Chapter 3
ကျင်းစစ်က ယင်းကျောင်းနှင့်အတူ သန့်စင်ခန်းအပြင်သို့ လိုက်ထွက်သွားချိန်တွင် နှာခေါင်းအောက်မှ အနည်းငယ်ယားကျိကျိဖြစ်နေသည်ကို ရုတ်ချည်းခံစားလိုက်ရသည်။ ထိကြည့်လိုက်သောအခါ နှာခေါင်းသွေးထွက်နေခြင်း ဖြစ်နေသည်။
ထိုကောင်လေးက သူ့ကို အစတည်းက ပြင်းထန်စွာထိုးနှက်ခဲ့ခြင်းဖြစ်သည်။
ရုတ်တရက် ကျင်းစစ်က နောက်ပြန်လှည့်ပြီး ထိုကောင်လေးကို ကြမ်းတိုက်တံဖြင့် အကြိမ်အနည်းငယ်ခန့် ထပ်ရိုက်ပစ်ချင်လာမိသည်။
ယင်းကျောင်းက ရှေ့မှလျှောက်သွားနေစဉ် ယနေ့ ကျင်းစစ်က မူမမှန်ကို ဂရုတစိုက်ဖြင့် အလေးအနက်တွေးနေမိသည်။ သူ စိတ်နှင့်လူနှင့် ပြန်ကပ်သွားချိန်၌ သူ့ဘေးမှလူက ပျောက်သွားသည်ကို သိလိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကျင်းစစ်က လှုပ်ရှားမှုမရှိပဲ သူ့နောက်တွင်ရပ်နေပြီး သူ့မျက်နှာကို ညာဘက်လက်ဖြင့် အုပ်ထားသည်။
သူ တွန့်ဆုတ်သွားမိသော်လည်း နောက်သို့ပြန်လျှောက်လာပြီး မေးလိုက်သည်။
" နာနေတာလား..."
" မဟုတ်ဘူး... ဘာမှမဖြစ်ပါဘူး..."
ကျင်းစစ်က သူ့လက်ကို ပြန်ချထားလိုက်သည်။
" နှာခေါင်းသွေးထွက်သွားရုံပါ ပြန်သွားပြီး ရေဆေးလိုက်မယ်..."
ကျင်းစစ်က သွေးများစွာစီးကျနေ၍ လက်ဖမိုးဖြင့် သုတ်လိုက်သည့်အခါ သူ့မျက်နှာတစ်ဝက်ခန့်ကို သွေးများဖြင့်ဖုံးသွားသည်။ ထိုအချိန်၌ သူ၏ရုပ်ရည်သွင်ပြင်၏သက်ရောက်မှုက အလွန်စိတ်လှုပ်ရှားစရာကောင်းလွန်းနေသည်။
ယင်းကျောင်း၏ခေါင်းထဲ အသံ တစီစီဖြစ်သွားပြီး သူ့မျက်နှာက ရုတ်ချည်းဖြူဖျော့လာသည်။
" ဘာဖြစ်လို့လဲ..."
ကျင်းစစ်က အနောက်သို့ပြန်သွားမည်အပြုတွင် ယင်းကျောင်း၏အခြေအနေက မူမမှန်သည်ကို တွေ့လိုက်ရ၍ လက်မြှောက်ပြီး မျက်နှာကို သုတ်လိုက်မိသည်။
" ငါမျက်နှာပေါ်မှာ သွေးတွေတော်တော်များနေလို့လား..."
" မလှုပ်နဲ့..."
ယင်းကျောင်း၏ နှဖူးပြင်တွင် ချွေးစေးတစ်လွှာခန့် ထွက်လာပြီး ပျို့အန်ချင်စိတ်ဖြစ်လာမိသည်။ သူ မျက်လုံးမှိတ်ထားပြီး ကျင်းစစ်၏ လက်ကောက်ဝတ်ကိုဖမ်းကိုင်ကာ သူ့လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။
" ခုနက တော်တော်ထိသွားလို့လား..."
