အပိုင်း (၁၉၆)
သေရွာပြန်လာပြီး အသက်ရှင်ရတာ မွန်းကြပ်လာ
ထန်ပိသည် ရှေ့ဆုံးမှ ကင်းထောက်ပြီး သူတို့အားလုံးသည် မျက်လုံးများမှိတ်၍ စမ်းတဝါးဝါးဖြင့် နံရံကို ကိုင်၍ ရှေ့မှလူ၏ အဝတ်စကိုဆွဲကာ ဂရုတစိုက် တစ်လှမ်းချင်း သွားကြလေသည်။
လူသုံးယောက်သည် အောက်ဆုံးထစ်သို့ မရောက်မချင်း တွဲလောင်းချိတ်ထားသော စိတ်ဝိညာဉ်လှေကား၏ သက်ရောက်မှုမခံခဲ့ရပေ။ တွဲလောင်းချိတ်ထားသော လှေကားမှ ဆင်းလာပြီးနောက် နေရာသည် ကျယ်ပြန့်သွားပြီး ပတ်ပတ်လည်မှ ရွှံ့နံရံများသည် ကျောက်တုံးနံရံများ ဖြစ်လာသည်။
သူတို့ရှေ့တွင် ကျယ်ဝန်းပြီး စက်ဝိုင်းပုံ အခန်းကျယ်ကြီး တစ်ခု ရှိသည်။ အထဲတွင် ရှေးဟောင်း ပရိဘောဂများရှိနေပြီး များပြားလှသော ရှေးဟောင်း အသုံးအဆောင်များသည် တစ်ချက်ထဲ ကြည့်လိုက်ရုံဖြင့် ငွေကြေး အမြောက်အများ တန်ကြေးရှိကြောင်း သိနိုင်ပေသည်။
အခန်းကျယ်ကြီးကို ရှေးခေတ် ဧည့်ခန်းကျယ်အတိုင်း ပြင်ဆင်ထားပြီး ပရိဘောဂ တစ်ခုချင်းစီတိုင်းသည် ရွှေစင် ထောင်ချီတန်ပြီး အပြင်ထုတ်ရောင်းလိုက်သည်နှင့် ချက်ချင်း ငွေမြင်ရနိုင်သည့် ပစ္စည်းများ ဖြစ်သည်။
ဟောခန်းကျယ်၏ နောက်ဘက်တွင် ကာရံတူလင်္ကာတစ်စုံကို ထွင်းထုရေးထားသည့် ကျောက်သားတံခါးနှစ်ချပ် ရှိလေသည်။
ဘယ်ဘက်တံခါးတွင် ရေးထားသည်မှာ
“သေခြင်းတရားသည် ယခုချိန်ထိ မဖြစ်ပွားသေး”
ညာဘက်တံခါးတွင်
“တစ်စုံတစ်ယောက်သည် ဧည့်ဟောခန်းမကျယ်ကို ဝင်ပြီးလျှင် အသက်ရှင်ရန် မျှော်လင့်နိုင်သေးသည်”
ကျန်းလော့သည် ထိုစာနှစ်ကြောင်းကို ဖတ်ပြီးနောက် သေချာတွေးကြည့်ပြီး ပြောသည်။
“ဟေးဒီးစ်ရဲ့ဧည့်ခန်းမ” (ယန်ဝမ်ရဲ့ဧည့်ခန်းမ လို့ပြောရင် ပိုမှန်မယ် ထင်ပါတယ် ဒါပေမဲ့ သူက ဟေးဒီးစ်လို့ ရေးထားလို့ပါ)
ထန်ပိသည် နောက်လှည့်လာပြီး သံသယဝင်စွာ ကျန်းလော့ကို ကြည့်သည်။
ကျန်းလော့က ရှင်းပြသည်။
“ဒီစာနှစ်ကြောင်းက မင်ခေတ်နှောင်းပိုင်းက စာပေတွေထဲက ယန်ဝမ်ရဲ့ ဧည့်ခန်းမအကြောင်းကို ကျော်ကြားတဲ့ နှစ်ကြောင်းစပ်လင်္ကာရေးနည်းနဲ့ ရေးထားတဲ့ စာတွေပဲ သူ့ရဲ့ အဓိပ္ပာယ်က မင်းကသာ သေပြီးလို့ မြေအောက်ကမ္ဘာကို ဖြတ်သွားတဲ့ အချိန်မှာ အာဏာရှိတဲ့ အသိအကျွမ်းတစ်ယောက်နဲ့ တွေ့မယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ဝင်နိုင်လိမ့်မယ် ပြီးတော့ ခန္ဓာကိုယ် မပုတ်ဆွေးသွားခင်အထိ လူသားတစ်ယောက်ပြန်ဖြစ်လာမယ် ”
ထန်ပိသည် ထိုစာနှစ်ကြောင်း၏ အဓိပ္ပာယ်ကို ချရေးထားပြီး ပြောသည်။
“ငါ ဒီအကြောင်းကို တစ်ခါမှ မကြားဖူးဘူး”
ကျန်းလော့က ပြောသည်။
“မင်းသေသွားတာ မင်မင်းဆက် အဆုံးမသတ်ခင် အချိန်က ဖြစ်လောက်မယ် ဟုတ်လား”
ထန်ပိသည် သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။
ကျန်းလော့သည် ကျောက်တုံး တံခါးနားကို လျှောက်သွားလိုက်ပြီး
