🍃 Chapter 1
ပြန်လည်မွေးဖွားခြင်း (Part 1)
ရှန့်ဟိုင်းမြို့၊ အကြိမ် ၆၀ မြောက် ရှန့်ဟိုင်းနိုင်ငံတကာရုပ်ရှင်ဆုပေးပွဲ အခမ်းအနား...
ကြယ်ပွင့်များနှင့် ပြည့်နှက်နေသည့် ညတစ်ညဖြစ်ပြီး ပတ်ပတ်လည်ရှိ ရောင်စုံအလင်းတန်းများက ယခင်ထက်ပင် ပိုမိုတောက်ပနေသည်ကို သံသယဖြစ်စရာပင် မလိုချေ။ ကင်မရာအလင်းတန်းများက ကျင်းပရာနေရာကို နေ့ခင်းကဲ့သို့ လင်းထိန်သွားစေပြီး ပွဲတက်ဂါဝန်များပေါ်ရှိ စိန်များက ပြိုးပြိုးပြက်ပြက်ဖြင့် တလက်လက် တောက်ပနေသည်မှာ ကြည့်နေသည့်မျက်လုံးများကိုပင် မူးဝေသွားစေသည်။ ဖျော်ဖြေရေးနယ်ပယ်ထဲမှ နာမည်ကျော်များက စွဲမက်ဖွယ်အပြည့် တက်ရောက်လာခဲ့ပြီး ကျက်သရေရှိသည့် ကိုယ်ဟန်အနေအထားများဖြင့် ကော်ဇောနီကို လျှောက်လှမ်းလျက် ကင်မရာများရှေ့ ချို့ယွင်းချက်မရှိသည့် အပြုံးများကို ဖော်ပြလိုက်ကြသည်။
သို့သော်ငြား လူတစ်ယောက်၏ရောက်ရှိလာမှုက လူအုပ်ကြီး၏အော်ဟစ်သံများကို တမဟုတ်ခြင်းပင် အထွတ်အထိပ်သို့ ရောက်သွားစေခဲ့သည်။
"ကျိရန်ဟေ့ ကျိရန်ရောက်လာပြီ..."
နာရီအတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ကြသည့် ပရိသတ်များက သူတို့၏နီယွန်ဆိုင်းဘုတ်များကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ ဓာတ်ပုံဆရာများက သူတို့၏ကင်မရာမှန်ဘီလူးများကိုချက်ချင်းပင် ကျိရန်ရှိရာထံ ဦးတည်ချက်ပြောင်းလိုက်ကြသည်။
ကော်ဇောနီပေါ် ခြေလှမ်းချလိုက်သည့် အမျိုးသားက အခြားသူမဟုတ်ဘဲ ဖျော်ဖြေရေးလောကထဲတွင်ရေပန်းအစားဆုံးကြယ်ပွင့် 'ကျိရန်'ပင်။
သူက လမင်းဖြူရောင် ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး အနက်ရောင် ဦးထုတ်တစ်လုံးကို ဆောင်းထားလေ၏။ သမ္မတခေတ်က ရိုးရာစတိုင်လ်အဝတ်အစားများက သူ၏ အရပ်ရှည်ရှည်နှင့် သွယ်လျသည့် ခန္ဓာကိုယ်ကို ပိုမိုပေါ်လွင်သွားစေခဲ့သည်။ သူ ကော်ဇောနီပေါ် မတ်တတ်ရပ်လိုက်ချိန်တွင် 1930 ခုနှစ်က ယဥ်ကျေးသိမ်မွေ့သည့် ပညာတတ်သခင်လေးတစ်ယောက်၏ရောင်ဝါများ ဖြာထွက်လာခဲ့သည်။
