Ch 194
Viewers 8k

အပိုင်း (၁၉၄) 


ပင့်ကူတစ်ကောင်၏ တတိတိကိုက်ဝါးခြင်း 

ကောဝူချန်သည် ချွေးအေးများ ထွက်လာသည်။ 

ချီယုံသိလို့ မဖြစ်သည့် ကိစ္မများ အများကြီး ပါနေသည်ကို သူက မည်သို့များ ချီယုံ့ကို ကျန်းလော့ကို ပြောခဲ့သမျှ အကုန်ပြောပြလို့ ရပါမည်နည်း။ 

ကံကောင်းစွာပင် သူသည် အချိန်မှီ တည်ငြိမ်သွားပြီး အချိန်အကြာကြီး ပြင်ဆင်လာသော စကားများကို ဇွတ်အတင်းညှစ်ထုတ်လိုက်ပြီး ကျန်းလော့ပြောခဲ့သလို ပြောပြလိုက်သည်။ 

“သခင် သခင်ကျန်းက အခု စိတ်အခြေအနေ မကောင်းပါဘူး ကျွန်တော် သူ့ကို စကားနည်းနည်းပြောပြီး အကြံပေးပေမဲ့ သူက လှုပ်တောင် မလှုပ်လာပါဘူး...” 

ကောဝူချန်သည် ကျန်းလော့နှင့် ချီယုံတို့နှစ်ယောက်၏ စကားများမှုကို ထူးဆန်းသည်ဟု မထင်ပါချေ။ ထို့ကြောင့် နှစ်ယောက်သား ကြားထဲမှ လေထုကို ဖြေလျော့ပေးရမလား ဒီစကားများနေတာကို ဒီအခြေအနေအတိုင်း ဆက်ထိန်းရမလားဆိုတာကို ဂရုတစိုက် ရွေးချယ်နေသည်။ 

ကောဝူချန်သည် ဤအခြေအနေကို ကောင်းသည်ဟု မြင်ပြီး ချီယုံသည် ကျန်းလော့နှင့် စစ်အေးတိုက်ပွဲဖြစ်နေစဉ်တွင် ကျန်းလော့ကို သူမည်မျှ တန်ဖိုးထား ဂရုစိုက်ကြောင်း ရှင်းရှင်းလင်းလင်း သိလာစေမည့် အခွင့်အရေးဖြစ်ပြီး ထိုဆိုရိုးစကားအတိုင်း မင်းတို့မပြတ်ရင် ပြတ်နိုင်မှာ မဟုတ်တော့ဘူး ဆိုတာမျိုး တစ်ခါလောက် ရန်ဖြစ်ခိုင်းကြည့်ထားလိုက်တာလည်း ကောင်းသည်ဟု တွေးမိသည်။ 

“သခင်ကျန်းက ပြောပါတယ်....” 

ချီယုံ၏ ဒေါသကို ဖြေဖျောက်ပေးဖို့ထက် လောင်စာထပ်ထည့်ဖို့ ရွေးချယ်ခဲ့သည်။ 

................ 

တဝူတောင်သို့ မထွက်ခွာခင် ညတွင် ထန်ပိရောက်လာပြီး ကျန်းလော့ကို ခရီးဆောင်အိတ်တစ်လုံးပေး၍ သွားဖို့လာဖို့ ပြင်ဆင်ရန် ပြောခဲ့သည်။ 

ကျန်းလော့သည် ချီယုံ့ထံမှ အလွန်ကောင်းမွန်စွာ ဆက်ဆံခံရပြီး လိုတရဖြစ်နေအောင် သူလိုချင်တာ မှန်သမျှသည် နောက်တစ်ရက်ဆိုလျှင် ချက်ချင်း ရလာတတ်သည်။ သူဝတ်သမျှအားလုံး အထူးသဖြင့် ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်သမျှသည် သေချာတွေးတောထားသော အလွန်ကောင်းမွန်သည့် ပစ္စည်းများသာ ဖြစ်သည်။ 

တဝူတောင်ခရီးသည် မည်မျှကြာမည်မှန်း အချိန်ကို ခန့်မှန်းမရပေ။ ကျန်းလော့သည် ထသွားထလာ သက်တောင့်သက်သာရှိသော အဝတ်အစားနှစ်စုံနှင့် တောင်တက်ဘွတ်ဖိနပ်တစ်ရံ ထည့်လိုက်သည်။ ထိုအရာများအပြင် တောင်တက်ရန် လိုအပ်သော ပစ္စည်း ကွိစိကွစိလေးများလည်း ထည့်သေးသည်။ သန့်စင်ခန်းသုံး စက္ကူ၊ သံလိုက်အိမ်မြှောင်တစ်ခုနှင့် ဓားတစ်ချောင်း............ ထိုပစ္စည်းများသည် သူ့တွင်မရှိသော အရာများဖြစ်ပြီး ထိုပစ္စည်းများကို စာရွက်တစ်ရွက်ပေါ်တွင် ရေးပြီးပေးလိုက်သည်။ သို့မှသာ မသွားခင် အချိန်မှီ ရလာမှာ ဖြစ်သည်။ 