“ဒီလို အရွယ်အစား ရှေးဟောင်းဂူသင်္ချိုင်းမျိုးမှာဆို ပုံမှန်အားဖြင့် သုံးပိုင်း ခွဲလေ့ရှိတယ် ပထမဆုံး အပိုင်းက မြေအောက်လောက ခန်းမဆောင်၊ အလယ်ပိုင်းက အိပ်ခန်း ဒါပေမဲ့ အခုက သင်္ချိုင်းဆိုတော့ ခေါင်းတလားတွေ ထားတဲ့နေရာပေါ့ ပြီးတောါ့ နောက်ဆုံးအပိုင်းက မြှပ်နှံရင်ထည့်ပေးတဲ့ သေလွန်သူရဲ့ ပစ္စည်းတွေ ထည့်ထားတဲ့ အတွင်းခန်းရှိမယ်၊ ဒီနေရာကို ကြည့်လိုက်ရင် ဂူသင်္ချိုင်းပိုင်ရှင်က သေသွားတာ တအားကြာသေးတဲ့ ပုံမပေါ်ဘူး ဖြစ်နိုင်တာ ချင်မင်းဆက်ကလား ဒါမှမဟုတ် သမ္မတနိုင်ငံခေတ်ကလည်း ဖြစ်နိုင်တာပဲ”
သူသည် ကျောက်တုံး တံခါးပေါ်မှ စန္ဒမုနိမြတ်စွာဘုရား၏ ပုံတော်ကို စေ့စေ့စပ်စပ် ကြည့်နေပြီး
“စန္ဒမုနိဗုဒ္ဓမြတ်စွာဘုရား.. ငါက ရှေးဟောင်း ဂူသင်္ချိုင်းတွေအကြောင်း အများကြီးမသိဘူးဆိုပေမဲ့ ဂူသင်္ချိုင်းပိုင်ရှင်က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ ဖြစ်လောက်တယ် ငါကတော့ ဂူသင်္ချိုင်းပိုင်ရှင်ကို သိချင်နေပြီ ဒီလူက နဂါးမျက်လုံးထဲမှာ ဂူသင်္ချိုင်းဆောက်နိုင်တယ်ဆိုထဲက မယုံနိုင်စရာကောင်းနေပြီ”
ထန်ပိသည် သေချာတွေးကြည့်လိုက်ပြီး
“ရွှမ်ရွှီလောကထဲက တစ်စုံတစ်ယာက်များ ဖြစ်နေမလားမသိဘူး”
ကျန်းလော့ ခေါင်းညိတ်လိုက်ပြီး
“ဖုန်းရွှေဆရာသခင်တစ်ပါး မဟုတ်ရင်တောင် အနည်းဆုံးတော့ ဒီနယ်ပယ်ကို နှံ့စပ်တဲ့သူ တစ်ယောက်ဖြစ်လောက်တယ်”
ခန့်မှန်းကြည့်နိုင်လောက်သော အချက်အလက်များ မရှိနေသောကြောင့် ထန်ပိသည် ကျောက်တုံးတံခါးကို အားပြင်းပြင်းဖြင့် တွန်းဖွင့်လိုက်သော်လည်း ခေါင်းတလားတစ်လုံး ထည့်ထားသော အခန်း မဟုတ်နေဘဲ လမ်းကြောင်းရှည် တစ်ခုသာ ရှိလေသည်။
ကျန်းလော့နှင့် ထန်ပိတို့သည် ရှေ့သို့ ဘေးချင်းကပ်ရပ် လျှောက်သွားကြသည်။ နဂါးမျက်လုံး ရှာမတွေ့ခင်တုန်းကထက်တော့ ပို၍ စိတ်ပေါ့ပါးသွားကြသည်။
ဂူသင်္ချိုင်းသည် နဂါးမျက်လုံးထဲတွင် ရှိသောကြောင့် နဂါးသွေးကြော၏ ဖိနှိပ်ခံရကာ မည်သို့သော မကောင်းဆိုးဝါး ဝိညာဉ်များမှ ပေါ်မလာနိုင်ပေ။
လမ်းသည် အလွန်ရှည်ပြီး ထန်ပိက အေးစက်စွာ မေးသည်။
“ငါ မှတ်ဉာဏ်တွေ ပြန်ရပြီဆိုတာ မင်းအစောကြီးထဲက သိနေတာလား”
ကျန်းလော့သည် ပြုံးလိုက်ပြီး တည်ကြည်စွာ ပြောသည်။
“အရမ်းအစောကြီး သိသွားတာတော့ မဟုတ်ပါဘူး မင်းငါ့ကို ရိုက်ကူးရေးအစီအစဉ်မှာတုန်းက ငါ့သူငယ်ချင်းလို့ မခေါ်ဘဲ မျိုးရိုးနာမည် ပထမဆုံး တပ်ခေါ်လိုက်ထဲက မင်းက အရင်က စီကွေးမဟုတ်တော့ဘူးဆိုတာ သိသွားခဲ့တာ”
ထန်ပိသည် ထိုမျှ စောစီးစွာ ပေါ်သွားခဲ့မည်ဟု မမျှော်လင့်ထားဘဲ သူသည် ဘာပြောရမှန်း မသိတော့စွာ အကြာကြီး ကြောင်အနေခဲ့သည်။ ထို့နောက် တီးတိုး ပြောလိုက်သည်။
“ငါတောင်းပန်ပါတယ်”
“မင်းငါ့ကို တောင်းပန်စရာမလိုပါဘူးကွာ ”
ကျန်းလော့၏ အပြုံးတို့ ပျောက်ကွယ်သွားပြီး
“ထန်ပိ ငါကလေ ဘယ်တုန်းကမှ မင်းကို အပြည့်အဝ မယုံခဲ့ဖူးဘူး မင်းရဲ့လိမ်ညာမှုက ငါ့ကို အများကြီး မနာကျင်စေဘူး ဒါပေမဲ့ တချို့လူတွေကတော့ မတူဘူး ပြီးတော့ မင်းကို တကယ်ကြီး အပြည့်အဝယုံခဲ့တဲ့သူကို မင်းသွားပြီး တောင်းပန်သင့်တယ် ငါ့ကို မတောင်းပန်နဲ့”