သူ့နံဘေးတွင်မူ လတ်လတ်ဆတ်ဆတ် ပွဲဦးထွက်ထားသည့် ရှဲ့ရှစ်ချီး အမည်ရသရုပ်ဆောင်မင်းသမီးက စိမ်းပြာရောင်ဖျော့ဖျော့ ချုံဆမ်းကိုဝတ်ဆင်ထားပြီး ထိုဝတ်စုံက သူမ၏နူးညံ့သိမ်မွေ့သည့် ရောင်ဝါကို အသားပေးနေခဲ့သည်။ သူမ၏ပိတုန်းရောင်ဆံပင်များကို လက်ရာမြောက်သည့် ဆံထိုးတစ်ခုဖြင့် ခေါင်းနောက်တွင် ဆံထုံးပုံစံထိိုးထားပုံမှာ ကျက်သရေရှိပြီး တစ်နည်းတဖုံဖြင့် ရမ္မက်သွေးကြွစဖွယ် ဆွဲဆောင်မှုလည်း ရှိနေပေ၏။
အမျိုးသားနှင့်အမျိုးသမီး အတူတကွ ရပ်နေချိန်တွင် ပြီးပြည့်စုံသည့် အတွဲအဖက်လိုပင်။ သူတို့၏သမ္မတခေတ်စတိုင်လ် အဝတ်အစားများက မကြာသေးမီက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်အဖြစ် သူတို့သရုပ်ဆောင်ခဲ့သည့် ဝက်ဝက်ကွဲ လူကြိုက်များခဲ့သော ရုပ်ရှင်မှ တိုက်ရိုက်စိတ်ကူးယူထားခြင်းပင်။
ကော်ဇောနီပေါ် လျှောက်လှမ်းလာချိန်တွင် ရှဲ့ရှစ်ချီးက ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကျိရန်၏လက်မောင်းကို သူမလက်မောင်းဖြင့် ချိတ်တွယ်ထားလေသည်။ သူမ၏တင်းကျပ်လွန်းသည့် ဆုပ်ကိုင်ထားမှုက ဖိအားများနေသည့် စိတ်အခြေအနေကို ပေါ်လွင်နေပေ၏။
ကျိရန်က ညင်သာစွာပြုံးကာ အားပေးသည့်အနေဖြင့် သူမ၏လက်ဖမိုးကို ပုတ်ပေးလိုက်ပြီး ကိုယ်ကိုအသာယိမ်းကာ တီးတိုးပြောလိုက်သည်။
"မကြောက်နဲ့နော်... ငါ့လက်ကိုကိုင်ပြီး ဖြည်းဖြည်းချင်းလျှောက်...ညာဘက်ခြမ်းကို ပိုကြည့်ပေး...အဲ့ဘက်မှာ အဓိကမီဒီယာဌာနက သတင်းသမားတွေ ရှိတယ်...မင်းရဲ့မျက်နှာအမူအရာကို တည်ငြိမ်အောင်ထားပြီး သူတို့ကို မင်းရဲ့ကြည့်ကောင်းတဲ့ပုံကို ရိုက်ခွင့်ပေးလိုက်..."
"အင်းး..."
ရှဲ့ရှစ်ချီးက ခေါင်းညိတ်လိုက်ပြီး သူ၏ကြင်နာမှုကြောင့် ရင်ထဲထိသွားခဲ့သည်။ ကျိရန်က သရုပ်ဆောင်ရာတွင်သာ အလေးအနက်ထားခြင်း မဟုတ်ဘဲ အမျိုးသမီးများကိုလည်း အလေးပေးအာရုံစိုက်ပေးသည်ပင်။ ထို့ပြင် ဤဖရိုဖရဲဖြစ်နေသည့် ဖျော်ဖြေရေးလောကထဲတွင် သူက တစ်ကြိမ်သော်မျှ အချစ်ရေးရာကိစ္စများ ကောလာဟလ မထွက်ခဲ့ဖူးပေ။ ထိုသို့တစ်ဦးတည်း ဖြစ်နေသည်က ရှားပေ၏။
စုံတွဲက ဝင်ပေါက်ကို ရောက်သွားချိန်တွင် ထိုနေရာတွင် စောင့်ဆိုင်းနေသည့် တင်ဆက်သူက လျင်မြန်စွာပင် မိုက်ခရိုဖုန်းကို ကမ်းပေးလိုက်သည်။
"ကြိုဆိုပါတယ် မစ္စတာကျိရန်နဲ့ မစ္စရှဲ့ရှစ်ချီး..."
ကျိရန်က အခက်မခဲမရှိ သက်သက်သာသာပင် မိုက်ကို လက်ခံလိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။
"ဟယ်လိုအားလုံးပဲ...ကျွန်တော်က ကျိရန်ပါ..."
