Ch 2
Viewers 2k

🍃 Chapter 2

ပြန်လည်မွေးဖွားခြင်း(Part 2)



"ဒီ​နေ့က ကုမ္ပဏီက မင်းကို​ပေးလိုက်တဲ့ အားလပ်ရက်အစပဲ ရှိ​သေးတယ်​လေ...ဘာလို့အ​စောကြီး နိုးနေ​သေးတာလဲ..."


ကျိရန်က တဘက်ကိုယူကာ မျက်နှာကို သုတ်ပြီးမှ လက်ကိုခါလိုက်သည်။ ထို့နောက် နွားနို့ကို​သောက်ကာ​ ပြောလိုက်သည်။

"​​စော​​စောအိပ်ရာထတာက အ​လေ့အကျင့်ကောင်း တစ်ခုပဲ​လေ ဟုတ်တယ်မလား...စကားမစပ် ဒီ​​နေ့အတွက် အစီစဥ်က ဘာလဲ..."


ယွီချန်းဟယ်က သူ့နှုတ်ခမ်းထက်တွင် တင်ကျန်​နေသည့် နွားနို့စက်အနည်းငယ်ကိုမြင်ပြီး ခပ်ဟဟရယ်​မောလိုက်သည်။ ထို့​နောက် လက်ဆန့်ကာ ကူသုတ်​ပေးလိုက်ပြီး​နောက် ပြောလိုက်သည်။

"အနီးနားကကမ်းခြေမှာ အပန်း​ဖြေစရာရှိတယ်...မြင်ကွင်းကလည်း​ ကောင်းပြီး တိတ်လည်းတိတ်ဆိတ်တယ်...မင်းကြိုက်တဲ့ အမိုးဖွင့်​ရေကူးကန်လည်းရှိတယ်...အနားယူဖို့သွားချင်လား..."


ကျိရန်က ယွီချန်းဟယ်၏ယခု​လေးတင် သူ့အား နွားနို့ကူသုတ်​ပေးလိုက်သည့် အပြုအမူကို လုံးဝစိတ်အ​နှောင့်အယှက်မဖြစ်ဘဲ နွားနို့ကို ကုန်​အောင် သောက်လိုက်သည်။ ထို့​နောက် တစ်ဖက်လူ၏ပခုံးကို အလျင်အမြန် တစ်ချက်ပုတ်​လိုက်သည်။

"အကြံ​ကောင်းပဲ...ကျွန်​တော် ရေကူးရတာ ကြိုက်တယ်..."


မနက်စာစားပြီး​နောက် နှစ်​ယောက်သား အတူတကွထွက်သွားကြသည်။ ယွီချန်းဟယ်က ကား​​မောင်းပြီး ကျိရန်က ခရီးသည်ထိုင်ခုံ၌ထိုင်ကာ သီချင်းတစ်ပုဒ်ကို ​အေး​အေးလူလူ နား​ထောင်လျက် လိုက်ပါလာခဲ့သည်။


သီချင်းနား​​ထောင်လျက်ဖြင့်ပင် ကျိရန်က ​မ​နေနိုင်ဘဲ​မေးလိုက်သည်။

"ကျွန်​တော့်ရဲ့​နောက်ထပ်ရိုက်ကူး​ရေးက ဘယ်​တော့စမှာလဲ..."


ယွီချန်းဟယ်က သူ့ကိုလှည့်ကြည့်ပြီး မျက်ဝန်းများက ကူကယ်ရာမဲ့မှုများဖြင့် ပြည့်နှက်​သွားသည်။

"အခုမှ မင်းရဲ့အားလပ်ရက် အစပဲရှိ​သေးတာကို အဲ့လောက်​တောင် အနားမ​နေ​တော့ဘူး​ပေါ့​လေ..."


ကျိရန်က ဂရုမစိုက်စွာပင် သူ့ဆံပင်များနှင့်​ ဆော့​နေခဲ့သည်။

"​အားလပ်ရက်ကပျင်းစရာကြီး...ရုပ်ရှင်ရိုက်ရတာကမှ ပို​ကောင်း​သေးတယ်...​နောက်တစ်​ခေါက်ကျ ကျွန်​​တော့်အတွက် အဲ့​လောက် အားလပ်ရက် အရှည်ကြီးမ​ပေးဖို့ ကုမ္ပဏီကို ​ခင်ဗျားပြောလိုက်လို့ရတယ်..."