ထန်ပိသည် သူ့နှလုံးသားကို ကျောက်တုံးကြီး တစ်တုံး ဖိထားသလို ခံစားရပြီး ထိုကျောက်တုံးသည် လေးသည်ထက် လေးလာကာ သူ့ကို အသက်မရှူနိုင်သည်အထိ ဖိချထားသလို ခံစားရသည်။ သူသည် ခြောက်သွေ့စွာပြောသည်။
“သူ..”
ကျန်းလော့နှင့် ထန်ပိတို့သည် သူတို့ပြောနေသော “သူ” ၏ နာမည်ကို စိတ်ထဲတွင် ကောင်းကောင်း သိကြသည်။
ကျန်းလော့သည် ရုတ်တရက် စိတ်ဆိုးလာသလို ခံစားရသည်။ ဥပမာ သူနှင့်ချီယုံ နောက်ထပ် ဥပမာ ထန်ပိနှင့် လုယုံရိ တို့၏ ဆက်ဆံရေးသည် သူ့ကို တင်းကြပ်ပြီး အသက်ရှူရန် ခက်ခဲစေသော ခံစားမှုမျိုး ပေးကာ သူတို့အကြောင်းကို တွေးကြည့်လိုက်တိုင်း ဆေးလိပ်သောက်ချင်လာသည်။
“သူက မင်းကို တကယ့်သူငယ်ချင်း အရင်းကြီးလို့ မြင်ထားတာကွ”
ကျန်းလော့သည် သူ၏စိတ်ဆိုးမှုကို ဖိနှိပ်ထားပြီး
“ဒါက သူရဲ့ သူငယ်ချင်းတစ်ယောက်ကနေ နောက်ကျောဓားနဲ့ထိုးသွားတာ ခံရတဲ့ ပထမဆုံးအကြိမ်ကွ မင်းက သူ့ကို အဖိုးမဖြတ်နိုင်တဲ့ ဘဝအတွေ့အကြုံတစ်ခု ပေးလိုက်တာပဲ”
ထန်ပိ၏ ရုပ်ဆိုးသွားသော မျက်နှာကို ကြည့်၍ နောက်ဆုံးတွင် ကျန်းလော့က ပြောလိုက်သည်။
“မင်းထွက်သွားပြီးနောက်မှာ သူ တော်တော်ကြာအောင် ဝမ်းနည်းနေခဲ့တာ”
သူသည် စကားအနည်းငယ်သာ ပြောရသေးသည်။ ထန်ပိ၏ နှုတ်ခမ်းတစ်စုံသည် တင်းကျပ်နေအောင် ဖိပိတ်ထားပြီဖြစ်ပြီး မျဉ်းဖြောင့်အကြောင်း လိုက်လေးသာ မြင်ရသည်။ စီဝမ်ကွေး၏ မျက်ခုံးတို့သည် ကုတ်ကျနေပြီး သတိမထားမိစွာ လက်သီးတင်းတင်း ဆုပ်ထားမိကာ သူ့မျက်နှာတွင် စကားလုံးများနှင့် မဖော်ပြနိုင်သော နာကျင်မှုတို့ ထင်ဟပ်နေသည်။
ကျန်းလော့သည် သူ့ကို စက္ကန့်အနည်းငယ်ကြာအောင် ကြည့်နေပြီး သူ့ကိုယ်သူ တီးတိုး ပြောလိုက်သည်။
“စီဝမ်ကွေးတွေလည်း နာကျင်မှုကို ခံစားနိုင်ကြတာလား”
ထန်ပိသည် ပါးစပ်ဟလိုက်ပြီး
“.... ခံစားလို့ရနေတယ်”
ကျန်းလော့သည် ရုတ်တရက် မေးခွန်းတစ်ခု မေးချင်သော ပြင်းပြသော ဆန္ဒတစ်ခု ပေါ်လာလေသည်။,
‘မကောင်းဆိုးဝါးတွေရော ဝမ်းနည်း စိတ်မကောင်းဖြစ်တတ်ကြလား’
သို့သော် သူ၏ အသိတရားသည် စိတ်ဆန္ဒကို လွှမ်းမိုးသွားပြီး ကျန်းလော့သည် နှုတ်ခမ်းတင်းတင်းစေ့၍ ထန်ပိနှင့်အတူ တိတ်ဆိတ်စွာ လမ်းပဲ လျှောက်နေလိုက်သည်။
သူတို့နောက်တွင် ခုန်ပေါက်နေသော လိရှားသည် တစ်စုံတစ်ခုကို ကြားလိုက်သလို ရုတ်တရက် ရပ်သွားသည်။ လိရှားသည် ဘေးဘက်လှည့်၍ နားထာင်ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမ၏ တက်ကြွနေသော မျက်လုံးများသည် ဖြည်းဖြည်းချင်း အသိစိတ်ကင်းမဲ့လာသည်။
စက္ကန့်နည်းနည်း ထပ်ကြာပြီးနောက် လိရှားသည် မတ်မတ်ရပ်လိုက်ပြီး ကျန်းလော့နှင့် ထန်ပိတို့နောက်သို့ လိုက်သွားသည်။ ကလေးမလေးသည် နည်းနည်းလေးမှ ပြောင်းလဲသွားသည့်ပုံ မပေါ်ပေ။ သို့သော် သူမမျက်လုံးများကတော့ ထိုင်းမှိုင်းနေလေသည်။
...