နောက်တစ်နေ့မနက်ခင်းတွင် ကျန်းလော့သည် သူမနေ့ညထဲက ပြင်ဆင်ထားသော အဝတ်အစားများကို ဝတ်လိုက်ပြီး ဆံပင်ကို မြင့်မြင့်ချည်ကာ ခရီးဆောင်အိတ်ကို ဆွဲ၍ အခန်းထဲမှ ထွက်လာသည်။ 

တဝူတောင်ကို သွားမည့် လက်မှတ်များကို ကောဝူချန်က ပြင်ဆင်ထားပြီး ဖြစ်သည်။ 

အုပ်စုလိုက်ကြီးသည် လေဆိပ်ထဲသို့ အတူတကွ ခြေချလိုက်ကြသည်။ ဝိညာဉ်မှ ကျင့်ကြံလာသော ဟွာပိနှင့် အားနည်းသော လျောင်စီတို့သည် လျန်မိသားစုများကို စောင့်ကြပ်ရန်နှင့် တချို့သော ကိစ္စများကို ကိုင်တွယ်ရန် နေခဲ့ကြသည်။ 

သူငယ်ငယ်တုန်းက လူတချို့ကို မြင်နိုင်ရန် လေဆိပ်သို့ အကြိမ်အနည်းငယ်လာခဲ့ဖူးသည်။ သို့သော် တောင်ပေါ်မှ မထွက်တာ နှစ်နှစ်ဆယ်ကျော်ကြာသွားပြီး သူသည်လည်း အသက်ကြီးလာလေပြီ။ လေဆိပ်၏ ပြောင်းလဲပုံများကို မြင်သည်နှင့် သူသည် မူးဝေသွားပြီး သက်ပြင်းချလိုက်သည်။ 

“ဒါက ပြောင်းလဲသွားပြီပဲ တော်တော်ပြောင်းလဲသွားတာ အရင်တုန်းက ဒီလောက် မကောင်းဘူး ကျုပ်ပျံသန်းဖို့ သွားတုန်းကနဲ့ အခုနဲ့ လုံးဝကို ဘာမှမတူတော့တာပဲ ဪ အချိန် အချိန်” 

ကျန်းလော့က သူ့ဘေးတွင် လမ်းလျှောက်လျက် လိုက်ပါလာပြီး သူ၏ ပွယောင်းယောင်း မိုးကာအင်္ကျီကြီးသည် ဖားယားဖားယား လှုပ်ရှားနေသည်။ ထို့နောက် ပေါ့ပါးစွာပြောလိုက်သည်။ 

“ခင်ဗျား ဒီရက်တွေ မကြာမကြာ အပြင်ထွက်ကြည့်သင့်တယ် အပြင်လောကကြီးက လေဆိပ်ထက်ကို ပိုပြီး ပြောင်းလဲမှုများတယ်” 

“ကောင်းပါပြီ” 

တာအိုဆရာတော် ဝေ့ဟယ်သည် အနည်းငယ် စိတ်အားငယ်သွားကာ။

“ဒီခေတ်ကလေးတွေက သူတို့ဖုန်းတွေကိုင်ပြီး အဲ့ဒီ ဘာလို့ခေါ်တာပါလိမ့် ဪ တက်ဘလက် တက်ဘလက် အဲဒါကြီးကိုင်ပြီး နေ့တိုင်းနေ့တိုင်း တကိုင်ကိုင်ဖြစ်နေကြတာ ကျုပ်တော့ အဲ့ဒီပစ္စည်းတွေက ဘယ်လောက်ကောင်းလို့ လက်ကမချနိုင် ဖြစ်နေရတာလဲ မသိတော့ပါဘူး ကျုပ်တို့အိမ်က ကလေးတွေတောင် အပြင်ထွက်ပြီး ပြန်လာတိုင်း ဝိုင်ဖိုင်ဆိုတာ လုပ်ပေးဖို့ ညည်းညူနေကြတာ တစ်ချိန်လုံး ဝိုင်ဖိုင်ကို တမ်းတနေတာ အဲ့ဒီဝိုင်ဖိုင်ဆိုတာ ဘာလဲ ဘယ်သူကသိမလဲဗျာ” 

ကျန်းလော့၏ မျက်နှာသည် အနည်းငယ်ရှုံ့မဲ့သွားပြီး လျန်မိသားစု ဘိုးဘွားအိမ်တော်တွင် လဝက်ကြာအောင် နာနာကျင်ကျင် နေခဲ့ရသော အချိန် အပိုင်းအခြားကို တွေးမိသွားသည်။ 