သူ၏နေရောင်ခြည်သဖွယ် ချောမောခံ့ညားသည့်အပြုံးက စခရင်တစ်ခုလုံး ပြည့်နှက်သွားသည်။ ပရိသတ်များက ပိုမိုကျယ်လောင်စွာပင် အော်ဟစ်လိုက်ကြပြီး အသံအနိမ့်အမြင့်က နောက်တစ်ဆင့်တက်ကာ ဂီတသံ၏ရှစ်သံမြောက်ထိတိုင်အောင်ပင် ရောက်ရှိသွားခဲ့သည်။
တင်ဆက်သူပင် ယင်းအသံကြောင့် မူးဝေသွားပြီး သတိပြန်လည်လာချိန်တွင် ဆက်မေးလိုက်သည်။
"မစ္စတာကျိ...မင်းက ရုပ်ရှင်ရိုက်နေချိန်မှာ စတန့်သမားကို တစ်ကြိမ်တောင်မသုံးဘူးလို့ ကြားတယ်...အဲ့ဒါအမှန်ပဲလား..."
အန္တရာယ်များသည့် တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းများကို ရိုက်ကူးရာတွင် သရုပ်ဆောင်အများစုက စတန့်သမားများအပေါ် မှီခိုရသည်ကို လူတိုင်းသိပေသည်။ သို့သော် ကျိရန်က ထိုသို့မလုပ်ပေ။ မည်မျှ အန္တရာယ်များသည့် ဇာတ်ဝင်ခန်းဖြစ်ပါစေ သူက ကိုယ်တိုင်သာ ရိုက်ကူးလေသည်။ ကောလာဟလများက အမျိုးမျိုးထွက်ပေါ်လာခဲ့သည်။ အချို့က ကျိရန်က ကိုယ်ခံပညာတတ်ကျွမ်းသည့် မိသားစုမှ ဆင်းသက်လာသည်ဟုပြောကာ အချို့မှာ သူက တိုက်ခိုက်ရေးအားကစားများကို ကလေးဘဝကတည်းက လေ့ကျင့်ခဲ့သည်ဟု ဆိုကြသည်။ အတိုချုပ်ပြောရလျှင် ကျိရန်၏ကိုယ်ခံပညာစွမ်းရည်က တိုက်ခိုက်ရေးဇာတ်ဝင်ခန်းများကို ရင်တထိတ်ထိတ်ဖြင့် ကြည့်စေရန် လုပ်နိုင်ခဲ့လေသည်။
တင်ဆက်သူက ဆက်ပြောလိုက်သည်။
"မစ္စတာကျိရဲ့ရုပ်ရှင် 'လှိုင်းလေထန်ချိန်များ'မှာ အန္တရာယ်များတဲ့ စတန့်ရိုက်ကွက်တွေ ပါခဲ့တယ်...အဲ့ဇာတ်ကွက်တွေ အကုန်လုံးကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့တယ်ဆိုတာ အမှန်ပါပဲလား..."
ကျိရန်က တည်ငြိမ်အေးဆေးစွာပင် ခေါင်းညိတ်လိုက်သည်။
"အမှန်ပါပဲ...အဲ့တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းတွေက ကျွန်တော့်အတွက်တော့ အထူးတလည်ကြီး မခက်ခဲပါဘူး...ကျွန်တော် စတန့်သမားသုံးဖို့ မလိုခဲ့ပါဘူး..."
တင်ဆက်သူ၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။
"ဒီတော့ ကရာတေးမှာ ခါးပတ်နက်ရခဲ့တယ်ဆိုတဲ့ မစ္စတာကျိနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက အမှန်ပဲပေါ့..."
"ဟုတ်ပါတယ်...ကျွန်တော်က တောင်ပိုင်းလက်သီးနဲ့ထိုက်ချိီကိုလည်း ကလေးဘဝကတည်းက စိတ်ဝင်စားလို့ လေ့လာခဲ့သေးတယ်..."