ကျင်းစစ်က ဘာမှားနေကြောင်းမသိ၍ ယင်းကျောင်း ဒဏ်ရာရသွားသည်ဟုသာ တွေးနေလိုက်မိသည်။ သန့်စင်ခန်းဘက်ကို လှည့်ကြည့်လိုက်ပြီး အနည်းငယ်စိုးရိမ်သွားသည်။
ထိုကောင်လေးကို ရိုက်နှက်ပြီးချိန်တွင် သူက ယင်းကျောင်းနင့် တစ်အုပ်စုတည်း အလိုလိုဖြစ်သွားရသည်။ ယင်းကျောင်းကို ဤပုံစံဖြင့် မြင်လိုက်ရသောကြောင့် ဒဏ်ရာက အလွန်မသေးလှဟု မှန်းဆလိုက်မိသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားကလည်း အကန့်အသတ်ရှိပုံရသည်။
အကယ်၍ ထိုလူအုပ်စု ယခုအချိန် ပြန်ထွက်လာပါက သူတို့နှစ်ယောက်က ပြန်မခုခံနိုင်ပဲ မြေကြီးနှင့် ခေါင်းစိုက်သွားရလိမ့်မည်။
ယခုကဲ့သို့ အရေးကြီးသောအချိန်တွင်လည်း ကျင်းစစ်က တည်ငြိမ်ပြီး ပျာယာခတ်နေခြင်းလည်း မရှိပေ။ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ယင်းကျောင်း၏လက်မောင်းကို ဆိတ်ဆွဲကာ အမျှော်အမြင်ရှိရှိဖြင့် ပြောလိုက်သည်။
" ထိန်းထားပါဦး ဒီသန့်စင်ခန်းကိုကျော်သွားရင် အဆင်ပြေပြီ..."
သူက ယင်းကျောင်းကို ထိရုံသာထိခြင်းမဟုတ်ပဲ ဆတ်ခနဲပြုမူလိုက်၍ မှင်သက်နေသောယင်းကျောင်း လန့်သွားသည်။
ယင်းကျောင်း : “…”
ယင်းကျောင်းက နာကျင်နေသည့်နေရာကို အမှတ်တမဲ့ကြည့်လိုက်မိသည်။
" မင်းကတော့ လူထူးဆန်းပဲ..."
ကျင်းစစ်၏လက်များက သွေးပေနေခြင်းဖြစ်၍ ယင်းကျောင်း၏လက်မောင်းကို ထိလိုက်သည့်အခါလည်း ထိုနေရာ၌ သွေးအနည်းငယ် ပေသွားသည်။ ယင်းကျောင်း ၎င်းနေရာကို ငုံ့ကြည့်လိုက်သည့်အခါ သူ့မျက်ဝန်းထဲတွင် ထိုသွေးပေနေသည့်နေရာဖြင့် ပြည့်သွားသည်။
ယင်းကျောင်း ဒယိမ်းဒယိုင်ဖြစ်ပြီးနောက် ကျင်းစစ်၏ကိုယ်ပေါ် မှီကျလာသည်။
ဘာဖြစ်ကုန်တာလဲ...
ကျင်းစစ် ဘာလုပ်ရမည်မသိ ဖြစ်သွားသည်။
ယခုလေးတင်ဖြစ်ပျက်သွားသည့်မြင်ကွင်းကို ဂရုတစိုက်ပြန်တွေးကြည့်လိုက်ပြီး သူ့လက်နှင့် သွေးပေသွားသည့် ယင်းကျောင်း၏လက်ကို တစ်လှည့်စီကြည့်လိုက်သည်။ ထို့နောက် သူ့ကိုမှီကျလာသောလူကို ကြည့်လိုက်သည်။
အကြိမ်ပေါင်းများစွာ ကြည့်ပြီးသည့်နောက်တွင်မှ သူ ကောက်ချက်ချနိုင်သွားသည်။
တုန်းဟိုင်အထက်တန်းကျောင်းရဲ့ ကျောင်းလူဆိုးလေးက မူးလဲသွားတာလား...
