Ch 13
Viewers 4k


Ch-13

ရွာသားများမှာ ဆူညံသံကြားလိုက်ရ၍ ကျိုးမိသားစုအိမ်ဟောင်းထံရောက်လာကြသည်။

"စန်းရှီ မင်းအမေကတစ်ကယ်အသက်အန္တရာယ်စိုးရိမ်ရတာလား"

အသက်အန္တရာယ်နှင့်ကြုံလာရချိန်တွင် လူတိုင်းမှာအဖွားစွင်းအပေါ်ယခင်၌ထားရှိခဲ့သောအာဃာတများအားဘေးဖယ်၍ သူမအခြေအနေကိုကြည့်ရန် အိမ်ထဲဝင်သွားလိုက်ကြသည်။

အဓိကအိမ်ခန်းထဲတွင် အဖွားစွင်းတစ်ယောက် ဖြူဖျော့သောမျက်နှာထားဖြင့် အသက်ရှူနိုင်ရုံမျှသာရှိတော့သည့်အနေအထားဖြင့် အိပ်ရာထက်လဲလျောင်းနေလေ၏။

ကျိုးစန်းရှီမှာ ဒေါသတကြီးဖြင့် ပြောလာသည်။

"ဒီနေ့မနက်ကတောင် အမေဘာမှမဖြစ်သေးဘူး၊ဒါပေမယ့် ဒုတိယမရီးကအမေ့ကိုသေးအိုးနဲ့လိုက်ရိုက်ပြီးတဲ့နောက်မှာမှ အမေဒီလိုဖြစ်သွားရတာပါ၊ငါ့အမေခမျာ ဘဝတစ်လျှောက်လုံးအပင်ပန်းခံလာခဲ့ရတာလေ၊အခုဆိုမြေးလုပ်တဲ့သူတောင်အိမ်ထောင်ကျတော့မယ်၊ဒါတောင် ချွေးမရဲ့နှိပ်စက်တာကို ခံနေရတုန်းပဲ၊အမေ အရမ်းစိတ်ဆိုးသွားခဲ့တာဆိုတော့ ဒီတစ်ကြိမ်မှာ အသက်ဆက်နိုင်ပါဦးမလားတောင်မသိတော့ဘူး"

ကျိုးစန်းရှီမှာ အဖွားစွင်းအိပ်ရာဘေးဒူးထောက်၍ ငိုကြွေးလေတော့သည်။ဝမ့်ရှီသည်လည်း ခေါင်းငုံ့ကာမျက်ရည်များအားသုတ်ရင်း ရှိုက်ကြီးတငင်ငိုပြနေ‌လေ၏။ခုနစ်နှစ်အရွယ်ကျိုးလဲ့မှာမူ ဘာဖြစ်နေမှန်းမသိသော်လည်း မိဘများငိုနေသည်ကိုမြင်သောအခါ လိုက်၍အော်ငိုတော့သည်။

"အဖွား မသေပါနဲ့ဦး၊သားအဖွားကိုမသေစေချင်ဘူး၊ဒီနေ့မနက်တင် သားကိုသကြားလုံးဝယ်ပေးမယ်လို့ အဖွားကတိပေးထားတယ်လေ"

အဖွားစွန်းသည် သူမ၏သား၊ချွေးမနှင့်မြေးဖြစ်သူတို့၏ သရုပ်ဆောင်ချက်များကိုစိတ်တိုင်းကျနေသော်လည်း......

သူမအတွက်ရည်စူး၍ ငိုချင်းချနေကြသည်အားကြားလိုက်ရသောအခါ ရင်ထဲတွင်တစ်မျိုးကြီးခံစားလိုက်ရသည်။သို့သော်လည်း ချမ်ဟုန်ယန်၏ဂုဏ်သိက္ခာကို ဖျက်ဆီးရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ကျိုးကျားရွာမှနှင်ထုတ်ခံရအောင် ရွာသူကြီးထံတိုင်တန်းဖို့ပင်ဖြစ်၏။

ထိုသို့ဆိုလျှင် ဤမြေခွေးမ၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားသော အာ့ရှုသည်လည်း သူမပြောသမျှကိုနားထောင်လာပေလိမ့်မည်။