လမ်းကျဉ်းလေးကို ဖြတ်လျှောက်လာပြီးနောက် သူတို့သည် ခေါင်းတလားရှိသော အိပ်ခန်းဆောင်သို့ ရောက်လာလေသည်။
ခေါင်းတလားသည် အခန်းကျယ်ကြီး၏ အလယ်တည့်တည့်တွင် နေရာချထားသည်။ ကျောက်ခေါင်းတလားကြီးသည် ပုံမှန်ခေါင်းတလားများထက် နှစ်ဆကြီးပုံပေါ်ကာ အလွန်ရှည်သည်။
ကျန်းလော့ အနီးကပ် သွားကြည့်လိုက်သောအခါ ကျောက်တလားတွင် ကြယ်နှစ်ဆယ့်ရှစ်လုံး ထွင်းထုထားသည်ကို မြင်လိုက်ရသည်။
ထန်ပိသည် သူ၏ အခြားသော စိတ်ခံစားချက်များကို ချုပ်တီးကာ ကျန်းလော့ကို ကြည့်လိုက်ပြီး ပြောသည်။
“နဂါးမျက်လုံးထဲမှာ ငါတို့ဘာလာရှာတာလဲ”
ကျန်းလော့သည် ကျောက်ခေါင်းတလားတွင် ထွင်းထုထားသော ကြယ်နှစ်ဆယ့်ရှစ်လုံးအောက်တွင် မင်္ဂလာတိမ်ပေါ်တွင် စံမြန်းနေသော စန္ဒမုနိမြတ်စွာဘုရားကို တွေ့လိုက်ရပြန်သည်။
“နဂါးမျက်လုံးထဲက မရှိမဖြစ် ရှိကိုရှိရမဲ့ဟာက နဂါးမျက်ရည်စက်တွေ ဒါမှမဟုတ် နဂါးရေကန်လို့ တာအိုဆရာတော် ဝေ့ဟယ်က ပြောတယ် နဂါးရေကန်က ခန္ဓာကိုယ်ကို ဖိနှိပ်ငြိမ်းအေးစေမယ်တဲ့ ဒါပေမဲ့ စွမ်းအားတွေက အရမ်းသန့်စင်လွန်းတော့ များများသုံးရင် ဘေးဖြစ်နိုင်တယ်တဲ့ ဒီတော့ ငါတို့ နဂါးရေကန်ကို ရှာတွေ့ရင် ရေတစ်ပုလင်းပဲ ယူရမယ် ဒီလောက်ဆို လုံလောက်ပြီ”
ထန်ပိသည် သူ့ကျောပိုးအိတ် ဘေးအိတ်ကပ်ထဲမှ ဖန်ပုလင်းကို ကြည့်၍ ခေါင်းညိတ်ပြသည်။ သူသည် နေရာတိုင်းကို လိုက်ကြည့်ပြီး အသံများကို သေချာနားထောင်၍ နှာမှုတ်လိုက်ပြန်သည်။
သူ၏အာရုံငါးပါးသည် သွက်လက်ထက်သန်နေသော်လည်း ဂူသင်္ချိုင်းသည် ကျောက်တုံးထူထူဖြင့် ဆောက်ထားသောကြောင့် အသံတို့ကို တမင်တကာ ပိတ်ထားသလို ဖြစ်နေသည်။ ထန်ပိသည် ရေသံကို မကြားရသလို စိုစွတ်မှု၏ အငွေ့အသက်ကိုလည်း မရပေ။
သူသည် ကျန်းလော့ကို ခေါင်းယမ်းပြလိုက်သည်။ ကျန်းလော့သည် အခန်းထဲကို လှည့်ပတ်ကြည့်ရင်း စုတ်သပ်လိုက်ကာ ဂူသင်္ချိုင်းပိုင်ရှင်၏ ကျောက်ခေါင်းတလားကို ကြည့်လိုက်သည်။
ဂူသင်္ချိုင်းသည် အလွန်လျှို့ဝှက်ဆန်းကြယ်နေသောကြောင့် သူသည် ကျောက်ခေါင်းတလားကို အလွန်ဖွင့်ကြည့်ချင်နေသော်လည်း ကျန်းလော့သည် ခေါင်းတလားအဖုံးကို သူ၏ စပ်စုချင်စိတ် တစ်ခုထဲနှင့် မဖွင့်လိုက်ချင်ပေ။
သူသည် အခန်းထဲတွင် လျှို့ဝှက်အံဝှက်တို့ ရှိနိုင်သောကြောင့် စစ်ဆေးကြည့်မည့်အချိန်တွင် လိရှားသည် ကျောက်ခေါင်းတလားနားသို့ တည့်တည့် လျှောက်လာပြီး ခေါင်းတလားကို ထိုလိုက်သည်။ နောက်တစ်ခနတွင် လိရှားသည် တစ်ချက်ထဲနှင့် ကျောက်ခေါင်းတလား အဖုံးကြီး ကို ဖွင့်ပစ်လိုက်လေသည်။