မူလစာအုပ်တွင် ယင်းကျောင်းက အခြားလူများ၏မျက်နှာကို မည်သည့်အခါမှ မထိုးကြိတ်သည့်အပြင် ခေါင်းကွဲအောင်ပါ မလုပ်သည်က အံ့ဩစရာမဟုတ်တော့ပေ။
ထိုအကြောင်းကြောင့် ဤစာအုပ်၏ ပရိသတ်မျက ယင်းကျောင်းကို " လူကြီးလူကောင်း ကျောင်းလူဆိုးလေး " ဟု နာမည်ပေးထားကြသည်။ ထိုသို့နာမည်ပေးခြင်းမှာ တစ်ဖက်လူက အရမ်းမဲ့ မဆင်မခြင် မပြုလုပ်သောကြောင့်မဟုတ်ပဲ အတွင်းဒဏ်ရာရအောင်သာ ပြုလုပ်တတ်သည့်လူ ဖြစ်သောကြောင့်ပင်။ တစ်ဖက်လူ၏မျက်နှာကို ပုံပျက်ပန်းပျက်ဖြစ်အောင် ထိုးကြိတ်လိုက်ခြင်းက သူ့အကျင့်မဟုတ်ပေ။
အဲဒါကြောင့်မို့ သူက သွေးမြင်တာနဲ့ လဲကျသွားတာပေါ့လေ...
ကျင်စစစ် ခေါင်းငုံ့ကြည့်လိုက်ပြီးနောက် တစ်ဖက်မှ သန့်စင်ခန်းကို လှည့်ကြည့်လိုက်သောအခါ မလှုပ်မရှားနိုင်သည်အထိဖြစ်နေသော အုပ်စုကို မြင်လိုက်ရသည်။ ထိုအချိန်တွင် ယင်းကျောင်းက သူ့ရင်ဘတ်ကို မျက်နှာဖြင့်ဖိကပ်ထားသည်မှာ ခေါင်းအုံးအကြီးကြီးတစ်လုံးကို ရှာတွေ့သွားသည်နှယ့်ဖြစ်သည်။
ကျင်းစစ် ခဏတာငြိမ်ကျသွားပြီးမှ ဤအချက်ကို လက်ခံလိုက်ရသည်။
သူ ယင်းကျောင်းကို တွန်းလိုက်သည်။
" ထနိုင်ရဲ့လား..."
ယင်းကျောင်းက မတုံ့ပြန်ပေ။
ကျင်းစစ် သူ့ကိုထပ်တွန်းလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
" မင်း မထဘူးဆိုရင် အနောက်ကကောင်တွေ ပြန်ထလာလိမ့်မယ်..."
ယင်းကျောင်း မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့ကို ပြန်မဖြေပေ။
ကျင်းစစ် သူ့ကိုထပ်ပြီး ဆိတ်ဆွဲတော့မည့်အချိန်မှသာ ယင်းကျောင်းက သူ့လက်ကို ရုတ်ချည်း ခက်ခက်ခဲခဲဖြင့် ပြန်ဖိထားလိုက်သည်။
သူ သတိမမေ့သွားသည်ကိုမြင်မှသာ ကျင်းစစ်က မဝံ့မရဲဖြင့် မေးလိုက်သည်။
" မင်းကို ကျောင်းဆေးခန်း ခေါ်သွားရမလား..."
ယင်းကျောင်းက မျက်လုံးမှိတ်ထားပြီးမှ တဖြည်းဖြည်း သွားဖိကြိတ်နေသည်။
" မင်း မျက်နှာကို သွားသစ်လိုက်..."
ကျင်းစစ်က ရိုးသားစွာဖြင့် ပြန်ဖြေသည်။
" ငါမှ မမြင်ရတာ..."
