Ch-7
ကျိုးမိသားစုအိမ်တွင်
ကျိုးထောင်ဟွားတစ်ယောက် ချမ်ရှီချက်ပြုတ်ထားသည့်ယုန်သားပြောင်းဆန်ပြုတ်ကို
မြိန်ရေယှက်ရေစားရင်း တောက်လျှောက်ပင် ချီးကျူးနေတော့သည်။
"အမေ......အမေ့လက်ရာက
ဘာလို့ဒီလောက်တောင်ကောင်းနေရတာလဲ"
ယခုဘဝသို့ကူးပြောင်းမလာခင်၌
ကျိုးထောင်ဟွားမှာကြယ်ငါးပွင့်အဆင့်ရှိသော ဟိုတယ်အမျိုးမျိုးတွင်
စားသောက်ခဲ့ဖူးသော်လည်း ချမ်ရှီ၏လက်ရာကိုတော့ မည်သည့်ဟိုတယ်မှမယှဉ်နိုင်ဟု
အမှန်တစ်ကယ်ခံစားမိလေသည်။
ထို့ပြင်ဤအိမ်တွင်
ဝက်ဆီမှလွဲလျှင် အခြားဟင်းခတ်အမွှေးအကြိုင်ဟူသည်မှာ
ဆားတစ်မျိုးတည်းသာရှိသည်မဟုတ်ပါလား။
ချမ်ရှီသူမပန်းကန်ထဲမှ
ယုန်သားများကို ထောင်ဟွားပန်းကန်ထဲသို့ထည့်ပေးရင်း ပြုံးကာ ပြောလိုက်သည်။
"ဒါကပါရမီပါလို့ပဲနေမှာ
မင်းအဖေကလဲ အမေ့လက်ရာကအခြားသူတွေထက် ပိုကောင်းတယ်လို့အမြဲပြောနေကျလေ၊ဒါနဲ့
ထောင်ဟွား......မင်းဦးလေးက နတ်ဆိုးစွမ်းအင်တစ်ကယ်ဝင်ပူးခံရတာလား၊ပြီးတော့
သမီးကသူ့ကိုတစ်ကယ်,ကယ်လိုက်တာလား၊မှော်ပညာကို
သမီးကဘယ်လိုလုပ်ပြီးတတ်နေတာလဲ"
ချမ်ရှီပြောရင်းနှင့်ပင်
ပို၍မယုံကြည်နိုင်အောင်ဖြစ်လာရသည်။ကျိုးထောင်ဟွားသည်မူ
ဆင်ခြေအားပြင်ဆင်ပြီးသားဖြစ်၍ ပြန်ဖြေလိုက်၏။
"အမေ......ဒါကလဲပါရမီပါလို့ပဲဖြစ်မှာပါ၊အဖွားက
သမီးကိုသုံးရက်လုံးအစာအငတ်ထားပြီးမှ ဒီပါရမီကရုတ်တရက်ကြီး နိုးထလာတာလေ"
ချမ်ရှီမှာအံ့အားသင့်သွားရသည်။
*ဘုရားရေ......မယုံနိုင်စရာပဲ*
"ထောင်ဟွား.....များများစားနော်
သမီးဦးလေးကလူဆိုးဖြစ်ပေမယ့်လဲ အသက်တစ်ချောင်းကယ်တင်တာက ဘုရားခုနစ်ဆူတည်တာထက်
မြတ်ပါတယ်လေ၊သမီးအတွက်လဲ ကုသိုလ်ရတာပေါ့၊ဒါကကောင်းတဲ့ကိစ္စပဲလေ၊နောက်ကျဒီလိုမျိုးတွေနဲ့ကြုံလာရင်လဲ
ကယ်သင့်တဲ့သူဆိုကယ်ပေးရမယ်နော်"
ချမ်ရှီမှဆိုဆုံးမလာ၏။
ချမ်ရှီမှာ
စိတ်ကောင်းရှိသူဖြစ်သော်လည်း ပြတ်သားလှသူတစ်ဦးလဲဖြစ်သည်။
"အမေ......သမီးသိပါတယ်၊ဒီနေ့