ကျောက်ခေါင်းတလားကြီး၏ လေးလံသော အဖုံးသည် ဘန်းခနဲ မြေပြင်ပေါ်သို့ လွင့်ကျသွားပြီး ဖုန်များထောင်းထောင်း ထကုန်သည်။
ကျောက်ခေါင်းတလားထဲတွင် နောက်ထပ် ခေါင်းတလား တစ်လုံး ရှိသေးပြီး လိရှားသည် မျက်တောင်တစ်ချက် မခတ်ပဲ သူမလက်ကို ဒုတိယ ခေါင်းတလားပေါ် တင်လိုက်ကာ စောနကအတိုင်း ဖွင့်တော့မည့်အချိန်တွင် ထန်ပိသည် သူမလက်ကို လျင်မြန်စွာ ဆွဲယူလိုက်ပြီး သူမကို လွှင့်ပစ်လိုက်သည်။ ထို့နောက် အေးစက်စွာ ပြောလိုက်သည်။
“လိရှား မင်းဘာလုပ်ချင်နေတာလဲ”
လိရှားသည် ပြုံးလိုက်ပြီး သူမ၏ အမြင်အာရုံတို့ ရှိတော့ပုံမရသော မျက်လုံးများဖြင့် ထန်ပိကို ကြည့်ကာ ရုတ်တရက် လန့်ကို ဆန့်ထုတ်လိုက်သည်။
ကလေးမလေး၏ နူးညံ့သော လက်ချောင်းလေးများသည် ပွင့်ဟလာပြီး ငါးအဆီများကဲ့သို့ အမြှေးပါးများ ထွက်ပေါ်လာသည်။
အမြှေးပါးသည် သူမလက်ကို ရစ်ပတ်သွားပြီး လိရှား၏ လက်ချောင်းများသည် ရှည်လျားလာကာ အရိုးအပြိုင်းပြိုင်းဖြစ်လာပြီး သူမလက်သည်းများသည် ချွန်ထက်လာသည်။ အနည်းငယ် ကောက်နေသော လက်သည်းချွန်ချွန်များသည် မျက်တောင်တစ်ချက် ခတ်စာအတွင်းမှာပင် ပေါ်လာခြင်းဖြစ်သည်။
အခန်းတစ်ခုလုံးကို ပြင်းပြသော ငါးညှီနံ့ပြင်းပြင်းက လွှမ်းခြုံသွားတော့သည်။
ထန်ပိသည် သူ့လက်ထဲမှ ဓားအကြီးကြီးကို ဆွဲထုတ်လိုက်ကာ ခက်ထန်စွာ ပြောသည်။
“ကျန်းလော့ ဘေးတစ်နေရာရာမှာ သွားပုန်းနေ”
သူစကားပြောလိုက်သည်နှင့် လိရှားသည် သူ့ရှေ့သို့ အမူအယာကင်းမဲ့စွာဖြင့် အမြန်ရောက်လာသည်။
လိရှား၏ လက်သည်းများနှင့် ထန်ပိ၏ ဓားသည် ပြင်းထန်စွာ ခိုက်မိသွားပြီး လေထုထဲတွင် မီးပွင့်များ လက်လာသည်။ လိရှားသည် ထန်ပိကဲ့သို့ သန်မာကျွမ်းကျင်သော တိုက်ခိုက်သူ တစ်ယောက် မဟုတ်ပေ။ သူမသည် မကြာခင်တွင် လက်ပန်းကျလာသည်။
သို့သော် လိရှားသည် နာကျင်မှုကို ခံစားရပုံမပေါ်စွာ မည်မျှ ပြင်းထန်သော ဒဏ်ရာရနေပါစေ ရှေ့ဆက်တိုးနေဆဲ ဖြစ်သည်။
ထန်ပိသည် သူမ၏ ချွန်ထက်သော လက်သည်းတို့ကို ရှောင်ရှားရင်း လိရှား၏ ခြေထောက်ကို ဓားသွားဖြင့် ရိုက်ဖြတ်လိုက်သောကြောင့် သူမခြေထောက်များ အားပျော့သွားတော့သည်။ သို့သော် သူမသည် ခေါင်းမော့လာပြီး သူမပါးစပ်ထဲမှ ငါးသားပေါက်များ ထွေးထုတ်လိုက်သည်။
ငါးသားပေါက်များသည် ထန်ပိကိုယ်ပေါ်သို့ ရောက်သွားပြီး ထန်ပိ၏ အင်္ကျီတို့ကို ဆုတ်ဖြဲကာ သူ့အသားထဲသို့ တိုးဝင်၍ သွေးသားများကို ကိုက်ဖြတ်ဖို့ ကြိုးစားသည်။
ထန်ပိ၏ လှုပ်ရှားမှုများသည် နှေးကွေးသွားပြီး သူ့ခန္ဓာကိုယ်ထဲမှ ငါးသားပေါက်များကို တစ်ကောင်ပြီးတစ်ကောင် ညှစ်ထုတ်ပစ်နေသည်။
