး အားယုတ်သွားကာ မသိလျှင် ဒဏ်ရာအပြင်းအထန် ရသွားသလို ဖြစ်နေသည်၊
သို့သော် ကျန်းလော့သည် ကံကြမ္မာယုံသူ၏ စွမ်းအား တစ်ဝက်ခန့်ကို အရယူသွားနိုင်သည်မှာ အမှန်တရားဖြစ်သည်။ ကံကြမ္မာယုံသူ၏ ရုတ်တရက် စွမ်းအားများစွာ ဆုံးရှုံးသွားရခြင်းသည် အပြင်းအထန် ဒဏ်ရာရသွားသည်နှင့် ယှဉ်လို့ရပေသည်။
သူကြည့်နေတာတောင် ကျန်းလော့သည် ထွက်ပြေးသွားခဲ့ပြီး ကံကြမ္မာယုံသူသည် ချက်ချင်း နောက်မှ လိုက်နိုင်မည့် အခြေအနေမျိုး မဟုတ်ခဲ့ပေ။
ကံကြမ္မာယုံသူသည် နဖူးပေါ်လက်တင်၍ အသက်ပြင်းပြင်းရှူခဲ့သည်။ သူ့ဝတ်ရုံလက်များသည် မျက်နှာကို ကာထားကာ ချွေးအေးများသည် နဖူးမှ စီးကျနေပြီး ဆံပင်ဖြူများကို စိုရွှဲသွားစေသည်။
သူသည် ယနေ့လောက် စိတ်ဒုက္ခရောက်ပြီး စိတ်ဆင်းရဲရတာမျိုး မကြုံရသည်မှာ အလွန်ကြာညောင်းနေပြီဖြစ်သည်။
ကံကြမ္မာယုံသူအပေါ် သက်ရောက်နေသည့် စကားလုံး စိတ်ဝိညာဉ်စွမ်းအင်တို့ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း သူ့တွင် ကျန်းလော့နှင့် ပတ်သတ်သော စိတ်ခံစားချက်တို့ တစ်စွန်းတစ်စ လှုပ်ခတ်ကျန်နေခဲ့သေးသည်။
ထိုစိတ်ခံစားချက်သည် ကံကြမ္မာယုံသူကို စိတ်ရှုပ်ထွေးစေပြီး သူသည် ဘယ်တုန်းကမှ ထိုသို့သော ပြင်ပ စိတ်ခံစားချက်များ မည်သူ့အပေါ်မှာမှ မရှိခဲ့ဖူးပေ။ ဖုန်းလီနှင့် ကျိယောင်ဇီတို့ကိုပင် တခြားဖြစ်တည်မှုများနှင့် တန်းတူသတ်မှတ်နိုင်ခဲ့သည်။
ကံကြမ္မာယုံသူသည် ဦးနှောက်ကြည်သွားအောင် မိနစ်အနည်းငယ်ကြာအောင် စောင့်ခဲ့ရသည်။ ထို့နောက် သူက တိုးတိုး ပြောလိုက်သည်၊
“လျန်အောဝ်း”
မိနစ်ဝက်ကြာပြီးနောက် တာအိုဆရာတော် ဝေ့ဟယ်သည် အလျင်စလို ဝင်လာခဲ့သည်။
“အမိန့်ရှိပါ ကံကြမ္မာယုံသူ အရှင်”
“မြန်နိုင်သမျှမြန်မြန် ကျန်းလော့ကို ပြန်ခေါ်လာခဲ့ ဘာနည်းလမ်းသုံးရသုံးရ ရအောင် ပြန်ခေါ်လာခဲ့”
ကံကြမ္မာယုံသူသည် ပြောပြီးနောက် မောပန်းသွားကာ မျက်လုံးမှိတ်ထားလိုက်သည်။ သူ့မျက်နှာသည် နှင်းများ ဖုန်းလွှမ်းသွားပြီး အသက်မရှိသော ရေခဲခေါင်းတလားထဲမှ အလောင်းကဲ့သို့ နှင်းထု အလွှာလိုက် ဖုံးလွှမ်းသွားသည်။
“သွားတော့”