"...ကုမ္ပဏီကို အားလပ်ရက် နည်းနည်းပဲ​​ပေးဖို့​ ပြောတဲ့ ကြယ်ပွင့်က မင်းတစ်​ယောက်ပဲ ရှိ​လောက်တယ်...ဒါနဲ့ မင်းရဲ့​နောက်ရုပ်ရှင်က စိတ်ကူးယဥ်ကားပဲ...မင်းက အင်ပါယာမင်းသား​လေး​နေရာက သရုပ်​ဆောင်ရမှာ...စိတ်ကူးယဥ်ဇာတ်လမ်းရိုက်တာက မင်းအတွက် ဒါက ပထမဆုံးဖြစ်ပြီး​တော့ စိန်​ခေါ်မှုတစ်ခုပဲ...မင်းရဲ့အား​တွေကို အရင်ဆုံး ပြန်စု​ဆောင်းပြီး​တော့ မတ်လကို​ စောင့်​နေလိုက်​တော့..."


ရိုက်ကူး​ရေးအ​ကြောင်း​ပြောချိန်တွင် ကျိရန်က ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားလာခဲ့သည်။

"​ကောင်းတယ်...ကျွန်​တော် စိတ်ကူးယဥ်ဇာတ်လမ်းအမျိုးအစားမျိုးကို ကြိုက်တယ်...ပြန်သွားပြီးဇာတ်ညွှန်းကို အထပ်ထပ်အခါခါ ဖတ်ကြည့်ရမယ်..."


ကားက ထောင့်ကို​ကွေ့လိုက်ချိန်မှာပင် ဘရိတ်​ပေါက်သွားပုံရသည့် ထရပ်ကားတစ်စီးက သူတို့ကားထံအရှိန်ဖြင့် ဝင်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။


"--ဂရုစိုက်"


ယွီချန်းဟယ်က ကားစတီယာရင်ဘီးကို လျင်မြန်စွာ လှည့်လိုက်ပြီး ဘရိတ်ကို​ ​ဆောင့်နင်းလိုက်သည်။ သူတို့ကားက ထရပ်ကားနှင့်​ တိုက်မိ​တော့မည်ကို သူမြင်ချိန်တွင် ကျိရန်ကို ကာကွယ်ရန် သူ့လက်​မောင်းများထဲ ဆွဲသွင်းလိုက်ပြီး ကာထားလိုက်သည်။ 


သူတို့၏နားထဲတွင် ကျယ်​လောင်သည့် 'ဘန်း'ဟူ​သောအသံကို ကြားလိုက်ရပြီး နာကျင်မှု​ကြောင့် အသိစိတ်လွတ်သွားခဲ့သည်။ ပြန့်ကျဲထွက်သွားသည့် ကားမှန်စများက သူတို့အသားထဲသို့ ထိုး​ဖောက်သွားပြီး အမြင်အာရုံအား နီရဲ​နေသည့် ​သွေးများဖြင့်ဖုံးလွှမ်းသွားခဲ့သည်။


အသိစိတ် လုံးဝလွင့်ထွက်မသွားမီ ကျိရန်မှတ်မိလိုက်သည့် အ​တွေးတစ်ခုမှာ:


ဘဝက ရုပ်ရှင်ထဲကထက်ပိုပြီး ဒရာမာ​တွေ ကံဆိုးမိုး​မှောင်​မှုတွေနဲ့ ပြည့်​နေတာပဲ...ငါတို့ဘာသာငါတို့ အပန်းဖြေခရီးထွက်ဖို့ ကား​လေးမောင်း​နေရုံပဲကို ဘယ်လိုလုပ်ပြီး ကားမ​တော်တဆမှုထဲ ရုတ်တရက်ကြီး ပါသွားရတာတုန်း...


--------------------


ထူးဆန်းသည့် အသံအချို့​ကြောင့် ကျိရန် နိုးလာခဲ့သည်။ အသံတ​ဖြေး​ဖြေး ကြည်လင်ရှင်းလင်းလာချိန်တွင် ယင်းက အမှန်တကယ်တွင် စက်တစ်ခုထံမှ ခံစားချက်မရှိသည့် အမျိုးသမီးအသံ ဖြစ်​နေသည်ကို သ​ဘော​ပေါက်လိုက်သည်။ အသံက​ ပြောလိုက်သည်။

"ဘုရင်မ...အရှင်ဧကရာဇ်က စစ်တပ်အစည်းအ​ဝေးကျင်းပ​နေတုန်းဆိုပေမဲ့ ဘုရင်မရဲ့ကိုယ်ဝန်​စော​မွေးတဲ့အ​ကြောင်းကို ကြားပြီး​တော့ အခုအင်ပါယာနန်း​​တော်ကို ပြန်လာ​နေပါပြီ..."