ယင်းကျောင်းက သက်ပြင်းချလိုက်ပြီးနောက် သူ၏ ကျောင်းယူနီဖောင်းဂျာကင်ကိုချွတ်၍ ကျင်းစစ်၏မျက်နှာပေါ် ပစ်ပေးလိုက်သည်။
တစ်မိနစ်ခန့်အကြာတွင် ကျင်းစစ်၏မျက်နှာကို ကျောင်းယူနီဖောင်းဖြင့်စွပ်ထားပြီး မျက်လုံးနှစ်လုံးသာဖော်ထားကာ ညာဘက်လက်တစ်ဖက်ကို အကြောသေနေသည့်မျက်နှာဖြင့် ကျောင်းလူဆိုးကြီးကို ကိုင်ထားခိုင်းပြီး ရှေ့မှ လျှောက်သွားရသည်။
သုံးမိနစ်ခန့်ကြာသောအခါ သူတို့နှစ်ယောက်လုံးက ဆောင်းဦးရာသီ၏ နေပူပူအောက်တွင်ရပ်နေသည်မှာ ငါးဆားနယ်နှစ်ကောင်ကို နေပူလှမ်းထားသည်နှင့်ပင် တူနေသည်။
ယင်းကျောင်း၏စိတ်ထဲ ရီဝေဝေဖြစ်နေသည်က အရှင်းမပျောက်သေး၍ ကျင်းစစ်ကိုသာ မှီခိုပြီး သွားနေရသည်။ သူ မျက်လုံးမှိတ်ထားပြီး သရော်လိုက်သည်။
" အရမ်းကူညီချင်နေတော့ ထွက်မသွားနိုင်ဖြစ်နေတယ်ပေါ့..."
ကျင်းစစ်က သူ့ကိုလှည့်ကြည့်လိုက်သည်။
ယင်းကျောင်းက မျက်လုံးမဖွင့်ထားသော်လည်း သူ့အကြည့်ကို ခံစားမိနေ၍ ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။
" ဘာဖြစ်လို့လဲ ဒီအစ်ကိုကြီး အရမ်းချောလို့လား..."
" အရမ်းချောပါတယ်..."
ကျင်းစစ်က အလေးအနက်ပြန်ဖြေလိုက်ပြီးနောက် ခဏရပ်သွားပြီးမှ မေးလိုက်သည်။
" ငါမင်းကိုမေးမလို့ ကျောင်းဆေးခန်းက ဘယ်မှာလဲ..."
ယင်းကျောင်း : “…”
ယင်းကျောင်း မျက်လုံးမှိတ်ထားပြီး အံကြိတ်လိုက်သည်။
" မင်း ဒီကျောင်းတက်နေတာ တစ်နှစ်တောင်ရှိပြီလေ... ကျောင်းဆေးခန်းလည်း ခဏခဏသွားရတာပဲမလား... မင်း ကျောင်းဆေးခန်းမှာနေတဲ့အချိန်က အတန်းထဲမှာ နေတဲ့အချိန်ထက်တောင် ပိုများသေးတယ်... ကဲ ငါ့ကို ပြောပါဦး ဘယ်လိုကြောင့် မင်းက ကျောင်းဆေးခန်းသွားတဲ့လမ်းကို မသိရတာလဲ..."
ကျင်းစစ် : “…”
ကျင်းစစ်က အကြောက်အလန့်ကင်းစွာ ပြောလိုက်သည်။
" ငါ့ကို ပြောမှာလား မပြောဘူးလား... မပြောရင် မင်းကိုဒီမှာ ပစ်ထားခဲ့မယ်..."
ယင်းကျောင်း : “…”
Fxxk... ဒီနှာဘူးလေးက ဒီနေ့မှဘာလို့ မူမမှန်ဖြစ်နေတာလဲ...
ဆယ်မိနစ်ခန့်အကြာတွင် သူတို့နှစ်ယောက်လုံး ကျောင်းဆေးခန်းကို ခက်ခက်ခဲခဲရောက်လာကြသည်။
ယင်းကျောင်း၏ မူးဝေမှုက ပြင်းထန်လာသော်လည်း ကံကောင်းစွာဖြင့် ဂလူးကိုစ်ချိတ်ရန်အထိ မလိုအပ်ပေ။ ကျောင်းဆရာဝန်က သူ့အတွက် ခုတင်တစ်နေရာဖယ်ပေးပြီး ၅မိနစ်ခန့်လှဲခိုင်းထားကာ ကျင်းစစ်ကို ရေနွေးပူပူတစ်ခွက်ယူလာခိုင်းကာ အအေးခံပြီး တိုက်ပေးခိုင်းထားသည်။
ယင်းကျောင်းကို နေရာချပေးပြီးသည့်အခါ ကျင်းစစ်က သူ့ခေါင်းပေါ်မှ ကျောင်းယူနီဖောင်းကိုချွတ်ပြီး ကျောင်းဆရာဝန်ထံမှ ရေအနည်းငယ်တောင်းပြီး မျက်နှာနှင့် လက်များကို ဆေးကြောလိုက်သည်။
ဆရာဝန်က ဘေးနားတွင် ခဏရပ်ကြည့်နေစဉ် သူဆေးကြောလိုက်သည်က မှန်ကန်သောနေရာမဟုတ်ကြောင်း မြင်လိုက်ရသည်။ ခုံကိုရွှေ့လာပြီး မှန်ကို သူ့ရှေ့ချပေးလိုက်ကာ ရေဇလုံကို ခုံပုလေးပေါ်တင်ပြီး ပြောလိုက်သည်။
" မှန်ရှေ့မှာ လာသစ်လေ..."
