Chapter 1
" ကဲ ပြောပါဦး မင်း ဒီတစ်ခါရော ဘာလို့ရန်ဖြစ်ပြန်တာလဲ..."
ကျင်းစစ်အသိစိတ်ပြန်ဝင်လာသောအခါ မရင်းနှီးသည့် အမျိုးသားတစ်ယောက်အသံ ကြားလိုက်ရသည်။
မျက်လုံးဖွင့်လိုက်ချိန်တွင် သူ့ကိုစိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။
မျက်နှာထားက ခက်ထန်မာကျောနေသော သက်လတ်ပိုင်းအရွယ်ယောကျာ်းတစ်ယောက်က သူ့ခုံကိုလက်ဖြင့်ထုရိုက်ပြီး ဒေါသတကြီး အော်ဟစ်နေသည်။
" မနေ့ကမတိုင်ခင်တစ်ရက်ကပဲ မင်း အတန်းမလစ်တော့ဘူး ရန်မဖြစ်တော့ပဲ စာကြိုးစားမယ်လို့ ငါ့ကို ကတိပေးခဲ့တယ်လေ... ရလဒ်ကဒါလား... မျက်စိတစ်မှိတ်အတွင်းမှာပဲ အရင်ပုံစံ ပြန်ဖြစ်သွားပြီ... ဆရာတွေက မင်းရဲ့အကျင့်ဆိုးကို မပြင်ပေးနိုင်ဘူးလို့ ထင်နေတယ်ပေါ့လေ ဟမ်..."
" ငါ ဘာလုပ်မယ်ဆိုတာကြည့်လိုက် ငါမင်းကိုပြောပြမယ် ကျင်းစစ် ဒီတစ်ခါတော့ ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့..."
ကျင်းစစ် သူ့ကို ငေးကြည့်နေပြီး စိတ်ထဲတွင်လည်း။ဗလာကျင်းနေသည်။
ဘာတွေဖြစ်နေတာလဲ...
ကော်လိပ်ဝင်ခွင့်စာမေးပွဲရလဒ်များ ထွက်ပေါ်လာပြီးသည့်နောက်တွင် စီရင်စု၏ သိပ္ပံဘာသာရပ် ချန်ပီယံရှစ်ကို တစ်မှတ်တည်းဖြင့် ကပ်လွဲခဲ့သည်ကိုသာ သူ သတိရသည်။ စိတ်ဓာတ်ကျနေခဲ့၍ အိမ်တွင် အရက်သောက်နေခဲ့မိပြီးနောက် ပြန်နိုးလာသည့်အခါ ဤနေရာတွင် ရောက်နေသည်။
" ကျွန်တော်..."
သူ ထိုလူကိုကြည့်ပြီး ပြောလိုက်သည်။
" ကျွန်တော် ရန်မဖြစ်ပါဘူး..."
" ရန်မဖြစ်ဘူးတဲ့လား..."
ထိုစကားများကိုကြားသည့်အခါ တစ်ဖက်လူက ပိုဒေါသထွက်သွားပြီး သူ့အသံက ကျင်းစစ်၏ နားစည်ကွဲထွက်သွားမတတ် ကျယ်လာသည်။
" မင်း ရန်မဖြစ်ဘူးလို့ ပြောရဲသေးတယ်ပေါ့လေ...တစ်ဖက်လူက သတိတောင်မေ့သွားပြီကို မင်းက ရန်မဖြစ်ဘူးလား... ထိရုံပဲပေါ့ ဟုတ်လား... လာစမ်း လာစမ်း လာစမ်း ငါလည်းဒီနေ့ မင်းကို သေအောင်ထိပြမယ်..."
သူ့စကားဆုံးသည်နှင့် ကျင်းစစ်၏ကျောကို ကြည့်လိုက်သည်။
ကျင်းစစ် ပင့်သက်ရှိုက်ပြီးနောက် မော့ကြည့်လိုက်သောအခါ တစ်ဖက်လူက လက်မြှောက်ပြီး သူ့ကိုရိုက်ရန်ပြင်နေ၍ လက်အမြန်မြှောက်ပြီး တားလိုက်သည်။
" ဦးလေး နေပါဦး..."