ခေါင်းတလားအဖုံးသည် ကျန်းလော့၏ နဘေးတွင် ကျသွားပြီး ခေါင်းတလားအဖုံး၏ အတွင်းဘက် မျက်နှာပြင်သည် လုံးဝန်းနေပြီး လိပ်တစ်ကောင်၏ အခွံကို လှန်ထားသလို ခုံးနေသည်။ ခေါင်းတလားအတွင်းပိုင်းကို ကျန်းလော့ သေချာမြင်လိုက်ရသည်။
အတွင်းပိုင်းတွင် လက်သည်းဖြင့် ကုတ်ခြစ်ရာမှ ဖြစ်လာသော အရာများ အများကြီး ရှိနေသည်။ ကျန်းလော့သည် အေးခဲသွားပြီး ဒူးထောက်ချလိုက်ကာ သူ့ဓာတ်မီးဖြင့် ကုတ်ခြစ်ရာများကို သေချာမီးထိုးကြည့်လိုက်ပြီး မညီမညာဖြစ်နေသော အမှတ်အသားကို သေချာကြည့်နေသည်။
‘ဒီအမှတ်တွေက ခေါင်းတလားထဲကနေ ကုတ်ခြစ်ထားတာ.. ဆိုလိုတာက ခေါင်းတလားထဲက လူကို အရှင်လတ်လတ် ပိတ်ထားတာပေါ့’
ကျန်းလော့၏ မျက်နှာသည် လေးနက်သွားသော်လည်း မကြာခင်တွင် တစ်ခုခု မှားနေကြောင်း သတိထားမိသွားသည်။
အမှတ်များသည် အသစ်အဟောင်းကွဲပြားပြီး တစ်ခုသည် အခြားတစ်ခု၏ အပေါ်တွင် ထပ်နေသည်။ ၎င်းသည် ကျန်းလော့ကို ထိတ်လန့်သွားစေပြီး လက်သည်း ခြစ်ရာတချို့သည် ယနေ့မှ ခြစ်ထားသလို လတ်ဆတ်နေသောကြောင့် ဖြစ်သည်။
ကျန်းလော့သည် ခေါင်းတလားအဖုံး အတွင်းဘက်ကို ကုတ်ခြစ်ကြည့်လိုက်ပြီး အံ့ဩစရာကောင်းစွာပင် သူတွေ့ခဲ့သော နောက်ဆုံး လက်သည်းရာကဲ့သို့ တူညီနေသည်။
‘ကြောက်စရာကောင်းသွားပြီ’
‘ဂူသင်္ချိုင်းပိုင်ရှင်က မသေနိုင်ပဲ ခေါင်းတလားထဲမှာ နှစ်ပေါင်းရာချီအောင် ပိတ်ခံထားရတာလား ဒါမှမဟုတ် ဂူသင်္ချိုင်းပိုင်ရှင်က သေလိုက်ရှင်လိုက် ထပ်တလဲလဲ ဖြစ်နေတာလား၊ သူ့ကို ဒီလိုမျိုးဖြစ်နေလို့ ခေါင်းတလားအထပ်ထပ်နဲ့ ဖိနှိပ်ထားရတာလား ခေါင်းတလားထဲက လက်သည်းရာတွေက နှစ်တော်တော်ကြာနေတဲ့ အရာတွေတောင် ရှိနေသေးတယ်’
ဖြစ်နိုင်ချေ အားလုံးသည် ကြောက်စရာကောင်းနေသည်။ ကျန်းလော့သည် ခေါင်းတလားကိုတစ်လှည့် ခေါင်းတလားဘေးတွင် ရပ်နေသော လိရှားကိုတလှည့် ကြည့်နေသည်။ လိရှားသည် တားဂတ်ပြောင်းသွားပြီး ခေါင်းတလားအဖုံးကို လာဖွင့်ကာ ထန်ပိနှင့် ဆက်၍ တိုက်ခိုက်နေသည်။
လိရှားသည်လည်း ပုံမှန်အခြေအနေမဟုတ်နေပေ။ သူမသည် ထိန်းချုပ်ခံနေရမှန်း အလွန်သိသာသည်။
သူမသာ ထိန်းချုပ်ခံနေရသည် ဆိုလျှင် သူမကို ထိန်းချုပ်နေသူမှာ သင်္ချိုင်းပိုင်ရှင်ကလွဲ၍ မည်သူမျှ မဖြစ်နိုင်ပေ။
ကျန်းလော့သည် စိတ်ဒုက္ခရောက်သွားသလို ဖြစ်နေပြီး သူ၏ သတိတို့ မြင့်တက်လာပြန်ကာ ခေါင်းတလားနားသို့ ဖြည်းဖြည်းချင်း ကပ်သွားလိုက်သည်။
ခေါင်းတလားထဲတွင် ဝတ်ရုံရှည်ဝတ်ပြီး ခါးတိုလက်ပြတ်ကုတ်အင်္ကျီ ထပ်ဝတ်ထားသော လူတစ်ယောက်ရှိလေသည်။