"...မစ္စတာကျိကို စိတ်အနှောင့်အယှက်ပေးတဲ့သူက အန္တရာယ်များနေပြီလို့ ကျွန်တော်တော့ခံစားမိနေပြီ...အသားစဥ်းကောဖြစ်တဲ့အထိ ပျော့ဖတ်သွားအောင် အထိုးခံလိုက်ရလောက်တယ်နော်..."
ကျိရန်က ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့...ကျွန်တော်က လွယ်လွယ်နဲ့ အကြမ်းမဖက်တတ်ပါဘူး မတတ်သာတဲ့အဆုံးမှပါ..."
တင်ဆက်သူက အလေးပေးပြောလိုက်သည်။
"ဒါဆို လူကိုရိုက်တဲ့အချိန်ကျတော့ရော..."
ကျိရန်က ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်တော့ သူတို့မွေးလာတာကို နောင်တရသွားအောင် ကျွန်တော် လုပ်ပေးလိုက်မှာပေါ့..."
ကြည့်နေကြသူများ : "..."
ကျင်းပရာနေရာက နားကွဲလောက်အောင် အော်ဟစ်သံများဖြင့် ပေါက်ကွဲထွက်သွားခဲ့သည်။ အချို့ပရိသတ်များဆိုလျှင် အော်ပင်အော်ဟစ်လိုက်ကြသေးသည်။
"ကျွန်မကို ရိုက်လိုက်..."
"ကျွန်မကို အပြစ်ပေးလိုက်ပါ..."
"အခုနေရာမှာတင် လုပ်လိုက်ပါ..."
ပဲသီးလုံးလောက် ချွေးစီးများက တင်ဆက်သူ၏နဖူးထက်မှ စီးကျလာခဲ့ပြီး သူက ကမန်းကတန်း ခေါင်းစဥ်ပြောင်းကာ ရှဲ့ရှစ်ချီးဘက် လှည့်လိုက်သည်။
"မစ္စရှဲ့...မစ္စတာကျိရန်နဲ့ ပထမဆုံးအကြိမ် အလုပ်လုပ်ရတာ ဘယ်လိုများလဲ..."
သူမက ရိုးသားစစ်မှန်စွာဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်မက လူသစ်လေးဖြစ်နေချိန်မှာ စီနီယာကျိရန်က နာမည်ကျော်နေပြီလေ...အစကတော့ ကျွန်မ ကောင်းကောင်း မလုပ်နိုင်မှာစိုးပြီး ဖိအားအကြီးကြီးဖြစ်ခဲ့ရတာ...ဒါပေမဲ့ မကြာခင်မှာပဲ စိီနီယာကျိရန်က ရုပ်ရှင်ရိုက်ရင် အရမ်းအလေးအနက်ထားပြီး စိတ်ရှည်တာကို သိလိုက်ရတယ်...ကျွန်မကိုလည်း ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး မကြာခဏ ညွှန်ကြားပြသပေးတယ်...ကျွန်မ စီနီယာ့ဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်..."
ကျိရန်က သူမကို ကြည့်ကာ အားပေးလိုက်ပြီး ထပ်ပေါင်းပြောလိုက်သည်။
"ရှစ်ချီးက အရမ်းအရည်အချင်းရှိပြီး အလုပ်လည်းကြိုးစားတယ်...သူနဲ့အလုပ်အတူတူလုပ်ရတာ ဝမ်းမြောက်စရာပါပဲ..."
သူတို့၏လိုက်ဖက်ညီမှုက သိသာပေ၏။ မေးခွန်းအနည်းငယ် ထပ်မေးပြီးနောက် တင်ဆက်သူက သူတို့နှစ်ယောက်အား ခန်းမတွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။
အခမ်းအနားက လျင်မြန်စွာပင် အချိန်ကုန်ဆုံးသွားခဲ့သည်။ ဆုကြေညာမှုတစ်ခုချင်းစီက သောင်းသောင်းဖြဖြ လက်ခုပ်သံများဖြင့် မိုးခြိမ်းမတတ် ညံနေခဲ့သည်။ နောက်ဆုံး၌ ယနေ့ည၏စိတ်လှုပ်ရှားစရာအကောင်းဆုံး 'အကောင်းဆုံးသရုပ်ဆောင်ဆု'ကို ကြေညာမည့်အချိန်သို့ ရောက်လာခဲ့သည်။
"ဒီနှစ်ကတော့ အကြိမ် ၆၀ မြောက် ရုပ်ရှင်ဆုပေးပွဲရဲ့အမှတ်အသားပဲနော်..."