သမီး၁၀တေးရှာခဲ့တယ်ဆိုတော့ သမီးတို့မိသားစုအကြွေးတွေကိုဆပ်လို့ရပြီ၊ဒီနေ့ကစပြီး
ဒီအတတ်ပညာနဲ့ပဲငွေရှာပြီး သမီးတို့မိသားစုဘဝကို ဖြည်းဖြည်းချင်းတိုးတက်အောင်
လုပ်သွားမယ်လို့ စိတ်ကူးထားတယ်"
ကျိုးထောင်ဟွားသည်
အဖွားစွင်းထံမှရလာသော၁၀တေးအား ချမ်ရှီထံကမ်းပေးလိုက်သည်။
ချမ်ရှီမှာထောင်ဟွားပေးသောပိုက်ဆံအား
မြင်လိုက်ရချိန်မှာပင် မျက်ရည်များဝဲတက်လာတော့၏။ဤငွေများအားမြင်လိုက်သည်နှင့်
အဖွားကြီးစွင်းလက်ထဲတွင်ထောင်ဟွားတစ်ယောက်သုံးရက်လုံးအစာအငတ်ခံခဲ့ရကြောင်းအမှတ်ရသွားသောကြောင့်ပင်။
အဲ့ဒီစုန်းမအိုကြီး!
"အမေသိပါပြီ၊ခဏနေရင်အိမ်တိုင်းစေ့သွားပြီး
အကြွေးတွေပြန်ဆပ်လိုက်မယ်၊၂ တေးတော့ကျန်ဦးမှာပဲ၊အဲဒါနဲ့
သမီးအတွက်အင်္ကျီအသစ်ချုပ်ဖို့ ဝါဂွမ်းတွေ သွားဝယ်ပေးမယ်လေ"
ချမ်ရှီအကြံပြုလိုက်သည်။
ကျိုးထောင်ဟွားခေါင်းယမ်းလိုက်၏။ယခုမှသြဂုတ်လကျော်ကာစသာရှိသေး၍
ရာသီဥတုမှာအေးစပြုရုံရှိသေးသည်။ဆောင်းတွင်းဝတ်အင်္ကျီချုပ်မည့်အစား
အိမ်ကိုပြုပြင်သည်ဖြစ်စေ အသစ်ပြန်ဆောက်သည်ဖြစ်စေလုပ်လိုက်သည်မှာသာ
ပိုသင့်လျော်သည်ဟုခံစားရ၏။
သူမယခုလေးတင်
တွက်ချက်ကြည့်ခဲ့ရာ ကျိုးကျားရွာသည် နောက်သုံးနှစ်အတွင်းကြီးမားသော
ဘေးအန္တရာယ်ဆိုးကြီးနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်းနှင့်
ယခုနှစ်ဆောင်းတွင်း၏အလွန်အကျွံ့နှင်းကျမှုမှာ
ထိုဘေးဆိုးကြီး၏အစပျိုးမှုသာဖြစ်ကြောင်း သူမခန့်မှန်းမိသည်။
ထို့နောက်တွင်တော့
မိုးသီးကြွေခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်း၊မိုးခေါင်ခြင်း၊ငလျင်လှုပ်ခြင်းကဲ့သို့......သဘာဝဘေးအန္တရာယ်များသာမက
လူကြောင့်ဖြစ်သောဘေးဒုက္ခများပါကျရောက်လာပေဦးမည်။
ကျိုးထောင်ဟွား၏မျက်ခုံးသွယ်သွယ်မှာ
တွန့်ချိုးသွားရပြီး ပုလဲရောင်သွားလေးများဖြင့် အောက်နှုတ်ခမ်းကိုခပ်ဖွဖွ