“ခင်ဗျားတို့ တစ်ခုလောက် တပ်သင့်တာတော့ အမှန်ပဲ” 

သူတို့အုပ်စုထဲတွင် တာအိုဘုန်းတော်ကြီးရော ဗုဒ္ဓဘာသာဘုန်းကြီးရော ပါနေသည်။ အငယ်ဆုံးကလေး ဖြစ်သည့် လိရှားသည် အရုပ်မလေးလို ဝတ်ဆင်ထားပြီး ဖြတ်သွားဖြတ်လာများသည် သူတို့ကို လည်ပြန်လှည့်လှည့်ကြည့်သွားသည်။ 

ကျန်းလော့သည် ထိုသို့သော အကြည့်များနှင့် နေသားကျနေပြီဖြစ်ပြီး စောင့်ဆိုင်းဧရိယာသို့ရောက်အောင် လျှောက်သွားပြီး ထိုင်ချလိုက်သည်။ 

ခနကြာအောင် စောင့်နေပြီးနောက် ထရပ်လိုက်ပြီး စူပါမားကတ်သို့ ရေဝယ်ရန် သွားလိုက်သည်။  အခန်း၏ တစ်ဖက်ခြမ်းတွင် ထိုင်နေသော မကောင်းဆိုးဝါးသည် သူ့နောက်ကျောကို အကြာကြီး စိုက်ကြည့်နေပြီး ဖြည်းညင်းစွာ ထရပ်၍ လိုက်သွားသည်။ 

တိတ်တိတ်လေး သူတို့ကို စောင့်ကြည့်နေသော ကောဝူချန်သည် ချီယုံလှုပ်ရှားလာသည်ကို မြင်သည်နှင့် နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး  ချီယုံနှင့် ကျန်းလော့တို့၏ လှုပ်ရှုားမှုများကို မလွတ်တမ်းလိုက်ကြည့်နေသည်။ 

ထန်ပိသည် ကျန်းလော့၏ ကျန်းမာရေးက အဆင်မပြေသေးသောကြောင့် ချက်ချင်း နောက်ကလိုက်သွားဖို့ ထလိုက်ရာ ကောဝူချန်က ခြေထောက်ကို လှမ်းဆွဲထားပြီး တိုးတိုးပြောလိုက်သည်။ 

“မင်း သောက်ရူး ဒီအချိန်က မင်းသွားပြီး လူလုံးထွက်ပြရမဲ့အချိန်လားကွ” 

“မင်းဘာကို ဆိုလိုတာလဲ” 

ထန်ပိ မျက်မှောင်ကုတ်လိုက်သည်။ သူတို့နှစ်ယောက်၏ နောက်တွင် ကောင်မလေးတစ်ယောက်သည် ရုတ်တရက် အံ့ဩစိတ်လှုပ်ရှားစွာ လေသံလေးနှင့် ပြောလိုက်သည်။ 

“ပေါင်ပေါင် ကြည့်ကြည့် အဲ့ဒီမှာ စူပါမားကတ်ကိုသွားနေတဲ့ ရွှိုက်ကော နှစ်ယောက် သူတို့နှစ်ယောက် သိကြတယ်လို့ လောင်းတယ်ဟာ အား ယား သူတို့က အတွဲများဖြစ်နေမလား အားယား” 

“ထူးဆန်းလိုက်တာ ငါက ရှေ့က ဆံပင်အရှည်နဲ့ ရှောင်ကောကောကိုပဲ မြင်ပြီး နောက်ကတစ်ယောက်ကို လုံးဝသတိမထားမိဘူးရော မဟုတ်သေးပါဘူး နင်ပြောမှ သူကရောက်လာတာလား” 

နောက်ထပ် ကောင်မလေးတစ်ယောက်သည် ပွစိပွစိ ထူးဆန်းစွာ ပြောသည်။ ချီယုံ့ကို အပေါ်အောက် အကြိမ်ပေါင်းများစွာ ကြည့်ပြီး သူမသည် ရုတ်တရက် အာရုံပြောင်းသွားသည်။ 

“သူတို့က ဒီလောက်အဝေးကြီးကနေ ခွာပြီး လျှောက်နေကြတာ နှစ်ယောက်က တကယ်သိတာရော ဟုတ်ပါ့မလားဟယ်” 

ကောင်မလေးသည် စိတ်လှုပ်ရှားစွာပြောလိုက်သည်။ 

“အိုမိုး အိုမိုး ကြည့် ကြည့် သူတို့အဝတ်အစားတွေကို ကြည့်ပါဦး သူတို့က ဆင်တူဝတ်ထားတာ မဟုတ်ပေမဲ့ စတိုင်ရော အမျိုးအစားရော အတူတူပဲဟ သူတို့အဝတ်တွေကို ရွေးပေးတဲ့ သူက တစ်ယောက်ထဲဆိုတာ သေချာတယ် ဟီးဟီး” 