ကျန်းလော့သည် ဒယိမ်းဒယိုင်ဖြင့် ခြေထောက်ထောက်နေရပြီး ကံကြမ္မာယုံသူ မတုံ့ပြန်နိုင်ခင် ဝူရှညန်မှ ထွက်လာခဲ့သည်။ နေအလင်းတန်းများသည် တောက်ပလွန်းသောကြောင့် သူ့မျက်လုံးများသည် ရုတ်တရက် ပြာသွားတော့သည်၊ ကျန်းလော့ ဆက်ပြီး မတောင့်ခံနိုင်တော့သည့်အချိန်တွင် တခြားလူတစ်ယောက်၏ အေးစက်သော ရင်ခွင်ထဲသို့ ဒရောသောပါး ပြိုလဲကျသွားသည်ကို ခံစားလိုက်ရသည်။
ကျန်းလော့သည် ချီယုံ့အနံ့ကို ရလိုက်ပြီးနောက် စိတ်လျော့သွားပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ သတိမလစ်သွားခင် ခက်ခဲစွာ အားယူ၍ ပြောခဲ့သည်။
“ငါ့ကို ဒီက ခေါ်သွားပေးပါ ..... ရေပိုက်ပိတ်...... ကံကြမ္မာယုံသူကို .... ပြန်မကောင်းလာစေနဲ့...”
ထိုသို့ ပြောပြီးနောက် အမှောင်ထုထဲသို့ လုံးလုံး ကျဆင်းသွားတော့သည်။
..................................
မည်မျှကြာပြီမသိလောက်သော အချိန်ကြာပြီးနောက် ကျန်းလော့သည် နှေးကွေးစွာ သတိပြန်လည်လာပြီး
“တောက် တောက် တောက်”
သူ့နားထဲတွင် ပထမဆုံးကြားသောအသံမှာ ရေကျသံဖြစ်သည်။
ကျန်းလော့သည် မျက်လုံးဖွင့်ဖို့ အလျင်မလိုပေ။ သူသည် အသက်ရှူနှုန်းကို ညှိလိုက်ပြီး အိပ်မောကျနေဟန်ဆောင်ကာ ပတ်ဝန်းကျင်ကို နားစွင့်နေသည်။
လေထုသည် စိုထိုင်းနေပြီး အနည်းငယ်အေးစိမ့်နေသည်။ သူ့ခန္ဓာကိုယ်သည် အလွန်အားနည်းနေကာ အတွင်းအင်္ဂါများထဲမှ နာကျင်မှုသည် ရွေ့လျားနေပုံရပြီး ရုတ်တရက်ကြီး ထိုးနာလာနေကာ သူ့ချီစွမ်းအင်များသည်လည်း ပြန်ကောင်းမလာသေးပေ။
ကျန်းလော့သည် တစ်ရက်လုံးလုံး ကိုမာဝင်နေခဲ့ပြီး ပြင်ပမှသာ ပြန်ကောင်းမကောင်း ရုပ်ပိုင်းဆိုင်ရာကို ကြည့်၍ ဆုံးဖြတ်နေရသည့် အခြေအနေတွင် ရှိနေခဲ့သည်။
သူ့အောက်မှ အိပ်ရာသည် အလွန်နူးညံ့ပြီး ကျန်းလော့၏ နှာခေါင်းဝတွင် သွေးနံ့များရနေကာ ချိုမြိန်မှု ခပ်ဖျော့ဖျော့ကို ခံစားမိသည်။ မသိလျှင် ချိုအီလွန်းသော ဝိုင်တစ်ခွက်သောက်ထားသလိုပင်။
အာရုံငါးပါးမှတဆင့် အချက်အလက်များ အများကြီး ရလိုက်သည်။ ရုတ်တရက် ရေကျသံနှင့်အတူ သီချင်းညည်းသံ ဖျော့ဖျော့ကို မပီမသ ကြားလိုက်ရသည်။
ကျန်းလော့၏ နားရွက်များသည် လှုပ်ခတ်သွားပြီး ထိုအသံရှင်သည် ချီယုံဆိုတာ သေချာသွားသောအခါ ချက်ချင်း နိုးထပစ်လိုက်သည်။
