Chapter 2
ကျင်းစစ်၏မျက်နှာက ရုတ်ချည်းနီရဲသွားသည်။
သူ့အင်္ကျီစကို အမြန်ဆွဲချလိုက်ပြီး ကျောင်းယူနီဖောင်းကိုပြန်ဝတ်၍ အပေါ်ထိရောက်အောင် ဇစ်ဆွဲလိုက်ပြီး သူ့ရှေ့တည့်တည့်မှကောင်လေးကို စိုက်ကြည့်လိုက်သည်။
" ဘာအဓိပ္ပါယ်မရှိတာတွေ လာပြောနေတာလဲ... မင်းမှာ မင်း..."
ကျင်းစစ် ပြောစရာစကားမဲ့သွား၍ခေါင်းမော့ပြီး ပြောလိုက်သည်။
" ငါ အဲ့လိုမလုပ်ဘူး..."
ထိုကောင်လေးက သူ၏နီရဲနေသောမျက်နှာကိုကြည့်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။
" ဒီတစ်ခါရော မင်းဘယ်လိုလှည့်ကွက်တွေသုံးဖို့ ကြိုးစားနေတာလဲ ပြောပါဦး..."
ကျင်းစစ်က မူလပိုင်ရှင်နှင့် သူ့ရှေ့မှလူ၏ ပတ်သက်မှုကိုမသိ၍ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားဆက်မပြောတော့ပေ။
" ငါ့နောက်ကိုလိုက်ပြီး တွယ်ကပ်မနေနဲ့လို့ မင်းကို ဘယ်နှခါပြောရမလဲ ဟမ်..."
ကောင်လေးက သူ့အနားကိုကပ်လာပြီး ပျော့ပျောင်းသော်လည်း အေးစက်စက်အရိပ်အငွေ့များ ကပ်တွယ်နေသည့်လေသံဖြင့် ပြောလိုက်သည်။
" ဘာဖြစ်လို့လဲ... ငါ့ရဲ့တုံ့ပြန်ချက်ကိုမြင်ချင်လို့ ၂ကြိမ်တိတိ စည်းကျော်တာလား..."
ကျင်းစစ်၏မျက်နှာကို မီးခြစ်ဖြင့် အသာပုတ်လိုက်ပြီး ပြုံးပြလိုက်သည်။
" ငါက အဖေလိုမျိုး စိတ်ထားကောင်းပါတယ်..."
" မင်းက ငါ့ရဲ့ Ex boyfriend ဆိုပြီး လူတိုင်းကိုလိုက်ပြောနေတယ်လို့ ငါကြားတယ်... ပြောပါဦး ငါတို့ ဘယ်တုန်းကဒိတ်လိုက်တာလဲ..."
" ဟမ့်..."
သူ မျက်လွှာချလိုက်ချိန်တွင်လည်း မျက်တောင်ထူထူများက သူ၏စူးရှသော မျက်ဝန်းတစ်စုံကို မဟန့်တားနိုင်ပေ။
" မင်း တစ်ယောက်ယောက်က ရှာလိုက်ပါတော့ ဒီဖေဖေက မင်းကို စိတ်မဝင်စားဘူး ... သဘောပေါက်ပြီလား..."
Ex-boyfriend ဆိုပါလား…
ယခုအခါတွင် သူ့ရှေ့မှ လူက မည်သူမည်ဝါဖြစ်ကြောင်းကို ကျင်းစစ် စဉ်းစားနေစရာမလိုပဲ သိသွားခဲ့သည်။
သူက မူလစာအုပ်ထဲက Gong ယင်းကျောင်းပါလား...
သူ့ မူလခန္ဓာကိုယ်ကျင်းစစ်က နောက်မှ တကောက်ကောက်လိုက်ကပ်နေရသည်အထိ ထိုလူ၏မျက်နှာက ချောမောလွန်းနေသည်။
ကျင်းစစ်က ကြည့်ရုံသာကြည့်နေပြီး စကားတစ်ခွန်းမှ ပြန်မပြောသဖြင့် ယင်းကျောင်း မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာကိုအသာဖိကာ ပြောလိုက်သည်။
" မင်း ငါပြောတာကို ရှင်းရှင်းလင်းလင်းကြားရဲ့လား..."