ကောဝူချန်သည် ထိုနှစ်ယောက်၏ စကားများကြောင့် အေးခဲသွားပြီး အတွေးများစွာဖြင့် ကျန်းလော့နင့် ချီယုံတို့၏ အဝတ်အစားများကို အာရုံစိုက်ပြီး ကြည့်လိုက်သည်။ 

“ထန်ပိ သခင်ကျန်းရဲ့ အဝတ်အစားတွေကို ဘယ်သူပြင်ပေးတာလဲ” 

ထန်ပိသည် မထူးခြားပုံဖြင့် ပြောသည်။ 

“သခင် ညွှန်ကြားထားတဲ့အတိုင်း  ငါပြင်ပေးထားတာ” 

ကောဝူချန်၏ အမူအရာသည် ရုတ်တရက် သူ့တစ်ယောက်ထဲကို ကွက်ပြီး မုန်တိုင်းတိုက်သွားသလို ဖြစ်သွားသည်။ 

သူသည် ချီယုံမသေခင်ကတည်းက အတူရှိလာခဲ့တာ ဖြစ်ပြီး ချီယုံ၏ သူတော်ကောင်းယောင်ဆောင်တတ်သော စရိုက်နှင့် ရက်စက်တတ်သော ဗီဇကို သိရှိခဲ့ပြီး ဖြစ်သည်။  ထိုသို့ဆိုလျှင်တောင် ကောဝူချန်သည် ချီယုံက တကယ်ကို အလွန်ထူးချွန်ပြောင်မြောက်သည့် ဆက်ခံသူတစ်ယောက်ဖြစ်သည် ဆိုတာကိုတော့ ငြင်းမရပေ။ 

သူ၏ ထူးချွန်မှုသည် သူ့ဘဝအချိုးအကွေ့တိုင်း ကို သက်သေပြနိုင်ပြီး ဝိညာဉ်ရုပ်သေးပညာတွင်ဖြစ်စေ ကိုယ်ခံပညာ၊ မြင်းစီး၊ ဓားရေးပညာတို့တွင် ဖြစ်စေ ... သင်ယူခြင်းနှင့် အမြင်အာရုံ လူကဲခတ်ပညာတို့တွင်ဖြစ်စေ အရာအားလုံးတွင် ချီယုံသည် ပြီးပြည့်စုံလွန်းပြီး သူ့ကို ကျော်နိုင်မည့်သူ မရှိနိုင်ပေ။ 

ချီယုံ၏ အဝတ်အစားများသည် မုချကောင်းမွန်ပြီး သူ့မိသားစု၏ မျက်လုံးများကတော့ ပို၍ ကောင်းမွန်သည်။ အကယ်၍ ချီယုံသာ တကယ်ကြီး လေးနက်လာလျှင် ချီယုံသည် ခေါင်းအစ ခြေအဆုံး အရာအားလုံးကို ပိုင်းခြားမြင်နိုင်သော စူးရှသော အမြင်ရှိပြီး ဖက်ရှင်ပိုင်းကို အပြစ်အနာအဆာရှာမရအောင် ပြင်ဆင်နိုင်သူ ဖြစ်သည်။ 

သူ၏ အလှတရားကို ခံစားတတ်မှုသည် လုံးဝမှားယွင်းဖူးသည် မရှိသော်လည်း ကောဝူချန်သည် ချီယုံက ကျန်းလော့၏ ခါးပတ်အောက်မှ အဝတ်အစားကိုပင် ဂရုတစိုက်ရှိလိမ့်မည်ဟု ဘယ်တုံးကမှ မတွေးထားခဲ့ပေ။ 

မဟုတ်သေး အဝတ်အစားတင် မဟုတ်သေးပေ။ 

ကောဝူချန်သည် ကျန်းလော့တစ်ကိုယ်လုံးကို အာရုံအပြည့်ဖြင့် အပေါ်ကြည့်လိုက် အောက်ကြည့်လိုက် သေချာကြည့်နေသည်။ ဘယ်တုန်းကမှ အဝတ်အစားများကို ဂရုတစိုက် မဝတ်ဆင်တတ်သော ထိုသို့သော ပစ္စည်းများအပေါ်တွင် ရူးသွပ်လေ့မရှိသော ကျန်းလော့ကို သေချာကြည့်နေသည်။ 

သို့သော် ယခု ကျန်းလော့ကို ကြည့်ကြည့်သောအခါ ဆံပင်စည်းထားသော ခေါင်းစည်းကြိုးမှ သူ့လက်တွင် ဝတ်ထားသော နာရီ၊  ပွယောင်းယောင်း ဂျက်ကတ်မှ တောင်တက်ဘွတ်ဖိနပ်တစ်စုံအထိ အရာအားလုံးသည် အရောင်ရော စတိုင်ရော လိုက်ဖက်နေပြီး ဝတ်ဆင်ထားသမျှသည် လူတိုင်း အနားမကပ်နိုင်သော နာမည်ကြီးများဖြစ်ပြီး အဆင့်မြင့်ကာ ဆန်းပြားလှသည်။ 

လုံးဝရှင်းလင်းသွားသည်မှာ ကျန်းလော့၏ ကိုယ်ပိုင် တစ်ကိုယ်ရေသုံး ပစ္စည်းများအားလုံးသည် ချီယုံ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခြင်း... 