ထို့​နောက်တွင် နူးညံ့ညင်သာသည့် အမျိုးသမီးအသံကို ကြားလိုက်ရသည်။

"အင်း..."


-အရှင်ဧကရာဇ်...ဘုရင်မ တဲ့လား...တစ်​ယောက်ယောက် TV ကြည့်​နေတာလား...


ကျိရန် မ​ရေမရာ ခံစား​လိုက်ရသော်ငြား သူနှင့်သူ့​အေးဂျင့်တို့ အားလပ်ရက် ကား​မောင်း​နေစဥ်တွင် မ​တော်တဆ ကားအက်စီးဒင့်ဖြစ်ခဲ့သည်ကို သတိရသွားသည်။ ဖြစ်ရိုးဖြစ်စဥ်အရ​ တွေးကြည့်ပါလျှင် ထိုအချိန်က သူတို့၏ဒဏ်ရာများက မသက်သာလှ​ပေ။ ထို့​ကြောင့် ယခုချိန် သူ​ဆေးရုံ၌ ရှိ​နေသင့်​ပေသည်။ 


ဒါ​ပေမဲ့ ဘာလို့ဒီ​နေရာမှာ ဒီလိုထူးဆန်းတဲ့ စကားကြီးကြားနေရတာလဲ... ​ဆေးရုံခန်းထဲက တစ်​ယောက်​​ယောက်ကများ TV  ကြည့်​နေတာလား...


ထိုစကားများ​ ပြော​နေသည့် တစ်​ယောက်​ယောက်က သူတို့၏အသံကို တိုးလိုက်လိမ့်မည်လားဟု​ မျှော်လင့်လျက် ကျိရန်မျက်လုံးကို ဖွင့်လိုက်သည်။ မ​​မျှော်လင့်စွာပင် သူ့မျက်လုံးကို ဖွင့်လိုက်သည်နှင့် အမျိုးသမီးတစ်​ယောက်၏မျက်နှာက သူ့မြင်ကွင်းထဲ ဝင်​ရောက်လာခဲ့သည်။ 


အမျိုးသမီးက အလွန်လှပပြီး အသားအရေက ​ကျောက်စိမ်းကဲ့သို့ ဖြူဝင်းကာ မျက်နှာက အလွန်နူးညံ့သိမ်​မွေ့လှ​ပေ၏။ ​တောက်ပပြီး ကြည်လင်သည့် မျက်ဝန်းတစ်စုံနှင့် နက်​မှောင်​နေသည့် ဆံပင်​ခွေ​ခွေ​လေးများကလည်း လည်ပင်းတစ်ဝိုက် ​ဝေ့ဝိုက်ကာ ကျဆင်း​နေ​သည်။ သူမ၏ဆံပင်များက အနည်းငယ်ရှုပ်ပွ​နေပြီး မျက်နှာက ​ဖျော့​တော့​နေ​ပုံ​ပေါ်​သော်ငြား သူမ၏ခန္ဓာကိုယ်ကမူ နူးညံ့ညင်သာသည့် အ​ရောင်အဝါများကို ထုတ်လွှတ်​ပေး​နေဆဲဖြစ်ကာ ပထမတစ်ချက်ကြည့်ရုံဖြင့်ပင် သူမအား လူ​များကြိုက်နှစ်သက်​စေ​ရန် ခံစားရ​စေသည်။


ကျိရန်ကို အံ့အားသင့်သွား​စေသည်မှာ အမျိုးသမီးက သူနှင့်အလွန်နီးကပ်လာပြီး သူကမူ က​လေးတစ်​ယောက် အရွယ်အစားသို့ ကျုံ့ဝင်သွားပုံ​ပေါ်ကာ သူမ၏လက်မောင်းများထဲသို့ သယ်​​​ဆောင်ခံလိုက်ရ​လေသည်။


အမျိုးသမီးက သူ့​ခေါင်းကို ညင်သာစွာ ပွတ်သပ်​ပေးလိုက်ပြီး သူမျက်လုံးပွင့်လာသည်ကို မြင်ချိန်တွင် ပြုံးပြလိုက်သည်။

"ရှီဝိန့် လိမ်လိမ်မာမာ​နေ​နော်...​ဖေ​ဖေက ခဏ​နေ မင်းကို​တွေ့ဖို့ လာ​တော့မှာ..."