ကိုက်လိုက်မိကာ သူမမျက်ဝန်းများတွင် စိုးရိမ်ရိပ်များဖြင့်ပြည့်နှက်သွားတော့သည်။
"အမေ......အခန်းသုံးခန်းပါတဲ့အိမ်တစ်လုံးကို
အသစ်ဆောက်ရင် ဘယ်လောက်ကုန်မလဲ"
ကျိုးထောင်ဟွား
မေးလိုက်သည်။
ခိုင်ခိုင်ခံ့ခံ့ရှိသည့်အိမ်ရှိမှသာ
နှင်းဒဏ်ကိုခံနိုင်ရည်ရှိမည်ဖြစ်ပြီး
ဆောင်းတွင်းတွင်လည်းလူများအေးခဲသေဆုံးခြင်းမှနေ ကာကွယ်နိုင်မည်ဖြစ်၏။
"အဲဒါကတော်တော်လေးကုန်မှာ
သမီးရဲ့၊ပန်းရံဆရာတစ်ယောက်တည်းနဲ့တင် တစ်ရက်ကို ပြား၃၀ပေးရတာ၊အလုပ်သမားတွေကို
ကိုယ်တိုင်လုပ်ခိုင်းရင်တောင်၅ ပြားလောက်တော့ကုန်မှာပဲ"
ချမ်ရှီပြောရင်းပင်
ကျိုးထောင်ဟွားထံလှည့်ကြည့်ကာ သတိဝင်လာပြီး
"ထောင်ဟွား......ဒီအကြောင်းကိုဘာလို့
မေးတာလဲ၊အိမ်အသစ်ဆောက်ချင်လို့လား"
"ဟုတ်တယ်အမေ၊သမီးတို့မှာ
၂တေးရှိနေပြီပဲဟာ နောက်ထပ် ၃တေးလောက်ထပ်စုလိုက်ရင်ရပြီပေါ့"
ထိုသို့မဟုတ်ဘဲဆောင်းတွင်းရောက်သွားပါက
ဘဝမှာခက်ခဲရပေလိမ့်မည်။လေအေးများမှာ အက်ကွဲကြောင်းများကြားမှနေ
တိုးဝင်လာမည်ဖြစ်ပြီး သည်းသည်းထန်ထန်ကျဆင်းလာသော နှင်းများကြောင့်
သက်ကယ်အိမ်ခေါင်မိုးပြိုကျနိုင်ကာ နွေးနွေးထွေးထွေးနေစရာမရှိတော့ဘဲ
နောက်ဆုံးအေးခဲသေဆုံးသွားကြနိုင်ပေသည်။
ချမ်ရှီချက်ချင်းဆိုသလိုသဘောတူလိုက်၏။
"ဟုတ်ပါပြီ......ထောင်ဟွားပြောသလိုပဲ
လုပ်ကြတာပေါ့"
ရွာရှိမိသားစုတိုင်းနီးပါးမှာ
တစ်နှစ်လုံးနေမှ ၂တေးသာရနိုင်ကြပြီး နောက်ထပ် ၃တေးထပ်စုရန်မှာမလွယ်ကူမှန်း
သူမသိနေသော်လည်း ထောင်ဟွားမှာအိမ်အသစ် ဆောက်ချင်သည်ဟုဆိုလာမှတော့ ဆောက်ပေးရမည်ပင်။
ဤအိမ်သည်
အာ့ရှု၏ဘိုးဘွားများနေထိုင်ခဲ့သည့် အိမ်အိုကြီးဖြစ်ပြီး နောက်ပိုင်းတွင်မှ
သူတို့မိသားစုသုံးယောက်အိမ်ခွဲ၍နေထိုင်ခဲ့ကြသည်မှာ
၁၀နှစ်ပင်ရှိပြီဖြစ်သည်။အိမ်မှာလည်း
အမှန်တစ်ကယ်အိုဟောင်းနေပြီဖြစ်ပြီးတံခါးနှင့်ပြတင်းပေါက်များမှာလည်း
ပြိုကျလုနီးပါးဖြစ်နေပြီပင်။
အကြွေးများသွားဆပ်ပြီးနောက်