သူသည် နှေးကွေးစွာ မျက်လုံးဖွင့်လိုက်သည်။ အခန်းပုံစံသည် မြေအောက်ခန်းတစ်ခန်း ဖြစ်ဟန်တူပြီး မည်သည့်နေရာမှန်းတော့ မသိရပေ။ စိုထိုင်းမှုများ ထူထပ်လွန်းသောကြောင့် ကျောက်စက်ပန်းစွဲများနှင့် ဂူကြီးကဲ့သို့ ထင်ရသည်၊ တံခါးကို သံနှင့်လုပ်ထားပြီး ပြတင်းပေါက်လုံးဝ မရှိပေ။ တံခါးကို ပိတ်ထားပြီး အခန်းထဲတွင် ကုတင်တစ်လုံးနှင့် ကုတင်ပေါ်တွင် လှဲနေသော ကျန်းလော့သာ ရှိသည်။ အိုး နံရံကြီးလေးခုကို ထည့်တွက်လျှင် အခန်းထဲမှ အားလုံးပေါင်း ခြောက်ခု ရှိသည်။
ကျန်းလော့သည် တစ်ခန်းလုံးကို အားရအောင် စစ်ဆေးကြည့်ရှုပြီးနောက် တံခါးဆီသို့ ကြည့်လိုက်သည်။
မကောင်းဆိုးဝါးသည် တံခါးနားမှ ဆိုဖာပေါ်တွင် ထိုင်နေပြီး မျက်လုံးများ မှိတ်ထားကာ သီချင်းညည်းနေသည်။ သူ့လက်ထဲတွင် ဝိုင်နီများနှင့် ဖန်ခွက်ကို လှည့်ပတ်ဆော့ကစားနေသည်။ မကောင်းဆိုးဝါး၏ အပြုံးတို့သည် လှပစွာ ကွေးတက်နေပြီး ပျော်စရာတစ်ခုခု ကြုံတွေ့ခဲ့ရသကဲ့သို့ပင်။
ကျန်းလော့သည် သူ့ကို ခနလောက်ကြည့်နေပြီး ထထိုင်ရန်ကြိုးစားလိုက်သော်လည်း ထိုသို့ ထိုင်ရန်ပင် အားမရှိနေခဲ့ပေ။ ထို့အပြင် လည်ချောင်းယားလာသောကြောင့် ချောင်းခြောက်ဆိုးသွားခဲ့သည်။
‘လခွမ်း ငါ့လည်ပင်းထဲမှာ ဘယ်ကဘယ်လို သံချေးအရသာကြီး ရနေတာလဲဟ’
မကောင်းဆိုးဝါးသည် ဝိုင်တစ်ငုံသောက်လိုက်ပြီးနောက် အသံကြားသောအခါ ရုတ်တရက် သီချင်းညည်းသံ ရပ်တန့်သွားခဲ့ပြီး မျက်လုံးဖွင့်၍ ကျန်းလော့ဆီသို့ ကြည့်လိုက်သည်။
ချီယုံ၏ မျက်လုံးနက်နက်များသည် အောက်ခြေမမြင်ရလောက်အောင် နက်ရှိုင်းနေသော တွင်းနက်ကြီးများနှင့်တူပြီး သစ္စာဖောက်ခံရခြင်းကို ကြုံတွေ့ရပြီး အန္တာရာယ်တို့ ပြည့်နှက်နေသော သားရဲကြီးတစ်ကောင်ကဲ့သို့ မာန်ပါကာ တောက်ပနေသည်။
ကျန်းလောသည် သူ့အခြေအနေနှင့် ပတ်သတ်ပြီး တစ်စုံတစ်ခု မှားနေသလို ခံစားမိပြီး ခြောက်သွေ့အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
“ဒီတော့ လှုပ်ရှားမှုလေးခုက ဆင့်ခေါ်လိုက်တာ မင်းလား”
ချီယုံသည် ရုတ်တရက် ရယ်မောလိုက်ပြီး။
“ဒီကမ္ဘာပေါ်မှာ ကိုယ့်ကို ဆင့်ခေါ်နိုင်တဲ့ ပစ္စည်း တစ်ခုမှ မရှိဘူးလောက်ဘူး ထင်ထားခဲ့တာ”