မီးခြစ်၏ သတ္တုအခွံဖြင့် မျက်နှာကိုလာဖိသောကြောင့် အနည်းငယ် နာကျင်သွားရသည်။ ကျင်းစစ် ရုတ်တရက် အသိစိတ်ပြန်ကပ်သွားရပြီး တွန့်ဆုတ်ခြင်းမရှိပဲ ခေါင်းညိတ်ပြလိုက်သည်။
" စိတ်မပူပါနဲ့... ငါ အခုချိန်ကစပြီး မင်းနဲ့ ခပ်ကင်းကင်းနေပါ့မယ်..."
သနားစဖွယ်အနာဂတ်နှင့် အမြှောက်စာဇာတ်ကောင်တစ်ယောက်ဖြစ်နေ၍ ဇာတ်ညွှန်းထဲတွင် ပါဝင်သော ဇာတ်ကောင်များနှင့် တတ်နိုင်သမျှ ဝေးဝေးနေရန်သာ စိတ်အားထက်သန်နေသည်။ ဇာတ်ညွှန်းက Gongနှင့်Shouတို့ အတူတကွဖြစ်သွားစေရန်အတွက် မည်သို့မည်ပုံပြောင်းလဲသွားမည်ကို မည်သူမှ မသိနိုင်ပေ။
ကျင်းစစ်က ယခင်ကဲ့သို့ ကျိုးကြောင်းမဆင်ခြင်ပဲ လုပ်ချင်ရာလုပ်မည်ဟု ထင်ထားခဲ့သော်လည်း တစ်ကြိမ်ပြောရုံဖြင့် သဘောတူလိုက်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ့မျက်ခုံးများကို အနည်းငယ်ပင့်လိုက်သည်။
ဒီနှာဘူးလေးက သူ့ကိုစိတ်ဝင်စားအောင်လုပ်ဖို့ ကြိုးစားနေတာများလား... ဒါမှမဟုတ် တကယ်ပဲ လက်လျှော့လိုက်တာများလား...
" မင်း..."
သူ တစ်ခုခု ထပ်ပြောချင်သေးသော်လည်း ရုတ်တရက် လူတစ်အုပ်စုက အပြင်ဘက်မှ ဝင်လာကြသည်။
ပထမဆုံးဝင်လာသူက အရပ်ရှည်ရှည် လူကောင်ကြီးကြီးဖြစ်ပြီး ဘတ်စကတ်ဘောယူနီဖောင်းကို ဝတ်ထားသည်။ သူ့ကြွက်သားများက အလွန်တောင့်တင်းလှ၍ အားရှိမည့်ပုံပေါ်သည်။
သူတို့နှစ်ယောက်ကို မြင်သည့်အခါ လက်ထဲမှ ဘတ်စကတ်ဘောလုံးကို နံရံတွင် ပစ်ပေါက်လိုက်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။
" ဟေး ဒါညီလေးကျောင်း မဟုတ်လား... ဘာလို့ သန့်စင်ခန်းထဲမှာ လာပုန်းနေတာလဲ..."
ဘတ်စကတ်ဘောလုံးက အရှိန်ဖြင့် ပြန်ကန်ထွက်လာပြီး ယင်းကျောင်းကို ထိတော့မည်ဖြစ်သည်။ သူက လက်ဆန့်ထုတ်ပြီး ဘောလုံးကို လွယ်လွယ်ကူကူဖမ်းလိုက်သည်။ ထိုအခါမှသာ ကြွက်သားများနှင့်လူကို မျက်လုံးလှန်ကြည့်လိုက်သည်။
" မင်းက ဘယ်သူလဲ..."
" ယင်းကျောင်း အရှက်မမဲ့စမ်းနဲ့..."