ထိုလူ၏ မျက်နှာသည် ဖြူဖျော့နေပြီး နှုတ်ခမ်းတို့သည် ပြာနှမ်းပြီး ခရမ်းရောင်သမ်းနေသည်။ သူ့ရင်ဘက်သည် တက်လိုက်ကျလိုက် ဖြစ်မနေပေ။ သူသည် သေချာပေါက် လူသေဖြစ်သည်။
သူ့အဝတ်အစားများကို ကြည့်လျှင် သမ္မတနိုင်ငံခေတ်က ဖြစ်နိုင်ပြီး ယခုအချိန်ထိ အလောင်းသည် အံ့ဩဖွယ်ကောင်းစွာ ပုတ်သိုးမသွားသေးပေ။ အသက်မရှူသည်ကလွဲလျှင် လူတစ်ယောက် အိပ်မောကျနေသလိုပင်။
ဤလူသည် လျန်ရွှီနှင့် လျန်ပင်းတို့ကဲ့သို့ နတ်ဘုရားများ ထိန်းချုပ်ခံရသော ပုံစံနှင့် တူညီသော ပုံစံမျိုး ရှိကာ မျက်နှာတွင် မီးတောက်ပုံများ ရှိနေသည်။
ကျန်းလော့သည် ပါးစပ်နှင့် နှာခေါင်းကို လက်ဖြင့် အုပ်လိုက်ပြီး ထိုလူကို စမ်းသပ်ရန် ထိုလူ၏ နှာခေါင်းအောက်သို့ လက်ထားကြည့်လိုက်သည်။
‘အသက်မရှူနေတာကို ဒီလက်သည်းရာတွေက ဘယ်ကရောက်လာတာတုန်း’
ကျန်းလော့သည် မျက်မှောင်ကြုတ်လိုက်ပြီး တိုက်ခိုက်နေကြသော ထန်ပိနှင့် လိရှားတို့ကို ကြည့်လိုက်သည်။
လိရှား၏ အခြားသော လက်သည် အမြှေးပါးကျိချွဲချွဲဖြင့် ဖုံးအုပ်နေပြီး သူမလက်နှစ်ဖက်လုံးသည် စေးကပ်နေသည်။ လိရှားသည် ပင့်ကူတစ်ကောင်လို နံရံပေါ်တွင် တွယ်တက်ပြီး ထန်ပိကို ကိုက်ရန် နေရာပေါင်းစုံမှ ချောင်းမြောင်း တိုက်ခိုက်နေသည်။ ထန်ပိ၏ ပုခုံးကို ကိုက်လိုက်ပြီး မြန်မြန်ထွက်ပြေးကာ ထိုသို့ အကြိမ်အနည်းငယ်လုပ်ပြီးနောက် ထန်ပိသည် အနည်းငယ် မတည်ငြိမ်တော့အောင် ဒေါသထွက်လာသည်။
ထန်ပိ၏ စွမ်းအားတို့သည် ယခုအချိန်တွင် နဂါးသွေးကြော၏ ဖိနှိပ်ခံထားရသည်။ ထို့အပြင် ပို၍ သိသာသော အချက်မှာ သူ့ဒဏ်ရာများသည် ပြန်ကောင်းလာနှုန်း အလွန်နှေးသွားကြောင်း ဖြစ်သည်။
ကျန်းလော့သည် သွား၍ ကူညီပေးချင်သော်လည်း သူ့ခန္ဓာကိုယ် ထပ်မံ၍ ပြိုကွဲလာမည် စိုးသောကြောင့် သူ့စွမ်းအားကို အသုံးပြု၍ မရပေ။
သူသည် မည်သို့ ထွက်ပြေးရမည်ကိုသာ တွေးနေသောအချိန်တွင် ခေါင်းတလားထဲမှ အလောင်းသည် ရုတ်တရက် အသက်ရှူလာလေသည်။
ကျန်းလော့သည် ထူးခြားမှုကို အချိန်မီ သတိထားမိသွားပြီး ချက်ချင်း သူ့ဓားမြှောင်ကို ဆွဲထုတ်လိုက်ကာ အလောင်း၏ လည်ပင်းနားသို့ တေ့လိုက်ပြီး အလောင်းကို သေချာစူးစိုက်ကြည့်နေသည်။
အလောင်း၏ အသက်ရှူသံသည် အသက်ပြန်ရှင်လာသည့်အလား အားနည်းနေရာမှ တဖြည်းဖြည်း အားကောင်းလာသည်။ နှစ်မိနစ်ကြာပြီးနောက် အလောင်းသည် မီးတောက်နေသကဲ့သို့ နီရဲနေသော မျက်လုံးများကို ဖွင့်လာသည်။
ကျန်းလော့၏ အကြည့်ကြောင့် အလောင်းသည် အေးခဲသွားပြီး တက်ကြွစွာ မေးလိုက်သည်။
“မင်းဘယ်သူလဲ ကံကြမ္မာယုံသူ လွှတ်လိုက်တဲ့ သူလား”
‘ကံကြမ္မာယုံသူလား’