သူသည် လက်ကို လွှတ်ချလိုက်ရာ ဝိုင်ခွက်သည် ကြမ်းပြင်ပေါ်တွင် အပိုင်းပိုင်း အစစ ဖြစ်အောင် ကွဲကြေသွားခဲ့သည်၊ မကောင်းဆိုးဝါးသည် မတ်တပ်ရပ်လိုက်ပြီး အိပ်ရာဘေးသို့ တစ်လှမ်းချင်းလှမ်းလာခဲ့သည်။ သူသည် ကျန်းလော့ကို စက္ကန့်အနည်းငယ်လောက် ငုံ့ကြည့်လိုက်ပြီး သူ့မျက်နှာမှ အပြုံးသည် အမူအယာကင်းမဲ့သော မျက်နှာအဖြစ်သို့ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
(တီ/အန် // ယုံယုံလေးက ဝမ်းနည်းနေရှာတာ ငါဖတ်လာသမျှထဲ ဒီအထက်ပုဂ္ဂိုလ်လောက် သနားစရာကောင်းတဲ့သူ မတွေ့သေးဘူး)
“ကိုယ်မင်းကို ဘာတောင်းဆိုရမလဲဆိုတာ စဉ်စားခွင့်ပေးပါဦးလား”
ကျန်းလော့၏ မျက်ခွံများသည် တဖျတ်ဖျတ် လှုပ်ခတ်သွားပြီး လှုပ်ရှားမှုကြီး လေးခုသည် မြေအောက်ကမ္ဘာမှ စွမ်းအားအကြီးဆုံး မကောင်းဆိုးဝါး နတ်ဆိုးကို ဆင့်ခေါ်နိုင်မည် ဖြစ်ပြီး ထိုနတ်ဆိုးသည် ကျန်းလော့၏ အမိန့်တစ်ခုကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ သို့သော် ထိုမကောင်းဆိုးဝါးမှ ကျန်းလော့ခိုင်းသည့်ကိစ္စကို လုပ်အပြီးတွင် ကျန်းလော့သည်လည်း မကောင်းဆိုးဝါး၏ ဆန္ဒတစ်ခုကို ပြန်ဖြည့်ဆည်းပေးရမှာ ဖြစ်သည်။
ချီယုံ၏ ယခုသံနေသံထားနှင့် စိတ်အခြေအနေသည် ကောင်းတာတစ်ခုမှ ထွက်လာမှာ မဟုတ်မှန်း သေချာနေပြီး ကျန်းလော့သည် သူ့ကို ယခုအချိန်တွင် မကောင်းဆိုးဝါး မည်သည့်တောင်းဆိုချက်မှ မတောင်းဆိုလာရေး တို့အရေးဖြစ်သွားကာ အကြောင်းအရာပြောင်းရန် အလျင်စလို ကြိုးစားလိုက်သည်။
“ကံကြမ္မာယုံသူ ဘယ်လိုဖြစ်သွားပြီလဲ ငါ သူ့ရဲ့စွမ်းအား တစ်ဝက်လောက် စုပ်ယူပစ်လိုက်တာ မင်းလည်း သူ့ရဲ့ ကိုးကွယ်ယုံကြည်သူတွေကို မြန်မြန် ထိန်းချုပ်လိုက်တော့ ဒါမှ သူနောက်ထပ် စွမ်းအားပြန်ပြည့်မလာတော့မှာ ပူဇော်တာမခံရတော့တာနဲ့ သူ့စွမ်းအားတွေလည်း ပြန်ပြည့်လာတော့မှာ မဟုတ်ဘူး”
ထိုသူ’၏ စွမ်းအား တစ်ဝက်လောက် လျော့သွားခြင်းသည် ကံကြမ္မာယုံသူကို သတ်ဖြတ်ရန် ခက်ခဲမှု ပမာဏအများကြီး လျော့သွားနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ကျန်းလော့သည် အသေးစိတ်တွေးကြည့်နေသည်။ သို့သော် ချီယုံကပြောလိုက်သည်။
“ကိုယ်သူ့ကို သတ်မိလုနီးနီးပဲ”