ထိုလူက ဒေါသတကြီးအော်ဟစ်လိုက်ပြီး အထင်သေးသော မျက်လုံးများဖြင့် ကြည့်နေသည်။
" ငါမင်းကို ပြောခဲ့တယ်လေ... တစ်နေ့ ငါမင်းထက် ပိုသန်မာလာရင် ဒီကျောင်းရဲ့ ဖိုင်နယ်ဆုံးဖြတ်ချက်တွေကလည်း မင်းကို မကယ်နိုင်တော့ဘူးလို့..."
လီရှစ်ပဲ...
ကျင်းစစ် အမြန် ခေါင်းမော့ကြည့်လိုက်သည်။
မူရင်းစာအုပ်တွင်မူ ကျင်းစစ်နှင့် အတန်းတူသော ဆန်ကုန်မြေလေးတစ်ယောက်ရှိသည်။ သူ့မိသားစုက ငွေကြေးများစွာကုန်ကျခံပြီးမှ လီရှစ်က ဤကျောင်းသို့ ဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ကျောင်းစစတက်ပြီး တစ်လပင် မကြာသေးသောအချိန်မှာပင် သူက အတန်းထဲမှ မိန်းကလေးတစ်ယောက်ကို အဆောင်ရှိ အဆောက်အဦးတစ်ခုမှ ခုန်ချအောင် ပြုလုပ်ခဲ့သည်။
ကံကောင်းသည်မှာ ထိုမိန်းကလေးကို ကယ်တင်နိုင်သွားသောကြောင့် လီရှစ်က ကျောင်းထုတ်ခံရရုံသာ အပြစ်ပေးခံရသည်။
တစ်နှစ်ကြာပြီးနောက် ဤကိစ္စကို မေ့လျောသွားကြပြီအထင်ဖြင့် လီမိသားစုက လီရှစ်ကို ဤကျောင်းသို့ ပြန်ပို့လိုက်ကြပြီး အထက်တန်းပထမနှစ်မှ ကျောင်းပြန်တက်စေသည်။
ယင်းကျောင်းက စီးကရက်ကိုပြန်မီးညှိပြီး ဖင်ဆီခံကို ကိုက်ထားလိုက်သည်။
" လီရှစ်လား..."
" ဟုတ်တယ်... ဘာလဲ ကြောက်လို့လား... ငါသာကျောင်းမထွက်ရဘူးဆို မင်းတော့ အစောတည်းကသေပြီပဲ..."
လီရှစ်က သရော်လိုက်သည်။
သူက ကြမ်းတမ်းခက်ထန်ချင်ယောင်ဆောင်နေသော်လည်း စိတ်ထဲတွင် အနည်းငယ် ဂနာမငြိမ်ဖြစ်နေသည်။
ယင်းကျောင်းက အခြားလူများကို ရိုက်နှက်နေသည်ကို သူ့မျက်လုံးဖြင့် တပ်အပ်မြင်ဖူးလေသည်။ ထိုဆယ်ကျော်သက်လေးက အခြားလူတစ်ယောက်ကို ရေကူးကန်ထဲ ခေါင်းနှစ်ဖူးသည်။ တစ်ဖက်လူက အော်ဟစ်ပြီး အသနားခံနေခဲ့သော်လည်း အသက်ရှုကျပ်ပြီး ရေမွန်းကာ အားပြတ်သွားသည်ကိုသာ ထိုင်ကြည့်နေခဲ့ပေသည်။
အရိုးထဲမှ စိမ့်ထွက်လာသော အေးစက်မှုနှင့် ရက်စက်မှုများကြောင့် လီရှစ်က ထိုမြင်ကွင်းကို အိမ်မက်ပြန်မက်သည်အထိ ဖြစ်ခဲ့ရပြီး ပြန်မှတ်မိသွားချိန်တိုင်း ကြောက်လန့်နေမိသည်။
ထိုမျှသာမကပဲ လွန်ခဲ့သောတစ်နှစ်ခန့်က ယင်းကျောင်းက ဆရာတစ်ယောက်ကိုပါ ရိုက်နှက်ဖူးသည်ဟူသောသတင်းကို သူကြားဖူးသည်။ သူက မည်သည့်ပြစ်ဒဏ်မှ အပေးမခံခဲ့ရသည့်အပြင် ပုံမှန်အတိုင်း ကျောင်းတက်နေခဲ့သည်။