ကျန်းလော့၏ မျက်လုံးများသည် မည်းမှောင်သွားသည်။
သူသည် နှုတ်ခမ်းစေ့လိုက်ပြီး
“ဟုတ်တယ် ကျွန်တော်က ကံကြမ္မာယုံသူ လွှတ်လိုက်တဲ့လူပဲ ခင်ဗျား ကျွန်တော့်ကို ဘာပြောစရာရှိလဲ”
အလောင်းသည် ပျော်ရွှင်လွန်းသောကြောင့် မျက်ရည်များကျမတတ်ဖြစ်သွားပြီး လက်ဆန့်ထုတ်၍ လေထုကို ထိတွေ့လိုက်ကာ
‘ခေါင်းတလား အဖုံးပွင့်သွားပြီ နောက်ဆုံးတော့ ငါ နေ့အလင်းရောင် တွေ့ရပြီပေါ့’
အလောင်းသည် ပျော်ရွှင်မှုကြောင့် ရူးသွပ်နေပြီး ကျန်းလော့ သူ့လည်ပင်းကို ထောက်ထားသည့် ဓားကို လုံးဝ သတိမထားမိသေးပေ။ သူသည် ဝမ်းသာလုံးဆို့ကာ စကားများပြောနေသည်။
“ခေါင်းတလား ပွင့်သွားပြီ နောက်ဆုံးတော့ ... ငါလွတ်လပ်ပြီ ငါ ထပ် ထပ်ပြီး သေစရာမလိုတော့ဘူး ငါဒီမှာ နဂါးသွေးကြောရဲ့ စွမ်းအင်တွေကိုစုပ်ယူစရာ မလိုတော့ဘူး.. ကံကြမ္မာယုံသူကတော့ ကံကြမ္မာယုံသူပါပဲ၊ ကံကြမ္မာယုံသူက နတ်ဘုရားတစ်ပါး ဖြစ်လာပြီလား”
ထိုစကားများထဲမှ သတင်းစကားသည် အလွန်ထိတ်လန့်စရာကောင်းပြီး ကျန်းလော့သည် အေးစက်စွာ ပြုံးလိုက်သည်။
“ဖြစ်သွားပါပြီ ကံကြမ္မာယုံသူ...”
အလောင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားသည်။
ကျန်းလော့သည် ရုတ်ချည်း ရပ်သွားပြီး ထိုခန္ဓာကိုယ်ကို စိုးရိမ်စွာ စောင့်ကြည့်လိုက်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် အလောင်းသည် နောက်တစ်ကြိမ် မျက်လုံးပွင့်လာသည်။
မျက်နှာကတော့ တူတူသာ ဖြစ်ကြောင်း သေချာသော်လည်း အလောင်း၏ ယခုတစ်ကြိမ်မျက်လုံးများသည် ကျန်းလော့နှင့် အလွန်ရင်းနှီးနေသည်။
ကြင်နာသနားတတ်သော၊ ခွင့်လွတ်တတ်သော အကြည့်များသည် ကံကြမ္မာယုံသူ အပိုင်ယူထားသော မျက်နှာဖုံးဖြစ်သည်။
ထိုအကြည့်သည် လူသားတစ်ဦး၏ အကြည့်မဟုတ်ဘဲ နတ်ဘုရားတစ်ပါး၏ အကြည့်ဖြစ်သည်။
သို့သော် ကျန်းလော့ကို မြင်သောအခါ ချစ်ခင်ကြင်နာ သနားညှာတာတတ်သော နတ်ဘုရား၏ အကြည့်တို့သည် အနည်းငယ် လှုပ်ခတ်သွားသည်။
ထို့နောက် ကံကြမ္မာယုံသူသည် ပြုံး၍
“မတွေ့တာကြာပြီနော် ကျန်းလော့”
ကျန်းလော့သည် သူ့လည်ပင်းကို သက်ညှာခြင်းမရှိစွာ ဓားနှင့် စိုက်လိုက်သည်။
ဤကိုယ်ထဲသို့ ဝင်ပူးထားသော အတုအယောင်နတ်ဘုရားသည် ကျန်းလော့မှ သူ့လည်ပင်းကို ဓားမြှောင်နှင့် စိုက်လိုက်သည်ကိုတောင် အပြုံးမပျက်သွားဘဲ သူ့အပြုံးတွင် ကူကယ်ရာမဲ့မှုများသာ ပါနေသည်။
သူသည် ရုတ်တရက် လက်ဆန့်လိုက်ပြီး ကျန်းလော့လက်ကို ဆုတ်ကိုင်၍ ခေါင်းတလားထဲသို့ ဆွဲချသွားသည်။
ပုံရိပ်နှစ်ခုသည် ခေါင်းတလား အောက်ခြေမှ ယန္တရားထဲတွင် ပျောက်ကွယ်သွားလေသည်။
######