ကျင်းစစ်၏လှုပ်ရှားမှုက ခဏတာရပ်တန့်သွားပြီးနောက် မျက်လွှာချ၍ မှန်ရှေ့ကို လျှောက်လာသည်။
" မင်းတို့ကလေးတွေ စာမကြိုးစားပဲ နေ့တိုင်းရန်ဖြစ်ဖို့ပဲ တွေးနေကြတယ်... နောက်မှ နောင်တရကြဦးမယ်..."
ဆရာဝန်က ဆူပူနေလျက် ခုံကို မှန်နှင့်တည့်နေအောင် ညှိပေးလိုက်သည်။
" ငါ့အသက်အရွယ်ရောက်မှ မင်းတို့ သဘောပေါက်ကြလိမ့်မယ်... ငါ မင်းတို့ကို တကယ်မနာလိုဘူး..."
ကျင်းစစ်၏ပါးပေါ်မှ ခြစ်ရာအသေးလေးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
" မင်း ဒီတစ်ခါ ကံကောင်းသွားတယ် ဒဏ်ရာက သေးသေးလေးပဲမို့... မဟုတ်ရင် ဒီလိုမျက်နှာလှလှလေးပေါ် အမာရွတ်တွေဖြစ်ကုန်မှ နောင်တရလိမ့်မယ်..."
ဆရာဝန်က ထိုသို့ပြောလာ၍ ကျင်းစစ် သူ့ကို လှမ်းကြည့်လိုက်မိသည်။
မှန်ထဲမှ ဆယ်ကျော်သက်ကောင်လေးက ဖြူဖွေးနူးညံ့သောအသားအရေရှိသည်။ သူ၏မျက်တောင်များက ထူထဲရှည်လျား၍ ယပ်တောင်လေးနှစ်ခုနှင့်ပင် တူနေသည်။ မျက်လုံး၏အပြင်ပ်ိုင်းကို မျက်တောင်က ထောက်ပံ့ပေးနေ၍ မျက်လုံးအစွန်းက အနည်းငယ် ကော့ညွတ်နေပြီး မျက်တောင်မွှေးဆွဲထားသည်နှင့်ပင် တူနေသည်။ မပြုံးပဲနေချိန်တွင် မျက်ဝန်းတစ်စုံက အေးစက်လှပနေသည်။ နှုတ်ခမ်းမျာကို ခပ်တင်းတင်းဖိကိုက်ထားပြီး ရှက်ရွံ့နေချိန်တွင် သူ့ပုံစံက ချောမောသည့်လူငယ်လေးပုံစံ ပြန်ဖြစ်သွားသည်။
ဖရိုဖရဲဖြစ်နေသည့် ဝါကြောင်ကြောင်ဆံပင်များကပင် သူ၏ တောက်ပနေသည့်မျက်နှာကို မကွယ်ထားနိုင်ပေ။
ကျင်းစစ်၏ ခန္ဓာကိုယ်က တောင့်တင်းနေပြီး မျက်လုံးတဖြည်းဖြည်းလှန်ကြည့်လိုက်ချိန်တွင် မျက်တောင်များက တုန်ယင်လာသည်။ စက္ကန့်အနည်းငယ်ခန့် စိတ်ငြိမ်အောင်ထားပြီးမှ ဖုန်များပေနေသည့် မှန်ကို လှမ်းကြည့်လိုက်သည်။
မှန်ထဲကြည့်လိုက်ချိန်တွင် သူ ထိတ်လန့်သွားရသည်။ ဆရာဝန်က သူ့မျက်နှာကို ဆေးလိမ်းပေးလိုက်သည်ကိုပင် သူ မသိလိုက်တော့ပေ။
ဒီမျက်နှာက...
