Ch 12
Viewers 4k


Ch-12


ဝေ့ကျန့်ဖုန်း သူ့ခါးအားအလိုလိုစမ်းကြည့်လိုက်ရာ ပိုက်ဆံအိတ်အခိုးခံလိုက်ရပြီပင်။

သူ့စိတ်ထဲဗလာဖြစ်သွားပြီး မျက်နှာတစ်ခုလုံးသွေးဆုတ်ဖြူလျော်သွားတော့သည်။ထိုအိတ်ထဲတွင် တစ်မိသားစုလုံး၏တစ်လစာနီးပါးရှိသောအသုံးစရိတ် ပါရှိနေခြင်းကြောင့်ပင်။

ကျိုးထောင်ဟွား ချက်ချင်းဆိုသလိုလိုက်ဖမ်းရန်ပြင်လိုက်သော်လည်း သူမထက်အရင် အရပ်ရှည်ရှည်ဖြင့်လူရိပ်တစ်ခုမှာရှေ့သို့ပြေးထွက်သွားတော့သည်။သူ့အရှိန်မှာ လျှပ်စီးလက်သကဲ့သို့မြန်ဆန်လှပြီး သူခိုးမှလူအုပ်တွင်းတိုးဝင်ပျောက်ကွယ်ခါနီးဆဲဆဲမှာပင် ဖမ်းမိသွားတော့၏။

ကျိုးထောင်ဟွား ဝမ်းသာအားရဖြင့်လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။

"အစ်ကိုရှန်းမင်က တစ်ကယ်တော်တာပဲ"

သူခိုးမှာရှန်းမင်လက်များကြားမြှောက်ကိုင်ခံထားရ‌၍ မည်သို့မှမလှုပ်သာတော့ပေ။ရှန်းမင် သူခိုး၏အိတ်ကပ်ထဲမှ ငွေရောင်ပိုက်ဆံအိတ်အားထုတ်ကာမေးလိုက်သည်။

"ဦးလေး ဒါဦးလေးအိတ်လား"

"ဟုတ်ပါတယ် ဟုတ်ပါတယ်"

ဝေ့ကျန့်ဖုန်းအသံမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် တုန်ယင်နေတော့သည်။အကယ်၍ ဤငွေများသာပျောက်ဆုံးသွားပါက အိမ်၏အရှင်သခင်ကြီး(သူ့အဖေ)မှာ ဧကန်မုချအကြီးအကျယ်ဒေါသူပုန်ထပေလိမ့်မည်။

"ဦးလေး ပိုက်ဆံပြည့်မပြည့်ပြန်စစ်ကြည့်ပါဦး"

ကျိုးထောင်ဟွားသတိပေးလိုက်သည်။သူခိုးဖြစ်သူမှာ ဒေါသတကြီးဖြင့်ပြောလာ၏။

"မပြည့်စရာအကြောင်းမရှိပါဘူး၊ငါခိုးပြီး,ပြီးချင်းပဲ အဖမ်းခံလိုက်ရတာကို"

ဝေ့ကျန့်ဖုန်းစစ်ဆေးကြည့်ပြီး တစ်ပြားမှပင်မလျော့ပါမှ သက်ပြင်းချနိုင်တော့သည်။တစ်ကယ်ကို ကံကောင်းလှပေ၏။

နောက်ဆုံးတွင်မှ သူနှင့်ရှန်းမင်တို့သူခိုးကိုအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြသည်။ဤကဲ့သို့သော လူဆိုးမျိုးကို အခြားသူများအားမထိခိုက်စေရန် အကျဉ်းထောင်သို့ပို့ထားသင့်၏။

ဝေ့ကျန့်ဖုန်း ဆိုင်သို့ပြန်လာပြီးတောဝက်သားအားမ,ယူလိုက်စဉ် အဝတ်ဟောင်းပေါ်ရှိအဆောင်အားကြည့်၍ မေးလိုက်သည်။

"မိန်းကလေး ဒီအဆောင်ကတစ်ကယ်ပြားတစ်ရာလား"

အကယ်၍ သူမသာသူခိုးအားအချိန်မီမမြင်ခဲ့လျှင်၊ထို့ပြင် ဤလူငယ်လေးသာလိုက်မဖမ်းပေးခဲ့လျှင် သူ့ပိုက်ဆံအိတ်မှာ ပျောက်ဆုံးသွားမည်ဖြစ်ပြီး သူ့ဖခင်၏ ဆူပူကြိမ်းမောင်းမှုကိုလည်းခံရပေလိမ့်မည်။

အဆောင်တစ်ခုမှာ ပြားတစ်ရာသာရှိ၍ သူတို့အကူအညီအတွက် ကျေးဇူးဆပ်သောအားဖြင့်ဝယ်လိုက်မည်ဟု သူတွေးခဲ့မိခြင်းပင်။

"ဟုတ်ကဲ့ ပြားတစ်ရာဆိုတာဦးလေးကိုမနစ်နာစေပါဘူးနော်၊တစ်ကယ်လို့ အဆောင်သာမစွမ်းရင် ကျွန်မပိုက်ဆံပြန်အမ်းပေးပါ့မယ်....."