ချီယုံသည် ကျန်းလော့ကို တောက်ပနေအောင် ဂရုစိုက်ပေးနေကြောင်း ထင်ရှားသော်လည်း ကောဝူချန် မပျော်နိုင်တော့ပေ။ မပျော်ရုံသာ မဟုတ်ဘဲ သူ့နှလုံးသားသည် အောက်ခြေအထိ နှစ်မြုပ်သွားတော့သည်။ 

ယောက်ျားတစ်ယောက်အနေဖြင့် ကောဝူချန်သည် ချီယုံ့အတွေးကို နားလည်သည်။ 

ကျန်းလော့၏ တစ်ကိုယ်ရေသုံး ကိုယ်ပိုင်ပစ္စည်းများအာလုံးကို ချီယုံစီစဉ်ပေးထားပြီး အတွင်းခံမှစ၍ ခြေအိတ်နှင့် ဖိနပ်အဆုံး အားလုံးကို ချီယုံကိုယ်တိုင် ရွေးချယ်ထားပြီး ချီယုံသည် ကျန်းလော့၏ အရာအားလုံးကို သေချာ ဂရုစိုက်နေရာ ချီယုံ၏ ပိုင်ဆိုင်လိုစိတ်နှင့် ထိန်းချုပ်လိုမှုတို့သည် ရှင်းလင်းနေပေသည်။ 

မကောင်းဆိုးဝါးသည် ကျန်းလော့၏ ကိုယ်ပိုင်ဘဝကို တဖြည်းဖြည်းချင်း ဝါးမျိုသိမ်းပိုက်နေပြီး ပင့်ကူတစ်ကောင်၏ ချည်မျှင်များကဲ့သို့ ကျန်းလော့၏ ဖြစ်တည်မှုကို ပင့်ကူအိမ်ထဲသို့ ရစ်ပတ်ဆွဲသွင်းနေသည်။ သူ၏ ရည်မှန်းချက်ကိုသာ ရှာဖွေတွေ့ရှိသွားပါလျှင် ကောဝူချန်သည် အတွေးနှင့်ပင် အေးစိမ့်သွားသည်။ 

ယခုသည် တစ်ကိုယ်ရေသုံးပစ္စည်းများကိုသာ ထိန်းချုပ်ထားသေးတာ ဖြစ်ပြီး နောက်ပိုင်းတွင်ရော မည်သို့ ဖြစ်လာပါမည်နည်း။ ကောဝူချန်သည် တွေးလေ စိမ့်နေအောင် ကြောက်လေ ဖြစ်လာသည်။ 

ကျန်းလော့သည် မကောင်းဆိုးဝါး၏ လက်ထဲတွင် ပိတ်ထားသော လှောင်အိမ်ထဲမှ ငှက်ငယ်လေး ဖြစ်လာသည်ကို ဂုဏ်ယူနေသည်။ ကောဝူချန်သည် ကျန်းလော့က ချီယုံ့ကို ရွှမ်ရွှီလောကကြီး အဆုံးထိနစ်သွားအောင် ဆွဲချသွားမည့် အကြံကို လက်လွတ်သွားအောင် လုပ်ပေးနိုင်မည်ဟု ထင်ခဲ့ပြီး ထိုသို့သာ လုပ်ပေးနိုင်ပါလျှင် ကျန်းလော့သည် ချီယုံ့အတွက် အရာအားလုံးထက် အရေးကြီးကြောင်း သက်သေပြပြီးသား ဖြစ်သွားပေမည်။ 

သို့သော် အကယ်၍ ကျန်းလော့က ထိန်းချုပ်စိုးမိုးမှုကို တောင့်မခံနိုင်တော့ပဲ ချီယုံ့ကို စွန့်ခွာသွားချင်လာပါလျှင်... 