အာ့ရှုရှာဖွေသမျှငွေအားလုံးမှာ သူမလက်ထဲအပ်ရမည်ဖြစ်သလို၊ထောင်ဟွား၏အိမ်ထောင်ရေးကိုလည်း သူမပင် စီစဉ်ပေးရမည်ဖြစ်ပြီး တောင်းရမ်းငွေမှအစ အရာအားလုံးကိုသူမသာပင် သိမ်းပိုက်နိုင်ပေလိမ့်မည်။

ဤသို့တွေးမိသောအခါ အဖွားစွန်းစိတ်ထဲ အတော်လေးနေလို့ကောင်းသွားသည်။

ရွာသားများမှာမူ သက်ပြင်းချ၍သနားဂရုဏာသက်နေကြ၏။တစ်စုံတစ်ယောက်မှာ စွပ်စွဲပြောဆိုလာသည်။

"ချမ်ဟုန်ယန်က ဒီလောက်အတင့်ရဲရသလား၊ယောက္ခမကိုသေးအိုးနဲ့တောင် လိုက်ရိုက်တယ်ပေါ့လေ"

"ဟမ့်..... ချမ်ဟုန်ယန်ဆိုတာ နဂိုကတည်းကမကောင်းတဲ့မိန်းမပဲလေ၊အဒေါ်စွင်းကို စိတ်ဆိုးအောင်ဘယ်လိုလုပ်လိုက်လဲကြည့်ကြဦး၊ဒီလိုမျိုးလူကြီးမိဘကို ရိုသေမှုမရှိပြီးစကားနားမထောင်တတ်တဲ့ ချွေးမမျိုးကတော့ တစ်ကယ်ကိုလွန်လွန်းတယ်၊ငါ့အမြင်ပြောရရင်တော့ ရွာသူကြီးကသူမကိုရွာကနေ နှင်ထုတ်သင့်တယ်"

ကျန်းရှီမှာခါးထောက်၍အသံမြှင့်ကာတံတွေးများ ပန်းထွက်သည်အထိအားပါးတရ ဆဲဆိုနေတော့သည်။ကျိုးထောင်ဟွားသည် ကျိုးစန်းရှီ၏အော်ဟစ်နေသံကိုကြားလိုက်ရသည်နှင့် စိတ်ထဲတွင်နိမိတ်မကောင်းသလိုခံစားလိုက်ရ၏။အဘွားစွင်းက တစ်ကယ်သတိလစ်သွားလို့ ချမ်ရှီအပေါ်အပြစ်ပုံချဖို့လုပ်နေတာလား။

ယနေ့မနက်၌ ကျိုးအိမ်ဟောင်းမှထွက်လာစဥ်တွင်ပင် အဘွားစွင်းမျက်နှာမှာမျက်နှာသွင်ပြင်အားမြင်တွေ့ရခက်‌လောက်သည်ထိ အတော်လေးမှုန်မှိုင်းနေခဲ့၏။

ထိုအချိန်တွင် ကျိုးထောင်ဟွားမှာချမ်ရှီအားအမြန် ခေါ်ထုတ်သွားခဲ့ခြင်း ဖြစ်သည်။

ထင်မှတ်မထားသည်မှာ အိမ်ဟောင်းရှိလူများဆင်ထားသည့်ထောင်ချောက်ထဲဝင်သွားခဲ့မိခြင်းပင်။

သို့သော်လည်း အဘွားစွင်းသတိလစ်သွားခြင်းမှာ ချမ်ရှီနှင့်မည်သို့မျှမသက်ဆိုင်ကြောင်းကိုတော့ သူမသိသည်။သို့သော်ပါးစပ်ဖြင့်ရှင်းပြနေရုံနှင့် လူများမှာယုံမည်မဟုတ်ရာ အာဏာရှိသူတစ်ဦးဦးကိုလိုအပ်လေ၏။

သူမ ရှန်းမင်ဘက်လှည့်ကာပြောလိုက်သည်။

"အစ်ကိုရှန်းမင် ရွာသမားတော်ကိုသွားခေါ်ပေးပါဦး၊အဖွားရဲ့သွေးခုန်နှုန်းကိုစမ်းကြည့်ခိုင်းရမယ်"