ချမ်ရှီသည် လက်ထဲတွင်ပစ္စည်းများကိုင်ဆောင်လျက် ပြန်ရောက်လာတော့သည်။
ရွာသားများသည်
ချမ်ရှီ၏ငွေကိုလက်မခံကြဘဲ သူမတို့မိသားစုဒုက္ခကိုသာ
ကိုယ်ချင်းစာကြ၏။ထို့ကြောင့်ပင် ချမ်ရှီပြန်လာသောအခါ
အချို့မှဟင်းသီးဟင်းရွက်များ၊အချို့မှာကိုယ်တိုင်စိုက်ထားသောခရမ်းသီးများကိုထည့်ပေးလိုက်ကြပြီး
ရွာလူကြီးသည်ပင် ကြက်ဥဆယ်လုံးကိုအိမ်ယူသွားရန် ပေးလိုက်သေးသည်။
ချမ်ရှီပစ္စည်းများအားချထားပြီး
ကျန်ငွေ၂တေးကို ကျိုးထောင်ဟွားထံပေးလိုက်၏။
"ထောင်ဟွား......ဒီငွေကို
သမီးပဲသိမ်းထားလိုက်နော်၊အလုပ်ရှင်က အမေ့ကို
ဒီတစ်ခေါက်လုပ်အားခအနေနဲ့ကြေးပြားတစ်ရာ ပေးလိုက်သေးတယ်၊အဲဒါကိုလဲ
သမီးပဲသိမ်းထား၊ဒီနေ့ကစပြီး သမီးပဲအိမ်ထောင်ဦးစီးလုပ်တော့"
ကျိုးထောင်ဟွားမှာလက်ထဲရှိငွေများအားစိုက်ကြည့်ရင်းပြောလိုက်သည်။
"အမေ.....မနက်ဖြန်ကျရင်
သမီးမြို့ထဲသွားပြီး အဆောင်စာရွက်တွေနဲ့ပြဒါးရိုင်းသွားဝယ်လိုက်မယ်"
ထိုသို့ဆိုလျှင်
အဆောင်များရောင်းပြီး ငွေရှာနိုင်မည်ဖြစ်သည်။သူမအတွက်တော့
ဘေးကင်းလုံခြုံရေးအဆောင်နှင့် လာဘ်လာဘပွင့်အဆောင်များပြုလုပ်ရန်မှာ
အလွန်လွယ်ကူလှသည့်အလုပ်ပင်မဟုတ်ပါလား။
........
ကျိုးမိသားစုအိမ်ဟောင်းတွင်
အဖွားစွင်းသည်
ကျိုးစန်းရှီ၊ဝမ့်ရှီတို့နှင့်အတူပြန်ရောက်လာပြီးနောက်
အိမ်ရှေ့ခန်းရှိခုံတန်းပေါ်ဒေါသတကြီးထိုင်ချလိုက်သည်။ဝမ့်ရှီအား
ရေခပ်ခိုင်းပြီးတစ်ငုံတည်းဖြင့် သူမမော့သောက်ချလိုက်၏။
"ဒီနေ့ကတော့
တစ်ကယ့်ကိုကံဆိုးတဲ့နေ့ပဲ၊တေးနှစ်ဆယ်မရတဲ့အပြင် ဆယ်တေးတောင်ရှုံးသွားသေးတယ်"
အဖွားစွင်း
ရေနွေးခွက်ကိုချကာကျိန်ဆဲနေတော့သည်။ဝမ့်ရှီမှာ ကျိုးစန်းရှီနားသို့ သွားကာ
ရေတစ်ခွက်ငှဲ့ပေးလိုက်ပြီး ဖြူဖျော့နေသော သူ့မျက်နှာအားကြည့်ကာ
စိတ်မကောင်းဖြစ်နေရှာတော့၏။
ကျိုးစန်းရှီမှ
ပြောလာသည်။
"အမေ......ထောင်ဟွားဆိုတဲ့