ထိုနေ့သာ ရောက်လာလျှင် ချီယုံ စိတ်လွတ်သွားပြီး ရူးသွပ်သွားပေလိမ့်မည်။ ကောဝူချန်သည် တိတ်တဆိတ် ဆုံးဖြတ်လိုက်ပြီး မျက်လုံးထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်တို့ဖြင့် လေးနက်သော အရိပ်အယောင်များ ပေါ်လာလေသည်။ 

သူသည် ကျန်းလော့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်သည်။ 

‘စိတ်မကောင်းပါဘူး ကျန်းလော့’ 

ပုံမှန်မဟုတ်ဘဲ ညစ်ညမ်းသည့် နည်းလမ်းများ သုံးရမည်ဆိုလျှင်တောင် မကောင်းဆိုးဝါး လက်ထဲမှ ကျန်းလော့ကို သေချာပေါက် ဆွဲထုတ်ပြီး မကောင်းဆိုးဝါး၏ အရာအားလုံးကို ဖျက်ဆီးနိင်လောက်အောင် သန်မာသော ဒေါသကို ချေမှုန်းပစ်မည်။ 

တစ္ဆေတစ်ကောင်ကို ယဇ်ပူဇော်ဖို့ လူတစ်ယောက်ကို စတေးလိုက်ရသည်ဖြစ်စေ ရွှမ်ရွှီလောကကြီး တစ်ခုလုံးကို စတေးလိုက်ရသည်ဖြစ်စေ ကောဝူချန်သည် အကျိုးဆက်ကို မတွေးတော့ဘဲ ရွေးချယ်ထားသည့်လမ်းကို ပြီးဆုံးအောင် လျှောက်ဖို့ စဉ်းစားထားသည်။ 

ကျန်းလော့သည် ကောဝူချန်၏ အတွေးများကို မသိသေးဘဲ မည်သည့် ရေကို ဝယ်ရမည်ကို စဉ်းစားနေသည်။ 

စူပါမားကတ်သည် စမ်းရေများ ကုန်နေပြီဖြစ်ပြီး အမျိုးမျိုးသော အချိုရည်များသာ ရှိသည်။ ရိုးရိုးရေသန့် မဟုတ်လျှင် စမ်းရေသာ သောက်သော ကျန်းလော့သည် ယခု အလွန်ရေဆာနေပြီ ဖြစ်သည်။ ထို့ကြောင့် ဖန်ခွက်တစ်ခွက်သာ ဝယ်လိုက်ပြီး လေဆိပ်မှ ရေကိုသာ ယူသောက်ဖို့ ဆုံးဖြတ်လိုက်သည်။ 

ဖန်ခွက်ရွေးပြီး ငွေပေးချေပြီး လှည့်ထွက်သည့် အချိန်တွင် သူနှင့် မနီးမဝေး ဘယ်ဘက်တွင် ရပ်နေသော မကောင်းဆိုးဝါးကို တွေ့လိုက်ရသည်။ 

မကောင်းဆိုးဝါးသည် သူ ဘာလုပ်မိသည်ကို မသိသေးဘဲ သာမန်လူများသည် သူ့ကို လုံးဝ သတိထားမိပုံ မပေါ်ပေ။ လူအပြည့်နှင့် စောင့်ဆိုင်းခန်း အလည်တည့်တည့်တွင် အနောက်တိုင်းဝတ်စုံကြီး ကော့ပြန်နေအောင် ဝတ်ပြီး မတ်တပ်ရပ်နေကာ ဆန်းကြယ်ပြီး အန္တာရာယ်များသော မျက်လုံးများဖြင့် ကျန်းလော့ကိုသာ စိုက်ကြည့်နေသည်။ 

ကျန်းလော့သည် သူ့ထံမှ အကြည့်လွှဲလိုက်ပြီး ရေအေးစက်နားသွားလိုက်သည်။ ထိုနေရာတွင် မည်သူမျှမရှိပေ။ ကျန်းလော့သည် ရေခွက်ထဲ ရေထည့်နေချိန်တွင် သူ့နားသို့ ကပ်လာသော သားရေဖိနပ်သံကို ကြားလိုက်သည်။ 

ကျန်းလော့သည် သတိမထားမိသလို ရေတစ်ငုံသောက်လိုက်ပြီး ခနရပ်လိုက်ကာ ဖန်ခွက် တစ်ဝက်ကျိုးသည်အထိ တစ်ကျိုက်ထဲ မော့ပစ်လိုက်သည်။ 

သူ့နောက်ကျောမှ အေးစိမ့်လာပြီး ချီယုံက သူ့ကို အေးစက်စွာပြောလာသည်။ 

“ကိုယ်  .. မင်း သူငယ်ချင်းတွေကို ချမ်းသာပေးမယ်” 

ကျန်းလော့သည် ထွက်သွားဖို့ လှုပ်ရှားလိုက်သည်။ 

မကောင်းဆိုးဝါးသည် အသံတိုးတိုးဖြင့် ပြောသည်။ 

“မဟုတ်ရင် ကိုယ် သူတို့ မိသားစုတွေကိုရော ချမ်းသာပေးလိုက်မယ်လေ” 

‘ဒီတော့ ဘာလဲ ဆက်ပြောလေ’ 