တင်ဆက်သူက စနောက်လိုက်သည်။
"ပြိုင်ပွဲက အရမ်းပြင်းထန်တာပဲ...ဆန်ကာတင်တွေကတော့ သမ္မတခေတ်နောက်ခံ 'လှိုင်းလေထန်ချိန်များ' အပြင် နာမည်ကြီးမင်းသမီးတစ်ယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ ပေါ့ပါးပြီးလန်းဆန်းတဲ့ ရုပ်ရှင်ကားတစ်ကား...ဘီလီယံအများကြီး သုံးထားရတဲဲ့ စိတ်ကူးယဥ်ကားတစ်ကား...မျက်ရည်ဖြိုင်ဖြိုင်ကျစေခဲ့တဲ့ မိသားစုဒရာမာကားတစ်ကားပါပဲ...ရုပ်ရှင်တစ်ခုချင်းစီတိုင်းက မှတ်ချက်ကောင်းကောင်းတွေ ရခဲ့ကြပြီးတော့ box office မှာလည်း အများအပြားရခဲ့ကြပါတယ်..."
နောက်ဆုံးအဖြေကို မကြေညာမီ ကင်မရာများက သူတို့တစ်ဦးချင်း၏မျက်နှာများကို အချိန်အတော်ကြာအောင် ရိုက်ပြခဲ့ကြသည်။
"အကြိမ် ၆၀ မြောက် ရုပ်ရှင်ဆုပေးပွဲတော်ရဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိသွားခဲ့တဲ့သူကတော့...လှိုင်းလေထန်ချိန်များက 'ကျိရန်'ဖြစ်ပါတယ်..."
ဆုကြေညာပြီးသည့်နောက်တွင် တစ်ခဲနက်အားပေးသံများ ထွက်ပေါ်လာခဲ့သည်။ ဂုဏ်ပြုသံများနှင့် အော်ဟစ်သံများက ခေါင်းမိုးကို ဖောက်ထွက်လုနီးပါးပင်။ ကျိရန်ပရိသတ်များက စိတ်လှုပ်ရှားလွန်း၍ ငိုမိကြလေသည်။
ပြိုင်ပွဲက ပြင်းထန်ခဲ့သော်ငြား အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိသွားသည့် ကျိရန်အတွက်မူ မငြင်းနိုင်အောင် ထိုက်တန်နေဆဲပင်။
ပတ်ပတ်လည်က လုပ်ဖော်ကိုင်ဖက်များနှင့် ဖက်ကာ ဂုဏ်ပြုပြီးနောက် ကျိရန် စင်ပေါ်သို့တက်ကာ ဆုကို လက်ခံလိုက်သည်။ ထို့နောက် တောက်ပသည့်အပြုံးလေးဖြင့် ပြောလိုက်သည်။
"ကျွန်တော့်ကို ယုံကြည်ပြီး ဒီရုပ်ရှင်ကို ကမ်းလှမ်းခဲ့တဲ့အတွက် ဒါရိုက်တာလျှိုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်...ကျွန်တော့်ကို ထောက်ပံ့ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ကုမ္ပဏီနဲ့ အဖွဲ့ကိုလည်းကိုလည်း အလုပ်ကြိုးစားပေးခဲ့လို့ အရမ်းကျေးဇူးတင်မိပါတယ်...ပြီးတော့ အရေးအကြီးဆုံးကတော့ ကျွန်တော့်ကို တစ်လျှောက်လုံးထောက်ခံပြီး ပံ့ပိုးပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ချင်ပါတယ်...ကျေးဇူးတင်ပါတယ်..."