အဲ့ကောင်မစုတ်လေးက ဒီနေ့အမေ့ကိုလိမ်သွားတာမဟုတ်ဘူးလား၊အမေ့ဆီကနေ
ဆယ်တေးတောင်လိမ်ယူသွားတာ ဆယ်တေးတောင်နော်၊ဒါကိုဒီအတိုင်းပဲ
လွှတ်ထားတော့မှာလား"
အဖွားစွင်းမျက်နှာမှာရှုံ့မဲ့သွားပြီး
အံကြိတ်၍ပြောလိုက်သည်။
"လုံးဝမဖြစ်နိုင်ဘူး"
ယခုအချိန်တွင်
သူမမြေးကြီးနှင့်မြေးလတ်တို့အတွက် တင်တောင်းငွေ၊ထို့ပြင်
ယခုခုနစ်နှစ်အရွယ်မြေးအငယ်ဆုံးလေးအတွက်လည်း အစစအရာရာငွေလိုအပ်နေသည်။သူမမှာ
မြေးအငယ်ဆုံးလေးအားမြို့ရှိကျောင်းတွင်ထားပြီး ကျိုးကျားရွာ၏ပထမဆုံးသော
ပညာရှိကြီးဖြစ်အောင်လုပ်ကာ ဂုဏ်တက်ချင်နေသည်မဟုတ်ပါလား။
သို့သော်
ဤအစီအစဉ်အားလုံးမှာ ထောင်ဟွားကြောင့် ပျက်စီးသွားရသည်။ထို့အပြင်
လူကြီးမင်းလီအားမည်ကဲ့သို့မျက်နှာပြရမည်မှန်းပင် သူမ,မသိတော့ပေ။
အဖွားစွင်းမျက်လုံးများမှာ
ကောက်ကျစ်သောအကြံအစည်များဖြင့် လည်ပတ်နေတော့သည်။သူမသည် လင်မယားနှစ်ယောက်အား
လက်ယပ်ခေါ်လိုက်ကာ
"ဒီကိုလာကြ
မနက်ဖြန်ကျရင်ဒီလိုလုပ်......"
........
နောက်တစ်နေ့တွင်
ကျိုးထောင်ဟွားနှင့်သူမမိခင်တို့ မနက်စာစောစောစားပြီး
ခြင်းတောင်းများကိုယ်စီလွယ်ကာ မြို့သို့ သွားရန် ပြင်ဆင်လိုက်ကြသည်။
ချမ်ရှီမြို့ထဲအလုပ်,လုပ်စဉ်၌
အားလပ်သည့်အချိန်များတွင် အပ်ချုပ်ပန်းထိုးထည်များပြုလုပ်တတ်လေ့ရှိ၏။ယနေ့
သူမမှာထိုပစ္စည်းလေးများကိုမြို့တွင်ရောင်းပြီး ငွေရှာရန်စီစဥ်ထားသည်။ချမ်ရှီသည်
ခြံတံခါးကိုသော့ခတ်လိုက်စဉ်မှာပင်
အကူအညီတောင်းသံအားကြားလိုက်ရ၏။လှည့်ကြည့်လိုက်သောအခါ ဆံပင်ဖရိုဖရဲနှင့်ထိတ်လန့်တုန်လှုပ်နေသောမျက်နှာဖြင့်ပြေးလာသည့်
ဝမ့်ရှီကိုမြင်လိုက်ရသည်။
"ကယ်ကြပါဦး"
"စန်းရှီဆီကို
နတ်ဆိုးဝိညာဉ်ကထပ်ဝင်ပူးပြန်ပြီ"
"ထောင်ဟွား......မြန်မြန်လာပြီးမင်းဦးလေးကိုကယ်ပေးပါဦး"
ဝမ့်ရှီမှာတစ်ရွာလုံးကြားအောင်
အော်ဟစ်လိုက်သည်။ရွာသားများမှာစောစောထလေ့ရှိကြရာ ပေါင်းသင်သူသင်၊တောထဲ