ငြင်းဆန်၍မရသော အကြောင်းပြချက်တစ်ခုကြောင့် မဟုတ်ပါက ထိုလူ့ထံသို့ သူလာမည်မဟုတ်ပေ။
ယနေ့က တိုက်ဆိုင်သွားသည်ဟု ထင်ရသော်လည်း အမှန်တွင်မူ သူ စောင့်ဆိုင်းနေခဲ့သည်မှာ အချိန် အတန်ကြာပြီဖြစ်သည်။
ယင်းကျောင်းကိုမြင်လိုက်သည်နှင့် အချိန်ကျပြီဖြစ်ကြောင်း သူသိလိုက်သည်။ ယင်းကျောင်းက အည်မျှသန်မာစေကာမူ လက်လေးဖက်ကို လက်သီးနှစ်လုံတည်းဖြင့် ခုခံရန် မဖြစ်နိုင်ပေ။ ထို့အပြင် သူတို့ဘက်၌ လူရှစ်ယောက်ရှိပြီး ထိုလူအားလုံးက ကောင်းကောင်းရန်ဖြစ်တတ်သူများဖြစ်၍ ဖိအားတစ်မျိုးတည်းဖြင့်ပင် သူ့ကိုအနိုင်ယူနိုင်ပြီဖြစ်သည်။
ယင်းကျောင်းက သရော်လိုက်ပြီး စီးကရက်အငွေ့တစ်ရှိုက်စာ မှုတ်ထုတ်လိုက်သည်။
" ငါမင်းကို မသိဘူး..."
" မင်းအမေကိုပဲ သွားfxxk လိုက်တော့..."
အကြိမ်ကြိမ်အခါခါ လျစ်လျူရှု့ခံရ၍ လီရှစ်၏အကြောက်တရားကို ဒေါသက အစားထိုးသွားပြီး ယင်းကျောင်းကို လက်ညှိုးထိုးလိုက်သည်။
" စကားအပြောအဆိုပြင်လိုက် ပြီးရင် ငါ့ကိုအစ်ကိုလီလို့ခေါ် ငါ..."
ယင်းကျောင်းက သူ့ကိုမြေကြီးပေါ် ကန်ချလိုက်ပြီး လက်တစ်ဖက်ဖြင့် သူ့ကိုကိုင်မြှောက်က ဘေးနားမှ ကွန်ကရစ်နံရံတွင် ဖိကပ်ထားလိုက်သည်။
" ဘယ်သူ့ကိုfxxkမှာလဲ..."
သူက အလွန်အေးစက်ပြီး ရက်စက်ကြမ်းတမ်းလွန်းကာ အစောပိုင်းက ပျင်းရိပျင်းတွဲဟန်ပန်များ မရှိတော့ပေ။ သူ မျက်လွှာချလိုက်ပြီး လီရှစ်၏ဗိုက်အောက်ပိုင်းကို လက်သီးဖြင့်ထိုးလိုက်သည်။
" လာစမ်းပါ ဒီအဖေကို ထပ်ပြောပါဦး... မင်း ဘယ်သူ့ကို fxxk မလို့လဲ..."
လီရှစ်က နာကျင်မှုကြောင့် အော်ဟစ်နေရပြီး လေးဘက်ထောက်လျက် ခုခံနေရသည်။ ယင်းကျောင်းက လက်သီးဖြင့်ထိုးနေသည်ကိုရပ်လိုက်ပြီး သူ့ဒူးကို ခပ်ပြင်းပြင်းဆောင့်ကန်လိုက်သည်။
လီရှစ်၏ဒူးများ ပျော့ခွေကျသွားပြီး ဒုန်းခနဲ ဒူးထောက်ချလိုက်ချိန်တွင် သူ့နှဖူးကို နံရံဖြင့်ထပ်ဆောင့်ခံလိုက်ရ၍ နာကျင်သွားရသည်။
ယင်းကျောင်းက သူ့ဆံပင်ကို ဆောင့်ဆွဲထားပြီး အတင်းခေါင်းမော့စေလိုက်ကာ လီရှစ်၏မျက်နှာအစိတ်အပိုင်းများကို ပုံပျက်သွားစေသည်အထိ နံရံဖြင့် ထပ်ဆောင့်လိုက်သည်။
" ပြောစမ်း ဘယ်သူ့ကို fxxkမလို့လဲဆို..."