ကျိုးထောင်ဟွားစိတ်အားထက်သန်စွာဖြင့် အဆောင်အားမိတ်ဆက်ပေးနေစဉ်မှာပင် ဝေ့ကျန့်ဖုန်း သူ့ပိုက်ဆံအိတ်ကိုဖွင့်၍ပြားတစ်ရာရေတွက်ကာ သူမထံကမ်းပေးလာသည်ကိုတွေ့လိုက်ရသည်။ကျိုးထောင်ဟွားမှာ အတိုင်းမသိဝမ်းသာသွားရသည်။သူမ၏ပထမဆုံးသော အဆောင်အရောင်းအဝယ်မှာ ယခုကဲ့သို့ ရုတ်ချည်းအထမြောက်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။သူမမှာအဆောင်အားလက်နှစ်ဖက်ဖြင့်ကမ်းပေးရင်း သတိပေးလိုက်သည်။

"ဦးလေး ဒီအဆောင်ကိုကိုယ်နဲ့မကွာဆောင်ထားပါနော်"

"ကောင်းပါပြီ"

ဝေ့ကျန့်ဖုန်း သူမပြောသည့်အတိုင်းလုပ်ရန် အဆောင်အားအိတ်ကပ်ထဲသို့ထည့်လိုက်သည်။

သူသည်ကျေးဇူးတင်လိုစိတ်ဖြင့်သာဝယ်ခဲ့ခြင်းဖြစ်ရာ ဤအဝါရောင်စာရွက်လေးသည်အဆောင်တစ်ခုအဖြစ် စွမ်း‌ဆောင်နိုင်လိမ့်မည်ဟု အမှန်မယုံကြည်ပါပေ။

သို့သော် သူ့စိတ်အထင်ကြောင့်လားတော့မသိ အဝါရောင်စက္ကူလေးအားထိလိုက်သည်နှင့် အရင်ကထက်ပို၍နေလို့ထိုင်လို့ ကောင်းလာကာ ထိုင်းမှိုင်းနေသည့် သူ့စိတ်အစဥ်မှာလည်းလန်းဆန်းသွားသလို ခံစားလိုက်ရသည်။

ကျိုးထောင်ဟွားထံ သူသံသယဖြင့်ကြည့်လိုက်မိ၏။ဤမိန်းမငယ်လေးမှာ အမှန်တစ်ကယ်အရည်အချင်းရှိသော တာအိုဆရာမလေးတစ်ယောက်များဖြစ်နေသည်လား။

ဝေ့ကျန့်ဖုန်းထိုသို့ခဏတာမျှတွေးတောလိုက်မိသော်လည်း ထိုအတွေးအားချက်ချင်းပင်ဖယ်ထုတ်လိုက်သည်။အသက်၁၄နှစ်အရွယ်မိန်းမငယ်လေးတစ်ယောက်မှာ မှော်အတတ်များနားလည်လိမ့်မည်ဟု သူတွေးမိသည်မှာပင် အတော်လေးနုံအနေပြီဖြစ်၏။ဤပြားတစ်ရာကိုတော့ သူမအတွက်လက်ဆောင်ဟုသာ သဘောထားလိုက်တော့မည်။

ဝေ့ကျန့်ဖုန်းတောဝက်ပေါက်လေးအား မ,ယူကာ ထွက်ခွာသွားတော့သည်။ကျိုးထောင်ဟွားမှာ သူမရှာဖွေရရှိလာသောပြားတစ်ရာအားကြည့်ကာ အလွန်ဝမ်းသာနေတော့၏။

"အမေ သမီးပိုက်ဆံရပြီ"

ပစ္စည်းကိရိယာများဝယ်ယူရန်သုံးစွဲခဲ့သည့် ပြား၉၀ကိုနှုတ်လိုက်လျှင်ပင် ၁၀ပြားမြတ်သေးသည်။