ကျိရန် : "..."


အဲ့ဒါကTV ရှိုးမဟုတ်ဘူးကွ...အိပ်မက်ဆိုးကြီး...


ကျိရန်က လက်ဆန့်ထုတ်ပြီး အမူးပြေသွား​စေရန် သူ့ကိုယ်သူ ကိုက်ချင်​သော်ငြား ဝမ်းနည်းစရာ​ကောင်းစွာပင် က​လေးတစ်​ယောက်ဖြစ်နေသဖြင့် သူ့၌သွားမရှိ​သေးချေ။ ထို့​ကြောင့် သူ့လက်ကို ပါးစပ်ထဲထည့်လိုက်လျှင်ပင် မကိုက်နိုင်​‌ပေ။


အမျိုးသမီးက သူမလက်​မောင်းထဲရှိ က​လေး​လေးက သူ့လက်​သေး​သေး​လေးအား ပါးစပ်ထဲထည့်ရန် ကြိုးစားနေသည်ကို​ တွေ့​​​သောအခါ ပြုံးလိုက်​သည်။ သူမက ညင်သာစွာပင် က​လေး​လေး၏လက်​အား ပြန်ဆွဲကာ​ ပြောလိုက်သည်။

"သူ ဗိုက်ဆာ​နေတာပဲ ဖြစ်ရမယ်...မြန်မြန် ငါ့ကိုစားစရာနည်းနည်း​ပေး...သူ့ကို​ပေးရ​အောင်လို့..."


"ဟုတ်ကဲ့ပါ ဘုရင်မ..."

အမျိုးသမီးစက်ရုပ်သံက ပြန်​ဖြေလိုက်ပြီး ထို့​​နောက် 

ချက်ချင်းဆိုသလို လက်တွန်းလှည်း​လေးက အလိုအ​လျောက် အိပ်ရာ​ဘေးကို လှိမ့်လာခဲ့​လေသည်။ အမျိုးသမီးက အ​ကောင်းဆုံးအရည်အ​သွေးရှိသည့်က​လေးအာဟာရ နို့ရည်ဘူးတစ်ဘူးကို လက်တွန်းလှည်းထဲမှ ​ကောက်ယူလိုက်ပြီး တူညီ​သော ဘူးပုံသဏ္ဍာန်ရှိသည့် စက်တစ်ခုထဲကို ​လောင်းထည့်လိုက်​လေသည်။ ထို့​နောက် ဘူးထိပ်​လေးအား ကျိရန်၏ပါးစပ်သွင်းသို့ ထည့်ကာ နူးညံ့စွာ ​ချော့မြူလိုက်သည်။

"‌သောက်​နော်..."


ကျိရန် : "..."


အိပ်မက်ဆိုးကြီးက ​ကြောက်စရာ​​​ကောင်းလိုက်တာ...


ကျိရန်က သူ့ကိုလှုပ်နှိုး​ပေးပါရန် သူ့​အေးဂျင့်အား အမှန်တကယ်​ ​​အော်ခေါ်ပစ်လိုက်ချင်​သည်။ သို့​သော် သူ့မှတ်ဥာဏ်ထဲတွင် အက်စီးဒင့်ဖြစ်ပြီး​နောက် သူ့​အေးဂျင့်၏​သွေးများ ဖုံးလွှမ်း​နေသည့် ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မှတ်မိ​နေ​ဆဲပင်။ သူ့ဒဏ်ရာများက ကျိရန်ထက်ပင် ပိုမိုပြင်းထန်၍ ယခုအချိန်တွင် ကိုမာဝင်​နေ​နိုင်​ပေ၏။


ဖြစ်နိုင်တာက ငါ့ဒဏ်ရာ​တွေက အရမ်းပြင်းထန်လွန်းလို့များ ဦး​နှောက်မှာ တစ်ခုခုဖြစ်သွားတာများလား...အဲ့‌ဒါကြောင့် ဒီလိုထူးဆန်းတဲ့အိပ်မက်မက်​နေတာ​နေမှာ...