သူ့လက်ကို ဆန့်လိုက်ချိန်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
ကျင်းစစ်၏ စာရေးပုံက ငယ်ငယ်တည်းက ပုံမှန်မဟုတ်ပေ။ သူ့ကိုစာသင်ပေးခဲ့သည့် ဆရာက အကြိမ်ပေါင်းများစွာ ပြင်ပေးခဲ့သော်လည်း သူ မပြောင်းနိုင်ခဲ့ပေ။ သို့ဖြစ်၍ သူ့ညာဘက်လက်ခလယ်တွင် အနည်းငယ်ဖောင်းနေသည့် အဖုလေးတစ်ခုရှိသည်။
သို့ရာတွင် သူမြင်နေရသည့်လက်ချောင်းများက ဖြူဖွေးကာ အပြစ်အနာအဆာကင်းမဲ့နေပြီး စာအရေးလွန်သောကြောင့် အဖုဖြစ်နေသည့်အရာ တစ်ခုမှ မရှိပေ။
ဒါ သူ့လက်မဟုတ်ဘူး...
ကျင်းစစ်၏ဦးနှောက်ထဲ ဇဝေဇဝါဖြစ်သွားပြီး နှလုံးခုန်သံများက ချက်ချင်းမြန်ဆန်လာသည်။
သူ အသက်ပြင်းပြင်းရှုပြီးနောက် စက္ကန့်အနည်းငယ်ခန့် စိတ်ငြိမ်အောင်ထားလိုက်ပြီးမှ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ငုံ့ကြည့်လိုက်သည်။
သူ ဝတ်ထားသောအရာက သူနှင့်ရင်းနှီးနေသော အဖြူရောင်တီရှပ်မဟုတ်ပဲ အဖြူနှင့်အပြာရောင် ကျောင်းဝတ်စုံဖြစ်ကာ ရင်ဘတ်၏ ဘယ်ဘယ်ထောင့်နားတွင် ထူးဆန်းသည့် သင်္ကေတတစ်ခုနှင့် စာလုံးများ ရေးခြစ်ထားသည်။
( တုန်းဟိုင်စီရင်စု အထက်တန်းကျောင်း )
ကျင်းစစ် ဒယိမ်းဒယိုင်ဖြစ်သွားမိ၍ ကျောပြင်နှင့် ခုံစောင်းအစွန်းနှင့် ဆောင့်မိသွားသည်။
ဒါ သူ့ခန္ဓာကိုယ်လည်းမဟုတ် သူ့ကျောင်းလည်း မဟုတ်ဘူး...
သူ ကူးပြောင်းလာတာများလား...
" ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာလဲ ဦးလေး..."
ထိုလူက မယုံကြည်နိုင်စွာဖြင့် ကျင်းစစ်ကို လက်ညှိုးထိုးနေပြီး ဒေါသထွက်လွန်း၍ အသက်ရှုသံများ မြန်ဆန်လာသည်။
" ငါ မင်းကို နည်းနည်းပဲပြောရသေးတယ် မင်းကအခု ငါ့ကို ဆရာလို့တောင် မခေါ်တော့ဘူးပေါ့လေ..."
" စိတ်အေးအေးထားပါ ဆရာလျှိုရယ် စိတ်အေးအေးထားပါ..."
မျက်မှန်တပ်ထားသော အရပ်ပုပုနှင့် စစဖိုင့်ဖိုင့်ဆရာတစ်ယောက် ရောက်လာပြီး ဒေါသထွက်နေသည့် ဆရာလျှိုကို ဆွဲထားသည်။
" ကျင်းစစ်က အံ့ဩသွားလို့ပါ တခြားအဓိပ္ပါယ်နဲ့ပြောတာ မဟုတ်ပါဘူး..."
သူ တစ်ဖက်သို့လှည့်ပြီး ကျင်းစစ်ကို မျက်စပစ်ပြလိုက်သည်။
" ဆရာလျှိုကို မြန်မြန်တောင်းပန်လိုက်..."