ကျန်းလော့သည် အနည်းငယ် ရယ်ချင်လာသည်။ သို့သော မရယ်နိုင်ပေ။ 

ချီယုံပြောချင်တာကို သူနားလည်သည်။ ချီယုံသည် ကမ္ဘာကြီးကို အိပ်မက်ထဲကအတိုင်း လုပ်ချင်နေသေးသည်။ သို့သော် သူ့အိပ်မက်ထဲကနှင့် မတူစွာ ကျန်းလော့၏ သူငယ်ချင်းများနှင့် သူတို့မိသားစုများကို သက်ညှာပေးမည်။ 

ဤသည်မှာ မကောင်းဆိုးဝါး၏ အဆုံးစွန်ထိ တွေးထားသော လိုက်လျောမှု ဖြစ်သည်။ 

မကောင်းဆိုးဝါးသည် သူတို့၏ စကားများထားတာကို အဆုံးသတ်ချင်သော်လည်း အားနည်းစေသည်ဟု ထင်ရသော စကားများကိုတော့ ပြောမထွက်ပေ။ ထို့ကြောင့် သူ၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း နောက်သို့ တစ်လှမ်းဆုတ်ပေးလိုက်သည်။ 

ရှားပါးလွန်းသောကြောင့် ကောဝူချန်ပင်လျှင် ချီယုံက အရင်ဆုံး နောက်ဆုတ်လိုက်သည်ကို မြင်သောအခါ မေးရိုးပြုတ်ထွက်မတတ် အံ့ဩသွားခဲ့သည်။ 

ကျန်းလော့ ပျော်ရွှင်နေသင့်သော်လည်း တကယ်တမ်းတွင် သူသည် မပျော်ရွှင်ရုံသာမကပဲ စိတ်ဓာတ်ကျသွားသလိုပါ ခံစားလိုက်ရသည်။ 

ဤကိစ္စတွင် ရယ်စရာကောင်းတာများ ရှိပြီး ရယ်စရာကောင်းတာထက်ကို သူ့နှလုံးသား အောက်ခြေမှ မီးများတောက်လောင်လာသလို ပူလောင်လာပြီး ကျန်းလော့သည် သူ့ခံစားမှုကြောင့် ထိတ်လန့်သွားသည်။

သူသည်လည်း နောက်တစ်လှမ်း ဆုတ်ပေးသင့်ကြောင်း သိသည်။ ချီယုံ့ကို ပြုံးပြပြီး သူ့ကို အလျော့ပေး၍ ကျေးဇူးတင်ကြောင်း ပြောသင့်သည်ကိုလည်း သိသည်။ ချီယုံ့ကို စောင့်ကြည့်မည်ဟု ပြော၍လည်း ရသည်။ 

သို့သော် ယခုခံစားနေရသော စိတ်ခံစားမှုအရ ကျန်းလော့သည် ဤစိတ်ခံစားချက်ကို ဘာမှန်း မသိပေ။ ထို့အပြင် သိလည်း မသိချင်ပေ။ 

သူထင်သည်မှာ သူ၏ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု လွတ်ထွက်သွားပြန်ပြီဟုသာ တွေးမိပြီး ရယ်စရာကောင်းလောက်အောင် ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားနေချိန်တွင် ချီယုံက သူ့သူငယ်ချင်းများကို လွတ်ပေးနိုင်သည်ဟု ပြောလာသည်။ 

ကျန်းလော့သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ 

သူပြုံးလာသောအခါ ချီယုံသည် ကျန်းလော့ ပျော်သွားသည်ဟု ထင်သွားသည်။ သို့သော် ကျန်းလော့၏ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်နှာသည် ရေခဲရိုက်ထားသလို အေးစက်သွားကာ ခွက်ကို လှည့်နေပြီး 

“မလိုပါဘူး” 

ကျန်းလော့သည် သူ့ထိုင်ခုံကို ပြန်သွားထိုင်နေပြီး ဆက်၍ စောင့်နေသည်။ လေယာဉ်ကို အကြာကြီး မစောင့်ရပေ နာရီဝက်ကြာပြီးနောက် အားလုံး လေယာဉ်ပေါ်ရောက်သွားသည်။ 

တဝူတောင်သည် ရှန်းရှီနှင့် အတွင်းပိုင်း မွန်ဂိုလီးယားပြည်နယ် ကြားတွင်တည်ရှိပြီး တောင်ကြော တစ်ဝက်ခန့်သည် အတွင်းပိုင်း မွန်ဂိုလီးယားတွင် ရှိနေသောကြောင့် သူတို့သည် မွန်ဂိုလီးယား လေဆိပ်တွင် ဆင်းကြမည်ဖြစ်သည်။ 

သူတို့သည် လေယာဉ် သုံးနာရီခွဲခန့် စီးပြီးနောက် မွန်ဂိုလီးယားပြည်နယ် အတွင်းပိုင်းသို့ရောက်လာပြီး အိတ်များထုတ်ဖို့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖြတ်သန်းကြရသည်။ 