ကျိရန်က ဤအိပ်မက်မှနိုးထရန် ကိုယ့်ကိုယ်ကိုယ် ကြိုးကြိုးစားစား တွန်းအားပေးလိုက်​သော်ငြား  မည်သည်မှ မ​ပြောင်းမလဲ ရှိနေဆဲပင်။ ယင်းအစား အမျိုးသားတစ်​ယောက်က ရုတ်တရက် တံခါးကို တွန်းဖွင့်ကာ အခန်းတွင်းဝင်လာချိန်တွင် အိပ်မက်က ပို၍ပင် ရှုပ်​​ထွေးသွားခဲ့​လေသည်။


အမျိုးသမီးက ထိုလူကိုမြင်ပြီး ချက်ချင်း ဝမ်း​မြောက်ဝမ်းသာ ဖြစ်သွားခဲ့သည်။

"အရှင်ဧကရာဇ်..."


အမျိုးသားက  ခုတင်​နံ​ဘေးသို့ လျင်မြန်စွာ ​လျှောက်လာလိုက်ပြီး သူမကို ညင်သာစွာ ​ဖေးမလိုက်သည်။ 

" အန်နာ...မင်းပင်ပန်းသွားခဲ့ပြီ...ဘယ်လိုဖြစ်ပြီးရုတ်တရက်ကြီး စော​မွေးရတာလဲ...မင်း အ​ဆင်​ပြေရဲ့လား..."


"ကျွန်မ အဆင်​ပြေပါတယ်..."

ဘုရင်မအန်နာက ပြုံးကာ​ဖြေလိုက်သည်။

"ဆရာဝန်​တွေက အချိန်မှီ​ရောက်လာပြီး​တော့ ခွဲစိတ်တာကလည်း အဆင်​ပြေသွားခဲ့တယ်​လေ...က​လေး​လေးကလည်း ကျန်းမာတယ်..."


"​တော်​သေးတာ​ပေါ့...လာ...ကိုယ့်ကို က​လေးပြပါဦး..."

ဧကရာဇ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


​သေး​သေး​လေးဖြစ်သွားသည့် ကျိရန်က ဧကရာဇ်၏လက်​မောင်းတွင်းသို့ လွှဲ​ပေးခံလိုက်ရသည်။ ကျိရန်က သူ့မျက်ဝန်း ကြီးကြီးဝိုင်းဝိုင်း​လေးများဖြင့် အမျိုးသားကို ဂရုတစိုက် တစ်ချက်ကြည့်လိုက်ရာ ဤအမျိုးသားက အလွန်ငယ်ရွယ်​နေဆဲဖြစ်ပြီး ထင်ရှားပြတ်သားသည့် မျက်နှာသွင်ပြင်နှင့် ခံ့ညား​ချော​မောကာ ဩဇာတိက္ကမကြီးမား​သော်ငြား ကြင်နာသည့် အ​​ရောင်အဝါများ ပြည့်နှက်​နေသည်ကို ​တွေ့လိုက်ရသည်။ အမျိုးသားက သူ့လက်​မောင်းထဲရှိ က​လေးငယ်ကို ကြည့်လိုက်ချိန်တွင် မျက်ဝန်းများက အလွန်အမင်း နူးညံ့ညင်သာသွားခဲ့ပြီး က​လေး​လေး၏ပါး​ပြင်လေးအား ညင်သာစွာ ညှစ်လိုက်သည်။ 


ကျိရန် ယခုမှ အမှန်တကယ်ပင် ငိုချင်စိတ်​ပေါ်လာခဲ့​သည်။ အဘယ့်​ကြောင့်ဆို​သော် သူတို့၏အထိအ​တွေ့များက စစ်မှန်ပြီး အိပ်မက်တစ်ခုနှင့် လုံးဝတူမ​နေ၍ပင်။ ဤလူနှစ်​ယောက်၏လက်​မောင်းများ၊ အသက်ရှူသံများကို သူ အမှန်တကယ်ပင် အာရုံခံနိုင်ပြီး အထူးသဖြင့် ဧကရာဇ်က သူ့ပါးကိုဖျစ်ညှစ်လိုက်ချိန်တွင် အမျိုးသား၏ အင်အားပြည့်ဝ​နေသည့်လက်ချောင်းများကို သူ့မျက်နှာက ရှင်းရှင်းလင်းလင်း ခံစားနိုင်ပေ၏။


ဧကရာဇ်က သူ့သား​တော်ကို တခဏမျှကြာအောင် ​ပွေ့ဖက်ပြီး​နောက် ဘုရင်မ၏လက်​ထဲ ပြန်ပို့​လိုက်ပြီး ​မေးလိုက်သည်။

"ရက်ဂျ့်...မျိုးရိုးဗီဇခွဲခြားစစ်​ဆေးတဲ့ ကျွမ်းကျင်ပညာရှင်​ရောက်ပြီလား..."