အဘွားစွင်းမှာ အမှန်တစ်ကယ်စိတ်ဆိုးသွား၍ နေမကောင်းဖြစ်သည်လား ဟန်ဆောင်‌နေသည်လားဆိုသည်ကို ဆေးစစ်ပြီးလျှင်သိရပေလိမ့်မည်။

ကျိုးထောင်ဟွားစိတ်ထဲတွင်လှောင်ပြုံးပြုံးလိုက်သည်။အဘွားစွင်းနှင့်ကျန်နှစ်ယောက်မှာ ဤအခွင့်အရေးအားသုံးပြီး ချမ်ရှီ၏ဂုဏ်သိက္ခာကိုဖျက်ဆီးချင်နေကြခြင်းပင်။အိပ်မက်ပဲဆက်မက်နေလိုက်။

"ကောင်းပြီ ကိုယ်အခုချက်ချင်းသွားလိုက်မယ်"

ရှန်းမင်ဘာမှထပ်မမေးဘဲ ရွာသမားတော်အိမ်သို့အမြန်ပြေးသွားတော့သည်။

ချမ်ရှီသည်ကျိုးစန်းရှီစကားများကို အဝေးမှနေကြားလိုက်ရသောအခါ အလွန်ဒေါသထွက်သွားရ၏။

ယနေ့မနက် သူမထွက်လာတုန်းကပင် စွင်းကျောက်တိတစ်ယောက် ကောင်းကောင်းမွန်မွန်ရှိနေသေးသည်။ယခုကျမှ သေလုမျောပါးဖြစ်သည်ဟုဆိုလာလေ၏။

သူမသည်လူအုပ်ထဲတိုးဝှေ့ကာ အဓိကအိမ်ခန်းထဲသို့ အရှိန်ဖြင့်ဝင်သွားပြီး အဘွားစွင်းနှင့် အပီအပြင်ချဲရန်ပြင်လိုက်သည်။လူတိုင်းကိုလှည့်စားပြီး သူတစ်ပါးအပေါ်အပြစ်ပုံချတတ်သည်တို့အား ရပ်တန်းမှရပ်ရန်ပြောပစ်ချင်ခဲ့၏။သို့သော်အဘွားစွင်း၏မျက်နှာအ‌မူအယာနှင့် နဖူးထက်မှချွေးစေးများနှင့်အတူ အံကြိတ်ကာငြီးတွားနေသည်အားမြင်လိုက်ရချိန်တွင်တော့ ဟန်ဆောင်နေသည်ဟုမထင်မိတော့ပေ။

ချမ်ရှီဆွံ့အသွားရသည်။သူကတစ်ကယ်ကြီး ငါ့ကြောင့်စိတ်ဆိုးပြီးလဲသွားတာလားဟ။

ကျန်းရှီမှာ ချမ်ရှီရောက်လာသည်အားမြင်သည်နှင့် မျက်လုံးအပြူးသားဖြင့် ဆဲဆိုလေတော့သည်။

"ချမ်ဟုန်ယန် နင့်လိုလူကြီးမိဘကို မရိုသေတတ်တဲ့မိန်းမက ယောက္ခမအပေါ်မှာလဲ ဘယ်လိုလေးစားမှုမျိုးရှိလာနိုင်မှာလဲ၊နင်မိုးကြိုးပစ်ခံရမှာကို မကြောက်ဘူးလား၊နင့်လိုမိန်းမယုတ်ကို ဒီလောကကြီးမှာ အသက်ရှင်ခွင့်ပေးထားတာက နတ်ဘုရားတွေမျက်စိကွယ်နေလို့ပဲဖြစ်ရမယ်"

ကျန်းရှီဆဲဆိုနေစဉ်တွင် သူမမျက်နှာထက်ရှိအသားစိုင်များမှာတုန်ခါနေပြီး ချမ်ရှီအားအရှင်လတ်လတ်ဝါးစားပစ်တော့မည့်အလားပင်။

ကျိုးကွမ်ကျူး သူမလက်ကိုအသာဆွဲကာ ဖျောင်းဖျလိုက်သည်။

"ထောင်ဟွားအမေက အဲ့လောက်ထိဆိုးသွမ်းနေတာမဟုတ်ပါဘူး......"