ထင်းခွေသူခွေ၊ရေခပ်သူခပ်ဖြင့် အလုပ်ရှုပ်နေကြချိန်ဖြစ်၏။
ဝမ့်ရှီအော်သံအားကြားလိုက်ရသောအခါ
ရွာသားများသည်လုပ်လက်စအလုပ်များကို ပစ်ထားခဲ့ပြီးခြံထဲမှထွက်ကြည့်ကြတော့သည်။
"ဝမ့်အားယွင်ဘာတွေအော်နေတာလဲ"
"ကျိုးစန်းရှီဆီကို
နတ်ဆိုးဝိညာဉ်ကထပ်ဝင်တာလား"
"ဘုရားရေ......စန်းရှီကဘာလို့ဒီလောက်တောင်
ကံဆိုးရတာလဲ"
ဝမ့်ရှီ
ကျိုးထောင်ဟွားဆီအပြေးအလွှား ရောက်လာပြီး သူမလက်ကိုဆွဲကာ အသနားခံတော့သည်။
"ထောင်ဟွား......ကျေးဇူးပြုပြီး
မင်းဦးလေးကို ကယ်ပေးပါဦး"
ဝမ့်ရှီအမူအရာမှာ
သဘာဝမကျဘဲတစ်ခုခုထူးဆန်းနေသည်ကို ကျိုးထောင်ဟွားသတိထားမိလိုက်သည်။သူမအော်ဟစ်သံမှာ
ကျယ်လောင်လှသော်လည်း ရိုးသားမှုကင်းမဲ့နေ၏။
သူမပါးပြင်ထက်တွင်ဆံပင်အချို့ကျနေသော်လည်း
မျက်လုံးထဲမှဟန်ဆောင်ထိတ်လန့်မှုကိုမူ ဖုံးကွယ်ထား၍မရနိုင်ပေ။ပြေးလာစဉ်မှာလည်း
တစ်ချက်တစ်ချက်ရပ်တန့်သွားတတ်ကာ လူများသတိထားမိမမိကို အကဲခတ်နေသေး၏။
ကျိုးထောင်ဟွား
ဝမ့်ရှီထံအေးစက်စက်တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှနေလှောင်ပြုံး,ပြုံးလိုက်သည်။ဤမျှလောက်
ညံ့ဖျင်းလှသည့်သရုပ်ဆောင်မှုမျိုးဖြင့် သူမအားလှည့်စားနိုင်မည်ဟု ထင်နေကြသည်ပင်။
မနေ့၌ကျိုးစန်းရှီထံမှ
နတ်ဆိုးကိုနှင်ထုတ်ပေးခဲ့ပြီး ယနေ့နောက်တစ်ကောင်ထပ်ဝင်ပူးသည်ဆိုသည်မှာ
မယုံနိုင်စရာဖြစ်၏။
ရွာသားများလည်း
စုရုံးလာကြပြီး
"ကျိုးစန်းရှီက
သနားစရာကောင်းလိုက်တာ၊ထောင်ဟွား......သွားကြည့်ပေးလိုက်ပါဦး"
"ဟုတ်တယ်
ထောင်ဟွား"
အားလုံးမှာ
ကျိုးထောင်ဟွားအားသွားကြည့်ပေးရန် တိုက်တွန်းနေကြသည်ကိုမြင်သောအခါ
ဝမ့်ရှီသည်သူမမျက်လုံးထဲမှ လှောင်ပြောင်မှုကိုဖုံးကွယ်ရန် ချက်ချင်း
ခေါင်းငုံ့လိုက်ရသည်။
ခဏနေလျှင်
သူမသည်လူအများရှေ့တွင် ကျိုးထောင်ဟွား၏လိမ်လည်လှည့်ဖြားမှုများကိုဖော်ထုတ်ပြီး
မနေ့၌ပေးလိုက်ရသော ဆယ်တေးကိုအတိုးနှင့်တကွ ပြန်တောင်းမည်ဖြစ်၏။