ထိုအချိန်တွင် ကျင်းစစ်၏စိတ်ထဲ ဧရာမလှိုင်းလုံးကြီး ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး စိတ်တည်ငြိမ်လာအောင် မနည်းကြိုးစားလိုက်ရသည်။
" တောင်းပန်ပါတယ်ဆရာ ကျွန်တော်မှားသွားပါတယ်..."
ဆရာလျှိုက နှာမှုတ်လိုက်ပြီး ဝဝဖိုင့်ဖိုင့်ဆရာကို လက်ကာပြ၍ ကျင်းစစ်ဆီကိုလျှောက်လာပြီး ပြောလိုက်သည်။
" ငါတို့စီရင်စုကိုပို့ဖို့ မင်းမိဘတွေ ဘယ်လောက်ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲ မင်းမသိဘူးလား... ဒီနေရာက စာသင်ကြားဖို့ ပတ်ဝန်းကျင်ကောင်းပဲကို မင်းကတော့ စာမကြိုးစားပဲ ရန်ဖြစ်ပြီး အတန်းလစ်ဖို့ပဲ ကြံနေတယ်... မင်းက သူတို့နဲ့ရော တန်ရဲ့လား..."
" ငါ နားကို မလည်နိုင်ဘူး မင်းက အတန်း ၇က ချောင်းအန်ယန်းက အတန်း ၁၁ကလေ... အတန်းတွေက တစ်ထပ်တည်းတောင်မဟုတ်ဘူး... သူက မင်းကို ဘယ်လိုရန်စတာလဲ..."
" ချောင်းအန်ယန်းတဲ့လား..."
ချောင်းအန်ယန်း၊ တုန်းဟိုင်စီရင်စုအထက်တန်းကျောင်း၊ ကျင်းစစ်...
ကျင်းစစ်၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားရသည်။
ဒါက သူအရင်တုန်းကဖတ်ဖူးတဲ့ ပြန်လည်မွေးဖွားလာတဲ့အကြောင်း ရေးထားတဲ့ စာအုပ်မလား...
အဓိကဇာတ်လိုက် ချောင်းအန်ယန်းက သူ့ယခင်ဘဝတွင် ဆင်းရဲနွမ်းပါးမှုကြောင့် သေဆုံးခဲ့ရသည်။ တိုက်ဆိုင်စွာဖြင့် အထက်တန်းဒုတိယနှစ်အချိန်သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ဆန်ကုန်မြေလေးအဖြစ်မှ အသိဉာဏ်ရှိသော မင်းဆိုးမင်းညစ်ဘဝသို့လမ်းကို စတင်လျှောက်လှမ်းခဲ့သည်။
ဤစာအုပ်က ချိုမြိန်ပြီး လတ်ဆတ်သောစာသားများပါဝင်သော်လည်း အဓိကဇာတ်လိုက်က ပြန်လည်တိုက်ခိုက်ပြီး ပထမနေရာသို့ ပြန်ယူသည့်အကြောင်းကို စာရေးသူက ရေးသားခဲ့သည်။ ယခုလက်ရှိတွင် Gong နှင့် Shouအကြားမှ ဆက်ဆံရေးပင် မစတင်သေးပေ။
ကျင်းစစ် သူ့ရင်ထဲတွင်ကြိတ်ပြီး ကျိန်ဆဲလိုက်မိသည်။
သူ ဒီစာအုပ်ထဲကို တကယ်ကြီး ရောက်သွားတာပဲ...