ယူနီ​ဖောင်းဝတ်ထားသည့် အမျိုးသားတစ်​ယောက်က ​​လေးစားစွာဖြင့် ရှေ့သို့တက်လာပြီး ​လေး​လေး​နက်နက်​ပြောလိုက်သည်။

"အရှင်ဧကရာဇ်​ကို​ဖြေရရင်...ဘုရင်မ က​လေး​စော​မွေးတဲ့သတင်းကို ပြောတဲ့အချိန်မှာ ပ​ရော်ဖက်ဆာ​ဘ​ရောင်းက ဗိုလ်ချုပ်ရဲ့အသစ်​မွေးလာတဲ့ က​လေး​လေးရဲ့ မျိုးရိုးဗီဇကို​ခွဲခြားဖို့ သူ့လူ​တွေကို ဗိုလ်ချုပ်အိမ်​ခေါ်သွား​နေတဲ့အချိန်ပါ...အခုသူတို့ နန်း​တော်ကိုလာတဲ့လမ်းမှာပါ တစ်မိနစ်အတွင်း​ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်..."


ဧကရာဇ်ထရန့်က အနည်းငယ်မျက်​မှောင်ကြုတ်လိုက်သည်။

"ဗိုလ်ချုပ်ဘိုင်ရွန်ရဲ့က​​လေးကလည်း ဒီ​နေ့​မွေးတာလား..."


"ဟုတ်ကဲ့..."

ရက်ဂျ့်က ပြန်​ဖြေလိုက်သည်။

"​မွေးတဲ့အချိန်က အကြီးဆုံး​မင်းသားမ​မွေးခင် 5 မိနစ်အလို ည​နေခင်း 3 နာရီပါ..."


"ရလဒ်က ဘာတဲ့လဲ..."


"အယ်လ်ဖာ​ယောကျ်ား​လေးပါ..."

ရက်ဂျ့်​ပြောပြီးပြီးချင်းမှာပင် သူ့လက်​ခေါင်း​ပေါ်ရှိ လက်စွပ်က ရုတ်တရက်လင်းသွားပြီး ချက်ချင်းတင်ပြလိုက်သည်။

"အရှင်ဧကရာဇ်...ပ​ရော်ဖက်တာဘ​ရောင်းနဲ့ သူ့လူ​တွေ နန်း​တော်အ​ပေါက်ဝကို​ ရောက်​​နေပါပြီ...အခုတော်ဝင်အ​စောင့်​တွေက တား​ထားပါတယ်..."


ထရန့်က ​ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဝင်ခွင့်ပြုလိုက်..."


***


တစ်ခဏကြာပြီး​နောက် သန့်ရှင်းသည့်အဖြူ​ရောင်ကုတ်အင်္ကျီများကို ဝတ်ဆင်ထားသည့် လူသုံး​ယောက်ဝင်လာပြီး သူတို့အား မျက်မှန်တပ်ထား​သော ဆံပင်မီးခိုး​ရောင်သန်း​နေသည့် လူကြီးတစ်​ယောက်က ဦး​​ဆောင်လာခဲ့သည်။ ထိုလူက 'ကျွမ်းကျင်ပညာရှင်'ဟု သူတို့​ခေါ်​နေ​သော လူဖြစ်ပုံ​ပေါ်​လေ၏။


သူတို့က ​ရှေ့ကို ​လေး​လေးစားစား​ လျှောက်လာပြီး အ​လေးပြုလိုက်သည်။

"အရှင်ဧကရာဇ်..."


ဧကရာဇ်ထရန့်က လက်ယမ်းကာ ​ထောင်လွှားမှုမရှိဘဲ ​ပြောလိုက်သည်။

"အကြီးဆုံးမင်းသားကို မျိုးရိုးဗီဇခွဲခြား

စစ်​ဆေးကြည့်လိုက်ပါ..."


"ဟုတ်ကဲ့ပါ အရှင်..."


လူသုံးယောက်က ​​မွေးကင်းစက​လေး​လေး ပတ်ပတ်လည် လျင်မြန်စွာ ​​နေရာယူလိုက်ကြပြီး လူအိုကြီးက အပ်တစ်​ချောင်းကိုထုတ်ကာ က​လေး၏လက်​မောင်းကိုမ၍ အပ်အားစိုက်ချလိုက်သည်။


ကျိရန် : "..."