ကျန်းလော့သည် ကြောင်အသွားပြီး ချီယုံ့ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ ချီယုံသည် သူ့ကို နှုတ်ခမ်းတို့ ကွေးညွှတ်သွားအောင် ပြုံးပြလိုက်ပြီး။
“ဒီလိုအားနည်းနေတဲ့ ကံကြမ္မာယုံသူကို ကိုယ်က အခွင့်အရေးကို အမိအရအသုံးချပြီး သတ်ရမှာကို လွတ်ပေးစရာလား ကိုယ့်ရဲ့ အစီအစဉ်ကို ရှေ့တိုးသွားစေတယ်ဆိုပေမဲ့ ဒီလိုအခွင့်အရေးမျိုးက တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးမျိုးလေ သူသာ နောက်ဆုံးမှာ မြန်မြန် ပြေးမသွားဘူးဆိုရင် အခုဆို အလောင်းဖြစ်နေလောက်ပြီ”
သူပြောလို့ ပြီးသွားပြီးနောက် ကျန်းလော့၏ နားထင်များဆီသို့ အေးစက်စက် လက်ချောင်းများက ပွတ်သပ်နေပြီး ကျန်းလော့ကို အူယားလာစေသည်။
“အဲ့ဒီအကြောင်းပြောရရင် ဒါတွေအားလုံး မင်းကြောင့်ပဲ”
ထိုနေ့အစောပိုင်း ကျန်းလော့တစ်ယောက် ချီယုံ့လက်မောင်းထဲတွင် သတိလစ်သွားသည့် အချိန်တွင် ချီယုံသည် တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မဖြစ်ဖူးသော လူသတ်ချင်စိတ်တို့နှင့် ခံပြင်းဒေါသများ ထွက်လာခဲ့သည်။
သူသည် ကျန်းလော့၏ ပျော့ခွေနေသော ခန္ဓာကိုယ်ကို သယ်ဆောင်ပြီး သူ့လက်ချောင်းများသည် အမျက်ဒေါသတို့ကြောင့် တဆတ်ဆတ် တုန်ခါနေသည်။ ထိုအချိန်တွင် သူ့ကိုယ်သူပင် နားမလည်နိုင်လောက်အောင် ဒေါသကြီးနေခဲ့သည်။
ရူးသွပ်ခြင်းများသည် အကြောင်းပြချက်မရှိ တိုးပွားလာပြီး ဒေါသပုန်ထလာကာ ထိုအချိန်တွင် ကျန်းလော့ကို ဤသို့သော အခြေအနေမျိုး ဖြစ်အောင် လုပ်သွားသော လက်သည်ကို ရှာမတွေ့လျှင် သူစိတ်ဖြေနိုင်မှာမဟုတ်ကြောင်း သေချာသွားသည်။
ဝူရှညန်တစ်ခုလုံးကို သူ့လက်နှင့် ဖျက်ဆီးပစ်ပြီး အားနည်းနေသော ကံကြမ္မာယုံသူသည် သူ့လက်ထဲတွင် မသေမရှင်ဖြစ်သွားသည်အထိ ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။ သေလုဆဲဆဲအခြေအနေတွင် ကံကြမ္မာယုံသူသည် သီသီလေး လွတ်မြောက် ထွက်ပြေးသွားခဲ့သည်။
ချီယုံသည် ကံကြမ္မာယုံသူပျောက်သွားသော နေရာသို့ အကြာကြီး ရပ်ကြည့်နေခဲ့ပြီး သူ့လက်မှ သွေးများကို ခါထုတ်ပစ်ခဲ့သည်။
နောက်တစ်ကြိမ်ဆိုလျှင် ကံကြမ္မာယုံသူကို သတ်ပေးရန် တောင်းပန်ရသည်အထိ နှိပ်စက်ဖို့ တွေးထားသည်။ ကျန်းလော့သည် ချီယုံအမှန်အတိုင်း ပြောနေကြောင်း ချီယုံ့မျက်နှာကို ကြည့်နေသောကြောင့် သူသေချာသည်။