ဝတ္ထုထဲတွင်မူ သူ့ခန္ဓာကိုယ်၏ မူလပိုင်ရှင်က ဒရာမာအနည်းငယ်ပါဝင်သောဘဝနှင့် အဆင့်နိမ့်အမြှောက်စာဇာတ်ကောင်လေးဖြစ်သည်။ Gongဖြစ်သူအပေါ် သူ၏ အရူးအမူးစွဲလန်းမှုကြောင့် ဆင်ခြင်ဉာဏ်မဲ့သည့်အရာပေါင်းများစွာကို ပြုလုပ်ခဲ့မိပြီး သူ့ကိုယ်သူ ယင်းကျောင်း၏ Exဟု ကြွားဝါပြောဆိုခဲ့မိသည်။ နောက်ဆုံးတွင် ဇာတ်လိုက်၏မျက်နှာဖြတ်ရိုက်ခံရပြီး ကျောင်းအထုတ်ခံရကာ ဂိုဏ်းအချင်းချင်းတိုက်ပွဲတွင် သေဆုံးခဲ့သည်။
ဤတစ်ကြိမ် ရန်ဖြစ်ရသည်မှာလည်း ချောင်းအန်ယန်းက ယင်းကျောင်းကိုကြိုက်နေကြောင်း သူ၏ မူလခန္ဓာကိုယ်(ကျင်းစစ်)က သိသွားခဲ့သောကြောင့် ပြဿနာသွားရှာစဉ် ခိုက်ရန်ဖြစ်ပွားကြခြင်းဖြစ်သည်။
ကျင်းစစ်က ဝတ္ထုထဲမှဇာတ်ကွက်ကို ဂရုတစိုက် ပြန်တွေးနေမိပြီးနောက်တွင်မှ ဤအဖြစ်အပျက်ကြောင့် ချောင်းအန်ယန်း၏ ပြန်လည်မွေးဖွားမှုကို စတင်စေခဲ့သည်ကို ဝမ်းနည်းစွာဖြင့် သတိရသွားသည်။
သို့ဖြစ်၍ ယခုက ဤဝတ္ထု၏ အစပိုင်းပင်ဖြစ်လိမ့်မည်။
" ချောင်းအန်ယန်းတဲ့လားဆိုတဲ့ မင်းလေသံကဘာလဲ..."
ဆရာလျှိုက ဒေါသထွက်နေသည်။
" မင်း ရန်ဖြစ်ထားတာတောင်မှ အဲ့လူရဲ့နာမည်ကို မသိဘူးလို့တော့ မပြောနဲ့နော်..."
ကျင်းစစ် အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် တုန်ယင်နေသည့်လက်ကို ထိန်းကိုင်ထားလိုက်ပြီး ဆရာလျှိုကိုကြည့်လိုက်သည်။
" ဆရာ ကျွန်တော်မှားမှန်းသိပါပြီ... နောက်ဆိုရင် စာကောင်းကောင်းလုပ်ပြီး ဘယ်တော့မှ ရန်မဖြစ်တော့ပါဘူး..."
သူက ယင်းကျောင်းကို စိတ်မဝင်စားသကဲ့သို့ အဓိကဇာတ်လိုက်အတွင်လည်း အမြှောက်စာတစ်ယောက်အဖြစ်ဆက်နေပေးရန် ဆန္ဒမရှိပေ။
သင်္ချာကလည်း စိတ်ဝင်စားစရာမကောင်းဘူး၊ အိမ်စာ လုပ်ရတာလည်း စိတ်ဝင်စားစရာမကောင်းဘူးဆိုမှတော့ ဘာလို့ အချစ်ကို စိတ်ဝင်စားဦးမှာလဲ...
သူက ဇာတ်ကွက်နှင့် ရှောင်ဖယ်ပြီး သူ့ဘဝအတိုင်းသာ နေချင်ခြင်းဖြစ်သည်။
ဆရာလျှိုက ကျင်းစစ်၏လေသံပျော့သွားသည်ကိုကြား၍ သူ့အသံကိုလည်း လျှော့လိုက်သော်လည်း သု့မျက်နှာက စူပုပ်နေဆဲဖြစ်သည်။
" မင်း ဒီလိုပြောတာ မဆိုးပါဘူး... ဒါပေမဲ့ အခုပြောလိုက်တဲ့အတိုင်းတော့ နေရမယ်နော်..."
သူ ရှေ့တစ်လှမ်းတိုးလာပြီးနောက် ကျင်းစစ်၏ နားရွက်နားမှ အဝါရောင်ဆံပင်ရှည်ကို သူ့မျက်စိရှေ့တည့်တည့်တွင် ပြသလိုက်သည်။
" တခြားဟာတွေထက် မင်းရဲ့ဆံပင်... ဆံပင်ညှပ်ဖို့ ငါ ဘယ်နှခါတောင် ပြောရမှာလဲ... မင်း နားရောထောင်ရဲ့လား..."