လေယာဉ်သည် မွန်ဂိုလီးယားလေဆိပ်သို့ ညနေခြောက်နာရီတွင် ရောက်သွားသည်။ ကျန်းလော့ လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် အေးစိမ့်မှုကို ခံစားလိုက်ရသည်။ 

သူတို့ဘက်ခြမ်းတွင် မတ်လဖြစ်ပြီး နွေဦးဖြစ်သော်လည်း မွန်ဂိုလီးယား အတွင်းပိုင်းတွင် အေးနေဆဲ ဖြစ်သည်။ ကျန်းလော့သည် လေအေးများ မိသွားပြီး မာဖလာကို ဆွဲ၍ မျက်နှာတစ်ဝက်လုံအောင်လုပ်လိုက်သည်။ 

လေဆိပ်က ထွက်လိုက်သည်နှင့် သူတို့ကို လာကြိုသော ဒေသခံဧည့်လမ်းညွှန်ကို တွေ့လိုက်ရသည်။ 

ဧည့်လမ်းညွှန်သည် ဒေသခံတစ်ယောက်ဖြစ်ပြီး ဝတုတ်တုတ် သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်ကာ အသားမည်းပြီး လူရည်လည်သော အပြုံးရှိသည်။ 

ဧည့်လမ်းညွှန်သည် သူ့ကိုယ်သူ “ဝမ်” ဟု မိတ်ဆက်ခဲ့ပြီး ကားနှစ်စီးပြင်ထားကာ ဟိုတယ်လည်း စီစဉ်ထားခဲ့သည်။ 

“တဝူတောင်ကို သွားဖို့ အခုက နောက်ကျနေပြီဆိုတော့ဗျာ ဒီနေ့တစ်ရက်တော့ နားလိုက်ကြပါ ပြီးရင် ကျွန်တော်လည်း ခင်ဗျားတို့အတွက် အားလုံးအဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ် ကျွန်တော်တို့ မနက်ဖြန် မနက် ခြောက်နာရီ စထွက်ကြမယ် လွယ်တော့ မလွယ်ဘူးဗျ ကျွန်တော်တို့ ရထားနှစ်နာရီစီးရမယ် ပြီးရင် ဘက်စ်ကား ပြောင်းစီးရမှာ ခရီးက တော်တော်ကြမ်းတယ်ဗျ တကယ်လို့ ခင်ဗျားတို့ စားချင်တာ တစ်ခုခု ရှိရင်  ဒီနေ့ည စီစဉ်ထားလိုက်ကြပါ ကျွန်တော်တို့ ကားပေါ်မှာပဲ သွားရင်း စားဖြစ်ကြမှာဆိုတော့ ကြိုပြင်ထားတာ အဆင်ပြေမယ်ဗျ” 

လိရှားသည် မျက်ရည်များ လည်လာပြီး ဧည့်လမ်းညွှန်၏ စကားကိုကြားသောအခါ သူမလက်ထဲမှ စုပ်လုံးသည် အောက်သို့ကျသွားတော့သည်။ 

“အဲ့ဒီကို ကိုယ်ဟာကိုယ်ပဲ တိုက်ရိုက် မောင်းသွားလို့ မရဘူးလားဟင်” 

ဧည့်လမ်းညွှန်ဝမ် ကပြောသည်။ 

“မရဘူး အဲဒီဘက်ကိုလမ်းမပေါက်ဘူး” 

ဘက်စ်ကားပေါ်မှ ဆင်းပြီးနောက် ကျန်းလော့သည် ဧည့်လမ်းညွှန်ကို သူလိုအပ်သော ပစ္စည်းစာရင်းကို ပေးလိုက်သည်။ 

“အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် ကျွန်တော် ဒါတွေ လိုချင်တယ်” 

ဧည့်လမ်းညွှန်ဝမ်သည် စာရွက်ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။ 

“ကောင်းပါပြီ ကျွန်တော် လုပ်လိုက်ပါ့မယ် မနက်ဖြန် ရအောင် သေချာကြိုးစားပေးပါ့မယ်” 

အဆင်ပြေရန်အတွက် ဟိုတယ်ကို ဘူတာရုံဘေးတွင် ရွေးချယ် ဘိုကင်ချိတ်ထားသော်လည်း နတ်ဘုရားသဖွယ် ပိုက်ဆံ၏ အစွမ်းကြောင့် သူတို့သည် ဝန်ဆောင်မှု အပြည့်နှင့် ကောင်းကောင်းနေရလေသည်။ 

ကျန်းလော့သည် အခန်းပြန်ပြီး ခရီးဆောင်အိတ်ကို စားပွဲပေါ် ပစ်တင်ကာ အိတ်ထဲမှ ဖုန်းကို ထုတ်ကြည့်လိုက်သည်။ 

ဝမ်ယမ်လန်သည် သူ့ကို မက်ဆေ့ချ် ငါးစောင်တောင် ပို့ထားလေသည်။ 

#############