‘ကံကြမ္မာယုံသူက တကယ်ကြီး သေခါနီးသွားတာလား’
သူသည် ထုံထိုင်းစွာ နိုးလာပြီး သူစွမ်းအားတစ်ဝက် လုယူလာသော ကံကြမ္မာယုံသူသည် ချီယုံ့ကြောင့် အပြင်းအထန် ဒဏ်ရာရသွားသည်ဟု ကြားလိုက်ရသည်။ ချီယုံ၏ ထိန်းချုပ်မှုနှင့် ဆိုလျှင် ကံကြမ္မာယုံသူ၏ နောက်ထပ် ကိုးကွယ်ယုံကြည်သူ တစ်ဝက်သည်လည်း ပျောက်ကွယ်သွားမည် ဖြစ်သောကြောင့် သေချာပေါက် သူတို့သည် စင်ပေါ်က ဖြစ်နေတော့မည် ဖြစ်သည်။
‘ဒါ တကယ်ပဲလား ငါအိပ်မက် မက်နေတာ မဟုတ်ဘူးလား’
ကျန်းလော့၏ ခန္ဓာကိုယ်သည် အတွေးတို့ မဆုံးသေးခင်မှာပင် တဖန်ပြန်၍ နာကျင်လာပြန်သည်။ ကျန်းလော့၏ ခန္ဓာကိုယ်သည် ကွေးသွားပြီး ရုတ်တရက် ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်လေသည်။ စေးကပ်ကပ်သွေးများသည် ပါးစပ်ထောင့်မှ စီးကျလာပြီး အိပ်ရာပေါ်မှ ကြမ်းပြင်ပေါ်သို့ စီးကျကုန်သည်။
“တောက် တောက် တောက်”
သူကြားခဲ့သည့် ရေကျသံသည် သူ့ခန္ဓာကိုယ်မှ ထွက်သွားသော သွေးများ ကျသံ ဖြစ်ကြောင်း ပေါ်ထွက်လာခဲ့ပြီး သူရနေသော သွေးနံ့သည် သူ့ထံမှ ဖြစ်ကြောင်း သေချာသွားသည်။
‘နာလိုက်တာ’
ကျန်းလော့သည် နာကျင်စွာ တွေးမိသည်။
သူ့ပါးစပ်မှ သွေးများကို သုတ်လိုက်ပြီး ကျန်းလော့သည် စောင်ပေါ်တွင် မျက်နှာအပ်ထားရာမှ ရုတ်ချည်း မော့ကြည့်လိုက်သည်။ နာကျင်မှုသည် အလွန်ပြင်းထန်လွန်းသောကြောင့် ကျန်းလော့၏ အသက်ရှူသံတို့သည် မတည်မငြိမ် ဖြစ်နေကြသည်။ အလွန်ပြင်းထန်လွန်းသောကြောင့် နောက်တစ်ကြိမ် ပြန်သတိလစ်သွားတော့မလို ဖြစ်လာသည်။
သို့သော် နာကျင်မှုသည် ရုတ်တရက် ထိုးထွက်လာပြီး ရုတ်တရက် ပြန်ပျောက်သွားသည်ကို ကျန်းလော့ခံစားလိုက်ရပြီး သူ့ကို ချီယုံက ပွေ့ချီလိုက်ပြီး သံတံခါးကို ဖွင့်လိုက်လေသည်။
သူ့လည်ချောင်းထဲမှ သွေးအရသာသည် အလွန်ပြင်းရှပြီး ကျန်းလော့သည် နာကျင်ဝေဝါးသော မျက်လုံးများဖြင့် မော့ကြည်လိုက်ရာ ချီယုံ့လည်ပင်းနှင့် မေးရိုးကိုသာ မြင်ရလေသည်။
မကောင်းဆိုးဝါး၏ မေးရိုးသည် တောင့်တင်းပြီး အေးစက်နေကာ နှုတ်ခမ်းတို့သည် မုဆိုးတစ်ယောက် အမဲလိုက်တော့မည့်ဟန် တင်းတင်းစေ့ထားလေသည်။