ကျင်းစစ် ငုံ့ကြည့်လိုက်သောအခါ ဆံပင်အဝါရောင်ကြောင့် အလွန်လန့်သွားရသည်။ သူ ရိုးသားစွာဖြင့် ပြောလိုက်သည်။
" ဆရာ ကျွန်တော်တောင်းပန်ပါတယ်... ဆံပင်ကို အနက်ရောင်ပြန်ဆိုးလိုက်ပ့ါမယ်..."
သူ၏ အမှားကိုဝန်ခံသောပုံစံက အလွန်ရိုကျိုးလွန်းနေ၍ ဆရာလျှိုက လက်တွေ့မဟုတ်သကဲ့သို့ ခံစားနေမိသည်။
သူ ကျင်းစစ်ကို ခေါင်းစခြေဆုံး သင်္ကာမကင်းစွာကြည့်လိုက်ပြီးနောက် မျက်စောင်းထိုးလိုက်သည်။
" မင်း အပြစ်ပေးခံရတာကနေ လွတ်ချင်လို့ အဲ့လိုတမင်သက်သက် ပြောနေတာမလား..."
ကျင်းစစ် ခေါင်းအမြန်ခါလိုက်သည်။
" မဟုတ်ပါဘူး ဒီတစ်ကြိမ်က ကျွန်တော့်အမှားမို့ ဆရာကြိုက်သလို အပြစ်ပေးလို့ ရပါတယ်... ကျွန်တော်က လူသစ်စိတ်သစ်ဖြစ်သွားပြီး ကျွန်တော့်ရိုးသားမှုကို ဆရာ့ဆီကို စိတ်ရင်းအမှန်နဲ့ ပြချင်တာပါ..."
" အိုး..."
ဆရာလျှိုက ဝမ်းမြောက်ဝမ်းသာဖြစ်သွား၍ ကျင်းစစ်၏အဝါရောင်ဆံပင်ကပါ သူ့အတွက် မျက်စိပသာဒဖြစ်သွားမိသည်။
" မင်းကို တစ်နှစ်ကျော် စာသင်ပြီးတဲ့နောက်မှ ကိုယ့်အပြစ်ကိုယ် ရိုးရိုးသားသားဝန်ခံတာကို ပထမဆုံးမြင်ဖူးတာပဲ..."
သူက ကျင်းစစ်ကို အထက်တန်းပထမနှစ်တည်းက စာသင်ပေးခဲ့ခြင်းဖြစ်ပြီး ဒုတိယပညာသင်နှစ်ဝက်တွင် သိပ္ပံကိုရွေးချယ်ခဲ့၍ သူ့အတန်းထဲ ရောက်လာခြင်းဖြစ်သည်။
ဤကလေး၏ စိတ်အခြေအနေအကြောင်း သူမသိပဲ သူ ပုန်ကန်တတ်ပြီး အခြားလူအပေါ် သံသယလွန်ကဲတတ်သည်ကိုသာ သိပေသည်။ သူ့ကို တစ်ခုခုလုပ်ရန် ခွင့်မပြုပါက ပိုလုပ်သည်။
ဤတစ်နှစ်ကျော်ကာလလုံးတွင် ဆရာလျှိုက ကျင်းစစ်ကြောင့် ရုန်းကန်ခဲ့ရပြီး သူ့ကို အကြိမ်မည်မျှဆူမိသည်ပင် သတိမရတော့ပေ။ သို့ရာတွင် သူ့ကို လမ်းမှန်ပေါ်ရောက်အောင် မဆွဲခေါ်နိုင်ပေ။
မမျှော်လင့်ထားသည်မှာ သူ လက်လျှော့တော့မည့်အချိန်တွင်မှ ကျင်းစစ်က သူ့သဘောထားကို ထုတ်ပြောပြလာသည်။
" ဆရာ့ကိုအခုပြောတာ တကယ်ပဲလား..."
ကျင်းစစ် ခေါင်းညိတ်ပြီး တီးတိုးပြောလိုက်သည်။
" ဟုတ်ပါတယ် ကျွန်တော် ဆရာ့ကို ပြဿနာပဲ ဖြစ်စေခဲ့မိတယ်... ကျွန်တော် မကောင်းတဲ့ကိစ္စတွေ ထပ်မလုပ်တော့ပါဘူး..."