အဘွားစွင်းမှထောင်ဟွားအား လီယွမ်ဝေထံ ကိုယ်လုပ်တော်အဖြစ်ရောင်းစားရန် ကြံစည်ခဲ့သောကြောင့်သာ ချမ်ရှီတစ်ယောက် စိတ်တိုပြီးသေးအိုးဖြင့်လိုက်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း လူတိုင်းသိကြသည်။

ထို့ပြင် ထောင်ဟွားသာကံမကောင်းခဲ့ပါလျှင် ထိုသုံးရက်အတွင်းငတ်ပြတ်၍ သေသွားနိုင်သည်လေ။

ကျိုးကွမ်ကျူးတစ်ယောက်ချမ်ဟုန်ယန်ဘက်မှနေ ကူပြောနေသည်ကိုမြင်သောအခါ ကျန်းရှီချက်ချင်းဆိုသလိုမျက်စောင်းထိုးကြည့်လိုက်သည်။

"ကွမ်ကျူး ရွာသူကြီးကိုသွားခေါ်ခဲ့၊အဒေါ်စွင်းက အရမ်းဒေါသထွက်နေတာလေ၊ရွာသူကြီးကိုခေါ်ပြီး ချမ်ဟုန်ယန်ကို ရွာထဲကနေနှင်ထုတ်ခိုင်းရမယ်"

ကျန်းရှီ အမိန့်ပေးလိုက်သည်။

အကယ်၍ ကျိုးကွမ်ကျူးသာသဘောမတူပါက သူမမှာသူ့ကိုအလွယ်တကူ အလွှတ်ပေးမည်မဟုတ်သည်မှာရှင်းနေပေ၏။

ကျိုးကွမ်ကျူးသည်သူ့ဇနီးကိုကြောက်ရသူဖြစ်ရာ ကျန်းရှီမှရွာသူကြီးအားသွားခေါ်ရန် အတင်းအကြပ်ခိုင်းနေသဖြင့် နောက်ဆုံးတွင်မတတ်သာတော့ဘဲ သွားလိုက်ရတော့သည်။

အိပ်ရာထက်တွင်လဲလျောင်းနေသော အဘွားစွင်းမှာ ပြင်းပြင်းထန်ထန်ဗိုက်နာနေသော်လည်း ကျန်းရှီစကားများအားကြားလိုက်ရသောအခါ စိတ်ထဲမှ‌တိတ်တဆိတ်ဝမ်းသာသွားရ၏။

ရွာသူကြီးရောက်လာသည်နှင့် ထိုမြေခွေးမချမ်ဟုန်ယန်ကိုကျိုးကျားရွာမှနေ လုံးဝနှင်ထုတ်ပစ်ရမည်ပင်။

ချမ်ရှီသည်ကျန်းရှီစကားအားကြားလိုက်ရသောအခါ မျက်မှောင်ကြုံ့လိုက်မိသည်။

လွန်ခဲ့သောနှစ်များမှတစ်ရက်တွင် သူမကောက်ရိုးများသယ်လာစဉ် မတော်တဆ ခြေကျင်းဝတ်လည်သွားခဲ့ဖူး၏။ထိုစဉ်တွင် ကျိုးကွမ်ကျူးမှာသူမအားအိမ်အထိ ကျောပိုးခေါ်လာခဲ့ပြီးကောက်ရိုးများကိုလည်း ကူသယ်ပေးခဲ့သည်။

ထိုအကြောင်းကြောင့် ကျန်းယန်ချိုးမှာ သူမသည်ကျိုးကွမ်ကျူးအားမြှူဆွယ်နေပါသည်ဟု ထင်မှတ်သွားခဲ့ခြင်းပင်။

ထိုအချိန်မှစ၍ သူမကိုအထင်တသေးကြည့်တတ်ပြီး အမြဲတစေဆန့်ကျင်နေတော့သည်။

သူမနှင့်ကျိုးကွမ်ကျူးတို့မှာ လုံးဝအပြစ်ကင်းစင်ကြသော်လည်း ကျန်းယန်ချိုးအမြင်မှာတော့ သူမအပေါ်ရန်ငြိုးများဖြင့် ပြည့်နှက်နေခဲ့၏။