သူ့လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး ပွတ်သပ်လိုက်မိသည်။
ဒီပုံက အရင်ကသူနဲ့ တစ်ပုံစံတည်းပါလား... နားရွက်ဖျားမှာတောင် အနီရောင်မှဲ့လေးတစ်လုံးရှိသေးတယ်...
" နာလို့လား..."
ဆရာဝန်က ခေါင်းခါလိုက်ပြီး သူ့ကို ကလေးသာသာကောင်လေးတစ်ယောက်ဟု တွေးလိုက်မိသည်။
" နောက်ထပ် ရန်မဖြစ်နဲ့တော့လေ..."
နာမည်လည်းတူတူ ရုပ်ကလည်းတူတူပဲ ဘာတွေဖြစ်ကုန်တာလဲ...
ကျင်းစစ် စိတ်ထဲပျာယာခတ်သွားသော်လည်း သူ့စိတ်ထဲမှ ထိတ်ပျာမှုနှင့် သံသယများကို ချိုးနှိမ်ထားပြီး ကျောင်းဆရာဝန်ကို စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်လိုက်သည်။
" ကျွန်တော် သိပါပြီ... ကျေးဇူးတင်ပါတယ်..."
ယင်းကျောင်းက ထိုအချိန်တွင် စိတ်တည်ငြိမ်သွားပြီဖြစ်ပြီး ကျင်းစစ်၏စကားသံကိုကြားသည်နှင့် တအံ့တဩဖြင့် မျက်လုံးပွင့်လာသည်။
ဒီနှာဘူးလေးက ဘယ်တုန်းက အဲ့လောက်ယဉ်ကျေးသွားတာလဲ...
ပုံမှန်ဆိုရင် မှုန်ကုပ်ကုပ်နဲ့ 'ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ' လို့ ပြောမှာလေ...
ယင်းကျောင်းက ရေတစ်ငုံသောက်လိုက်ပြီးနောက် သူ့မျက်ဝန်းထဲမှ သံသယများကို ကွယ်ဝှက်ထားရန် မျက်လွှာချထားလိုက်သည်။
" မင်းလက်မောင်းကို သုတ်ပေးမယ်လေ..."
ကျင်းစစ်က ယင်းကျောင်းနှင့် အဆက်အဆံမလုပ်ချင်တော့သော်လည်း သွေးက သူ့ကြောင့်ပေသွားသည်ဖြစ်၍ မလုပ်ပေးချင်၍ မရတော့ပေ။
ယင်းကျောင်းက သူ့စကားကိုကြားသည့်အခါ လက်မောင်းတစ်ဖက် ဆန့်ပေးလိုက်သည်။
ကျင်းစစ်က အားမပြင်းလွန်းပဲ ပုံမှန်အတိုင်းသုတ်ပေးနေ၍ ယင်းကျောင်းက သက်တောင့်သက်သာဖြင့် မျက်လုံးများမှေးကျဉ်းထားပြီး ရုတ်ချည်းပြုံးလိုက်မိသည်။
ကျင်းစစ်က သူ့ကိုမျက်လုံးလှန်ကြည့်လိုက်သည်မှာ 'ငါ့ကို ရယ်လိုက်တာလား' ဟု မေးလိုက်သည့်ပုံစံဖြစ်နေသည်။
" ဟုတ်တယ် ညီလေး အဲ့လိုလုပ်မှပေါ့..."
ကျင်းစစ်၏မျက်နှာက သံသယမကင်းဖြစ်သွားသည်။
" မင်း ငါ့လက်ပေါ်က သွေးတွေသုတ်ပေးနေတော့ ဘာအကြောင်း စဉ်းစားမိလဲ..."