ဆရာလျှို၏ နှုတ်သီးကောင်းလျှာပါးသောပါးစပ်က ကျင်းစစ်၏အပြုအမူကြောင့် ချိုသာသွားရသည်။
"မင်းကိုယ်တိုင်က အဲ့လိုပြောမှတော့ ဆရာမင်းကို တစ်ခါလောက် ယုံကြည်ပေးလိုက်မယ်...ပြီးတော့ မင်း ရန် ထပ်မဖြစ်တော့ဘူးဆိုရင် ရန်ဖြစ်ရတဲ့ အကြောင်းအရင်းကို မမေးတော့ဘူး ဒီကိစ္စကပြီးသွားပြီ..."
" ဒါပေမဲ့ ဒီတစ်ခါ နောက်ဆုံးအကြိမ်ပဲ နောက်တစ်ခါဆို ဆရာ မင်းဘက်က မလိုက်နိုင်တော့ဘူး..."
ဆရာလျှိုက တည်ကြည်လေးနက်စွာပြောလိုက်သည်။
သူ ကျင်းစစ်၏ ဆံပင်ဝါလေးကိုကြည့်ပြီး ပြောလိုက်သည်။
" အဲ့တော့ မင်း နေ့ခင်းအတန်းတွေ တက်စရာမလိုတော့ဘူး... မင်း ဆံပင်ကို အရောင်ပြန်ဆိုးဖို့ အချိန်ပေးလိုက်မယ် ဘယ်လိုလဲ..."
ကျင်းစစ်က ချက်ချင်း သဘောတူလိုက်သည်။
ဆရာလျှိုက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။
" သွားတော့ ညနေအတန်းချိန်မီ ပြန်လာဖို့တော့ မမေ့နဲ့နော်..."
ကျင်းစစ်က ကောင်းကောင်းမွန်မွန် ပြန်ဖြေလိုက်ပြီး ရုံးခန်းထဲမှ ထွက်လာတာ တံခါးပိတ်လိုက်သည်။
ယခုက စာသင်နေချိန်ဖြစ်၍ ကော်ရစ်ဒါတစ်လျှောက်တွင် ဆရာများ၏ စာသင်နေသံကို ကြားနေရသည်။ ကျင်းစစ်က ထိုနေရာတွင်ရပ်ပြီး ခဏနားထောင်လိုက်ပြီးမှ အောက်ထပ်ကိုဆင်းလာသည်။
သူ့ထံတွင် ဤမူလကိုယ်၏ မှတ်ဉာဏ်များ မရှိသောကြောင့် ခဏတာ လှည့်ပတ်သွားနေပြီးသည့်နောက် စမ်းတဝါးဝါးဖြင့် သန့်စင်ခန်းဘက်ကို ရောက်သွားသည်။
တုန်းဟိုင်စီရင်စုအထက်တန်းကျောင်းက သမိုင်းရှည်ကြီးရှိပြီး ဤစီရင်စုထဲတွင် အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်သည်။
သန့်စင်ခန်းအပြင်ဘက်တွင် ရေပိုက်ခေါင်းများကို တန်းစီထားထားသည်။
ကျင်းစစ် မျက်နှာသစ်လိုက်ပြီးနောက် ဘေစင်ကို လက်နှစ်ဖက်ဖြင့် ထောက်ထားကာ ရေစက်များကို သူ့ပါးပြင်ပေါ်မှ ကျဆင်းစေလိုက်သည်။
လေတဖြူးဖြူး တိုက်ခတ်နေသောကြောင့် အေးစက်စက်ဖြစ်နေ၍ သူ၏ ဝေဝါးနေသောစိတ်အခြေအနေက အလွန်နိုးနိုးကြားကြား ဖြစ်သွားသည်။
သူ ဤနေရာသို့ ကူးပြောင်းလာရသည့် အကြောင်းအရင်းကို မသိသည့်အပြင် ဤခန္ဓာကိုယ်၏ ဝိညာဉ်က မည်သည့်နေရာရောက်သွားကြောင်းကိုလည်း မသိပေ။ သို့ရာတွင် အချိန်ကျလာသည်ဖြစ်ရာ လိုက်လျောညီထွေဖြစ်အောင် နေရပေတော့မည်။
မသေစေနဲ့ ဇာတ်ညွှန်းထဲက ဇာတ်ကောင်တွေအနား မကပ်မိစေနဲ့... ကိုယ့်ဘာသာကိုယ်နေပြီး အေးဆေးပဲ ဖြတ်သန်းသွားမယ်...