"ထောင်ဟွား အမေလဲပိုက်ဆံရတယ်လေ၊အမေယူလာတဲ့ပန်းထိုးပစ္စည်းတွေ အားလုံးရောင်းလို့ရလာတာက ၆၂ပြား တောင်ရှိတယ်သိလား"

ချမ်ရှီငွေများကို ကျိုးထောင်ဟွားထံသို့ကမ်းပေးလိုက်သည်။

ငါး‌တေးစုမိရန်အလှမ်းဝေးနေသေးသော်လည်း ထောင်ဟွားနှင့်အတူရှိနေရခြင်းမှာ ချမ်ရှီအားအထူးပင်စိတ်အေးချမ်းသာစေ၏။

ရှန်မင်သည်လည်း တောကောင်များအကုန်ရောင်းလိုက်ရသည်။ယခုကဲ့သို့အချိန်တိုအတွင်း အကုန်ရောင်းရသည်မှာ ပထမဆုံးဖြစ်သဖြင့် ကျိုးထောင်ဟွား၏ဈေးအော်ရောင်းပုံကို သူမချီးကျူးဘဲမနေနိုင်တော့ပေ။

သို့သော်လူစည်ကားသော လမ်းပေါ်တွင် သူမကဲ့သို့ကျယ်ကျယ်လောင်လောင်အော်ဟစ်ရောင်းချရန်မှာမူ သူ့အတွက်မဖြစ်နိုင်သောကိစ္စပင်။

"ညီမလေးထောင်ဟွား နောက်တစ်ကြိမ်ဈေးကို ဘယ်တော့ထပ်လာရောင်းဦးမှာလဲ"

ကျိုးထောင်ဟွား သူ့ရည်ရွယ်ချက်ကိုတစ်ချက်ကြည့်ရုံနှင့်သိလိုက်ပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။

"ဘာလဲ အစ်ကိုရှန်းမင်က ညီမကိုဈေးအော်ရောင်းပေးစေချင်လို့လား"

ရှန်းမင်နားရွက်လေးများမှာ နီရဲသွားပြီးခေါင်းငြိမ့်ပြလာကာ ချက်ချင်းထပ်ပြောလာသည်။

"ကိုယ်ကကျေးဇူးပြန်ဆပ်မှာပါ၊ကိုယ်ရောင်းရတဲ့တောကောင်တွေရဲ့ ၁၀ရာခိုင်နှုန်းကို ညီမလေးဆီပေးမယ်လေဘယ်လိုလဲ"

"မလိုပါဘူး"

ကျိုးထောင်ဟွားမှာ ယခုအချိန်တွင်ငွေလိုနေသော်လည်း ရှန်းမင်အပေါ်တွင်တော့ အမြတ်ထုတ်လိုစိတ်မရှိပေ။

ရှန်းမင် အစော၌ရောင်းလိုက်ရသည့်တောကောင်များဖြစ်သော တောကြက်၊တောယုန်ဆယ်ကောင်ခန့်နှင့်တောဝက်ပေါက်လေးတစ်ကောင်တို့မှာ စုစုပေါင်းပြားတစ်ထောင့်သုံးရာကျော်ရရှိခဲ့သည်။သို့သော်လည်း တောင်ပေါ်တွင်မြူများထူထပ်၍အန္တရာယ်များလှရာ ရှန်းမင်သည် ဤမျှများပြားသောတောကောင်များရရှိရန် သူ့အသက်ကို ရင်း၍ အမဲလိုက်ခဲ့ရခြင်းဖြစ်၏။

"ဒါက......"

ရှန်းမင်အနည်းငယ်အားနာသွားရသည်။အခြားသူ၏အကူအညီကို အလကားသက်သက် မည်သို့ယူရက်ပါမည်နည်း။

ဘေးတွင်ရပ်နေသော ချမ်ရှီမှဝင်ပြောလာသည်။

"ရှန်းမင် အဒေါ်တို့တွေကတစ်ရွာတည်းသားတွေပဲမလို့ တစ်ယောက်ကိုတစ်ယောက်ကူညီတာ မှန်ကန်တဲ့လုပ်ရပ်ပါပဲ၊ဒါ့အပြင်ဒီနေ့မင်းသာ အဲ့သူခိုးကိုဖမ်းမပေးခဲ့ရင် ဟိုလူကြီးမင်းကထောင်ဟွားရဲ့အဆောင်ကို ဝယ်သွားမှာမဟုတ်ဘူး၊အဒေါ်တို့ကတောင် မင်းကိုကျေးဇူးတင်ရဦးမှာပါ"