"ထောင်ဟွား......အိမ်ဟောင်းကိုအရင်သွားကြည့်ကြရအောင်လေ
သိပ်ကြာမှာ မဟုတ်လောက်ပါဘူး"
ချမ်ရှီပြောလိုက်သည်။
ချမ်ရှီကပါ
လူတိုင်းနည်းတူတိုက်တွန်းလာ၏။ထောင်ဟွားအနေဖြင့် လူအသက်ကယ်တင်ခြင်းသည်
ကုသိုလ်များအားစုဆောင်းခြင်းသာဖြစ်သည်ဟု သူမထင်မြင်လေသည်။
ကောင်းမှုကုသိုလ်ပြုခြင်းသည်
မိမိအတွက်ကောင်းချီးမင်္ဂလာများအား စုဆောင်းခြင်းသာဖြစ်သည်ဟု
ချမ်ရှီမှာအခိုင်အမာယုံကြည်ထားသူဖြစ်၏။ကျိုးထောင်ဟွားနှင့်လူတစ်စုသည်
ကျိုးမိသားစုအိမ်ဟောင်းဆီသို့ ဦးတည်ထွက်ခွာလာကြသည်။ကျိုးထောင်ဟွားတို့မိသားစုမှာ
အမြဲတစေခြိုးခြံချွေတာ၍နေထိုင်ခဲ့ကြပြီး သူတို့ခြံမှာလည်း
ရိုးရိုးဝါးခြံစည်းရိုးဖြင့်သာခတ်ထားခြင်းဖြစ်၏။သို့သော် ကျိုးမိသားစု
အိမ်ဟောင်းမှာမူ ထိုသို့မဟုတ်ပေ။ခြံကို ရွှံ့အုတ်တံတိုင်းဖြင့်ခတ်ထားပြီး
ခိုင်ခံ့သောသစ်သားတံခါးကြီးနှစ်ချပ်လည်းရှိသည်။
အိမ်အရှေ့ဘက်၌
အခန်းနှစ်ခန်း၊အနောက်ဘက်၌ အခန်းနှစ်ခန်းရှိပြီး အိမ်မကြီးနှင့်အိမ်ခန်းမအပါအဝင်
စုစုပေါင်းအခန်းခြောက်ခန်းရှိလေရာ
ကျိုးထောင်ဟွားတို့၏အခန်းသုံးခန်းထဲရှိသောအိမ်ထက် ပို၍ခန့်ထည်လှ၏။
ခြံအနောက်တောင်ထောင့်တွင်
ကြက်နှင့် ဘဲအကောင်၂၀၊ ၃၀ခန့်ရှိသော ကြက်ခြံတစ်ခုရှိသည်။ကြက်မတစ်ကောင်မှာ
ကြက်ခြံထဲမှနေတွန်မြည်ရင်းထွက်လာပြီး
ထိုကြက်ခြံထဲတွင်ကြက်ဥတစ်ဒါဇင်ကျော်ပင်ရှိနေပြီပင်။
ဝမ့်ရှီမှာကျိုးထောင်ဟွားအား
အိမ်ခန်းမဆီသို့ခေါ်လာလေ၏။
ဝမ့်ရှီမှ
ဤမျှများပြားသောရွာသားများကို ပွဲကြည့်ပရိသတ်အဖြစ်ခေါ်လာသည်အားမြင်သောအခါ
အဖွားစွင်းသည်စိတ်ထဲမှနေ၍ ဝမ့်ရှီအားချီးကျူးမိသွားသည်။ဒီတစ်ခေါက်တော့ သူမအလုပ်ကို
သေသေချာချာလုပ်နိုင်သားပဲဟုပင် တွေးလိုက်မိသေး၏။
မကြာမီတွင်
ကျိုးထောင်ဟွား၏ဆရာယောင်ယောင် သမားယောင်ယောင်အပြုအမူနောက်ကွယ်မှ အမှန်တရားကို
သူမကိုယ်တိုင်ဖော်ထုတ်ပြတော့မည်ပင်။