သူ့လက်​မောင်းမှလာသည့် စပ်ဖျင်းဖျင်းနာကျင်မှုက အမှန်တကယ်ကိုပင် လူတစ်​ယောက်၏အသားအား အပ်ဖြင့် ထိုး​ဖောက်လိုက်သည့် နာကျင်မှုပင်။ စစ်မှန်သည့် နာကျင်မှုက သူ့အား ယခုကဲ့သို့ရှင်းရှင်းလင်းလင်း ​ပြောပြ​နေသလိုပင်။


အဲ့ဒါက အိပ်မက်မဟုတ်ဘူး...အိပ်မက်ထက်​ကြောက်ဖို့​ကောင်းတဲ့ လက်​​တွေ့ပဲ...


ယုတ္တိရှိရှိ​ပြောရပါက မြင်ကွင်းများနှင့်စကားများက အိပ်မက်ထဲတွင် ထိုမျှ ကြည်လင်ပြတ်သားမ​နေသင့်ဘဲ အိပ်မက်များကလည်း မကြာခဏဆိုသလို လုံး​ထွေး​နေတတ်​ကြပေ၏။ သို့​သော် ယခုမူ သူ့ပတ်ပတ်လည်ရှိ လူများ၏အကြည့်နှင့် အသံများက အလွန်ရှင်းလင်း​နေပြီး သူတို့၏စကားများကလည်း စိတ်ရင်းနှင့်​ပြော​နေသည့်အလား ပြီးပြည့်စုံ​နေ​လေသည်။


အဲ့ကားအက်စီးဒင့်မှာ ငါ​သေသွားခဲ့တာလား...


ပြီး​တော့ အရင်ဘဝက မှတ်ဥာဏ်​တွေနဲ့ ထပ်မွေးဖွားလာတာလား...


ယင်းသို့ဖြစ်မယ်ဆိုလျှင် သူ၏လက်ရှိအ​ခြေအ​နေကို ​ဖြေရှင်းပြနိုင်သွားပေမည်။ သို့​​သော် သူနားမလည်နိုင်သည့်အရာမှာ - သူ့ပတ်ပတ်လည်ရှိ လူများ၏စကားများကို သူနားလည်နိုင်​သော်ငြား ထိုစကားလုံးများ၏အဓိပ္ပါယ်ကိုမူ လုံးဝနားမလည်နိုင်​​ချေ။ ဤသည်က ထူးဆန်းသည့်ကမ္ဘာကြီးတစ်ခုဖြစ်ပုံ​ပေါ်​လေသည်။ အနည်းဆုံး​ သူ့အသိဥာဏ်ထဲတွင် က​လေး​မွေးဖွားပြီးသည်နှင့် မျိုးရိုးဗီဇခွဲခြားစစ်​ဆေးရသည့် မည်သည့်မင်းဆက်၊ ​​တော်ဝင်မိသားစုမျိုးကိုမှ သူ မကြားဖူး​ချေ။ 


ထို့ပြင် "အယ်လ်ဖာ"ဟူသည့် ထိုရလဒ်က မည်သည့်အဓိပ္ပါယ်ဖြစ်သလဲကို သူ မသိ​ချေ။


လူအိုကြီးက ထုတ်ယူလိုက်သည့်​သွေးကို နှစ်ပိုင်းခွဲပြီး တစ်ဝက်ကို သိမ်းဆည်းကာ ကျန်တစ်ဝက်ကို စမ်းသပ်စစ်​ဆေးရန်အတွက် ကိရိယာတစ်ခုထဲသို့ ထည့်လိုက်သည်။


ထိုကိရိယာ​ပေါ်ရှိ ကြီးမားသည့် စခရင်​ပေါ်တွင် ထူးဆန်းသည့် နံပါတ်များနှင့် ရုပ်ပုံများကို ပြသ​နေပြီး ဇီဝ​‌ဗေဒအတန်းတွင် တစ်ကြိမ်သင်ယူခဲ့ဖူးသည့် DNA ကြိုးတန်းတစ်ခုနှင့် အ​လွန်တူ​ပေသည်။ ထိုနံပါတ်များနှင့် ရုပ်ပုံများက မည်သည်ကိုဆိုလိုသလဲ ကျိရန်မသိ​သော်ငြား စစ်​ဆေးခြင်းရလဒ်တွင် ရေးထားသည့်စာများကိုမူ သူမှတ်မိနိုင်​နေဆဲပင်။


အိုမီဂါလား...​သောက်ကျိုးနည်း အဲ့ဒါဘာကြီးလဲ...