ချမ်ရှီသည်လည်း ရှင်းပြရသည်ကိုငြီးငွေ့လာသဖြင့် ဘာမှပြန်မပြောတော့ပေ။မကြာမီမှာပင် ရွာသူကြီးရောက်ရှိလာသည်။

ကျိုးစန်းရှီမှာ ရွာသူကြီးရှေ့တွင်အမြန်ဒူးထောက်လိုက်ပြီး

"ဦးလေးရွာသူကြီး ကျွန်တော့်အမေကဒီနေ့မနက်တင် အကောင်းကြီးရှိသေးတာပါ၊ဒါပေမယ့် ချမ်ရှီကအမေ့ကိုစိတ်ဆိုးအောင်လုပ်လို့ အခုလိုဖြစ်သွားရတာ၊ကျွန်တော့်အမေအတွက် တရားမျှတမှုရှာပေးပြီး ဒီမိန်းမယုတ်ကိုရွာထဲကနေနှင်ထုတ်ပစ်လိုက်ပါ"

ကျိုးစန်းရှီမှာ မခံမရပ်နိုင်ဖြစ်နေဟန်ဖြင့်ပြောလိုက်သည်။

အဘွားစွင်း၏အခြေအနေအားမြင်သောအခါ ရွာသူကြီးလည်းတစ်ခုခု မှားယွင်းနေသည်ကို ခံစားမိလိုက်၏။

ရွာထဲတွင် ယောက္ခမနှင့်ချွေးမကြားရှိ အဆင်မပြေမှုများမှာ ထူးဆန်းသည့်ကိစ္စမဟုတ်ပေ။

ယောက္ခမကို ပြန်ခံပြောတတ်သည့် တဇွတ်ထိုးချွေးမများလည်းရှိကြသည်။

အသေးအဖွဲစကားများမှုများကို သည်းခံနိုင်သော်လည်း ချမ်ရှီမှအဘွားစွင်းအပေါ် ပြုမူခဲ့သည်မှာတော့ လက်ခံနိုင်စရာမရှိပေ။

ရွာသူကြီးမှချမ်ရှီအား ဆူပူကြိမ်းမောင်းရန်ပြင်လိုက်စဉ်မှာပင် ကျိုးထောင်ဟွားမှ ရုတ်ချည်းစကားဖြတ်ကာ ကျိုးစန်းရှီထံမေးလိုက်သည်။

"ဦးလေး အဖွားကဒီလိုဖြစ်နေတာဆိုတော့ အရင်ဆုံး ရွာသမားတော်အဘိုးရှန်းဖျင်ကိုခေါ်ကြည့်ခိုင်းသင့်တာမဟုတ်ဘူးလား"

အိပ်ရာထက်တွင်လဲလျောင်းနေသော အဘွားစွင်းသည် ထောင်ဟွားစကားကို ကြားလိုက်ရသောအခါ ခပ်ယဲ့ယဲ့ဟန်ဖြင့်မော့ကြည့်လာသည်။

ဘာကြောင့်ရယ်မှန်းမသိသော်လည်း ဤခွေးမလေးစကားပြောသည်ကိုကြားရရုံဖြင့် သူမစိတ်ထဲတွင်နိမိတ်မကောင်းသလို ခံစားလိုက်ရ၏။

သူမဗိုက်မှာလည်း ချက်ချင်းဆိုသလိုပိုပြီးနာကျင်လာတော့သည်။

ကျိုးထောင်ဟွားလှည့်ကြည့်လိုက်ရာ လူအုပ်ကြားမှ‌နေ ခေါင်းဖြူလေးရှန်းမင်ကို တွေ့လိုက်ရ၏။ရှန်းမင်သည် ကျိုးရှန်းဖျင်အား ခေါ်လာခဲ့ပြီဖြစ်ကြောင်း သူမသိလိုက်သည်။

သူမသည် ကျိုးစန်းရှီဘက်လှည့်ကာ နှုတ်ခမ်းထက်တွင်လည်းအပြုံးသဲ့သဲ့ဖြင့် ပြောလိုက်၏။

"ဦးလေး အဖွားကတစ်ကယ်စိတ်တိုပြီး ဖျားတာလား ဟန်ဆောင်နေတာလားဆိုတာ အဘိုးရှန်းဖျင်ဆေးစစ်လိုက်ရင်သိရပါလိမ့်မယ်"