ထိုသို့တွေးလိုက်ပြီးသောအခါ ကျင်းစစ်စိတ်အေးသွားပြီး သက်ပြင်းချလိုက်မိကာ တစ်ကိုယ်လုံးလည်း ပေါ့ပါးသွားသည်။
ပေါ့ပါးသွားသော်လည်း သူ့ခန္ဓာကိုယ်တွင် နာကျင်မှုအချို့ကို ခံစားလိုက်ရသည်။
သူ့အဝတ်အစားများမှတစ်ဆင့် လက်ဖဝါးတွင် နာကျင်နေသည် ထပ်မံခံစားလိုက်ရသည်။
မူလပိုင်ရှင်၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ ရှိပေသည်။
ကျင်းစစ်က ကျောင်းဝတ်စုံကို ဇစ်ဆွဲဖွင့်ကြည့်လိုက်ပြီး အတွင်းမှ အဖြူရောင်တီရှပ်ကို မ'လိုက်သည်။
ဆယ်ကျော်သက်လေး၏ ပိန်ပါးသော ခန္ဓာကိုယ်ပေါ်တွင် ညိုမည်းနေသော ဒဏ်ရာအမျိုးမျိုးရှိနေပြီး သူ၏ ဖြူဖွေးနေသောအသားအရည်ကို အကျည်းတန်သွားစေသည်။
ကြည့်ရတာ မူလပိုင်ရှင်က အဓိကဇာတ်လိုက်နဲ့ ဒီတစ်ခါရန်ဖြစ်ခဲ့တုန်း အသာစီး မရခဲ့ဘူးထင်တယ်...
ကျင်းစစ်က သူ့လက်ဖဝါးမှ အနာကို ဖိကြည့်လိုက်မိသည်။ ကံကောင်းသည်မှာ ဒဏ်ရာကကြည့်ရဆိုးနေရုံသာဖြစ်ပြီး မပြင်းထန်လှပေ။ ဒဏ်ရာ သူ့အလိုလိုပျောက်သွားရန်ကိုသာ စောင့်နေရန်လိုပေသည်။
သူ့ခန္ဓာကိုယ်၏ အခြားနေရာများတွင်လည်း ဒဏ်ရာများရှိမည်ကို သူ ကြောက်ရွံ့နေမိသည်။ သို့ရာတွင် ယခုချိန်၌ သန့်စင်ခန်းထဲ၌ မည်သူမှ ရှိမနေပေ။ ကျင်းစစ်က ထောင့်တစ်နေရာကိုကပ်လိုက်ပြီး ဇစ်တစ်ဝက်ဖွင့်ထားသော ကျောင်းဂျာကင်ကို ပခုံးပေါ် တင်ထားလိုက်ပြီး အောက်မှ အဖြူရောင်တိီရှပ်အနားစကို ပါးစပ်တွင်ကိုက်ကာ ခါးတစ်ဖက်ထောက်ထားပြီး အနောက်ကို လှည့်ကြည့်နေသည်။
သူ့လည်ပင်းလိမ်မတတ်ဖြစ်နေစဉ်အချိန်မှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
ကျင်းစစ် သင်္ကာမကင်းစွာဖြင့် ထိုနေရာကို လှမ်းကြည့်လိုက်သည်။
သူနှင့်တူညီသော ကျောင်းယူနီဖောင်းကို ဝတ်ဆင်ထားသည့် ချောမောသော ကျောင်းသားလေးတစ်ယောက်က ဤလမ်းအတိုင်း ပျင်းရိပျင်းရွဲလျှောက်လာသည်။
သူ၏ ဆံပင်အနက်ရောင်များက ဖရိုဖရဲဖြစ်နေပြီး နှဖူးနှင့် နားသယ်စပ်များတွင် ချွေးအနည်းငယ်ထွက်နေသည်။ သူ လမ်းလျှောက်လာစဉ်တွင် ချွေးသီးချွေးပေါက်များက အချိုးအစားသေသပ်ကျနသော မေးရိုးအပေါ်မှတစ်ဆင့် လည်စေ့ပေါ်သို့ ကျဆင်းကာ ကော်လံထဲ ဝင်ရောက်သွားသည်။