လီရှစ်က ခေါင်းမော့လိုက်ချိန်တွင် အေးစက်ပြီး မှောင်မိုက်နေသည့် မျက်ဝန်းများဖြင့် အကြည့်ချင်းဆုံသွားရ၍ နှစ်ပေါင်းသောင်းချီ အရည်မပျော်သွားသော ရေခဲများနှင့်တူသည်ဟု ခံစားလိုက်ရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လီရှစ် ချွေးစေးများ ပြန်လာသည်။
" မင်း မင်းတို့အားလုံး သေနေကြတာလား..."
တစ်ကိုယ်လုံး တုန်ယင်နေသောလီရှစ်က နောက်ဆုံးတွင် စကားတစ်ခွန်း ပြောထွက်လာသည်။
ယင်းကျောင်း၏ လှုပ်ရှားမှုများက မြန်ဆန်လွန်းလှ၍ လီရှစ်ခေါ်လာသူများက မတုံ့ပြန်နိုင်တော့ပဲ မှင်သက်ငေးငိုင်ပြီး ရပ်နေကြသည်။ လီရှစ်၏ ခက်ထန်သော အော်ဟစ်သံကြောင့် မှင်သက်နေရာနှ အသိစိတ်ပြန်ကပ်လာပြီး သူတို့ သွားကူညီသင့်ကြောင်း သတိရလာသည်။
ယင်းကျောင်း ယခုပင်ပြသလိုက်သည့် ရုန့်ရင်းကြမ်းတမ်းမှုကြီးက သူတို့ကို လွှမ်းမိုးသွား၍ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေပြီး ရှေ့ကို တစ်ဟုန်ထိုး ထွက်မသွားရဲကြပေ။ ခဏအကြာတွင် အံကြိတ်ပြီး အကုန်လုံး ရှေ့ကို ပြေးထွက်လာကြသည်။
ယင်းကျောင်းက လီရှစ်ကို သဲအိတ်တစ်အိတ်သဖွယ် မြေပေါ်ပစ်ချလိုက်ပြီး သူ့မျက်နှာပေါ် တက်နင်းလိုက်သည်။
" ဟုတ်တယ် ဒီလိုမှပေါ့... အတူတူအလုပ်လုပ်တာ ပိုလွယ်တယ်လေ..."
လူတစ်အုပ်စုလုံးက အတူတကွ စတင်တိုက်ခိုက်ကြတော့သည်။
လီရှစ်၏ဘက်မှ ကောင်လေးတစ်ယောက်က အမြင်စူးရှသူဖြစ်၍ ကျင်းစစ်က အားပျော့သူဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ သူ တစ်ဖက်ကိုလှည့်လာပြီး ယင်းကျောင်းကို သူ့အဖော်များနှင့် ဝန်းရံထားရာမှ ကျင်းစစ်ရှိရာသို့ တည့်တည့်လာနေသည်။
ကျင်းစစ်က ရန်ဖြစ်သည့် အတွေ့အကြုံမရှိသူဖြစ်၍ ကောင်းကောင်းမတုံ့ပြန်နိုင်သောကြောင့် မျက်နှာနှင့် ဦးခေါင်းတွင် အချက်ပေါင်းများစွာ အထိုးခံလိုက်ရပေသည်။
မည်သူကမှ သူ့ကိုစည်းလာမကျော်သရွေ့ ကျင်းစစ်က အလွန်သဘောကောင်းသူဖြစ်သည်။
သူက မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ရ၍ ကလေးဘဝတည်းက မမျှတမှုပေါင်းများစွာကို ခံစားခဲ့ရသူဖြစ်သောကြောင့် ထိုသို့သောကိစ္စများကို တစ်ခုချင်း ဂရုစိုက်မနေနိုင်ပေ။ ကျင်းစစ်က သူ့ကိုအကြိမ်အနည်းငယ်ခန့် ဆူပူသူ ရန်စသူများကို လုံးဝ ဂရုမစိုက်သူဖြစ်သည်။