ယင်းကျောင်းက နှုတ်ခမ်းများကွေးညွတ်ပြီး ပြုံးလိုက်သည်။
" အင်တာဗျူးကြည့်ရအောင်... တစ်နှစ်လောက် နောက်က တစ်ကောက်ကောက်လိုက်နေပြီး နောက်ဆုံးတော့ မင်းရဲ့အသဲလေးရဲ့လက်မောင်းကို ထိလိုက်ရပြီလေ ဘယ်လိုခံစားရလဲ..."
ကျင်းစစ် : “…”
ကျင်းစစ်က မတုန်မလှုပ်အမူအရာဖြင့် သူ့လက်ကို စောင်ထဲပြန်ထိုးထည့်ပေးပြီး သူနှင့် ခပ်ဝေးဝေးတွင်သွားရပါကာ သူ့မေးခွန်းကို မဖြေပေ။
" ငါ သွားတော့မယ်..."
သူ မျက်ခုံးပင့်ပြီး နံရံပေါ်မှနာရီကို ကြည့်လိုက်သည်။ နေ့ခင်းသုံးနာရီခွဲအချိန်ပင် ရောက်နေသည်။ သူ အပြင်ထွက်ပြီး ဆံပင်အရောင်ပြန်ဆိုးကာ ဆံပင်ညှပ်ရဦးမည်ဖြစ်သည်။ အချိန်မည်မျှကြာမည်ကို သူ မသိပေ။
ဆရာလျှို၏ရှေ့တွင် ဤကိစ္စတစ်ခုတည်းကို အာမခံခဲ့သော်လည်း ကျင်းစစ် က ထိုထက်ပို၍ ပြုလုပ်ချင်နေသေးသည်။
ရုတ်တရက်ကြီး ဝတ္ထုတစ်ခုထဲ ကူးပြောင်းလာခြင်းဖြစ်ရာ သူ့ကိုယ်သူ မည်မျှထိန်းချုပ်ထားသည်ဖြစ်စေ သူ့ရင်ထဲတွင် နှလုံးသားမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။
ကျင်းစစ် စိတ်တည်ငြိမ်ရန် မေးခွန်းအချို့ လိုအပ်လာသည်။
သင်္ချာအပြင် မည်သည့်အရာကမှ သူ့ကို စိတ်လုံခြုံမှု မပေးနိုင်ပေ။
ယင်းကျောင်း မျက်ခုံးပင့်လိုက်မိသည်။
" ပြန်သွားတော့မလို့လား..."
ကျင်းစစ်က ပြန်ဖြေသည်။
" မင်းလည်း ကိုယ်ပိုင်စာကြည့်ချိန်ကို နောက်ကျလို့ မရဘူးလေ..."
ယင်းကျောင်း သူ့ကြောင့် စိတ်ရှုပ်ထွေးသွားမိသည်။
အတန်းထဲမှာ အချိန်တိုင်း အိပ်နေပြီး စာမေးပွဲမှာ စာရွက်အလွတ်တွေပဲ ပြန်ပေးတဲ့သူက သူ့ကိုညဘက် ကိုယ်ပိုင်စာကြည့်ချိန်ကိုသွားခိုင်းနေတယ်ပေါ့...
သူ့ကို လာနောက်နေတာလား...
" ခဏနေပါဦး..."
ယင်းကျောင်းက စက္ကူခွက်ကို ချထားလိုက်ပြီး စားပွဲပေါ်မီ ပလာစတာကိုယူပြီး ကျင်းစစ်ကို သူ့အနားလာရန် လက်ယပ်ခေါ်လိုက်သည်။
ကျင်းစစ် ခဏတာ တွန့်ဆုတ်သွားမိသော်လည်း သူ့ခုတင်ဘေးကို လျှောက်လာလိုက်သည်။
" ဘာပြောဖို့ ရှိသေးလို့လဲ..."
" ဒီနေ့ကိစ္စကို..."
ယင်းကျောင်းက ကျင်းစစ်၏ကော်လံမှဆွဲပြီး သူ့ကိုယ်ကို အနည်းငယ် ကိုင်းညွတ်စေလိုက်က ကျင်းစစ်၏ပါးစပ်နားတွင် ပလာစတာကပ်ပေးပြီး နှစ်ခါတိတိ ပုတ်ပေးလိုက်သည်။
" မင်းရင်ထဲမှာပဲ သိမ်းထားရမယ် သဘောပေါက်လား..."