သူ့အပြုံးက အမြဲတမ်း စစ်မှန်ပြီး သန့်စင်တောက်ပနေခဲ့သည်။ သူပွဲဦးထွက်ကတည်းကပင် နေမင်းကဲ့သို့အပြုံးက သူ၏အမှတ်သညာ ဖြစ်လာခဲ့သည်။ ဆုအကြီးကြီးဖြစ်သည့် အကောင်းဆုံးသရုပ်ဆောင်ဆုနှစ်ဆုကို ရရှိခဲဲ့ပြီး နာမည်ကြီး ရေပန်းစားနေသည့် စူပါစတားတစ်ယောက် ဖြစ်လာပြီးသည့် ယခုချိန်ထိတိုင်အောင်ပင် သူထုတ်လွှတ်နေသည့် ခံစားချက်က လွန်ခဲ့သည့် နှစ်များစွာအကြာက ပြုံးလျက်"သရုပ်ဆောင်ရတာကို ကျွန်တော်ကြိုက်တယ်..."ဟု ပြောခဲ့ဖူးသည့် ငယ်ရွယ်နွေးထွေးသည့် ဆယ်ကျော်သက်လေးတစ်ယောက်၏ အရောင်အဝါနှင့် အတူတူပင်ဖြစ်ပြီး ယခုထိတိုင် မပြောင်းမလဲရှိနေဆဲပင်။
ဂရုတစိုက် လေ့လာတတ်သည့်လူများက သူဆုတစ်ခုရချိန်တိုင်းတွင် သူ့ကျေးဇူးတင်စကား၌ သူ့မိသားစု မပါသည်ကို သတိထားမိပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူ့၌ မိသားစုမရှိ၍ပင်။
ယင်းက သတင်းထောက်များ အချိန်အတော်ကြာအောင်လိုက်ခဲ့ရသည့် လျှို့ဝှက်ချက်တစ်ခုပင်။ အတိအကျပြောရပါက ကျိရန်က မိဘမဲ့ဂေဟာတစ်ခုတွင် ကြီးပြင်းလာခဲ့ပြီး သူပွဲဦးထွက်သည့်တစ်လျှောက် များပြားလှသော အခက်အခဲများကို ဖြတ်ကျော်ခဲ့ရသည်။ ငယ်ရွယ်စဥ်က အမြှောက်စာ ဖြစ်သွားဖြတ်လာဇာတ်ကောင် နေရာများတွင် မကြာခဏ သရုပ်ဆောင်ခဲ့ရပြီး အချိန်အတော်ကြာသည်အထိ အခြေခံလိုအပ်ချက်ဖြစ်သည့် အဝတ်အစားနှင့် အစားအသောက်ကို ဖြည့်ဆည်းရန်အတွင်ပင် ခက်ခဲစွာ ရုန်းကန်ခဲ့ရသည်။ သို့သော်ငြား သူက အမြဲတမ်းပင် အကောင်းမြင်စိတ်မွေးပြီး စိတ်သဘောထားကြီးကာ အင်တာဗျူးများတွင် အပြုသဘောဆောင်သည့် အဖြေများကိုသာ ဖြေကြားခဲ့သည်။ သူ၏ခက်ခဲပင်ပန်းမှုများကို မကျေမနပ် မဖြစ်ခဲ့ဘဲ လူအများ၏သနားညှာတာမှုကိုရယူရန် တစ်ကြိမ်တစ်ခါသော်မျှ သူ့နောက်ခံအခြေအနေကို မပြောခဲ့ဖူးချေ။
သူ့အောင်မြင်မှုများအားလုံးက သူ၏ခိုင်မာပြီး မယိုင်လဲသည့် ခြေလှမ်းများဖြင့် တစ်ဆင့်ခြင်း တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ယမန်နှစ်က အကောင်းဆုံးသရုပ်ဆောင်ဆုကို ရခဲ့ချိန်တွင် များစွာသော အွန်လိုင်းဝေဖန်ပြစ်တင်မှုများဖြင့် ရရင်ဆိုင်ခဲ့ရချိန်တွင်လည်း သူက အပြစ်ရှိစိတ် မခံစားခဲ့ရပေ။ ထို့ပြင် ယနေ့ဤဆုက သူ၏သန်မာမှုကို သက်သေပြပြီးသွားခဲ့ပြီ ဖြစ်သည်။
ကျိရန်က ဆုကိုကိုင်ကာ တောက်ပစွာပြုံးလျက် စင်ပေါ်မှ တစ်လှမ်းချင်း ဆင်းလာခဲ့သည်။
----------