ကျန်းလော့၏ ချောင်းဆိုးခြင်းမှ သွေးများ အန်ထွက်လာပြီး မကောင်းဆိုးဝါး၏ ရှပ်အင်္ကျီကော်လာကို စိုရွှဲသွားစေသည်။ သူသည် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သောအခါ ယခင်က ဝတ်ထားသော အဝတ်အစားနှင့် လုံးဝမတူတော့သည်ကို တွေ့လိုက်ရသည်။ သို့သော် မကောင်းဆိုးဝါးသည် နည်းနည်းမှ စိတ်အနှောက်အယှက် ဖြစ်သွားပုံမရှိခဲ့ပေ။ ဤသည်မှာ သူသည် ဤသို့သော သွေးအန်ခြင်းမျိုးကို အကြိမ်ပေါင်းများစွာ ကျန်းလော့ သတိလစ်နေသည့်အချိန်အတွင်း ကြုံဖူးထားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သူ၏ လူသားခန္ဓာကိုယ်ဖြင့် မြင့်မြတ်သော နတ်စွမ်းအားတို့ကို တစ်ကြိမ်ထဲ များပြားစွာ စုပ်ယူလိုက်ခြင်းသည် သူ့ခန္ဓာကိုယ်ကို ပျက်စီးသွားစေခဲ့သည်။
မြင့်မြတ်သော နတ်စွမ်းအားများက သူ့ခန္ဓာကိုယ်ကို အသွင်ပြောင်းပေးနေသည် ဆိုသော်ငြား သူ့ခန္ဓာကိုယ်ကို တစ်ချိန်ထဲမှာပင် ဖျက်ဆီးပစ်နေသေးသည်။ စွမ်းအားတို့ကို တောင့်မခံထားနိုင်ပဲ အသွင်ပြောင်းခြင်းမပြီးဆုံးခင် သေသွားမည်ဆိုပါလျှင် .......................
ကျန်းလော့၏ နှလုံးသားသည် နှစ်မြုပ်သွားတော့သည်။
တံခါးအပြင်ဘက်တွင် သွေးနံ့များသည် ပို၍ ပြင်းထန်ပြီး ကျန်းလော့ကို ခနလောက် အသိစိတ်ပြန်လည်လာစေခဲ့သည်၊ သူသည် အသက်အောင့်ပြီး ကော်ရစ်တာတစ်လျှောက်သို့ ငုံ့ကြည့်လိုက်သည်။
ကော်ရစ်တာနှစ်ဖက်လုံးတွင် လူများစွာသည် ကြိုးများဖြင့် ချိတ်ဆွဲခံထားရသည်။ သူတို့လက်များသည် ခေါင်းပေါ်တွင် ကြိုးနှင့် ဆွဲခံထားရပြီး သူတို့ ခန္ဓာကိုယ်များသည် ဒဏ်ရာများနှင့် ပြည့်နှက်နေခဲ့သည်။ သူတို့သည် သေလုအောင် နှိပ်စက်ခံထားကြရသည်။
သူတို့ခန္ဓာကိုယ်များပေါ်တွင် သွေးများနှင့် ရေများ ရွှဲရွှဲစိုနေပြီး နံရံထောင့်များတွင် သွေးရေများကြောင့် ရေများ အိုင်နေခဲ့သည်။
ထိုလူများသည် ယောက်ျား မိန်းမ အသက်ကြီးသူရော ငယ်သူများရော ပါဝင်သည်။ ထိုသူများထဲတွင် ကျန်းလော့သည် ရင်းနှီးနေသော မျက်နှာများကို တွေ့လိုက်ရသည်။
ဝေ့ဟယ် ၊ လျန်ရွှီ ၊ လျန်ပင်း ၊ လျန်ချင်း နှင့် ဝူရှညန် အိမ်တော်မှ တပည့်တချို့ ....
သူတို့အားလုံးသည် တူညီသော မိသားစုမှ ဖြစ်ကြသည်။
######