သူ အေးတိအေးစက်ပြုမူနေချိန်တွင် သူ၏ ရှည်လျားကျဉ်းမြောင်းသော မျက်တောင်ရှည်များက နက်မှောင်နေပြီး လူတစ်ကိုယ်လုံးကို အန္တရာယ်တစ်မျိုးက ရစ်ပတ်လွှမ်းခြုံထား၍ တောနက်ထဲတွင် အမဲလိုက်နေသည့် သားရဲကြီးနှင့် တူပေသည်။
ရက်စက်ပြီး ကြမ်းတမ်းလွန်းလှသည်။
ကျင်းစစ်က သူ့ကိုမကြောက်ပေ။
အကယ်၍ ထိုလူက သူ့ကို ရိုက်နှက်ပစ်ရန် စွမ်းရည်ရှိပါက သူ၏သွေးဆာနေသောဘက်ခြမ်းကို ပြသလိမ့်မည် မဟုတ်ပေ။
" မင်း ဘာဖြစ်ချင်တယ်ဆိုတာ ငါ့ကိုကောင်းကောင်းပြောရင် ရပါတယ်..."
ကျင်းစစ်က သူ့ပါးစပ်နားမှပလာစတာကို ဆွဲဖြဲလိုက်သည်။
" ငါ မင်းကို ကတိမပေးဘူးလို့လဲ မပြောမိပါဘူး..."
ယင်းကျောင်းက ခေါင်းအသာညိတ်လိုက်ပြီးနောက် ဤနှာဘူးလေးက ပြောင်းလဲသွားသည်ဟု တွေးလိုက်မိသည်။
အတိတ်တွင်မူ ကျင်းစစ်က သူ့ကို မျက်နှာချင်းဆိုင်ရန်မဆိုနှင့် သူ မျက်မှောင်ကြုတ်လိုက်သည်နှင့် တစ်နေရာတွင် ပုန်းနေပြီဖြစ်သည်။
" အိုး..."
ယင်းကျောင်း ရုတ်တရက် စိတ်ဝင်စားလာမိသည်။ သူ ထထိုင်လိုက်ပြီး ကျင်းစစ်ကို ပြုံး၍ကြည့်လိုက်သည်။
" ငါက ဘာလို့မင်းကိုယုံရမှာလဲ..."
သူ့အကျင့်စရိုက်ကို မေးခွန်းထုတ်လာ၍ ကျင်းစစ်က အေးတိအေးစက်ဖြင့် ပြန်ဖြေလိုက်သည်။
" ငါက နှုတ်လုံတယ်လေ..."
ယင်းကျောင်းက ခုတင်ကိုမှီထားပြီး ကျင်းစစ်ကို ကြည့်နေသည်။
ပုံမှန်နှင့်မတူသော မျက်တောင်များက ထူထဲရှည်လျားလှပြီး မပြုံးနေချိန်တွင် အလွန်အေးတိအေးစက်ဖြစ်နေပုံရသည်။ သို့ရာတွင် ယခုချိန်၌ သူ့ကိုမကျေမနပ်ကြည့်နေသောမျက်ဝန်းများက အနက်ရောင်တောက်ပနေပြီး ဖော်ညွှန်း၍မရနိုင်သော အေးစက်မှုအချို့ ထုတ်လွှတ်နေသည်။ ၎င်းက နူးညံ့သိမ်မွေ့နေပုံလည်းပေါ်၍ မြင်
လိုက်ရသူတိုင်းက အနိုင်ကျင့်ချင်စိတ် ဖြစ်ပေါ်လာစေသည်။
ကြိုးစားပြီးတော့ လိမ်ညာနေတဲ့ နှုတ်ခမ်းလေးကတော့...
ယင်းကျောင်း၏အကြည့်က သဘာဝအတိုင်း ပန်းနုရောင်သန်းနေသည့် နှုတ်ခမ်းပါးများအထက် ရောက်သွားပြီးနောက် သူ အဓိပ္ပါယ်ပါပါဖြင့် ပြုံးပြလိုက်သည်။
" ဘယ်လောက်တောင်လုံတာလဲ..."
Xxxx