ထိုည ဂုဏ်ပြုညစာစားပွဲတွင် လူတိုင်းက ခွက်များကိုမြှောက်ကာ သူ၏ဒုတိယအကြိမ်မြောက် အကောင်းဆုံးသရုပ်ဆောင်ဆုရရှိခဲ့မှုကို ဂုဏ်ပြုပေးခဲ့ကြသည်။ သူ၏အရက်သောက်နိုင်စွမ်းက ဆိုးဝါးသော်ငြား ဖန်ခွက်တစ်ခွက်ကိုမှ မငြင်းဆန်ခဲ့ချေ။ မကြာမီ သူမူးသွားပြီး ဆိုဖာပေါ် ပစ်ထိုင်ကျသွားသည်။
သူ မျက်မှောင်ကြုတ်နေသည်ကိုမြင်ပြီး ရှဲ့ရှစ်ချီးက မနေနိုင်စွာ လက်ဆန့်ကာ သူ့မျက်ခုံးများကို ဖြေလျှော့ပေးချင်သွားသည်။ သို့သော် မမျှော်လင့်စွာပင် သူမလက်ဆန့်လိုက်ချိန်တွင် အခြားလက်တစ်ဖက်က သူမကိုတားလိုက်သည်။
"မစ္စရှဲ့...သူ့လိုလူတွေက အခွင့်အရေးယူဖို့ လွယ်တယ် ဟုတ်တယ်မလား..."
ရုတ်တရက်ဆိုသလို နောက်ပြောင်သည့် အသံအနေအထားရှိသည့် အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။ ထိုလူက ကျိရန်၏အေးဂျင့် ယွီချန်းဟယ်ပင်။
ဤမစ္စတာယွီတွင် ရှိန်ချင်စဖွယ် ကောင်းလောက်သည့်ပုံရိပ် ရှိပေသည်။ သူ့အမည်က နှိမ့်ချမှုရှိပြီးညင်သာသိမ်မွေ့သည့် အဓိပ္ပါယ်ရှိကာ မျက်နှာအမူအရာမှာလည်း တစ်နေ့တာလုံး ပြုံးလျက်ရှိနေသည်မှာ အန္တရာယ်မပေးနိုင်သည့်လူတစ်ယောက်ဟု ထင်ရသော်ငြား ဤအမျိုးသားက အကြံအစည်များဖြင့် ပြည့်နှက်နေပြီး သူ့နောက်ခံကလည်း မရိုးရှင်းသည်ကို ဤဖျော်ဖြေရေးအသိုင်းအဝိုင်းထဲရှိ လူတိုင်းက သိပေသည်။ သူ့အားရန်စရဲသည့် မည်သူ့ကိုမဆို ချေမှုန်းနင်းခြေခံရသည့် အဓိပ္ပါယ်ကိုသေချာပေါက် သိသွားစေမည်ပင်။
ထွင်းဖောက်မြင်ခံလိုက်ရသည့်အလား ရှဲ့ရှစ်ချီး၏စိတ်က ဗလာဖြစ်သွားပြီး ချက်ချင်းပင် လက်ကိုလျင်မြန်စွာ ရုတ်ကာ ယင်းအစား ရှက်ရွံ့စွာဖြင့် နားရွက်နောက်သို့ ဆံပင်ကို သပ်တင်လိုက်သည်။ ထို့နောက် သူမက ပြုံးကာ ပြောလိုက်သည်။
"မစ္စတာယွီ အတွေးလွန်နေတာပါ...ကျွန်မက သူ သက်တောင့်သက်သာ မဖြစ်တာကို မြင်လို့ ရေတစ်ခွက်လောက် ပေးချင်ရုံပါပဲ..."
"အဲ့လိုလား..."
ယွီချင်းဟယ်က ပြုံးလျက်အနားသို့ တိုးကပ်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် တီးတိုးပြောလိုက်သည်။
"ကျိရန်က ကောင်မလေးတစ်ယောက်ယောက်ရှာဖို့ တစ်ခါမှ အစီစဥ်မရှိခဲ့ဖူးဘူး...မင်းသူနဲ့ပတ်သက်ပြီး ဘာမှအကြံမထုတ်တာ ပိုကောင်းလိမ့်မယ်...အခုဆို ရုပ်ရှင်ကလည်း ရိုက်ပြီးသွားပြီဆိုတော့ ဇာတ်ကောင်ထဲကနေ ဖြစ်နိုင်သမျှ မြန်မြန်ရုန်းထွက်တာ ပိုကောင်းလိမ့်မယ်....နားလည်ရဲ့လား..."