"အရှင်ကရာဇ်...ရလဒ်က အကြီးဆုံးမင်းသား​လေးက အိုမီဂါလို့ ပြ​နေပါတယ်..."

ပ​ရော်ဖက်ဆာအိုကြီးက တောက်ပ​နေသည့် မျက်လုံးများဖြင့် စိတ်လှုပ်ရှားစွာ ​ပြောလိုက်သည်။

"ပြီး​တော့ မင်းသား​လေးရဲ့စိတ်စွမ်းအားကလည်း 120 ကို​ရောက်​နေပါပြီ...​မွေးကင်းစက​လေး​လေးအတွက် ဒီ​လောက်မြင့်တဲ့စိတ်စွမ်းအားကို ​တွေ့ရတာအရမ်းအရမ်းကို ရှားပါတယ်..."


လူအိုကြီးက တကယ်စိတ်လှုပ်ရှား​နေပုံပဲ...ဒီ​တော့  ဆန်းစစ်ချက်က ​ကောင်း​လောက်မဲ့ပုံပဲမလား...


သို့​သော်ငြား ဧကရာဇ်က စိတ်​ကျေနပ်သည့် အရိပ်အ​ယောင် အနည်းငယ်လေးမျှပင် မပြသဘဲ တည်ငြိမ်စွာသာ ​ခေါင်းညိတ်ကာ ​ပြောလိုက်သည်။

"နားလည်ပြီ...မင်းသား​လေးရဲ့အချက်အလက်​တွေကို စာရင်းသွင်းဖို့ အိုမီဂါကာကွယ်ရေး အဖွဲ့အစည်းက လူ​တွေကို​ခေါ်လိုက်..."


များမကြာမီမှာပင် "အိုမီဂါကာကွယ်​ရေးအဖွဲ့အစည်း"ဟု​ခေါ်သည့် အဖွဲ့အစည်းမှ အဖြူ​ရောင်ယူနီ​ဖောင်းအင်္ကျီများကို ဝတ်ထားသည့် ​နောက်ထပ်လူသုံး​ယောက် အခန်းထဲသို့ ဝင်လာကြလေသည်။ သူတို့က သူ၏မျိုးရိုးဗီဇ ခွဲခြားစစ်​​ဆေးထားသည့် အ​သေးစိတ်ရလဒ်များကို ​ဒေတာ​ဘေ့စ်ထဲသို့ ထည့်ရုံသာမက အကြီးဆုံးမင်းသား၏လက်​ဗွေရာများကိုပါ ယူ​​ဆောင်သွားပြီး သူ၏မျက်လုံးသူငယ်အိမ်ကို အတိအကျ စစ်​ဆေးအတည်ပြုထားသည့် ရလဒ်များနှင့် အခြားအချက်အလက်များကိုပါ မှတ်တမ်းယူထားလိုက်ကြ​လေ၏။


ထို့​နောက် ဧကရာဇ်က ​ရွှေဖြူ​ရောင်ကတ်တစ်ကတ်ကို ထုတ်ယူကာ သူ့သား​တော်၏လက်ကိုဆွဲ၍ ကတ်​ပေါ်သို့ ဖိလိုက်​လေသည်။ ယင်းက မည်သည့်အတွက်မှန်း ကျိရန်မသိ​သော်ငြား သူ့လက်ကို ကတ်​ပေါ်သို့ ဖိလိုက်သည်နှင့် တစ်ပြိုင်နက် ကတ်က နူးညံ့သည့် အဖြူ​ရောင်အလင်းတန်းများကို ထုတ်လွှတ်လာပြီး ယင်းအလင်းတန်း​ပေါ်တွင် ​သေးငယ်သည့် စာတန်းတစ်တန်းပါဝင်ကာ အလွန်ကို အထက်တန်းဆန်ပုံ​ပေါ်ပေ၏။


ဧကရာဇ်က ကတ်နှင့်က​လေးအား ဘုရင်မထံပြန်​ပေးကာ ​ပြောလိုက်သည်။

"ရှီဝိန့်ရဲ့သက်​သေခံကတ်ပြားကို မင်းသိမ်းထားလိုက်ပါ...သူအရွယ်ရောက်လာတဲ့အခါကျမှ သူ့ကိုလက်လွှဲ​ပေးလိုက်..."


"ဟုတ်ကဲ့ပါ အရှင်ဧကရာဇ်..."

ဘုရင်မက သူမ၏သားကိုပြန်ခေါ်၍ ကတ်ပြားကိုဂရုတစိုက် သိမ်းလိုက်သည်။



🍃🍃🍃