သူ၏ ဖြူဖျော့နေသည့် နှုတ်ခမ်းပါးထက်တွင် မီးမညှိရသေးသည့် စီးကရက်တစ်လိပ်ရှိနေသည်။ ။သူ၏ မှေးစင်းနေသောအကြည့်များက စီးကရက်ပေါ်တွင်သာ ရှိနေပြီး ညာဘက်လက်ဖြင့် မီးခြစ်ကို မီးညှိတော့မည့်အချိန်တွင် တစ်စုံတစ်ရာကို ခံစားမိသွား၍ ကျင်းစစ်ရှိရာဘက်ကို လှည့်ကြည့်လာသည်။
သန့်စင်ခန်းက ချောင်ချပြီး မှောင်မိုက်လွန်းကာ မီးအလင်းရောင်ကလည်း အားနည်းလှသည်။ ထိုကောင်လေးက မျက်မှောင်ကြုတ်ပြီး သေချာကြည့်လိုက်သည့်အခါမှ ကျင်းစစ်ကို သဲသဲကွဲကွဲမြင်လိုက်ရသည်။
" ကျင်းစစ်လား..."
ကျင်းစစ် အံ့အားသင့်သွားသည်။
သူက မူလပိုင်ရှင်ကို သိတာလား...
သူ တည်ငြိမ်စွာဖြင့်သာ ခေါင်းညိတ်ပြလိုက်သည်။
ထိုကောင်လေး မြင်သည့်အခါ သူ့ကိုသရော်ဟန်ဖြင့် ရယ်လိုက်သည်။ စီးကရက်ကို ပြန်သိမ်းထားလိုက်ပြီးနောက် ကျင်းစစ်ရှိရာသို့ တစ်လှမ်းချင်းလျှောက်လာသည်။
သူက ကျင်းစစ်ထက် ခေါင်းတစ်ဝက်စာခန့် အရပ်ပိုရှည်၍ ကျင်းစစ်ကို သူ့အရိပ်ဖြင့် အုပ်မိုးထားလုနီးပါး ဖြစ်နေသည်။ မှေးစင်းနေသည့် မျက်ဆံနက်များဖြင့် လူတစ်ယောက်ကို ကြည့်လိုက်ချိန်တွင် အကြောင်းပြချက်မရှိပဲ ဖိနှိပ်ချုယ်ခြယ်မှုကို ခံစားရစေ၍ ကျင်းစစ် သူ့အလိုလို ခြေတစ်လှမ်း နောက်ဆုတ်လိုက်မိသည်။
" ငါ့ကို ထပ်ဘလော့ဦးမလို့လား..."
ထိုကောင်လေးက မျက်နှာတွင်အပြုံးတစ်ပွင့်ဆင်မြန်းထားပြီး မျက်ခုံးပင့်ထားလျက် မေးလိုက်သည်။
သူ ကျင်းစစ်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီးနောက် ပင့်တင်ထားသောအင်္ကျီနှင့် ခါးပေါ်ကလက်တစ်ဖက်ကိုတွေ့ပြီး ညစ်ကျယ်ကျယ်ဖြင့် လေချွန်လိုက်သည်။
" ဝိုး ဆိုးလိုက်တာ မင်းဘာသာ အာသာဖြေနေတာလား..."
" ကောင်းလိုက်တဲ့ အတန်းဖော်လေး... အမျိုးသားသုံးသန့်စင်ခန်းကို နည်းလမ်းအသစ်တစ်မျိုးနဲ့ သုံးနေတာပဲ..."
သူက ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။
Xxxxxx