သို့ရာတွင် တစ်ယောက်ယောက်က ထိုနေရာကို ထိပါးလာလျှင်မူ ထိုလူက ကိုယ့်သေတွင်းကိုယ်တူးလိုက်ခြင်း ဖြစ်ပေသည်။
၎င်းနေရာက သူ၏ဦးခေါင်းဖြစ်သည်။
ငယ်စဉ်ကလေးဘဝတည်းက မိဘမဲ့ကျောင်းက ဘုန်းတော်ကြီး၏ " စာဖတ်တာက ကံကြမ္မာကို ပြောင်းလဲစေတယ် " ဟူသော စကားကို သူ့အရိုးထဲထိ စွဲမြဲနေအောင် မှတ်ထားခဲ့သည်။ မိဘမဲ့ကျောင်းမှ ကလေးတစ်ယောက်က ခေါင်းကွဲသွားပြီးနောက်ပိုင်းတွင်လည်း ရူးသွပ်လုမတတ် ဖြစ်သွားသည်ကို သူ ကြားဖူးသည်။ ထိုအချိန်မှစ၍ သူ့ဦးခေါင်းကို အမြဲအထိခိုက်မခံပဲ ကာကွယ်ခဲ့သည်။
၁၈နှစ်ကျော်ကာလပတ်လုံး သူ၏ဉာဏ်ကောင်းသောခေါင်းကို အမှီပြုပြီး စာမေးပွဲတိုင်းတွင် ပထမနေရာ ယူနိုင်ခဲ့၍ အောင်မြင်မှုများရရှိခဲ့ပြီး သူ အတက်ချင်ဆုံးသော တက္ကသိုလ်ကိုဝင်ခွင့်ရခဲ့သော်လည်း ရုတ်ချည်း ကွယ်လွန်သွားခဲ့သည်။
ကူးပြောင်းလာလျှင်ပင် သူ့အတွက် ပြဿနာမရှိပေ။ ကျင်းစစ်က စဉ်းစားတွေးခေါ်တတ်သောလူဖြစ်၍ ခဏတာ ပျာယာခတ်သွားပြီးနောက်တွင် တည်ငြိမ်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ထိုကိစ္စများက အတိတ်တွင် ဖြစ်ပျက်ခဲ့သည်သာဖြစ်၍ သူ မကြောက်ရွံ့တော့ပေ။
သို့ရာတွင် ယခုအချိန်၌မူ တစ်ယောက်ယောက်က သူ့ခေါင်းကို အကြိမ်ပေါင်းများစွာ ထိုးနှက်နေသည်။
ကျင်းစစ်က ထိုကောင်လေးကိုစိုက်ကြည့်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။
သူ့မျက်နှာက အမူအရာကင်းမဲ့နေသော်လည်း ထိုကောင်လေးက သတ်ဖြတ်လိုသည့် အရိပ်အငွေ့များကို မြင်လိုက်ရ၍ ခဏတာ ငြိမ်ကျသွားသည်။
ယင်းကျောင်းက ကျင်းစစ်ဘက်မှ အခြေအနေကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
သူက ကျင်းစစ်ကို ဂရုမစိုက်လိုသော်လည်း ယနေ့ကိစ္စက သူ့ကြောင့် ရောပါသွားခြင်းဖြစ်၍ မျက်နှာလွှဲခဲပစ်လုပ်ပြီး ထွက်မသွားလိုပေ။
ရပ်နေသည့် နောက်ဆုံးတစ်ယောက်ကို မြေပြင်ပေါ်လဲကျအောင် ထိုးနှက်ပြီးသည့်နောက်တွင် ယင်းကျောင်းက တစ်ဖက်သို့လှည့်ပြီး တဖြည်းဖြည်းချင်းလျှောက်လာသည်။
ကိုယ့်ထက် အားနည်းသူများကို အမြဲအနိုင်ကျင့်တတ်ပြီး သန်မာသူကို ကြောက်တတ်ကာ ကိုင်တွယ်ရခက်သူများကို ခွန်းတုံ့ပြန် မပြောတတ်သူက သူ့ဘေးနားမှ ကြမ်းတိုက်တံကိုယူကာ တွန့်ဆုတ်ခြင်းမရှိပဲ တစ်ဖက်မှကောင်လေး၏ခေါင်းကို ရိုက်ချပစ်လိုက်သည်ကို သူ မြင်လိုက်ရသည်။