ထိုသို့ပြောပြီးနောက် သူက ဆိုဖာပေါ်မှယောကျ်ားလေးကို ပွေ့ဖက်ပြီးမ,ကာ ခြေလှမ်းကျဲကျဲဖြင့် လျှောက်ထွက်သွားပြီး ရှဲ့ရှစ်ချီးအား နေရာမှာပင် ကြက်သေသေစွာ ထားရစ်ခဲ့သည်။
-------
ကျိရန်နိုးလာချိန်တွင် သူ့ကိုယ်သူ အိပ်ခန်းထဲက ခုတင်ပေါ် လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ အရုဏ်တက်စချိန်သာ ရှိသေးသော်ငြား သူ၏ခန္ဓာကိုယ်က အကျင့်ဖြစ်စွာပင် မနက်ခင်း ၇ နာရီတွင် နိုးထလာခဲ့သည်။ အရက်နာကျပြီး သူ့ခေါင်းက ကိုက်ခဲနေ၍ ကျိရန်က နားထင်ကိုပွတ်သပ်ကာ လျင်မြန်စွာပင် ဆေးကြောသန့်စင်လိုက်သည်။ အဝတ်အစားလဲပြီးနောက် သူ၏နေ့စဥ်မနက်ခင်းလေ့ကျင့်ခန်းလုပ်ရန် ဘေးအခန်းက gymရှိရာသို့ သွားလိုက်သည်။
မနက်ခင်းလေ့ကျင့်ခန်းတွင် ရင်းနှီးနေသော ကရာတေး လှုပ်ရှားမှုများနှင့် ခြေကန်ချက်များ၊ လက်သီးထိုးချက်များ ပါဝင်လေသည်။ သူ့လှုပ်ရှားမှုများက အလွန်အမင်း ခံ့ညားသက်ဝင်နေကာ အဖြူရောင်အဝတ်အစားနှင့် ခါးထက်ရှိခါးပတ်နက်က သူ့ခန္ဓာကိုယ်က တင်းအားများကို ကောက်ကြောင်းဖော်နေခဲ့သည်။ တောရိုင်းထဲက ကြမ်းကြုတ်ရက်စက်သည့် သားရဲတစ်ကောင်ကဲ့သို့ပင် သူ့အနီးချဥ်းကပ်လာသူမှန်သမျှကို လက်သီးတစ်ချက်တည်းဖြင့် သေချာပေါက် နှာခေါင်းရိုးကျိုးသွားအောင် လုပ်လိမ့်မည်သာဖြစ်သည်။
သူ့တွင် သေသပ်ပြီး ပြီးပြည့်စုံသည့် ခန္ဓာကိုယ်ကောက်ကြောင်းရှိပေသည်။ အလွန့်အလွန် သွယ်လျပုံ ပေါ်နေသော်ငြား ပေါက်ကွဲထွက်လုနီးနီး ခွန်အားများကို ဖုံးကွယ်ထားပုံမှာ လှပသည့်ကျားသစ်တစ်ကောင်နှင့် တူနေပေ၏။
ယွီချန်းဟယ်က တံခါးပေါက်တွင် မတ်တတ်ရပ်နေပြီး သူ့လှုပ်ရှားမှုများကို အသိအမှတ်ပြုနေသည့်အလား ပြုံးနေခဲ့သည်။ သူက ကျိရန် လေ့ကျင့်ခန်းတစ်ခုလုံးကို လေ့ကျင့်ပြီးသည်အထိ စောင့်နေပြီးမှ တဘက်တစ်ထည်နှင့် အချိန်အကြာကြီး ပြင်ဆင်ထားခဲ့ရသော နွားနို့ပူပူလေးတစ်ခွက်ကို ကမ်းပေးကာ ပြောလိုက်သည်။
🍃🍃🍃