"ဒါကဘာမှမဟုတ်ရပါဘူး၊ညီမလေး ထောင်ဟွားကသာ အချိန်မီသတိမထားမိခဲ့ရင် ကျွန်တော်လဲဖမ်းနိုင်မှာမဟုတ်ပါဘူး"

ရှန်းမင် ကျိုးထောင်ဟွားထံတစ်ချက်ကြည့်ရင်းပြောလိုက်သည်။သူမမှာ အသက်ငယ်သော်လည်း မျက်စိအလွန်လျင်လေ၏။

တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချီးကျူးနေကြသည်အားမြင်သောအခါ ကျိုးထောင်ဟွားမှာချက်ချင်းကြားဖြတ်ပြောလိုက်သည်။

"ကဲပါ အစ်ကိုရှန်းမင်ရော ညီမရော နှစ်ယောက်လုံးက တစ်ကယ်ကိုလူတော်တွေပါပဲ ဟုတ်ပြီလား"

သို့သော်လည်း သူမတွင်ရောင်းရန် အဆောင်တစ်ခုကျန်နေသေးသဖြင့် ရွာပြန်ရောက်မှသာရောင်းရန်လုပ်လိုက်‌တော့သည်။

ဩဂုတ်လသည် ဂေါ်ဖီထုပ်၊တရုတ်နံနံ၊ပန်းဂေါ်ဖီ၊မုန်ညင်းစိမ်းနှင့်ကြက်သွန်နီပျိုးပင်များ ပျိုးထောင်ရမည့်အချိန်ဖြစ်သောကြောင့် ချမ်ရှီသည်မျိုးစေ့ဆိုင်သို့သွားကာ မျိုးစေ့အချို့ဝယ်ယူခဲ့၏။ကျိုးဒုတိယမိသားစုတွင် ကိုယ်ပိုင်လယ်ယာမြေမရှိသော်လည်း ခြံဝင်းအတွင်း၌ကိုယ်တိုင်စားသုံးရန် ဟင်းသီးဟင်းရွက်အချို့အား စိုက်ပျိုးနိုင်သလို ခြံစည်းရိုးအပြင်ဘက်ပတ်လည်တွင်လည်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားနိုင်သည်။

ချမ်ရှီဈေးဝယ်ပြီးထွက်လာသောအခါ ကျိုးထောင်ဟွားတစ်ယောက်တည်းကိုသာတွေ့သဖြင့် မေးလိုက်၏။

"ရှန်းမင်ဘယ်ရောက်သွားတာလဲ၊သူအရင်ပြန်သွားပြီလား"

"အစ်ကိုရှန်းမင်က ဘေးကကုန်စုံဆိုင်ကို သွားတယ်....."

ကျိုးထောင်ဟွားပြောနေစဉ်မှာပင် ရှန်းမင်သည် ကုန်စုံဆိုင်ထဲမှထွက်လာလေသည်။သူ့လက်ထဲတွင် ကောက်ရိုးဖြင့် ချည်နှောင်ထားကာ ကြားတွင်အညိုရောင်စာရွက်များခံထားသည့် မြေပန်းကန်လုံးတစ်ထပ်အား ကိုင်လာလေ၏။

"ညီမလေးထောင်ဟွား၊ဒါတွေက ပစ္စည်းကူရောင်းပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးတဲ့ လက်ဆောင်ပါ"

ရှန်းမင်မှာပန်းကန်လုံးများအား ကျိုးထောင်ဟွားလက်ထဲသို့ ထည့်ပေးလိုက်သည်။၎င်းတို့မှာ အတော်လေး,လေးပြီး စုစုပေါင်းရှစ်လုံးတိတိရှိလေ၏။ကျိုးထောင်ဟွားစကားမပြောရသေးမီ ချမ်ရှီမှ အရင်ဦးအောင်ပြောလာသည်။

"ဒါကမဖြစ်သင့်ပါဘူး၊ဒီလိုမျိုးကြီးပိုက်ဆံကို အလဟဿအကုန်မခံပါနဲ့"

မြေပန်းကန်လုံးမှာတစ်လုံးလျှင် ၈ပြားကျသင့်ရာ ရှစ်လုံးဆိုလျှင်၆၄ပြားတောင်ကျသင့်မည်ဖြစ်၏။