ကြမ်းတိုက်တံက အစောပိုင်းကမှ သန့်စင်ခန်းကို တိုက်ထားပုံရသည်။ ၎င်းက အနက်ရောင်၊ အဝါရောင်များဖြင့် စွန်းထင်းနေပေသည်။ ချဉ်စုတ်စုတ်အနံ့က နျူကလိယားလက်နက်နှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ ထိုကောင်လေးက ခဏတာ ကြောင်အသွားပြီးနောက် လက်နှစ်ဖက်ကို ပါးစပ်ဖြင့်အုပ်ထားကာ ခါးကုန်း၍ အနောက်ဆုတ်သွားပြီး သူ့အမူအရာကလည်း မူးလဲလုမတတ်ဖြစ်သွားသည်။
ယင်းကျောင်း : “…”
ကျင်းစစ်က ထိုကောင်လေးကို အေးစက်စက်ကြည့်နေသည်မှာ သိုးကိုအရေခွံခွာတော့မည့် သားရဲကောင်နှင့်တူနေသည်။ သူ ကြမ်းတိုက်တံကိုကိုင်ပြီး ကောင်ဘေး၏မျက်နှာကို ထပ်ရိုက်လိုက်သည်။
" ငါ့ခေါင်းကို ထိုးရဲတယ်ပေါ့ဟုတ်လား... ငါ့ခေါင်းကို ထိုးရဲတယ်ပေါ့ဟုတ်လား... "
ထိုကောင်လေး၏မျက်နှာတွင် မျက်ရည်နှင့် သွားရည်များ ရောနှောနေ၍ မျက်နှာတစ်ခုလုံး ပေပွနေသည်။ နှလုံးနှင့် အဆုတ်များပါ ထွက်ကျလာအောင် အော်ဂလီဆန်ပြီးသည့်နောက်တွင် သတိလစ်မတတ်ဖြစ်လာသည်။
ယင်းကျောင်းက ကျင်းစစ်ရှိရာသို့ လျှောက်လာချိန်တွင် ကျင်းစစ်က ကြမ်းတိုက်တံကို သတိထားပြီး ကိုင်ထားလိုက်သည်။
"အဟမ်း..."
ယင်းကျောင်းက လက်သီးကို သူ့နှုတ်ခမ်းနားကပ်ပြီး ချောင်းဟန့်လိုက်သည်။ ကျင်းစစ်၏ သူ့ကိုယ်သူကာကွယ်နေသည့် ပုံပန်းသွင်ပြင်ကို မြင်လိုက်ရသောကြောင့် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရသည်။ ကျင်းစစ်လက်ထဲမှ ကြမ်းတိုက်တံကို လက်ညှိုးထိုးပြပြီး သူ့ကိုပြောလိုက်သည်။
" ငါ့ကို အဲဒါငှား..."
ကျင်းစစ်က တွန့်ဆုတ်နေသော်လည်း သူ့ကို ကြမ်းတိုက်တံ ကမ်းပေးလိုက်သည်။
ယင်းကျောင်းက ကြမ်းတိုက်တံကိုကိုင်ထားပြီး မြေပြင်ပေါ်လဲကျနေသည့် လူအုပ်စုကိုကြည့်ကာ နာကျင်မှုကြောင့် အော်ဟစ်ညည်းညူနေသည့် အသန်မာဆုံးဖြစ်သော လီရှစ်ကို ဆွဲထုတ်လိုက်သည်။
လီရှစ်၏ ကြောက်လန့်နေသည့် အကြည့်များထဲတွင် ယင်းကျောင်းက သူ့ဗိုက်ကိုခြေထောက်တစ်ဖက်ဖြင့် တက်နင်းထားပြီး ကျင်းစစ်ပြုလုပ်လိုက်သည်ကို အတုခိုးကာ သူ့မျက်နှာကို ကြမ်းတိုက်တံဖြင့် ရိုက်ချလိုက်သည်။
" မင်း ငါ့ကို ဘာပြောခဲ့တာလဲ ဟမ်..."
ညှီစို့စို့အနံ့ကြောင့် လီရှစ်ကညအော်ဂလီဆန်လာပြီး အသည်းအသန် ရုန်းကန်လာသည်။ သူရုန်းကန်နေသောကြောင့် ကြမ်းတိုက်ဝတ်မှ အဝတ်စအနည်းငယ်က သူ့ပါးစပ်ထဲ ဝင်သွားသည်။ လီရှစ် ပျို့တက်လာပြီူ ပါးစပ်ဟလိုက်သည်။ သူ အန်ချတော့မည့်အချိန်တွင် ယင်းကျောင်းက အေးစက်စွာပြောလိုက်သည်က်ု ကြားလိုက်ရသည်။
" အန်ရဲရင် အန်ချလိုက်နော် ငါမင်းကို အဲဒါတွေပါ ထပ်စားခိုင်းမယ်..."
လီရှစ် တုန်ယင်သွားပြီး နောက်ဆုံးတွင် စိတ်ပိုင်းဆိုင်ရာအရသာမက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကိုပါ မခံနိုင်တော့၍ လဲကျသွားတော့သည်။
" ငါ ငါ မှားပါတယ် ညီလေးကျောင်း... ငါ့ကို သွားခွင့်ပြုပါ..."
" မင်း နားမလည်သေးဘူးထင်တယ် ဟုတ်လား..."
ယင်းကျောင်းက သူ့ရင်ဘတ်ပေါ် တက်နင်းလိုက်ပြီး ကြမ်းတိုက်တံကို ရှေ့ပိုတိုးကာ တစ်လုံးချင်းပြောလိုက်သည်။
" ငါ မင်းကိုမေးမယ်... မင်း ဘယ်သူ့ကို fxxkမယ် ပြောတာလဲ..."
" ကိုယ့် ကိုယ့်ဘာသာ fxxkမယ်ပြောာပါ..."
လီရှစ်က ပြင်းပြင်းထန်ထန် တုန်ယင်နေပြီး ငိုသံစွက်ကာ ပြောလိုက်သည်။
" ကျစ်... ကြည့်ရဆိုးလိုက်တာ..."
ယင်းကျောင်းက အေးစက်စွာဖြင့် နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်။
လီရှစ်၏မျက်နှာကို သူ့ဖိနပ်ဖြင့် နင်းလိုက်ပြီးနောက် မျက်လွှာချပြီး မထီမဲ့မြင် ပြောလိုက်သည်။
" ငါက ငါ့ကို အဲ့စကားလုံးတွေ ပြောတဲ့သူကို အမုန်းဆုံးပဲ..."
လီရှစ်က ထပ်ခါထပ်ခါ ခေါင်းညိတ်နေပြီး တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေသည်။
" နောက်... နောက်ဆို မပြောတော့ပါဘူး..."
" ကောင်းပြီလေ..."
ယင်းကျောင်းက ကြမ်းတိုက်တံကို ပစ်ချလိုက်ပြီးနောက် ခြေနှစ်လှမ်းရှေ့တိုးပြီးမှ ကပ်သွားကာ ကျင်းစစ်ကိုလှည့်ကြည့်ပြီး ပြောလိုက်သည်။
" သွားကြမယ်လေ..."
🌲🌲🌲🌲🌲
စာရေးသူမှာ ပြောစရာတချို့ ရှိပါတယ် 🌱
အခု -
ယင်းကျောင်း : ဒီနှာဘူးလေးက မဟုတ်သေးပါဘူး...
နောက်ပိုင်း -
ယင်းကျောင်း : ဒီလိုမျိုး ချောမော၊ ခွန်အားရှိပြီး ဉာဏ်ကောင်းတဲ့ကောင်လေးက ငါ့ဇနီးလေးပဲ...