သူတို့မှာအိမ်နီးနားချင်းများဖြစ်သလို ဈေးကူရောင်းပေးသည်ဆိုမှာလည်း အပိုအလုပ်တစ်ခုသာဖြစ်သည့်အပြင် ရှန်းမင်မှာလည်း သူမ၏ထောင်ဟွားကိုအရင်ကအကြိမ်အနည်းငယ်ကူညီပေးခဲ့ဖူးသည်မလား။

ရှန်းမင်မှကုန်စုံဆိုင်သို့သွားကာ သူမအတွက်ပန်းကန်လုံးများဝယ်ပေးလာမည်ဟု ကျိုးထောင်ဟွားလုံးဝမျှော်လင့်မထားခဲ့ပေ။သူမအိမ်တွင် ပန်းကန်လုံးများများစားစားမရှိကြောင်း မနေ့ကသူမပြောခဲ့မိသည်ကို ပြန်သတိရသွားသည်။

ထို့အပြင် ထိုစဉ်ကသူမယူလာခဲ့သော ပန်းကန်လုံးမှာလည်း နှုတ်ခမ်းသားများ ပဲ့နေခဲ့၏။

သူမလက်ထဲရှိ အသစ်စက်စက်အကောင်းပကတိဖြစ်နေသော မြေပန်းကန်လုံးများအားကြည့်ရင်း ရှန်းမင်သည် သူမပြောခဲ့သောစကားများကိုမှတ်ထားသလို အသေးစိတ်ဂရုစိုက်တတ်သောအမျိုးသားတစ်ဦးဖြစ်ကြောင်း နားလည်သွားရသည်။

ကျိုးထောင်ဟွား၏ ရှန်းမင်အပေါ်ထားရှိသောအမြင်မှာ သိသိသာသာကိုတိုးတက်ကောင်းမွန်လာ၏။

ချမ်ရှီ၏ငြင်းဆိုမှုနှင့်မတူဘဲ သူမမှာမူလိုလိုလားလားပင်လက်ခံလိုက်သည်။

"ဒါဆိုရင် ပန်းကန်လုံးတွေအတွက် တစ်ကယ်ကိုကျေးဇူးတင်ပါတယ် အစ်ကိုရှန်းမင်၊နောက်ဆိုရင်မြို့ကိုအတူတူလာပြီး ဈေးရောင်းကြတာပေါ့၊အစ်ကို့ရဲ့တောကောင်တွေကိုရောင်းဖို့ ညီမတာဝန်ယူပါတယ်"

ကျိုးထောင်ဟွား သူမရင်ဘတ်ကိုပုတ်ရင်း ကတိပေးလိုက်သည်။ချမ်ရှီမှာ အသာမာန်မဲလာ၏။

"ဒီကလေးကတော့"

ဆူပူလိုက်ခြင်းဖြစ်သော်လည်း ချမ်ရှီ၏လေသံထဲတွင် အလိုလိုက်ထားသည့်အရိပ်အယောင်များ ပါဝင်နေသည်။

ရှန်းမင်သည် စိတ်ထားကောင်းမွန်ပြီးသတ္တိရှိသလို ရက်ရောသောလူကောင်းလေးပင်ဖြစ်၏။

သူတို့သုံးယောက်သား ရွာသို့အတူတူ ပြန်လာခဲ့ကြသည်။ရွာအဝင်သို့ရောက်သည်နှင့် ကျိုးမိသားစုအိမ်ဟောင်း၏ တံခါးဝတွင်ရပ်နေသော ကျိုးစန်းရှီမှ အသံကုန်အော်ဟစ်လိုက်သည်ကို ကြားလိုက်ရ၏။

"ချမ်ရှီကငါ့အမေစကားကိုနားမထောင်ဘဲ မရိုမသေလုပ်ပြီး ရိုင်းရိုင်းစိုင်းစိုင်းလဲပြန်ပြောတယ်၊သူမက ငါ့အမေကိုသေးအိုးနဲ့လိုက်ရိုက်ပြီး အမေ့ခေါင်းပေါ်စွပ်ဖို့တောင်လုပ်လိုက်သေးတယ်လေ၊အခုအမေအရမ်းစိတ်ဆိုးပြီး အိပ်ရာထဲလဲနေပြီ၊ငါ့အမေကအေးအေးဆေးဆေးနဲ့ အနားယူရမယ့်အသက်အရွယ်ရောက်နေပြီကို ဒီမိန်းမယုတ်ကအမေ့ကိုသေလုမျောပါးဖြစ်အောင်လုပ်ခဲ့တာပဲ၊ရွာသူရွာသားအပေါင်းတို့ လာပြီးဆုံးဖြတ်ပေးကြပါဦး"